အပိုင်း၄၈
Viewers 21k

Chapter 48

Chapter 48




လက်စသတ်တော့ မိန်းမဖြစ်သူက ထွက်ပြေးသွားပြီး သူက အစကပြန်စချင်ခဲ့တာကိုး...


ကျန်းကျန့် စူးစူးဝါးဝါးကြည့်ကာ လီကျူးကျန်၏ခြေထောက်ကို ဝါးလုံးနှင့်ရိုက်လိုက်သည်။

"ကောင်းလိုက်တဲ့ အကြံပဲ..."


"အကြီးဆုံးကျန်း...မင်းဒီလိုလူတွေကို ရိုက်လို့မရဘူး...ငါတို့ မင်းကို ဘာမှ မနှောင့်ယှက်ခဲ့ဘူး"


လီလျှို သူမသား အရိုက်ခံရသည်ကို မြင်သောအခါ သူမအရိုက်ခံရသည်ထက်ပို၍နာမိသည်။ သူမက ပူပင်သောကရောက်ရလွန်း၍ ကျန်းကျန့်အပေါ် နာကြည်းမှု အပြည့် ခံစားနေရသည်။


သူ့လမ်းကိုပိတ်နေလို့တဲ့လား . . .


ကျေးလက်လမ်းများသည် ရွှံ့နွံများဖြင့် ပြည့်နေသည်။ လူအများ များစွာနင်းလျှောက်သွားရာနေရာများကို လမ်းများဟု သတ်မှတ်ကြသည်။ တကယ်တမ်းတွင် တခြားသူတွေ၏ ကောက်ပဲသီးနှံတွေကို မနင်းမိသရွေ့ ဘယ်နေရာကိုမဆို လျှောက်သွားနိုင်၏။ဤလူက သူတို့နှင့်ငြိအောင် ကြုံသလို အကြောင်းပြချက်ရှာနေမှန်း ထင်ရှားသည်။


"ခင်ဗျားတို့ ကျုပ်ကိုလာမရှုပ်ဘူးလို့ဘယ်သူပြောတာလဲ...ခင်ဗျားတို့က ကျုပ်ကို ဒေါသထွက်အောင်လုပ်တာလေ"


ကျန်းကျန့်က ပြောလိုက်၏။


"ဒီကောကို ကျုပ်ကြိုက်တယ်... ဒါပေမဲ့ ခင်ဗျားတို့က သူ့ကိုကျုပ်ဆီက လုယက်ချင်သေးတယ်"


ယခင်က ယန်ကျင်းက လက်စားချေပြီး ကျောက်မိသားစုအား ရွာသားများက စွန့်ပစ်ခံရသူများကဲ့သို့ ပြုမူမှာ စိုးသောကြောင့် ကျောက်ကျင်းကော နှင့် သူ၏ဆက်ဆံရေးကို ဖုံးကွယ်ထားရန် စဉ်းစားခဲ့သည်။သို့ပေမဲ့ ဤရက်တွေမှာ ယန်ကျင်းက သူ့ကို လက်စားချေရန် ဘယ်တော့မှ သတ္တိရှိမှာမဟုတ်ဘူးဆိုသည်ကို သေချာလာခဲ့သည်။ ရွာသားတွေနှင့်ပတ်သက်၍မူ. . . ဤလူတွေက ကျောက်ကျင်းကောကို တခြားတစ်ယောက်နှင့် လက်ထပ်ရန်ပင် လိုလားကြသည် . . သူက သူတို့ ကျောက်မိသားစုကို ဖယ်ချန်ထားမည်အား ပို၍ပင်ကြိုက်သေးသည်။မည်သို့ပင်ဖြစ်စေ သူ့ယောက္ခထီးက တစ်နေ့လုံး အပြင်မှာ အလုပ်လုပ်ပြီး သူ့ယောက္ခမက ဘဲပေါက် ငါးကောင်ကို နေ့တိုင်း ပြုစုရသည်။စင်စစ်အားဖြင့် ရွာသားတွေနှင့် မဆက်ဆံရလည်း ကိစ္စမရှိပါချေ။ တစ်ယောက်ယောက်က သူတို့ကို အနိုင်ကျင့်ဖို့ ကြိုးစားလျှင်. . . သူ မကူညီနိုင်သည်မျိုး မဟုတ်ပါချေ။


ဒါက ...အကြီးဆုံးကျန်းကြိုက်တဲ့ကောလား. . .အကြီးဆုံးကျန်း ...သူက ကျောက်ကျင်းကောကို ကြိုက်နေတယ်ပေါ့...တစ်ခါ မတွေးဖူးဘူး. . .


ရွာကလူတွေက အနည်းငယ် အံသြသွားပေမဲ့ လီမိသားစုက ခပ်မြန်မြန်လက်ခံလိုက်ကြသည်။ဤလူက ပေါ်လာပြီးသည်နှင့် သူတို့ကို ရိုက်ခဲ့သည်မှာယ အံ့သြစရာ မရှိပါချေ။လက်စသတ်တော့ သူက ကျောက်ကျင်းကောကို သူ့ ကိုယ်လုပ်တော်ဖြစ်အောင် လုပ်ချင်ခဲ့လို့ကိုး...


"မင်းက ကျောက်ကျင်းကောကို ကြိုက်တာလား"


လီကျူးကျန် အကြီးဆုံးကျန်း၏စကားကိုကြားသောအခါ မယုံနိုင်စွာ မေးလိုက်သည်။ လက်ရှိအခြေအနေက သူ့အတွက် အလွန်ထူးဆန်းနေသည်။ ထိုကဲ့သို့ အင်အားကြီးသော အသွင်အပြင်နှင့်ပုဂ္ဂိုလ်က ကျောက်ကျင်းကောကို မည်သို့ ချစ်မိနိုင်မည်နည်း။ သူက ဘယ်မိန်းမကိုမဆို သူ့မိန်းမဖြစ်အောင် အလွယ်တကူ လုယူနိုင်သည် မဟုတ်ပါလော။


"ဟုတ်တယ်... ငါ ကျောက်ကျင်းကောကိုကြိုက်တယ်"


ကျန်းကျန့်ကပြောလိုက်သည်။


"သန်မာတဲ့ခန္ဓာကိုယ်ရှိတဲ့ကောတွေကို ငါကြိုက်တယ်"


သူက ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။ကျောက်ကျင်းကောက အလွန်ပိန်သော်လည်း သူ့တွင် အသားအနည်းငယ်ရှိလာပြီး ၎င်းသည် သူ့ကို ပိုပို၍ကျေနပ်စေသည်။


ဒါဆို အကြီးဆုံးကျန်းက သူ့ရဲ့ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်အတွက် ကျောက်ကျင်းကောကို မျက်စိကျခဲ့တာလား...


ထို့အပြင် သူသည် ထိုကဲ့သို့သော ကော နှင့် လက်ထပ်ပါက မိသားစုတွင်း ရှိအလုပ်အားလုံးကို ထိုမှစ၍ သူ့ထံ အပ်နှံနိုင်မည်ဖြစ်သည်။ ဤအကြီးဆုံးကျန်းက နေ့စဥ် မည်သည့်အလုပ်ကိုမျှ မလုပ်ပါချေ။ သူက အလုပ်မလုပ်ချင်ကြောင်း တစ်ချက်ကြည့်လိုက်ရုံနှင့်သိနိုင်သည်။ ယခုအချိန်မှာ သူ့အလုပ်အတွက် ကူညီပေးမည့်သူတစ်ယောက်ကို ရအောင်ကြိုးစားနေလေသည်။နောက်ပြီး . . . ခန္ဓာကိုယ်က သန်မာပြီး ရိုက်နှက်သည်ကို ခံနိုင်ရည်ရှိရမည် . . .မတော်တဆ လွယ်လွယ်နှင့် မသတ်ပစ်နိုင်သည့်လူကို သူရှာချင်နေခြင်း ဖြစ်နိုင်သည်။


အကြီးဆုံးကျန်း နှင့် ကျောက်ကျင်းကောတို့သည် ယခင်က အဆက်အဆံမရှိခဲ့ပေ။ ဤရက်ပိုင်းတွေမှာလည်း လျှို့ဝှက်စွာ ပြောဆိုဆက်ဆံကြသည့်အတွက် ရွာကလူတွေက သူတို့တိတ်တိတ်လေး ချိန်းတွေ့နေပြီးပြီဆိုသည်ကို မသိကြပေ။


ကျောက်မိသားစုက အမြဲတမ်း စိတ်ကောင်းရှိသည်ကိုတွေးကာ ရွာသားများသည် ကျောက်ကျင်းကောကိုပင် စာနာ လာကြသည်။ ထိုအခါ ကျောက်ကျင်းကောက သစ်သားဖြင့်ပြုလုပ်ထားသကဲ့သို့ ငြိမ်သက်စွာရပ်နေသည်ကို လူတိုင်းမြင်လိုက်ရပြီး ဖြစ်ပျက်ခဲ့သည်ကို သူ ဘာမှမသိလိုက်သလိုပါပင်။ကျောက်ကျင်းကောက တကယ်ကံမကောင်းခဲ့ပေ. . .


ရွာသားများ၏အမြင်၌ သူက သနားစရာကောင်းနေပေမဲ့ အမှန်တွင် ကျောက်ကျင်းကော အတော်လေးကို ပျော်ရွှင်နေခဲ့သည်။ အရင်တုန်းက သူနှင့် ကျန်းကျန့်တို့က လျှို့ဝှက်စွာ တွေ့ဆုံခဲ့ရပြီး သူ့ကို စိတ်မချဖြစ်စေခဲ့သည်။ ကျန်းကျန့်က သူ့စကားကို မတည်မှာကို အမြဲကြောက်နေခဲ့ပေမဲ့ ယခုချိန်မှာ . . .ကျန်းကျန့်က သူတို့နှစ်ဦး၏ဆက်ဆံရေးကို ဝန်ခံခဲ့သည်။ ပြီးတော့…ကျန်းကျန့်က ငါ့ရဲ့ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို သဘောကျတယ်...ငါ ပိုလေ့ကျင့်သင့်လား...


ကျောက်ကျင်းကော လက်ရှိအခြေအနေကို မည်သို့ကိုင်တွယ်ရမည်ကို မသိပေ။ သူ့ကြည့်ရသည်မှာ လုံးဝ မှင်တက်နေသည်။ သူ့မျက်လုံးတွေမှာ ရှုပ်ထွေးမှုတွေ ပြည့်နှက်နေသည် . . .ထိုစဥ်မှာ ကျောက်လျူက ကျန်းကျန့် ပေါ်လာသည်အထိ လီလျှို ရှီနှင့် လုံးထွေးနေခဲ့သည်။သူက လီလျှိုရှီကို ရှင်းထုတ်လိုက်သောအခါ သူမက တစ်ဖက်မှာ ပုန်းနေခဲ့သည်။ ထို့နောက် ကျန်းကျန့်က လီကျူးကျန်ကို သင်ခန်းစာပေးနေသည်ကို ကြည့်နေခဲ့သည်။


ပထမတုန်းက သူမ ကျန်းကျန့်ကို အနည်းငယ် ကျေးဇူးတင်မိ၏။ ယခင်က လီမိသားစု၏ လက်ထပ်ခွင့် ကမ်းလှမ်းချက်ကို သဘောတူရန် ကျောက်ကျင်းကောအား နားချရန် စဉ်းစားခဲ့သော်လည်း ယနေ့တွင် လီမိသားစု၏ အပြုအမူသည် သူမအား အလွန်ဒေါသထွက်စေသောကြောင့် လီကျူးကျန် အရိုက်ခံရသည်ကို မြင်တွေ့ရသည့်အတွက် သူမ အလွန်ပျော်ရွှင်ခဲ့သည်။မှန်သည်ပင်၊ သူမအနည်းငယ်စိုးရွံ့နေဆဲဲဖြစ်သည်။ ရလဒ်အနေနှင့် . . . ကျန်းကျန့်က သူကျောက်ကျင်းကောကို ကြိုက်နေကြောင်း မထင်မှတ်ပဲ ပြောလာခဲ့သည်လော။


လီလျှို ရှီနှင့် လုံးထွေးပြီးနောက် မျက်လုံးနီနေပြီဖြစ်သော ကျောက်လျူတစ်ယောက် ရုတ်တရက် ထိုစကားကို ကြားလိုက်ရပြီး မသိစိတ်မှ မျက်ရည်များ ကျလာသည်။ သူမ ထိတ်လန့်ပြီး အနည်းငယ် အံ့သြသွားသည်။ သူမ၏ ကျင်းကောသည် မထင်မှတ်ပဲ မျက်စိအကျခံရပြီး ပိုးပန်းခြင်းခံနေရသည်။ကျောက်လျူက ရုတ်တရက် ငိုလိုက်ရာ ဟယ့်ရှီရွာသူရွာသားများက သူမကို ပိုသနားမိသွားကြသည်။

(ဟိုကဝမ်းသာလို့ကျတဲ့မျက်ရည်)


ကံမကောင်းစွာ ကျောက်မိသားစုသည် ယခင်က လီကျူးကျန်ကို ငြင်းဆိုခဲ့သော်လည်း ထိုနတ်ဆိုးကြယ်နှင့် တန်းပြီး ပြဿနာတက်ရန် သူတို့မမျှော်လင့်ခဲ့ပေ။ကျန်းကျန့်က သူ့မိဘတွေအပေါ် အလွန်ရက်စက်လွန်းသောကြောင့် ကျောက်ကျင်းကောနှင့်တကယ်လက်ထပ်ခဲ့မည်ဆိုပါက အလုပ်မလုပ်နိုင်တော့သည့်အပြင် ခဏခဏ သမားတော်ဆီပြပြီး ဆေးသောက်ရန် လိုအပ်နေသေးသည့်အဘွားကြီးကျောက်လျူကို နှင်ထုတ်လောက်လေသည်။


"မင်း-မင်း... ”


လီကျူးကျန် ကျန်းကျန့်ကိုကြည့်ကာ သူယခုအချိန်တွင် စကားမပြောနိုင်သည့်အတွက် နောင်တဖြစ်မိသည်။ကျောက်ကျင်းကော၏ အနီးတစ်ဝိုက်တွင် ထိုသို့သော နတ်ဆိုးတစ်ကောင် ရှိနေကြောင်း သူသိပါက သူ သူ့ကို တွေ့ဆုံရန် လာမည်မဟုတ်ပေ။


"မင်း...ဘာမင်းလဲ"


ကျန်းကျန့်က သူ့မျက်နှာကို ဝါးလုံးနှင့်ပုတ်လိုက်သည်။


"မင်း ကျောက်ကျင်းကော အနားကို ဘယ်တော့မှ မလာနဲ့... နောင်ဟယ့်ရှီရွာမှာ မင်းကိုတွေ့ရင် ငါမင်းကို ချက်ချင်းအသေရိုက်မယ်"


ကျန်းကျန့် ပြောသောစကားသည် လီမိသားစုကို တကယ်ထိတ်လန့်စေခဲ့သည်။


လီကျူးကျန်က ရွာကလူတွေက သူ့အတွက် ရပ်တည်ပြီး ထွက်လာကြလိမ့်မည်ဟု ကြွေးကြော်ခဲ့ပေမဲ့ အမှန်တွင် သူ့မိသားစု၏ဦးလေးအနည်းငယ်ကိုသာ ခေါ်နိုင်မှာဖြစ်သည်။ယင်းက ဟယ့်ရှီမှာ အထောက်အပံ့မရှိသော ကျောက်မိသားစုကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်ပြီဖြစ်သော်လည်း ယခု ကျန်းကျန့် ရှိနေလေပြီ. . .


လီကျားရွာကလူတွေက အရူးတွေမဟုတ်ပါချေ။ လီကျူးကျန်အတွက် ဇနီးမယားရယူရန်အတွက်နှင့် ရုံးတော်အရာရှိကိုပင် သတ္တိရှိရှိ ရိုက်နှက်ခဲ့သည့် နတ်ဆိုးကြယ်ကို မည်သူက စော်ကားလိုမည်နည်း။ ထို့ကြောင့် လီကျူးကျန်နှင့် သူ့မိသားစုသည် သူတို့မိသားစု၏ဦးလေးများကိုပင် မစည်းရုံနိုင်တော့ဘဲ လောလောဆယ်တွင် အရိုက်ခံရရုံမျှဖြင့်သာ အဆုံးသတ်နိုင်တော့သည်။ကျန်းကျန့်ကြောင့်သာမဟုတ်ပါက ဤလီမိသားစု၏အကျပ်ကိုင်မှုသည် လီကျူးကျန်ကိုကျောက်ကျင်းကောနှင့် လက်ထပ်ပေးခြင်းဖြင့် အမှန်တကယ်အဆုံးသတ်သွားနိုင်သည်။


ကျောက်ဖူကွေ့ နှင့် ကျောက်ကျင်းကော တို့သည် ရိုးသားသူများဖြစ်သည်။သူတို့က စကားပြောမကောင်းကြပဲ တစ်စုံ​တစ်​​ယောက်​နှင့်​​ရင်ဆိုင်ရသောအခါမှ ပုန်းနေရုံသာတတ်နိုင်​သည်​။ လီမိသားစုနှင့် ဤကိစ္စကို သူတို့ကိုယ်တိုင် ဖြေရှင်းနိုင်မှာ မဟုတ်ပေ။ကျောက်ကျင်းကော နာမည်ပျက်စပြုလာသည့်အခါ လူတိုင်းက သူ့ကို လက်ထပ်ရန် ဖြောင့်ဖြဖို့ ကြိုးစားကြသည်။ သူ့မိဘတွေ စိတ်ပူမနေစေရန်အတွက် သူတကယ် အတင်းအကြပ်လက်ထပ်ခြင်းခံရနိုင်၏. . . ယခုမူကား . . .ကျန်းကျန့်၏ လူတွေကို မောင်းထုတ်ရန် ပေါ်လာခြင်းအပြင် ကျောက်ကျင်းကော ကိုယ်တိုင်ကလည်း . . .ကျန်းကျန့်ကို နှလုံးသားထဲကနေ နှစ်သက်သောကြောင့် လီကျူးကျန်ကို လက်ထပ်ရန် ဘယ်သောအခါမှ သဘောတူမည်မဟုတ်ပေ။


လီသားအဖလေးယောက်ကို ကျန်းကျန့်က တစ်ယောက်ပြီးတစ်ယောက် နှင်ထုတ်ခဲ့ပြီး နောက်ဆုံးတွင် အရှက်တကွဲ အကျိုးနည်းဖြင့် ထွက်သွားခဲ့ကြသည်။ဟယ့်ရှီမှ လူကောင်းအချို့လည်း ၎င်းတို့နောက်သို့ လိုက်သွားကြသည်။ကျန်းကျန့်၏ "ဩဇာတိက္ကမ" ပြန့်ပွားစေရန်အတွက် သူတို့နှင့်ရင်းနှီးသောသူများနှင့် စကားပြောရန် လီကျားသို့သွားကြသည်။ သို့သော်လည်း လူအချို့က ကျန်းကျန့် နှင့်ကျောက်မိသားစု ရှေ့ဆက် ဘာလုပ်မည်ကို တွေးတောကာ နောက်တွင် ကျန်ရစ်ခဲ့သည်။


"ဘာကြည့်နေတာလဲ ဒီကနေထွက်သွား..."


ကျန်းကျန့်က မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်သည်။ ဟိုတုန်းက ဤလူတွေကို အရှုပ်အထွေးတွေ ကြည့်ခွင့်ပေးလိုက်သည်က အဆင်ပြေပေမဲ့ ယခု သူ့ကို လူတွေ ကြည့်မနေစေချင်တော့ပေ။


ကျန်းကျန့်ကို အာရုံစိုက်ကြည့်နေသော လူများ အားလုံး ထွက်ပြေးသွားကြသည်။ကျောက်လျူပင်လျှင် သူမအိမ်တွင် ပုန်းနေချင်ခဲ့သည်။


“အမေ ခဏစောင့်”

ကျန်းကျန့်က ကျောက်လျူကို တာလိုက်သည်။


ကျောက်လျူ အနည်းငယ် စိတ်ရှုပ်ထွေး သွားသည်။ သူမက ကျန်းကျန့်ကိုကြောင်တောင်တောင် ကြည့်လိုက်သည်။သူမ ကြားလိုက်တာ အမှန်ပဲလား...ဒီလူက သူမကို ​အမေလို့ခေါ်လိုက်တာလား...


ကျန်းကျန့် ဤလောကကိုရောက်လာပြီးနောက် အဘွားကြီးကျန်းကို အမေဟု ဘယ်တုန်းကမှ မခေါ်ခဲ့ပေမဲ့ ကျောက်လျူကို ခေါ်သည့်အခါမှာ ထိုကဲ့သို့သောတွန့်ဆုတ်ခြင်းမျိုးမရှိခဲ့ပါချေ။ကျောက်လျူက ချို့ယွင်းချက်များစွာရှိသော သာမန်ကျေးလက်အမျိုးသမီးတစ်ဦးဖြစ်သော်လည်း သူမသည် အဘွားကြီးကျန်းထက် များစွာသာလွန်သည်။ အနည်းဆုံး သူမက ကျောက်ကျင်းကောကို တကယ်ချစ်ပြီး တခြားသူတွေကို အန္တရာယ်ပြုသည်မျိုး မလုပ်ခဲ့ပါချေ။ အရင်တုန်းက ကျောက်မိသားစု၏အခြေအနေ ကောင်းမွန်နေသေးစဥ်က အကြီးဆုံးကျန်း ဗိုက်ဆာနေသည်ကို မြင်ချိန်မှာ သူမက အကြီးဆုံးကျန်းကို အစာပင် ကျွေးခဲ့သည်။


“ဒီတခေါက်တော့ ဘာမှပြန်မယူလာခဲ့ရဘူး...ဒါတွေကို ပြန်ယူသွားပြီးချက်လိုက်ပါ အမေ"


လတ်လတ်ဆတ်ဆတ်ခုတ်ထားသော အသားများ၊ငါးဆားနယ်အနည်းငယ်နှင့်ပင်လယ်ရေမှော်တချို့ကို သူယူလာသော အထုပ်ထဲမှ ထုတ်ယူပြီး ကျောက်လျူ ၏လက်ထဲကို ထိုးထည့်လိုက်သည်။


ဤအရာများသည် ပေါ့ပေါ့ပါးပါး

မဟုတ်ခဲ့ပေ။ကျန်းကျန့်က သူတို့ကို လွယ်လွယ်ကူကူ ဆုပ်ကိုင်ထားသော်လည်း ကျောက်လျူ သူတို့ကို ဆုပ်ကိုင်လိုက်သောအခါတွင် သူမ၏ လက်များ လေးလံလာသည်ကို သူမ ခံစားရပြီး ရှေ့ကို လဲလုနီးပါး ဖြစ်သွားသည်။


ကျန်းကျန့်က သူမကို ကူတွဲပြီး

“အမေ ...အိမ်ပြန်သွားပြီး အနားယူလိုက်ပါ...မနက်​ဖြန်​ ကျုပ်လာတောင်းဖို့လာခဲ့ပါ့မယ်"


တကယ်တမ်းတွင် သူက လီကျူးကျန်ကို တုပပြီး ကျောက်မိသားစုထဲကို ဝင်ချင်ခဲ့သည်။သို့ပေမဲ့ ကျောက်မိသားစုက စကားကောင်းကောင်းပြောပြီး အရင်ဆွေးနွေးချင်လိမ့်မည်ဟု သူထင်သည့်အတွက် သူ မဝင်ပါချင်သေးပါချေ။


ကျောက်လျူက မှင်တက်စွာ အိမ်ထဲသို့ ဝင်သွားချိန်တွင် ကျောက်ကျင်းကောက ကျန်းကျန့်ကို မဝံ့မရဲ ကြည့်နေသည်။သူ့မျက်လုံးထဲရှိ စိုးရိမ်မှုနှင့် ပျော်ရွှင်မှုကို ဖုံးကွယ်ထား၍မရပေ။


"ကျင်းကော...လက်ထပ်လက်ဆောင်အနေနဲ့ဘာလိုချင်လဲ"


ကျန်းကျန့်က မေးသည်။သူက ကျောက်ကျင်းကောကို သူသူ့ကိုပေးသော အစားအစာအပြင် ဘဲပေါက် ငါးကောင်ကိုလည်း ပေးခဲ့သည်။ အခု သူတို့က လက်ထပ်တော့မှာဆိုတော့ ဝတ်စရာတစ်ခုခု ပေးသင့်သလား...


ကျောက်ကျင်းကော တောင့်တင်းသွားပြီး သူ့အိမ်ထဲသို့ အမြန်ပြေးသွားခဲ့သည်။ ရှေ့ကို မကြည့်သောကြောင့်ဖြစ်နိုင်သည်၊ သူတံခါးဘောင်ကို ဆောင့်မိသွား၏။ နောက်ဆုံး သူ သတိဝင်လာပြီး အိမ်ထဲကို အမြန်ဝင်လိုက်ကာ သူ့နောက်က တံခါးကို ပိတ်လိုက်သည်။


ကျန်းကျန့် သူ့နှာခေါင်းကို ထိလိုက်ပြီး မရယ်ဘဲမနေနိုင်ပေ။


"ကျန်းကျန့် ဒါ . . . ”


ဝမ်ဟိုင်ရှန်းက ကျန်းကျန့်ကို ကြောင်တောင်တောင် ကြည့်နေခဲ့ပြီး လက်ရှိ အခြေအနေကြောင့် အနည်းငယ် စိတ်ရှုပ်ထွေး သွားသည်။

သူက ကျန်းကျန့် နှင့်တစ်လကြာပေါင်းသင်းခဲ့ပြီး ကျန်းကျန့်က ကူညီတတ်ပြီး နူးညံ့သိမ်မွေ့သော စိတ်ထားရှိသည့်လူကောင်းတစ်ယောက်ဟု အမြဲတွေးခဲ့သည်။ ရလဒ်အနေဖြင့်. . . အရင်က မြို့ထဲမှာ ခက်ခဲသည့် ဖောက်သည်တချို့နှင့် တွေ့သည့်အခါ ကျန်းကျန့်က ၎င်းကို အလေးအနက်မထားသောကြောင့် သူစိတ်ဆိုးခဲ့သည်။ကျန်းကျန့်က ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီလောက် ခက်ထန်သွားရတာလဲ. . .


"ငါ့ကို ပြောပါ... လက်ထပ်ပွဲတစ်ခုအတွက် ဘာတွေပြင်ဆင်ထားရမလဲ"


ကျန်းကျန့်က မေးလိုက်သည်။ အကြီးဆုံး ကျန်း၏ညီအငယ်နှစ်ယောက်က လက်ထပ်ပြီးဖြစ်ကြသော်လည်း အဘွားကြီးကျန်းက သူ့လက်ထဲတွင် ပိုက်ဆံဘယ်တော့မှ ထားခွင့်မပြုသောကြောင့် လက်ထပ်ပွဲအတွက် ဘာတွေပြင်ဆင်ရမည်ကို အတိအကျမသိခဲ့ပေ။ထိုစဥ်တုန်းက အလုပ်တွေ အများကြီး လုပ်စရာလိုသည်ဆိုသည်ကိုပဲ သူသိ၏။


“နေရာတိုင်းက မတူဘူးဆိုတော့ ငါမသိဘူး...အဲဒီတုန်းက ငါ စန်းရှောင်ရှန်းကိုခေါ်ပြီး အဝတ်အစားအသစ်တစ်စုံချုပ်၊စောင်တစ်ထည်၊ ဟင်းပွဲတွေ၊ ဝက်သားဆယ်ကီလိုနဲ့ ကြက်တစ်ကောင်ဝယ်ပြီး အတူတူနေခဲ့ကြတယ်” ဟု ဝမ်ဟိုင်ရှန်း ပြောကြားခဲ့သည်။


ကျန်းကျန့်က အိမ်ထောင်ပြုရန် စောင့်မျှော်နေသည်တွေ့သောအခါ ကျန်းကျန့်က စိတ်လွတ်သွားသောကြောင့် ဒေါသတအားထွက်သွားသည်ဟု သူခံစားလိုက်ရ၏။ အကယ်၍ တစ်စုံတစ်ယောက်က မိမိမရှိခြင်းကို အခွင့်ကောင်းယူ၍ မိမိ၏ကောကို နှောင့်ယှက်ပါက သူလည်းစိတ်လွတ်သွားမည်ပင်။ထို့အပြင်. . . ကျန်းကျန့်က ထိုလူတွေကို ဘာမှတကယ်လုပ်ခဲ့ခြင်းမရှိပေ။သူက ဟန်ပြခြိမ်းခြောက်ရုံသက်သက် မဟုတ်ပါလော။အမှန်တွင် ယင်းက ဘာမှမဟုတ်ပါချေ။


ကျန်းကျန့်က မည်သို့လက်ထပ်ရမည်ကို စဉ်းစားနေချိန်မှာ ဝမ်ဟိုင်ရှန်း ​​စိတ်ငြိမ်သက်မှု ပြန်လည်ရရှိလာခဲ့သည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူတစ်ယောက်တည်း စိတ်ပူမနေသင့်ကြောင့် ရုတ်တရက် တွေးမိလာသည်။ကျောက်မိသားစုက တစ်စုံတစ်ဦးကို မိသားစုထဲ လက်ထပ်ဝင်ခိုင်းရန် ရည်ရွယ်ထားကြောင်း အကြီးဆုံးကျန်း၏ မှတ်ဉာဏ်များမှ သိရှိပြီးနောက် သူ ကျောက်မိသားစုထဲသို့ဝင်ရန် ဆုံးဖြတ်ခဲ့သည်။ ဤကိစ္စတွင်လက်ထပ်ပွဲကို ကျောက်မိသားစုကစဉ်းစားသင့်သည်။


(T/N–မိသားစုတစ်ခုထဲလက်ထပ်ဝင်တယ်ဆိုတာက ကိုယ်တိုင်က အဲဒီမိသားစုဝင်ဖြစ်သွားတာပါ...သားသမီးရလာတဲ့အခါ ကိုယ်က သမက်/ယောကျာ်းလေး ဖြစ်နေရင်တောင် ကိုယ့်မျိုးရိုးနာမည်ဆက်ခံခိုင်းခွင့်မရှိပါဘူး)


အချို့သော အမျိုးသားများသည် အရှက်ခွဲခဲသလိုခံစားရပြီး ရှက်လိမ့်မည်ဖြစ်သော်လည်း ကျန်းကျန့်က ဤအတွေးမျိုး အမှန်တကယ် မရှိခဲ့ပေ။သူက ကျောက်ကျင်းကောမှ မွေးသော မျိုးရိုးအမည်ကျောက်နှင့် ကလေးတစ်ဦးသာ ယူလိမ့်မည်ဖြစ်သည်။