Chapter 81
:ကျန်းကျန့်က ကောင်းချီးမင်္ဂလာ
နောက်ကျနေပြီဖြစ်သဖြင့် ကျန်းကျန့် စီရင်စုမြို့ကို မပြန်ဘဲ တခြားသူတွေကို နှုတ်ဆက်ပြီး ကျောက်ကျင်းကောကို ဟယ့်ရှီရွာကို ပြန်ခေါ်သွားသည်။
"ကျင်းကော... မင်းက အဲဒီလူမိုက်တွေနဲ့ အဆင်ပြေလား...သူတို့က မင်းကိုသောက်ဖို့ ဖိတ်မလို့ဆို"
ကျန်းကျန့်က ခဏလောက် လမ်းလျှောက်ပြီးနောက် ပေါ့ပေါ့ပါးပါး မေးသည်။
ဤစကားများကိုကြားသောအခါ ကျောက်ကျင်းကော၏အမူအရာသည် ရုတ်တရက် အလွန်ရှုပ်ထွေးသွားသည်။
"ဘာဖြစ်လို့လဲ"
ကျန်းကျန့် ကျောက်ကျင်းကော ၏အမူအရာ မမှန်သည်ကိုမြင်သောအခါ စိတ်ပူသွားသည်။ တခြားတစ်ခုခုရှိနေတာလား...
“သူတို့…. သူတို့က ကျွန်တော့်ကို ပန်းဝိုင်သောက်ဖို့ ဖိတ်မယ်လို့ ပြောတယ်..."
ကျောက်ကျင်းကော ကျန်းကျန့် ဒေါသထွက်သွားမည်ကို အနည်းငယ်စိုးထိတ်မိသည်။
ကျန်းကျန့် သူ့စိတ်အခြေအနေကို သတိပြုမိသော်လည်း ဒေါသလုံးဝမထွက်ပေ။ထိုအစား ကျောက်ကျင်းကောကို ဖမ်းဆွဲပြီး ရယ်လိုက်၏။
“ခင်ဗျား…”
ကျောက်ကျင်းကောက ကျန်းကျန့်ကို ဒေါသတကြီးကြည့်သည်။ကျန်းကျန့် ၏ တုံ့ပြန်မှုသည် သူမျှော်လင့်ထားသည်နှင့် မတူ။
"ကိုယ်ကမမျှော်လင့်ထားရုံပါ"
ကျန်းကျန့် ရယ်မောလိုက်သည်။
"သူတို့က ဘယ်လိုလုပ် ကိုယ်ကိုဖိတ်မဲ့အစား ပန်းဝိုင်သောက်ဖို့ မင်းကို ဖိတ်တာလဲ"
ကျောက်ကျင်းကော၏ပုံစံက အလွန်လေးနက်ပြီး အလွန်ရှေးဆန်သည်။ ပန်းဝိုင်ကို တကယ်သောက်မည့်သူနှင့် မတူပါချေ။
(T/N–ပန်းဝိုင်ဆိုတဲ့အသုံးက ဆောင်ကြာမြိုင်မှာသွားသောက်တာ ဒါမှမဟုတ် ပြည့်တန်ဆာခေါ်တာပါတဲ့)
ကျောက်ကျင်းကော ကျန်းကျန့်ကို ချက်ချင်းကြည့်လိုက်သည်။ကျန်းကျန့်က ပန်းဝိုင်သောက်ချင်နေတာလား...
“ကောင်းပြီ...ကိုယ်လည်း မသွားဘူး... ကိုယ်တို့က မိသားစုဖြစ်နေပြီလေ"
ကျန်းကျန့်က ပြောလိုက်ပြီး သူ့မျက်လုံးများ မသိမသာဖျက်ခနဲလက်သွားသည်။ထိုလူများက ကျောက်ကျင်းကောကို ပန်းဝိုင်သောက်ရန် ဖိတ်ခေါ်ချင်နေသည်...ဟားဟား...
“အင်း”
ကျောက်ကျင်းကောက ခေါင်းညိတ်လိုက်သည်။ မိသားစုရှိသူများသည် ပန်းဝိုင်မသောက်သင့်ပေ။
"ကျန်းကျန့်...ခင်ဗျား ဒီနေ့ လုပ်ခဲ့တာ မကောင်းဘူးမလား "
နောက်ထပ်ခြေလှမ်းနှစ်လှမ်းပြီးနောက် ကျောက်ကျင်းကော မနေနိုင်ဘဲ မေးလိုက်သည်။ကျန်းကျန့်က လျူဟိုင်ထုန်ကို ဒီလို လုယက်တာ တကယ်ပဲ အဆင်ပြေရဲ့လား...
"ကိုယ်က အမြဲတမ်းကျေးဇူးပြန်တုံ့တတ်တဲ့သူတစ်ယောက်... သူအနေနဲ့ ကိုယ့်ကို လာစွတဲ့အဖိုးအခကို မဖြစ်မနေ ပေးဆောင်ရမှာ"
ကျန်းကျန့်က ပြုံးလျက်ပြောသည်။ သူက ကိစ္စများကို မည်သို့လုပ်ဆောင်ရမည်ကို ကောင်းကောင်းနားလည်နေပါသေးသည်။လျူဟိုင်ထုန်ကို နံရံကို ခုန်ကျော်ခွင့်သူဘယ်တော့မှပေးမည်မဟုတ်ပေ။ လောင်းကစားအိမ်က တကယ်ကို ကောင်းသည့်အရာမဟုတ်သလို တခြားအရာတွေအတွက်လည်း အတူတူပါပင်။
သခင်လေးကျန့် နှင့် မန်နေဂျာကျန်း
တို့က ကျန်းကျန့်ကို ဂနာမငြိမ်ဖြစ်နေသော လျူဟိုင်ထုန်ကို သင်ခန်းစာတစ်ခုပေးလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။လျူဟိုင်ထုန်က သူ ကျန်းကျန့်နှင့် လက်ထပ်တုန်းကပင် ပြဿနာလာရှာထားခဲ့သည်ဖြစ်ရာ သူတို့ ဒီနေ့လုပ်ခဲ့သည်တွေက ဘာမှမဟုတ်ဟု ကျောက်ကျင်းကော ထင်မိသည်။
သို့သော်လည်း ကျန်းကျန့်က "ကျေးဇူးပြန်တုံ့" ဟုပြောသောအခါတွင် သူ့ကို အနည်းငယ်စိတ်မသက်မသာဖြစ်စေသည်။
ကျန်းကျန့်က သူ့အပေါ် ဤမျှကောင်းနေသည်က သူ၏ကျေးဇူးကြောင့်ဖြစ်သည်။ကျန်းကျန့် ကို ပထမတုန်းက ကယ်တင်ခဲ့သူက တခြားတစ်ဦးသာ ဖြစ်ခဲ့ပါလျှင်...
သို့သော် ဤသည်ကလည်း ကောင်းသည့်အရာတစ်ခုပါပင်။ကျန်းကျန့်က သူ့ကျေးဇူးကို ပြန်ဆပ်မှာဖြစ်သဖြင့် ရုတ်တရက်ကြီး သူ့ကို စွန့်လွှတ်မှာ မဟုတ်ပေ။
၎င်းကို သူတွေးမိလိုက်သောအခါ ကျောက်ကျင်းကော ပြုံးလိုက်သည်။
"ကျင်းကော... မင်းလိုချင်တာတစ်ခုရှိလား"
ကျန်းကျန့်က မေးသည်။
ကျောက်ကျင်းကောက ခေါင်းယမ်းလိုက်သည်။ ယခု သူမှာ ဘာမှ ချို့တဲ့မနေတော့...
ကျောက်ကျင်းကော ထိုလူမိုက်သူ့လက်ထဲထည့်လိုက်သည့် ငွေရောင်လက်ကောက်လေးကို ကြည့်ပြီး သူ့နှလုံးခုန်သံကို ခံစားလိုက်ရသည်။သူက အခု ကလေးလိုချင်နေပြီ၊ကျန်းကျန့်ဆီက ကလေးလေး...
သူတို့မှာ သားသမီးရှိလျှင် သူတို့မိသားစု ကွဲမှာမဟုတ်ပေ။
"ဒါဆို တစ်ခုခုသွားစားရအောင်"
ကျောက်ကျင်းကော ခေါင်းခါနေသည်ကိုမြင်သောအခါ ကျန်းကျန့်က ခဏလောက်စဉ်းစားပြီး သူတို့ဖြတ်သွားသည့်မိသားစု၏အိမ်တံခါးကို ခေါက်လိုက်၏။
ဤမိသားစုခြံဝင်းထဲတွင် ကြီးပြင်းလာခါစ ကြက်ဖနှစ်ကောင် ရှိသည်။ကျန်းကျန့် သူတို့ထဲက တစ်ကောင်ကို ဝယ်ပြီး အိမ်ပြန်သယ်သွားသည်။
ကျောက်ကျင်းကောက ဘာမှမလိုချင်ဟုဆိုသည်ဖြစ်ရာ သူစားရန် တစ်ခုခုဝယ်လိုက်မည်။
ကျန်းကျန့် နှင့် ကျောက်ကျင်းကော ပြန်လာချိန်တွင် ကျောက်လျူက ညစာပြင်ဆင်ပြီးဖြစ်သည်။
"အမေ...ကျုပ် ဒီကြက်ဖကို သန့်ရှင်းလိုက်မယ်... ညနေမှာ ဟင်းနောက်တစ်ခွက် ထပ်ထည့်ကြတာပေါ့"
ကျန်းကျန့်က ပြောသည်။
ကျန်းကျန့်က ယခု ချမ်းသာနေပြီဆိုသော်လည်း ဤမျှလက်မဖွာသင့်ပါချေ။ကျောက်လျူ အနည်းငယ် တုံ့ဆိုင်းသွားသည်။
"အဲဒါကို ဒီနေ့ ထားလိုက်ရအောင်...ငါ ဝက်ပေါင်ခြောက်နဲ့ ကြက်ဥပေါင်း ချက်ပြီးပြီ"
"အဲဒါ ချက်ပြုတ်ပြီး အောင်ပွဲခံရအောင်ပါ"
ကျန်းကျန့်က ပြောလိုက်သည်။
"ကျုပ်ဓားသွားယူလိုက်မယ်"
ကျန်းကျန့်က ဓားသွားယူရန် တည့်တိုးပြောလိုက်ပြီး သူ့ကို ဖြောင့်ဖြမှု မပြုနိုင်သည်ကို မြင်သောအခါ ကျောက်လျူ ပန်းကန်လုံးယူရန် အိမ်ထဲသို့ အမြန်သွားခဲ့သည်။သူမ ကြက်သွေးကို မဖြုန်းတီးနိုင်ပါလေ။
ကျန်းကျန့်က ကြက်ကိုသတ်နိုင်သော်လည်း ကျောက်လျူက သူ့ကို အမွေးနှုတ်ခြင်းနှင့် ကြက်၏အတွင်းအင်္ဂါများကို သန့်ရှင်းရေးလုပ်ခြင်းလုပ်ငန်းတွင် ပါဝင်မခိုင်းချင်ပေ။ကျန်းကျန့်ကလည်း အတင်းအကြပ် မကြိုးစားခဲ့ပါချေ။ကျောက်ဖူကွေ့ နှင့် အခြားသူများ လယ်ကွင်းထဲတွင် ရှိနေကြောင်း သိလိုက်ရသဖြင့် ထိုနေရာသို့ သွားပြီး အလုပ်ကူလုပ်ပြီးနောက် ထမင်းစားရန် ခေါ်ရန်စီစဥ်လိုက်သည်။
"ကျင်းကော...သား ကျန်းကျန့်ကို စောင့်ကြည့်ပြီး သူ့ပိုက်ဆံတွေကို မဆင်မခြင် မသုံးစေနဲ့"
ကျန်းကျန့် ထွက်သွားပြီးပြီးချင်းမှာပဲ ကျောက်လျူက ကျန်းကျန့်ကို ပြောလိုက်၏။။
“အနာဂတ်က ရှည်လျားတယ်...အခု ငါတို့ပိုက်ဆံတွေ အကုန်ကုန်သွားပြီ... ငါတို့ အနာဂတ်မှာ ဘာလုပ်မှာလဲ"
“အမေ...”
ကျောက်ကျင်းကောက သူသယ်လာသည့် ဝါးခြင်းတောင်းကို ယူလိုက်ပြီး အထဲမှ ငွေကို ကျောက်လျူကို ပြလိုက်တယ်။
ကျောက်လျူ အသက်မရှူနိုင်တော့သလိုခံစားရပြီး သူမရင်ဘတ်ကို ဖိလိုက်သည်။
"ဒါ... ဒါ... နောက်ထပ် ငွေတစ်ရာ"
“နှစ်ရာလောက်ရှိတယ်”
ကျောက်ကျင်းကောက ပြောလိုကိး်သည်။
"ကျန်းကျန့်က အရင်က ငါတို့ကို ငွေတစ်ရာပေးခဲ့တယ်... ဒီတစ်ခါကျတော့ သူက ငါတို့ကို ငွေနှစ်ရာပေးခဲ့တယ်... နောက်ထပ် လယ်15မူဝယ်နိုင် ပြီးရင် ငါတို့မိသားစုမှာ လယ်20မူရှိမယ်...ငါတို့က ကျန်းမိသားစုထက်တောင် ပိုချမ်းသာလိမ့်မယ်”
ကျောက်လျူက ပြောသည်။
“အင်း”
ကျောက်ကျင်းကောက ခေါင်းညိတ်လိုက်သည်။
ကျောက်လျူသည် ကြက်သားဝယ်စားသည်က အလွန်ဖြုန်းတီးသည်ဟု ထင်ခဲ့သော်လည်း ယခုအခါတွင်….
သူမ ကြက်ကို မြန်မြန် ကိုင်လိုက်သည်။
ဟယ့်ရှီမှလူများသည် အခြေခံအားဖြင့် ကြက်သားချက်ပြုတ်ရန်အတွက် သံအိုးတစ်လုံးကို ရေအပြည့်ဖြည့်ပြီး ပြုတ်ကာ ကြက်သားကျက်သွားသောအခါတွင် သူတို့သည် ၎င်းကိုထုတ်ကာ အပိုင်းပိုင်းဖြတ်၍ စားကြသည်။ ကြက်ပြုတ်ရန်သုံးသည့်ရေကိုလည်း စွန့်ပစ်ရန် ဝန်လေးကြသည့်အတွက် အခြေခံအားဖြင့် သိမ်းထားပြီး ချက်ပြုတ်ရာမှာ အသုံးပြုကြသည်။သို့ပေမဲ့ ကြက်သားကို သည်အတိုင်း ပြုတ်ထားလျှင် အနည်းဆုံး နာရီဝက်လောက် ကြာ၏။ အလွန်နှေးသည့်အတွက် ကျောက်လျူက ကြက်သားကို ပဲငံပြာရည်နှင့် ချက်ရန် ဆုံးဖြတ်လိုက်သည်။
ကြက်တစ်ကောင်လုံးကို အတုံးသေးသေးလေးတွေတုံးပြီး ကြက်ဗိုက်သားကို ခဏကြာအောင်ကြော်ရန် အိုးထဲမှာ ထည့်ထားလိုက်သည်။ ထို့နောက် ဆီပူအောင်တည်ပြီး လှီးထားသော ကြက်သားတုံးများကို လှန်ကာ အနည်းငယ် မွှေကြော်ပြီး ပဲငံပြာရည်နှင့် ရေတို့ကို ထည့်၍ ဖြည်းဖြည်းချင်း ကျက်သွားမည်ကို စောင့်နေလိုက်သည်။
ကျန်းကျန့် ကျောက်ဖူကွေ့ နှင့်အတူ ပြန်လာသောအခါ ကျောက်လျူက ကြက်သားပြင်ဆင်မှု ပြီးသွားကာ ကျောက်ကျင်းကောကို စွန်းရှောင်ရှန်းဆီသို့ ပန်းကန်သေးသေးတစ်လုံးပို့ခိုင်းခဲ့သည်။
ဤရက်တွေမှာ စန်းရှောင်ရှန်းက ခရု သို့မဟုတ် ငါးတွေကို နေ့တိုင်း ဖမ်းသည်။ တချို့တလေ ဖမ်းမိသောအခါတွင် ၎င်းတို့အားလုံးကို ကျောက်လျူ ထံသို့ ပို့ဆောင်ခဲ့ပြီး ကျောက်လျူက သူ့ကို ၎င်းအတွက် အလွန်ကျေးဇူးတင်ရှိခဲ့သည်။
ညနေစောင်းသောအခါ စားပွဲပေါ်မှာ ကြက်သားနှပ်ပန်းကန်လုံးကြီးတစ်လုံး၊ ကြက်ဥနှင့်ဝက်ပေါင်ခြောက်ပေါင်း
တစ်ပန်းကန်၊ ပဲနှင့် ကြက်သွန်ဖြူမြိတ်တို့ကို ချဉ်ဖတ်ရော၍ချက်ထားသည့်ဟင်းတစ်ခွက်တို့ရှိနေသည်။
ကြက်၊ဘဲနှင့် သူမ အိမ်မှာ စိုက်ထားသည့် ဟင်းသီးဟင်းရွက်တွေအကြောင်း ပြောနေရင်း ကျောက်လျူက ကျန်းကျန့်ကို ကြက်ခြေထောက်တစ်ချောင်း ပေးလိုက်သည်။
ကျန်းကျန့်က ကြက်ပေါင်ကို သူမ၏ပန်းကန်ထဲသို့ တိုက်ရိုက်ထည့်လိုက်ပြီး ကျောက်ဖူကွေ့ကို အခြားတစ်ကြက်ပေါင်ကို ပေးလိုက်သည်။
"အဖေနဲ့အဖေ စားပါ"
ကျောက်ကျင်းကောအတွက် ကျန်းကျန့်က သူ့ကို ကြက်ရင်အုံ နှစ်ခြမ်းပေးလိုက်၏။မော်ဒန်ခေတ်တွင် ကိုယ်အလေးချိန် လျှော့ချလိုသူများမှလွဲ၍ မည်သူမျှ ကြက်ရင်အုံကို ကြိုက်နှစ်သက်သူ မရှိကြသော်လည်း ရှေးခေတ်မှာ ကြက်ရင်အုံသည် ကောင်းမွန်သောအရာဖြစ်သည်။စင်စစ်အားဖြင့် ၎င်းသည်တစ်ခုလုံးအသားချည်းဖြစ်သည်။ကျန်းကျန့် အတွက် ဆီနှင့်ပျား အလုံအလောက်ပါသောအခါ ကြက်တောင်ပံများ၏ အရသာက ပိုကောင်းပေသည်။
ကျန်းကျန့်က ကြက်တောင်ပံတစ်ချောင်းကို ကုန်စင်လုနီးပါး ဝါးစားလိုက်သော်လည်း ကြက်တောင်ပံတစ်ချောင်းကို ကျောက်ကျင်းကောအား ပေးခဲ့သည်။
“ဒါက အရသာအကောင်းဆုံးပဲ...စားကြည့်"
ကျောက်ကျင်းကောက ကြက်တောင်ပံကို ကြည်နူးဝမ်းမြောက်
စွာစားခဲ့ပြီး ကျောက်ဖူကွေ့ နှင့် ကျောက်လျူတို့သည် ကြက်ခြေထောက်များကို ဖြည်းညှင်းစွာ ကိုက်ကြသည်။
ကျောင်လျူက တော်သေးသည်။သူမက ကျန်းမာရေးမကောင်းသည့်အတွက် အရင်တုန်းက နှစ်သစ်ကူးပွဲတော်မှာ သူတို့၏ဘိုးဘေးတွေကို ပူဇော်သည့်အနေဖြင့် ကြက်တစ်ကောင် သတ်သည့်အခါ ကျောက်ဖူကွေ့နှင့် ကျောက်ကျင်းကောတို့က ကြက်ခြေထောက်တွေကို သူမ စားရန် ချန်ထားလေ့ရှိ၏။ သို့သော် ကျောက်ဖူကွေ့အတွက်မူ ကြက်ပေါင်ကို မစားရသည်မှာ ဆယ်စုနှစ်များစွာကြာခဲ့ပြီဖြစ်သည်။သူသည် ယောက်ျားအရင့်အမာကြီးတစ်ယောက်ဖြစ်သည်။ ကြက်ပေါင်ကို
သူမည်သို့စားနိုင်ပါ့မည်နည်း။ကျောက်ဖူကွေ့ ထိုသို့တွေးနေပေမဲ့ သူ့မျက်နှာမှာ အပြုံးတစ်ခုရှိနေ၏။
နောက်တစ်နေ့တွင် ကျောက်လျူက အခြားသူများနှင့် စကားစမြည်ပြောပြန်သည်။
“ငါတို့မိသားစုရဲ့ကျန်းကျန့်က တကယ်ကို လက်ဖွာတယ်... အပြန်လမ်းမှာ ကြက်တစ်ကောင်ဝယ်ပြီး အဲဒီနေ့မှာပဲ စားရတယ်...ငါတို့ တစ်ထိုင်တည်းမှာ ကြက်တစ်ကောင်လုံးနီးပါး စားခဲ့ရတယ်...ဒါတောင်မှ သူက ငါနဲ့ ငါ့အဘိုးကြီးကို ကြက်ခြေထောက်တွေ ပေးသေးတယ်... ငါတို့က အသက်ကြီးနေပြီလေ... ကြက်ခြေထောက်ကို ဘာလို့စားရမှာလဲ"
ကျောက်လျူ ပြောသည်ကို နားထောင်နေသည့်လူများ: "... ”
အခုခေတ်မှာ ကြက်ခြေထောက်တွေကို ဘယ်သူတွေစားနိုင်လဲ...နင်ကသက်သက်ကြွားနေတာပဲ... ဒီကျောက်လျူ ဒီလိုပြောနေတာ အရမ်းစိတ်တိုဖို့ကောင်းတယ်...
လူတွေက ကျောက်လျူကို ပိုမနာလိုဖြစ်လာပြသည်။ထိုနောက် ကျောက်မိသားစုမှ ကျန်းကျန့်က လျူဟိုင်ထုန်၏လောင်းကစားအိမ်ကိုပိတ်ရန် လူများကိုခေါ်ဆောင်သွားသည်ဟူသောသတင်းသည် ဟယ့်ရှီရွာသို့ရောက်ရှိသွားသည်။လျူဟိုင်ထုန်က စကားပင် မပြောဝံ့ဟူသတတ်။
ကျောက်လျူ နှင့် ကျောက်ကျင်းကော မင်္ဂလာဆောင်သည့်နေ့တွင် လျူဟိုင်ထုန်က ကျောက်မိသားစု၏အိမ်သို့သွားရောက်ခဲ့ပြီး ပြဿနာရှာခဲ့သည်။ ယင်းက ဟယ့်ရှီရွာမှလူများစွာကို ကျောက်မိသားစုကို ကရုဏာသက်စေကာ ကျောက်မိသားစုသည် အနှေးနှင့်အမြန်ဆိုသလို ကံဆိုးမှုများကြုံတွေ့ရမည်ဟု သူတို့ထင်မြင်ခဲ့သည်။ဖြစ်သွားသည်က ကျန်းကျန့်က လျူဟိုင်ထုန်၏ လောင်းကစားအိမ်ကိုပင် ပိတ်ပစ်နိုင်ခဲ့သည်။ ကျန်းကျန့်က ရုတ်တရက်ကြီး မည်သို့ ဤမျှ အင်အားကြီးလာသနည်း။ သူသည် မည်သူမဆို အနိုင်ကျင့်နိုင်သော ငထုံငအ ဖြစ်ခဲ့ဖူးသည်။
"ကျန်းကျန့်က စီရင်စုမြို့က လောင်းကစားအိမ်ရဲ့ မန်နေဂျာဖြစ်လာတယ်လို့ ကြားတယ်"
"လျူဟိုင်ထုန်ရဲ့လူတွေက အခု သူ့အတွက် အလုပ်လုပ်နေကြတာတဲ့"
"အဲဒါတင်မကဘူး...လျူဟိုင်ထုန် ကိုယ်တိုင်တောင် သူ့လက်အောက်ခံဖြစ်သွားပြီ"
“မနေ့က လျူဟိုင်ထုန်ရဲ့ လောင်းကစားဆိုင်ကနေ ငွေရာဂဏန်းလောက် ယူသွားတယ်လို့ ကြားတယ်...ငွေရာဂဏန်းနော်"
"အခုကျန်းကျန့်ကပိုက်ဆံရှိတော့ ကျောက်မိသားစုက အရမ်းကံကောင်းတယ်"
ဤရက်ပိုင်းတွင် ဟယ့်ရှီမှလူများသည် ကျန်းကျန့် အကြောင်း နေ့တိုင်းပြောနေကြသည်ဟု ဆိုနိုင်သည်။ယခု သူတို့က ကျန်းကျန့် အကြောင်း ထပ်ပြီးပြောနေကြပြန်ပြီး သူတို့သမီးတွေကို ကျန်းကျန့်နှင့် အရင်အိမ်ထောင်မပြုပေးခဲ့မိသည့်အတွက် နောင်တရနေကြ၏။
အဘွားကြီးကျန်းက အနီးနားရှိ အတင်းအဖျင်းစကားများကို နားထောင်ရသည်ကို နှစ်သက်သော်လည်း ယခုအချိန်တွင် လူများစုဝေးနေသည်ကို သူမမြင်သည့်အခါ လှည့်ထွက်ချင်လာသည်။
"သားသတ်သမားကျန်းရဲ့အိမ်ကတစ်ယောက် ...ဟေ့ သားသတ်သမားကျန်းရဲ့အိမ်ကတစ်ယောက်"
တစ်စုံတစ်ယောက်က အမျိုးသမီးကျန်းကို တားလိုက်သည်။
အဘွားကြီးကျန်းက အေးစက်သောမျက်နှာဖြင့် ရပ်လိုက်ပြီးနောက် လူတွေပြောသည်ကို သူမကြားလိုက်ရသည်။
“သားသတ်သမားကျန်းရဲ့အိမ်ကတစ်ယောက် ... အခုလူတိုင်းက ကျန်းကျန့်ကို ကောင်းချီးမင်္ဂလာလို့ပြောနေကြတာ...ကြားပြီးပြီလား"
“သူက မကောင်းဆိုးဝါးကြယ်ပဲ...ဘယ်လိုလုပ်ကောင်းချီမင်္ဂလာ ဖြစ်လာနိုင်မှာလဲ"
အဘွားကြီးကျန်းက ပေါက်ကွဲလုမတတ်။
“သူက တကယ်ကို ကောင်းချီးပေးတယ်... စဉ်းစားကြည့်ပါ...နင် သူ့ကို ကိုယ်ဝန်ရှိတုန်းက သားသတ်သမားကျန်းက စစ်တပ်ထဲဝင်ဖို့ အခွင့်အရေးရခဲ့တယ်... နောက်တော့ ပိုက်ဆံတွေ အများကြီးနဲ့ ပြန်လာတယ်... သူပြန်လာပြီးတဲ့နောက် နင်တို့မိသားစုဘဝက တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာတယ်... ဒါပေမဲ့ သူ နင်တို့အိမ်ကထွက်သွားပြီးတဲ့နောက်...ကျွတ်ကျွတ်"
ဤအချိန်တွင် ထိုလူက ခေတ္တရပ်ထားသော်လည်း အဓိပ္ပါယ်မှာ ထိုထက်ပို၍ရှင်းလင်းနိုင်ခြင်း မရှိတော့ပါချေ။
ကျန်းကျန့် ကျန်းမိသားစုအိမ်မှ ထွက်ခွာသွားပြီးနောက် ကျန်းမိသားစု၏ဘဝသည် ဝမ်းနည်းဖွယ်ရာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ မိသားစုထဲမှာ နေ့တိုင်း ရန်ဖြစ်နေကြ၏။
"အခု ကျန်းကျန့်က ကျောက်မိသားစုဆီသွားပြီး ကျောက်မိသားစုရဲ့ အစိတ်အပိုင်းဖြစ်လာတယ်...ကျောက် မိသားစုက သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး သူ့ကောင်းချီးတွေက ပိုကြီးသထက် ကြီးလာတယ်... ”
ထိုလူက ထပ်ပြောလိုက်သည်။
ကျောက်လျူက ကျန်းကျန့်
ကို တနေကုန် အပြင်မှာ ချီးကျူးသည်။ ကြည့်လိုက်သည်နှင့် ကျန်းကျန့်ကို သူမအတော်လေး ကျေနပ်နေမှန်း လူတိုင်းသိသည်။ထိုမျှတင်မကဘဲ ကျန်းကျန့်ကလည်း သူတို့အပေါ် အလွန်ကြင်နာ၏။ ဒီအဘွားကြီးကျန်း. . . သူမက ကျန်းကျန့်ကို တစ်နေ့ကုန် ကြိမ်းမောင်းခဲ့ဖူးပြီး ကျန်းကျန့်၏ ကောင်းချီးများအားလုံးကိုလည်း ကြိမ်းမောင်းခဲ့သည်။
အဘွားကြီးကျန်းသည် ထိုယောက်ျား၏ ပီတိတဖွားဖွားဖြစ်နေသော မျက်လုံးများကို ကြည့်ပြီး ဒေါသအပြင်းအထန် ထွက်ကာ အေးစက်သော မျက်နှာဖြင့် အိမ်သို့ အမြန်ပြန်လာခဲ့သည်။ သူမပြန်ရောက်သည်နှင့် ဒေါသထွက်နေသော သားသတ်သမားကျန်းက သူမကို ဆူပူကြိမ်းမောင်းပါတော့၏။
"အိမ်မှာ အလုပ်တွေများနေသေးတာကို မင်းဘာလို့ အပြင်လျှောက်လမ်းသလားနေတာလဲ"
သားသတ်သမားကျန်းက အဘွားကြီကျန်းကို မကျေမနပ်ဖြင့် ကြည့်နေသည်။
ဒုတိယသားက စီးပွားရေးလုပ်ရန် ထွက်သွားပြီး တတိယသားက စီရင်စုမြို့မှာ အလုပ်သွားလုပ်၏။သူတို့ချွေးမနှစ်ယောက်ကား ထည့်တွက်၍ မရပေ။သားသတ်သမားကျန်း သူ၏နေ့စဉ်အလုပ်ကြောင့် အလွန်ပင်ပန်းနေပြီး အဘွားကြီးကျန်းကိုတွေ့ပြီးနောက် ပို၍ပင် မကျေမနပ်ဖြစ်လာသည်။
"ကျွန်မ လမ်းမသလားပါဘူး...အဝတ်လျှော်တော့မယ်”
အမျိုးသမီကျန်းလည်း မကျေမနပ်ဖြစ်သွား၏။ သူမ ဘယ်မှာ အလုပ်လျော့လုပ်နေလို့လဲ...
ကျန်းမိသားစုဝင်များသည် ချက်ချင်းပင် ရန်ဖြစ်ပြန်သည်။
ဆူညံနေသော အခြားမိသားစုတစ်ခုလည်း ရှိသေးသည်။
သူ့သားတွေဆီက ကြိုးတုပ်ထားခံရပြီးကတည်းက အဖေဟယ်က ကောင်းကောင်းမွန်မွန်ပြုမူခဲ့သည်မှာ အတော်ကြာလေပြီ။ သူက အမေဟယ်ကို အိမ်တွင် အလုပ်ကိစ္စအချို့ကိုပင် ကူညီပေးခဲ့သဖြင့် သူမကို အလွန်ပျော်ရွှင်စေခဲ့သည်။သို့ပေမဲ့ ကျန်းကျန့်က လျူဟိုင်ထုန်၏လောင်းကစားအိမ်ကို ပိတ်ပြီး ဟုန်ရှင်းလောင်းကစားအိမ်၏မန်နေဂျာဖြစ်လာသည်ကို သိပြီးနောက်မှာ အဖေဟယ်၏ ခေါင်းထဲကဘီးတွေက စတင်ရွေ့လျားလာပါတော့သည်။
ကျန်းကျန့်က အလွန်စွမ်းအားကြီးသည်။ သူ့သားသာ ကျန်းကျန့်ကို လက်ထပ်နိုင်ရင်. . .
ဟယ်ချိုးရှန့်က ရုပ်ရည်ချောမောသော်လည်း၊ သူမိသားစုသည် ရွာငယ်လေးတွင် အမြဲနေထိုင်ခဲ့ပြီး ကမ္ဘာကြီးကို များစွာမမြင်ဖူးသောကြောင့် အနည်းငယ်ချမ်းသာသောသူတစ်ဦးနှင့် လက်ထပ်နိုင်သရွေ့ သူတို့ ကျေနပ်နေပြီဖြစ်သည်။ကျန်းကျန့် အခု သူဌေးဖြစ်နေပြီ မဟုတ်လား ...
"ချိုးရှန့် ...ကျန်းကျန့်က ဘယ်လောက်တောင်ကောင်းတဲ့ခင်ပွန်းလောင်းလဲ...မင်း မြန်မြန်လုပ်ရမယ်"
အဖေဟယ်က ကြိမ်ဖန်များစွာ နားချ၏။
“မင်းက သူ့ကိုယ်လုပ်တော်ဖြစ်ရင်တောင် သူ့အချစ်ကို ရနိုင်သရွေ့ ပထမဇနီးနဲ့ ကိုယ်လုပ်တော်က ဘာကွာမှာလဲ...ကျောက်ကျင်းကောက ရုပ်ဆိုးရုံတင်မက အသက်လည်းကြီးတယ်... အရင်တုန်းကသူ့ရဲ့ဟင်္သါပြဒါးရိုင်းမှဲ့က မှိန်ဖျော့ဖျော့ဖြစ်ခဲ့တယ်လို့လည်း ငါကြားတယ်...ကလေးတောင် မွေးနိုင်ပါ့မလား မသိဘူး...မင်းသာ ကျန်းကျန့် ကို သားတစ်ယောက်မွေးပေးလိုက်ရင် .....”
"အဖေ...တော်ပါတော့"
ဟယ်ချိူးရှန့် ဒေါသထွက်သလို စိတ်လည်းဆိုးမိသည်။