အပိုင်း၄၂
Viewers 24k

Chapter 42

Chapter 42





"ဘော့စ်"


ယန်ကျင်း ကျန်းကျန့်ကို နှုတ်ဆက်လိုက်သည်။


"ဘာသတင်းပါလဲ"


ကျန်းကျန့်က မေး၏။


"ကျွန်တော့်မှာ သတင်းပါပါတယ် ... ပင်လယ်စာဝယ်ဖို့ ကမ်းခြေကိုရောက်လာတဲ့ မြို့ကလူတွေ မနက်ဖြန်ပြန်တော့မှာတဲ့။ သူတို့က ဘော့စ်ကို ခေါ်သွားချင်ကြတယ်...သွားချင်တယ်ဆိုရင် သင်္ဘောကျင်းရဲ့အနောက်ဘက်မှာ သူတို့ကို မနက်ဖြန်မနက်စောစောသွားတွေ့လို့ရတယ်"


ယန်ကျင်းက ပြောသည်။


ကျန်းကျန့်က ခေါင်းညိတ်ပြပြီးနောက် အသေးစိတ်အချက်များကိုမေးမြန်းလေသည်။ ယန်ကျင်းကလည်း သူသိထားသမျှအားလုံးကို ဂရုတစိုက်ပြောပြနေပြီးနောက် ထပ်ပြောလာ၏။


"ကမ်းခြေဘက်မှာနေတဲ့လူတွေက ဂျုံကို အရမ်းကြိုက်ကြတာ။ တကယ်လို့ ဘော့စ်မှာသာ ဂျုံကောင်းကောင်းရှိရင် စျေးကောင်းနဲ့ရောင်းလို့ရတယ်"


ယန်ကျင်း တော်တော်များများပြောဆိုပြီးနောက် နောက်ဆုံးအနေနှင့် ပြောလာပြန်၏။


"ဘောစ့် ကျွန်တော့်မှာ ပြောစရာတစ်ခုရှိလို့"


"ဘာကိစ္စလဲ"


ကျန်းကျန့် မေးလိုက်သည်။


"အဲ့ဒါက ကျန်းချောင်ရှန့်အကြောင်းပါ။ သူ အလုပ်ပြုတ်သွားပြီ"



ယန်ကျင်း နှစ်ခေါက်လောက် ခပ်တိုးတိုးရယ်မောနေလေ၏။


ကျန်းချန်ရှန်း၏အလုပ်ကို လူဘယ်နှစ်ယောက်လောက်ကများ မက်မောနေကြသလဲဆိုတာ မသိနိုင်ပေ။ သူ့အတွက်လည်း ထိုအလုပ်ကို ယခင်ကလို ထိန်းသိမ်းထားဖို့ မလွယ်လှပေ။


ယန်ကျင်းက ရာမန်အရာရှိဆိုသော်ငြား သူ့အနေနှင့်လည်း ကြီးကြီးမားမားအမှားရှာဖို့ဆိုတာ မဖြစ်နိုင်ချေ။ ကျန်ချန်ရှန်း၏အလုပ်ကို မျက်စိကျနေသောလူကို သူဆက်သွယ်ပြီး ထိုလူကို အနည်းငယ်ကူညီလိုက်ရုံသာ ရှိ၏။


ထိုလူဟာ လုပ်ကိုင်နိုင်စွမ်းရှိပြီး သင်္ဘောကျင်းမှာ စားပွဲထိုးအလုပ် လုပ်နေသော ဦးလေးတစ်ယောက်လည်း ရှိ၏။ ထိုလူက ကျန်းချောင်ရှန့်ကို ပထုတ်ဖို့ သူ့အား ကူညီနိုင်ပေသည်။ ကျန်းချောင်ရှန့်၏အလုပ်ကို မနေ့ကတင် သူ ရလိုက်ပြီးနောက်မှာ သူသည် ယန်ကျင်းကိုလည်း ကျေးဇူးတင်လက်ဆောင်အဖြစ် ငွေစနှစ်စ ပေးခဲ့သည်။ ထိုအကြောင်းနှင့်ပတ်သက်ပြီး ယန်ကျင်းက အလွန်ဂုဏ်ယူနေသော်လည်း တစ်ချိန်တည်းမှာပင် ကျန်းကျန့်ကို စိတ်တိုအောင်လုပ်မိသွားမှာစိုးသဖြင့် သတိကြီးကြီးထား၍ ကြည့်လိုက်သေးသည်။


သို့သော် ကျန်းကျန့်က စိတ်မတိုဘဲ ပြုံးရုံသာပြုံး၏။



"ကျန်းမိသားစုမှာ လယ်ကွက်တွေအများကြီးရှိတယ်။ သားသတ်သမားကျန်းနဲ့ ချန်းဝမ်တို့က အဲ့လယ်ကွက်တွေကို သူတို့ဘာသာစိုက်ပျိုးနိုင်မှာမဟုတ်ဘူး။ သူ အိမ်ကို အကူအညီတောင်းဖို့ ပြန်လာမှာပဲ"


"ဟုတ်တယ်။ အမှန်ပဲ"


ယန်ကျင်း ထပ်ခါတလဲလဲခေါင်းညိတ်ပြပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။


ကျန်းကျန့်နှင့် စကားခဏပြောပြီးနောက် ယန်ကျင်း ပြန်သွားလေသည်။ ကျန်းကျန့်ကတော့ နောက်တစ်ရက်အတွက် တွေးတောနေခဲ့သည်။ သူဟာ ကျန်းမိသားစုအိမ်ဆီကိုပေါက်သည့် လမ်းလွှဲအတိုင်း ဝမ်ဟိုင်ရှန်းနှင့်အတူ အိမ်ပြန်လာခဲ့သည်။


ကျန်းမိသားစုအိမ်နားကို သူတို့ရောက်တော့ မကြာသေးခင်ကမှ ယန်ကျင်း​ပြောနေသေးသောကျန်းချောင်ရှန့်ကို တကယ်ကြီး တွေ့လိုက်ရသည်။ ကျန်းချောင်ရှန့်ဟာ အမြဲတမ်း ကြော့ရှင်းစွာဝတ်စားတတ်လေ့ရှိပြီး ဆံပင်ကိုလည်း အနုစိတ်ဖြီးသင်ထားတတ်သူပင်။ သို့သော် ယခုမှာတော့ သူ့ပုံစံမှာ တော်တော်ရှုပ်ပွနေသည်။


ဤရက်တွေမှာ ကျန်းချောင်ရှန့် အကြပ်အတည်းဖြစ်နေခဲ့ရသည်။


ကျန်းကျန့်က ယန်ကျင်းကိုလွှတ်ပေးလိုက်ပြီးနောက် သူ့ဘဝကလည်း ပုံမှန်အနေအထားကို ပြန်ရောက်သွားလိမ့်မည်ဟု သူထင်နေခဲ့သည်။ သို့သော် အခြေအနေများက သူအတွေးလွန်နေကြောင်း သက်သေပြလာခဲ့သည်။


အခက်အခဲမြောက်များစွာကို သူ ရင်ဆိုင်ခဲ့ရသည်။ ကျူးရှုဖန်က သူနှင့်အတူ အိမ်ပြန်လိုက်လာဖို့ ဆန္ဒမရှိသလို တစ်စုံတစ်ယောက်ကလည်း သင်္ဘောကျင်းမှာ သူ့ကို အမြဲမဲကာ ရမည်ရှာနေတတ်သည်။


ကျူးရှုဖန်ကို သူ အလွန်သဘောကျနေဆဲပင်။ ကျူးရှုဖန်တို့မိသားစု၏အခြေအနေကို ပို၍ပင်သဘောကျသေးသည်။ ကျူးရှုဖန်၏အဖေသည် စာမေးပွဲကိုအောင်မြင်ဖို့ အခွင့်အရေးအများကြီးရှိလေ၏။


ထိုအကြောင်းအရင်းကြောင့်ပင် လွန်ခဲ့သည့်ရက်အနည်းငယ်တုန်းက ကျူးမိသားစုအိမ်ကို သူ အခေါက်ပေါင်းများစွာသွားခဲ့ပြီး တောင်းပန်ပြီးရင်း တောင်းပန်နေခဲ့ခြင်းသာ။


ကျူးရှုဖန်သည် သူနှင့်လက်ထပ်ပြီးသားဖြစ်၏။ ကျူးရှုဖန်ပိုင်ဆိုင်သောငွေများအား သူ ယူနေခြင်းကို ကျူးမိသားစုဘက်က မကျေနပ်လျှင်တောင် သူတို့အနေနှင့် ကျူးရှုဖန်ကို ပြန်ခေါ်သွားဖို့ မဖြစ်နိုင်သလို ကျူးရှုဖန်အနေနှင့်လည်း သူ့ကိုထားခဲ့ဖို့ မဖြစ်နိုင်ချေ။


အဆုံးမှာတော့ ကျူးရှုဖန်ပြန်သွားပြီးပြီးချင်းမှာပင် သူ့အလုပ်လည်း ရေစုန်မျောချေပြီ။


သင်္ဘောကျင်းမှာ သူ တစ်လကို ငွေနှစ်စ ရသည်။ ထို့ကြောင့်လည်း သူ စီရင်စုထဲမှာ သက်သောင့်သက်သာနေနိုင်ခြင်းပင်။ သို့သော် ယခုတော့ သူ အလုပ်လည်းပြုတ်သွားရပြီး သူစုထားသမျှကလည်း ကျန်းကျန့်ဆီမှာ ဆုံးသွားပြီဖြစ်၏။


အဆုံးမှာတော့ ကျန်းချန်ရှန်းဟာ ကျူးရှုဖန်ကို ဟယ်ရှီရွာကို ခေါ်လာရုံသာ တတ်နိုင်ခဲ့သည်။ သို့မဟုတ်ပါက သူတို့ စားသောက်ဖို့ပင် အနိုင်နိုင်ဖြစ်ရလိမ့်မည်။


ယခုတော့ ပြန်ရောက်လာတာမကြာသေးသော ကျန်းချန်ရှန်းဟာ သူ့အား ဒုက္ခပေးခဲ့သော ကျန်းကျန့်နှင့် ထိပ်တိုက်တိုးလေတော့သည်။


သူ အလုပ်ပြုတ်သွားသည့်ကိစ္စမှာ ယန်ကျင်းနှင့်သက်ဆိုင်သည်။ ယန်ကျင်းက သူ့ကို ပစ်မှတ်ထားနေခဲ့ခြင်းပင်။ ကျန်းချောင်ရှန့်၏မျက်ဝန်းတွေကသာ အဆိပ်အတောက်များကို သယ်ဆောင်ထားသည်ဆိုပါက ကျန်းကျန့်သာဆိုလျှင် သူကိုယ်တိုင်က အဆိပ်အတောက်ဖြစ်လေသည်။


စာမေးပွဲဖြေဆိုဖို့အတွက် သူ့မှာ ပါရမီနှင့် ငွေကြေးအရင်းအမြစ်မရှိသော်လည်း ပညာသင်ဆုရကျောင်းသားတစ်ယောက်အဖြစ် သူ့ကိုယ်သူ အမြဲဂုဏ်ယူခဲ့ပြီး သူ့ကံကြမ္မာကို သူပြောင်းလဲပစ်နိုင်ပြီး သူ့ဘဝတစ်လျှောက်လုံး လယ်ကွင်းထဲမှာ ဘယ်တော့မှအလုပ်မလုပ်ဟု ခံယူထားသည်။ သို့သော် ယခုတော့ သူ အလုပ်ပြုတ်သွားရလေသည်။


"ချောင်ရှန့် အထုပ်အပိုးပြင်ပြီး ငါနဲ့အတူ လယ်ထဲကိုလိုက်ခဲ့"


သားသတ်သမားကျန်းက ပေါက်ပြားတစ်လက်ကို နောက်ကျောမှာထမ်းလျက် ဝါးခြင်းတောင်းတစ်ခုကိုသယ်ကာ အိမ်ထဲကလမ်းလျှောက်ထွက်လာပြီး စကားဆို၏။


ကျန်းကျန့် အိမ်ကထွက်သွားချိန်တုန်းက သူ့ခြေထောက်ကို ဝါးလုံးချောင်းနှင့် ထိုးစိုက်ပစ်ခဲ့သည်။ ဒဏ်ရာက သူ့ကိုမသေစေနိုင်သော်လည်း ဖျားနာပြီး ရက်အနည်းငယ်ကြာသည်အထိ အိပ်မရနိုင်အောင် ဖြစ်ခဲ့သည်။


ဤရက်ပိုင်းတွေမှာ သူ ဒုက္ခခံစားနေခဲ့ရပြီး လယ်ကွင်းထဲကိုလည်း အလုပ်သွားမလုပ်နိုင်ခဲ့ပေ။


ယခင်လိုသာဆိုပါက ပြဿနာမရှိပေ။


ယခင်တုန်းက လယ်ကိစ္စနှင့် သူအလုပ်များချိန်တိုင်း၊ ဖြစ်​နေကျ နောက်ကျောနာကျင်ကိုက်ခဲသည့်ဝေဒနာ ပြန်ထလာချိန်တိုင်းမှာ သူ၏လယ်လုပ်ငန်းသည် နှောင့်နှေးခြင်းအလျင်းမရှိ။ သူ၏အကြီးဆုံးသားက ရေရှည်အလုပ်သမားများထက်ပင် ပိုတော်နေသေးသည်။


သူတို့ ရေရှည်အလုပ်သမားခန့်လိုက်လျှင်တောင် ထိုလူ့ကို ညဘက်တွေပါ အလုပ်လုပ်ပေးဖို့ တောင်းဆို၍မရပေ။ သို့သော် အကြီးဆုံးကျန်းဆိုလျှင်တော့ ညဘက်အထိ အလုပ်လုပ်ပေးတတ်လေသည်။


သို့သော် ယခုတော့ သူ့မိသားစုထဲမှ အကြီးဆုံးသားက ထွက်ပြေးသွားရှာပြီ။ သားသတ်သမားကျန်းဟာ အိုမင်းပြီး ခွန်အားချည့်နဲ့နေပြီဖြစ်၏။ သူ အလုပ်လုပ်နှုန်း နှေးနေတာ နားလည်နိုင်ပါသည်။


သို့သော်လည်း ကျန်းချောင်ဝမ်ကတော့ ယောက်ျားတစ်ယောက်အတွက် ခွန်အားအပြည့်ဝဆုံးအရွယ်ဟု မှတ်ယူ၍ရနိုင်သော အသက်နှစ်ဆယ်စွန်းစွန်းမျှသာ ရှိသေးသော်လည်း တကယ်တမ်း အလုပ်လုပ်ရာတွင်  သားသတ်သမားလူအိုကြီးကျန်းထက်ပင် ပိုနှေးကွေးနေသေးသည်။


သားသတ်သမားကျန်းက သူ့ကို ဆူပူကြိမ်းမောင်းပစ်ချင်သော်လည်း  သူ ဘာမှတောင်မပြောရသေးခင်မှာပင် ထိုကလေးက အိမ်ထဲပုန်းနေပြီး ထွက်လာဖို့ ငြင်းဆန်နေတော့သည်။


အတိတ်တုန်းက အကြီးဆုံးကျန်းက အလွန်ပင်ပန်းပြီး အိပ်ရာထနောက်ကျသည့်အခါ အမျိုးသမီးကျန်းဟာ သူက ဘယ်လိုပျင်းရိကြောင်းနှင့် ဘယ်လောက်ဆိုးဝါးကြောင်း တစ်ရွာလုံးကို ပြောပြလေ့ရှိသည်။


သို့သော် ကျန်းချောင်ဝမ်အလှည့်မှာတော့ သူပင်ပန်းလှပါပြီဟု ငိုကြွေးလေတိုင်း အမျိုးသမီးကျန်းသည် သူ့ကို လယ်ထဲမှာ အလုပ်လုပ်ခိုင်းဖို့ အင်တင်တင်ဖြစ်နေလေသည်။


နောက်ဆုံးတော့ အမျိုးသမီးကျန်းကိုယ်တိုင် သားသတ်သမားကျန်းနှင့်အတူ လယ်ထဲကို လိုက်သွားလေတော့သည်။ ထိုမျှသာ မက။ ကျန်းချောင်ဝမ် ဘာလို့အလုပ်မလာတာလဲဟု တခြားလူတွေက လာမေးသည့်အခါ သူ(မ)က ကျန်းချောင်ဝမ်ဘက်က ကာပြောပေးပြီး ကျန်းချောင်ဝမ်က လယ်ထဲကို အလုပ်လာလုပ်ဖို့ မဖြစ်နိုင်လောက်အောင် အလွန်အမင်းဖျားနာနေကြောင်း ထပ်တလဲလဲပြောလေတော့သည်။


တခြားလူတွေ ယုံယုံ မယုံယုံ ကျန်းမိသားစု၏မြေဟာ အပြည့်စိုက်ပျိုးနိုင်မှာမဟုတ်တာ သေချာသည်။


တိကျသေချာသော အကြောင်းအရင်းကတော့ သားသတ်သမားကျန်းက ကျန်းချောင်ရှန့် ပြန်ရောက်ရောက်ချင်း လယ်ကွင်းထဲကို အလုပ်လုပ်ဖို့ခေါ်လာခြင်းကြောင့်ပင်။


ကျန်းချောင်ဝမ်က အမြဲတမ်းပျင်းရိနေတတ်သူဖြစ်ပြီး စိတ်လည်းမချရပေ။ သို့သော် သူဟာ အရေထူလွန်းသည်။ သူ့ကို လွယ်လင့်တကူ အလုပ်လုပ်ခိုင်း၍မရချေ။


သားသတ်သမားဟာ ၎င်းကို ကျင့်သားရနေပြီးဖြစ်၏။ သို့သော် ကျန်းချောင်ရှန့်ကတော့ မတူပေ။ သားသတ်သမားကျန်း၏မျက်လုံးထဲမှာ သူ့တတိယသားသည် နာခံတတ်ပြီး သားသမီးကျင့်ဝတ်ကို လိုက်နာတတ်သူ ဖြစ်၏။ ထို့ကြောင့် အလုပ်ကူလုပ်ပေးဖို့ ဆန္ဒရှိမှာ ကျိန်းသေပေါက်ပင်။


ကျန်းချောင်ရှန့်က သူ့မိဘများနှင့် အပြင်လူတွေရှေ့မှာဆိုလျှင် အမြဲတမ်း ကောင်းမွန်စွာပြုမူနေထိုင်ခဲ့သည်။ သူသည် သူ တာဝန်ရှိသည့် အိမ်၏ကိစ္စအဝဝမှာလည်း ခေါင်းရှောင်ဖူးခြင်း မရှိ။


သို့သော် အတွင်းစိတ်ထဲမှာတော့ သူ လယ်အလုပ်လုပ်ဖို့ ဆန္ဒမရှိချေ။ သူ အကြီးဆုံးကျန်းလိုလူမျိုး ဖြစ်မလာချင်ပါ။ ထို့ကြောင့် သားသတ်သမားကျန်းက လယ်ထဲသွားဖို့ စကားစလာချိန်မှာ ကျန်းချောင်ရှန့် ဘာမှပြန်မဖြေဘဲ မလှမ်းမကမ်းက ကျန်းကျန့်ကိုသာ ငေးကြည့်နေမိသည်။


သားသတ်သမားကျန်းကလည်း ကျန်းကျန့်ကိုမြင်တော့ သူ့မျက်နှာဟာ ရုတ်ခြည်းညှို့မှိုင်းသွားသည်။


"သားသတ်သမားကျန်း... ခင်ဗျားမှာ လယ်အလုပ်မလုပ်ချင်တဲ့ သားလိမ္မာနှစ်ယောက်ရှိနေတာပဲ"


ကျန်းကျန့်က သားသတ်သမားကျန်းကိုကြည့်ပြီး ညင်ညင်သာသာ စကားဆို၏။


"ခင်ဗျား အခုထိအလုပ်လုပ်နိုင်သေးတယ်ဆိုတော့ သူတို့ကို ထောက်ပံ့ပေးလို့ရတာပေါ့။ ဒါပေမဲ့ အနာဂတ်မှာ သူတို့ဘဝတွေက ဝမ်းနည်းစရာတွေ ဖြစ်လာမှာကိုတော့ စိုးရိမ်မိသား"


ရှေးခေတ်ဆိုတာ စက်ပစ္စည်း၊ ဓာတုဓာတ်​မြေသြဇာနှင့် အမျိုးမျိုးသော ပိုးသတ်ဆေးများရှိသော ခေတ်သစ်လိုမဟုတ်ပေ။ ဤခေတ်မှာ လယ်သမားများသည် သူတို့ကိုယ်တိုင် ထယ်ထိုးပြီး သူတို့ကိုယ်တိုင်ပင် သီးနှံရိတ်သိမ်းရသည်။ မြေသြဇာကိုလည်း သူတို့ကိုယ်တိုင်လုပ်ပြီး သုံးရသည်သာ။ လယ်ကွင်းထဲမှာ ပေါင်းပင်တွေများလာလျှင်လည်း သူတို့ကိုယ်တိိုင် ပေါင်းနုတ်ရသေးသည်။ ပိုးကောင်ကျလျှင်လည်း သူတို့လက်နှင့် ကိုယ်တိုင်ဖမ်းရသေးသည်။


ဤမြေများဟာ မြေသြဇာကြွယ်ဝပြီး ရာသီဥတုကလည်း ကောင်းမွန်သည်။ ကောက်ပဲသီးနှံများက မြန်မြန်ဆန်ဆန်ရှင်သန်ဖွံ့ဖြိုးလေသည်။ သို့သော် ပေါင်းပင်တွေက ပို၍ပင် အထွက်မြန်သလို ပိုးမွှားကလည်း ပေါသေးသည်။ ထို့ကြောင့် ဤရွာသူရွာသားတွေဟာ လယ်ကွင်းထဲကို နေ့တိုင်းသွားကြရသည်မဟုတ်လား။


သို့သော် ကျန်းချောင်ဝမ်နှင့် ကျန်းချောင်ရှန့်တို့ ဆရာသမားနှစ်ယောက်ကတော့ လယ်ကွက်ထဲကိုဆင်းဖို့ သူတို့ဖိနပ်ကိုပင် မချွတ်ချင်ကြချေ။ အထူးသဖြင့် ကျန်းချောင်ရှန့်ပင်။ သူသည် သူ့ပေါင်ပေါ်ကို တွယ်တက်လာသည့်မျှော့များကို မတော်တဆတွေ့လိုက်ရသည်။ အော်ဂလီဆန်လာတာကြောင့် သူ့မှာ အစားပင်မစားနိုင်ပေ။


သူ ပုံမှန်စားသောက်နေကျအစားအစာကိုတော့ ပြောနေဖို့ပင်မလို။


စိုက်ပျိုးရိတ်သိမ်းဖို့အတွက် တစ်ယောက်ယောက်ကတော့ အလုပ်ကြိုးစားရမှာပင်။


သားသတ်သမားကျန်း၏မျက်နှာ မည်းမှောင်သွားလေသည်။


"သူတို့က ခင်ဗျားရဲ့နှစ်ယောက်တည်းသော သားတွေပဲလေ။ ကျွန်တော့်အထင်တော့ ခင်ဗျားရဲ့အနာဂတ်က သိပ်ပြီးအားရစရာမရှိပါလား"


ကျန်းကျန့်က စိတ်ရင်းအပြည့်ဖြင့် ပြောသည်။ သူ အမှန်တရားတွေ ပြောနေခြင်းပင်။ သို့သော် တခြားလူတွေကတော့ ကျိန်ဆဲနေသည်ဟု သေချာပေါက်ထင်ကြမှာပင်။


"မင်း ဘာအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ လူသတ်သမားရဲ့။ မင်းသာ အိမ်မှာရှိနေသေးရင် ငါ့အနာဂတ်က စိတ်ပျက်ဖို့ကောင်းနေတော့မှာ။ အခု မင်းမရှိတော့ ငါ့ဘဝကြီးက ပိုတောင်သာယာသွားသေးတယ်"


အမျိုးသမီးကျန်းက အိမ်ထဲကထွက်လာပြီး အော်ဟစ်ဆဲရေးသည်။ ကျန်းကျန့်၏စကားများကို ကြားသည့်အခါ သူ(မ) သူ့ကို မကြိမ်းမောင်းဘဲ မနေနိုင်တော့ပေ။


နှစ်ပေါင်းများစွာတိုင်အောင် ကျန်းကျန့်ကို ဆူပူကြိမ်းမောင်းလာခဲ့သည်ဖြစ်ရာ သူ(မ)အဖို့တော့ အကျင့်ပါနေလေပြီ။ ကျန်းကျန့်ကြောင့် အခါခါသေမလိုဖြစ်ခဲ့တာတောင် သူ(မ) အမှတ်သည်းခြေမရှိပေ။


ကျန်းကျန့်က ထိုစကားကိုကြားတော့ လမ်းဘေးက ရွှံ့လက်တစ်ဆုပ်စာကိုယူကာ တုံ့ဆိုင်းမှုမရှိဘဲ သူ(မ)ဆီကို လှမ်းပစ်လိုက်လေသည်။


သူက အလွန်လက်တည့်သည်။ ကျန်းချောင်ရှန့်ဆီကို ပစ်လိုက်သည့်ရွှံ့က မျက်နှာတည့်တည့်မှန်သွားပြီး အမျိုးသမီးကျန်းကို လန့်ဖျပ်သွားစေသည်။


"သားသတ်သမားကျန်း ကျွန်တော်က ခင်ဗျားကောင်းဖို့ပြောနေတာနော်။ ခင်ဗျားရဲ့သားနှစ်ယောက်ကို ခင်ဗျား သေချာဂရုစိုက်ထားရင် ပိုကောင်းလိမ့်မယ်။ ကိုယ့်မိသားစုလုပ်ငန်းကိုတောင် မထိန်းသိိမ်းမစောင့်ရှောက်တတ်တဲ့ လူတစ်ယောက်ဖြစ်မလာစေနဲ့"


ကျန်းကျန့်က သားသတ်သမားကို နောက်တစ်ကြိမ် ရိုးသားစွာသတိပေးပြီးနောက် လှည့်ပြန်သွားခဲ့သည်။


ကျန်းကျန့်က မြစ်ဘက်ကို လက်ဆေးဖို့သွားတော့ ဝမ်ဟိုင်ရှန်းက သူ့ဘက်က ကာပြောပေးလာသည်။


"ဒီမိသားစုက တကယ်မုန်းဖို့ကောင်းတယ်။ ခင်ဗျား အိမ်ရှေ့ကဖြတ်သွားရုံလေးပဲကို သူတို့ကတော့ အော်ဟစ်ကြိမ်းမောင်းနေကြတာ။ သူတို့ကို ရိုက်ပစ်သင့်တယ်"


"ဘယ်လိုပဲဖြစ်ဖြစ် ငါက သူတို့ဆီမှာ ကြီးပြင်းလာတာလေ။ ဒါကြောင့် သူတို့ကိုရန်လုပ်ဖို့ မလွယ်ဘူး"


ကျန်းကျန့်က ဆို၏။


ဝမ်ဟိုင်ရှန်း အံ့သြဘနန်းဖြစ်သွားရသည်။ ပြီးခဲ့သောအဖြစ်အပျက်ကို ပြန်တွေးကြည့်လိုက်ရင်း စန်းရှောင်ရှန်း၏အဖြစ်ကိုလည်း သတိရလိုက်သည်။


"အဲ့ဒီမိန်းမကြီးက ခင်ဗျားရဲ့မိထွေးလား"


သူ့အမြင်အရဆိုလျှင် ကျန်းကျန့်သည် မိထွေးဆီက ဆိုးဆိုးဝါးဝါးဆက်ဆံခံနေရသူပင်။


"မဟုတ်ဘူး။ အမေ"


ကျန်းကျန့်က ပြော၏။


"ဒါပေမဲ့ လူတွေထင်နေကြတာက ငါက သူ့ကိုရိုက်လို့ သူတို့က ငါ့ကိုသတ်ချင်နေကြတာဆိုပြီးတော့ပေါ့။ အရင်ကတော့ ငါ့အပေါ် သူ တအားကြင်နာလိုက်တာလို့ အမြဲတွေးနေခဲ့တာ။ တကယ်လို့ သူသာ ငါ့ကို အိမ်သာထဲမှာ ရေနှစ်မသတ်ဘူးဆိုရင်ပေါ့"


ဝမ်ဟိုင်ရှန်း သက်ပြင်းချမိသည်။ ယခင်က သူ အကြင်နာကင်းမဲ့ပြီး ရက်စက်တတ်သူအများကြီးကို တွေ့ဖူးသည်။ အများစုက သူတို့ကလေးတွေကို မကျွေးမွေးမထောက်ပံ့နိုင်သည့်အတွက် မြစ်ထဲကိုပစ်ချကြသည်။ သို့သော် သူ ထိုကဲ့သို့သောလုပ်ရပ်မျိုးကို နားမလည်နိုင်ခဲ့ပေ။ ယခုလည်း ကျန်းကျန့်ကို သူစာနာမိသည်။


ကျန်းကျန့်က လူကောင်းတစ်ယောက်ဖြစ်ပြီး မိဘအရင်းတွေဆီက ယခုလိုအဆက်ဆံမခံရသင့်ပေ။


တကယ်တမ်းတော့ ကျန်းကျန့်လည်း အကြီးဆုံးကျန်းကို ကရုဏာသက်မိသည်။ ထိုအခိုက်အတန့်လေးမှာ အကြီးဆုံးကျန်း နောက်ဘဝများကျလျှင်တော့ ကောင်းမွန်သောမိသားစုကို ပိုင်ဆိုင်နိုင်ဖို့သာ ဆုတောင်းပေးမိသည်။


အိမ်ပြန်ရောက်တော့ ကျန်းကျန့် သူပိုင်ဆိုင်သည့် ငွေသားအားလုံးကို ထုတ်လိုက်သည်။


အကြောင်းမှာ သူ ဝမ်ဟိုင်ရှန်းကို ငွေစနှစ်ဆယ်ပေးချင်၍ပင်။ အစက သူပေးထားသည့် အရင်းအနှီးငွေမှာ ငွေဆယ်စသာရှိသည်။ ထိုပမာဏသည် အလွန်နည်းပါးလှသည်ဖြစ်ရာ သေချာတွေးတောကြည့်ပြီးနောက် ကျန်းကျန့်တစ်ယောက် ကောက်ပဲသီးနှံနှစ်ရာကီလိုကို သီးသန့်ထုပ်ပိုးပြီး တခြားကုန်ပစ္စည်းနှင့် လဲလှယ်ရန်အတွက် နောက်တစ်နေ့ ကမ်းခြေကိုသွားဖို့ စီစဉ်လိုက်သည်။


ညနေပင် စောင်းလေပြီ။ များပြားလှသည့် လုပ်ငန်းတာဝန်များအပြီး ကျန်းကျန့် ညစာချက်ပြုတ်ရပြန်သည်။


သူသည် ဆားနယ်ထားသောငါးကို ကြက်သွန်ဖြူရောကာ ပေါင်းခံပြီးနောက် ဗိုက်ဖြည့်လိုက်သည်။ ထို့နောက် ညရောက်ဖို့ စောင့်ဆိုင်းနေတော့သည်။