အပိုင်း၄၅
Viewers 21k

Chapter 45

Chapter 45

: ဖုချောင်မှာ ငွေရှာခြင်း



ရှေးခေတ်တွင် ဗဟုသုတက မကြွယ်ဝသလို သယ်ယူပို့ဆောင်ရေးကလည်း အဆင်မပြေလှပေ။ လူနည်းစုကသာ ပိုက်ဆံနည်းနည်းရှိသည်ဖြစ်ရာ ကုန်သည်အများစုက အသေးစားစီးပွားရေးလောက်သာ လုပ်ကိုင်ကြသည်။ ချမ်းသာသောကုန်သည်များ ရှိသော်လည်း လူနည်းစုလောက်သာ ဖြစ်သည်။ ထို့ပြင် ဝင်ငွေအမြောက်အမြားဖန်တီးလိုလျှင် သူတို့အားလုံးသည် အခြေခံအားဖြင့် အစိုးရပိုင်းနှင့် ချိတ်ဆက်နိုင်မှဖြစ်လိမ့်မည်။


ထိုအကြောင်းအရင်းကြောင့် သူတို့နှင့်လိုက်လာသော ကုန်သည်များက ကုန်ပစ္စည်းအမြောက်အမြားဝယ်ယူဖို့ လက်တွန့်နေကြခြင်းပင်။ တကယ်တော့ ဟယ်ချောင်စီရင်စု၏ လက်ရှိအခြေအနေအရဆိုလျှင် လူတွေက သူတို့ဝယ်ထားသည့်ကုန်ပစ္စည်းများကို ပမာဏအကန့်အသတ်ဖြင့် သုံးစွဲကြသည်။


ကျန်းကျန့်က ယခုလိုကုန်ပစ္စည်းတစ်လှေကြီး ဝယ်ပစ်လိုက်သောအခါ သူတို့အားလုံးသည် ကျန်းကျန့်ကို ရူးသွားပြီဟု ထင်နေကြ၏။


ထိုစကားများကိုကြားတော့ ဝမ်ဟိုင်ရှန်းကလည်း အနည်းငယ်စိတ်ပူသွားရသည်။ သူတို့ တကယ်လည်း အများကြီးဝယ်မိသွားသည်။ သူတို့တစ်သက်လုံး ရောင်းမကုန်နိုင်လောက်အောင်အထိ ဝယ်မိသွားသည်ဟု ခံစားနေရသည်။


သို့သော် အနည်းဆုံးတော့ ၎င်းတို့မှာ တာရှည်ခံသောပစ္စည်းမှန်များ ဖြစ်နေလေသည်။ သူတို့ ကုန်အောင်မရောင်းနိုင်လျှင် သူတို့ဘာသာ စားပစ်လိုက်လို့လည်း ရသည်။


"ငါတို့ နယ်လှည့်ပြီးတော့ ရောင်းမှာပါ"


ကျန်းကျန့်က ရှင်းပြလိုက်သည်။ သို့သော် သူ ဖုချောင်မှာရောင်းချဖို့ စီစဉ်ထားကြောင်းကိုတော့ ထုတ်မပြောပေ။ အကယ်၍ ဖုချောင်မှာ ရောင်းချမည့်အကြောင်း သူတို့ကိုပြောပြလိုက်လျှင်တောင် သူတို့ကတော့ နားလည်နိုင်မှာမဟုတ်။ ဖုချောင်မှာလည်း ပင်လယ်စာရောင်းဝယ်ဖောက်ကားသူများ ရှိနှင့်ပြီးသားပင်။ အကယ်၍ ကျန်းကျန့်က ထိုနေရာကို စီးပွါးရေးလုပ်ဖို့သွားပါက သူသည် ဒေသခံကုန်သည်တွေကို ဘယ်လိုလုပ်အနိုင်ရမှာတဲ့လဲ။


"ဒီလိုကိုး။ ဝေးလံခေါင်ဖျားတဲ့ ရွာတွေဆီကိုသွားရင် တချို့တော့ ရောင်းလို့ရလောက်တယ်"


သူတို့က ကျန်းကျန့်နှင့် ဝမ်ဟိုင်ရှန်းတို့ကို ကရုဏာသက်ဟန်ဖြင့် ကြည့်လိုက်ကြသည်။ သူတို့၏စီးပွါးရေးလုပ်ငန်းမှာ ဆိုင်ခန်းမရှိသဖြင့် ယခုလို လှည့်လည်ရောင်းချမှဖြစ်မည်သာ။


ဤပင်လယ်စာကုန်သည်များက မပြန်ခင် တံငါရွာမှာ နှစ်ရက်နှင့်တစ်ညခန့်နေထိုင်ကြသေးသည်။ ကျန်းကျန်က ထိုအခွင့်အရေးကိုအရယူပြီး တံငါရွာ၏အခြေအနေနှင့် မတိုင်မီက သူစဉ်းစားထားသော ကိုယ်ပိုင်ဆားလုပ်ငန်းအကြောင်းကို စနည်းနာနေလိုက်သည်။


အပြင်မှာရောင်းသော ဆားများက အလွန်စျေးကြီးသည်။ သို့သော် ဤတံငါရွာမှာတော့ ဘယ်သူကမှ ဆားထုတ်လုပ်ပြီး မရောင်းချကြပေ။


လက်ရှိမှာ ဆားထုတ်လုပ်ရေးလုပ်ငန်းစဉ်သည် နောက်ဆုံးပေါ်ခေတ်နှင့်တော့ နှိုင်းယှဉ်၍မရ။ ခေတ်သစ်၏ဆားထုတ်လုပ်ရေးမှာ ဆားများကို ဖုတ်ပစ်လိုက်သည့်အတွက် လူအင်အားရော ပစ္စည်းကိရိယာများပါ အများကြီးမလိုအပ်ချေ။


ထို့ကြောင့် စျေးဝယ်စင်တာရှိဆားများသည် တစ်ထုပ်ကို နှစ်ယွမ်သုံးယွမ်လောက်သာ ကျသင့်သော်လည်း လက်ရှိအခြေအနေကတော့ မတူပေ။


ယခုလက်ရှိမှာ လူတွေက ဆားကို ချက်လုပ်ခြင်းမှတစ်ဆင့် အဓိကရယူကြသည်။ ထိုနည်းလမ်းက ဆားထုတ်လုပ်ရေးလုပ်ငန်းစဉ်ကို ဒုက္ခများစေသည်။ ထင်းကလည်း လိုအပ်ပြန်သည်။ ထိုအချက်များကြောင့် ဆားလွင်ပြင်၏တစ်ဖက်ခြမ်းရှိလူများကို ထိန်းချုပ်ရပိုလွယ်သွားပြီး ဆားထုတ်လုပ်ခြင်းကို ဟန့်တားဖို့ရာအတွက်လည်း လွယ်လင့်တကူပင်။ ဥပမာ ဟုန်ကျန်းဆားလွင်ပြင်ရှိလူများသည် ဤတံငါရွာကို လူတွေစေလွှတ်ပြီး အချိန်နှင့်အမျှစောင့်ကြည့်ခိုင်းထားသည်။ အကယ်၍ တစ်စုံတစ်ယောက်က သစ်ပင်တွေကို ခုတ်လှဲပြီး ဆားအမြောက်အမြားကျိုချက်နေတာကို တွေ့ပါက သူတို့ကို ဖမ်းဆီးချင်လျှင် ဖမ်းဆီးပြီး သတ်ပစ်ချင်လျှင်လည်း သတ်ပစ်ကြသည်။ အချိန်တွေကြာလာတော့ ဘယ်သူကမှ ဆားကို အလွန်အကျွံမကျိုချက်ရဲတော့ချေ။


ထိုအကြောင်းကို ပိုမိုစုံစမ်းလေ့လာပြီးနောက်မှာတော့ ကျန်းကျန့်သည် ကိုယ်ပိုင်ဆားထုတ်လုပ်မည့် မူလအကြံအစည်ကို လက်လျှော့လိုက်သည်။


သူသည် ကိုယ်ပိုင်ဆားထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်ပြီး ပုန်ကန်သောင်းကျန်းလိုစိတ်မရှိ။ အကြောင်းမှာ ဤချီမင်းဆက်ကာလအတွင်းမှာ သူ့တွင် ပိုင်ဆိုင်မှုအမြောက်အမြား မရှိသောကြောင့် ဖြစ်၏။ ထို့ကြောင့် ဤနေရာကို သူ့ကိုယ်ပိုင်နယ်မြေဟု မသတ်မှတ်ထားပါ။ ထို့ပြင် လူသုံးကုန်ပစ္စည်းများ၏ စျေးနှုန်းက အလွန်မြင့်မားသဖြင့် လူတော်တော်များများ၏ဘဝအခြေအနေမှာ ၎င်းတို့ကိုသုံးစွဲဖို့ မတတ်နိုင်ကြပေ။


သေချာပေါက်ကတော့ ထိုလူများအတွက် တရားမျှတမှုကိုရှာဖွေဖို့တော့ သူ့မှာ စိတ်ကူးမရှိ။ အစတုန်းက ထိုအကြံကို သူ့ကောင်းကျိုးအတွက်သာ အကောင်အထည်ဖော်လိုခဲ့ခြင်းဖြစ်သည်။ အလားတူစွာပင် သူသည် ခြောက်ဆယ်ခုနစ် သို့မဟုတ် ခုနစ်ဆယ်ခုနစ်များကိုသာ ပြန်သွားရမည်ဆိုလျှင်တောင် သူ့ဘဝကောင်းစားရေးအတွက် ကြက်ဥများရောင်းချခြင်း သို့မဟုတ် စားနပ်ရိက္ခာဝယ်ယူခွင့်လက်မှတ်တို့လို ရင်းနှီးမြှုပ်နှံမှုတချို့ကို တိတ်တဆိတ်လုပ်နေမည်သာ။ သူ ထိုကဲ့သို့သောစနစ်မျိုးကိုတော့ တကယ်လက်ခံသည်။


သို့သော်ငြား သူ့အနေနှင့် သူ့ဘဝကောင်းစားရေးအတွက် ကိုယ်ပိုင်ဆားကို အဓိကရောင်းချချင်သော်လည်း သူ့အသက်ကိုတော့ အဆုံးရှုံးမခံနိုင်သေးပေ။ ဤလမ်းကြောင်းက အလွန်အန္တရာယ်များကြောင်း သူသိလိုက်ရသည့်အခါ ကျန်းကျန့်သည် ထိုစိတ်ကူးကို လက်လျှော့လိုက်လေတော့သည်။ သို့သော် နှမြောဖို့တော့ ကောင်းနေဆဲပင်။ ဤခေတ်မှာ ငွေရှာဖို့ အလွန်လွယ်ကူလွန်းလှသည်။


မနက်ခင်းစောစောမှာ ထိုနေရာမှ သူတို့ ထွက်ခွါလာခဲ့ကြတော့သည်။ ဖြတ်သန်းသွားလာခအဖြစ် ကြေးပြားနှစ်ရာပေးခဲ့ရသောနေရာကို သူတို့ရောက်တော့ လူတစ်ယောက်က လှေပေါ်ကိုတက်လာပြီး စစ်ဆေးသည်။


လှေပေါ်ကိုရောက်လာသူမှာ ကြမ်းတမ်းခက်ထန်ပုံပေါက်သော လူတစ်ယောက်ပင်။ သူတို့ရောက်လာပြီးသည်နှင့် လှေပေါ်ရှိပစ္စည်းများကို စတင်စစ်ဆေးပါတော့သည်။ အထူးသဖြင့် ငါးဆားနယ်ကိုပင်။


ထိုအခြင်းအရာကိုမြင်တော့ ကျန်းကျန့်က စိတ်အေးသွားရသည်။ သူ ယခင်ကလည်း သတိထားမိခဲ့သည်။ သူနှင့်ပါလာသောလူများက ငါးဆားနယ်အများကြီး မဝယ်ယူခဲ့ကြချေ။ ထိုအကြောင်းကိုတွေးတောရင်း သူလည်း ငါးဆားနယ်တွေအများကြီးကို မဝယ်ခဲ့တော့ပေ။ ကြည့်ရတာ သူ့လုပ်ရပ်က မှန်သွားပုံပဲ။


"အဲဒါတွေနဲ့ မင်း ဘာလုပ်မလို့လဲ"


ကျန်းကျန့်၏လှေပေါ်က ကုန်ပစ္စည်းများကိုစစ်ဆေးပြီးနောက် လူတစ်ယောက်က ခုံးကောင်တွေကို ဓားနဲ့ထိုးကြည့်သည်။


"အဲ့ဒါ အလကားရလာတာပါ"


"အလကားရတာ ဘာမှမရှိဘူး"


ထိုလူကရယ်ပြီး သူ့လက်ကို ကျန်းကျန့်ဘက်ကို ဆန့်ထုတ်လိုက်သည်။


"လုပ်စမ်းပါ။ ငွေစနှစ်စ"


ကျန်းကျန့်က ဘာမှမပြောဘဲ တစ်ဖက်လူကို ငွေစနှစ်စပေးလိုက်သည်။


"မင်းကလူသစ်ဆိုပေမဲ့ အတတ်မြန်သားပဲ"


ထိုလူက လှေပေါ်ကခုန်ချပြီး ထွက်သွားလေတော့သည်။


သူတို့၏လှေငယ်လေးက ထွက်ခွါခွင့်ရသွားပြီဖြစ်၏။ ကျန်းကျန့်နှင့်အတူလိုက်လာသူတွေကသာ "ငါးဆားနယ်နှင့် တခြားကုန်ပစ္စည်းများကို နှစ်ရာကီလိုလောက်ဝယ်ယူလာခဲ့ပါက ငွေစတစ်စနှစ်စလောက်ပေးရမည်ဖြစ်ပြီး ပမာဏမှာ နည်းသွားဖို့မရှိဘဲ များလာဖို့သာရှိသည်"ဟူသော တချို့စည်းကမ်းချက်တွေအကြောင်း သူ့ကိုပြောမပြထားလျှင် သူတို့အခက်တွေ့ရမှာ ကျိန်းသေပေါက်ပင်။


သူတို့ကိုကြည့်ရတာ ကျန်းကျန့်ကို မလိုလားပုံမရပေ။ သို့သော် သူ့ကို သဘောကျတာမျိုးလည်း မဟုတ်ချေ။ ကျန်းကျန့်က ထူးဆန်းသည်ဟု မထင်ချေ။ အဆုံးမှာတော့ စီးပွါးပြိုင်ဘက်ကို ဘယ်သူကမှ သဘောကျကြမှာမဟုတ်။ သူတို့နှင့်အတူ ဤနေရာကိုခေါ်လာရုံနှင့်တင် သူ့အပေါ် တော်တော်သဘောကောင်းနေပြီးဖြစ်၏။


ထိုလူများကို နှုတ်ဆက်ပြီးနောက်မှာ ကျန်းကျန့်လည်း သူတို့နှင့် လူစုခွဲလိုက်တော့သည်။ သူနှင့် ဝမ်ဟိုင်ရှန်းတို့က ဟယ်ချောင်ကိုပြန်ဖို့ မစီစဉ်ထားပေ။ သူတို့ ဖုချောင်ကို ခရီးဆက်ကြမည်သာ။


တံငါရွာမှရလာသော သူ့ကုန်ပစ္စည်းများကို ဘယ်လိုရောင်းချရမလဲဆိုတာ ကျန်းကျန့်မှာ အကြံရှိ၏။


ထိုတံငါရွာမှတစ်ဆင့် ဖုချောင်ကိုခရီးဆက်ရာ၌ တစ်ရက်တာမျှကြာလေသည်။ ကျန်းကျန့်နှင့် ဝမ်ဟိုင်ရှန်းသည် မြစ်တစ်လျှောက် ဖြည်းဖြည်းသာခရီးဆက်ခဲ့သည်။ ထို့နောက် ညနေခင်းအရောက်မှာတော့ သူတို့ ဖုချောင်ကို ခြေချနိုင်ခဲ့သည်။


လမ်းတစ်လျှောက်မှာ ကျန်းကျန့်နှင့် ဝမ်ဟိုင်ရှန်းတို့မှာ အလွန်အလုပ်ရှုပ်နေခဲ့ကြသည်။ တစ်ယောက်က လှေလှော်ပြီး တစ်ယောက်က ရေညှိများကို ရေစိမ်ရသည်။ အစကတော့ ရေမစိမ်ခင်မှာ ရေညှိကို အစိတ်စိတ်အပိုင်းပိုင်းဖြတ်တောက်သည့် ရိုးရာနည်းစနစ်ကို သုံးခဲ့သေးသည်။ သို့သော် ကြာလာတော့ ကျန်းကျန့်က ၎င်းကို ငြီးငွေ့လာသည်။ သူ လှေပေါ်မှာ ရေတွေအများကြီး သုံးလို့မရပေ။ ထို့ကြောင့် သူ ရေညှိများကို ကြိုးဖြင့်ချည်၍ ရေထဲကိုသာ တိုက်ရိုက်ပစ်ချလိုက်ပြီး ပြန်မဆယ်ခင်အထိ မြစ်ထဲမှာ ရေစိမ်ထားလိုက်တော့သည်။


ရေညှိများကို ဆယ်ယူပြီးနောက် တစ်ခုချင်းစီ သန့်ရှင်းရေးလုပ်လိုက်သည်။


ကျန်းကျန့် ယခုလိုလုပ်ရသည့်အကြောင်းအရင်းမှာ ဤခေတ်မှာရှိတဲ့လူတွေ ရေညှိခြောက်ကို ရောင်းဝယ်ဖောက်ကားပုံရယ် စားပုံစားနည်းရယ်နှင့် သက်ဆိုင်သည်။


ပင်လယ်အနီးမှာ နေထိုင်ကြသောလူများက ရေညှိခြောက်ကိုပြုလုပ်ပြီး ပင်လယ်စာကုန်သည်များကို ရောင်းချကြသည်။ ကုန်သည်တွေ ပြန်ရောင်းသည့်အခါမှာလည်း သူတို့က ရေညှိကို ခြောက်နေသည့်အတိုင်းပင် တိုက်ရိုက်ရောင်းချကြသည်။


သို့သော် ရေညှိခြောက်ကို စီမံထိန်းသိမ်းရသည့်နည်းလမ်းက အလွန်ဒုက္ခများသည်။ ရေညှိကို တစ်နေ့နှင့်တစ်ညလုံး ရေစိမ်ထားရသည့်အပြင် သန့်ရှင်းရေးလုပ်ပေးဖို့လည်း လိုသေးသည်။ ရေညှိခြောက်ကို ရောင်းချသည့်အခါ အလွန်သေးငယ်ပုံပေါက်သော်လည်း ရေစိမ်လိုက်ချိန်မှာတော့ အရွယ်အစားက အလွန်ကြီးမားသွားလေသည်။


တစ်ခါတလေမှာ မိသားစုများက သူတို့ဝယ်ယူထားသော ရေညှိများကို ရက်အတော်ကြာပြီးတာတောင် မကုန်ကြပေ။ ထို့ပြင် စားပါများသွားလျှင်လည်း ငြီးငွေ့သွားမည်ဖြစ်၏။


ထိုအကြောင်းရင်းကြောင့် ခေတ်သစ်မှာ စျေးဝယ်စင်တာကြီးပင်ဖြစ်စေ အရွက်ဆိုင်မှာပင်ဖြစ်စေ ရေညှိကို အပိုင်းပိုင်းဖြတ်တောက်ပြီး ရောင်းချကြသည်။ ဝယ်ယူသူများကလည်း သူတို့လိုသလောက်သာ ဝယ်ယူကြသည်။ သို့သော် ဤခေတ်မှာတော့ လူတိုင်းက ရေညှိခြောက်ကိုသာ ရောင်းချနေကြသည်။


ရေညှိခြောက်သည် မည်းနက်ပြီး မီးခိုရောင်သမ်းသည့်အတွက် အမြင်မလှပေ။ ရေညှိအပိုင်းအစလေးတစ်ခု၏ စျေးနှုန်းကလည်း မနည်းလှ။ တွက်ချက်ကြည့်မည်ဆိုပါက ရေညှိတစ်ကီလို၏စျေးနှုန်းသည် ဝက်သားစျေးနှင့် အတူတူပင်ဖြစ်၏။ ရေညှိတစ်ကီလိုကို ရေစိမ်ပစ်မည်ဆိုလျှင်တော့ ပိုတောင်များပြားသွားဦးမှာပင်။ထို့ကြောင့် နှစ်သစ်ကူးအချိန်အခါကလွဲလျှင် လူတချို့က ရေညှိဝယ်ဖို့ ဝန်လေးကြသည်။


ကျန်းကျန့်က ရေညှိများကိုဖြတ်တောက်ပြီးသည်နှင့် ရောင်းချတော့မည်ဖြစ်၏။


ထိုနည်းလမ်းအတိုင်း လုပ်ဖို့ဆိုလျှင် လုပ်စရာကတော့ အများကြီးပုံနေမှာပင်။ သို့သော် သူသာ ရောင်းနိုင်ခဲ့မည်ဆိုလျှင် ရေညှိခြောက်ကိုရောင်းတာထက် ပိုက်ဆံပိုရလိမ့်မည်ဟု သူခန့်မှန်းထားသည်။ ထိုပုံစံအတိုင်းရောင်းတာက ပိုလွယ်ကူသည်။


လှေလှော်ရင်း အလုပ်ရှုပ်နေသောကြောင့် ဖုချောင်ကိုရောက်လျင် မြို့ပြင်မှာခေတ္တရပ်တန့်လိုက်ကြသည်။


သူတို့က ရေညှိများကို မြစ်ထဲမှာရေစိမ်ပြီးနောက် သန့်ရှင်းရေးလုပ်ကြသည်။ ကြည့်မကောင်းသောအပိုင်းများကို ဖြတ်ထုတ်ပစ်ပြီး ခပ်ပါးပါးလှီးဖြတ်လိုက်သည်။ ရေညှိများကို တစ်နေ့လုံး လှီးဖြတ်နေခဲ့ကြသည်။ တစ်ရာကီလိုမျှသာရှိသော ရေညှိခြောက်ကို သုံးရာကီလိုရလာအောင် ပိုင်းဖြတ်ပြီးနောက်မှာတော့ သူတို့လက်များပင် ပွန်းပဲ့နေချေပြီ။


ထို့ပြင် ရေညှိခြောက်အပုံလိုက်ကြီးက သူတို့၏လှေပေါ်မှာ အစကတည်းက မဆံ့မပြဲဖြစ်နေခဲ့သည်။ သို့သော် ရေစိမ်လိုက်တော့ ပိုတောင်များလာသေးသည်။ ထို့ကြောင့် သူတို့၏လှေနှင့်ပင် မဆံ့တော့ပေ။


ဖုချောင်မြို့ကြီးသည် အလွန်ကြီးမားပြီး ဥစ္စာဓနကြွယ်ဝချမ်းသာသည်။ ဟယ်ချောင်စီရင်စုနှင့် နှိုင်းယှဉ်ကြည့်၍ပင် မရပေ။


မနက်တိုင်းမှာ မြို့ပြင်ရှိလူများက မြို့ထဲမှာ အသီးအရွက်များ လာရောင်းကြသည်။ တချို့က ဆိုင်ခန်းပေါ်မှာ တင်ရောင်းကြပြီး တချို့ကတော့ လမ်းဘေးမှာသာ ရောင်းချကြလေသည်။


ဤရက်ပိုင်းအတွင်းမှာ ဖုချောင်မြို့၏ မြစ်ပြင်ထဲတွင် လှေတစ်စီးရောက်ချလာလေသည်။


သူတို့က ပင်လယ်စာရောင်းချဖို့ရောက်လာတာ ကျိန်းသေပေါက်ပင်။


ဖုချောင်မှာ ပင်လယ်စာသီးသန့်ရောင်းသည့်ဆိုင်များ ရှိသည်။ ဒေသခံများကလည်း ရင်းနှီးပြီးသားနေရာသို့ သွားဝယ်ရတာကိုသာ သဘောကျကြသည်။ ထို့ကြောင့် အစပိုင်းတော့ ဘယ်သူကမှ သူတို့ကို သတိမထားမိကြသလို ဝယ်ဖို့လည်း စိတ်ကူးမရှိကြပါ။ သူတို့ထဲက လူတစ်ယောက် အော်ပြောလာသောစကားကို မကြားခင်အထိပင်။


"ရေညှိတွေ..ရေညှိတစ်ပန်းကန်ကို တစ်ပြားပဲနော်"


ရေညှိတစ်ပန်းကန်ကို တစ်ပြားတည်းလား? သူတို့ ဘယ်လိုလုပ်ပြီးတော့များ ရေညှိကို ပန်းကန်လိုက်ရောင်းနိုင်ရတာလဲ?


တစ်စုံတစ်ယောက်က သန့်ရှင်းပြီး အမြင်တင့်တယ်လှသော အစိမ်းရောင်ရေညှိအပိုင်းသေးသေးလေးတွေကို ရောင်းနေတာမြင်တော့ လူတွေက အံ့သြသွားကြလေ၏။


"ဒီရေညှိက ဘယ်လောက်လဲ"


လက်ထဲမှာ ခြင်းတောင်းတစ်ခုကိုင်ထားသည့် အမျိုးသမီးအိုကြီးက လှမ်းမေးလိုက်သည်။


"ကြေးပြားတစ်ပြားပါ"


ကျန်းကျန့်က ရေညှိလက်တစ်ဆုပ်စာကိုယူပြီး အမျိုးသမီးကြီးကို ပေးလိုက်သည်။


လက်တစ်ဆုပ်စာ ရေညှိတွေကို သူထည့်လိုက်တော့ အများကြီးဟုထင်ရသည်။


အိမ်ပြန်ပြီး ချက်ပြုတ်လိုက်လျှင်လည်း တကယ်တမ်း ရေညှိတစ်ပန်းကန်စာ ရမှာပင်။ ထို့ပြင် ၎င်းက အလေးချိန်လည်း မများချေ။ အနည်းဆုံးတော့ ကျန်းကျန့်က ရေညှိကို ယခုလိုပုံစံမျိုးဖြင့်ရောင်းတော့ ရေညှိခြောက်ရောင်းတာထက် နှစ်ဆသုံးဆလောက် မြတ်သည်။


ထုပ်ပိုးပြီးသွားသည့်နောက် အမျိုးသမီးက အလွန်ကျေနပ်သွားသည်။


သူ(မ)အနေနှင့် ရေညှိခြောက်ကို ကြေးပြားနှစ်ဆယ်သုံးဆယ်ပေးပြီး ဝယ်ဖို့ မလိုလားသော်လည်း သူ(မ)၏ထမင်းစားပွဲမှာ အရံဟင်းထပ်ဖြည့်ဖို့အတွက်တော့  ကြေးပြားတစ်ပြားလောက်သုံးရန် လိုလားသည်။


အမျိုးသမီးကြီးက ရေညှိကို ဦးဆောင်ပြီးဝယ်ပြလိုက်သည့်အခါ တခြားလူများကလည်း ရောက်လာကြလေတော့သည်။ အများစုက ရေညှိကို ကြေးတစ်ပြားဖိုးသာဝယ်ကြသော်လည်း တချို့ကတော့ နှစ်ပြားသုံးပြားဖိုးလောက် ဝယ်ယူကြသည်။ သို့ဖြစ်ရာ သူတို့က ကျန်းကျန့်ကို ပိုပိုသာသာထည့်ပေးဖို့ စျေးဆစ်ကြသည်။


"ပိုထည့်ပေးရင်တော့ ကျွန်တော်အရှုံးပေါ်ကုန်တော့မှာပဲ"


ကျန်းကျန့်က ပြုံးရုံပြုံးပြလိုက်ပြီး ရေညှိများကို အလကားမပေးလိုက်ပေ။ သို့သော် ထိုအစား သူက နံဘေးရှိ ခုံးကောင်နှစ်ကောင်ကိုယူကာ သူတို့အား ပေးလိုက်သည်။


"ဒါတွေကိုယူသွားလိုက်ပါ။ ကလေးတွေကို ကစားဖို့ ပေးလို့ရတယ်"


ဤမြို့ရှိလူအများစုက ခုံးကောင်ကိုမမြင်ဖူးကြပေ။ ထို့ကြောင့် သူတို့ခမျာ အံ့သြဘနန်းဖြစ်နေကြသည်။


"ဒါက ဘာတွေလဲ"


"ခုံးကောင်တွေက ပင်လယ်ထဲကရတာပဲလေ။ သူတို့ထဲမှာပါတဲ့အသားက စားလို့ရတယ်။ အများကြီးတော့မပါဘူးပေါ့"


ကျန်းကျန့်က ပြောပြလိုက်၏။ ဟယ်ရှီရွာမှာတုန်းက သူ့ကိုယ်သူ သူစိမ်းတစ်ယောက်လို ခံစားရသဖြင့် စျေးဝယ်သူများကိုဆွဲဆောင်ဖို့ သဘာဝကျကျမပြုံးပြနိုင်ခဲ့ချေ။ သို့သော် ယခုတော့ သူ့မှာ ငွေရှာဖို့လိုအပ်နေပြီဖြစ်၏။


ယခင်က သူမလုပ်နိုင်ခဲ့တဲ့တာဝန်ရယ်လို့ ရှိခဲ့ဖူးလို့လား။


ဒါက စိတ်အားတက်တက်ကြွကြွနဲ့ စျေးရောင်းရုံလေးပဲ မဟုတ်ဘူးလား။


တကယ်တမ်းတော့ ဤအရာက အသေးအဖွဲလေးပင်။  ထိုအလုပ်ကို သူက အဓိကလုပ်ရမည်သာ။ အကြောင်းမှာ ဝမ်ဟိုင်ရှန်းက စျေးဝယ်သူတွေကို မဆွဲဆောင်တတ်သလို စာရင်းလည်း မတွက်ချက်တတ်ပေ။


ကျန်းကျန့်၏စျေးဆိုင်လေးက မြစ်ကမ်းပါးပေါ်မှာ ရှိပြီး လှေကတော့ မြစ်ထဲမှာရှိ၏။ ယခုအချိန်မှာ ကျန်းကျန့်က စျေးရောင်းရန် တာဝန်ယူထားပြီး ဝမ်ဟိုင်ရှန်းကတော့ ရေညှိများကို သန့်စင်နေသည်။


သူတို့အနေနှင့် ရေညှိများကို မရောင်းခင် အနည်းဆုံးတစ်ရက်ကြာအောင် ရေစိမ်ရမည်ဖြစ်၏။ ဝမ်ဟိုင်ရှန်က နောက်တစ်ရက်လုပ်ရမည့်အလုပ်အတွက် အခုကတည်းက အလုပ်ရှုပ်နေရှာသည်။


ကျန်းကျန့်က ခုံးကောင်အများကြီးကို ရွေးထုတ်လိုက်ပြီး အဆစ်ပေးရာ၌ အဓိကအသုံးပြုလေသည်။ ထိုခုံးကောင်များကို တစ်ကီလိုလျှင် ကြေးပြားသုံးပြားဖြင့်လည်း ရောင်းချသေးသည်။ ၎င်းတို့ကိုရောင်းချရင်း ကျန်းကျန့်က ပြောပြလိုက်သေး၏။


"အထဲမှာ သဲတွေလည်းပါသေးတယ်။ တကယ်လို့ စားချင်တယ်ဆိုရင် ရက်နည်းနည်းလောက်ကြာအောင် အရင်သိမ်းထားတာ ပိုကောင်းတယ်။ အဲ့လိုမှမဟုတ်ရင် အသားကိုကော်ထုတ်ပြီး အရင်ဆေးကြောပြီးမှ ဆားစိမ်ဟင်းရွက်နဲ့ရောချက်လိုက်"


ဤမြို့ရှိလူများက တစ်ခါတလေမှာ ယောက်သွားကို ဆားစိမ်ဟင်းရွက်နှင့် ရောချက်တတ်ကြသည်။


တစ်ရက်တာ ကုန်ဆုံးသွားပြီးနောက် ရေညှိသုံးရာကီလိုနှင့် ငါးဆားနယ်အတော်များများ ရောင်းချလိုက်နိုင်ပြီး ခုံးကောင်တစ်ဝက်တောင် ရောင်းလို့ကုန်သွားလေပြီ။


သူတို့ရောင်းသည့် ငါးဆားနယ်စျေးနှုန်းက တခြားလူများနှင့် အတူတူပင်။ ထို့ကြောင့် သူတို့ သိပ်မရောင်းရပါ။ သို့သော် ရေညှိကတော့ တော်တော်မြတ်သည်။ ရေညှိကစျေးချိုပေမဲ့ ၎င်းကိုပါထည့်ပေါင်းလိုက်တော့ သူတို့ ဝင်ငွေတော်တော်များများ ရလိုက်သည်။ ရေညှိတွေအကုန်ရောင်းကုန်ဖို့အတွက် ရက်တော်တော်ကြာလိမ့်မည်ဖြစ်ရာ ထိုရက်တွေအတွင် သူတို့ အလုပ်များနေရဦးမည်သာ။


ညရောက်တော့ ကျန်းကျန့်က ရေညှိတွေသန့်စင်နေရသည့်အတွကိ ကောင်းကောင်းမအိပ်ရပေ။ သူသည် ညနက်သည်အထိ အလုပ်လုပ်ဖို့ ဆန္ဒမရှိပေ။ ထိုအကြောင်းကို တွေးတောကြည့်ပြီးနောက်မှာတော့ ငါးဆားနယ်နှစ်ကောင်ကိုသုံးကာ အသက်ဆယ့်နှစ်နှစ်၊ဆယ့်သုံးနှစ်အရွယ်ကောင်လေးတစ်ယောက်ကို ကူလုပ်ပေးဖို့ အလုပ်ခန့်လိုက်သည်။


နောက်တစ်နေ့တွင် ကျန်းကျန့်က ရေညှိ ဆက်ရောင်းပြန်သည်။


မနေ့က ရေညှိကြေးတစ်ပြားဖိုး ဝယ်သွားသည့်လူတွေက သူတို့ဝယ်ထားသောရေညှိများကို အကုန်စားပစ်လိုက်ကြပြီဖြစ်၏။ တချို့က ယနေ့မှာ ပိုဝယ်သွားကြသည်။ ထို့ပြင် သူတို့က စျေးဝယ်မည့်လူအသစ်များကိုပင် ခေါ်လာကြသေးသည်။


ဆယ်ရက်အတွင်းမှာတင် ကျန်းကျန့်နှင့် ဝမ်ဟိုင်ရှန်းတို့ ရေညှိများကို အကုန်ရောင်းထုတ်လိုက်နိုင်သည်။ သို့သော် နောက်ရက်များမှာတော့ သူတို့၏စီးပွါးရေးက အခြေအနေသိပ်အကောင်းကြီးမဟုတ်ပေ။ အကြောင်းက မြို့ထဲရှိ တခြားပင်လယ်စာကုန်သည်များကလည်း မရောင်းခင်မှာ သူတို့လို ရေစိမ်၊သန့်ရှင်းရေးလုပ်ပြီး အပိုင်းပိုင်းဖြတ်ကာ ရောင်းချလာသောကြောင့်ပင်။


နောက်ဆုံးတော့ ငွေရှာဖို့နည်းလမ်းကို သူ စဉ်းစားနိုင်ခဲ့သော်လည်း တစ်ကြိမ်သာ သုံးလိုက်နိုင်လေသည်။ ကျန်းကျန့်က နှမြောဖို့ကောင်းသည်ဟု ခံစားလိုက်ရသည်။ သို့သော် သူ့လက်ထဲမှာရှိသောငွေများကို တွက်ချက်ပြီးနောက်မှာတော့ အလွန်ကျေနပ်သွားရသည်။


ဤကုန်ပစ္စည်းများကို ဝယ်ခဲ့ရသည့်ကုန်ကျစရိတ်နှင့်သွားရေးလာရေးစရိတ်များအတွက် သူ ငွေစဆယ့်နှစ်စကို သုံးခဲ့ရသည်။ သို့သော် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာ သူ ငွေစသုံးဆယ်စတောင် ရခဲ့လေသည်။ တစ်နည်းဆိုရလျှင် လှေအတွက် ကုန်ကျခဲ့သည့်စရိတ်ကိုပါ နှုတ်လိုက်လျှင် ဤခရီးမှာ သူ စုစုပေါင်းငွေစဆယ့်ရှစ်စကို စုဆောင်းနိုင်ခဲ့သည်။ လှေပေါ်မှာလည်း ကုန်ပစ္စည်းတွေအများကြီး ကျန်နေဆဲပင်။


ငွေရှာတာကတော့ ငွေရှာတာဆိုပေမဲ့ သူတို့လည်း အလွန်ပင်ပန်းနေပြီသာ။


ကျန်းကျန့် ဝမ်ဟိုင်ရှန်းနှင့်ဆွေးနွေးပြီးနောက် မပြန်ခင် နားရက်တစ်ရက်ယူဖို့ ဆုံးဖြတ်လိုက်ကြသည်။ သို့သော် ထိုတစ်ရက်အတွင်းတွင် ကျောက်ကျင်းကောတို့်မိသားစုခမျာ ဒုက္ခခံစားနေရကြောင်းကိုတော့ သူတို့ မသိကြရှာပေ။