အပိုင်း၄၇
Viewers 24k

Chapter 47

Chapter 47

ကျန်းကျန့်က ဇနီးသည်အား အတင်းအကြပ်ဆောင်ယူရန် လာရောက်




ယနေ့တွင် လီမိသားစုသည် အတင်းအကြပ် လက်ထပ်ရန်စိတ်ကူးဖြင့် ဤနေရာကို ရောက်လာသည်။လီကျူးကျန်က သူ့သားသမီးများကို ကျောက်မိသားစု၏အိမ်တွင် နေထိုင်စေခဲ့သည်။ဤနည်းဖြင့် ကျောက်ကျင်းကောက သူ့ကို လက်မထပ်ချင်ဘူးဆိုလျှင်ပင် လက်ထပ်ရမှာဖြစ်သည်။ကျောက်မိသားစုက တစ်ယောက်ယောက်ကို ရိုက်နှက်လျှင်. . .သို့မဟုတ် ကျောက်မိသားစုက တစ်စုံတစ်ယောက်ကို နာကျင်စေသည်ဆိုလျှင် ကျောက်မိသားစု၏ အပြစ်ဖြစ်သွားလိမ့်မည်။ထိုအခါ သူတို့ကိုဖမ်းပြီး လျော်ကြေးတောင်းမှာဖြစ်သည်။ကျောက်မိသားစုက လျော်ကြေးကို မပေးနိုင်ပါက သူတို့အနေဖြင့် ကျောက်ကျင်းကောအား သူတို့ကို လျော်ကြေးပေးခိုင်းရမည်မဟုတ်ပါလော။


မကောင်းသော အကြံအစည်များသည် ဆင်းရဲခြင်းမှ ဆင်းသက်လာသည်ဟူသည်က ငြင်းမရနိုင်သော အမှန်တရားတစ်ခုဖြစ်သည်။ လူတွေက ဆင်းရဲသည့်အတွက် တပေါင်းတည်း သိက္ခာကျရမည်ဆိုလျှင်ပင် ဘာမဆို လုပ်တတ်ကြ၏။ဤတစ်ကြိမ်မှာ လီမိသားစုက သိက္ခာကျသွားတော့ပေမည်။


ဟယ့်ရှီရှိ မိသားစုတိုင်းသည် အတော်လေး ကောင်းမွန်သော ဘဝနေထိုင်မှု ရှိခဲ့သောကြောင့် ၎င်းတို့အတွက် လီမိသားစု၏ အပြုအမူသည် အနည်းငယ် အရှက်မရှိလှပေ။သို့ပေမဲ့ သူတို့က အရှက်မရှိပေငြား ကျောက်ကျင်းကောက အနှီလီမိသားစုထက် ပိုကောင်းသည့်အိမ်ထောင်ဖက်ကို အမှန်တကယ် ရှာမတွေ့နိုင်ပါချေ။ထို့အပြင် လီမိသားစုက သူတို့ဆီ နေ့တိုင်းလာကြသည်။ထို့ကြောင့် သူတို့မှာ တခြားဘာမှ မရှိဘူးဆိုလျှင်ပင် အနည်းဆုံး သူတို့က စိတ်ရင်းပါကြသည်။လီမိသားစုက ကျောက်ကျင်းကောကို သူတို့မိသားစုထဲ အမှန်တကယ် လက်ထပ်ဝင်စေချင်သည်ဟု ရွာသားများ ထင်ခဲ့ကြ၏။ထို့အပြင် မိသားစုနှစ်ခုသည် အရင်တုန်းက စေ့စပ်ပွဲတစ်ခုနှင့် ချိတ်ဆက်ခဲ့ဖူးသည်မဟုတ်ပေလော။


ကျေးလက်ရှိလူများသည် စည်းရုံးရေးကို အမြဲယုံကြည်ကြပြီး အသေးအဖွဲအချက်များကို ထည့်သွင်းစဉ်းစားရန် ငြင်းဆန်ကြသည်။ မိခင်မရှိသော ကလေးလေးယောက်ကို တွေ့သောအခါ၊ ဟယ့်ရှီရှိလူများက ကျောက်ကျင်းကောကို သဘောတူအောင် နားချရန် ကြိုးစားကြသည်။


ယောက်ျားဆန်ပြီး အသက်ကြီးနေပြီဖြစ်သော ကျောက်ကျင်းကောလိုမျိုး ကောတစ်ယောက်အတွက် ဤအချိန်မှာ သူလက်ထပ်ပြီးလျှင်ပင် ကလေးရနိုင်ရန် မသေချာသည့်အတွက် ရှိပြီးသား သားသမီးတွေကို ရင်ဝယ်ပိုက်ရန်က မကောင်းသည့်အကြံမဟုတ်ပါချေ။


ဟုတ်သည်၊ အောင်သွယ်တော်ဟယ် ပြောခဲ့သလိုပဲ ကျောက်ကျင်းကောကလည်း ကလေးမမွေးနိုင်လောက်တော့ပေ။ဟယ့်ရှီတွင် အလားတူ တွေးခေါ်သူ အများအပြား ရှိခဲ့သည်။

ကျောက်ကျင်းကောနှင့် ပတ်သက်၍ ဖြတ်ထုတ်လိုက်သောဟင်္သါပြဒါးရိုင်းမှဲ့က မျိုးပွားမှုကိုထိခိုက်စေသည်. . .ကောတစ်ယောက်က မိန်းမတစ်ယောက်ထက် ကလေးယူရန် ပိုခက်သည်။ထို့အပြင် သူက သာမန်ကောတစ်ယောက်နှင့်ပင်မတူပါချေ။ကြည့်လိုက်သည်နှင့် သူက ယောက်ျားတစ်ယောက်မှန်း ရှင်းရှင်းလင်းလင်းမှန်းဆနိုင်လိမ့်မည်.


. .သူတကယ် ကလေးရနိုင်ပါ့မလား...


"ကျင်းကော ဒီကလေးတွေ ငိုနေတာကြာပြီ...သူတို့ကို မျက်နှာသစ်ဖို့ အရင်ခေါ်သွားလိုက်ပါ"


"ငါ ပြောစရာရှိတယ်"


"ဒီလီကျူးကျန်က အရမ်းရိုးသားတယ်လို့ ငါထင်တယ်"


. . .


ရွာကလူတွေအားလုံးက ကျောက်ကျင်းကောကို အကြံပေးကြပြီး လီကျူးကျန်ကလည်းဆိုသည်။


"ကျင်းကော... ငါက အမြဲတမ်း တုံးလွန်းခဲ့တယ်... မင်းရဲ့ ကောင်းတဲ့အချက်တွေကို ငါမသိခဲ့ဘူး...ငါပြောင်းလဲပါ့မယ်...အနာဂတ်မှာ မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါ့မယ်ကွာ"


ထိုစကားဆိုရင်း လီကျူးကျန် ကျောက်ကျင်းကောကိုကြည့်လိုက်သောအခါတွင် သူက သူ၏စိတ်မချမ်းသာမှုကို မဖုံးကွယ်ထားနိုင်ဆဲဖြစ်ပြီး မျက်လုံးများကို ဝေ့လည်ကြောင်ပတ် ရှောင်လွှဲနေသည်။


“အမေ. . . ”


ကလေးလေးယောက်မှာ နှစ်ယောက်က ထပ်ခေါ်လိုက်ကြပေမဲ့ သူတို့ နှစ်ယောက်ကပဲ စိတ်ရင်းပါကြသည်။သူတို့က မြေရှင်၏အိမ်တွင် နှစ်အတော်ကြာနေထိုင်ခဲ့သည်။ ငယ်ငယ်ကတည်းက သူတို့အမေကို မတွေ့ဖူးကြသည့်အတွက် သူမအပေါ်မှာ လေးလေးနက်နက် ထင်မြင်ချက် မရှိခဲ့ကြပါချေ။ မကြာသေးမီကသူတို့၏ အဖွားဖြစ်သူက သူတို့၏အမေကို ပြန်ခေါ်ပြီးနောက် ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်နိုင်သည်ဟု ဆိုသောကြောင့် သူတို့၏ အမေအသစ်ကို အသိအမှတ်ပြုရန် အလွန်စိတ်အားထက်သန်ခဲ့ကြသည်။


အရင်တုန်းက ကျောက်ကျင်းကောက ကလေးနှစ်ယောက်ကို သူ့အနားကနေ ဆွဲထုတ်ပြီး သူက သူတို့အမေမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းပြောခဲ့ပေမဲ ယခု . . .ကျန်းကျန့် ချဉ်းကပ်လာသည်ကို ကြည့်ရင်း ကျောက်ကျင်းကော အချိန်မီ မတုံ့ပြန်နိုင်ဖြစ်သွားသည်။


လီကျူးကျန်သည် ကျင်းကောက ယခင်ကကဲ့သို့ မလိုက်လျောနိုင်ဖြစ်မနေသည်ကို မြင်လိုက်ရသဖြင့် နောက်ဆုံးတွင် စိတ်နှလုံးပျော့ပျောင်းသွားသည်ဟုသာ တွေးလိုက်မိသည်။ အိမ်ထောင်မပြုနိုင်ဘဲ အသက်ကြီးပြီး ရုပ်ဆိုးသည့် ကျောက်ကျင်းကောလိုမျိုး တစ်ယောက်ယောက်က သူ့အပေါ် ကြင်နာတတ်သည့်သူကို လိုချင်ပြီး သူ့ကို လုံးဝငြင်းမှာမဟုတ်ဘူးဆိုသည်ကို သူသိ၏. . .


"ကျင်းကော... ”


လီကျူးကျန်က ကျောက်ကျင်းကော၏ လက်ကို နောက်တစ်ကြိမ် ဆုပ်ကိုင်မည်ပြုပေမဲ့ သူ့လက်က အရိုးတွေ ကျိုးသွားသလိုမျိုး ရုတ်တရက် နာကျင်သွားပါတော့သည်။


“အား”


လီကျူးကျန် သူ့လက်ကို ဆုပ်ကိုင်ကာ အော်ဟစ်လိုက်ပြီး ဘာဖြစ်သွားသည်လဲ တွေးလိုက်မိသည်။


ရလဒ်အနေဖြင့် အခြေအနေကို သူနားမလည်ခင်မှာ ကော်လာကို ဆွဲကိုင်ခံလိုက်ရပြီး ရက်စက်ကြမ်းကြုတ်သော မျက်နှာနှင့် ရင်ဆိုင်ခဲ့ရ၏။


ကျန်းကျန့် သူ့ပတ်ဝန်းကျင်က လူတွေ၏ ပြောဆိုမှုတွေကနေ ဘာတွေဖြစ်နေသည်လဲဆိုသည်ကို သိလိုက်ပြီဖြစ်သည်။တစ်စုံတစ်ယောက်က သူအိမ်မှာမရှိစဉ် သူ့ချစ်သူကို ခိုးရန်ကြိုးစားခဲ့သည်။လီကျူးကျန်ကို ကောက်မလိုက်သည်နှင့် တွေးတောမနေဘဲ ပစ်ထုတ်လိုက်သည်။


ထိုအကြောင်းကို ပြောရလျှင် ကျန်းကျန့်ဝေ ၏ ခန္ဓာကိုယ်သည် ကျန်းကျန့်၏ မူလခန္ဓာကိုယ်ထက် အနည်းငယ် ပိုပုသည်။သူ၏ မူလခန္ဓာကိုယ် အရပ်သည် 1.87 မီတာရှိသော်လည်း ဤခန္ဓာကိုယ်သည် အများဆုံး 1.78 မီတာသာ ရှိသည်။သို့ပေမဲ့ ယခုက ရှေးခေတ်ဖြစ်ပြီး အမျိုးသားအများစုက 1.7 မီတာထက် ပိုပုကြသည့်အတွက် သူ၏ပုံသဏ္ဍာန်က လူအုပ်ထဲမှာထိုးထွက်နေသည်။


သူ့ရှေ့ကလူနှင့် ပတ်သက်၍မူ. . .ထိုသူက 1:6 မီတာထက် ပိုပုသည်ဟု ခန့်မှန်းရပြီး 1.5မီတာထက် အနည်းငယ်သာပိုနိုင်သည်။ သူက အရပ်မရှည်သည့်အပြင် အလွန်ပိန်၏။ ထို့ကြောင့် ကျန်းကျန့်က ခရီးရှည်ကြီးကို ဖြတ်သန်းခဲ့ရပြီး ထိုအချိန်တွင် အမှန်တကယ်ပင် ပင်ပန်းနေသော်ငြားလည်း သူ့ကို အလွယ်တကူ ပစ်ထုတ်နိုင်သေးသည်။


လီကျူးကျန်က ကျန်းကျန့်၏ အနီးနားရှိ မြက်ခင်းပြင်ဆီသို့ တိုက်ရိုက်ပစ်ကျသွားခဲ့ပြီး ခဏလောက် မထနိုင်ခဲ့ပေ။ ထိုအချိန်တွင် ဟယ့်ရှီမှလူများ ကျန်းကျန့်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ အကြီးဆုံးကျန်း လွန်ခဲ့သော ရက်အနည်းငယ်က ဘယ်ကိုသွားသည်ကို မည်သူမျှ မသိသော်လည်း ယခု . . . သူပြန်လာလေပြီ။ ပြန်​​ရောက်​ပြီး​သည်နှင့် လူ​တွေကို ရိုက်သည်။ ဘယ်လောက်တရားမဲ့လိုက်ပါသနည်း။သို့ပေမဲ့ သူတို့ . . .၎င်းနှင့်ပတ်သက်ပြီး ဘာမှ မလုပ်နိုင်ခဲ့ပါချေ။


မူလက ကျောက်ကျင်းကော အနီးပတ်ဝန်းကျင်ရှိ ဟယ့်ရှီရွာသားများသည် နေရာအနှံ့ ပြန့်ကျဲသွားကြ သော်လည်း ၎င်းတို့သည် ခပ်ဝေးဝေးသို့ မပြေးခဲ့ကြပေ။ ယနေ့ခေတ်တွင် ပွဲဟူ၍အနည်းငယ်သာရှိသောကြောင့် သူတို့အားလုံးသည် ဖြစ်ပျက်မည့်အရာများကို မျက်မြင်ကြုံ ချင်ကြသည်။ အရိုက်ခံရရန် အလားအလာအတွက်မူ... ကောင်းပြီ၊ဤနေရာမှာ လူတွေ အများကြီးရှိသဖြင့် အကြီးဆုံးကျန်းအတွက် သူတို့ အကုန်လုံးကို ရိုက်နှက်ရန် မဖြစ်နိုင်ပေ။အဆိုးဆုံး အချိန်တန်လျှင် ထွက်ပြေးနိုင်ပါသေးသည်။


အားလုံး၏ မျက်လုံးများသည် ကျန်းကျန့်ကို စိုက်ကြည့်နေကြသည်။


ထိုအချိန်တွင် ကျန်းကျန့်က ရှေ့သို့ နှစ်လှမ်းလှမ်းပြီး ကျောက်ကျင်းကော၏ပေါင်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားသည့် ကလေးအား ကောက်မလိုက်ပြီး ကျောက်ကျင်းကောကို အမေ ဟုခေါ်သော အခြားကလေးနှစ်ယောက်ဆီသို့ တိုက်ရိုက် ပစ်ချလိုက်သည်။ မြေပြင်က ရွှံ့တွေချည်းဖြစ်သဖြင့် ကျောက်တုံးတွေ လုံးဝမရှိပါချေ။ မည်သူ့ကိုမျှ ထိခိုက်ဒဏ်ရာရမည်မဟုတ်ကြောင်း သူသေချာသိသောကြောင့် အေးအေးလူလူပင်ပြုလုပ်ခဲ့သည်။


လီကျူးကျန်က အော်ဟစ်လိုက်ပြီး ကောင်လေးနှစ်ယောက် အတော်လေး ထိတ်လန့်သွားကြကာ တန်းပြီး ရှိုက်ကြီးတငင် ငိုပါတော့သည်။အသေးလေးကဆိုလျှင် သူ့ဘောင်းဘီပင် စိုရွှဲသွားသေး၏။


လီကျူးကျန်၏ အကြီးဆုံးသားမှာ ဆယ်နှစ်ကျော်နေပြီဖြစ်သည်။ သူက အများကြီးသိနေလေပြီ။ ယခင်ကလည်း ကျောက်ကျင်းကောကို ပူဆာလိုစိတ်မရှိဘဲ သူ၏ဒုတိယညီကိုပဲ ကြည့်နေခဲ့သည်။ကျန်းကျန့်က ရုတ်​တရက်​ လှုပ်​ရှား​လိုက်ပြီးနောက်​တွင်​ သူသည်​ သူ့ညီငယ်​ကိုပင်​ ဆွဲထုတ်​ကာ ​ပြေးသွားခဲ့သည်​။ သို့သော်လည်း ကျန်းကျန့်က သူ့ကို ထွက်ပြေးရန် အခွင့်အရေး လုံးဝမပေးခဲ့ပါချေ။ အခြားကလေးနှစ်ဦးကိုလည်း ကျန်းကျန့်က ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏အဖေရှိရာဘက်သို့ တိုက်ရိုက်ပစ်ချခဲ့သည်။


လီကျူးကျန် ထနေပြီဖြစ်သည်ကို တွေ့သောအခါ ကျန်းကျန့်က လျင်မြန်စွာ ရှေ့သို့တိုးပြီး သူ့ရင်ဘတ်ကို ဝါးလုံးနှင့်ရိုက်လိုက်သည်။


လီကျူးကျန်တစ်ယောက် နောက်တစ်ကြိမ် ပြန်လှဲအိပ်ရန် သူ့ပခုံးပေါ်ရှိ ဝါးလုံးဖြင့် အတင်းအကြပ် ခိုင်းစေခံခဲ့ရသည်။


“မင်း . . .မင်းဘယ်သူလဲ"


လီကျူးကျန် သူ အဘယ်ကြောင့် အရိုက်ခံရသည်ကို နားမလည်ပါချေ။ကျန်းကျန့် အဘယ်ကြောင့် လီကျူးကျန်ကို ရိုက်နှက်သည်ကို ဟယ့်ရှီရွာမှ လူများလည်း နားမလည်ပေ။ကျန်းကျန့်က ကျန်းမိသားစုကို ယခင်ရိုက်နှက်ခဲ့သော်လည်း ယင်းက နားလည်နိုင်စရာရှိသည်။သို့ပေမဲ့ ယခု လီကျူးကျန်က ...သူ့ လမ်းမှာပိတ်နေလို့တော့မဟုတ်ပါဘူးနော်...


"ငါဘယ်သူမှန်းတောင်မင်းမသိဘဲနဲ့ ငါ့အိမ်တံခါးဝမှာ ပြဿနာရှာနေတယ်ပေါ့... အသက်ရှင်ရတာ ပင်ပန်းနေပြီလား"


ကျန်းကျန့်က လီကျူးကျန်၏ ပခုံးကို ဝါးလုံးနှင့် ရိုက်ပြန်သည်။ ထာဝရမနာကျင်စေဘဲ အလွန်နာကျင်မည့်နေရာကို တမင်ရွေးချယ်ထားသောကြောင့် လီကျူးကျန်ကိုထပ်ပြီး အော်ဟစ်မိစေသည်။


ဟယ့်ရှီရွာမှလူများသည် ဤနေရာမှ မိုင်ဝက်ခန့်ဝေးသော ကျန်းကျန့်၏အိမ်ကိုကြည့်ပြီးနောက် လီကျူးကျန်ကိုကြည့်လိုက်ကြသည်။ သူ့ကို စာနာစိတ်မဖြစ်ဘဲမနေနိုင်ကြပေ။ ရွာကလူတွေက ကျန်းကျန့် ဘယ်သူလဲဆိုသည်ကို သိပေမဲ့ လီကျူးကျန်က မသိပေ။ သူတို့နှင့် အနီးဆုံးအိမ်က အမှန်တကယ်တွင် ကျောက်မိသားစု၏အိမ်ဖြစ်၏။


"မင်းက ကျောက်မိသားစုကလား... မင်းငါ့ကိုရိုက်တယ်ပေါ့ "


လီကျူးကျန် ကျန်းကျန့်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။ အရိုက်မခံရအောင် သတိထားရန် သူ့အမေက ပြောထားပေမဲ့ ယခု​လိုဖြစ်လာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပါချေ။ကျောက်ကျင်းကောက ငိုယိုပြီး သူ့ကိုလက်ထပ်ရန် တောင်းပန်သင့်သည်။အဲဒီအစား သူက ဘယ်လိုလုပ် အရိုက်ခံရတာလဲ...


ကျောက်ကျင်းကောက အရင်က သဘောမတူသည်မှာ သူ့တင်တောင်းကြေး ကို ဈေးတင်ချင်သောကြောင့်ဟု သူထင်ခဲ့သည်


"ကျောက်ကျင်းကော မင်း တစ်ယောက်ယောက်ကို ငါ့ကို ရိုက်နှက်ခိုင်းလိုက်တာ ငါမယုံနိုင်ဘူး...ငါပြောမယ် မင်း—”


လီကျူးကျန် မူလက ရက်စက်ကြမ်းကြုတ်သော မှတ်ချက်အချို့ကို ကြွေးကြော်ချင်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူဟစ်နေကြွေးနေစဥ်မှာ သူ့အစီအစဉ်ကို သတိရသွားခဲ့သည်။


"ကျောင်ကျင်းကော မင်းလက်ထပ်ဖို့သဘောမတူဘဲ ငါ့ကိုရိုက်ခိုင်းရင်တောင် လီကျားရွာက ငါတို့က လက်လျှော့မှာမဟုတ်ဘူး"


အရိုက်ခံရပြီးနောက် ရွာသားများကို ကူညီပေးရန် တောင်း ဆိုနိုင်ပြီး ကျောက်မိသားစုအား သူတို့အား ရှင်းပြချက်ပေးခိုင်း၍ရသည်. . .


"မင်းတို့ လီကျားရွာကလူတွေက လက်မလျော့ဘူးပေါ့လေ...ဒါဆို သူတို့ကို ငါ့ဆီလွှတ်လိုက်"

ကျန်းကျန့် ထကာ ထွက်ပြေးရန် ကြိုးစားသည့် လီကျူးကျန်၏အကြီးဆုံးသားအား မြေကြီးပေါ်သို့ တွန်းချလိုက်သည်။


“သူတို့က ငါ့ပိုင်နက်ထဲ လာတဲ့အခါ သူတို့ ငါ့နဲ့ ခက်ခက်ခဲခဲ ကစားရလိမ့်မယ်... လိုအပ်ရင် အသေသတ်ပစ်မယ်...”


“ဒီ . . . မင်းက အကြီးဆုံးကျန်းလား"


တစ်ချိန်လုံးရှိနေသည့် လီကျူးကျန် ၏မိခင် လီလျှိုရှီက မေးမြန်းခဲ့သည်။ သူမ အစောက ထိတ်လန့်သွားသော်လည်း နောက်ဆုံးတွင် ကျန်းကျန့်ကို မှတ်မိသွားပြီး ဟယ့်ရှီတွင် သူမကြားခဲ့ရသော ကျန်းကျန့်နှင့်ပတ်သက်သည့် ကောလာဟလများကို အမှတ်ရသွားသောအခါ သူမ အသိပြန်ဝင်လာသည်။ကျန်းကျန့်က နတ်ဆိုးကြယ်တစ်ပွင့်ဖြစ်ပြီး သူတို့... သူတို့ သူ့ကို သွားမစွသင့်ပေ...


"ခင်ဗျားက ဉာဏ်ကောင်းသားပဲ"


ကျန်းကျန့်က လှောင်ရယ်ရယ်လိုက်သည်။

"ခင်ဗျားကဘယ်သူလဲ ကျုပ်အိမ်နားမှာ ဘာလုပ်နေတာလဲ...ကျုပ်အိမ်​သွားတဲ့လမ်းကိုပိတ်နေတာ မသိဘူးလား"


“ဒါက . . . ဒါက . . . ”


လီကျူးကျန်၏မိခင်သည် အမှန်တကယ်ပင် စကားအလွန်ပြောတတ်သူဖြစ်သည်။သို့သော် ထိုအချိန်တွင် သူမကြုံတွေ့လိုက်ရသော ထိတ်လန့်မှုက သူမကို တကယ်ကို ကြောက်လန့်စေခဲ့သည်။ သူမက သူ့ကို လုံးဝသွားမစွရဲဘဲ

ရှင်းပြရုံသာတတ်နိုင်လေသည်။


“ငါတို့က လီကျားရွာကပါ...ဒီနေ့ ကျောက်မိသားစုကို လက်ထပ်ခွင့်တောင်းဖို့ လာခဲ့တာပါ...မင်းလမ်းကို ငါတို့ တကယ်မပိတ်ချင်ခဲ့ပါဘူး"


ကျန်းကျန့် ယခင်က ဤလူများကို မမှတ်မိခဲ့ပေ။မည်သို့ပင်ဖြစ်စေ အကြီးဆုံးကျန်းက မိမိရွာမှ ထွက်ခွာခဲသူဖြစ်သည်။ ယခုမူ လီကျားရွာဟု အကြိမ်ပေါင်းများစွာ ကြားသိခဲ့ရပြီးနောက် သူသည် ဤလူများ၏ အမည်ကို ခန့်မှန်းပြီးဖြစ်သည်။ သူတို့ပဲမဟုတ်လား...ကျောက်ကျင်းကောရဲ့မိသားစုနဲ့ စေ့စပ်ထားဖူးတာ...


လီကျားက ထိုနေရာနှင့် သိပ်ဝေးဘဲ လီကျူးကျန်ကလည်း ကလေးဘဝက ကစားရန် ဟယ့်ရှီသို့ လာခဲ့သည်။ သူသည် အခြားသူများနှင့် ကစားသောအခါ မတော်တဆ ရှုံးသွားတိုင်း သူ့အမေကို အော်ခေါ်ပြီး ချက်ချင်း ပြန်ပြေးသွားတတ်သည်။ နောက်ကျ သူ့အမေက တခြားကလေးအိမ်တွေကိုသွားပြီး တခြားကလေးတွေက သူ့သားကို အနိုင်ကျင့်သည်ဟု စွပ်စွဲတတ်သည်. . .


မည်သို့ပင်ဖြစ်စေကာမူ သူက ကျန်းမိသားစုကိုလည်း အလည်အပတ်ရောက်ဖူးသောကြောင့် အကြီးဆုံးကျန်းမှာ သူ့အပေါ်ထင်မြင်ချက်တစ်ခုရှိလေသည်။မှန်သည်ပင်၊လီကျူးကျန်ကို အနိုင်ကျင့်ဖူးသူက သူမဟုတ်ပါဘဲ ကျန်းချောင်ဝမ်ဖြစ်၏။လီကျူးကျန်ထက် ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်ငယ်သော ကျန်းချောင်ဝမ်က သူ့ကို မည်သို့ အနိုင်ကျင့်ခဲ့သည်ကို ဘုရားသခင်သာ သိတော်မူမည်. . .


ကျန်းကျန့် ဤမိသားစုအကြောင်းကို အမြဲသိနေသော်လည်း သူသည် ၎င်းတို့ကို ယခင်က ဂရုမစိုက်ခဲ့ပေ။ကျောက်ကျင်းကော၏ အသက် ဆယ့်နှစ်နှစ်ဆယ့်သုံးနှစ်ခန့်တွင် လီမိသားစုက စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့သည်။သူက လီကျူးကျန်ကို ကျောက်ကျင်းကော၏ ရည်းစားဟောင်းဟုပင် ထည့်မတွက်ထားသောကြောင် ဘာမှ ဂရုစိုက်စရာမရှိပါချေ။ ရလဒ်အနေဖြင့် ထိုမိသားစုက မထင်မှတ်ပဲ ရောက်လာသည်။


ကျန်းကျန့် ကျောက်ကျင်းကောကို မသိစိတ်မှ စိုက်ကြည့်လိုက်ရာ ကျောက်ကျင်းကော၏ မျက်နှာကအဆင်မပြေမှုများပြည့်နေသည်ကို မြင်လိုက်ရသည် . . .ကျောက်ကျင်းကောက ပုံမှန်ဆိုလျှင် ဒေါသထွက်လွယ်သူမဟုတ်ပေ။ယခုလီမိသားစုကြောင့် ထိတ်လန့်နေပုံရသည်။မိမိသည် ကျောက်ကျင်းကော၏ လက်ရှိချစ်သူအနေဖြင့် ရည်းစားဟောင်းကို သတ်ပစ်ရန် လိုအပ်သည်။


ကျန်းကျန့် အားတက်သရောနှင့် အနှီလီကျူးကျန်ကို သင်ခန်းစာတစ်ခု ပေးရန် စီစဉ်ခဲ့ပေမဲ့ ကျောက်ကျင်းကော၏ အဆင်မ​ပြေ ဖြစ်ရခြင်းမှာ အဓိကအားဖြင့် သူ့ကြောင့်ဖြစ်မှန်း မသိခဲ့ပါချေ။


ကျန်းကျန့်ကို ပထမဆုံးမြင်ရစဥ်က ကျောက်ကျင်းကော အလွန်အံ့သြပြီး ပျော်ရွှင်သွားသော်လည်း ခဏအကြာတွင် သူစိုးရိမ်လာသည်။ သူက အခုမှ ပြန်လာခါစ ကျန်းကျန့်ကို ဤအရှုပ်အထွေးထဲမှာပါဝင်စေခဲ့သည်။ကျန်းကျန့်မပျော်မရွှင်များဖြစ်လေမလား. . .ရွာတွင်အခြားရွာမှ လူပျိုကြီးတစ်ဦး၏ နှောင့်ယှက်မှုကို ခံခဲ့ရသည့် လှပသော အမျိုးသမီးတစ်ဦး ရှိခဲ့ဖူးပြီး ရလဒ်အနေဖြင့် ခင်ပွန်းသည်က သူမအား ရိုက်နှက်ကာ ပျားနှင့် လိပ်ပြာများအား ဆွဲဆောင်ခြင်းကို စတင်မုန်းတီးလာခဲ့သည်။ နောက်ဆုံးမှာ ထိုအမျိုးသမီး အပြင်မထွက်ရဲတော့ပေ။


သူနှင့်ကျန်းကျန့်က လက်မထပ်ရသေးပေ။ကျန်းကျန့် စိတ်မပျော်လျှင် တခြားတစ်ယောက်နှင့်တိုက်ရိုက်လက်ထပ်၍ရ၏။ကျောက်ကျင်းကော

ထိုအကြောင်းကိုတွေးသည်နှင့်အမျှ ပိုပို၍အဆင်မပြေဖြစ်လာပြီး ထိုကိစ္စကို စောစောစီးစီး အဆုံးမသတ်နိုင်ခဲ့သည့်အတွက် နောင်တရလာသည်။


ကျန်းကျန့်က ကျောက်ကျင်းကော မည်ကဲ့သို့ ခံစားရသည် သို့မဟုတ် တွေးနေသည်ကို မသိပါချေ။ သူက လှောင်ပြုံးပြုံးကာ လီလျှိုကိုပြောလိုက်သည်။


"မင်း ဒီစေ့စပ်ပွဲကို ဖျက်ခဲ့တာကြာပြီ မဟုတ်ဘူးလား... မင်းရဲ့သားက သားသမီးတွေ အများကြီးရှိနေပြီကို လက်ထပ်ဖို့ ကမ်းလှမ်းဖို့ လာသေးတာလား"


မြင်မြင်ချင်း ကလေးလေးယောက်က ထိုဂျပုကောင်၏အမျိုးအနွယ်တွေမှန်း သူသိသည်။


“သူတို့အမေက နောက်တစ်ယောက်နဲ့ အိမ်ထောင်ကျနေပြီ... ”