အပိုင်း၁၈
Viewers 24k

Chapter 18

Chapter 18

:တန်ပြန်အစီအမံများကို ဆွေးနွေးခြင်း




ကျန်းချောင်ရှန့်က ​​စီရင်စုမြို့မှာ နေထိုင်ပြီး သူ့ကိုယ်သူ ထောက်ပံ့ဖို့အတွက် ဝင်ငွေအလုံအလောက်ရှိသောကြောင့်အဘိုးကြီး ကျန်းက သူ့ကို ပိုက်ဆံပေးမဲ့အစား ဆန်၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥနှင့် တခြားပစ္စည်းတွေကို မကြာခဏ ပို့ပေးသည့်အတွက် သူ့အနေဖြင့်ဆန်နှင့်အသီးအရွက်တွေအတွက် ပိုက်ဆံနည်းနည်းမှကုန်စရာမလိုပါချေ။သို့သော်လည်း မကြာသေးမီက ကျန်းမိသားစုတွင် ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်။ကျန်းကျန့်က နေ့တိုင်း အိမ်တွင် သခင်တစ်ယောက်လို ပြုမူပြီး သူတို့ကို အကြောက်အလန့်လွန်စေသဖြင့် ကျန်းချောင်ရှန့်ဆီသို့ ပစ္စည်းပို့ရန် မေ့သွားကြသည်။


ယခု ဆုံးဖြတ်ချက်ချပြီးသောအခါ သားသတ်သမားကျန်းသည် ကျန်းချောင်ရှန့်အား ပေးလိုသောပစ္စည်းများကို စတင်ထုပ်ပိုးလိုက်သည်။


သူ့အနေဖြင့် ယခု ဆန်များများ ပေးရမည်။မည်သို့ပင်ဖြစ်စေ သူ့တတိယသားက အခု မိန်းမရသွားပြီဖြစ်လေရာ လူနှစ်ယောက် စားဖို့ လုံလောက်အောင် ယူသွားရမည်။ အသီးအရွက်ကိုလည်း ပိုယူသွားသင့်၏။ ဤအရာနှစ်ခုမှလွဲ၍ အခြားသူများထံမှ ၎င်းတို့ကိုဝယ်ရန် ငွေသုံးစွဲခြင်းသည် မထိုက်တန်ပါချေ။ အရင်တုန်းက သားသတ်သမားကျန်းက မြို့ကိုသွားတိုင်း ငါး၊ ပုစွန်၊ ဥတွေ ယူလာပေးပေမဲ့ ဤတစ်ခါတွင် အားလုံးကုန်သွားကြလေပြီ။


အိမ်မှာ ကြက်နှစ်ကောင်ပဲ ကျန်တော့သည်။ ကျန်းကျန့်က တစ်ကောင်ကို သတ်ပြီး နေ့တိုင်း ကြက်ဥနှစ်လုံးကို စားရမှဖြစ်မည်ဟု ဆိုခဲ့သည်။ကျန်းချောင်ရှန့်အတွက် အပိုကြက်ဥတွေ ဘယ်ကနေ ရနိုင်ပါမည်နည်း။


ပြီးလျှင် ငါးနှင့် ပုစွန်တို့လည်းအတူတူပါပင်။အရင်တုန်း လယ်ကွင်းထဲမှာ အလုပ်အားလုံးကို လုပ်ခဲ့သူက အကြီးဆုံးကျန်းဖြစ်သည်။သားသတ်သမားကျန်းက ငါးနှင့်ပုစွန်များကို ရှာဖွေရန် အားလပ်နေခဲ့သည်။ယခု ကျန်းကျန့်က မည်သည့်အလုပ်ကိုမျှ မလုပ်လိုတော့သဖြင့် သားသတ်သမားကျန်းလည်း ခြေကုန်လက်ပန်းကျနေပြီဖြစ်သည်။


ငါးဖမ်းဖို့ ဘယ်လိုလုပ်အချိန်ရှိမှာလဲ...


နောက်ဆုံးတွင် ဟင်းသီးဟင်းရွက်နှင့် ဆန်များသာ ထုပ်ပိုးပြီး သားသတ်သမားကျန်း ထွက်လာခဲ့သည်။


နာရီဝက်ကြာ အထုပ်အပိုးများကိုထမ်းလာပြီးနောက် သားသတ်သမားကျန်း ဟယ်ချောင်စီရင်စုကို ရောက်ရှိလာသည်။


တူးမြောင်းသည် ဟယ်ချောင်စီရင်စုကိုဖြတ်သွားခဲ့သည်။ သင်္ဘောကျင်းကြီးတစ်ခုလည်းရှိသဖြင့် တစ်မြို့လုံး တက်ကြွလန်းဆန်းနေသည်။သားသတ်သမားကျန်းက သည်ကို ရံဖန်ရံခါ ရောက်တတ်ပေမဲ့ ပျားပမ်းခတ်အောင်သွားလာအလုပ်ရှုပ်နေကြသည့် လူတွေကို ကြည့်ပြီး အဆင်မပြေဖြစ်နေဆဲဖြစ်သည်။


စီရင်စုအတွင်းရှိ အိမ်များအားလုံးကို သစ်သားဖြင့်ပြုလုပ်ထားပြီး မြစ်ကမ်းစပ်တွင် သွားလာရလွယ်ကူသော လမ်းများလည်း ရှိသည်။သားသတ်သမားကျန်း အပြာရောင်ကျောက်တုံးများခင်းထားသော လမ်းတစ်လျှောက် လျှောက်သွားခဲ့ပြီး မကြာမီမှာပင် သစ်သားတဲငယ်လေးတစ်ခုဆီသို့ သူရောက်လာခဲ့သည်။


ဟယ့်ရှီရွာသည် ဟယ်ချောင်စီရင်စုနှင့်မဝေးသောကြောင့် သားသတ်သမားကျန်းသည် ကျန်းချောင်ရှန့်၏နေ့လည်စာစားရန်အချိန်မီရောက်ရှိခဲ့သည်။


ကျန်းချောင်ရှန့်က သင်္ဘောဆိပ်အဝင်အထွက် မှတ်တမ်းများကို ထိန်းသိမ်းရန် တာဝန်ရှိသည်။ သင်္ဘောကျင်းရှိ ကူလီများသည် နေ့လယ်တွင် တစ်ခုခုစားရန် အနားယူမည်ဖြစ်သောကြောင့် နေ့လည်စာစားရန် အိမ်ပြန်နိုင်သည်။ သူက လောလောဆယ် အိမ်မှာရှိနေ၏။သားသတ်သမားကျန်းကိုတွေ့သောအခါ သူက ချက်ချင်း ကြိုဆိုလိုက်သည်။


"အဖေရောက်လာတာပဲ"


"အဖေ...အထဲဝင်ပြီး ရေသောက်လှည့်ပါ"


ကျူးရှုဖန်က သူမ၏ လက်ဖက်ရည်ကြမ်း ထုတ်ယူကာ လက်ဖက်ရည်ခွက်ကြီးတစ်ခွက် ပြုလုပ်ပြီး သားသတ်သမား

ကို နှုတ်ဆက်သည်။


သားသတ်သမားကျန်းက သည်ကို မကြာခဏ ရောက်ဖူး၏။ သူက အထုတ်ကိုချကာ ထိုင်လိုက်ပြီးဆိုသည်။


"ချောင်ရှန့်.... အဖေ မင်းအတွက် စားစရာတချို့ယူလာခဲ့တယ်"


"အဖေ ပစ္စည်းတွေ ယူလာပြန်ပြီလား... နောက်တစ်ခါ လှေနဲ့လာပါ ...မဟုတ်ရင် အရမ်းပင်ပန်းလိမ့်မယ်” ဟု ကျန်းချောင်ရှန့်က စိုးရိမ်စွာပြောသည်။


“ဟုတ်တယ်အဖေ...ဒီကိုတစ်လမ်းလုံးလာရတာ မပင်ပန်းဘူးလား"


ကျူးရှုဖန်က သူမစကားပြောနေစဉ် သားသတ်သမားကျန်း ယူလာသောအရာကို သွားကြည့်သည်။


၎င်းကိုစစ်ဆေးပြီးနောက် ကျူးရှုဖန် ၏အမူအရာသည် မနေနိုင်ဘဲ

ပြောင်းလဲသွားခဲ့သည်။ အစပိုင်းတွင် သူမသည် အကြောင်းအမျိုးမျိုးကြောင့် ကျန်းချောင်ရှန့်ကို လက်ထပ်ရန် ဆန္ဒရှိခဲ့သည်။ ၎င်းတို့ထဲမှ တစ်ခုမှာ ကျန်းချောင်ရှန့်က စီရင်စု​မြို့လေးတွင် တစ်ဦးတည်း နေထိုင်ပြီး အိမ်ပြန်ငွေပို့စရာမလိုဘဲ မိသားစုက ရံဖန်ရံခါ အစားအသောက် ပို့ပေးတတ်သည်။ဘယ်တုန်းကမှ ဥနှင့်ငါး ပြတ်လပ်မှု မရှိခဲ့ပါချေ။


ယခုမူကား အဘယ်နည်း။ ဥတွေ ဘယ်ရောက်သွားတာလဲ... ငါးကော...

တန်ဖိုးမရှိတဲ့ ဟင်းသီးဟင်းရွက်တွေကိုပဲ့ ပို့ပေးလာတယ်...


ကျန်းမိသားစုတွင် အရူးတစ်ယောက်လို ပြုမူနေသည့် ဦးလေးကြီးတစ်ယောက်ပင် ရှိနေသေးသည်။


ကျူးရှုဖန် သူမ လှည့်စားခံရသည်ဟု ခံစားရပြီး သူမ ရုတ်တရက် မပျော်တော့ပေ။

သို့သော် သူမမပျော်သော်လည်း ကျူးရှုဖန် ဘာမှပြန်မပြောခဲ့ရာ သားသတ်သမားကျန်းတစ်ယောက် သူ့ချွေးမ၏ သေးငယ်သော အတွေးများကို သဘာဝအတိုင်း မသိခဲ့ပေ။


သူ၏အလားအလာအကောင်းဆုံးသားအငယ်ဆုံးကိုမြင်လိုက်ရသောအခါ သားသတ်သမားကျန်း၏ မိသားစု၏ရွံရှာဖွယ်ကောင်းသော သားအကြီးဆုံးအကြောင်း မကျေမနပ်မဖြစ်ဘဲမနေနိုင်ပေ။


“သား... မင်းရဲ့အစ်ကိုကြီးက တကယ့်ကို စက်ဆုပ်ရွံရှာစရာကောင်းတယ်... သူ့ကို ပိုနာခံအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းရှိသလား”


သားသတ်သမားကျန်းက အကြီးဆုံးကျန်း လုပ်ခဲ့သည့် “မကောင်းမှု"မှန်သမျှအကြောင်းကို ပြောပြခဲ့ပြီး နောက်ဆုံးမှာ ထိုသို့မေးခဲ့သည်။


ကျန်းချောင်ရှန့်က လက်ထပ်ပြီးနောက် စီရင်စုမြို့သို့ ပြန်လာခဲ့သည်။ဤရက်တွေမှာ နောက်ဆုံးတွင် ဇနီးဖြစ်သူနှင့် အတူတူနေခဲ့ရပြီဖြစ်သဖြင့် အိမ်မပြန်ချင်တော့ပေ။


သို့တိုင် အိမ်မပြန်ပေမဲ့ သူ့မိသားစုအကြောင်း တွေးနေတုန်းပါပင်။ သူ့အမြင်အရ အကြီးဆုံးကျန်းက ​​တစ်ကြိမ်လောက် သေလုနီးပါး ဖြစ်ခဲ့လျှင်ပင် အနာဂတ်မှာ ပျော့ညံ့နေဦးမှာဖြစ်သည်။


ရလဒ်အနေဖြင့်... သူက ဒီရက်တွေမှာ ပြဿနာရှာနေတာ လုံးဝမရပ်သေးဘူးလား...


အကြီးဆုံးကျန်း... သူ ဘယ်တုန်းက ဒီလောက် သတ္တိရှိလာတာလဲ...



သားသတ်သမားကျန်း ပြောလိုက်သည်ကို ကြားပြီးနောက် ကျန်းချောင်ရှန့် မယုံကြည်နိုင်မှုအပြည့်ဖြင့် အသေးစိတ်အချက်အလက်များကို မေးမြန်းခဲ့သည်။ ဇာတ်လမ်းတစ်ခုလုံးကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသောအခါ နောက်ဆုံးမှာ စိတ်အေးလက်အေးနှင့် ပြောလိုက်သည်။


"အဖေ... စိတ်မပူပါနဲ့...ဒီကိစ္စက ဖြေရှင်းဖို့ လွယ်ပါတယ်”


"ဖြေရှင်းရတာ တကယ်လွယ်လား" သားသတ်သမားကျန်းက မျက်မှောင်ကြုတ်လိုက်သည်။


“မင်းအစ်ကိုအကြီးဆုံးက ရက်စက်ကြမ်းကြုတ်လာတယ်... ဒီလိုမျိုးတွေဖြစ်နေရင် ငါတို့ အိမ်မှာနေလို့ရမှာမဟုတ်ဘူး”


“အဖေ...သူ တမင်လူရှိန်အောင်ဟန်ဆောင်နေတာလို့ ကျွန်တော် ထင်တယ်...အစကနေ အဆုံးထိ အဖေတို့ ဘယ်သူမှ မထိခိုက်ဘူး မဟုတ်လား”


ကျန်းချောင်ရှန့်က ပြောသည်။


“သူ စိတ်ထဲကနေ ဒေါသဖြစ်နေတာမလို့ အိမ်မှာ ဗိုလ်ကျပြီး ခြိမ်းခြောက်မှုတွေ လုပ်လာတယ်... ဒါပေမဲ့ တကယ်ဘာမှ မလုပ်ဝံ့သေးဘူး”


“သူက တမင်ဟန်ပြနေတယ်ဆိုရင်တောင်မှ သူ့ကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းရှာရမယ်...ငါတို့ သူ့ကို မအနိုင်ယူနိုင်ဘူးလေ... ”


သားသတ်သမားကျန်းက သက်ပြင်းချလိုက်သည်။


"ကျွန်တော်တို့လည်း သူ့ကို ခြောက်လို့ရတယ်လေ"


ကျန်းချောင်ရှန့်င သူ့မျက်နှာမှာ ယုံကြည်မှုအပြည့်နှင့် ပြောလိုက်၏။ သူ့အစ်ကိုအကြီးဆုံးက စာရေးစာဖတ်မလုပ်တတ်သည့် ရိုင်းစိုင်သောယာလုပ်သာတစ်ယောက်သာဖြစ်သည်။သူ့အမြင်အရ ထိုကဲ့သို့သောလူကို ကိုယ်တွယ်ရသည်က လွယ်လွန်း၏။


လက်ရှိတွင် သူ့အစ်ကိုအကြီးဆုံးကို ကိုင်တွယ်ရန် နည်းလမ်းနှစ်ခုရှိသည်။ တစ်ခုက သူ့ကို အိမ်ထဲက မောင်းထုတ်ပစ်မယ်ဟု ခြိမ်းခြောက်ခြင်းဖြစ်သည် . . သို့ပေမဲ့ ယင်းကသေချာပေါက် မဖြစ်နိုင်ပေ။အစ်ကိုအကြီးဆုံးဒေါသတကြီးနဲ့ တကယ်သဘောတူလိုက်ရင်ဘယ်လိုလုပ်မလဲ...


ကျန်းချောင်ရှန့်က အသက်မကြီးသေးသော်လည်း သူသည် ကိစ္စများကို အလွန်ရှင်းလင်းစွာမြင်နိုင်ပြီး အကြီး ဆုံးကျန်းကို အိမ်တွင်ထားခြင်းသည် သူ့အတွက်ကောင်းကြောင်း သဘာဝကျကျ သိနိုင်သည်။


အကြီးဆုံးကျန်းသည် အိမ်ထောင်မပြုသဖြင့် အနာဂတ်တွင် ကလေးရှိလိမ့်မည်မဟုတ်ပေ။ အိမ်မှာနေရသည်က သူ့ညီနှစ်ယောက်ကို ကူညီပြီး တစ်သက်လုံး အလုပ်အလကားလုပ်ရခြင်းဖြစ်သည် . . .ဤသည်က သူ့အစ်ကိုကြီးအတွက် မတရားဘူးဆိုပေမဲ့ သူ့အတွက် ကောင်း၏။နောက်ပြီးလူတွေက. . .တစ်ကိုယ်ကောင်းဆန်ကြသည်။


ထို့အတွက်ကြောင့် ကျန်းချောင်ရှန့် မိသားစုနှင့်ခွဲထွက်ခြင်းအကြောင်းကို မပြောချင်တော့သဖြင့် အကြီးဆုံးကျန်းကို ထွက်ခွာရန် ခြိမ်းခြောက်ခြင်းထက် ပိုမိုလွယ်ကူသော အခြားနည်းလမ်းကို အသုံးပြုရမည်ဖြစ်သည်။


"မင်း သူ့ကို ဘယ်လိုခြောက်ချင်တာလဲ" သားသတ်သမားကျန်းက မေးသည်။


"အဖေ...စီရင်စုမြို့က ရုံးတော် အရာရှိတစ်ယောက်ကို ကျွန်တော်သိတယ်"


ကျန်းချောင်ရှန့်က ဖြည်းညှင်းစွာပြောလာသည်။ အခုခေတ်မှာ သာမန်လူတွေ အကြောက်ဆုံးက ဘာလဲ...ရုံးတော် မဟုတ်ဘူးလား...

လူအတော်များများသည် မကောင်းမှုတစ်ခုကို တစ်ခါမျှ မလုပ်ဖူးသော်လည်း ရုံးတော်၏ ဂိတ်ပေါက်ကို မဖြတ်သန်းဝံ့ဘဲ ရှည်လျားသော ကွေ့ဝိုက်ခြင်းကို နှစ်သက်ကြသည်။


ရုံးတော်အရာရှိတစ်ဦးကို အိမ်ပြန်ခေါ်လာခြင်းသည် သူ၏အစ်ကိုအကြီးဆုံးကို ကြောက်လန့်စေမည်ဖြစ်သည်။


"အရာရှိက ဆန္ဒရှိပါ့မလား"


သားသတ်သမားကျန်းသည် “ရုံးတော် အရာရှိ” ဟူသော စကားကိုကြားသောအခါ သူ့ရင်ထဲတွင် တုန်တုန်ယင်ယင်မဖြစ်ဘဲမနေနိုင်ပေ။


"ကျွန်တော်က သူနဲ့ ဆက်ဆံရေးကောင်းတော့ သူဆန္ဒရှိမှာ သေချာပါတယ်"


ကျန်းချောင်ရှန့်က ပြောခဲ့သည်။ သူရည်ညွှန်းသော အရာရှိမှာ သင်္ဘောကျင်း တာဝန်ခံဖြစ်သည်။ ဝိုင်ကို အကြိမ်ပေါင်းများစွာ အတူတူသောက်ခဲ့ပြီး သူတို့၏ခင်မင်ရင်းနှီးမှုကလည်း အတော်လေးကောင်း၏။ ထိုလူက သူ့ကို မျက်နှာသာပေးရန် သဘောတူမှာ သေချာသည်။


ထို့အပြင် ၎င်းသည် အကူအညီအနည်းငယ်တောင်း၊ပြီးလျှင် စာအိတ်နီတစ်အိတ်လောက်ပြီး ပေးပြီး အခြားသူများနှင့် ပေါင်းသင်းရန် နည်းလမ်းတစ်ခုလည်းဖြစ်သည်။


ကျန်းချောင်ရှန့်က သားသတ်သမားအား စကားအနည်းငယ်ပြောပြီး နေ့လည်စာစားရန် သူနှင့်အတူ ထွက်လာခဲ့သည်။


ကျူးရှုဖန်၏ဖခင်သည် ပညာတတ်တစ်ယောက်ဖြစ်သော်လည်း၊ သူမသည် အလွန်ချမ်းသာသောမိသားစုမှမဟုတ်သောကြောင့် အိမ်တွင်အလုပ်အားလုံးကိုလုပ်ရသည်။သားသတ်သမားကျန်း မရောက်မီတွင် သူမ နေ့လယ်စာပြင်ဆင်ပြီးဖြစ်သည်။


ကြက်သွန်မြိတ် တို့ဟူးတစ်ပန်းကန်၊ ကြက်ဥနှင့် အသီးအရွက်ဟင်းချို့တစ်ပန်းကန်နှင့် အသီးအရွက်ကြော်တစ်ပန်းကန်က ကြည့်ရသည်မှာ ရိုးရိုးရှင်းရှင်းဖြစ်ပေမဲ့ အဘွားကြီးကျန်းထက် ဆီပိုထည့်ထားသောကြောင့် အသီးအရွက်တွေ၏အရသာက အဘွားကြီးကျန်း၏လက်ရာထက် အများကြီသ ပိုကောင်းသည်။


သားသတ်သမားကျန်းက ဝမ်းသာအားရဖြင့် ထမင်းသုံးပန်ကန်ကို တစ်ထိုင်တည်းစားလိုက်သည်။


ယနေ့ နေ့လယ်စာ ချက်ပြုတ်နေရင်း ညနေစာကိုလည်း ပြင်ဆင်ထား၍ တော်သေးသည်၊မဟုတ်လျှင် သူမ စားရန် လောက်ငတော့မည်မဟုတ်ဟု ကျူးရှုဖန် သူမကိုယ်သူမ တွေးပြီး အနည်းငယ် မပျော်မရွှင် ဖြစ်မိပြန်သည်။


ဧည့်သည်လာသည့်အခါ ဧည့်သည်ကို အရင်ကျွေးရသဖြင့် သူမ ကိုယ့်အတွက်ကိုယ် ထမင်းပန်းကန်တစ်ဝက်ပဲချန်ထားခဲ့သည်။သားသတ်သမားကျန်းက မည်သို့ပင်ဖြစ်စေ စားရန် တစ်ခုခု ချန်ထားခဲ့မည်ဟု သူမထင်ခဲ့ပေမဲ့ ရလဒ်အနေဖြင့် သူက လုံးဝ မယဉ်ကျေးဘဲ အကုန်လုံးကို စားပစ်ခဲ့၏။

ပြောင်စင်နေအောင် ခြစ်ထုတ်ထားသော အိုးကိုကြည့်ရင်း စားရန်မလုံလောက်သော ကျူးရှုဖန်တစ်ယောက် ဒေါသထွက်လာခဲ့သည်။


ကျန်းချောင်ရှန့်က သူ့မိန်းမ ဘာတွေတွေးနေမှန်း မည်သို့ပါမည်နည်း။ထိုဒီအစား သူက ပြုံးပြီးပြောလိုက်သည်။


" ကျေးလက်မှာ အလုပ်ကြမ်းလုပ်တဲ့သူတွေက အများကြီးစားတယ်... အမေဆို ဆန်ပြုတ် လေးပန်းကန်လောက် သောက်နိုင်တယ်”


ကျူးရှုဖန်က ကျန်းချောင်ရှန့်ကို စိုက်ကြည့်ရင်းဆိုလိုက်၏။


“ရှင့်အဖေက ရှင့်ကို အခေါက်တိုင်းကြက်ဥယူလာခဲ့မယ်လို့ပြောခဲ့တာ မဟုတ်ဘူးလား...ဒီတစ်ခါဘာလို့မပါတာလဲ... အိမ်မှာကြက်ဥတွေကုန်သွားပြီ...ကျွန်မ မနက်ဖြန်ကျဝယ်ရတော့မယ်"


“မကြာသေးမီက အိမ်မှာ တစ်ခုခုဖြစ်သွားခဲ့တယ်...ဒါပေမဲ့ အနာဂတ်မှာ အဆင်ပြေသွားမှာပါ...ရှုဖန် မင်းဒီနေ့အသားဝယ်ဖို့ အပြင်ထွက်ရင် ကြက်ကင်တစ်ကောင်ပါဝယ်ခဲ့... ညနေ တစ်ယောက်ယောက်ကို ထမင်းစားဖိတ်မလို့"


ကျန်းချောင်ရှန့်က ပြောသည်။ယနေ့ ညနေ အရာရှိကို သူ့အိမ်မှာ ညစာစားရန်ဖိတ်ပြီး မနက်ဖြန် အိမ်ပြန်ရန် စီစဉ်ထား၏။


သူ့အစ်ကိုကြီး...သူ သူ့ကို ဂရုစိုက်ရပေဦးမည်။

. . .


ကျန်းကျန့်သည် သားသတ်သမားကျန်းက ကျန်းချောင်ရှန့်နှင့် ဆွေးနွေးရန် စီရင်စုမြို့သို့သွားကြောင်း မသိပါချေ။


သူ၏လတ်တလောဘဝကို သူတော်တော်လေး ကျေနပ်နေသည်။မူလပိုင်ရှင်၏ စိတ်ခံစားချက်များက ဤရက်ပိုင်းတွင် သူ့ကို မထိခိုက်စေခဲ့ပေ။သူသည် ကမ္ဘာကြီးအကြောင်းကို လုံလောက်စွာနားလည်သွားပြီဖြစ်ကာ ကျောက်ကျင်းကော နှင့် သူ၏ဆက်ဆံရေးကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ခဲ့သည်။ ...ရက်အနည်းငယ်အတွင်း သူ ကျန်းမိသားစုနှင့် လုံးဝခွဲထွက်ပြီး သူ့ကိုယ်ပိုင်ဘဝဖြင့် နေထိုင်နိုင်တော့မည်ဖြစ်သည်။


ကျန်းကျန့် စိတ်ကောင်းဝင်နေပြီး ကံကောင်းနေသည်။


ယနေ့မနက်မှာ လမ်းလျှောက်သွားရင်း ဖြူကောင်တစ်ကောင်ကို ဖမ်းမိခဲ့သည်။။ဤတိရစ္ဆာန်က ဟယ့်ရှီရွာမှာ အတွေ့ များပေမဲ့ စားသောက်ဖို့အတွက် နောက်ထပ် လုပ်ငန်းစဉ်တွေ မလိုအပ်တော့သည့်အတွက် ကျောက်ကျင်းကော ဆီကို ပြန်ယူသွားပြီး လိုချင်လားဟု မေးရန်ကြံရွယ်ခဲ့သည်။


ရလဒ်အနေဖြင့် လမ်းတစ်ဝက်တွင် တစ်ယောက်ယောက်က သူ့ကို တားပြီး ဖြူကောင်အတွက် ငါးနှင့်လဲချင်နေသည်။


ယန့်ကျီမြစ်၏တောင်ဘက်တွင် ကိုယ်ပိုင်မြေမရှိ၊ အိမ်မရှိဘဲ လှေတစ်စင်းတည်းသာရှိကြသော လူမျိုးတစ်မျိုးရှိသည်။ လှေပေါ်တွင် နေထိုင်ကြပြီး ငါးဖမ်းခြင်း သို့မဟုတ် ကူးတို့ပို့ခြင်းဖြင့် အသက်မွေးကြသည်။သူတို့ကို လှေသူများဟု ခေါ်သည်။


ကျန်းကျန့်က ၎င်းတို့အား တံငါသည်များ ဟုခေါ်ခြင်းကို ပိုနှစ်သက်သည်။


ဟယ့်ရှီ ရွာရှိ သာမန်လူများသည် ငါးဖမ်းနိုင်သော်လည်း ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကြောင်းမပြုကြပေ။ ဤတံငါသည်များသည် ငါးဖမ်းခြင်းဖြင့် လုံးလုံးလျားလျား နေထိုင်ခဲ့ကြသည်။ ငွေရှာရန်အတွက် လူတွေကို ကုန်စည်ပို့ဆောင်ရာမှာ ကူညီရန် ငါးဖမ်းလှေတွေကိုလည်း အသုံးပြုကြမှာ သေချာပါ၏။


ဟယ့်ရှီကျေးရွာ၏ မြစ်ကမ်းစပ်တွင် တံငါလှေပေါ်တွင် နေထိုင်သည့် တံငါသည် မိသားစုတစ်ခုရှိသည်။ သူတို့သည် ကလေးနှစ်ယောက်ရှိသော အသက်သုံးဆယ်အရွယ်ယောကျာ်းတစ်ယောက်နှင့်ကောတစ်ယောက်တို့၏ မိသားစုဖြစ်သည်။ ၎င်းတို့သည် အများအားဖြင့် ငါးများကို ပိုက်ကွန်များဖြင့် ဖမ်းကြပြီး ၎င်းတို့၏ အထူးဝါးခြင်းတောင်းများတွင် တီကောင်အချို့ ထည့်ထားကြသည်။ငါးများကိုမျှားခေါ်ရန် ဝါးခြင်းတောင်းကို မြစ်ထဲထည့်၊ ငါးများဝင်လာပြီးပါက ဆွဲတင်ကြသည်။


ကျန်းကျန့် ဤရက်ပိုင်းတွင် လုပ်စရာအလုပ်မရှိသဖြင့် ရံဖန်ရံခါတွင် သူ့ဘာသူ ငါးဖမ်းနည်းကို ကြည့်ရှုလေ့လာရန် ၎င်းတို့ငါးဖမ်းသည်ကို မကြာခဏသွားရောက်ကြည့်ရှုခဲ့သည်။သို့ပေမဲ့ သူတို့နှင့်တစ်ခါမှစကားမပြောသောကြောင့် ယခုလိုရပ်တန့်ခိုင်းသောအခါ အနည်းငယ်အံ့သြသွားခဲ့သည်။


“ဖြူကောင်အတွက် ငါးပေးမယ်...ငါးနဲ့လဲမှာလား”


အသက်သုံးဆယ်ကျော် တံငါလှေပေါ်မှ အမျိုးသားတစ်ယောက်က မေးသည်။


“လဲမယ်”


ကျန်းကျန့်က မဆိုင်းမတွ သဘောတူလိုက်ပြီး အနည်းငယ် သိချင်လာသည်။


"မင်းက ဖြူကောင်နဲ့ ဘာလုပ်မလို့လဲ"


“ဖြူကောင်က အစာအိမ်အတွက် ကောင်းတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။


"အခုတလော ငါ့မိန်းမက မတရားဗိုက်နာနေတာ"


ကျန်းကျန့် ထိုယောက်ျား၏ဇနီးကို တစ်ကြိမ်သာမြင်ဖူးသော်လည်း ထိုသူက အလွန်ပိန်လှီကြောင်းကိုပဲ မှတ်မိပြီး သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ခဲ့ရသည်။ ယခု ဤသူက သူ့ဇနီးကို ငါးသွားပေးမည်ဆိုသည်ကို သူသိသောကြောင့် ဖြူကောင်ကို တစ်ဖက်လူကို ပေးလိုက်၏။ ထိုလူက ကီလိုများစွာအလေးချိန်ရှိသော ငွေငါးကြင်းကို ပေးခဲ့သည်။


ယခုရက်ပိုင်းအတွင်း ကျန်းကျန့် ငါးငယ်များနှင့် ပုစွန်ဆိတ်များကိုသာ ဖမ်းမိခဲ့ပြီး ထိုကဲ့သို့သောငါးကြီးမျိုးကို တစ်ခါမျှမဖမ်းမိခဲ့သဖြင့် ချက်ချင်း ကျောက်ကျင်းကို ငါးပေးပြီး ကြွားရန် ဆုံးဖြတ်ခဲ့သည်။


ရလဒ်အနေဖြင့် ခြေလှမ်းအနည်းငယ်အပြီးနောက် ကျန်းကျန့် မြစ်ကမ်းနားတွင် လှေတစ်စင်းရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုအချိန်တွင် ကျန်းမိသားစု၏ တတိယသားနှင့်အစိုးရဝန်ထမ်းတစ်ယောက်ကဲ့သို့ ၀တ်စားထားသော အမျိုးသားတစ်ဦး လှေပေါ်မှ ခုန်ဆင်းလာခဲ့သည်။