Chapter 17
:ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ
ကျောက်ကျင်းကော ကြက်ဥကို စားလိုက်ရသည်။
သူ ထိုနေ့နံနက်တွင် အနည်းငယ်သာစားခဲ့သော်လည်း နေ့လယ်ခင်းမှာ ကျန်းကျန့်၏ဂရုစိုက်မှုအောက်တွင် သူဗိုက်အတော်လေးပြည့်သွားသောကြောင့် ထိုနေ့မွန်းလွဲပိုင်းတွင် အထူးပင်ဗိုက်ပြည့်နေခဲ့သည်။
သို့သော် သူသည် အလွန်တက်ကြွပြီး လျှင်မြန်စွာ အလုပ်လုပ်သော်လည်း သူ့စိတ်မှာ သူ့အလုပ်အပေါ်မဟုတ်ဘဲ အခြားအရာတစ်ခုကိုသာ အာရုံစိုက်နေခဲ့သည်။
သူ၏ ဟင်္သါပြဒါးမှဲ့ကို ဖြတ်ထုတ်ပြီးနောက် သူ့ကိုယ်သူ ယောက်ျားအဖြစ် သတ်မှတ်ကာ အိမ်ထောင်မပြုရန် ကြံရွယ်ခဲ့သည်။ မကြာသေးမီက သူ၏ကျန်ရှိနေသည့် ဘဝတစ်လျှောက်လုံး ကျန်းကျန့်နှင့် ကုန်ဆုံးရန် စီစဉ်ခဲ့သော်လည်း ကလေးယူရမည့်ကိစ္စကို မေ့သွားခဲ့သည်။သို့ပေမဲ့ ယခု ကျန်းကျန့်က ၎င်းကို ပြောလာ၏။
ကျောက်ကျင်းကော အပြစ်ရှိသလို ခံစားရသည်။
ကော၏မျိုးပွားနှုန်းသည် ၎င်းတို့၏ ဟင်္သါပြဒါး၏အရောင်နှင့် နီးကပ်စွာဆက်စပ်နေသည်။ဟင်္သါပြဒါးမှဲ့များ၏အရောင်ပိုတောက်ပလေ၊ ကော၏မွေးဖွားနှုန်းမြင့်မားလေဖြစ်သော်လည်း၊ သူ၏ဟင်္သါပြဒါမှဲ့သည် ၎င်းကိုဖြတ်မထုတ်မီအထိ အမြဲမွဲခြောက်နေခဲ့သည်။
အစပိုင်းမှာ ရွာက အဘိုးအိုက ယခုလိုမျိုးဆိုလျှင် သူ့အတွက် ကလေးရရန် ခက်လိမ့်မည်ဟုဆိုသည့်အတွက် ယင်းက သူအိမ်ထောင်မပြုရသည့် အကြောင်းရင်းတစ်ခုဖြစ်လေသည်။ကျန်းကျန့်လည်း ၎င်းကို သိထားလောက်၏။သူ့ကိုယ်သူ ကောင်းကောင်း ဂရုစိုက်စေချင်လို့ ဒီနေ့ အတိအကျ ထည့်ပြောခဲ့တာလား...
ငါက ရုပ်ဆိုးလို့ ကလေးရဖို့ ခက်တယ်...အခုအသက်လည်းတအားကြီးနေပြီ ...ငါ့ကိုယ်ငါ တကယ်ဂရုစိုက်ဖို့ လိုတယ်...ဒီလိုမှမဟုတ်ရင် အနာဂတ်မှာ ကလေးရနိုင်မှာမဟုတ်တော့ဘူး...
အချိန်အတော်ကြာ အလုပ်လုပ်ပြီးနောက် ရေငတ်ပြီး မောပန်းနွမ်းနယ်နေသော ကျောက်ကျင်းကော ရေသောက်ရန် ခပ်ယူချင်သော်လည်း သူ့လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။
ရွာရှိ မိသားစုများသည် သူတို့၏ အမျိုးသမီးများနှင့်ကောများကို ၎င်းတို့၏ ခန္ဓာကိုယ် ပျက်စီးမည်ကို စိုးရိမ်သောကြောင့် လတ်ဆတ်ပြီးအေးမြသည့်ရေကို မသောက်ရစေရန် အထူးဂရုပြုခဲ့သည်။သူ မသောက်လျှင် ပိုကောင်းမည်။
ခဏထိုင်ပြီးနောက် ကျောက်ကျင်းကော အလုပ်ပြန်စခဲ့သည်။
သူ့ ပရောပရည်စကားတွေကြောင့် ကျောက်ကျင်းကော ခက်ခက်ခဲခဲ စဉ်းစားခဲ့သည့်အကြောင်း ကျန်းကျန့်တစ်ယောက် မသိပါချေ။
အမှန်တွင် သူ့မှာ အနာဂတ်တွင် ကလေးယူမည်ဟူသောအတွေးမရှိခဲ့ပေ။
ကမ္ဘာမကူးပြောင်းခင်မှာ သူသားသမီးအရင်းအချာရှိရန် ဘယ်တုန်းကမှ မတွေးခဲ့မိပေ။ ကမ္ဘာကူးပြောင်းပြီးနောက် ကျောက်ကျင်းကောက ကလေးမွေးနိုင်သည့်ကောတစ်ယောက်ဖြစ်ကြောင်း သူသိသော်လည်း ၎င်းကို သိပ်ပြီးမစဉ်းစားခဲ့ပေ။"ကောင်းကောင်းစား...ကလေးမွေးရအဆင်ပြေတယ်"ဆိုသည်က ဒီအတိုင်း ပေါ့ပေါ့ပါးပါးပြောရုံမျှမှတပါးဘာမှမဟုတ်ပါချေ။ကျောက်ကျင်းကော ရှက်ရွံ့နေသည့်ပုံစံကဘယ်လိုလေးလဲဟု ကြည့်ချင်ရုံသက်သက်ဖြစ်သည်။
ကျောက်ကျင်းကော နှင့်နေ့လည်စာစားပြီးနောက် ကျန်းကျန့် မနက်ခင်းက သူဖမ်းမိခဲ့သောငါးများကို သွားယူခဲ့သည်။
ငါးများကို ခြင်းတောင်းထဲသို့ ပစ်ချထားသဖြင့် အများအပြားသေဆုံးသွားသော်လည်း ရေချိုငါးများနှင့် အခြားအရာများမှာ အသက်ရှင်နေဆဲဖြစ်သည် . . ကျန်းကျန့် မြစ်ထဲဆင်းသည့်အခါ ငါးအကြေးခွံတွေကို ခြစ်ပြီး ဝက်သတ်ဖို့သုံးသည့် ဓားထက်ထက်နှင့် ဗိုက်ကို လှီးဖြတ်ကာ ငါးသေးသေးလေးတွေကို သန့်စင်အောင်ဆေးလိုက်သည်။
ငါးသေးများက သန့်ရှင်းရန် လွယ်ကူသော်လည်း ရေချိုငါးများက ချော်လွန်းပြီး ကိုင်တွယ်ရန် အလွန်ခက်ခဲသည်။ကျန်းကျန့်က ၎င်းကို ဂရုမစိုက်ဘဲ ရေချိုငါးတစ်ကောင်ကိုပင် မြစ်ထဲကို လွတ်မြောက်ခွင့်ပေးလိုက်သေးသည်။
နေရာအများစုတွင် ရေချိုငါးများကို သတ်မပစ်ကြပေ။၎င်းတို့ကို တိုက်ရိုက်ပြုတ်ပစ်ကြသည်။ သို့သော် ဤနေရာဟယ့်ရှီရွာတွင် ရေချိုငါးခေါင်းများကို ဓားဖြင့်လှီးဖြတ်ကာ မစားမီ ဆေးကြောကြသည်။ နည်းလမ်းနှင့်ပတ်သက်၍မူ. . .
ရေချိုငါးများ သူ့ဘေးက ရွှံ့နွံတွေပေါ် တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျပြီး ကျန်းကျန့် သူ့၏ချွန်ထက်သော သားသတ်ဓားနှင့် ခေါင်းတွေအားလုံးကို ဖြတ်ပစ်လိုက်သည်။
အသေကောင်တွေက ချော်နေသေးပေမဲ့ အနည်းဆုံး သူတို့ လွတ်သွားမှာမဟုတ်ပေ။ ထို့နောက် ဗိုက်များကို လှီးဖွင့်ပြီး အူများကို ညှစ်ထုတ်ရန် လိုအပ်သည်။
ရေချိုငါးများကို ကိုင်တွယ်ပြီးနောက် ကျန်းကျန့် သေးငယ်သော်လည်း ထူသော သူဖမ်းမိသည့် ငါးရှဉ့်ကို ကိုင်တွယ်ခဲ့ပြီး အမျိုးမျိုးသော အရာများကိုလည်း သန့်စင်ခဲ့သည်။
မနေ့က အိမ်ပြန်ယူလာသော
မြွေကို သူ့အတွက်သူ ချက်ခဲ့ပေမဲ့ ယနေ့. . . ကျောက်ကျင်းကောကို သူ့ဇနီးလောင်းအဖြစ် မှတ်ယူထားပြီးဖြစ်သောကြောင့် ကျောက်ကျင်းကော၏မိဘများသည် သူ့မိဘများပင်ဖြစ်ပေရာ၊ သူအနေဖြင့် သားသမီးဝတ္တရားကို ပြသမည်ဖြစ်သည်။
သူ့အမြင်အရ သူကအမြဲ ကြီးသူကို လေးစားပြီး ငယ်သူကို သနားတတ်သူဖြစ်သည်။အကယ်၍ အဘွားကြီးကျန်းနှင့် သားသတ်သမားကျန်းတို့သာ သိပ်မလွန်ခဲ့ဘူးဆိုပါက သူသည် လူအိုနှစ်ယောက်ကို ခြိမ်းခြောက်ရန် မည်သည့်အခါမျှ ဓားကို သုံးခဲ့လိမ့်မည်မဟုတ်ပေ။
ဝါးခြင်းတောင်းကို ထမ်းပြီး ကျန်းကျန့် လယ်ကွင်းထဲတွင် မြေတူးနေသော ကျောက်ကျင်းကောထံသို့ သွားခဲ့သည်။
အလုပ်လုပ်နေသောအမျိုးသားက သူ့အတွက် အတော်လေးသွေးဆောင်ဖြားယောင်းနေရာကျ၏။ကျန်းကျန့် သူနှင့် ခဏတာ ပွေ့ဖက်ချင်သော်လည်း အဆုံးတွင် သူ၏စိတ်လိုက်မာန်ပါလုပ်ဆောင်လိုမှုကို ခံနိုင်ရည်ရှိခဲ့သည်။ သူက ရေဖြည့်ထားသည့် ဝါးကျည်တောက်ကို ထုတ်ပြီး ကျောက်ကျင်းကောကို ပေးလိုက်၏။
"လာ...ရေသောက်ပြီး အနားယူ"
ကျောက်ကျင်းကော၏နှုတ်ခမ်းများက ခြောက်သွေ့နေပြီး ရေဆာနေပုံရသည်။
ကျောက်ကျင်းကောက တကယ်ကို ရေငတ်နေခဲ့၏။ကျန်းကျန့်ထံမှ ဝါးကျည်တောက်ကို လက်ခံရရှိပြီးနောက် ၎င်းကို အကုန်သောက်ခဲ့သည် (သို့မဟုတ် အောက်ခြေပေါ်အောင် သောက်ခဲ့သည်)။ မနက်ဖြန် အိမ်ကနေ သောက်ရန် ရေနွေးယူယူလာသင့်သည်ဟု သူတွေးခဲ့သည်။
ကျောက်ကျင်းကော ရေသောက်သည်ကို ကြည့်ပြီးသည့်အခါ ကျန်းကျန့်က ဝါးကျည်တောက်ကို သိမ်းပြီး ဝါးခြင်းတောင်းကို ပေးလိုက်သည်။
“ဒါက မင်းအတွက်"
"ဘာလဲ"
ကျောက်ကျင်းကော ဝါးခြင်းတောင်း၏အဖုံးကိုဖွင့်ပြီး အတွင်းဘက်သို့ ကြည့်လိုက်သည်။ထို့နောက် ခြင်းတောင်းသေးသေးလေးထဲမှာ ငါးနှင့်ပုဇွန်တွေ ပြည့်နေသည်ကို သူမြင်လိုက်ရသဘ်။
“အိမ်ယူသွားပြီး ချက်စားပါ...အရသာ သိပ်မကောင်းဘူးဆိုရင်တောင် များများစားဖို့ လိုတယ်”
ကျန်းကျန့်က ဆိုသည်။
"ယူလိုက်ပါ...ဒါတွေအားလုံးကိုယ်တစ်ယောက်တည်း မကုန်ဘူး"
“ကောင်းပြီ ”
ကျောက်ကျင်းကော သူ့ခန္ဓာကိုယ်ကို ဂရုစိုက်ရန် လိုအပ်ကြောင်း တွေးလိုက်သောအခါတွင် သူက ခေါင်းညိတ်ပြလိုက်ပြီး "ဒီည လာမှာလား" ဟု မေးလိုက်သည်။
"လာမှာ"
ကျန်းကျန့်က ချက်ချင်းပြောပြီး ကျောက်ကျင်းကောကို ဝမ်းမြောက်ရွှင်လန်းစွာ ကြည့်လိုက်သည်။ ကျောက်ကျင်းကောဘက်က သူနှင့်ချိန်းဆိုရန် အစပျိုးလုပ်ဆောင်မည်ဟု သူမမျှော်လင့်ထားပေ။
ကျောက်ကျင်းကောကပြောလိုက်သည်။
"ဒါဆို နောက်မှ ချက်ပြုတ်ပြီး ခင်ဗျားအတွက် တစ်ချို့ သိမ်းထားပေးမယ်"
"ကောင်းပါပြီဗျာ... နောက်မှအတူတူစားရအောင်"
ကျန်းကျန့်၏အခြေအနေထပ်ပြီး ကောင်းမွန်လာကာ ကျောက်ကျင်းကောကို နမ်းချင်ရုံမှတစ်ပါး မတတ်နိုင်တော့ပေ။ ကံမကောင်းစွာပဲ တစ်စုံတစ်ယောက် အချိန်မရွေးရောက်လာနိုင်သည့်အတွက် နောင်တရစွာဖြင့် သူ၏အစီအစဉ်ကို စွန့်လွှတ်ရုံတတ်နိုင်ခဲ့သည်။
ကျောက်ကျင်းကောက ပြုံးပြီး ဝါးခြင်းတောင်းထဲက တစ်ခုခုကို ကြည့်လိုက်၏။ဘာကြောင့်မှန်းမသိ အံ့ဩသွားပြီး သူကဆိုသည်။
“ကျောက်ကဏန်းကို ဘာလို့ အထဲမှာ ထည့်ထားတာလဲ...သူက စားလို့မကောင်းဘူး...ဘဲတွေပဲ ကျွေးလို့ရတယ်"
ကျန်းကျန့်ကပြောလိုက်သည်။
"ဒါကိုစားတာက မင်းကျန်းမာရေးအတွက်ကောင်းတယ်"
ကျောက်ကျင်းကောက ယခုလိုပြောခြင်းမှာ မြစ်ထဲမှာ နေထိုင်သည့် ကဏန်းတွေက ဒင်္ဂါးပြားထက် အနည်းငယ်ပဲ ပိုကြီးသောကြောင့်ဖြစ်သည်။
ဤကဏန်းသည် ကျေးလက်ရှိ နေရာတိုင်း၌ တွားသွားကာ ရေအနီးရှိ ကျောက်တုံးများအောက်တွင် ပုန်းအောင်းရန် နှစ်သက်သောကြောင့် ဟယ့်ရှီရွာရှိ လူများက ၎င်းတို့အား ကျောက်ကဏန်းဟု ခေါ်ကြသည်။ သူတို့လေးတွေက အသားလုံးဝမရှိသဖြင့် ဘယ်သူမှမစားကြပေ။ဘဲတွေကို အစာကျွေးရန် ရည်ရွယ်ချက်နှင့်ပဲ ဖမ်းကြ၏။
သို့သော်လည်း ကျန်းကျန့်က ထိုကဏန်းများသည် ခန္ဓာကိုယ်၏ ကယ်လ်စီယမ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဟု ထင်သောကြောင့် စွန့်ပစ်မထားခဲ့ဘဲ သိမ်းထားခဲ့သည်။
ကျန်းကျန့်က စား၍ကောင်းသည်ဟုပြောသည့်အတွက် ကျောက်ကျင်းကောနည်းနည်းပိုစားရအောင် သူ့ဘာသူ တိတ်တဆိတ် ထပ်ဖမ်းရန် ဆုံးဖြတ်လိုက်သည်။
ကျောက်တဟူနှင့်သူ့မိသားစုက အရင်တစ်ခါက ရေချိုငါးတောင်းသည်ကို တွေးပြီး သူ့အလုပ်ပြီးသွားချိန်မှာလယ်ယာသုံးကိရိယာတွေကို ပြန်သွားပေးသည့်အခါ ကျောက်ကျင်းကော ဝါးခြင်းတောင်းကို သူ့နောက်ကျောမှာ မသယ်ခဲ့ပါချေ။
လယ်ယာသုံးကိရိယာများကို ပြန်ပေးကာ ကျောက်တဟူကို အလုပ်အနည်းငယ်ကူညီပေးပြီးနောက်တွင် ဝှက်ထားသောဝါးခြင်းတောင်းကို သူ့ကျောတွင်လွယ်ကာ အိမ်ပြန်ခဲ့သည်။
"အဖေ အမေ ...ကျွန်တော် ပြန်လာပြီ" အိမ်ပြန်ရောက်ပြီးနောက် ကျောက်ကျင်းကောသူ့အမေကို ဝါးခြင်းတောင်း ပေးလိုက်၏။
"မင်းငါးဖမ်းခဲ့တာလား ကျင်းကော" ကျောက်လျို ဝါးခြင်းတောင်းကို ကြည့်ပြီး သူမသားက အလုပ်တွင် ငါးဖမ်းရန် အချိန်ရှိသဖြင့် အံ့သြစွာ မေးလိုက်သည်။
“မဖမ်းပါဘူး...ကျွန်တော့်အတွက် အကြီးဆုံးကျန်းကဖမ်းပေးလိုက်တာပါ"
ကျောက်ကျင်းကောက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့်ခေါင်းငုံ့ကာ ပြောလိုက်သည်။
ကျောက်ကျင်းကော အကြီးဆုံးကျန်းကို ထည့်ပြောသောအခါတွင် သူ့မိဘများက မေးခွန်းအနည်းငယ်မေးမည်ဟု မျှော်လင့်ကာ သူ့စိတ်ထဲတွင် ကျေနပ်သလိုလို ခံစားခဲ့ရသည်။သို့ပေမဲ့ ကျောက်လျူက ထိုကိစ္စကို သိပ်ပြီး မတွေးခဲ့မိပါချေ။
"အရင်တစ်ခါက ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်နေတုန်းပဲလား...သူက ဘယ်လို ကျေးဇူးသိတတ်ရမှန်းသိတာပဲ"
ကျောက်လျူက ဆက်ပြောသည်။
“ဒါပေမဲ့ မကြာသေးမီက သူ့အမေက သူ့ကို ရွာမှာ နေ့တိုင်း ကြိမ်းမောင်းတယ်... . သူ့ကိုတွေ့ရင် စကားနည်းနည်းလောက်ပြောပြီးဖြောင့်ဖြလိုက်ပါဦးကွယ်...ဘာပဲဖြစ်ဖြစ် သူတို့က သူ့အဖေနဲ့အမေဖြစ်နေတုန်းပဲလေ"
အရင်တုန်းက အကြီးဆုံးကျန်း အနိုင်ကျင့်ခံရသည့်အခါ ဟယ့်ရှီ ရွာကလူတွေက သူ့ကို စာနာခဲ့ကြပေမဲ့ သူရုတ်တရက် သန်မာလာပြီး အနိုင်ကျင့်သည့်သူဖြစ်လာသောအခါ အဘွားကြီးကျန်းက စာနာစိတ်ဖြစ်စရာဖြစ်လာသည်။
သို့သော် ကျောက်ကျင်းကောသည် ယင်းက အဘွားကြီးကျန်းနှင့်ထိုက်တန်သည်ဟု ခံစားရသည်။ကျန်းကျန့်အတွက် သူ့နှလုံးသားထဲတွင် ဝမ်းမနည်းမိဘဲမနေနိုင်ပေမဲ့ စကားမပြောနိုင်ဘဲ သူ့အမေကို ပြန်လည်ချေပခြင်းမပြုခဲ့ပေ။
“တို့အိမ်မှာ ဆီတစ်စက်မှမရှိဘူး... မဟုတ်ရင် ငါးက အရသာရှိမှာရယ် ”
ကျောက်လျူ သက်ပြင်းချလိုက်သည်။ ငါးက သေးလွန်းပါက ဟင်းချက်သည့်အခါ သူ၏သေးငယ်တဲ့ ခန္ဓာကိုယ်က ကြေသွားလိမ့်မည်ဖြစ်သည်။ထို့ကြောင့် သူမ၎င်းကို ပေါင်းလိုက်ပြီး ရေချိုငါးနှင့် ငါးရှဉ့်ကို စားခဲ့၏။ကျောက်ကျင်းကောငကကျောက်ကဏန်းကို စားရန် အခိုင်အမာပြောနေသည့်အတွက် ဆားစိမ့် အသီးအရွက်တွေနှင့် အိုးတစ်လုံးထဲမှာ ချက်ပြုတ်လိုက်သည်။
ဟင်းခတ်အမွှေးအကြိုင်မရှိသလို ဆီတစ်စက်ပင် မရှိပါချေ။ ဤနည်းဖြင့် ချက်ပြုတ်ထားသောငါးများသည် အညှီနံ့ရှိသော်လည်း ဤနေရာမှာရှိသည့်လူတွေက တချိန်လုံးငါးကိုယခုလိုပဲစားကြသည်။အညှီနံ့ကို သူတို့ ဂရုမစိုက်တော့ပါချေ။
ကျောက်ကျင်းကောက သွားများ ကောင်းမွန်သည်။သူက ထိုပေါင်းထားသော ငါးနုတ်လေးတွေကို အရိုးမထွင်ဘဲ ဝါးစားနိုင်သည်။ သူက ငါးတစ်ကောင်လုံးကို ဝါးပြီး တစ်ခါတည်းမျိုချပစ်နိုင်သည်။ဆားရည်စိမ်အသိီးအရွင်တွေဖြင့် ဆန်ပြုတ် ပန်းကန်လုံးသုံးလုံးကို အသက်တစ်ရှိုက်အတွင်းမှာ ကုန်အောင် စားပစ်လိုက်သည်။
အခွံထဲတွင် အသားမပါသော ကျောက်ကဏန်း အများအပြားကိုလည်း စားခဲ့ရသော်လည်း အခွံတွေပါ ဝါးသောအခါ အရသာရှိသည်။
အဖေကျောက် နှင့်အမေကျောက်က ငါးနုပ်အချို့ကို စားသော်လည်း ဆားရည်စိမ်ဟင်းသီးဟင်းရွက်၊ ငါးရှဉ့်နှင့် ရေချိုငါးများကို ကျောက်ကျင်းကော ကျန့်ကျန့်ဆီသို့ ယူသွားရန် အထူးတလည်ချန်ထားခဲ့သည်။
ကျောက်ကျင်းကောလည်း အလားတူ အတွေးမျိုးရှိသဖြင့် သူ ခေါင်းညိတ် သဘောတူလိုက်သည်။သို့ပေမဲ့ ကျန်း မိသားစုအိမ်ကို ပန်းကန်တစ်လုံး သယ်သွားမည့်အစား သက်ကယ်မိုးအိမ်မှာပဲ စောင့်နေခဲ့သည်။ရလဒ်အနေဖြင့် သူသည် အချိန်အကြာကြီး မစောင့်လိုက်ရသေးခင်မှာ ကျန်းကျန့် ရောက်လာသည်။
သူတို့သည် ငါးရှဉ့်နှင့် ရေချိုငါးများကို ခွဲလိုက်ကြသည်။
“ဟင်းခတ်အမွေးအကြိုင်းနည်းလွန်းပြီး ဆီမပါတာ စိတ်မကောင်းစရာပဲ”
ကျန်းကျန့် ငါးရှဉ့်တစ်ပိုင်းစားပြီးသက်ပြင်းချလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ ဟင်းချက်ရန်အတွက် ဆီအနည်းငယ်ရအောင်လုပ်ရန် စဉ်းစားလာသည်။
ယင်းက သည်အတိုင်း . . . ရှေးခေတ်မှာ ကမာဆီအနည်းငယ်သာရှိပြီး ဟင်းသီးဟင်းရွက်ဆီ ထုတ်ယူမှုနည်းပညာ ညံ့ဖျင်းခြင်းကြောင့် အသီးအရွက်ဆီထွက်ရှိမှု နည်းပါးခဲ့ပြီး ယခုလောလောဆယ်မှာ သူ့အနေဖြင့် ၎င်းကို ဝယ်ယူရန် အမှန်တကယ် မတတ်နိုင်ပေ။
ကျန်းကျန်း သူ့မှာ ဘာမှမရှိဘူးဟု ပြော၍ရသလို သူ့ခန္ဓာကိုယ်ကလည်း အာဟာရအပြည့်မရသေးသည့်အတွက် ဤအတွေးတွေကို ခဏလောက် လွှတ်ထားလိုက်သည်။
အနာဂတ်နှင့်ပတ်သက်၍မူ . ..ကျန်းကျန့်၏အကြည့်များ တူးမြောင်းပေါ်သို့ ကျသွားသည်။ သူ့ကိုယ်သူ ထောက်ပံ့ရန် ဝင်ငွေရှာဖို့အတွက် နည်းလမ်းရှာရမည်ဟုအမြဲတွေးမိသည်။ထို့အပြင် ဤကမ္ဘာမှာ သူ့အတွက် ပိုသင့်တော်သည့် အလုပ်ကိုလည်း ရှာရမှာဖြစ်သည်။ သူကြောက်သည်က . . စီးပွားရေးသမားဖြစ်ရမည်ကိုပင်။
ရှေးခေတ်အချိန်မှာ အသက်မွေးဝမ်းကြောင်းပြုရန် ဝင်ငွေရှာဖို့ သူ့မှာ ကျွမ်းကျင်မှုမရှိပါချေ။စီးပွားရေးလုပ်ရန်မှတပါး အခြားမည်သည့်အရာမှ သူမလုပ်နိုင်ပေ။ ကံကောင်းထောက်မစွာဖြင့် ယခုခေတ်တွင် စီးပွားရေးလုပ်ရန်က နောက်ပိုင်းမျိုးဆက်များကဲ့သို့ မခက်ခဲပါချေ။ ကုန်သည်များဟု ခေါ်တွင်သောလူတွေက ကုန်စည်များကို နေရာနှစ်ခုကြားတွင်သာ လဲလှယ်ရသည်။
နောက်ပိုင်းကာလများတွင် ကျန်းကျန့် အလွန်တူညီသောနေ့စဉ်ဘဝဖြင့်ပဲ နေထိုင်ခဲ့သည်။
မနက်ခင်းမှာ သူစားနိုင်သမျှ အစားအစာမျိုးစုံကို ရှာဖွေပြီး နေ့လည်စာစားချိန်မှာ ကျောက်ကျင်းကောနှင့် နေ့လည်စာအတူစားပြီး နေ့လည်ခင်းမှာ သူစားနိုင်သမျှကို ဆက်လက်ရှာဖွေခဲ့သည်။
ဟယ့်ရှီရွာမှလူများအထင်သေးသောငါးနုတ်နှင့်ပုစွန်ဆိတ်များက အာဟာရဓာတ်ကောင်းမွန်သည်။ ရက်အနည်းငယ်ကြာအောင် စားပြီးနောက် ကျန်းကျန့်၏ အသားအရေက ပိုကောင်းလာသည်။ကျောက်ကျင်းကော၏ တစ်ကိုယ်လုံးလည်း လန်းဆန်းနေပုံရသည်။သို့ပေမဲ့ ဟယ့်ရှီ ရွာ၏ မြောင်းတွေအားလုံးလည်း ပြောင်သွားလေပြီ။ထိုနှစ်နွေရာသီတွင် ရွာရှိ ကလေးများ၏ရိတ်သိမ်းမှုသည် ယခင်နှစ်များထက် များစွာပို၍ နည်းပါးသွာလိမ့်မည်ဟု ခန့်မှန်း၍ရသည်။
ထိုအချိန်တွင် ချင်မင်ပွဲတော်သို့ ရောက်ရှိလာသည်နှင့်အမျှ ကျန်းမိသားစုမှ မိသားစုဝင်များသည် ကျန်းကျန့်ကို ပို၍သည်းခံလာကြသည်။
ဒီအကြီးဆုံးကျန်းက နေ့တိုင်း အလုပ်မလုပ်ပေမဲ့ ကောင်းကောင်းစားရတုန်းပဲ... ဘာကြောင့်လဲ ...
တစ်မနက် ကျန်းကျန့် ထွက်သွားပြီးနောက် သားသတ်သမားကျန်းနှင့် အဘွားကြီးကျန်းက ကျန်းချောင်ဝမ်ကို သူတို့အိမ်ထဲကို ခေါ်သွားသည်။ ထို့နောက် သူတို့ ကျန်းကျန့်ကို မည်သို့မည်ပုံ ကိုင်တွယ်ရမည်ကို ကျန်းချောင်ဝမ်နှင့်ဆွေးနွေးခဲ့ကြသည်။
အဘွားကြီးကျန်းသည် ယခုအခါ သူမအား တစ်နေ့တာလုံး ကြိမ်းမောင်းနေသည့် ကျန်းကျန့်ကို မုန်းတီးနေပြီဖြစ်သည်။
“ဒီခွေးမသားက နေ့တိုင်း ကြက်ဥစားရတာကိုမဝဘူး... မနေ့က အိမ်ကနေ ဝက်ဆီအိုးတောင် လုသွားသေးတယ်... သူဘာလို့သေမသွားတာလဲ"
အဘွားကြီးကျန်း ဝက်ဆီအိုးအကြောင်း တွေးမိသောအခါတွင် သူမအလွန်စိတ်ဆင်းရဲသွားခဲ့သည်။သူမက အစားလောဘကြီးလာသည့်အခါ ဟင်းချက်ရန် ဝက်ဆီနည်းနည်းခြစ်ယူရန် သူမ၏တူများကိုသုံးဖြစ်သည်။ နောက်ဆုံးမှာ သူမသားအကြီးဆုံးက ဝက်ဆီအိုးတစ်အိုးလုံးကို အမှန်တကယ် သိမ်းသွားခဲ့သည် . . သူ ဝက်ဆီတွေကို စားပစ်လိုက်ပြီလားဆိုသည်ကို အခုထိ သူမ မသိသေးပါချေ။
“အမေ...အမေ့ရဲ့ ဆူပူကြိမ်းမောင်းမှုက ဘာအသုံးဝင်မှာလဲ...သူကိုဖြေရှင်းဖို့ တခြားနည်းလမ်းကို စဉ်းစားကြည့်ရအောင်”
ကျန်းချောင်ဝမ်က ပြောသည်။
"ငါတို့ သူ့ကို သင်ခန်းစာတချို့ ပေးရမှာပေါ့...ဒါမှ သူပြန်ပြီး ငြိမ်း ငြိမ်းချမ်းချမ်း အလုပ်လုပ်မှာ"
အဘိုးကြီးကျန်းက ပြောလိုက်သည်။ အဘွားကြီးကျန်းက သူမသားအကြီးဆုံးကို မျက်စိမှိတ်မုန်းတီးနေဆဲဖြစ်သည်။ သို့သော် ဤရက်တွေမှာ အဘိုးကြီးကျန်း သူ့သားကြီး၏ ကောင်းကွက်များကို ကောင်းကောင်းသိနေပြီဖြစ်သည်။
အရင်က သူ့သားအကြီးဆုံးက လယ်လုပ်ချင်စိတ်ရှိတဲ့အခါ သူဘယ်တုန်းက ဒီလောက် ပင်ပင်ပန်းပန်းအလုပ်လုပ်စရာလိုခဲ့ဖူးလို့လဲ...
သူတို့ သုံးယောက် စကားအကြာကြီးပြောနေကြသော်လည်း ကောင်းသောလမ်းကို မတွေးနိုင်ကြပေ။
နောက်ဆုံးတွင် ကျန်းချောင်ဝမ်ကပြောလိုက်သည်။
“ဘာလို့ တတိယညီကို တစ်ခုခုကို တွေးကြည့်ဖို့ မခိုင်းရမှာလဲ... သူက ဉာဏ်အကောင်းဆုံးလေ"
ကျန်းချောင်ဝမ်နှင့် ကျန်းချောင်ရှန့်တို့ နှစ်ဦးစလုံးသည် အစပိုင်းတွင် ကျောင်းတက်ခဲ့ကြသည်။ ရလဒ်အနေဖြင့် ကျန်းချောင်ဝမ်က ဘာမှ အသုံးမဝင်ခဲ့ဘဲ ကျန်းချောင်ရှန့်က ပညာများစွာကို သင်ယူခဲ့ပြီး နောက်ပိုင်းမှာ စီရင်စုမြို့မှာ အလုပ်တစ်ခုရှာခဲ့သည်။တဖြည်းဖြည်းနှင့် ကျန်း၏မိသားစုသည် အရေးကြီးကိစ္စများစွာနှင့်ပတ်သက်ပြီး သူ့စကားကို နားထောင်လာကြသည်။
"ဟုတ်တယ်...ချောင်ရှန့်ကို ငါတို့ကို အကြံဥာဏ်ပေးခိုင်းလိုက်"
သားသတ်သမားကျန်းက ပြောပြီး ရုတ်တရက် သတိရသွားသည်။
“ငါတို့ စီရင်စုမြိုကို မရောက်တာ ကြာပြီ...ဒီနေ့တော့ အဲဒီကိုသွားပြီးတော့ ချောင်ရှန့်ဆီ စားစရာတွေ ပို့ပေးရင်း ဘိုးဘွားတွေကို ပူဇော်ဖို့အတွက် ဖယောင်းတိုင်တစ်စုံဝယ်လိုက်ရအောင်"