အပိုင်း၄၄
Viewers 21k

Chapter 44


Chapter 44




"အစ်မဟယ် ကျွန်မ စိတ်မထိန်းနိုင်လိုက်ဘူး။ တောင်းပန်ပါတယ်.. လီမိသားစုကို လုံးဝလက်မခံနိုင်ရုံလေးပါ။ တကယ်လို့ ကျွန်မ လက်ခံလိုက်ရင်တောင် ကျွန်မမိသားစုက သူတို့ကိုသဘောကျမှာမဟုတ်ဘူး။ ရှင် သူတို့အတွက် တခြားမိသားစုရှာလို့ရတာပဲ"


ထိုအချိန်မှာ အောင်သွယ်တော်ဟယ်၏အမူအရာမှာ အလွန်ပျက်ယွင်းနေချေသည်။ သူ(မ)က ကျောက်လျူကို စိတ်ပျက်ဟန်ဖြင့်ကြည့်ကာ လှောင်ပြောင်လေသည်။


"တခြားလူကိုရှာဖို့ ဘယ်လိုလုပ်ပြီး ဒီလောက်လွယ်မှာတဲ့လဲ။ ရှင့်ရဲ့ကျောက်ကျင်းကောက ယောက်ျားတစ်ယောက်လို ပုံစံပေါက်နေတာလေ။ ဘယ်ယောက်ျားကများ အဲ့လိုပုံစံကို ကြိုက်မှာလဲ။ ပြီးတော့ရော.. သူ့ပုံစံကို တစ်ချက်ကြည့်ရုံနဲ့ ကလေးရဖို့ မလွယ်လောက်ဘူးဆိုတာ သိသာနေတာပဲလေ။ နောက်တစ်ချက်က သူက အရမ်းအသက်ကြီးနေပြီ။ ဒါကြောင့် သူ ကလေးရဖို့ လုံးဝဖြစ်နိုင်မှာမဟုတ်တော့ဘူး"


ထို့နောက်မှာတော့ ကျောက်လျူရှီသည် တကယ်ကြီး ဒေါသူပုန်ထသွားပြီး အောင်သွယ်တော်ကို နှင်ထုတ်လေတော့သည်။


အောင်သွယ်တော် ထွက်သွားသောအခါ သူ(မ)မှာ စိတ်ရှုပ်ရပြန်၏။ ထိုအကြောင်းကို သူ(မ) ပိုတွေးမိလေလေ သူ(မ) ပိုဝမ်းနည်းလာရလေလေပင်။


နူးနူးညံ့ညံ့ခန္ဓာကိုယ်၊ ပြည့်ဖြိုးဖွံ့ထွားပေမဲ့ ကျစ်လျစ်သော တင်ပါးနှင့် မျက်ခုံးနှစ်ဖက်ကြားက မှဲ့နီလေးတစ်ခုက မိန်းကလေးနှင့်ဆင်တူသော ကောတွေကို ပိုတောက်ပစေသောအရာများဖြစ်ပြီး ၎င်းကိုပိုင်ဆိုင်ထားသူများသည် ကလေးရနိုင်ခြေမြင့်သူများ ဖြစ်ကြသည်။ သို့သော် သူ(မ)၏ကျောက်ကျင်းကောကတော့ လုံးဝဆန့်ကျင်ဘက်ပင်။ ထို့ကြောင့် အောင်သွယ်တော်ပြောသွားသည့်စကားမှာ မမှားချေ။ ထိုစကားက မမှားသောကြောင့်လည်း သူ(မ) ဝမ်းနည်းသည်ထက် ဝမ်းနည်းလာရသည်။


ကျောက်လျူသည် စိတ်ခံစားလွယ်သူတစ်ယောက် ဖြစ်သည်။ ထို့ပြင် သူ(မ) ပိုတွေးမိလေလေ ပိုဝမ်းနည်းလာရလေလေပင်။ နောက်ဆုံးမှာတော့ ဘဲကလေးငါးကောင်က သူ(မ)ခြေထောက်နားမှာ တကျီကျီလာအော်နေတော့မှ သူ(မ) သတိပြန်ဝင်လာသည်။


ကျောက်လျူက ထိုဘဲလေးများကို အလွန်ကောင်းကောင်းမွန်မွန်ဂရုစိုက်ထားသဖြင့် ငါးကောင်လုံး တစ်ကောင်မှ မသေသေးပေ။


အတိတ်မှာတုန်းက ကျန်းကျန့်က ဝမ်ဟိုင်ရှန်းဖမ်းလာသော ငါးသေးသေးလေးများနှင့် ငါးအူတို့ကို ခုတ်ပိုင်းပြီး သူတို့ကို နေ့တိုင်းအစာကျွေးသည်။ ကျောက်လျူ သူတို့ကို အစာမကျွေးဖြစ်လျှင်တောင် သူတို့ ဆာလောင်နေစရာမလိုပေ။ သို့သော် ကျန်းကျန့်က ယနေ့ ဤနေရာမှာမရှိ။ တီကောင်များ၊ ငါးများနှင့် ပုဇွန်များမရှိသောကြောင့် ကျောက်လျူသည် ဆလတ်ရွက်များကိုလှီးဖြတ်ပြီး ဘဲလေးတွေကို အစာကျွေးလိုက်သည်။


သူ(မ) ကျန်းကျန့်ကို လိုက်ရှာကြည့်သည်။ ထူးဆန်းသည်။ သူ(မ) ယနေ့ အကြီးဆုံးကျန်းကို ဘာလို့မတွေ့မိတာပါလိမ့်။


တံငါသည်၏ကလေးနှစ်ယောက်ကသာ တီကောင်တွေတူးပြီး ကြက်လေးတွေကို အစာကျွေးနေကြသည်။ ကျောက်လျူရှီက ကလေးတွေကို အမြဲချစ်မြတ်နိုးတတ်သူပင်။ သူ(မ) သူတို့ကိုကြည့်ပြီး ဘဲကလေးငါးကောင်နှင့်အတူ တီကောင်တူးဖို့ သွားလေတော့သည်။ မူလက သူ(မ)၏ဝမ်းနည်းမှုများက လွင့်ပါးသွားသည်။ ထိုသို့ဆိုလျှင်တောင် ကျောက်ကျင်းကော ပြန်လာတာကို သူ(မ)မြင်တော့ သူ(မ)၏မျက်ဝန်းများ နီမြန်းနေတာကိုတော့ မထိန်းနိုင်ခဲ့ပေ။


"အမေ ဘာဖြစ်တာလဲ"


ကျောက်ကျင်းကောက စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။


"ကျင်းကော"


ကျောက်လျူက သူ့ကိုခေါ်လိုက်သည်။ သူ(မ) ငိုချင်လာသော်လည်း သူ(မ)၏သားကို ဝမ်းနည်းအောင်မလုပ်ချင်သောကြောင့် ထိန်းထားလိုက်သည်။


"ကျင်းကော မင်းဗိုက်ဆာနေရင် တစ်ခုခုလာစားလှည့်လေ"


ကျောက်ကျင်းကောက တကယ်ဆာလောင်နေခြင်းပင်။ ထို့​ကြောင့် သူ ဘာမှထပ်မမေးတော့ချေ။


ဤရက်ပိုင်းမှာ သူ နေ့တိုင်း နေ့လယ်စာစားဖြစ်သည်။ သို့ဖြစ်ရာ ယနေ့ သူနေ့လယ်စာမစားဖြစ်တော့ လုံးဝခံနိုင်ရည်မရှိပေ။ ယခင်က သူ ကျန်းကျန့်နှင့် နေ့တိုင်းတွေ့နေရသည်။ သို့သော် ရုတ်တရက်ကြီး သူ့ကိုမတွေ့ရတော့သည့်အဖြစ်မှာ ကျန်းကျန့်ကို ပိုလွမ်းမိစေ၏။


ကျောက်လျူက ကျောက်ကျင်းကောရှေ့မှာ ဘာမှမပြောသော်လည်း ကျောက်ဖူကွေ့ပြန်လာလေတော့ လီကျူးကျန်နှင့် လက်ထပ်ဖို့ အောင်သွယ်တော်ဟယ်က လာကမ်းလှမ်းကြောင်း ပြောပြလိုက်သည်။ ကျင်းကော ကလေးမရနိုင်သည့်အကြောင်း အောင်သွယ်တော်ဟယ် ပြောသွားခဲ့တာကိုတော့ သူ(မ)ဖုံးကွယ်ထားလိုက်သည်။ ကျောက်လျူ အလွန်စိတ်တိုနေသည်။


"ကျင်းကော လက်မထပ်နိုင်ဘူးဆိုရင်တောင်မှ အဲ့ဒီလူကိုတော့ လက်မထပ်ရဘူး"


တကယ်တော့ ကျောက်ဖူကွေ့ သူ့မိသားစုကိုမပြောဘဲ လျှို့ဝှက်ထားသည့်အရာတစ်ခု ရှိသည်။ လီမိသားစုက စေ့စပ်ပွဲကိုဖျက်သိမ်းသွားပြီးနောက်မှာ လီကျူးကျန်ကို သူ တကယ်သွားတွေ့ခဲ့သည်။ သူ့သားအတွက် ဖြေရှင်းချက်တစ်စုံတစ်ရာထုတ်ပေးဖို့ တောင်းဆိုခဲ့သော်လည်း လီကျူးကျန်ဆီက ကျောက်ကျင်းကောကို အသေရေဖျက်ပြောဆိုသည့်စကားများကိုသာ ကြားခဲ့ရသည်။


ကျောက်ကျင်းကောက ယောက်ျားကြီးတစ်ယောက်လိုပဲဟု သူကပြောသည်။ သူ ကျောက်ကျင်းကောနှင့် တကယ်လက်ထပ်မည်ဆိုလျှင်တောင် သူက ကျင်းကောနှင့် လုံးဝအိပ်ချင်လာမှာမဟုတ်ဟု ဆို၏။ ကျောက်ဖူကွေ့ အလွန်ဒေါသထွက်သွားသဖြင့် လီကျူးကျန်ကို ပါးရိုက်ပစ်ပြီး အိမ်ပြန်လာခဲ့သည်။


"ကျွန်တော်ကလည်း သူ့ကိုလက်ထပ်မှာမဟုတ်ပါဘူး"


ကျောက်ကျင်းကောက သေချာရေရာမှုအပြည့်ဖြင့်ပြောလေသည်။ ထို့နောက် သူ ကျန်းကျန့်အကြောင်း စတင်တွေးမိပါတော့သည်။


ကျန်းကျန့်ကလည်း ကျောက်ကျင်းကောအကြောင်း တွေးနေခဲ့သည်သာ ဖြစ်၏။


ကမ်းခြေကိုသွားရာလမ်းတွင် မြစ်ဦးပိုင်းလောက်မှာ လှေများကို စစ်ဆေးနေသော ဟုန်ကျန်းဆားလွင်ပြင်မှ လူများနှင့် ပက်ပင်းတိုးလေသည်။ အဆုံးမှာ သူတို့သည် လှေတစ်စင်းစာအတွက် ဖြတ်သန်းသွားလာခ ကြေးပြားနှစ်ရာကောက်ခံပြီး လွှတ်ပေးလိုက်သည်။ ထို့နောက် ပင်လယ်ဘေးက တံငါရွာလေးဆီကို သူတို့ ထွက်သွားကြသည်။


ထိုတံငါရွာလေးက သိပ်မကြီးလှပေ။ ထိုနေရာမှာ မိသားစုနှစ်ဆယ်မျှသာ နေထိုင်ကြသည်။ သူတို့က စားဝတ်နေရေးအတွက် တံငါအလုပ်ကိုသာ လုပ်ကိုင်ကြရပြီး သူတို့၏ဘဝကလည်း ဆင်းရဲနွမ်းပါးလှ၏။ သူတို့သည် ဟယ်ရှီရွာမှာရှိသောလူများထက်ပင် ပိုချို့တဲ့သေးသည်။ အကြောင်းမှာ ဤနေရာတွင်ရှိသောအရာတော်တော်များများက ရောင်းချ၍မရနိုင်သလို စိုက်ပျိုး၍လည်း မဖြစ်ထွန်းချေ။ ထို့ပြင် ငါးကလည်း နေ့တိုင်း ဖြစ်ဖြစ်မြောက်မြောက်ဖမ်းမိတာမျိုးမဟုတ်သည့်အတွက် သူတို့ဖမ်းလာသည့်ငါးများက တစ်ခါတလေမှာ စျေးကောင်းနှင့်ရောင်းချဖို့ ခဲယဉ်းသည်။


ထိုအကြောင်းပြချက်များကြောင့် တံငါရွာကို ပင်လယ်စာဝယ်ရန်လာရောက်ကြသော ကုန်သည်များကို သူတို့ လှိုက်လှိုက်လှဲလှဲကြိုဆိုကြ၏။


ဤနေရာကို ကျန်းကျန့်နှင့်အတူလိုက်လာသော ကုန်သည်များသည် ဒေသခံများနှင့် မိတ်ဆွေဟောင်းများဖြစ်ကြသည်။ ဒေသခံတွေက သူတို့ကိုမြင်သည်နှင့် ပတ်ပတ်လည်မှာ စုဝေးလိုက်ကြသည်။


ထိုအချိန်မှသာ ကုန်သည်များ၏လှေပေါ်မှာ ကုန်စည်များသယ်လာမှန်း သူသိလိုက်ရသည်။


သူတို့က အဝတ်အထည်များနှင့် ဆီ၊သကြားစသည့်သေးသေးမွှားမွှားပစ္စည်းများကို သယ်လာခဲ့ကြသည်။ သို့သော် အများစုကတော့ စပါးကိုသာ ယူလာကြခြင်းဖြစ်၏။


သူတို့ကတော့ အဝတ်အစားနှင့် အခြားပစ္စည်းပစ္စယများကို ရောင်းချဖို့မရှိပေမဲ့ ဒေသခံများနှင့် ပစ္စည်းချင်းလဲလှယ်ဖို့တော့ ယူလာခဲ့သည်။ သူတို့ယူလာသည့် အစားအသောက်များကို ဒေသခံများနှင့် သဘောတူညီမှုယူပြီးသည်နှင့် ခွဲဝေလိုက်ကြတော့သည်။


တံငါရွာရှိဒေသခံအားလုံးသည် အကျွမ်းတဝင်ရှိသောကုန်သည်များဆီကိုသွားပြီး သူတို့ပိုင်ဆိုင်သောပစ္စည်းများကို လဲလှယ်ကြပြီး ရောင်းကုန်များကို ကြည့်ရှုရန်အတွက် သူတို့အား အိမ်ကိုခေါ်သွားကြလေသည်။ သို့သော် သူစိမ်းများဖြစ်သော ကျန်းကျန့်နှင့် ဝမ်ဟိုင်ရှန်းတို့ကတော့ ခဏလောက်လျစ်လျူရှုခံထားရသည်။


သို့သော် ကုန်သည်များက ရွာမှာရှိသမျှကုန်ပစ္စည်းများကို သေချာပေါက်မဝယ်နိုင်ချေ။ ခဏအကြာတွင် အသက်နှစ်ဆယ်မျှသာရှိသေးသော လူငယ်တစ်ယောက်က ကျန်းကျန့်ဆီရောက်ချလာပြီး စကားဆို၏။


"ကျွန်တော့်အိမ်မှာ ပင်လယ်ရေညှိနဲ့ငါးနည်းနည်းရှိတယ် ခင်ဗျား လိုချင်လား"


"ကြည့်ကြည့်တာပေါ့"


ကျန်းကျန့်က ပြန်ပြောလိုက်သည်။


ဒေသခံများနှင့် စကားပြောနေသော ကုန်သည်များ၏စကားကို သူနားစွင့်ကြည့်လိုက်တော့ ဤနေရာရှိကုန်ပစ္စည်းများ၏ ပျမ်းမျှစျေးနှုန်းကို သိလိုက်ရသည်။


ယခု ထိုကုန်စည်များကို သူ တစ်ချက်ကြည့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။


လူငယ်က ခေါင်းညိတ်ပြပြီးနောက် ကျန်းကျန့်နှင့် ဝမ်ဟိုင်ရှန်ကို သူ့အိမ်သို့ ခေါ်သွားလေသည်။


သူ့အိမ်ရှေ့မှာ နေပူထုတ်လှန်းထားသော ငါးဆားနယ်အများကြီး ရှိသည်။ မိသားစုပိုင်နေအိမ်သည် ရေညှိခြောက်အစည်းလိုက်များနှင့် ပြည့်နှက်နေပြီး ပင်လယ်ငါးနံ့ကလည်း တလှိုင်လှိုင်ထွက်ပေါ်နေချေသည်။


ဤနေရာကိုရောက်လာကြသော စီးပွါးရေးသမားတော်တော်များများက ငါးညှီနံ့ကို မခံနိုင်ကြပေ။ ထို့ကြောင့် ထိုလူက ကျန်းကျန့်နှင့် ဝမ်ဟိုင်ရှန်းတို့ကို စိုးရိမ်စိတ်ဖြင့် ကြည့်နေလေသည်။ သို့သော် ကျန်းကျန့်နှင့် ဝမ်ဟိုင်ရှန်းတို့ကိုတော့ လုံးဝသက်ရောက်မှုမရှိ။


"ကြည့်ကြည့်လိုက်ပါ။ တကယ်လို့ လိုချင်တယ်ဆိုရင် စပါးနဲ့လဲလိုက်လို့လည်းရတယ်။ ဒါမှမဟုတ် ငွေနဲ့ရှင်းလည်း ရတယ်'


၎င်းက မျှတပါသည်။


ကျန်းကျန့် တစ်ချက်စစ်ဆေးလိုက်သည့်အခါ ဤပစ္စည်းက တခြားလူများ၏ပစ္စည်းနှင့် ကွာခြားမှုမရှိကြောင်း သိလိုက်သည်။ သူ ငါးဆားနယ်ကို အမြောက်အမြားယူကာ ရေညှိကိုတော့ အကုန်ယူလိုက်သည်။ ထိုအခြင်းအရာကြောင့် တစ်ဖက်လူက သူ့အား တအံ့တသြကြည့်နေရှာသည်။


ရေညှိတွေက နှစ်သစ်ကူးပွဲတော်အတွင်းမှာ ရောင်းကောင်းသည်။ အကြောင်းမှာ နှစ်ကုန်ပိုင်းမှာ ဟယ်ချောင်စီရင်စုရှိ လူများသည် ဟင်းလျာအရသာကို ပိုကောင်းမွန်အောင် ချက်ပြုတ်ချက်ကြ၍ပင်။ သို့သော် တခြားအချိန်တွေမှာတော့ ရေညှိဝယ်ယူသူ များများစားစားမရှိပေ။


ကျန်းကျန့်ကိုကြည့်ပြီး ထိုလူမှာ ကျန်းကျန့်တစ်ယောက် ထိုရေညှိများကို အကုန်ရောင်းနိုင်မှာမဟုတ်သောကြောင့် အများကြီးမဝယ်ဖို့ ပြောသင့််​မပြောသင့် တွေဝေနေရှာသည်။ သို့သော် သူသည် ကျန်းကျန့်က သူ့ပစ္စည်းများကို ဝယ်မသွားမှာလည်း စိုးရိမ်နေ၏။ ထို့ကြောင့် အဆုံးမှာတော့ သူ အသာပါးစပ်ပိတ်ထားလိုက်သည်။


"တခြား ဘာရှိသေးလဲ"


ကျန်းကျန့် မေးလိုက်သည်။ သူ အစကထင်ထားသည်မှာ ငွေစဆယ်စတည်းသာ ယူလာခဲ့တာ အလွန်နည်းလွန်းသည်ဟုပင်။


သို့သော် သူ ဆန်နှစ်ရာကီလိုနှင့် ငွေစသုံးလေးစမျှသာသုံးပြီး ဤကုန်ပစ္စည်းအားလုံးကို ဝယ်ယူလိုက်နိုင်လေသည်။


"မရှိတော့ပါဘူး။ ကုန်သွားပါပြီ"


ကျန်းကျန့် သူ့စကားကိုကြားတော့ နည်းနည်းထူးဆန်းသလို ခံစားလိုက်ရသည်။ ပင်လယ်စာအမျိုးအမည်တွေ အများကြီးရှိတာကို သူ သတိရလိုက်သည်။


ရေညှိနဲ့ ငါးဆားနယ်ပဲရှိတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါးဆားနယ်ငါးအမျိုးအစားက အကောင်သေးသည်။ ရောင်းကောင်းသည့် အဓိကအချက်မှာ သူသည် ဆားစိမ်ထားပြီးသားဖြစ်သောကြောင့်ပင်။ ဆားက အလွန်စျေးကြီးလွန်းလှသောကြောင့် လူအများစု၏အမြင်မှာတော့ ငါးဆားနယ်ကိုဝယ်ယူခြင်းသည် အကုန်အကျသက်သာသည်။ သို့မဟုတ် တကယ်တမ်းမှာ တခြားကုန်ပစ္စည်းမရှိတော့တာမျိုးမဟုတ်ဘဲ ဤနေရာရှိဒေသခံတွေက ရောင်းကုန်ပစ္စည်းဟု မသတ်မှတ်ထားတာမျိုးလည်း ရှိနိုင်သည်။


ကျန်းကျန့်က မေးခွန်းပြောင်းမေးလိုက်သည်။


"ပုံမှန်ဆိုရင် ပင်လယ်ထဲသွားတဲ့အခါ မင်းတို့ ဘာတွေဖမ်းမိကြလဲ။ ဘာတွေစားရတာကို ကြိုက်လဲ"


လူငယ်က ထိုမေးခွန်းကိုကြားပြီး ခေတ္တမျှတွေးတောပြီးနောက် ပုံးတစ်လုံး ထုတ်ယူလာသည်။ ထို့နောက် သူက ကျန်းကျန့်ကို ခုံးကောင်ပုံးလိုက်ကြီး ပေးလာလေသည်။


သည်လိုအကောင်မျိုးက ကမ်းခြေပေါ်မှာ ဒီရေတက်သွားပြီးသည့်အခါတိုင်း မြင်ရလေ့ရှိသောအရာ ဖြစ်သည်။ သင်သာ ထိုခုံးကောင်များကို အမှတ်မထင်ကောက်မယ်ဆိုလျှင် သင် ခုံးကောင်တွေ တစ်ပုံကြီးရလာမည်သာ။


၎င်းမှာ အသုံးမဝင်ပေ။ ထိုခုံးကောင်က ခဏလေးနှင့် သေသွားသည့်အတွက် ရောင်းလို့လည်းမရသလို ဆားနယ်ထားပြီး သိမ်းထားလို့လည်း မရ။


အရေးကြီးဆုံးအချက်ကတော့ ခုံးကောင်များသည် အသားမပါသည့် ကိုယ်ထည်အခွံကြီးမျှသာ ဖြစ်၏။


ယနေ့ခေတ်မှာ လူတွေက ထိုကဲ့သို့သောအစားအစာမျိုးကို သိပ်မကြိုက်ကြတော့ချေ။


"မင်း ငါ့ကို ခုံးကောင်နည်းနည်းလောက် ကောက်ပေးနိုင်မလား"


ကျန်းကျန့် မေးလိုက်သည်။


သေချာပေါက်ပင် လူငယ်က မငြင်းပေ။ သူက ကျန်းကျန့်နှင့် ဝမ်ဟိုင်ရှန်းကို ကမ်းခြေဘက်ကို ခေါ်သွားသည်။


ခေတ်သစ်မှာဆိုလျှင် ကျန်းကျန့်သည် ပင်လယ်ကမ်းခြေနှင့် တခြားမဖွံ့ဖြိုးသေးသော ကမ်းခြေများဆီကို သွားဖူးသည်။ ထို့ကြောင့် သူက ကမ်းခြေကိုတွေ့ရဖို့ စိတ်မလှုပ်ရှားသော်လည်း ဝမ်ဟိုင်ရှန်းကတော့ စူးစမ်းချင်စိတ် ပြင်းပြနေပေသည်။ သူ ပင်လယ်ဘက်ကို မကြာခဏလှမ်းကြည့်လိုက်တော့ ကမ်းစပ်နားမှာ ခရုခွံတွေပုံနေတာကို မြင်လိုက်ရသည်။ သူ့ကလေးတွေ ကစားဖို့အတွက် ပေးချင်သည်ဟုဆိုကာ အများကြီးလိုက်ကောက်လေသည်။


"ခုံးကောင်ထဲကအသားကို စားပြီးရင် အခွံတွေကို ကစားစရာလုပ်လိုက်လို့ရတယ်"


သူတို့ကိုခေါ်လာသည့်လူက အခွံမာအမျိုးမျိုးနှင့် ကစားစရာအရုပ် ပြုလုပ်လို့ရကြောင်း သူတို့ကို ပြောပြနေသည်။


ဒီရေတက်သွားပြီးနောက် ကမ်းစပ်မှာ ခုံးကောင်များ ကျန်ရစ်ခဲ့သည်မှာ အနည်းငယ် ကြောက်ဖို့ပင်ကောင်းသေးသည်။  ကျန်းကျန့်နှင့် ဝမ်ဟိုင်ရှန်းတို့ ပုံးတစ်ပုံးစာအပြည့်ကောက်ပြီးတာတောင် အများကြီးကျန်နေဆဲပင်။


"ခင်ဗျား ထပ်ကောက်ချင်သေးလား"


ဝမ်ဟိုင်ရှန်းက တက်တက်ကြွကြွမေးလာ၏။ ခုံးကောင်၏ အခွံလှလှလေးများကို သူ သဘောကျသည်။


ကျန်းကျန့်က ခေါင်းညိတ်ပြလိုက်ပြီး လူငယ်ဆီက ငါးဖမ်းပိုက်ကွန်ဝယ်ရန် ကြေးပြားအနည်းငယ် ထုတ်သုံးလိုက်သည်။


သူတို့၏လှေက မသေးလှပါ။ သို့သော်လည်း ပစ္စည်းအများကြီးကိုလည်း မသယ်နိုင်ပေ။ ငါးဆားနယ်နှင့် ရေညှိကိုလည်း နေရာပေးရဦးမည်ဖြစ်၏။ ကျန်းကျန့်လည်း ခုံးကောင်လိုက်ကောက်နေခြင်းကို ရပ်လိုက်ပြီး ဝမ်ဟိုင်ရှန်းနှင့်အတူ ဝယ်ထားသည့်ပစ္စည်းများနှင့် ကောက်လာသည့်ခုံးကောင်များကို လှေပေါ်သို့ သယ်လာလိုက်သည်။


ကမ်းခြေမှရလာသော ခုံးကောင်များအပြင် ဂဏန်းများနှင့် တခြားသတ္တဝါများပါ ရလာသည်။ သို့သော် ဂဏန်းများက အလွန်သေးလွန်းသည်။ ထို့ကြောင့် ကျန်းကျန့်က ၎င်းတို့ကို သိပ်အာရုံမထားချေ။


အကုန်လုံးကို လှေပေါ်တင်ပြီးနောက် ငါးဆားနယ်ပမာဏက ငွေစလေးငါးစလောက်ရှိမည်ဟု ကျန်းကျန့် ခန့်မှန်းလိုက်သည်။


ထိုပစ္စည်းများ၏စျေးနှုန်းသည် အပြင်မှာ သူတို့ပြန်ရောင်းသည့်အခါ အနည်းဆုံးတော့ နှစ်ဆလောက်ရမှာပင်။ အကုန်လုံးသာ ရောင်းကုန်ပါက အမြတ်များများကျန်ပေလိမ့်မည်။


"ပထမဆုံးတစ်ခေါက်မှာတင် မင်း အများကြီးဝယ်လိုက်တာပဲ။ ဒါတွေရောင်းလို့ကုန်ဖို့ဆိုရင် ဘယ်လောက်တောင်ကြာမှာပါလိမ့်"


သူတို့နှင့်အတူလိုက်လာသည့် လူတွေက ကျန်းကျန့်နှင့် ဝမ်ဟိုင်ရှန်းတို့ကို အံ့သြတကြီးကြည့်လိုက်ကြသည်။ သူတို့အားလုံးက သူတို့မွေးရပ်မြေနားက စီရင်စုမှာ ကုန်ပစ္စည်းများ ရောင်းချနေကြခြင်းဖြစ်သည်။


ပုံမှန်အားဖြင့် သူတို့က တစ်လတစ်ကြိမ် သို့မဟုတ် နှစ်လတစ်ကြိမ်သာ ကုန်ပစ္စည်းဝယ်ကြပြီး နှစ်ကုန်ခါနီးမှသာ ပိုပိုလျှံလျှံဝယ်ထားတတ်သည်။ ဤလူသစ်နှစ်ယောက်ကတော့ တစ်ကြိမ်တည်းနဲ့ တစ်ပုံကြီးဝယ်ပစ်လိုက်လေ၏။ သူတို့ ရောင်းလို့ရော ကုန်ပါ့မလား။


ထိုလူတွေက ကျန်းကျန့်နှင့် ဝမ်ဟိုင်ရှန်းတို့ကို ငတုံးနှစ်ယောက်ကိုကြည့်သလို ကြည့်နေကြလေတော့သည်။