Chapter 83
:သူ့လူတွေကို လေ့ကျင့်ပေးခြင်း
ထိုစစ်သင်တန်းလေ့ကျင့်ခန်းများ ပြုလုပ်ရန် တောင်းဆိုသောအခါတွင် ၎င်းတို့အဖွဲ့အား သပ်ရပ်ပြီး စည်းလုံးညီညွတ်စေရန် မဟုတ်ပါဘဲ ဤလူများကို အမိန့်နာခံပုံနှင့် အသင်းအဖွဲ့စိတ်ဓာတ် အနည်းငယ်ရှိရန် သူမျှော်လင့်ခဲ့သည်။
သူတို့ကို စုပြီးနောက် ကျန်းကျန့်ပါ သူတို့နှင့်အတူ ထပ်ပြီးလေးကျင့်ပြန်ကာ သူတို့အား မတ်မတ်ရပ်စေကာ တညီတညာတည်း လှုပ်ရှားမှုအချို့ကို ပြုလုပ်ခိုင်းသည်။
ထိုလူများထဲတွင် ကျောက်ကျင်းကောသည် အကောင်းဆုံးဖြစ်သည်။ သူက ကျန်းကျန့်၏စကားကို ကောင်းကောင်းနားထောင်ပြီး ညဘက်မှာဆို ရံဖန်ရံခါ ကျန်းကျန့်က သူ့ကို အဝတ်အစားတွေကို ချွတ်ပြီး စစ်တပ်ပုံစံပင် မတ်တပ်ရပ်ခိုင်းသေးသည်။သဘာဝအတိုင်း သူက ကောင်းကောင်း သင်ယူနိုင်၏။ နောက်ထပ်ကား ဝမ်ဟိုင်ရှန်းနှင့်ဟယ်ညီအကိုတို့အပြင် ချောင်းထုန်ကလူနှစ်ယောက်ဖြစ်လေသည်။ကျန်လူများကမူ သူတို့၏ သင်ယူမှုက ညံ့ဖျင်းပြီး တချို့က အထူးတလည်ကို ဆန့်ကျင်ကြ၏။
"ငိုးတဲ့မှ ...ငါ ထွက်တယ်...ကျန်းကျန့် မင်းက ငါ့ကို တမင်တကာ ညှဉ်းပန်းနှိပ်စက်နေတာ ဟုတ်တယ်မလား... ဒီအရာတွေကနေ ဘာတွေ သင်ယူစေချင်နေတာလဲ”
ကျန်းကျန့်၏ လှန်မှောက်
ခြင်းကို ခံခဲ့ရသော လျူဟိုင်ထုန်က ကျန်းကျန့်ကို သတိနှင့်ကြည့်ရင်း ဒေါသတကြီး ထပ်မံ ကျိန်ဆဲလိုက်သည်။ မထင်မှတ်သည့်အရာ ဘာမှမဖြစ်ခဲ့လျှင် ကျန်းကျန့်က သူ့ကို သေချာပေါက် လာရိုက်လိမ့်မည်။
ကျန်းကျန့်က သူ့ကို တကယ်လည်း ရိုက်ခဲ့သည်။ သူက လျူဟိုင်ထုန် နှင့် များစွာ တိုက်ခိုက်နေခဲ့သည်။ကျန်းကျန့်က လျူဟိုင်ထုန်၏ပုံစံကို သဘောပေါက်ခဲ့သော်လည်း လျူဟိုင်ထုန်က သူ့ပုံစံကို နားမလည်သောကြောင့် ကျန်းကျန့် သူ့ကို ပိုပို၍ လွယ်ကူစွာ အနိုင်ယူနိုင်ခဲ့သည်။ မဟုတ်သေး၊ ညိုမဲနေအောင် အရိုက်ခံရပြီး နှာခေါင်းပွန်းပဲ့သွားသည့် လျူဟိုင်ထုန်ကို အပြတ်အသတ်အနိုင်ရရန် သူ့အတွက် အချိန်သိပ်မကြာလိုက်ပါချေ။
"လျူဟိုင်ထုန်... မင်း ဆက်မလေ့လာချင်တော့တာ သေချာရဲ့လား"
ကျန်းကျန့်က ဒဏ်ရာများကြောင့် မျက်နှာကြီးရောင်ကားနေသော လျူဟိုင်ထုန်ကို မျက်လုံးများမှေးကျဉ်းကာ ပြုံးပြလိုက်သည်။
လျူဟိုင်ထုန် ချက်ချင်း တိတ်ဆိတ်သွားပြီး အဖွဲ့ထဲသို့ နာခံစွာ ပြန်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သင်တန်းတွင်ပါဝင်သူအားလုံးသည် လန်းဆန်းမှုခံစားရပြီး ပျင်းရိရန်မဝံ့ရဲကြပေ။
ကျန်းကျန့် ဤအခြေအနေကို အလွန်ကျေနပ်ခဲ့ပြီး ယင်းက ဤရက်ပိုင်းတွင် ဤအဖွဲ့အတွက် သာမန်အရာတစ်ခု ဖြစ်လာခဲ့သည်။ တကယ်တမ်းတွင် သူ လျူဟိုင်ထုန်ကို အတော်လေး ကျေးဇူးတင်မိ၏။လျူဟိုင်ထုန်က သူ့ကို ရန်လာစတိုင်း သို့မဟုတ် သူ့လူတွေကို သူကိုရန်စရန်တိုက်တွန်းတိုင်း သူတို့ကို ချေမှုန်းပြီး သူတို့ကို ပိုပိုပြီး နာခံနိုင်စေသည်. . .
စစ်တန်းလျားများရှိ နာခံမှုမရှိသော စစ်သည်များကို သင် ဘာလုပ်သင့်သနည်း။မှန်ပေသည်၊ သူတို့ကို ရိုက်နှက်ပြီး စကားနားထောင်အာင်လုပ်ရသည်။နည်းပြကို ရန်စသည့်အတွက်မူ ယင်းက ကျန်းကျန့် ၏အမြင်မှာ ဘာမှမဟုတ်ပါချေ။ သူသည်လည်း သူ့ဆရာများကို မကျေနပ်၍ ရိုက်နှက်ချင်ခဲ့ဖူးသည်. . . ထိုအချိန်က သူသည် ယခုလောက် မသန်မာသေးဘဲ အကြိမ်တိုင်းတွင် အကျိုးဆက်များသည် ယခု လျူဟိုင်ထုန် နှင့် အတူတူပင်။သို့ပေမဲ့ ဆရာ့ကို မရိုက်နှက်နိုင်မှန်း သူသိခဲ့လျှင်ပင် သွားစွချင်နေဆဲဖြစ်လေသည်။လျူဟိုင်ထုန်လည်း ထိုသို့ပင် ခံစားနေရေပမည်။
လျူဟိုင်ထုန်ကို အနိုင်ယူပြီးနောက် ကျန်းကျန့် လေ့ကျင့်မှုအား ဆက်လက်ပြုလုပ်ခဲ့ပြီး ညနေအထိ ဟယ့်ရှီသို့ ပြန်မသွားခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် တစ်လခွဲကြာသွားသည်။ကျန်းကျန့်အနေဖြင့် ဤလူများကို သင်ကြားပို့ချပေးသည့် အစောပိုင်းကာလများတွင် အခက်အခဲများစွာကြုံတွေ့ခဲ့ရသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် ပို၍ပို၍နာခံလာခဲ့သည်။ကျန်းကျန့်၏ အထူးလမ်းညွှန်မှုအောက်တွင် “ကျန်းကျန့်က ကျိုးကြောင်းဆီလျော်တယ်”၊ “ကျန်းကျန့်က တကယ်ကို သန်မာတယ်”၊“သူတို့အားလုံးဟာ အရွယ်ရောက်ပြီးသူတွေဖြစ်ပြီး အနာဂတ်မှာ အသက်မွေးဝမ်းကျောင်းပြုမယ့်သူတွေ” ဆိုသည့် အတွေးအမြင်တွေ ရှိလာခဲ့ကြသည်။ထို့ကြောင့် သူတို့သည် ကျန်းကျန့်ကို ပိုပို၍ ယုံကြည်လာသည်။ ဤခေတ်တွင် လူအများစုသည် မောဟဖြင့် နေထိုင်ကြသည်။
သမိုင်းစာအုပ်တွေဖတ်သည့်အခါ ခေတ်သစ်ခေတ်ကလူတချို့က မတရားမှုအမျိုးမျိုးကို ကြုံလာပြီးနောက် ရှေးခေတ်လူတွေ ဘာကြောင့် မခုခံကြသလဲဆိုပြီး အံ့သြနေကြသည်။ စစ်သားတစ်ယောက်က ကော့်ဗိုင်လုပ်နေသည့် ဒါဇင်နှင့်ချီသော လူတွေကို ဘာကြောင့် ချုပ်ကိုင်နိုင်လဲဆိုသည်ကို နားမလည်နိုင်ကြပေ။ထိုလူတွေက ရိုက်နှက်၊ ဆူပူကြိမ်းမောင်း၊ ကြာပွတ်နှင့် ရိုက်လျှင်ပင် စကားတစ်ခွန်းမှ မပြောရဲကြပေ။
(T/N–အခကြေးငွေမယူရသော အတင်းအဓမ္မလုပ်အားပေးမှုပုံစံဖြစ်ပြီး
အချိန်အကန့်အသတ်ဖြင့်သာတည်ရှိသည်။ပုံမှန်အားဖြင့်နှစ်စဥ်နှစ်တိုင်းတွင် ရက်အချို့သာလုပ်သည်။ )
ကျန်းကျန့် ယခင်က သံသယများရှိခဲ့သော်လည်း ယခုခေတ်တွင် အကြောင်းပြချက်ကို သူနားလည်ခဲ့သည်။ တကယ်တမ်းတွင် ယခုခေတ်မှာ လူအများစုက မောဟဖြင့် နေထိုင်နေကြသည်။မြင်းကျားအုပ်စုသည် ခြင်္သေ့များ၏ တိုက်ခိုက်ခြင်း ခံရပြီး ခြင်္သေ့တစ်ကောင်က ၎င်းတို့ထဲမှ တစ်ကောင်ကို ဖမ်းယူလိုက်သည့်အချိန်နှင့် တူသည်။ ကနဦး စိတ်ရှုပ်ထွေးမှုပြီးနောက် မြင်းကျားများသည် တစ်ဖန်စိတ်အေးသွားပြီး မြက်စားကာ လှည့်ပတ်သွားကြသည်။၎င်းတို့က ဤအရာသည် ၎င်းတို့ဘဝ၏ကံကြမ္မာသာဖြစ်ပြီး သဘာဝအားဖြင့် ၎င်းတို့အနက်မှ တစ်ဦးသေဆုံးခြင်းကြောင့် ပြောင်းလဲ၍မရဟုခံစားကြရသည်။
ဤခေတ်က လူတွေကလည်း အတူတူပါပင်။ သာမန်လူအများစုသည် စာအုပ်တစ်အုပ်ကို တစ်ခါမျှ မဖတ်ဖူးကြဘဲ သူတို့၏ဘဝသည် သူတို့၏ပတ်ဝန်းကျင်တွင်သာ လည်ပတ်နေသည်။ သူတို့ဘဝက လယ်ယာစိုက်ပျိုးရေး၊ စားသောက်ရေး၊ ကလေးမွေးပြီး သားသမီးတွေကို လယ်ဆက်လုပ်ခိုင်း၊ စားသောက်ခိုင်း၊သားသမီးများများ မွေးခိုင်းကြသည်။
အစပိုင်းတွင် ကျန်းမိသားစု ကြီးပွားချမ်းသာနိုင်သည်ဆိုသောအချက်မှာ သားသတ်သမားကျန်း စစ်တပ်ထဲဝင်ရန် ထွက်သွားခြင်းနှင့် များစွာသက်ဆိုင်သည်။ ယခုအချိန်မှာ ကျန်းကျန့်၏ ကွပ်ကဲမှုအောက်ရှိနေသော ဤလူများက အားလုံး မသိနားမလည်းဖြစ်ခဲ့သည်။ ယခင်က သူတို့ ဘာလုပ်နိုင်သလဲ သို့မဟုတ်ဘာဖြစ်မြောက်နိုင်သလဲ ဘယ်တုန်းကမှ မတွေးခဲ့ကြပေ။သူတို့သည် လျူဟိုင်ထုန် နှင့် အတူ စားသောက်ပြီး သတို့သမီးတစ်ဦးကို တတ်နိုင်စေရန်နှင့် မြေကွက်များဝယ်ရန် ငွေအလုံအလောက်ရှာလိုကြသည်။ ယခုမူ ကျန်းကျန့် ၎င်းတို့၏ခေါင်းထဲကို အခြားသော အကြံဥာဏ်အချို့ကို ထည့်သွင်းခဲ့သည်။
သူတို့သည် ဤကဲ့သို့သော သေးငယ်သောနေရာတွင် နေပြီး အိမ်နီးနားချင်းများကို အနိုင်ကျင့်ခြင်းကဲ့သို့သော အရာများကို လုပ်မည့်အစား အပြင်ထွက်၍ ကြီးကြီးမားမား တစ်ခုခုလုပ်နိုင်သည့် ယောက်ျားများဖြစ်သည်။ ဇွဲလုံ့လရှိသရွေ့ တစ်နေ့တွင် မြင်းကြီးစီးပြီး အိမ်သို့ပြန်ကာ လူများကို အထင်ကြီးစေမည့် စားသောက်ဆိုင်သို့ ညစာသွားစားနိုင်မည်ဖြစ်သည်။ ဤကမ္ဘာသည် ဟယ်ချောင်စီရင်စု၏ သေးငယ်သော ဧရိယာမျှသာ ဖြစ်သည်။အမှန်တွင် ကမ္ဘာလောကကြီးက အလွန်ကြီးမားပြီး အကန့်အသတ်မရှိပါချေ။
အချိန်ကြာလာသည်နှင့်အမျှ၊ အစပိုင်းတွင် လေ့ကျင့်မှုကို အလွန်ခုခံဆန့်ကျင်သူများသည် တဖြည်းဖြည်း ပြင်းပြင်းထန်ထန် ကြိုးစားလာကြသည်။ ဆန့်ကျင်လိုစိတ်မရှိတော့သောအခါ သူတို့၏လေ့ကျင့်မှု၏ အကျိုးသက်ရောက်မှုသည် ထင်ရှားလာသည်။
ဤခေတ်ကြီးမှာ သာမန်လူတွေက ခက်ခက်ခဲခဲ ဘဝကို ဖြတ်သန်းပြီး ဒုက္ခတွေကို ခံနိုင်ရည်ရှိကြ၏။ကျန်းကျန့်က သူတို့ကို နေ့တိုင်း အသားတွေ ကျွေးနေသရွေ့ သူတို့ ပင်ပန်းနွမ်းနယ်မှုကို မကြောက်ကြပေ။လျူဟိုင်ထုန်အတွက်မူ အသားစားရသည်က ရှားပါးခြင်းမရှိပေမဲ့ ကျန်းကျန့်ကို ကြောက်တုန်းပါပင်။ သူက ကျန်းကျန့်ကို ကြောက်သလို အနိုင်လည်းမယူနိုင်ပေ။ယခု သူ့လူတွေက ကျန်းကျန့်၏လူတွေ ဖြစ်သွားကြလေပြီ. . . လျူဟိုင်ထုန်တစ်ယောက် ငြိမ်းချမ်းစွာပဲနေထိုင်ခဲ့သည်။ကျန်းကျန့်၏ မကောင်းကြောင်းကို ကွယ်ရာမှာပြောရုံသာသူတတ်နိုင်သည်။
သို့ပေမဲ့ ယခုအချိန်မှာ လူတိုင်းက သူတို့၏ လေ့ကျင့်မှုကြောင့် အလွန်ပင်ပန်းနေကြသဖြင့် မကောင်းပြောသည်များကို နားထောင်ရန်လူဘယ်နှစ်ယောက်လောက်က ဆန္ဒရှိနေပါမည်နည်း။
ထိုနေ့ မနက်ပိုင်း လေ့ကျင့်ရေးပြီးသွားသောအခါ အားလုံး စားဆောင်ဆီကို ပြေးကြ၏။ကျန်းကျန့် ငှားထားသည့် လူနှစ်ယောက်က ထမင်းဟင်းချက်ပြီးသားပင်။ဝက်သား ချဉ်ဖတ်ဟင်းရည်နှင့် ခရမ်းသီးဟင်း၊မညှိုးပန်းကြော်တို့ ဖြစ်သည်။ အရင်တုန်းက သူတို အစာစားရန် အလျင်စလိုလုပ်ခဲ့ကြပေမဲ့ ထိုအချိန်ကစပြီး ကျန်းကျန့် သူတို့ဘာပဲလုပ်လုပ် စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာရမယ်ဆိုသည့် စည်းကမ်းကို ချမှတ်ခဲ့၏။ ထို့ကြောင့် လူတိုင်းက ထမင်းအတွက် ပန်းကန်တစ်လုံးနှင့် အခြားဟင်းတစ်ခွက်အတွက် ပန်းကန်တစ်လုံးကို စည်းစနစ်တကျ ယူကြသည်။
လူတစ်ဦးစီတွင် ဝက်သားနှင့်ချဉ်ဖတ်ဟင်းရည် တစ်ဇွန်းစီ ရသည်။ ပန်းကန်တစ်ခုစီတွင် လက်နှစ်ချောင်းအရွယ် ဝက်သားတစ်ပိုင်းရှိသည်။ ခရမ်းသီးဟင်းနှင့် မညှိုးပန်းကြော်တို့က လူတစ်ဦးလျှင် တစ်ခွက်စာ ပါရှိသည်။ဤလူတွေ စားကြသလိုပဲ ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့လည်း စားကြသည်။
တစ်စုံတစ်ယောက်က ဝက်သားချဉ်ဖတ်ဟင်းရည်ကို ထမင်းပေါ် ဆမ်းပြီး ကျန်ဟင်းနှစ်ပွဲကို ပန်းကန်လုံးထဲ ထည့်ပေးလိုက်၏။ကျန်းကျန့်က ပန်းကန်တွေကို ယူလိုက်ပြီး ကျောက်ကျင်းကောနှင့် အတူ ထိုင်စားရန် စားပွဲတစ်လုံး ရှာလိုက်သည်။ ဤနေရာက လောင်းကစားအိမ်ဖြစ်ခဲ့ဖူးသောကြောင့် သဘာဝအတိုင်း စားပွဲများစွာရှိသည်။ ယခုမူ ထိုလောင်းကစားစားပွဲများသည် ထမင်းစားစားပွဲများ ဖြစ်လာသည်။
ထိုင်ပြီးနောက် ကျန်းကျန့် အမြန်စားလိုက်သည်။ ခဏအကြာတွင် သူ စားစရာအကုန်စားပြီးသွားကာ ကျောက်ကျင်းကော စားသောက်နေသည်ကို အပြုံးတစ်ခုဖြင့်ကြည့်လိုက်သည်။
ကျောက်ကျင်းကောက အရသာအရှိဆုံး အစားအစာကို နောက်ဆုံးအတွက် ချန်ထားခြင်းကို နှစ်သက်သည်။ ထမင်း နှင့် မွှေကြော် အားလုံးကို စားပြီးနောက် အသားကို ပါးစပ်ထဲသို့ ထည့်ကာ ဖြည်းဖြည်းချင်းအရသာခံနေသည်။
"တစ်နေ့ကျရင် ကိုယ့်ရဲကျင်းကော စားချင်တာမှန်သမျှကို စားနိုင်မှာပါ"
ကျန်းကျန့် ကျောက်ကျင်းကော၏ ခေါင်းကိုဖွဖွလေး ထိလိုက်သည်။
ကျောက်ကျင်းကောက ကျန်းကျန့်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူ့အမြင်အရ သူ့ဘဝက တကယ်ကို ကောင်းလွန်းနေပြီဖြစ်သည်။သူစားချင်သမျှ စားနိုင်လျှင် သူက အသားပိုစားချင်ရုံပဲ မဟုတ်ပါလော . . .ပြီးလျှင် ဤအတိုင်းဆက်သွားပါက ဆင်းရဲတော့မည်ဟု သူထင်မိသည်။
"ကျန်းကျန့် ဒီလိုပိုက်ဆံသုံးတာက တကယ်အဆင်ပြေရဲ့လား ...ခင်ဗျားမှာ ပိုက်ဆံရှိသေးရဲ့လား"
ကျန်းကျန့် သူ့လူတွေကို လောလောဆယ် လစာမပေးရသေးဘဲ နေ့လည်စာပဲကျွေးရေသာ်လည်း ပြီးခဲ့သည့် တစ်လခွဲအတွင်းမှာ ပိုက်ဆံအတော်ကုန်နေပြီဖြစ်သည်။အနာဂတ်မှာ သူတို့မိသားစုကို ထောက်ပံ့ရန် ငွေတွေ ထပ်ပေးရဦးမည်။ မဟုတ်ရင် သူတို့က ဘာကြောင့် ကျန်းကျန့် နောက်လိုက်ရမှာလဲ...
“အရေးမကြီးပါဘူး...ကိုယ် ပိုက်ဆံရှာနိုင်ဖို့ မကြာတော့ပါဘူး"
ကျန်းကျန့်က ပြုံးပြီး ပြောလိုက်သည်။
သူလက်အောက်ရှိလူများက နာခံမှုရှိလာပြီဖြစ်သည်။ ထိုသို့သောလူအုပ်စုနှင့်ဆိုလျှင် သူက ငွေမရှာနိုင်တော့မည်ကို စိုးရိမ်နေရဦးမည်လော။
ကျန့်ရီ ကတိပေးထားသည့် လောင်းကစားအိမ် ဘယ်အချိန်ဖွင့်မည်ကို မည်သူမျှ မသိသော်လည်း ကျန်းကျန့်က ငွေရှာရန် အခြားနည်းလမ်းကို ရှာဖွေပြီးနေပြီဖြစ်သည်။
ကျန်းကျန့် နှင့် ကျောက်ကျင်းကော တို့သည် ၎င်းတို့၏ လက်အောက်ငယ်သားများအား မည်သို့စီစဉ်ရမည်ကို အဖြေရှာရန် ကြိုးစားနေချိန်တွင် ၎င်းတို့၏ လက်အောက်ငယ်သားများကလည်း ကျန်းကျန့် နှင့် ကျောက်ကျင်းကောတို့ကို အာရုံစိုက်နေကြသည်။
သူတို့၏ဘော့စ်ဟောင်း လျူဟိုင်ထုန်က ကျန်းကျန့် နှင့် အတော်လေး ကွဲပြားသည်။လျူဟိုင်ထုန်က သူတို့ကို အလုပ်တွေလုပ်ခိုင်းပြီး သူတို့ကိုယ်သူတို့အတွက် ငွေရှာခိုင်းပေမဲ့ ယင်းက သူတို့အတွက် မကောင်းပေ။ ကောင်းသည့်အရာဆိုပါက သူက သူ့ဝမ်းကွဲတွေကိုသာ ပေးလိမ့်မည်ဖြစ်ပြီး သူတို့ကိုမပေးပေ။သူက အမြဲတမ်း အထက်စီးဆန်ကာ သူ့ကိုယ်သူသာလွန်သလိုပြုမူတတ်သည်။
ကျန်းကျန့်က မတူပေ။ဤရက်တွေမှာ ကျန်းကျန့်က သူတို့နှင့်အတူတူ အစားအသောက်တွေစားပြီး သူတို့နှင့်အတူ လေ့ကျင့်နေသည်။ကျောက်ကျင်းကောပင် သူတို့နှင့်အတူ လေ့ကျင့်သည်။ယင်းက သူတို့ကို တန်ဖိုးထားလာစေပြီး လေ့ကျင့်ရန် မလိုလားမှု နည်းသွားသလို ခံစားလာရသည်။
"ပထမတုန်းက ကျောက်ကျင်းကောက ကောတစ်ယောက်ဆိုတာ ငါမသိဘူး... အစတုန်းက ပန်းဝိုင်သောက်ဖို့ ဖိတ်ချင်ခဲ့တာ... ”
လောင်းကစားအိမ်က လူမိုက်တစ်ယောက်က မနေနိုင်ဘဲပြောလိုက်သည်။
အမှန်တွင် ဟုန်ရှင်းလောင်းကစားအိမ်က စည်းကမ်းထိန်းသိမ်းရန် တစ်စုံတစ်ဦးရှိသရွေ့ ထိုလူမိုက်များစွာကို မလိုအပ်ပါချေ။ကျန်းကျန့်က ထိုလူတွေကို သူ့နောက်လိုက်ရန် တောင်းဆိုပြီးနောက်မှာ လောင်းကစားအိမ်ကို စောင့်ကြည့်ရန် သူ့နောက်မလိုက်ချင်သည့် လူမိုက်ငါးယောက်ကို ထားခဲ့ပြီး ကျန်သူတွေကို သူ့လက်အောက်မှာထားလိုက်သည်။
တစ်ချိန်က ကျောက်ကျင်းကောကို ပန်းဝိုင်သောက်ရန် ဖိတ်ခေါ်လိုသူမှာ တင်းလျန်ဖြစ်ပြီး၊ သူ့လက်အောက်ရှိလူများထဲမှ တစ်ယောက်ဖြစ်သည်။ကျန်းကျန့် နှင့် လေ့ကျင့်ပြီး နှစ်ရက်အကြာတွင် ကျောက်ကျင်းကောက ကျန်းကျန့်၏ ကော ဖြစ်ကြောင်း လျူဟိုင်ထုန်ထံမှကြားခဲ့သည်။ ၎င်းအကြောင်းကို ပထမဆုံးကြားသိရသောအခါတွင် လျူဟိုင်ထုန်က သူ့ကို လှည့်ဖြားရန် ကြိုးပမ်းနေသည်ဟုထင်ပြီး လုံးဝမယုံကြည်ခဲ့ပေ။ အမှန်တွင် ကျောက်ကျင်းကောက ကောတစ်ယောက်နှင့် လုံးဝမတူပါချေ။ သို့သော် ချောင်းထုန်ရွာမှလူများက ကျောက်ကျင်းကောက ကျန်းကျန့်၏ ကောဖြစ်သည်ကို အားလုံးသိကြသည်။ တချို့က ကျန်းကျန့်လက်ထပ်သည့်နေ့မှာ ပြဿနာရှာရန် ကျောက်မိသားစုအိမ်ကိုသွားခဲ့ဖူးပြီး တချို့က သူတို့လက်ထပ်သည်ကိုပင် ကိုယ့်မျက်စိနှင့်ကိုယ်တိုင် မြင်ဖူးကြ၏။
“မင်းမသိရုံတင်မကဘူး... ငါလည်း မမျှော်လင့်ထားဘူး”
တစ်စုံတစ်ယောက်က နှိမ့်ချစွာ ပြောလိုက်သည်။
"သူကိုကောတစ်ယောက်လို့ ဘယ်သူထင်မှာလဲ... သူက ငါ့ထက်တောင် အရပ်ပိုမြင့်တယ်”
“ဒါနဲ့ သူက ကောလေ...ကျန်းကျန့်က သူ့ကို ဘာလို့ ငါတို့နဲ့ လေ့ကျင့်ခိုင်းတာလဲ”
"ဘော့စ်ကျန်းက... သူ့ကို ယောက်ျားတစ်ယောက်အနေနဲ့ ဆက်ဆံတာများလား”
အကုန်လုံးက အတော်လေး ပြောစရာစကားမဲ့သွားကြပြီး ကျောက်ကျင်းကောကို ပို၍ပင်စာနာမိကြသည်။ သူသည် ကောတစ်ယောက်ဖြစ်သည်မှာ ထင်ရှားသော်လည်း သူ့ခင်ပွန်းက နေ့တိုင်းလေ့ကျင့်ရန် ခေါ်ဆောင်လာခဲ့သည်။ဤသည်က ကောတစ်ယောက်၏ သာမာန်ဘဝမဟုတ်ခဲ့ပါချေ။ကျန်းကျန့်က အလွန်ချမ်းသာ၏။လျူဟိုင်ထုန်၏ ဇနီးကဲ့သို့ပင် သူ၏ကောသည် အိမ်တွင် နေ့စဉ် ကလေးများကိုပဲ ကြည့်ရှုပြီး အလုပ်များဆောင်ရွက်ရန် မိသားစုမှ ငှားရမ်းထားသော အမျိုးသမီးများကို ကြီးကြပ်သင့်သည် မဟုတ်ပါလော။
ကျောက်ကျင်းကောကမူ ပင်ပန်းသည်ဟုမထင်ပါချေ။ယခုလိုလေ့ကျင့်မှုမျိုးက သူ့အတွက် ဘာမှမဟုတ်ပေ။၎င်းသည် သူ့ကိုကျန်းကျန့်နှင့် ပို၍ရင်းနှီးလာစေသည်။ကျန်းကျန့်ကို အနာဂတ်မှာ ကူညီနိုင်ရန် သူပိုသင်ယူချင်ခဲ့သည်။
ထမင်းစားပြီးနောက် ကျန်းကျန့်က ထိုလူများကို စုရုံးရန် ခေါ်ကာ သူ၏ ဦးနှောက်ဆေးခြင်းပညာကို စတင်ခဲ့သည်။သူက နိုင်ငံရေးသင်တန်းတွေ အများကြီးတက်ဖူးပြီး ဂရုတစိုက်နားမထောင်ခဲ့ပေမဲ့ ဤလူတွေကို အကြံဥာဏ်တချို့ ထည့်သွင်းရန် လုံလောက်ပါသေးသည်။
ကျန်းကျန့်သည် သူကိုယ်တိုင်လည်း ရှည်လျားသော မိန့်ခွန်းကို ခံနိုင်ရည်မရှိသောကြောင့် ဤလူများကို အားပေးကာ ခဏမျှသာ စကားပြောခဲ့ပြီး နေ့လည်နားချိန်အတွက် နားခိုင်းခဲ့သည်။ တစ်နာရီကြာပြီးနောက် ကာယလေ့ကျင့်ခန်းလုပ်ရန် အချိန်ကျရောက်လာသည်။ကျန်းကျန့် ထိုလူများကို တိုက်ခိုက်ပြီးမှသာ ၎င်းတို့၏ ကာယကြံ့ခိုင်မှုနှင့် ခံနိုင်ရည်သည် သာမန်ထက်သာလွန်ကြောင်း သဘောပေါက်သွားခဲ့သည်။
ချောင်းထုန် တောအုပ်အနီးတွင် လူသုံးဆယ်ကျော်သည် လက်ထဲတွင် ဝါးလုံးများကိုင်ဆောင်ထားပြီး လက်နှစ်ဖက်ဖြင့် အထပ်ထပ်အခါခါ လှုပ်ခါကာ ဝါးလုံးများကို မရပ်တန့်ဘဲ လွှဲယမ်းနေလေသည်။
ကျန်းကျန့် ဤလူတွေကို ပညာအများကြီး မသင်ပေးခဲ့ပေ။ သူတို့၏ဟန်ချက်ညီအောင်ထိန်းချုပ်နိုင်မှုနှင့်ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို မြှင့်တင်ချင်ပေမဲ့ ကျောက်ကျင်းကောအတွက်ကမူ ကွဲပြားလေသည်။ကျန်းကျန့်က ကျောက်ကျင်းကောကို သူ့၏ အတိုက်အခိုက်ပညာများ သင်ပေးနေစဉ်မှာ ဝမ်ဟိုင်ရှန်းထံတာဝန်လွှဲ၍ ဤလူတွေကို ထပ်ခါတလဲလဲ လေ့ကျင့်ခိုင်းစေခဲ့သည်။