အပိုင်း၄၆
Viewers 24k

Chapter 46

Chapter 46

ဖိအားတစ်ရပ်ကို ရင်ဆိုင်ရန် အိမ်ပြန်ခြင်း




အောင်သွယ်တော်ဟယ်ကို မောင်းထုတ်လိုက်ပြီးကတည်းက ကျောက်မိသားစုသည် ဤကိစ္စ ဤနေရာမှာတင် တစ်ခန်းရပ်ပြီဟု ထင်ခဲ့သည်။ သို့သော် သူတို့အထင် မှားသွားလေသည်။ လီမိသားစုသည် လက်လျှော့ဖို့ ငြင်းဆန်နေပေ၏။


တကယ်တော့ လီကျူးကျန်က ကျောက်ကျင်းကောကို လက်မထပ်ချင်ပါ။ သူက အလွန်ပိန်ပါးပြီး အရပ်ပုနေပေမဲ့ ကျောက်ကျင်းကော၏အရပ်အမောင်းကတော့ သူ့ထက် ခေါင်းတစ်လုံးစာ ပိုရှည်နေပေသည်။ သူတို့သာ အတူရပ်နေလိုက်ပါက တခြားလူများက သူ့ကိုသာ ကောဟု ထင်ကြပေလိမ့်မည်။ ထို့ကြောင့် ကျောက်ကျင်းကောကို စိတ်ဝင်စားမိဖို့က သူ့အတွက် အထူးအဆန်းဖြစ်နေ၏။


သို့သော် သူ့မိသားစုကတော့...


လီကျူးကျန်၏အဖေသည် သူ့လို ပိန်ပိန်ပါးပါးသာ ဖြစ်ပြီး သူ့အမေက အလုပ်ကြိုးစားသူတစ်ယောက် မဟုတ်ပေ။ သူ့ကလေးတွေထဲက အကြီးဆုံးတစ်ယောက်ကလည်း ဆယ်နှစ်သာရှိသေးသည်။ သူက လူကောင်သေးသေးလေးဆိုသော်ငြား အလွန်အစားကြီး၏။


ဘာမှစားစရာမရှိတော့သည့်အခါ သူတို့ သည်အတိုင်းထိုင်နေ၍မဖြစ်ချေ။


တခြားရွေးချယ်စရာသာ ရှိပါက လီမိသားစုသည် ကျောက်ကျင်းကောကို ရွေးချယ်လိမ့်မည်မဟုတ်။ သို့သော် တခြားရွေးချယ်စရာတွေ ရှိဦးမှာတဲ့လား။ သူ့မိဘများ၏ဖျောင်းဖျမှုအောက်မှာ လီကျူးကျန်သည် အံတင်းတင်းကြိတ်ကာ ကျောက်ကျင်းကောကို လက်ထပ်ဖို့ သဘောတူလိုက်သည်။ ထို့နောက် သူတို့ လက်တွေ့အကောင်အထည်ဖော်ဖို့ လုပ်ငန်းစပါတော့သည်။


အောင်သွယ်တော်ဟယ်ဘက်က အစမကောင်းခဲ့သည့်အတွက် လီကျူးကျန်၏အမေ လီလျူက လူချင်းတွေ့ပြီးပြောဖို့ သွားလေတော့သည်။


ကျောက်မိသားစုကို သူ(မ) သွားရှာပြီးနောက် စောဒကတက်ကာ ငိုကြွေးလေတော့သည်။ ထို့နောက် ကျောက်ကျင်းကောကို သူ(မ)၏သားနှင့် လက်ထပ်ပေးပါရန် တောင်းဆိုလာသည်။


ကျောက်လျူသည် သဘာဝကျကျပင် မလိုလားပေ။ သို့သော် လီကျုးကျန်၏အမေက အလွန်ခေါင်းမာလှသည်။ သူ(မ)၏ဆန္ဒမပြည့်မချင်း လုံးဝအလျှော့မပေးချေ။ သူ(မ)က ကျောက်လျူကို နေ့တိုင်း ဖိအားလာပေးလေသည်။ ထို့ပြင် သူ(မ)သည် အောင်သွယ်တော်ဟယ်လို မဟုတ်ပေ။ အောင်သွယ်တော်ဟယ်က ကျောက်ကျင်းကောကို နှိမ်သွားခဲ့သော်လည်း သူ(မ)ကတော့ စလာကတည်းက ကျောက်ကျင်းကောကို ချီးမွမ်းခန်းဖွင့်နေလေသည်။ ကျောက်ကျင်းကောကို သူ့ချွေးမဖြစ်လာစေချင်ကြောင်းနှင့် အနာဂတ်မှာ သူ့အပေါ် ကောင်းကောင်းဆက်ဆံမည့်အကြောင်းကိုပါ ပြောလာပြန်၏။


"ကျင်းကောက ငယ်ငယ်လေးကတည်းက ကျွန်မ သဘောကျခဲ့ရတဲ့ကလေးပါ။ ရှုမျိုးရိုးကိုမျက်စိကျနေခဲ့တဲ့ ဟိုအကောင်စုတ်ကြောင့်သာမဟုတ်ရင် ကျင်းကောက ကျွန်မရဲ့ချွေးမဖြစ်ပြီးတာကြာပြီ"


"ဒီကနေ ဆယ်မိုင်အတွင်းတင်မကဘူး တစ်မြို့လုံးထဲမှာတောင် ကျင်းကောထက် ပိုကောင်းတဲ့လူမရှိပါဘူး။ သူ့ကို ဘယ်လိုများငြင်းနိုင်မှာတဲ့လဲ။ အဲ့ဒီအောင်သွယ်တော်ရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေကို နားမထောင်ပါနဲ့နော်"


"ကျင်းကောသာ ကျွန်မတို့အိမ်ကိုရောက်လာရင်လေ သူ့ကို ကောင်းကောင်းဆက်ဆံမှာပါ။ ဘယ်တော့မှ ပစ်မထားပါဘူး"


"အဲ့ဒီကလေးလေးယောက်ဆိုတာကလည်း နောက်များကျရင် အိမ်ကခွါသွားမဲ့လူတွေချည်းပါပဲ။ ကျင်းကောသာ ကျွန်မတို့မိသားစုထဲကိုရောက်လာရင် ကျင်းကောရဲ့ကလေးတွေကသာ ပထမဦးစားပေးဖြစ်စေရမယ်လို့ အာမခံပါတယ်"


လီလျူတစ်ယောက် ကျောက်မိသားစုအိမ်ကို နေ့တိုင်းသွားလာနေပုံမှာ သူ(မ)ယခင်က ကျောက်ကျင်းကောကို မင်္ဂလာကိစ္စကမ်းလှမ်းတုန်းကလို စိတ်ရင်းအပြည့်နှင့်လုပ်နေသည်ဟု ထင်ရသည်။ သူ(မ)သည် စိတ်ရင်းအတိုင်းပြုမူနေပုံပေါက်နေသဖြင့် ဟယ်ရှီရွာမှာရှိသော တခြားလူများကပါ သူ(မ)အတွက် ဝင်ပြောပေးလာသည်။


ကျောက်လျူက အခြားသူများနှင့် ​ပတ်သက်ဆက်ဆံရတာကို မကြိုက်လှသော်ငြား ဟယ်ရှီရွာမှာ သူ(မ)နှင့်ရင်းနှီးသောလူများလည်း ရှိနေသေး၏။ ဤရက်တွေအတွင်းမှာ ကျောက်မိသားစုအိမ်မှာ အလွန်လှုပ်ရှားသက်ဝင်နေလေသည်။


"ရှင်တို့ရဲ့ကျင်းကောက တစ်သက်လုံး လက်မထပ်ဘဲနေလို့မှမဖြစ်တာ"


"ရွာထဲက ထိပ်ပြောင်ပြောင်နဲ့လူကြီးကို မှတ်မိလား။ လက်မထပ်ဘဲ တစ်ယောက်တည်းနေတာလေ။ မနှစ်တုန်းက သူအဆာငတ်ပြီး အိမ်ထဲမှာ တစ်ယောက်တည်းသေနေတာ ဘယ်သူမှတောင် မသိလိုက်ကြဘူး"


"အဲ့ဒီလူက ဒဏ်ရာရပြီးဖျားသွားတာ။ တစ်ယောက်ယောက် သူ့ကိုကူညီခဲ့သင့်တယ်"


ဤလူတွေထဲမှာ မလိုတမာအငြိုးများနှင့် ပြောနေသူမပါချေ။ သူတို့သည် စိတ်ရင်းဖြင့်ဖျောင်းဖျနေကြခြင်းပင်။


ကျောက်လျူကိုယ်တိုင်ကလည်း ထိုမျှအထိပြတ်သားသူတစ်ယောက် မဟုတ်ပေ။ ယခင်က သူ လီကျူးကျန်ကို သဘောမကျခဲ့သော်လည်း ဤလူတစ်စုပြောနေသောစကားများကိုကြားပြီးနောက် လီကျူးကျန်က သိပ်မဆိုးလှဟု ရုတ်ခြည်းတွေးမိသွားသည်။ သူတို့၏မိသားစုအရေးကိစ္စများက ရှုပ်ထွေးသော်လည်း အနည်းဆုံးတော့ သူတို့မှာ ကိုယ်ပိုင်​လယ်ကွက်ရှိသေးသည်။ ကျင်းကောသာ အလုပ်လုပ်ချင်စိတ်ရှိနေသေးသရွေ့ သူ ငတ်ပြတ်သွားမှာမဟုတ်။



ထို့အပြင် သူတို့၏သားက အလွန်ပိန်လှီလွန်းလှသည်။ ထို့ကြောင့် ကျင်းကောက သူ့ကို အမြဲရိုက်နှက်ဆုံးမနိုင်သေးသည်။


ကျောက်လျူ၏အတွေးကတော့ ထိုသို့ပင်။ ထို့ကြောင့် ညရောက်တော့ သူ(မ) ကျောက်ကျင်းကောနှင့် စကားပြောလေတော့သည်။


"ကျင်းကော လီမိသားစုက ဒီကိုနေ့တိုင်းလာနေတာ"


"အမေ ကျွန်တော် သူ့ကိုလက်ထပ်မှာမဟုတ်ဘူး"


ကျောက်ကျင်းကောက မျက်မှောင်ကြုတ်ထားရင်း ဆုံးဖြတ်ချက်ခိုင်မာစွာ ပြောလိုက်၏။


ကျန်းကျန့်က ပင်လယ်စာသွားဝယ်မည်ဆိုတုန်းက ငါးရက်လောက်ကြာမည်ဟုသာ ပြောသွားခဲ့သည်။ သို့သော် ယခု ဆယ်ရက်တောင်ကျော်နေလေပြီ။ သူ ဘာကြောင့် ပြန်မလာသေးတာလဲ။ ကျန်းကျန့်နှင့် ပတ်သက်သည့်သတင်းကို မေးမြန်းစုံစမ်းစရာလူလည်း မရှိ။ သူ စိုးရိမ်ပူပန်နေရသည့်ကြားထဲ လီမိသားစု နေ့တိုင်းလာနှောင့်ယှက်တာလည်း ခံနေရ၏။ ထို့ကြောင့် သူ အတော် စိတ်အခြေအနေမကောင်းလှပေ။


ကျောက်လျူက သက်ပြင်းချသည်။


"ကျင်းကော မင်း အဖေနဲ့အမေ့ကိုလွမ်းမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ မင်းရဲ့နောင်ရေးအတွက်လည်း ပြန်စဉ်းစားရဦးမယ်လေ"


"အမေ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် လီကျူးကျန်ကိုတော့ လက်ထပ်မှာမဟုတ်ဘူး"


ကျောက်ကျင်းကောက ဆုံးဖြတ်ထားပြီးသားဖြစ်၏။


"မင်း မိထွေးမဖြစ်ချင်လို့လား။ ဒါမှမဟုတ် သူတို့မိသားစု အရင်ကလုပ်ခဲ့တဲ့လုပ်ရပ်ကို မုန်းလို့လား"


ကျောက်လျူက ထပ်မေးလေသည်။


"ဘယ်ဟာမှမဟုတ်ပါဘူး"


ကျောက်ကျင်းကောက ပြော၏။ လီကျုးကျန် စေ့စပ်ပွဲကိုဖျက်သိမ်းသွားသည့်အဖြစ်က သူ့ကို မသက်မသာဖြစ်စေတာမျိုးမရှိ ။ မိထွေးအဖြစ် နေရမှာကိုလည်း သူ ဘယ်လိုမှမခံစားရပေ။


"ဒါဆို ဘာလို့လဲ"


ကျောက်လျူမှာ ပဟေဠိဖြစ်နေလေသည်။


ကျောက်ကျင်းကောမှာ ပြန်မဖြေခင် ခေတ္တမျှတုံ့ဆိုင်းနေသေးသည်။


"ကျွန်တော် သူ့ကိုမကြိုက်ဘူး..."

အခု ကျွန်တော် ကျန်းကျန့်ကိုပဲ သဘောကျတယ်


ကျောက်လျူ ထိုအဖြေကိုကြားသောအခါ ပို၍ပင်ပဟေဠိဖြစ်သွားရသေးသည်။ သူ(မ)ခမျာ သဘောပေါက်ဖို့ ခဏမျှအချိန်ယူလိုက်ရသည်။


"သူက အရမ်းပိန်တယ်လို့ မင်းထင်တာလား။ ဟုတ်တာပေါ့။ သူကလည်း တကယ်ကို လူကောင်သေးပါတယ်လေ"


ကျောက်ကျင်းကောက လီကျူးကျန်ကို သဘောမကျပေ။ ၎င်းမှာ သူ့အရပ်အမောင်းကြောင့် မဟုတ်သော်လည်း ကျောက်လျူကတော့ ထိုသို့သာ ထင်နေသည်။ ထို့ကြောင့် သူလည်း အသာတကြည်လက်ခံလိုက်ပြီး ထပ်ပြောလိုက်သည်။


"ကျွန်တော် သူ့ကို လက်ထပ်မှာမဟုတ်ဘူး..."


"ကောင်းပြီလေ ကျင်းကော မင်း သူ့ကိုလက်မထပ်ချင်ရင်လည်း မေ့လိုက်ပါတော့..."


ကျောက်လျူက သက်ပြင်းချလိုက်၏။


ကျောက်ကျင်းကောလည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ တစ်ဖက်မှာတော့ ကျန်းကျန့်သည် သူ့ဆိုင်ခန်းကိုသိမ်းလိုက်ပြီး ဝမ်ဟိုင်ရှန်းချက်ကျွေးသောဟင်းကို မြည်းစမ်းနေပေသည်။ ထို့နောက် ငါးညှီနံ့များလှိုင်လှိုင်ထနေသော လှေထဲကိုဝင်သွားပြီး အိပ်စက်လေတော့သည်။


ဤရက်ပိုင်းတွင် အလုပ်ကူလုပ်ဖို့ ကလေးတစ်ယောက်ကို အလုပ်ခန့်ထားသော်ငြား အလုပ်ပိနေသောကြောင့် သူ ပင်ပန်းဆဲသာ ဖြစ်၏။


နောက်တစ်နေ့မနက် နေမထွက်ခင်အထိ သူ တစ်ရေးပင်နိုးမလာချေ။


လွန်ခဲ့သည့်ရက်အနည်းငယ်တုန်းက သူ စိတ်တင်းထားသဖြင့် ခံနိုင်ရည်ရှိသေးသည်။ အနားယူလိုက်သည့်အခါမှာတော့ အနည်းငယ်အားနည်းနေသလို ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် ယနေ့က သူတို့၏နားရက်ပင်။


ပိုက်ဆံခြွေတာဖို့ရာအတွက် ကျန်းကျန့်နှင့် ဝမ်ဟိုင်ရှန်းတို့သည် လှေပေါ်မှာသာ အိပ်ကြပြီး အစားအသောက်အတွက် ဆန်အနည်းငယ်နှင့် ရေညှိကိုသာ ချက်ပြုတ်စားသောက်ကြသည်။ သို့သော် ယနေ့တော့ ငွေရှာပြီးနောက် နားရက်ရထားသည့်အတွက် သူတို့ကိုယ်သူတို့ ဆိုးဆိုးဝါးဝါးဆက်ဆံစရာမလိုပေ။


ကျန်းကျန့်နှင့် ဝမ်ဟိုင်ရှန်းတို့သည် ထမင်းတစ်အိုးချက်လိုက်ပြီး ဝက်သားအနည်းငယ်နှင့် အရွက်ကြော်များကို ဝယ်လိုက်သည်။ သူတို့ နှစ်ပန်းကန်စီ စိမ်ပြေနပြေစားပစ်လိုက်သည်။


"လှေကို ခဏကြည့်ထားလိုက်ဦးနော်။ ငါ မြို့ထဲသွားမလို့..."


စားသောက်ပြီးနောက် ကျန်းကျန့်က ဝမ်ဟိုင်ရှန်းကို ပြောလိုက်၏။


သူတို့လှေပေါ်မှာ မရောင်းရသေးသည့် ငါးဆားနယ်နှင့် ရေညှိအမြောက်အမြားကျန်နေသေးသည်။ ထိုပစ္စည်းများကို ဟယ်ချောင်စီရင်စုဆီသို့ သူတို့ ပြန်ယူသွားမည်ဖြစ်၏။ ထို့ကြောင့် လှေကို စောင့်ကြည့်မှဖြစ်ပေလိမ့်မည်။


ဝမ်ဟိုင်ရှန်းကလည်း သဘောတူသည်။ ထို့နောက် ကျန်းကျန့်သည် မြို့အနှံ့ လှည့်ပတ်ကြည့်ရန်အတွက် ကုန်းပေါ်သို့တက်သွားလေသည်။ ဤမြို့သည် ဟယ်ချောင်ထက် ပိုကြီးမားသော်လည်း ဘယ်လောက်ထိ ကြီးလဲဆိုတာကိုတော့ သူမသိပေ။ ယန်ကျီမြစ်၏တောင်ဘက်မှာရှိနေသောကြောင့် မြင့်လွန်းသောမြို့နံရံများမရှိသလို စီးပွါးရေးအခြေအနေကလည်း ဥစ္စာဓနပေါကြွယ်ဝလေသည်။


ကျန်းကျန့်သည် ယခင်က ဟယ်ချောင်ရှိ လူသုံးကုန်ပစ္စည်းအမျိုးမျိုး၏ စျေးနှုန်းကို စုံစမ်းခဲ့ဖူးသည်။ ဤနေရာကို သူရောက်တော့ ဖုချောင်မြို့ရှိ စျေးနှုန်းများကိုလည်း စုံစမ်းပြန်၏။ ဟယ်ချောင်ကို သူပြန်သည့်အခါ သူ လက်ဗလာနှင့် ပြန်မသွားချင်ပါ။ တချို့ကုန်ပစ္စည်းများကို ပြန်သယ်သွားသင့်သည်သာ။


ဖုချောင်ရှိ တချို့ပစ္စည်းများက ဟယ်ချောင်ထက် စျေးကြီးပြီး တချို့ကတော့ ဟယ်ချောင်ထက် ပိုစျေးပေါသည်။ ဥပမာ ဆီနှင့် အထည်စျေးက ဟယ်ချောင်ထက် ပိုစျေးနည်းသည်။


ဤခေတ်မှာ အမြတ်အစွန်းအများဆုံးကုန်ပစ္စည်းကတော့ ဇိမ်ခံပစ္စည်းများသာ ဖြစ်၏။ သို့သော် ကျန်းကျန့်မှာ ထိုပစ္စည်းများကိုဝယ်ဖို့ အရင်းအနှီးလုံလုံလောက်လောက်မရှိ။ ထို့ကြောင့် ဟယ်ချောင်မှာထက် ပိုစျေးပေါသော နေ့စဉ်သုံးလူသုံးကုန်ပစ္စည်းများကိုသာ ဝယ်သွားဖို့ ဆုံးဖြတ်လိုက်သည်။


ကျန်းကျန့်အလိုချင်ဆုံးက ဆီဖြစ်သည်။ သို့သော် လက်ရှိမှာ ဆီကြိတ်သည့်အလုပ်ရုံက ဆီလာဝယ်သည့်လူများအတွက် ဆီပုံးများမပြင်ဆင်ထားပေးချေ။ ဆီပုံးကို ဘယ်မှာမှရှာလို့မရသည့်အတွက် ဆီဝယ်ဖို့ကို ခဏလောက်လက်လျှော့လိုက်ရပြီး ငွေစသုံးဆယ်တန်သော အထည်များကို ဝယ်ယူရန် ဆေးဆိုးပန်းရိုက်အလုပ်ရုံကို သွားလေတော့သည်။


ဆီစိမ်စာရွက်တချို့ကို သူဝယ်ပြီးနောက် အထည်များကို လိပ်ပတ်ကာ ငါးဖမ်းလှေပေါ်ရှိစင်ပေါ်ကို တင်ထားလိုက်သည်။ ကျန်းကျန့် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ တစ်နေ့တာတော့ ကုန်လွန်သွားချေပြီ။


မနက်စောစောမှာ ကျန်းကျန့်နှင့် ဝမ်ဟိုင်ရှန်းတို့ ဟယ်ချောင်သို့ ထွက်ခွါလာခဲ့တော့သည်။ ဟယ်ချောင်ကိုရောက်တော့ အတော်ပင်မှောင်နေချေပြီ။


မှောင်နေပြီဖြစ်သောကြောင့် ကျန်းကျန့်က ဟယ်ရှီရွာကိုပြန်ဖို့မလောဘဲ လှေပေါ်မှာသာ တစ်ညအိပ်လိုက်သည်။ နောက်တစ်နေ့မနက်စောစောတွင် အထည်များကို စီရင်စုထဲရှိအထည်ဆိုင်ကို ယူသွားလေသည်။


ဟယ်ချောင်မှာ အထည်ဆိုင်နှစ်ဆိုင်ရှိသည်။ တစ်ဆိုင်ကတော့ နည်းနည်းသေးပြီး နောက်တစ်ဆိုင်ကတော့ တော်တော်ကြီးသည်။ ထိုအထည်ဆိုင်နှစ်ဆိုင်က အထည်များကို သူတို့ဘာသာဝယ်ယူပြီး ပြန်မရောင်းခင် သူတို့ကိုယ်ပိုင်ဆိုင်မှာပင် ဆေးဆိုးပန်းရိုက်ပြုလုပ်ကြသည်။ သာမန်အရောင်နှင့် ရိုးရိုးဝတ်စုံများကိုလည်း ရောင်းချသေးသည်။


သို့သော် သူတို့က ပစ္စည်းဝယ်ဖို့အတွက် ရံဖန်ရံခါအပြင်သွားကြရသည်။ ထို့ကြောင့် ကျန်းကျန့်က သူတို့၏တံခါးရှေ့အရောက် အထည်များ သယ်လာသောအခါ သူတို့ အထည်များကို လက်ခံလိုက်ကြသည်။ သို့သော် အမြတ်အစွန်းများများစားစားမရပေ။ ငွေစသုံးဆယ်တန်သော အထည်များသည် ငွေစသုံးဆယ့်နှစ်စဖြင့်သာ ရောင်းချနိုင်ခဲ့သည်။


လဝက်မျှကြာသော ဤခရီးအတွင်း ကျန်းကျန့်မှာ ငွေစနှစ်ဆယ့်နှစ်စ ရလိုက်သည်။ တခြားလူတွေသာ ထိုအကြောင်းကိုသိပါက သူတို့ သေလောက်အောင် မနာလိုနေတော့မည်။  ကျန်းချောင်ရှန့်၏ယခင်အလုပ်က တစ်လကို ငွေနှစ်စသာ ရလေသည်။ ကျောက်ကျင်းကောကလည်း တစ်နှစ်လုံးအလုပ်လုပ်တာတောင် ငွေစသုံးလေးစသာ ရသည်။


သို့သော် တကယ်တမ်းတော့ ၎င်းက အရမ်းမများပေ။ ငွေတန်ဖိုးအရကြည့်လျှင် အနာဂတ်ရှိ ယွမ်နှစ်သောင်းနှင့် ညီမျှလေသည်။


ငွေစများကို သိမ်းဆည်းထုပ်ပိုးပြီးနောက် ကျန်းကျန့်သည် ဟယ်ရှီရွာကိုမပြန်ခင် ဝက်သားငါးကီလိုဝယ်ရန် ထွက်သွားလေသည်။


မွန်းတည့်ချိန်ကျမှသာ ကျန်းကျန့် ဟယ်ရှီရွာကိုရောက်လေသည်။ မနက်ပိုင်းတွင် သင်္ဘောကျင်းမှာ အုတ်ဂျုံယာဂုနှစ်ပန်းကန်အတွက် ကြေးပြားနှစ်ပြားသာ သူသုံးခဲ့သည်။ ထို့နောက်မှာတော့ သူ ဆာလောင်လာပြီး အိမ်လွမ်းနာကျလေတော့သည်။


သူသည် ဝမ်ဟိုင်ရှန်းနှင့်အတူ ကျန်နေသေးသောရေညှိများနှင့် ငါးဆားနယ်များကို သယ်ယူလိုက်သည်။ ကျန်းကျန့် ရွာကိုရောက်တော့ သူ ကျောက်ကျင်းကောအကြောင်းကို တွေးနေမိသည်။ သူ ဗိုက်ဆာနေသော်ငြား ကျောက်တဟူ၏အိမ်ကို ဖြတ်လမ်းက သွားလိုက်သည်။ သို့သော် ဤအချိန်ဆိုလျှင် လယ်ကွင်းထဲမှာ အမြဲအလုပ်လုပ်နေတတ်သူက ယခုတော့ ဤနေရာမှာ ရှိမနေချေ။


ကျန်းကျန့်မှာ စိတ်မတင်မကျဖြင့် အိမ်ကိုသာ ပြန်လာခဲ့လိုက်သည်။ သူ ကျောက်ကျင်းကောအတွက် အစားအသောက်ချက်ပြုတ်ပြီး သူ့ကိုသွားရှာဖို့ စီစဉ်လိုက်သည်။ သို့သော် သူ ကျောက်ကျင်းကောကို သူ့အိမ်မှာ တွေ့ရလိမ့်မည်ဟု ထင်မထားပေ။


ကျောက်မိသားစုအိမ်မှာ လူတွေ သည်လောက်အများကြီး ဘာလို့စုဝေးနေကြမှန်း သူမသိပေ။ ကျောက်ကျင်းကောကို စကားပြောနေသည့် အရပ်ခပ်ပုပုနှင့် လူတစ်ယောက်လည်း ရှိသေးသည်။ သို့သော် ထိုလူက ကျောက်ကျင်းကော၏လက်ကို ဖမ်းဆုပ်လိုက်တာကို သူမြင်လိုက်ရချိန်မှာတော့ ကျန်းကျန့် ရုတ်ခြည်းဒေါသထွက်လာလေသည်။


သူ့လူကိုများ ဘယ်ကောင်က ပရောပရည်လုပ်ရဲတာလဲ။ သတ်ပစ်ဖို့ အချိန်ကျပြီ။


ကျန်းကျန့် အလွန်မပျော်မရွှင်ဖြစ်နေသည့်ကြားက တစ်စုံတစ်ယောက်ပြောလိုက်သည့်စကားကို ကြားလိုက်ရသည်။


"ကျင်းကော လီကျုးကျန်က စိတ်ရင်းမှန်ပါတယ်။ မင်း သူ့ကိုလက်ထပ်သင့်တယ်"


ထိုအခိုက်အတန့်မှာ ကျန်းကျန့်၏နှလုံးသားထဲရှိ မီးတောက်လေးဟာ မီးပင်လယ်ကြီးအဖြစ်ကို ကူးပြောင်းသွားလေတော့သည်။ လွန်ခဲ့သည့်လဝက်အတွင်း စီးပွါးရေးလုပ်ရန်အတွက် သူ့ဒေါသကို သူထိန်းထားခဲ့သော်လည်း ယခုတော့ သည့်ထက်ပိုပြီးထိန်းမထားနိုင်တော့ချေ။ ကျန်းကျန့်သည် သူသယ်လာသောပစ္စည်းများကို ပစ်ချပြီး ဝါးလုံးချောင်းတစ်ချောင်းကိုယူကာ အပြေးသွားလေတော့သည်။


ကျောက်ကျင်းကောကလည်း ထိုအချိန်မှာ အလွန်ဒေါသထွက်နေချေသည်။


သူသည် ကျောက်တဟူ၏အိမ်မှာ ကောင်းကောင်းမွန်မွန်အလုပ်လုပ်နေခဲ့သည်။ သို့သော် အလုပ်လုပ်နေတုန်းမှာ မျှော်လင့်မထားဘဲ ပိန်းပါးပါးလူကြီးတစ်ယောက်က ကလေးလေးယောက်နှင့်အတူ ရောက်ချလာသည်။ ထိုလူက သူ့နားကိုချဉ်းကပ်လာပြီး အော်ပြောလေသည်။


"ကျင်းကော"


သူ့သားလေးယောက်ကလည်း ရောက်လာပြီး အော်ခေါ်ပြန်၏။


"မေမေ"


ထိုခေါ်သံကိုကြားပြီး ကျောက်ကျင်းကော၏မျက်နှာမှာ မည်းခနဲဖြစ်သွားရသည်။ တစ်ချိန်တည်းမှာပင် သူ ထိုလူကို မှတ်မိလိုက်သည်။ အဲ့ဒါ လီကျုးကျန်ကလွဲ၍ တခြားလူမဖြစ်နိုင်ပေ။


ကျန်းကျန့်က ရံဖန်ရံခါရှက်ရွံ့တတ်ပုံပေါ်သော်လည်း သူ့ခန္ဓာကိုယ်ကတော့ သန်သန်မာမာရှိ၏။ သို့သော် ဤလူကတော့ မတူ။ သူသည် ပိန်လှီပြီး လူကောင်သေးသည်။ အနည်းငယ်လန့်ချင်စဖွယ်ကောင်းလှသည်။


အရေးကြီးဆုံးအချက်မှာ ကျန်းကျန့် သူ့ကို စိုက်ကြည့်လိုက်ချိန်တိုင်းမှာ သူ့မျက်ဝန်းများဟာ သူတစ်ယောက်တည်းနှင့်သာ ပြည့်နှက်နေသည်။ ကျန်းကျန့်တစ်ယောက် ရှက်သွေးဖြန်းပြီး ရင်ခုန်သံမြန်နေတာကို သူ အတိုင်းသား မြင်နေရသည်။ သို့သော် ဤလူကတော့ ဆန့်ကျင်ဘက်ပင်။ ကျောက်ကျင်းကောသည် ဤလူ၏ မတည်ငြိမ်သောမျက်ဝန်းများနှင့် သူ့နောက်မှာပါလာသော ကလေးလေးယောက်ကို ကြည့်လိုက်သည်။ ထိုအခိုက်မှာ လူတွေကို ဘယ်လိုရိုက်နှက်ပစ်ရမလဲဆိုတာကို ကျန်းကျန့်ဆီက သင်ယူရန် စိတ်အားထက်သန်သွားရသည်။


သူ ဘယ်လောက်ပဲသန်မာသည်ဖြစ်စေ သူသည် ကောတစ်ယောက်ဖြစ်နေဆဲသာ။ သူ ငယ်ငယ်တုန်းကဆိုလျှင် ကျောက်လျူက သူ့ကို အိမ်ထဲမှာသာ နေခိုင်းထားသောကြောင့် သူနှင့်သက်တူရွယ်တူများ ဘယ်လိုရန်ဖြစ်ကြသလဲဆိုတာတောင် သူ မသိခဲ့ပေ။ နောက်ပိုင်းမှာ သူအရွယ်ရောက်လာတော့လည်း တခြားလူများနှင့် ရန်ပွဲမဖြစ်ခဲ့ဖူးချေ။ ထို့ကြောင့် ယခု သူ့မှာ ကူကယ်ရာမဲ့သလို ခံစားနေရသည်။ ထို့ပြင် ထိုလူက ကလေးလေးယောက်လည်း ပါနေသေးသည်။


သူ့ဆီမှာ ကပ်တွယ်နေသော ကလေးလေးယောက်ကိုခွါချရန် အချိန်အနည်းငယ်ယူလိုက်ရသည်။ သူတို့၏အော်သံကြားမှာပင် သူ လီကျူးကျန်ကို ထွက်သွားဖို့ပြောကာ ကြိမ်းမောင်းနေလေတော့သည်။ သို့သော် လီကျူးကျန်ကတော့ ထွက်သွားဖို့ငြင်းဆန်ပြီး သူ အလုပ်ဆက်မလုပ်နိုင်အောင် အနှောင့်အယှက်ပေးနေသည်။


လယ်ကွင်းထဲကို လာစစ်ဆေးသည့် ကျောက်တဟူက ထိုအဖြစ်ကိုမြင်ပြီး ထိုပြဿနာကို အိမ်ပြန်ပြီးဖြေရှင်းဖို့ ပြောလာလေသည်။ အဆုံးမှာတော့ ကျောက်ကျင်းကော အိမ်ပြန်လာခဲ့ရသည်။ လီကျူးကျန်ကလည်း သူ့နောက်ကလိုက်လာပြီး သူ့ကို အမေဟု တစာစာအော်ခေါ်ပြီး ကျောက်မိသားစုအိမ်မှာ နေချင်သည်ဟုပြောနေသော ကလေးများကလည်း ပါလာသေးသည်။


သူက ကျောက်မိသားစုကိုတောင် လာမှီခိုချင်နေသေးသတဲ့။


ကျောက်ဖူကွေ့၏အလုပ်နေရာက အနည်းငယ်အလှမ်းဝေးသည်။ ထို့ကြောင့် သူ ပြန်လာနိုင်ဦးမှာမဟုတ်ပေ။ ထိုအချိန်မှာပင် ရွာသားများကလည်း သူ့ကို လီကျုးကျန်နှင့်လက်ထပ်ဖို့ တိုက်တွန်းနေကြသေးသည်။ ကျောက်ကျင်းကော လက်သီးတင်းတင်းဆုပ်လိုက်ပြီး လီကျူးကျန်ကို ထိုးပစ်ချင်လာသည်။ ထိုအခိုက်မှာပင် သူ ဖုန်အလိမ်းလိမ်းဖြစ်နေသော ကျန်းကျန့်ကို မြင်လိုက်ရလိမ့်မည်ဟု ထင်မထားခဲ့ချေ။