CHAPTER 21
- ဒီမိသားစုကနေ ခွဲထွက်ချင်တယ်
ဟယ့်ရှီရွာမှ လူများက ကျန်းကျန့်ထံမှ ခြောက်လှန့်ခံလိုက်ရသည်။
သူတို့ထဲမှ အချို့က ရဲရင့်ပြီး အညှာအတာကင်းတတ်ကြပါသော်လည်း သူတို့ထဲက မည်သူကမှ အကြီးဆုံးကျန်းကဲ့သို့ မတုန်မလှုပ် မရှိဖူးကြပေ။
တရားရုံးတော်ကို သွားမယ်... သူက အဲ့အကြောင်းကို တွေးရဲသေးတာလား...
ဟယ့်ရှီရွာသားများက ကျန်းကျန့်၏ စိတ်ရောကိုယ်ပါ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ သူတို့က သူ့ကို ထပ်မဆွရဲကြတော့ဘဲ သူတို့ပါ ပါဝင်ပတ်သက်လာမည်ကို ရှောင်ရှားရန် သူနှင့် ဝေးဝေးသာ နေလိုကြသည်။
"အကြီးဆုံးကျန်း... တကယ်လို့ မင်းမှာ ပြောစရာ ရှိရင်..."
ဟယ့်ရှီရွာ၏ ရွာလူကြီး ဖြစ်သည့် ကျန်းဖျင်က နူးညံ့သော အသံလေးဖြင့် ပြောလိုက်သည်။ သူတကယ်ပဲ ကျန်းကျန့်က စိတ်ဖောက်သွားပြီး အရူးတစ်ယောက် ဖြစ်သွားသည်ဟုသာ တွေးမိလိုက်သည်။ သူနဲ့ သွားမရှုပ်တာ အကောင်းဆုံးပဲ...
"ကျူပ် ခင်ဗျားတို့ကို ပြောခဲ့တာပဲ မဟုတ်ဘူးလား"
ကျန်းကျန့်က သူ့နောက်ပါးမှလူများကို ဖော်ဖော်ရွေရွေဖြင့် ပြုံးပြလိုက်သည်။
သို့သော်လည်း ဟယ့်ရှီရွာသားများကမူ သူ့အပြုံးထဲမှ ဖော်ရွေမှုကို လုံးလုံး ရှာမတွေ့ကြဘဲ အချို့လူများမှာ မသိစိတ်မှ ခိုင်းစေမှုအရ ခေါင်းကိုပင် ငုံ့ထားလိုက်ကြသည်။
ကျန်းမိသားစုဘက်မှ အဖြစ်သနစ်က အရင်တစ်ခေါက်ကထက် ပိုကြီးလာသဖြင့် ရွာထဲမှ လူများကလည်း စိတ်လှုပ်ရှားစရာများကို ကြည့်ရှုရန် ရောက်လာကြပြီး ကျန်းမိသားစုအိမ်တဝိုက်တွင် ပြည့်ကျပ်နေလေသည်။
သာမန်လူများ ထိုမြင်ကွင်းကို တွေ့ရသည့်အခါ သေချာပေါက် ကြောက်ရွံ့သွားကြမည် ဖြစ်သော်လည်း ကျန်းကျန့်ကမူ တည်ငြိမ်နေသည်။
သူက ထိုရွာသားများကို မကြောက်ပေ။ ထိုလူများမှာ တရားရုံး အရာရှိ၏ အသက်က သူတို့၏ လက်ထဲတွင် ရှိနေသည်ဟု တွေးနေကြသည်။ သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ သူ့ထံတွင် ခေါင်မိုးပေါ် တက်ပြီး လွတ်မြောက်နိုင်သည့် စွမ်းရည် ရှိနေဆဲပါပင်။ သေချာပေါက်ပင် သူက ဝရမ်းပြေးတစ်ယောက် မဖြစ်လိုခဲ့ဘဲ ရွာထဲတွင် အမြဲတမ်း ကောင်းကောင်းမွန်မွန်သာ ရှင်သန်လိုခဲ့ပေသည်။ ထင်မှတ်ထားသည့်အတိုင်းပင် သူ့ကို ဆွဲသွင်းရန် ဆန္ဒရှိနေသည့် တစ်စုံတစ်ယောက် ပေါ်လာခဲ့လေပြီ။
ထိုအခိုက်မှာပင် သူ့ရည်ရွယ်ချက်များ အားလုံးကို ရှုပ်ထွေးသွားရစေသည့် မြင်ကွင်းမျိုး ဖြစ်လာရသည်မှာ စိတ်မကောင်းစရာပါပင်။
"အကြီးဆုံးကျန်း... အရာရှိကို လွှတ်ပေးလို့ရမလား"
ကျန်းဖျင်က ထပ်မေးလိုက်သည်။ ကျန်းကျန့်၏ ဓါးက ယန်ကျင်း၏ လည်တိုင်သို့ပင် ရောက်ရှိတော့မည် ဖြစ်သဖြင့် သူ့ကို တုန်လှုပ်သွားစေခဲ့သည်။ ကျန်းဖျင်သည် ကျန်းကျန့်က ယန်ကျင်းအား မတော်တဆ ထိခိုက်မိသွားမည်ကို စိုးရိမ်နေခဲ့သည်။ သူ့မိဘများကိုပင် ဘာမဆို လုပ်နိုင်ပြီး တရားရုံး အရာရှိကိုပင် တိုက်ခိုက်ရဲသည့် ထိုအကြီးဆုံးကျန်းအား သူတို့က အမှန်တကယ်ပင် လူသတ်လိုက်မည်ကို ခွင့်မပြုလိုက်နိုင်ပေ။
"ကျုပ်သူ့ကို လွှတ်ပေးလို့ရတယ်... ဒါပေမယ့် အခြေအနေတစ်ခုတော့ ရှိတယ်" ကျန်းကျန့်က ပြောလိုက်သည်။
"အကြီးဆုံးအစ်ကို... အစ်ကို့မှာ တောင်းဆိုစရာ ရှိရင် ပြောသာ ပြောလိုက်ပါ... ဘယ်သူ့ကိုမှ မသတ်ပါနဲ့"
ကျန်းချောင်ရှန့်က ခပ်လောလောဖြင့် ပြောလိုက်သည်။
မကြာခင်ကပင် ကျန်းကျန့်က သူ့အား ဝါးလုံးဖြင့် ထိုးလိုက်သဖြင့် သွေးထွက်နေပါသော်လည်း သူ့ဒဏ်ရာက ပြင်းထန်သည်တော့ မဟုတ်ပေ။ အမှန်တကယ်မှာ ကျန်းကျန့်က လူသတ်လိုခြင်း မရှိဘဲ သဘာဝကျကျပင် သက်ညှာပေးထားခြင်း ဖြစ်သည်။
သူ့ဒဏ်ရာက မပြင်းထန်ပါသော်လည်း ကျန်းချောင်ရှန့်က ယခုတွင် "ငါ့ဘဝတော့ သွားပြီ" ဟူသော ခံစားချက်ကိုသာ ရနေသည်။
ယန်ကျင်းက ဘယ်သူလဲ... သူနဲ့ ရင်းနှီးလာဖို့ ခက်ခက်ခဲခဲ ကြိုးစားထားရတဲ့သူလေ... အကြီးဆုံးကျန်း သူ့ကို ရိုက်ရင်တောင် ကိစ္စမရှိဘူး... အခုတော့ သူက ယန်ကျင်းကို ရိုက်လိုက်ပြီ... သူထပ်ပြီး မတွေးချင်တော့ပါပေ။ နောင်တစ်ချိန်တွင် ယန်ကျင်း သူ့အား ပြဿနာ လာရှာလိမ့်မည်ကို သူသိနေသည်။ ယခုတွင် ကျန်းချောင်ရှန့်က သူ့ကို ကယ်တင်ပေးရန် ကြိုးပမ်းအားထုတ်ရမှုများကို ထောက်ထား၍ ယန်ကျင်း လက်ရှောင်ပေးမည်ကိုသာ မျှော်လင့်နိုင်တော့သည်။
"ငါပြောပြီးပြီလေ" ကျန်းကျန့်က တီးတိုးရယ်မောလိုက်သည်။
"မင်းတို့ဆီကနေ ခွဲထွက်ချင်တယ်"
ခွဲထွက်မယ်... ကျန်းချောင်ရှန့် ကြက်သေသေသွားသည်။ ယခင်က သူ့အစ်ကိုကြီးကို အိမ်ခွဲထွက်ခြင်းနှင့် ချိန်းခြောက်ရန် တွေးခဲ့ပါသော်လည်း သူ့အစ်ကိုကြီး လိုချင်သည့် တောင်းဆိုမှုက သူအမြတ်ထုတ်လိုသည့် ကိစ္စနှင့် တူညီနေမည်ဟု ထင်မထားခဲ့ပေ။
ဒီအစ်ကိုကြီးက ဘာလို့ သူတို့နဲ့ ခွဲထွက်ချင်နေတာလဲ... သူသာ ကျန်းမိသားစုကနေ ထွက်သွားရင် နောက်များမှာ သူ ဘယ်ကို သွားပြီး စားသောက်ရပါ့မလဲ...
ယခုတွင် သူက စားသောက်ရန် နေရာ ရှိနေပါသော်လည်း ယန်ကျင်းကို ဓါးစာခံလုပ်ကာ မိသားစုမှ ခွဲထွက်ရန် သူတို့ကို ဖိအား ပေးနေဆဲ ဖြစ်လေရာ အကြောင်းအရင်းအများစုက သူတို့၏ လယ်များကို ခွဲယူရန် ကြိုးပမ်းနေခြင်းသာ ဖြစ်လျှင်... ကျန်းချောင်ရှန့်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး ကျန်းကျန့်ကို ကြောက်လန့်တကြား ကြည့်လိုက်သည်။
ကျန်းမိသားစု လယ်မြေများကို ကျန်းကျန့်ထံ ခွဲပေးရပါက သူတို့ မကြာမီမှာပင် ချမ်းသာသော မိသားစုအဖြစ်မှ ရွာထဲတွင်အလွန် သာမန်ကျသော မိသားစုအဖြစ် ပြောင်းလဲသွားမည်ကို စိုးထိတ်ရသည်။ ပြီးနောက် သူသည်လည်း အနာဂါတ်တွင် ဤကဲ့သို့သော သက်တောင့်သက်သာ ရှိလှသည့် ဘဝမျိုးကို သေချာပေါက် နေနိုင်မည် မဟုတ်တော့။
"ကောင်းပြီလေ... ခွဲထွက်ပြီးရင် ဒီအိမ်က ထွက်သွားလိုက်တော့" အဘွားကြီးကျန်းက အော်ဟစ်လိုက်ပြီး ထိုဂြိုလ်ဆိုးကောင်ကို ဖယ်ထုတ်ချင်နေခဲ့သည်။
"တိတ်စမ်း" သားသတ်သမားကျန်းက သူ့ဇနီးကို အော်ဟစ်လိုက်သည်။ ဒီလောက်ဖြစ်နေတဲ့ အခြေအနေမှာတောင် သူ့မိန်းမက အကြီးဆုံးကျန်းကို အော်ဟစ်နေရဲ သေးတယ်... သူမက ဆက်ပြီး အသက်မရှင်ချင်တော့ဘူး ထင်တယ်...
သားသတ်သမားကျန်းက သူ့အကြီးဆုံးသား တရားရုံး အရာရှိ၏ လည်ပင်းအား ဓါးနှင့်ထောက်ထားသည့် မြင်ကွင်းကို ကြည့်နေရင်းဖြင့် အကြီးအကျယ် နောင်တရနေလေသည်။
သူ့ဇနီးက သူ့သားကြီးအပေါ် အလွန် ဆိုးဝါးသည်ကို သူအမြဲတမ်း သိနေခဲ့သော်လည်း သူက သားကြီးဖြစ်သူနှင့် မရင်းနှီးသည့်အတွက် ၎င်းကို လွှတ်ထားပေးခဲ့ပြီး သူ့ကို အချိန်အကြာကြီးကတည်းက လက်လျှော့ထားခဲ့ပြီးသား ဖြစ်သည်။
လက်ထပ်ပြီး သားတစ်ယောက်ကို ပျိုးထောင်ရသည်က ငွေကုန်ကြေးကျ များသည်။ သူက သူ့သားနှစ်ယောက်က သူတို့၏ ကိုယ်ပိုင် မိသားစုကို ထူထောင်ပြီး မိသားစုမျိုးရိုးကို ဆက်ခံလျှင် လုံလောက်ပြီဟု တွေးခဲ့သည်။ ထို့ကြောင့် သူက အကြီးဆုံးသားအကြောင်းကို ဂရုမစိုက်လေဘဲ သူ့ကို ဆိုးဆိုးဝါးဝါး ဆက်ဆံကြသည်ကိုလည်း ခွင့်ပြုထားမိပြီး လူပျိုသိုးကြီး ဖြစ်လာစေရသည်။ သူက သူ့သားကြီး၏ ကျန်နေသည့်ဘဝတလျှောက်လုံး မိသားစုအတွက် အလုပ်လုပ်ပေးရန် ရည်ရွယ်ထားခဲ့သည်။
ဤနည်းလမ်းဖြင့် သူ့ညီများ ခွဲထွက်ကြသည့်အခါ ပိုက်ဆံအနည်းငယ်ပိုရပြီး ပိုင်ဆိုင်မှု ခွဲဝေခြင်းကြောင့် ဆင်းရဲမသွားကြမည် ဖြစ်သည်။ အကြီးဆုံးသားက ကိုယ်ပိုင်သားသမီး မရှိသည်ကြောင့် သေချာပေါက်ပင် သူ့ကို ပိုင်ဆိုင်မှု ခွဲဝေခြင်း ဝေစု ပေးရန် မလိုတော့ပေ။ ရလဒ်အနေဖြင့် ကိစ္စရပ်များက ဤအခြေအနေထိ ရောက်ရှိလာရသည်။
သူသာ ကြိုသိခဲ့ပါက သူ့အကြီးဆုံးသားအပေါ် ပိုပြီး ကောင်းပေးခဲ့မည်ပင်။
"အကြီးဆုံးသား... ခွဲထွက်တာက အကြံကောင်း တစ်ခုပါပဲ..."
သားသတ်သမားကျန်းက အသက်ရှုသံကို ပြေပြစ်စေလိုက်သည်။ သူက ကျန်းကျန့်ကို မိသားစုမှ ခွဲမထွက်စေချင်ပါသော်လည်း သူ့ကို မတားရဲပါပေ။ ကျန်းကျန့်က ပိုင်ဆိုင်မှုများကို လျှော့တောင်းရန်သာ မျှော်လင့်ရတော့မည်။
မှန်ပါသည်။ သားသတ်သမားကျန်းက မိသားစု ခွဲထွက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သူက ထိုကဲ့သို့သော အကြမ်းဖက်သမားမျိုးနှင့်အတူ အိမ်တွင် မနေရဲတော့ပေ။
"အကြီးဆုံးအစ်ကိုက ဘာများလိုချင်လို့လဲ"
ကျန်းချောင်ရှန့်က မေးမြန်းလိုက်သည်။ ကျန်းကျန့်က ပိုင်ဆိုင်မှုများကို ခွဲယူမည့်အကြောင်း တွေးလိုက်မိသည်နှင့် သူ့နှလုံးသားက သွေးစိမ်းရှင်ရှင် ကျလာသကဲ့သို့ နာကျင်လာရသည်။ သို့သော်လည်း ယန်ကျင်းကို ကယ်တင်ရန်အတွက် ကျန်းကျန့်၏ တောင်းဆိုချက်များကို လက်ခံပေးရမည် ဖြစ်သည်။ အဆုံးတွင်တော့ ၎င်းကပင် ယန်ကျင်း သူ့အပေါ် ဒေါသလျော့ပါးစေနိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်နေသည်။
ကျန်းကျန့်က သဘာဝကျကျပင် ကျန်းမိသားစု၏ အတွေးများကို မြင်နေရပြီး ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ ဒီလူတွေကတော့... သူတို့တကယ်ပဲ ထိုက်တန်တယ်...
သူတို့သာ တိတ်တိတ်လေး နေပေးကြပါက သူက လအနည်းငယ်အကြာတွင် ကျန်းမိသားစုမှ ထွက်သွားမည် ဖြစ်သည်။ သူတို့က အလုပ်သမားတစ်ယောက်သာ ဆုံးရှုံးမည် ဖြစ်ပြီး ငွေများ မဆုံးရှုံးနိုင်။ သို့သော်လည်း ယခုတွင်မူ... သူက ကျန်းမိသားစုထံမှ အကျိုးအမြတ်တချို့ ရရှိသင့်ပေသည်။ ပြီးတော့လည်း တရားရုံးအရာရှိအတွက်ကား... ကျန်းမိသားစုက သူတို့ပြုလုပ်ထားသည့်အိုးကို သူတို့ကိုယ်တိုင် ပြန်လည်သောက်သုံးခိုင်းရန် လုံလောက်နေလေပြီ။
"တခြားမိသားစုတွေ လုပ်သလို မိသားစု ခွဲကြတာပေါ့" ကျန်းကျန့်က ပြောလိုက်သည်။
ဟယ့်ရှီရွာတွင် မိဘများက ပိုင်ဆိုင်မှုများ ခွဲဝေခြင်းအတွက် စည်းမျဥ်းများ မရှိပေ။ သူတို့၏ သားက အခြားမိသားစုများ၏ ဆွေမျိုး ဖြစ်သွားပါက သူတို့၏ မိသားစုများကို ခွဲထွက်ခွင့် ပေးကြလိမ့်မည်။ သို့သော်လည်း မိသားစုတစ်စုက သားများစွာ ရှိပါက မိသားစု ပိုင်ဆိုင်မှုများကို ခွဲတမ်းများစွာ ခွဲဝေရလိမ့်မည်။ ထို့နောက် သူတို့က သားတစ်ယောက်စီအား အစားအသောက်နှင့် ငွေမည်မျှကို သူတို့၏ မိဘများထံသို့ ပို့ပေးရမည့် စည်းမျဥ်းကိုသာ ချမှတ်ထားသည်။
ထိုစည်းမျဥ်းများအရ ကျန်းကျန့်က စပါးခင်း ငါးမူနှင့် ခြောက်သွေ့မြေ ခြောက်မူ ခုနစ်မူကို ခွဲယူပြီးနောက် တစ်ခုခု ရသင့်ပေသည်။ သားသတ်သမားကျန်းနှင့် သူ့ဇနီးတို့က ပိုက်ဆံများ ခွဲပေးလျှင်တောင် မြေယာ မြောက်များစွာက ပိုက်ဆံအတော်လေး ကျသင့်နေပြီးသား ဖြစ်သည်။
"အကြီးဆုံး... မင်းက လက်မထပ်ရသေးဘူးလေ... ဒီလို လုပ်လို့ ဘယ်ရမလဲ"
သားသတ်သမားကျန်းက အသံတိုးတိုးဖြင့် ပြောလိုက်သည်။ ရွာထဲမှ လူပျိုကြီးအားလုံးက သူတို့၏ ညီအစ်ကိုများနှင့်သာ နေထိုက်ကြသည်။ သေချာပေါက်ပင် သူက ကျန်းကျန့်ကို မြေများ ခွဲပေးရန် အဓိကအားဖြင့် တွန့်ဆုတ်နေခဲ့ခြင်း ဖြစ်သည်။ ဟယ်ချောင်စီရင်စု၏ ဤအပိုင်းမှ မြေယာစျေးနှုန်းများက မြင့်မားလှသည်။ စပါးခင်း တစ်မူကို ငွေပြား၂၂ပြားနှင့် ထို့ထက်ပို၍ ရောင်းချနိုင်ပြီး ခြောက်သွေ့မြေကို အနည်းဆုံး ငွေပြားဆယ့်ငါးပြားဖြင့် ရောင်းချနိုင်သည်။ ဒီလောက်ကြီးတဲ့ ဝေစုကို လိုချင်နေတဲ့ အကြီးဆုံးကျန်းကတော့ လွန်လွန်းနေပြီ...
အဘွားကြီးကျန်းက ပို၍ တွန့်ဆုတ်နေခဲ့သည်။ သူမ၏ အမြင်တွင် ကျန်းကျန့်က သူမမွေးထားသော သားဖြစ်၍ သူ့ကို ရိုက်နှက်ပြီး သတ်ရန်ပင် သူမမှာ အခွင့်ရှိသည်ဟုပင်။ သူမက သူ့ကို ဘာလို့ ပေးရမှာလဲ... သို့သော်လည်း သူမ မပြောနိုင်ခင်မှာပင် ကျန်းချောင်ရှန့်က သူမ၏ ပါးစပ်ကို အုပ်ထားလိုက်သည်။
"ခင်ဗျားကမှ ကျူပ်ကို လက်ထပ်ခွင့်မပေးခဲ့တာ ဘယ်လိုလုပ် လက်ထပ်နိုင်တော့မှာလဲ"
ကျန်းကျန့်က လှောင်ရယ်လိုက်သည်။ အကြီးဆုံးကျန်းက ဇနီးတစ်ယောက်ကို မည်မျှပင် လိုချင်ခဲ့သည့် အကြောင်းအား မည်သူမှ မသိနိုင်ပေ။
သားသတ်သမားကျန်းက ထပ်ပြီး နောင်တရသွားပြန်သည်။ သူဘာလို့ ကျန်းကျန့်ကို လက်ထပ်မပေးခဲ့ပါလိမ့်... ဒီနည်းနဲ့ဆို ခန်းဝင်ကြေးတွေ ရမဲ့အပြင် ဒီကပ်ဆိုးကောင်ဆို တခြားလူဆီ တွန်းပို့နိုင်သေးတယ်...
"ဒါပေမယ့်... ခင်ဗျားတို့က ဒီနည်းနဲ့ မခွဲချင်ဘူးဆိုရင်... နောက်ထပ် ခွဲဝေမှုတစ်ခု လုပ်နိုင်သေးတယ်" ကျန်းကျန့်က ပြောလိုက်သည်။
မင်းပြောတဲ့ နောက်ထပ်ခွဲဝေမှုဆိုတဲ့ဟာက မင်းကို ပိုပေးဖို့ပဲ မဟုတ်ဘူးလား... ကျန်းချောင်ရှန့်၏ နှလုံးခုန်သံက ဒရမ်ကဲ့သို့ ခုန်ပေါက်နေသော်လည်း သားသတ်သမားကျန်းက ဝင်မေးလိုက်သည်။
"ဘယ်လို ခွဲဝေမှုမျိုးလဲ"
"ကျုပ်ကို ခင်ဗျားတို့က မွေးပြီး ပျိုးထောင်ခဲ့ပေမယ့် ခင်ဗျားတို့က ကျုပ်ကို တစ်ခါ သတ်ပြီးသွားပြီ" ကျန်းကျန့်က ပြောလိုက်သည်။
"ကျုုပ် ဆယ့်ငါးနှစ် မရောက်ခင်အထိ အိမ်မှာ စားသောက်ခဲ့ရပေမယ့် အလုပ်တွေလည်း လုပ်ခဲ့ရတယ်... အလုပ်တွေ အများကြီးကို လုပ်ခဲ့ရတာ... အဲ့အလုပ်တွေကို ခင်ဗျားတို့ကို မိဘကျေးဇူး ဆပ်တယ်လို့ မှတ်လိုက်... ခင်ဗျားတို့ဆီကနေ ဘာမှ မလိုချင်ဘူး"
ကျန်းကျန့်က ဘာကို ဆိုလိုတာလဲ... သူက ဘာမှ မလိုချင်ဘူးလား...
လူများက ကျန်းကျန့်ကို ပဟေဠိ ဖြစ်နေသည့် မျက်နှာများဖြင့် ကြည့်နေကြသည်။ ထိုအချိန်မှာပင် ကျန်းကျန့်က ထပ်ဖြည့် ပြောလိုက်သည်။
"ဆယ့်ငါးနှစ်ကျော်ပြီးသွားတော့ အိမ်ရဲ့ လယ်ထဲက အလုပ်တွေအားလုံးလိုလို ကျုပ်ပဲ လုပ်ခဲ့ရတာ... ကျုပ်က ခင်ဗျားတို့အတွက် ရေရည်အလုပ်သမား တစ်ယောက်အနေနဲ့ လုပ်ပေးခဲ့တယ်လို့ ပြောလို့ရတယ်... အဲ့အချိန်ကတည်းကဆို ဆယ်စုနှစ်တစ်ခုစာလောက် ရှိနေပြီ.. ကျုပ်ဘာမှ မလိုချင်ဘူး... ကျုပ်ရဲ့ ရေရှည် အလုပ်အတွက်သာ ပိုက်ဆံပေး"
ဟယ့်ရှီရွာတွင် မိသားစုခေါင်းဆောင်က ရေရှည်အလုပ်သမားများ၏ အစားအသောက်များကိုပါ ဖူလုံစေရသည်။ ထို့အပြင် သူက သူတို့၏ အလုပ်များအတွက်လည်း ငွေပေးချေရလေသည်။
ကျောက်ကျင်းကောက ကျောက်တဟူ၏အိမ်တွင် ရေရှည် အလုပ်သမား အနေဖြင့် အလုပ်လုပ်ခဲ့သည်။ မည်သည့်အစားအစာပင် ဖြစ်ပါစေ ကျောက်တဟူ၏ အိမ်က သူ့ကို အစားအသောက်အချို့ ကျွေးရသည်။ ထို့အတူ သူတို့က နှစ်ဆုံးကာလတွင် သူ့အလုပ်အတွက်လည်း ငွေပေးချေရလေသည်။
ဤနှစ်၏ ကြေးပြားများက ကျန်းကျန့် ကူးပြောင်းမလာခင်က ဒေါ်လာတန်ဖိုးနှင့် ညီမျှသည်။ အကြီးဆုံးကျန်း၏ မှတ်ဥာဏ်များအရ ဝက်သား တစ်ကီလိုကို ကြေးပြားတစ်ဒါဇင်မျှ ကျသင့်ပြီး စပါးစေ့မှာ တစ်ကီလိုကို ကြေးပြားအချို့ ကျသင့်သည်။
ငွေပြားတစ်ပြား သို့မဟုတ် နှစ်ပြားက ဒေါ်လာတစ်ထောင်ခန့် တန်ကြေးရှိသည်။
ရှေးခေတ်စျေးကွက်၏ မပြည့်စုံမှုကြောင့် လူများက ဤရက်များ၌ လက်ထဲတွင် ငွေမရှိတတ်ကြသဖြင့် လုပ်အားခကလည်း ယေဘုယျအားဖြင့် အလွန်နိမ့်လေသည်။ ရေရှည်အလုပ်သမား တစ်ယောက်ကို တစ်နှစ်လုပ်အားခ ငွေပြား ငါးပြားခြောက်ပြား ပေးသည်ကပင် အလုပ်ရှင်မိသားစုက အလွန်ရက်ရောနေပြီ ဖြစ်သည်။
ယေဘုယျအားဖြင့် သူတို့က ငွေပြား သုံး လေးပြားနှင့် ကျန်ငွေပြားကို ကြေးပြားနှင့် ဆန်စေ့များဖြင့် ပေးချေလေ့ရှိကြသည်။
"ကျုပ်က ရေရှည် အလုပ်သမားအနေနဲ့ ဆယ်နှစ် လုပ်ခဲ့ရတယ်... ဒါပေမယ့် ကျုပ်က အများကြီး မလိုချင်ပါဘူး... ကျုပ်ကို ငွေပြားလေးဆယ်ပဲပေး... လယ်အလုပ်အပြင် အိမ်အလုပ်တွေလည်း အများကြီး လုပ်ရသေးတယ်... ခင်ဗျားတို့က အစေ့အဆန် ငါးအိပ် ထပ်ပေးရမယ်" ကျန်းကျန့်က ပြောလိုက်သည်။