Chapter 43
နောက်တစ်ရက် သူစောစောထရမှာမို့ ယနေ့ည ကျောက်ကျင်းကော၏အခန်းမှာ အိပ်နိုင်မှာမဟုတ်။ သို့သော် သူ အပြင်သွားရမည့်အကြောင်းကိုတော့ ကျောက်ကျင်းကောကို ပြောပြရဦးမည်။
လက်ထဲမှာ ငါးတစ်ပိုင်းကိုင်ထားရင်း ကျန်းကျန့် ကျောက်ကျင်းကော၏အခန်းထဲကို ဝင်သွားပြီး သူ့မျက်နှာလေးကို အနမ်းပေးလိုက်သည်။
"ကျင်းကော ကိုယ် မင်းကို ပြောစရာရှိတယ်"
"ဘာလဲဟင်"
ကျောက်ကျင်းကောက လေသံခပ်တိုးတိုးနှင့် ပြန်မေး၏။
"ကိုယ် ခရီးတစ်ခုထွက်စရာရှိတယ်"
ကျန်းကျန့်က သူ ပင်လယ်စာသွားဝယ်မည့်အကြောင်း ရှင်းပြလိုက်သည်။
တကယ်တမ်းမှာ ကမ်းခြေသည် ရွာနှင့်သိပ်မဝေးလှ။ မနက်ဖြန်မနက်စောစောထွက်လျှင် နေ့လယ်ဆိုလျှင် သူရောက်ပြီဖြစ်၏။ သို့သော် သူ တစ်ရက်နှစ်ရက်လောက် နောက်ကျဦးမှာပင်။ ပင်လယ်စာများကို ဝယ်ပြီးသည်နှင့် ရောင်းချဖို့နေရာတစ်နေရာရှာရန် စီစဉ်ထားသောကြောင့်ပင်။ ထို့ကြောင့် သူ အနည်းဆုံးတော့ လေးငါးရက်လောက် ကြာလိမ့်မည်။
"လုပ်စရာတစ်ခုခုကတော့ ရှာသင့်တာပေါ့လေ။ ပင်လယ်စာရောင်းတာလည်း မဆိုးပါဘူး"
ကျောက်ကျင်းကောက ခေါင်းညိတ်ပြသည်။
ကျန်းကျန့်တစ်ယောက် အိမ်မှာ ဘာမှမလုပ်ဘဲနေနေတာ မကောင်းဘူးဟု သူ အမြဲတွေးနေမိခဲ့သည်။ ယခုတော့ ကျန်းကျန့်က အလုပ်တစ်ခုရှာလုပ်ဖို့ ဆန္ဒရှိလာချေပြီ။ ဒီ့ထက်ပိုကောင်းတာ မရှိတော့ပေ။
"လတ်တလောတော့ ကိုယ် မင်းအတွက် စားစရာတွေ လာပို့ပေးနိုင်မှာမဟုတ်ဘူး။ အဲ့ဒါကြောင့် အိမ်ကနေ တစ်ခုခုယူစားနော်။ အဆာမခံနဲ့"
ကျန်းကျန့်က ကျောက်ကျင်းကော၏ပါးပြင်လေးကို နောက်တစ်ကြိမ် ထပ်နမ်းလိုက်ပြီး သူ့လက်ကလေးကို ဆုပ်ကိုင်ထားသည်။
"အရင်ကလည်း ကျွန်တော်စားတာမှမဟုတ်တာ။ အဆင်ပြေပါတယ်"
ကျောက်ကျင်းကောက ပြော၏။
"ဒါပေမဲ့ ကိုယ်က မင်းကိုအဆာမခံစေချင်ဘူးလေ"
ကျန်းကျန့် ပြန်ပြောလိုက်သည်။
တကယ်တော့ ကျန်းကျန့်သည် ချစ်စကားလှလှလေးတွေ ကောင်းကောင်းပြောတတ်သူမဟုတ်။ သို့သော် ကျောက်ကျင်းကောကိုယ်တိုင်ကလည်း ထိုစကားမျိုးကို ယခင်က လုံးဝမကြားဖူးခဲ့ချေ။
ထို့ကြောင့် ကျန်းကျန့် ဘာပဲပြောပြော သူ့တုံ့ပြန်မှုက အမြဲတမ်း သာမန်ပင်။
ဤအခိုက်အတန့်လေးမှာတော့ သူ အလွန်ပျော်ရွှင်သွားရသည်။
ကျောက်ကျင်းကောက ဘယ်နေရာကိုမှ ဝေးဝေးလံလံမသွားဖူးပေ။ ပင်လယ်စာရောင်းဝယ်ရေးနှင့်ပတ်သက်ပြီးလည်း ဘာမှမသိသော်ငြား အပြင်မှာတည်းခိုဖို့ ငွေကြေးအလွန်ကုန်ကျမှာကိုတော့ သူ သိသည်။
ထိုအကြောင်းကို တွေးတောကြည့်ပြီးနောက် သူ့အိပ်ရာခေါင်းရင်းနားက အဝတ်အိတ်လေးတစ်အိတ်ကို ထုတ်လာပြီး ကျန်းကျန့်ကိုပေးလိုက်သည်။
"ကျွန်တော့်မှာ ငွေလေးစပဲရှိတယ်။ ယူထားလိုက်နော်"
ရေရှည်လုပ်ငန်းမှရသော ကျောက်ကျင်းကော၏ဝင်ငွေအများစုက သူ့မိဘများကို အပ်ထားသည်။ သို့သော် ကျောက်လျူက သူ့ကို အဝတ်အစားများ ဝယ်ယူချုပ်လုပ်ဖို့နှင့် သူ့အတွက်လိုအပ်သော ပစ္စည်းများဝယ်ဖို့အတွက် ငွေတချို့ပေးထားတာရှိသည်။ ထိုငွေများကို သူ လုံးဝမသုံးထားဘဲ စုဆောင်းထားခဲ့တာ စုစုပေါင်း ငွေလေးစ ရှိသည်။
ငွေက သိပ်မများပေ။ သို့သော် ၎င်းမှာ ကျောက်ကျင်းကော ပိုင်ဆိုင်သမျှ အကုန်ပင် ဖြစ်၏။ ကျန်းကျန့်က ထိုငွေစများကို လက်ထဲမှာကိုင်ထားရင်း နှလုံးသားထဲမှတိုင် နွေးထွေးမှုကို ခံစားနေရသည်။ ခဏအကြာ သူပြောလိုက်မိသည်။
"ငတုံးလေး"
ကျောက်ကျင်းကော မျက်မှောင်ကြုတ်ပြီး ကျန်းကျန့်ကိုကြည့်လိုက်သည်။ ကျန်းကျန့်က သူ့ကို ငတုံးဟု ဘာလို့ခေါ်မှန်း သူ နားမလည်ပါ။
ကျန်းကျန့်က သူ့ကို ထပ်နမ်းရှိုက်လာပြန်၏။
"ဒါပေမဲ့ ကိုယ် မင်းရဲ့ဒီလိုပုံစံလေးကိုလည်း သဘောကျတယ်"
"သဘောကျတယ်"ဆိုတဲ့စကားကိုကြားတော့ ကျောက်ကျင်းကော၏မျက်နှာမှာ နီမြန်းသွားရလေသည်။
ထိုညက ကျန်းကျန့် သူနှင့်အတူမအိပ်ခဲ့ပေ။ သူ ပြန်သွားတော့လည်း ကျောက်ကျင်းကော သူ့ကိုပေးသည့် ငွေစများကို ယူသွားသည်။
နောက်တစ်နေ့အရုဏ်မတက်မီအချိန်မှာ ကျန်းကျန့်နှင့် ဝမ်ဟိုင်ရှန်းတို့ ထွက်ခွာလာခဲ့ကြသည်။ ကျန်းကျန့်က မသွားခင် သူ့အိမ်ကိုသော့ခတ်ပြီး သူ၏ကြက်ကလေးကို စန်းရှောင်ရှန်းအား ပေးခဲ့ပြီး ဂရုစိုက်ခိုင်းခဲ့သေးသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက စန်းရှောင်ရှန်း နေပြန်ကောင်းလာပြီဖြစ်၏။ သို့သော် ကျန်းကျန့်ကိုတော့ သူ စကားတစ်ခွန်းတောင် မပြောသေးချေ။
ကောတွေက တသီးတသန့်နေတတ်ပြီး ရှက်ကြောက်တတ်တာ အမှန်ပင်။ သို့သော် သူက နည်းနည်းသီးသန့်ဆန်ပြီး ရှက်တတ်သော်လည်း လူကောင်းတစ်ယောက် ဖြစ်နေဆဲသာ။
မကြာသေးခင်ကပဲ သူ့အကြီးဆုံးသားကို ကျန်းကျန့်၏နေအိမ်အနီးရှိ လယ်ကွင်းအားလုံးကို ထယ်ထိုးခိုင်းထားပြီး ဟင်းသီးဟင်းရွက်များ ကူညီစိုက်ပျိုးကာ အလေ့ကျပေါက်သောအရွက်များကို ခူးယူရန်အတွက် ကလေးတွေကိုလည်း ခေါ်သွားသည်။ ထို့နောက် ခူးလာသော ထိုဟင်းရွက်များကို ကျန်းကျန့်ကို ပေးလိုက်သည်။
ထိုအလုပ်များကို ကျန်းကျန့် အိမ်မှာမရှိသည့်အချိန်မှသာ လုပ်ခြင်းပင်။ ကျန်းကျန့်သာ အိမ်မှာရှိနေပါက ပုံမှန်အားဖြင့် သူက အိမ်ထဲတွင်သာ ပုန်းအောင်းနေတတ်သည်။ သူ ကျန်းကျန့်နှင့် မျက်နှာချင်းဆိုင်တွေ့ဖြစ်တာလည်း ရှားသလို စကားလည်း မပြောဖြစ်ပါ။
ကျန်းကျန့်ခမျာ ကူကယ်ရာမဲ့နေလေသည်။ သို့သော် သူ့အနေနှင့် တော်တော်စိတ်ဆိုးလျှင်တောင် သူ တတ်နိုင်တာ ဘာမှမရှိပေ။ ကောတွေက ဒီလိုပါပဲလားဆိုပြီး သူ ခန့်မှန်းကြည့်နိုင်သည်။ အကြောင်းမှာ သူသည် လှေပေါ်မှာသာ အချိန်ကုန်ဆုံးလေ့ရှိပြီး တခြားလူများနှင့် ဆက်ဆံလေ့မရှိသောကြောင့် ဖြစ်သည်။
ကျန်းကျန့်က စောစောစီးစီးထွက်လာခဲ့လိုက်သည်။ အရုဏ်မတက်မီလေးမှာတင် ယန်ကျင်းပြောသည့်နေရာကို ရောက်လာခဲ့လေသည်။
ထိုအချိန်မှာ သက်ဆိုင်ရာလူအားလုံးကလည်း စောစောနိုးနေကြသည်။ ထို့ကြောင့် သူတို့ရောက်သွားတော့ ထိုလူများက နေရာမှာ အဆင်သင့်ရှိနေကြသည်။ ကျန်းကျန့်က သူတို့နှင့်စကားပြောဖို့ အနားကိုလျှောက်သွားလိုက်ပြီး တစ်ချိန်တည်းမှာပင် သူတို့အားလုံးကို အကဲခတ်လိုက်သည်။
အဓိကအချက်အနေနှင့် ကျန်းကျန့်သည် ယန်ကျင်းကို အပြည့်အဝမယုံကြည်ပေ။ ယန်ကျင်း သူ့ကိုထောင်ဖမ်းမည့်အရေးအတွက်တောင် ပြင်ဆင်ထားခဲ့သည်။ သို့သော်ငြား အဖြစ်အပျက်တွေက သူ အတွေးလွန်နေကြောင်း သက်သေပြလာသည်။ သူနှင့်အတူ ပင်လယ်ခရီးထွက်ချင်နေကြသော ဤလူများသည် သွေးတောင်မြင်ဖူးပုံမရသော သာမန်လူတစ်စုသာဖြစ်ကြောင်း အကြည့်တစ်ချက်မျှဖြင့် သူသိလိုက်သည်။ အလွန်ဆုံးရှိမှ လူလိမ်အသေးစားသာ ဖြစ်နိုင်ပေမည်။
ဤခေတ်ကြီးမှာ လူလိမ်တွေကသာ စီးပွားရေးစဖို့ စဉ်းစားနိုင်ကြခြင်း ဖြစ်သည်။ လူအများစုကတော့ အလုပ်ကြိုးစားဖို့သာ သိကြသည်။
ထိုလူများနှင့် ခဏမျှ စကားစမြည်ပြောဆိုပြီးနောက် ကျန်းကျန့် သူတို့ဆီက အချက်အလက်တချို့ရလိုက်သည်။ သူသိချင်တာမှန်သမျှ သိလိုက်ရပြီးနောက်မှာ စကားပြောလက်စကို ရပ်လိုက်ပြီး ဝမ်ဟိုင်ရှန်းအား တခြားကုန်သည်များနှင့် မိတ်ဖွဲ့နိုင်စေရန် ထားရစ်ခဲ့သည်။
ကမ်းခြေဘက်ကိုသွားပြီး ပင်လယ်စာထုတ်ကုန်များ ဝယ်ဖို့သွားမည့်လူများသည် လူချမ်းသာများ မဟုတ်ကြချေ။ သူတို့မှာ ရင်းနှီးငွေ ငွေစဆယ်စ သို့မဟုတ် နှစ်ဆယ်သာ ရှိသည်။ သူတို့၏လှေကတောင် ဝမ်ဟိုင်ရှန်၏လှေလောက် မကြီးမားပေ။ ဝမ်ဟိုင်ရှန်း သူတို့နှင့်ပတ်သက်ပြီး သိမ်ငယ်သလို မခံစားရသည့်အတွက် သူတို့နှင့် ခပ်မြန်မြန်ပင် စကားလက်ဆုံကျသွားတော့သည်။
ထိုအခိုက်မှာ လှေငါးစင်းက အတူတကွထွက်ခွာသွားကြပြီး လူတိုင်းကလည်း ကမ်းခြေဘက်ဆီကို အတူတကွရွက်လွှင့်သွားကြလေတော့သည်။
ကျန်းကျန့် ခဏလောက်လှေလှော်ပြီးနောက် လှော်တက်ကို ဝမ်ဟိုင်ရှန်းကို လက်လွှဲပေးလိုက်ပြီး မေးလိုက်၏။
"မင်း ဖူချန်ကိုရောက်ဖူးလား"
"ရောက်ဖူးတာပေါ့"
ဝမ်ဟိုင်ရှန်းက ခေါင်းညိတ်ပြသည်။
"အဲ့ဒီမှာ ဘယ်လိုနေလဲ"
ကျန်းကျန့်က ထပ်မေးပြန်၏။
ဝမ်ဟိုင်ရှန်းက နှေးတိနှေးတုံ့စပြောလေတော့သည်။
ကျန်းကျန့်က ဖူချန်အကြောင်း ရုတ်တရက်မေးရတာ အကြောင်းရှိသည်။ သူတို့နှင့်အတူ ကုန်ပစ္စည်းဝယ်ရန် လိုက်လာသည့် ပင်လယ်ခရီးကုန်သည်တွေက ကုန်ပစ္စည်းများကိုရောင်းချဖို့ သူတို့၏စီရင်စုကို ပြန်ကြလိမ့်မည်။ လူတိုင်းသတ်မှတ်ထားသော စျေးနှုန်းကလည်း အတူတူဖြစ်၏။ အားလုံးကလည်း စျေးနှုန်းကို လျှော့ပစ်လို့မရကြောင်း ကြိုတင်သဘောတူထားပြီးသား ဖြစ်သည်။
တကယ်တော့ ၎င်းမှာ အတော်ကောင်းမွန်လှသော်လည်း ကျန်းကျန့်လို လူသစ်လေးအတွက်တော့ အကန့်အသတ်ရှိသည်။ ငွေရဖို့အတွက် အခက်အခဲဖြစ်နိုင်သလို ကုန်ပစ္စည်းတွေ မရောင်းရဘဲ ကျန်နေတာမျိုးအထိ ဖြစ်နိုင်သည်။
သူတို့ ဖူချန်ကိုသာ သွားလျှင်...
ကျန်းကျန့်က ဝမ်ဟိုင်ရှန်းပြောပြသော အကြောင်းအရာကို ဂရုတစိုက်နားထောင်နေသည်။
ထိုအချိန်အတောအတွင်းမှာပင် အောင်သွယ်တော်တစ်ယောက်က ဟယ်ရှီရွာရှိ ကျောက်မိသားစုဆီကို ရောက်ချလာသည်။
ဤရွာမှာ အောင်သွယ်တော်တစ်ယောက်မှ မရှိပေ။ သို့သော် တချို့လူတွေက လူတစ်ယောက်နှင့်တစ်ယောက်ကို အောင်သွယ်ပေးရတာကို သဘောကျကြသည်။
အချိန်တွေကြာလာတော့ တစ်စုံတစ်ယောက်က လက်ထပ်ပွဲအတွက် ကမ်းလှမ်းလိုပါက အောင်သွယ်တော်ဆီကိုသွားပြီး သူ(မ)နှင့် ဆွေးနွေးညှိနှိုင်းကြသည်။
အကယ်၍ ထိုစုံတွဲ လက်ထပ်ဖြစ်သွားပါက သူတို့က သူ(မ)ကို မင်္ဂလာဦးဝိုင် သုံးဆောင်ရန် ဖိတ်ခေါ်ရပြီး အရိုးမပါသည့် ဝက်သားချည်းသက်သက် အနည်းဆုံးနှစ်ကီလို ပေးရသည်။
သတို့သားဘက်က ငွေကြေးချမ်းသာလျှင် ဝက်သားတင်မကဘဲ အောင်သွယ်တော်ကို ပိုက်ဆံပါ ပေးရသေးသည်။
ကျောက်မိသားစုကို ရောက်လာသောလူမှာ ဟယ်ရှီရွာတွင် အောင်သွယ်တော်အဖြစ် လုပ်ကိုင်နေသော အမျိုးသမီးကြီးဖြစ်သည်။ သူ(မ)၏အမည်မှာ ဟယ်ချွန်းရှန်း ဖြစ်၏။
ကျောက်လျူကလည်း ယခင်က ကျောက်ကျင်းကောအတွက် ကောင်းမွန်သောမင်္ဂလာပွဲတစ်ခု အထမြောက်စေရန် သူ(မ)နှင့် ပတ်သက်ဆက်ဆံဖူးသည်။ သို့သော် ကျောက်ကျင်းကော၏အခြေအနေမှာ အားရစရာမကောင်းချေ။ ထို့ကြောင့် သူ(မ) ဘယ်တော့မှ မအောင်မြင်ခဲ့ပေ။
နောက်ပိုင်းမှာ ကျောက်လျူလည်း သူ(မ)၏သားဖြစ်သူ ကောအတွက် သင့်တော်သောအိမ်ထောင်ဘက်ရှာပေးမည့် မူလအစီအစဉ်ကို လက်လျှော့လိုက်သည်။ ထို့ကြောင့် သူ(မ) အောင်သွယ်တော်ဟယ်နှင့် မတွေ့ရတာ တော်တော်ကြာသွားလေပြီ။
"အစ်မဟယ် ဒီမှာ ဘာလုပ်နေတာလဲ"
ကျောက်လျူက အောင်သွယ်တော်ဟယ်ကို တွေ့လိုက်ရသည့်အတွက် အံ့အားသင့်သွားရှာသည်။
ခဏအကြာမှာတေ့ သူ(မ) ပို၍ပင်အံ့သြသွားရလေတော့သည်။
"တစ်ယောက်ယောက်က ကျွန်မတို့ကျင်းကောကို လက်ထပ်ဖို့ လာကမ်းလှမ်းတာလား"
ကျောက်လျူက အံ့သြတကြီးမေးခွန်းထုတ်လိုက်သည်။ သို့သော် ခဏအကြာမှာ ကိုးရိုးကားရားရယ်ပြန်၏။
အောင်သွယ်တော်က သူ(မ)၏ကျင်းကောအတွက် မင်္ဂလာပွဲလာကမ်းလှမ်းတာထက် အလည်လာရုံသက်သက်ကသာ ပိုဖြစ်နိုင်ခြေရှိကြောင်း သူ(မ) ခံစားမိလိုက်သည်။ သို့သော်ငြား အောင်သွယ်တော်ကြီးက ပြုံးရုံပြုံးပြပြီး ပြောလာလေသည်။
"ဟုတ်တယ်။ တစ်ယောက်ယောက်က မင်းတို့ကျင်းကောကို လက်ထပ်ဖို့ လာကမ်းလှမ်းထားတာ"
"တကယ်လား"
ကျောက်လျူ မယုံကြည်နိုင်ဟန်ဖြင့် မေးခွန်းထုတ်လိုက်သည်။ နှစ်ပေါင်းများစွာ စိတ်ပျက်အားလျှော့ခဲ့ရပြီးနောက်မှာ နောက်ဆုံးတော့ တစ်စုံတစ်ယောက်က သူတို့ကျင်းကောကို လက်ထပ်ဖို့ လာကမ်းလှမ်းလိမ့်မည်ဟု သူ(မ) လုံးဝထင်မထားချေ။
"အမှန်ပါပဲ"
အောင်သွယ်တော်က ပြန်ပြောသည်။
လက်နှစ်ဖက်ကိုပွတ်သပ်နေရင်း ကျောက်လျူ၏မျက်နှာထက်ရှိ အပြုံးက ဖုံးကွယ်ထား၍ပင် မရတော့ပေ။
"ဘယ်သူလဲဟင်။ သူ့ရဲ့အိမ်ကရော ဘယ်လိုအနေအထားရှိလဲ။ သူက ကျင်းကောကို လက်ထပ်ပြီး သူ့အိမ်ကိုခေါ်သွားမှာလား။ ဒါမှမဟုတ် သူက ကျွန်မတို့အိမ်ကိုဝင်လာမှာလား"
နောက်ဆုံးမေးခွန်းကိုမေးပြီးနောက် သူ(မ) နည်းနည်းရှက်သွားလေသည်။ သူ(မ)တို့မိသားစုထဲကို ဘယ်သူကမှ ဝင်မလာချင်မှာ စိုးလှသည်။
သေချာပေါက်ပင်။ အောင်သွယ်တော်ကလည်း မြန်မြန်ဆန်ဆန်အဖြေပေးလာသည်။
"အဲ့ဒီမိသားစုက ကျင်းကောကိုလက်ထပ်ပြီး အိမ်ခေါ်သွားချင်တာပါ"
ကျောက်လျူခမျာ တစ်စုံတစ်ရာဆုံးရှုံးသွားသလို ခံစားလိုက်ရပြီး မေးလိုက်သည်။
"အဲ့ဒီလူက ဘယ်လိုလူလဲ"
သူ(မ)က မင်္ဂလာပွဲအကြောင်း ကျောက်ကျင်းကောကို ပြောပြချင်နေသော်လည်း တစ်ဖက်လူကသာ အလွန်ဆိုးဝါးနေလျှင် သူ(မ)ပြောပြမှာမဟုတ်။
"အဲ့ဒီလူက ကျင်းကောထက် နှစ်နှစ်ပိုကြီးတယ်။ ပြီးတော့ သူ့မိသားစုအခြေအနေကလည်း အဆင်ပြေတယ်။ ဒါပေမဲ့ သူ့ရဲ့ပထမဇနီးက ကလေးလေးယောက်ချန်ထားခဲ့တယ်"
အောင်သွယ်တော်က ကျောက်လျူကိုကြည့်လိုက်သည့်အခါ ကျောက်လျူတစ်ယောက် မျက်မှောင်ကြုတ်ထားတာကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူ(မ)လည်း မတတ်သာဘဲ ပါးစပ်ပိတ်ထားလိုက်ရသည်။
ကျောက်ကျင်းကော၏အခြေအနေကိုကြည့်မည်ဆိုပါက သူ့ကို လက်ထပ်လိုသော တစ်စုံတစ်ယောက်သည် အရည်အသွေးမြင့်အမွှေးတိုင်ကို လောင်ကျွမ်းပြာကျသွားစေသည့်လူအလား မှတ်ယူနိုင်သည်။ ကျောက်ဖူကွေ့နှင့် သူ့ဇနီးတို့က သူ့အား ရတနာအလား မှတ်ယူထားကြသည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်က သူ(မ) ကျောက်ကျင်းကောကို မုဆိုးဖိုတစ်ယောက်နှင့် လက်ထပ်ပွဲအကြောင်း စကားစဖူးသည်။ သို့သော် သူတို့က ထိုလက်ထပ်ပွဲကိုလက်ခံရန် ဆန္ဒမရှိကြပေ။
"ကလေးက လေးယောက်တောင် ရှိပြီးသားပေါ့"
ကျောက်လျူ ထိုစကားကိုကြားသောအခါ အစတုန်းကလောက် မပျော်တော့ပေ။ ဤမျှများပြားသောကလေးများ၏ မိထွေးအဖြစ်နေဖို့ဆိုတာ သူတို့ကျင်းကောအတွက် မလွယ်လှပါ။
"ဒီကလေးတွေက ငယ်ပါသေးတယ်။ သူသာ သူတို့ကို သေချာပြုစုစောင့်ရှောက်မယ်ဆိုရင် သူတို့ကြီးလာတဲ့အခါ သားသမီးအရင်းအချာတွေနဲ့ ဘာမှကွာမှာမဟုတ်ပါဘူး"
အောင်သွယ်တော်ဟယ်က ပြော၏။
ကျောက်လျူမှာ အနည်းငယ်မလိုမလားဖြစ်နေသေးသော်လည်း ကျောက်ကျင်းကော၏အနေအထားကို ပြန်တွေးမိပြီးနောက် သူ(မ) သည်းခံနေလိုက်သည်။
ကောင်းတာလား။ ဆိုးတာလား။ အဲ့ဒီလူက အသက်တော့ သိပ်မကြီးလောက်သေးပါဘူးနော်။ ဟုတ်တယ်မလား။
"ဘယ်သူလဲ"
ကျောက်လျူ မေးလိုက်သည်။
"လီကျားရွာက လီကျူးကျန်"
"မဖြစ်ဘူး။ ဒီလူတော့ လုံးဝမရဘူး"
ကျောက်လျူတစ်ယောက် လီကျူးကျန်၏နာမည်ကိုကြားတော့ ဒေါသထွက်သွားလေသည်။ ထိုလူ၏မိန်းမက ထွက်ပြေးသွားပြီးနောက် ပြဿနာအရှုပ်ထုပ်တွေချန်ထားခဲ့သည်။ ဒါတောင် သူတို့က သူ(မ)ရဲ့ကျင်းကောကို ခေါ်သွားချင်သေးတယ်။ အိပ်မက်သာမက်နေလိုက်။
သာမန်လူတစ်ယောက်အတွက် သားလေးယောက်ကို ထိန်းကျောင်းဖို့ တတ်နိုင်စွမ်းမရှိပေ။ သားလေးယောက်တဲ့လေ။ အကယ်၍ ထိုသားလေးယောက်စလုံးကသာ မင်္ဂလာဦးအသွင်းပစ္စည်း မလိုလားသည့် ချွေးမတစ်ယောက် ရှာတွေ့လာမည်ဆိုလျှင်တောင် အိမ်တစ်အိမ်ဆောက်ဖို့၊ ဂုဏ်ပြုပွဲကျင်းပဖို့နှင့် လူတွေအများကြီးအတွက် နေရာထိုင်ခင်းစီစဉ်ပေးဖို့ ဘယ်လောက်ကုန်ကျမလဲလေ။ ပြီးတော့ ရှိသေးသည်။ ကမ္ဘာပေါ်ရှိ ဘယ်မိန်းကလေးကများ မင်္ဂလာဦးလက်ဖွဲ့ မလိုချင်ဘဲနေပါ့မလဲ။
ထို့ပြင် ကျောက်လျူသည် လီမိသားစုကို အမြဲမုန်းတီးနေခဲ့သည်သာ။ အစကတော့ စေ့စပ်ပွဲကိုလာကမ်းလှမ်းတာ လီမိသားစုဆိုသော်ငြား နောက်ပိုင်းမှာတော့ သူတို့ မောင်းထုတ်ခံလိုက်ရသည်။ကျောက်ကျင်းကောကသာ လီကျူးကျန်နှင့် မစေ့စပ်ချင်ပါက သူတို့ကလည်း စောစောစီးစီးကြိုပြင်ထားနိုင်ဖို့ တခြားမိသားစုကို ရွေးချယ်ရမှာပင်။
"ကျောက်မိသားစုအတွက်တော့ လီကျူးကျန်က သိပ်မဆိုးလှပါဘူး။ သူတို့မှာ လက်ဝယ်ပိုင်ဆိုင်ထားတဲ့ ငွေသားခုနစ်ဆယ်ရှစ်ဆယ်လောက် ရှိတယ်"
အောင်သွယ်တော်ဟယ်က သွေးဆောင်ဖြားယောင်းနေလေသည်။
"မရဘူး။ ဒီလူကတော့ လုံးဝပဲ။ ရှင် အခုချက်ချင်းထွက်သွားလိုက်တော့"
ထိုသို့ပြောပြီးနောက် အနာဂတ်မှာ အောင်သွယ်တော်ဟယ်နှင့်ဆက်ဆံရန်လိုအပ်နေသေးတာကို သတိရမိတော့ သူ(မ)၏အမူအရာသည် ပျော့ပျောင်းသွားပြန်၏။