Chapter14
:ပရောပရည်လုပ်ခြင်းဖြစ်စဥ်ကတိုးတက်နေသောအခါ
ကျောက်ကျင်းကောက တောထဲတွင်အချိန်ခဏလောက်စောင့်နေခဲ့ပြီး ထင်းတချို့ပင်ခုတ်ပြီးနေပြီဖြစ်သည်။
ကျန်းကျန့်လာနေသည်ကိုမြင်သောအခါ သူက ခပ်တိုးတိုး ချောင်းဆိုးလိုက်ပြီး သူ၏အပေါက်အဖာများနှင့်အဝတ်အစားများကိုငုံ့ကြည့်လိုက်သည်။
ကျောက်ကျင်းကော သူဝတ်စားထားသည်က ကျန်းကျန့်ထက်ဆိုးသည်ဟုမထင်ပါချေ။သို့ပေမဲ့ ယခု...ဘာကြောင့်မှန်းမသိ သူက တစ်ဖက်လူနှင့်မထိုက်တန်ဘူးဟုခံစားရသည်။
"မင်းမစားရသေးဘူးမလား...ကိုယ်မင်းစားဖို့တစ်ခုခုယူလာတယ်"
ကျန်းကျန့်က ရယ်လိုက်သည်။မော်ဒန်ခေတ်မှာဆိုလျှင် ချိန်းတွေ့မှု၏အစတွင် သူက တစ်နပ်ကောင်းကောင်းကျွေးရမှာဆိုပေမဲ့ ယခုအချိန်မှာ သူ့အနေဖြင့် ကျောက်ကျင်းကောဆီကို ဆန်လုံးညိုနှင့် ကြက်ဥသာ ယူလာနိုင်သည်။အနာဂတ်မှာ သူပိုက်ဆံရှာနိုင်သည့်အချိန်ရောက်လျှင် ကျောက်ကျင်းကောကို ကောင်းကောင်းစားခိုင်းသောက်ခိုင်းရမည်။
"ဟင့်အင်း...ကျွန်တော်က ဒီအချိန်အစာစားလေ့မရှိဘူး"
ကျောက်ကျင်းကောကအမြန်ငြင်းလိုက်သည်။အကယ်၍နှိိုင်းယှဥ်ကြည့်လျှင် ကျန်းကျန့်ကချမ်းသာသော်ငြား သူက တခြားသူတွေ၏စားစရာကိုစားရသည်အား ကျင့်သားမရပါချေ။ကျန်းကျန့် သူ့အတွက်ယူလာပေးသည့်စားစရာတွေက သူ့ကိုယ်ပိုင်ဝေစုထဲကလာသည်ကိုကား ထည့်ပြောစရာပင်မလိုပါချေ။
"ကိုယ်က အကုန်လုံး ယူလာပြီးနေပြီလေ ...မင်း မစားလို့မရဘူး"
ကျန်းကျန့်က အတော်လေးဇွဲကောင်းနေပြီး မနေ့ညကလက်ကိုင်သည့်အတွေအကြုံကိုခံစားဖူးပြီးနောက် သူ့နားကိုရောက်သည်နှင့် ကျောက်ကျင်းကော၏လက်ကို မလွှတ်တမ်းဆုပ်ကိုင်ထားလိုက်သည်။
မနေ့ည မှောင်နေခဲ့သည်။ထို့ကြောင့် ကျောက်ကျင်းကော လက်အကိုင်ခံရသည်ကို ကျင့်သားရပေမဲ့ လင်းလင်းထင်းထင်းနေ့ခင်းကြောင်တောင်ကြီးမှာကျ မရပါချေ။
ခင်ပွန်းနှင့်ဇနီးဖြစ်လာကြသည့်သူတွေပင်လျှင် နေ့ခင်းကြောင်တောင်လက်မကိုင်ကြပေ...ကျောက်ကျင်းကော ရုန်းချင်ပေမဲ့ သူ့ကိုဆုပ်ကိုင်ထားသည့်လက်ကို ဖယ်၍မရဖြစ်သည်။သူ့မှာ လူမြင်မှာကြောက်ပြီး ဘေးဘယ်ညာကြည့်ရုံတတ်နိုင်၏။
သူ့ကို ယခုလိုပုံစံနှင်မြင်ရသည်က အလွန် စိတ်ဝင်စားစရာကောင်းသည်ဟု ကျန်းကျန့်ထင်ပေမဲ့ အလွန်ကြီးလည်း စိတ်မပူစေရက်ပါပေ။
"စိတ်မပူပါနဲ့...တစ်ယောက်မှမလာပါဘူး...တစ်ယောက်ယောက်လာရင်တောင် ကိုယ်ကြိုသိမယ်လို့အာမခံပါတယ်"
စစ်တပ်ထဲမှာ သူပျိုးထောင်ခဲ့သည့်သတိက ပျောက်ကွယ်သွားခြင်းမရှိပေ။ခန္ဓာကိုယ်ပြောင်းသွားသည့်အတွက် သွင်ပြင်လက္ခဏာတွေအများအပြား ဆုံးရှုံးသွားသည့်တိုင် သူအချစ်ဇာတ်ခင်းနေစဥ်မှာ ဘေးပတ်ဝန်းကျင်အခြေအနေကို အာရုံတစ်ခုထားနိုင်ရန်က လုံလောက်လေသည်။
နိုး...ဤသည်က အချစ်ဇာတ်ခင်းခြင်းမဟုတ်။သူက တစ်စုံတစ်ယောက်နှင့်ပွင့်ပွင့်လင်းလင်းရိုးရိုးသားသားချိန်းတွေ့နေခြင်းဖြစ်သည်။
အဆုံးတွင် ကျောက်ကျင်းကောက အနည်းငယ်အဆင်မပြေဖြစ်နေဆဲဖြစ်သည်။သူက ရိုးရိုးရှင်းရှင်းပဲ ကျန်းကျန့်ကို တူးမြောင်းနားက ကြီးမားသောဝါးရုံတစ်ခုရှိရာခေါ်သွားပြီး ထိုင်ချလိုက်သည်။
ရောဆိုသည်က လုံးပတ်အလွန်သေးပြီး အရွက်ကြီးသည့်ဒေသထွက်ဝါးတစ်မျိုးဖြစ်သည်။ယန့်ကျီမြစ်၏အနှီဘက်ခြမ်းက လူများက ဇုံဇီကို(တရုတ်ကောက်ညှင်းဆိုင်းထုပ်) ၎င်း၏အရွက်များဖြင့်ထုပ်ကြသည်။ရောများက အစုလိုက်အပြုံလိုက်ပေါက်လေ့ရှိပြီး အမြင့်အားဖြင့် လူကြီးရင်ဘက်အမြင့်လောက်ရှိတတ်သည်။အရွက်များက အလွန်ထူပိန်းနေသည့်အတွက် သူတို့နှစ်ယောက် ကောင်းကောင်းပုန်းနေ၍ရသည်။ရွာထဲရှိကလေးများက ဝါးရုံများထဲတွင်တွင်းတူးကာ အထဲမှာ ပုန်းစရာနေရာလေးများပြုလုပ်ရသည်ကိုကြိုက်ကြသည်။ထို့ကြောင့် သူတို့ကို အပြင်က နေ ဘယ်သူမှမမြင်ကြရပေ။
အနှီတူးမြောင်းဘေးက ရောဝါးရုံအုပ်က ဘယ်သူ့အပိုင်မှမဟုတ်သဖြင့် ဘယ်သူမှဂရုမစိုက်ကြပေ။အရွက်များက ဟယ့်ရှီရွာက လူများ ၎င်းတို့၏အိမ်ရှေ့နှင့်အိမ်နောက်မှာစိုက်သည်များလောက်မကြီးပေ။သူတို့က ဇုံဇီပြုလုပ်ရန်မသင့်တော်သဖြင့် ရောအရွက်များကိုဘယ်သူမှလာခူးကြလိမ့်မည်မဟုတ်ပေ။ ကလေးများကိုလည်း အနှီတူမြောင်းဘေးမှာ မကစားခိုင်းကြသဖြင့် ဤနေရာက အလွန်တိတ်ဆိတ်လေသည်။
ရောဝါးများ ဝန်းရံလျက် ကျန်းကျန့်သူယူလာသည့်ဝါးကျည်တောက်များထုတ်လိုက်သည်။
ဝါးကျည်တောက်တစ်ခု ထမင်းထည့်ထားပြီး တခြားဝါးကျည်တောက်တစ်ခုက ရေနွေးနှင့်ကြက်ဥထည့်ထားသည်။ဤအရာများက ကျောက်ကျင်းကောအတွက် လုံးဝကို အသုံးအဖြုန်းကြီးခြင်းဖြစ်သည်။သူ မစားချင်ပေမဲ့ ကျန်းကျန်းကိုမည်သို့ငြင်းဆန်ရမည်နည်း။
"မင်းဘာမင်းမစားရင် ကိုယ်မနေ့ညကလို့ ခွံ့ကျွေးရမလား"
စမ်းကြည့်ရန်စိတ်အားထက်သန်နေသော ကျန်းကျန့်က ကျောက်ကျင်းကောကိုခွံ့ကျွေးရဖို့ရာစောင့်မျှော်နေသည်။
"ကျွန်တော်စားမယ်..."
ကျောက်ကျင်းကော အလျင်စလို ပြောလိုက်သည်။သူ မနေ့ညက မည့်သို့ ကျန်းကျန့်ဆီကနေခွံ့ကျွေးခံလိုက်မိမှန်းမသိသော်လည်း နေခင်းကြောင်တောင်ကြီးမှာ သူသေချာပေါက် နောက်တစ်ကြိမ် ခွင့်ပြုလိမ့်မည်မဟုတ်ပေ။
မနေ့ညက ဘာဖြစ်ခဲ့သည်ကို အမှတ်ရသောအခါ သူတကယ်ကိုထွက်ပြေးချင်မိသည်။သို့ပေမဲ့ သူထိုသို့လုပ်ရန်လည်း တွန့်ဆုတ်နေ၏။
ကျောင်ကျင်းကောက စားစရာကို အလွန်တန်ဖိုးထားသည်။သိသိသာသာကိုပဲ သူက ဟင်းသီးဟင်းရွက် ပါးစပ်အပြည့်တစ်လုတ်ကိုပင်မစားနိုင်ပေမဲ့ ယခု ဆန်လုံးညိုပါးစပ်အပြည့်တစ်လုတ်ကိုစားနေရသည်။သူ့ကိုကြည့်ရသည်မှာ စားကောင်းသောက်ဖွယ်တစ်ခုခုကိုစားနေရသလိုပါပင်။သူ့မျက်နှာက ကျေနပ်နှစ်သိမ့်မှုတို့အပြည့်ရှိနေသည်။
စားနေသည့် ကျောက်ကျင်းကောထက်စာလျှင် ကျန်းကျန့်ကပို၍ပင် ပျော်နေသေးသည်။သူ ကျောက်ကျင်းကောကို တစ်ချိန်လုံး စိုက်ကြည့်နေသဖြင့် သူ့ တူတွေကိုပင်ကောင်းကောင်းမကိုင်နိုင်ဖြစ်စေသည်။
အဆုံးတွင် ကျောက်ကျင်းကောက ဝါးကျည်တောက်ထဲကဆန်လုံးညိုများကို ကုန်အောင်စားရန်ငြင်းဆန်နေဆဲဖြစ်သည်။ကျန်းကျန့် သူ့ကိုထပ်မတိုက်တွန်းတော့ပေ။သူ့အား အပြုံးတစ်ခုဖြင့်ကြည့်ရင်း ကျန်ထမင်းများကို ကျောက်ကျင်းကောခုနကသုံးခဲ့သည့်တူများဖြင့်ပင် စားပစ်လိုက်လေသည်။ယင်းက ကျောက်ကျင်းကောကို ထပ်ပြီး မျက်နှာပူလာစေသည်။
ထို့နောက် ကျန်းကျန့်က ကြက်ဥအခွံခွာတော့၏။
"ခင်ဗျားက မြစ်ထဲကျထားတာ...ပြန်ကောင်းသေးတာမဟုတ်ဘူးလေ...ကျွန်တော့်ကို အဲကြက်ဥမပေးနဲ့တော့...ကိုယ့်ဘာကိုယ်စားလိုက်ပါ"
ကျောက်ကျင်းကောက ပြောလိုက်သည်။
"ကိုယ်ကအိမ်မှာတစ်လုံးစားခဲ့ပြီးပြီ"
ကျန်းကျန့်က ပြောလိုက်၏။သူ အိမ်မှာတစ်ဝက်စားခဲ့သည့်အတွက် အနည်းငယ် နောင်တရမိသွားသည်။ယခုလိုမှန်းသိပါက အကုန်လုံး ယူလာပြီး ကျောက်ကျင်းကောနှင့်အတူတူစားမှာဖြစ်၏။
"ခင်ဗျားနောက်တစ်လုံးထပ်စားလိုက်လို့ရတာပဲ"
ကျောက်ကျင်းကောက အတော်လေးခေါင်းမာနေသည်။
"ဘာလို့တစ်ဝက်စီမစားရမှာလဲ"
ကျန်းကျန့်က ကြက်ဥကိုတစ်ဝက်ခွဲလိုက်သည်။ကျောက်ကျင်းကောက စားရန်ဆန္ဒမရှိဖြစ်နေဆဲဖြစ်သည်ကို မြင်သောအခါတွင် သူ ရိုးရိုးရှင်းရှင်းပဲ သူ့ကို ထပ်ခြိမ်းခြောက်လိုက်သည်။
"မင်းမစားရင် ကိုယ်မင်းကိုဒီနေရာမှာတင်နမ်းပစ်မယ်"
"ဘာတွေပြောနေတာလဲ "
ကျောက်ကျင်းကော ထိတ်လန့်လွန်း၍ တုန်ရီသွားမိသည်။
နမ်းမယ်...
ရလဒ်အနေဖြင့် သူရှော့ရသွားမှုကနေပြန်ကောင်းမလာခင်မှာ သူ့ပါးစပ်က ကြက်ဥတစ်ခြမ်းဖြင့်အပိတ်ခံလိုက်ရသည်။
ကျောက်ကျင်းကော ထက်ခြမ်းခြမ်းထားသောကြက်ဥကို သူ့ပါးစပ်ထဲကနေကပျာကယာထုတ်ယူလိုက်သည်။
"လုပ်စမ်းပါ...ကိုယ်တို့ထပ်လဲပြီးစားကြမလား...ကိုယ် မင်းပါးစပ်ထဲထည့်ထားတဲ့ဟာကိုစားချင်တယ်"
ကျန်းကျန့်က သူ့ကြက်ဥတစ်ခြမ်းကိုကမ်းပေးလိုက်ပြီး ကျောက်ကျင်းကော၏အခြမ်းနှင့်လဲမည်ပြုသည်။
ကျောက်ကျင်းကော၏မျက်နှာမည်းမှောင်သွားပြီး သူ့ကိုယ်သူထိန်းချုပ်ရန်ကြိုးစားသော်ငြား ရှက်ရွံ့မှုက အဆုံးတွင်ဖုံးကွယ်မထားနိုင်တော့ဘဲ သူ့မျက်နှာထက်ဝယ်ပေါ်လာလေသည်။
ကျန်းကျန့်က သူနဲ့ပရောပရည်လုပ်နေတာလား...သူက ဘယ်လိုများ အဲဒီပိန်သွယ်သွယ်ယောကျာ်းတွေထက်ပို လူကောင်ကြီးတဲ့ ငါလိုအရပ်ရှည်ရှည် ကောတစ်ယောက်နဲ့ပရောပရည်လုပ်နိုင်ရတာလဲ...
ကျောက်ကျင်းက သူ့ကြက်ဥတစ်ခြမ်းကိုပြန်ပေးရန် အတော်လေး ရှက်နေမိသည်။ အဆုံးမှာ သူ ၎င်းကို ဖြေးညှင်းစွာ စားလိုက်ရသည်။ သို့ပေမဲ့ စား၍ပြီးချိန်မှာ သူက ပြောလိုက်ဆဲပင်။
"ကျန်းကျန့်...နောင်ကျရင် ကျွန်တော့်ဖို့စားစရာတွေယူမလာတော့နဲ့"
"မရဘူး"
ကျန်းကျန့်က တိုက်ရိုက်ငြင်းဆန်လိုက်သည်။ ဤခေတ်မှာ စားစရာကအလွန်တန်ဖိုးကြီးမှန်းသူသိသည်။ ကျောက်ကျင်းကောက သူ သူ့ဆီကိုယူလာပေးသည့်စားစရာတွေကို လက်မခံချင်ပေမဲ့
သူ သူ့အနာဂတ်ဇနီးလေးတစ်နေကုန် ဆာလောင်နေသည်ကို ကြည့်မနေနိုင်ပါချေ။
ထို့အပြင် အမှန်တွင် သူက သူ့ကိုယ်သူ ရက်ရက်စက်စက်မဆက်ဆံပါချေ။သူ့အနေဖြင့် သူ၏စားစရာတချို့ကိုကျောက်ကျင်းကောကိုခွဲပေးနေရသော်ငြား သူကိုယ်တိုင်လည်း ဝအောင်စားရဆဲဖြစ်သည်။မည်သို့ပင်ဖြစ်စေ...သူလည်း သူ့ကျန်းမာရေးကို အလျင်အမြန်တိုးတက်စေချင်ပြီး သူ့မင်္ဂလာဦးညမှာ သူ၏ယောကျာ်းဂုဏ်ရည်ကို သက်သေပြချင်နေသည်။
"ကျင်းကော...ကိုယ့်မှာတကယ်ကို စားစရာပြတ်လပ်မနေပါဘူး...တကယ်လို့ မင်းကိုယ့်ကိုမယုံဘူးဆိုရင် ရွာထဲကိုသွားပြီး အဲဒီအကြောင်းသွားမေ့ကြည့်လိုက်...အခု ကျန်းမိသားစုက ကိုယ့်ကိုအငတ်မထားရဲတော့ပါဘူး"
ကျန်းကျန့်ကပြောလိုက်သည်။
"ပြီးတော့ မင်းက ကိုယ့်အသက်ကိုကယ်ခဲ့တာ...မင်းဘာစားချင်လဲ...ကိုယ့်ကိုရှင်းရှင်းလင်းလင်းပြောလို့ရတယ်...မင်းက ကိုယ့်အပိုင်ဖြစ်တာမလို့ ကိုယ်မင်းကိုဂရုစိုက်ရမှာပေါ့"
ဘယ်တုန်းက သူက ကျန်းကျန့်အပိုင်ဖြစ်သွားရတာလဲ...
ကျောက်ကျင်းကော ၎င်းကိုပြန်ချေပချင်ပေမဲ့ ထိုအကြောင်းကိုတွေးပြီးနောက် အဆုံးမှာ ဘာမှမပြောတော့ပါချေ။
သူ ပြောလိုက်လျှင် ကျန်းကျန့်ကအထင်လွဲသွားလိမ့်မည်။ပြီးလျှင် သူ့နှင့်အတူမနေချင်ဘဲရှိလိမ့်မည်။တခြားတစ်ယောက်ကို သွားရှာရင်ဘယ်လိုလုပ်မလဲ...
"ကိုယ့် အနာဂတ်မှာမင်းအတွက်စားစရာတွေယူလာခဲ့မယ်...မင်းမစားဘူးဆိုရင် ကိုယ်စိတ်ဆိုးရလိမ့်မယ်"
ကျန်းကျန့်က ပြောလိုက်သည်။ထို့နောက် သူကထပ်ဖြည့်လိုက်၏။
"နောက်ပြီး...မင်းကိုယ့်ရဲ့စားစရာကိုမစားဘဲ ပြန်ပေးဖို့အကြောင်းစဥ်းစားမယ်ဆိုရင်...မင်းတကယ်အဲလိုလုပ်ချင်တယ်ဆိုရင် ကိုယ်မင်းနဲ့အပြင်မှာတွေ့တဲ့အခါကျ မင်းကိုယ့်ကိုတကယ်ပြန်ပေးချင်ရင်တောင်မှ ကိုယ်မင်းကိုထပ်ပြီးပေးမှာပဲ"
ကျောက်ကျင်းကော အလုပ်သို့ပြန်မသွားမီ ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့ တစ်ယောက်နှင့်တစ်ယောက် စကားများစွာပြောခဲ့ကြသည်။ကျောက်ကျင်းကောထွက်သွားသောအခါ သူစပြီးလယ်ကွင်းနားတဝိုက်မှာ ဝေ့လည်ကြောင်ပတ်လုပ်တော့သည်။
သူ၏ကျန်းမာရေးဖြည့်စွက်စာအဖြစ် ငါးနုပ်လေးများနှင့်ပုဇွန်ဆိတ်များဖမ်းရန် တွေးမိခဲ့သည်။မနေ့က ကျောက်ကျင်းကော သူ့ကိုရေချိုငါးတွေပေးပြီးနောက် ဤအကြံကပို၍ပင်ခိုင်မာလာသည်။
သူက ဤရက်ပိုင်းလယ်ကွင်းထဲဆင်းမှာမဟုတ်သဖြင့် အသားတချို့ရရန်နည်းလမ်းရှာရမည်။
သူထိုအကြောင်းတွေးနေစဥ်မှာ ဖားတစ်ကောင်က ကျန်းကျန့်ရှေ့ခုန်ထွက်လာခဲ့သည်။
ဟယ့်ရှီရွာမှာ ဖားများပေါများသည်။အကြီးဆုံးကျန်း၏မှတ်ဉာဏ်အရ နွေရာသီမှာ ဖားတွေက ဆက်တိုက်အော်မြည်ကြသည်။သို့သော်ငြား ဤနေရာရှိလူများက ကလေးတွေကိုငါးပုဇွန်ဖမ်းသည်အား မတားမြစ်ထားပေမဲ့ဖားဖမ်းရန် ခွင့်မပြုကြပါချေ။လူကြီးတွေကိုယ်၌ကပင် ဖားသွားဖမ်းကြလိမ့်မည်မဟုတ်ပေ။
ထိုသည်က ဖားများက အရသာမရှိ၍မဟုတ်ပေ။အမှန်တွင် ဤနေရာရှိလူများက ဖားများကို ရစ်ငှက်ဟုခေါ်ကြသည်။ဆိုလိုချင်သည်က ဖားအသားက ကြက်သားလိုအရသာရှိသည်ဟူ၍ဖြစ်သည်။
လူကြီးတွေ ဖားဘာကြောင့်မဖမ်းကြလဲဆိုသည်မှာအချက်နှစ်ချက်ရှိသည်။ပထမအချက်မှာ သူတို့ ဖားတွေကိုသတ်ကြသည့်အချိန်မှာ ဖားတွေက သူတို့ခေါင်းကို ကိုင်ထားသလိုမျိုးပြုမူတတ်ကြသည့်အတွက်ဖြစ်သည်။ယင်းက သာမန်လူတွေကို ဖားတွေကိုသတ်သည်က အလွန်ရက်စက်သည်ဟုခံစားရစေသည်။ နောက်တစ်ချက်မှာ ဖားတွေက အင်းစက်ပိုးကောင်တွေကိုစားသောကြောင့် ဖြစ်သည်။
အကြီးဆုံးကျန်း၏မှတ်ဉာဏ်တွေအရ လူတွေက ဖားတွေက အဖျက်ပိုးမွှားတွေကို ဖမ်းဆီးနိုင်မှန်းသိနေကြပြီဖြစ်သည်။ပိုးသတ်ဆေးများမရှိသဖြင့် သူတို့က လယ်ကွင်းထဲမှာပိုးကောင်းတွေ၊တီကောင်တွေဖမ်းရန်အတွက် ဖားတွေအပေါ်မှီခိုကြသည်။ထိုသို့ဖြင့် လူတွေက ဖားတွေနှင့်အထူးတလည်ရင်းနှီးလာကြသည်။
ကျန်းကျန့် ဖားတစ်ကောင်ကိုမြင်လိုက်ရသည့်အခါ သူအစားလောဘတက်လာမိသော်လည်း အဆုံးမှာသူ ၎င်းကိုမဖမ်းရန်ပဲဆုံးဖြတ်ချက်ချလိုက်သည်။
ယန့်ကျီမြစ်၏တောင်ဘက်ပိုင်းတွင် ရာသီဥတုက ပူအိုက်ပြီးစိုစွတ်သည်။တီကောင်တွေလည်း အများကြီး ရှိပြီး ကလေးတွေက မကြာခဏဆိုသလို အင်းစက်ပိုမွှားတွေကိုဖမ်းဆီးတတ်ကြသည်။ယခုလိုမျိုး အခြေအနေအောက်မှာ သူ့အနေဖြင့် အင်းစက်ပိုးမွှားတွေကိုဖယ်ရှားနိုင်သည့် ဖားတွေကို အန္တရာယ်မပြုသင့်ပါချေ။
သို့ရာတွင် ဖားတွေကိုဖမ်းပြီးမစားပစ်ဘူးဆိုလျှင် တခြား ဘာပဲဖြစ်ဖြစ် အဆင်ပြေလေသည်။
ကျန်းကျန့်၏တောရိုင်းထဲတွင် အသက်ရှင်နေထိုင်မှုစွမ်းရည်က အလွန်သန်မာသည်။သူတို့စလေ့ကျင့်ရေးဆင်းစဥ်က ရိက္ခာတစ်လုတ်တစ်ဆုပ်လောက်ဖြင့် တောတောင်ထဲအပစ်ခံရဖူးသည်။နောက်ပိုင်းမှာ သူတို့မစ်ရှစ်တစ်ခုသွားလုပ်တုန်းကဆိုလျှင် ခက်ခဲသောအခြေအနေမျိုးစုံနှင့် ကြုံတွေ့ခဲ့ရသည်။
ကျန်းကျန့် တီကောင်တွေ၊ပိုးကောင်တွေနှင့်စား၍ရသမျှအရာအားလုံးစားဖူးသည်။မှန်သည်ပင်၊အခြေအနေတွေက ခွင့်ပြုမည်ဆိုပါက သူ၎င်းတို့ကို ဘယ်တော့မှ ထပ်ပြီးစားလိမ့်မည်မဟုတ်ပေ။
မွန်းလွဲပိုင်းတစ်ပိုင်းလုံး လျှောက်သွားနေပြီးနောက်မှာ သူကလေးလက်မောင်းလောက်တုတ်သည့် မြွေတစ်ကောင်ဖမ်းမိခဲ့သည်။
အမှန်တွင် သူတခြားမြွေတွေလည်းမြင်ခဲ့ပေမဲ့ သူတို့က ဆောင်းသီကုန်ပြီးသည့်နောက်အသားရရန်သေးလွန်းနေသည်။ထို့ကြောင့် သူ သူတို့ကိုလွှတ်ပေးလိုက်ပြီး နောက်ဆုံးမှာအကြီးဆုံးတစ်ကောင်ကိုဖမ်းကာ သားသတ်ဓားထက်ထက်ဖြင့်သတ်လိုက်သည်။
ဓါးထက်ထက်ကိုခါးမှာချိတ် ဝါးလုံးကိူလက်တစ်ဖက်ကကိုင်ကာ မြွေကိုတခြားလက်တစ်ဖက်ကကိုင်ပြီး ကျန်းကျန့်မြစ်ဆီသွားခဲ့သည်။
"အကြီးဆုံးကျန်း...မြွေတစ်ကောင်ဖမ်းမိခဲ့တာလား...ကြီးလိုက်တဲ့မြွေကြီးနော်"
လူတချို့က မြစ်မှာဆန်နှင့်အသီးအရွက်တွေဆေးနေကြသည်။သူတို့ ကျန်းကျန့်လာနေသည်ကိုမြင်လိုက်ကြရသည်။သူတို့ထဲကတစ်ယောက်က အသားဖြူပြီးပိန်ပါးသည့်လူတစ်ယောက်ဖြစ်သည်။
ထိုလူက ပိန်ပါးပြီးသေးငယ်ပေမဲ့ မိုးမခပင်လိုမျက်ခုံးကိုင်းကိုင်းများအောက်မှာ မျက်လုံးဝိုင်းဝိုင်းကြီးများနှင့် အလွန်ကြည့်ကောင်းလေသည်။သူ၏ သေးငယ်သည့်နှာခေါင်းလေးအောက်မှာ ပန်းသွေးရောင်နှုတ်ခမ်းလေးများရှိကာ သူ့အသားအရေက ရွာထဲကတခြားသူတွေလိုမျိုး မည်းခြင်းကြမ်းတမ်းခြင်းမျိုးမရှိပါချေ။ထိုအစားဖြူဖွေးပြီး နူးညံ့လေသည်။
သူက မိန်းမတစ်ယောက်နှင့်တူပြီး ဂါဝန်နှင့်တူသည့်ပန်းပွင့်တွေပါသောမဝတ်အစားများကို ဝတ်ဆင်ထားသည်...ကျန်းကျန့် သူ့ကိုမြင်သောအခါ ထူးဆန်းသည်ဟုခံစားရပေမဲ့ မျက်ခုံးများအလယ်က အနီရောင်ဟင်္သါပြဒါးမှဲ့ကိုမြင်ရာတွင် အနှီယောကျာ်းက ကောတစ်ယောက်မှန်းသတိပြုမိလိုက်သည်။
ဤနေရာမှာ ကော(က)လေးတွေရှိပြီး ကျောက်ကျင်းကောကလည်း ကောဖြစ်မှန်းသူသိပေမဲ့ ကျောက်ကျင်းကောကိုကြည့်ရသည်က ယောကျာ်း တစ်ယောက်နှင့် ဘာတစ်ခုမှမကွာခြားသည့်အတွက် သူထိုအကြောင်းကို တဖြည်းဖြည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့သည်။ယခုလိုမျိုး မိန်းကလေးဆန်သည့် ယောကျာ်းတစ်ယောက်ကိုမြင်ခါမှ သူ ၎င်းကိုပြန်သတိရသွားခြင်းဖြစ်သည်။
"အကြီးဆုံးကျန်း...မကြာသေးခင်က ကျွန်တော့်မျက်နှာပေါ်မှာဝက်ခြံပေါက်နေတာ...အဲဒါကိုရှင်းပစ်ဖို့မြွေစားရမှာ...ကျွန်တော့်ကို ခင်ဗျားမြွေပေး"
ကောက ကျန်းကျန့်၏လက်ထဲကမြွေကိုစိုက်ကြည့်ပြီး ကျန်းကျန့်ကိုပြုံးပြလိုက်သည်။
ဟယ့်ရှီရွာက လူတွေက ဖားမစားပေမဲ့မြွေစားကြသည်။ထို့အပြင် အကယ်၍
သင့်မှာ အရေပြားပြဿနာတွေရှိပါက
မြွေသားစားရုံနှင့်ပျောက်ကင်းနိုင်သည်ဟုပင်ယုံကြည်ကြသည်။
သေချာသည်ပင်၊ ကျန်းကျန့်ရှေ့က ကော လိုနေသည့်မြွေက အမှန်တကယ် ဝက်ခြံကုရန်အတွက်မဟုတ်ဘဲ သူ အစားစားချင်စိတ်ပြင်းပြနေ၍သာဖြစ်လေသည်။
ကျန်းကျန့်ဖမ်းလာသည့်မြွေကအလွန်ရှည်သည်။ သန့်စင်ပြီးအရိုးထုတ်ပြီးချိန်မှာ မြွေသားသုံးလေးကီလိုလောက်ရလိမ့်မည်ပင်။ထို့ကြောင်း ၎င်းကိုစားရသည့်မည်သူမဆို သေချာပေါက် ကျေနပ်အားရကြမည်ဖြစ်သည်။
စိတ်ထဲမှာထိုသည်ကိုတွေးရင်း ကော၏အသံက အနည်းငယ်ပို၍နူးညံ့လာသည်။
"အကြီးဆုံးကျန်း...ကျွန်တော့်ကိုခင်ဗျားရဲ့မြွေပေးပါ"
———
ကျောက်ကျင်းကောသည် နေ့လည်က ကျန်းကျန့်ယူလာပေးသည့်ထမင်းကိုစားခဲ့ရသည်။ သူ့ဗိုက်ထဲမှာအစာရှိနေသဖြင့် စိတ်အခြေအနေကကောင်းနေသည်။မွန်းလွှဲပိုင်းမှာ သူ အလုပ်ကိုခပ်မြန်မြန်လုပ်ခဲ့ပြီး အခုအချိန်မှာ အလုပ်ပြီးသွားပြီဖြစ်၍ အိမ်ပြန်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
အိမ်ပြန်လမ်းတွင် သူ အိမ်မရောက်ခင်မှာ ခြေတွေလက်တွေဆေးကြောရအောင် မြစ်ဆီကို ခဏလောက် သွားရန်ကြံလိုက်သည်။သို့ပေမဲ့ ရွာ၏အချောဆုံးကောက ကျန်းကျန့်ဆီ တစ်စုံတစ်ခုတောင်းနေသည်ကို သူမမြင်ချင်ခဲ့ပါချေ။
ကျန်းကျန့်က အလွန်ကို သဘောကောင်းသည်။သူက သူစားရန်အတွက် ကြက်ဥနှင့်ကြက်သားများပေးရန် ဆန္ဒရှိနေသည်။ယခု အနှီကောက သူ့ကိုမြွေပေးရန်တောင်းသည့်အခါ ရွာသားအများစုက ပေးကြလိမ့်မည်ဖြစ်သည်။
သူ တစ်နေကုန် အလုပ်လုပ်နေခဲ့ရပေမဲ့ သူ နေ့လယ်ကစားခဲ့သည်များကြောင့် ကျောက်ကျင်းကော ပင်ပန်းသည်ဟုလုံးဝမခံစားရပါဘဲ စွမ်းအင်တွေအပြည့်ရှိနေခဲ့သည်။သို့ပေမဲ့ ထိုကော၏အသံကိုကြားရသောအခိုက်ဝယ် သူစိတ်ဓာတ်ကျလာမိပြီးသူ့တစ်ကိုယ်လုံး အတော်လေး ပင်ပန်းလာသလိုမျိုး ခံစားလိုက်ရသည်။
ခြေလှမ်းအနည်းငယ်ပြန်ဆုတ်ပြီးနောက် သစ်ပင်အချို့နောက်မှာရပ်ကာ နောက်ထပ်ဖြစ်လာမည့်အခြေအနေကို မချင့်မရဲဖြင့်စောင့်နေမိသည်။