အပိုင်း၈၄
Viewers 24k

Chapter 84

Chapter 84

စီရင်စုမြို့တွင်းစီးပွားရေး



ကျောက်ကျင်းကော၏ ခန္ဓာကိုယ်က ကျန်းကျန့်ထက် ပျော့ပျောင်းသည်။ ကျန်းကျန့် ၏ထင်မြင်ချက်အရ ကျောက်ကျင်းကောက အတိုက်အခိုက်ပညာများကို လေ့လာရန် အလွန်သင့်လျော်သောကြောင့် သူ့ကို အတော်လေး ဂရုတစိုက် သင်ကြားပေးခဲ့သည်။ ကျောက်ကျင်းကော သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းရှိလိမ့်မည်ဟု သူမျှော်လင့်ခဲ့သည်။


အတိုက်အခိုက်ပညာကို အပြောနှင့်ပဲ သင်ယူ၍ မရပါချေ။ အမှန်တကယ် တိုက်ခိုက်ရန် လိုအပ်သည်။ကျန်းကျန့်က သူ့ခွန်အားကို ထိန်းဖို့ ကြိုးစားထားပေမဲ့ တခြားသူတွေ၏မျက်လုံးထဲမှာ . . . ကျန်းကျန့်က သူ့ကောကို ရိုက်နှက်နေသည်။


သူတို့၏ဘော့စ်က လူတွေကို လေ့ကျင့်ပေးရသည်ကို ကြိုက်၏။သူ့မိန်းမကိုပင် အလွတ်မပေးပေ။သေချာစဉ်းစားကြည့်ပါက ကျောက်ကျင်းကောလိုမျိုး ကောကသာ သည်းခံနိုင်ပေလိမ့်မည်. . .


ကျန်းကျန့်၏လူများသည် ဤမြင်ကွင်းကိုမြင်သောအခါ တစ်ယောက်ပြီးတစ်ယောက် သက်ပြင်းချကြသည်။ အနားယူနေစဉ်တွင် တင်းလျန်က ကျောက်ကျင်းကောထံသို့သွားပြီးဆို၏။


"ဟေး အဆင်ပြေရဲ့လား"


"စိတ်မပူပါနဲ့"


ကျောက်ကျင်းကောက ပြောသည်။ကျန်းကျန့်၏ ထိုးနှက်ချက်တွေက သူ့ပခုံးပေါ် အကြိမ်ကြိမ်ကျခဲ့ပေမဲ့ ကျန်းကျန့်က သူ့ခွန်အားကို ထိန်းထားခဲ့သည်။ယင်းက လုံးဝမနာသလို သူမြေပေါ်လဲကျသွားခြင်းလည်းမရှိပေ။တစ်ခုသာ. . . ကျန်းကျန့်က သူ သူ့အပေါ်သို့ လဲကျသည့်အခါတိုင်း မထင်မှတ်ပဲ သူ့ဖင်ကို ညစ်တတ်သည်။ သူများတွေ မြင်သွားလား သူမသိ. . . ကျောက်ကျင်းကော ဤကဲ့သို့သော မြင်ကွင်းကို တစ်စုံတစ်ယောက် မြင်သွားသည်ဟု တွေးလိုက်သည်နှင့် သူ့မျက်နှာ ပူကျစ်လာလေသည်။


"မင်းအဆင်ပြေလို့ ဝမ်းသာပါတယ်"


တင်းလျန် ကျောက်ကျင်းကောကို စာနာစိတ်ဖြင့် ကြည့်လိုက်သည်။


ကျန်းကျန့် သူ့လူတွေက သူ့မိန်းမကို ကိုယ်ချင်းစာနေကြမှန်း မသိပေ။ လောလောဆယ်မှာ သူ ပြစ်ဒဏ်နှင့် ဆုကြေးအစီအမံတွေကို ပြန်လည်ပြင်ဆင်နေသည်။ ကောင်းကောင်း မလုပ်သည့်သူက အပြစ်ပေးခံရမည်၊ ကောင်းကောင်း လုပ်သည့်သူက ဆုပေးခံရလိမ့်မည်။၎င်းကိုကျန်းကျန့် လေ့ကျင့်မှုအစမှာ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။သို့သော် ယခုခေတ်တွင် ပြစ်ဒဏ်သည် အခြေခံအားဖြင့် ပြေးခြင်း၊ ဖားခုန်ခြင်းနှင့် အလားတူအရာများသာဖြစ်ပြီး ဆုကြေးမှာ ငွေ သို့မဟုတ် အစားအစာဖြစ်သည်။ သို့သော်လည်း လေ့ကျင့်မှု အဆင့်တစ်ခုစီ၏ အကြောင်းအရာများသည် ကွဲပြားသောကြောင့် သဘာဝအတိုင်း ဤအစီအမံများကိုလည်းအနည်းငယ် ပြောင်းလဲရန် လိုအပ်သည်. . .


ကျန်းကျန့် စာရေးနေသည်ကိုမြင်သောအခါ ကျောက်ကျင်းကောက သူလည်း သစ်ကိုင်းတစ်ကိုင်းကို ယူပြီး မြေပြင်ပေါ်မှာ စာရေးလိုက်သည်။ကျန်းကျန့် နာမည်ကလွဲလို့ တခြားဘာမှ မရေးထားဘဲ ၎င်းနောက် သူ့နာမည်ကို ရေးခဲ့သည်။ ဘေးချင်းကပ်ရပ်ရှိနေသည့် သူတို့နာမည်တွေကို ကြည့်လိုက်ပြီး ကျေနပ်သွား၏။


ထိုညနေခင်းတွင် ကျန်းကျန့် ဤလူများကို အစောကြီးကတည်းက တန်းဖြုတ်ခဲ့သည်။ သူတို့ မထွက်ခွာမီတွင် ကြေးဒင်္ဂါးပြားတစ်တွဲစီနှင့် သူတို့၏စွမ်းဆောင်မှုအလိုက် အဝတ်အစားများ အသီးသီး ပေးအပ်ခဲ့သည်။


အဝတ်အစားများကို လူသုံးအများဆုံး အကြမ်းထည်များဖြင့် ပြုလုပ်ထားသော်လည်း စတိုင်လ်က သာမန်အဝတ်အစားများနှင့် အနည်းငယ်ကွဲပြားသည်။ဤအဝတ်အစားတွေကို ကျန်းကျန့် ဟယ့်ရှီက အမျိုးသမီးတစ်ယောက်ကို ရှာခိုင်းပြီး ဤရက်ပိုင်းမှာ သူတို့ကို ချုပ်ခိုင်းခဲ့သည်။


"ဒါအဝတ်တွေလား"


တင်းလျန် အဝတ်အစားများကို အံ့အားသင့်စွာ ကြည့်လိုက်သည်။အမှန်တွင် သူတို့က အဝတ်အစားတွေ ချို့တဲ့နေခြင်းမရှိပေမဲ့ ကျန်းကျန့်က သူတို့ကို အဝတ်အစားတွေ ပေးလာသောကြောင့် သူတို့ကို စိတ်လှုပ်ရှားစေခဲ့၏။အထူးသဖြင့် တင်းလျန်လိုမျိုး သူတွေပင်။


တင်းလျန်က သူ့မိသားစုတွင် မည်သူမျှမရှိသောကြောင့် လူမိုက်ဖြစ်လာသည်။ အရင်တုန်းက လစဉ်ငွေတွေ အများကြီးရခဲ့ပေမဲ့ ဘယ်သူမှ သူ့ကို အကြံမပေးသည့်အတွက် သူ့ပိုက်ဆံတွေကို ပေါ့ပေါ့ဆဆ သုံးစွဲခဲ့သည်။ သူ့အဝတ်အစားများနှင့် အခြားအရာများကို မည်သူကမျှ ဂရုမစိုက်သောကြောင့် အမြဲညစ်ပတ်နေပြီး စုတ်ပြဲသွားသည်အထိ ဝတ်ဆင်ထားခံရသည်သည်. . . ချုပ်ရိုးကောင်းကောင်းနှင့် အဝတ်အစားအသစ်တစ်စုံကိုရုတ်တရက်ရလိုက်သောအခါ တင်းလျန် အိမ်လွမ်းသလို ခံစားရသည်။


လျူဟိုင်ထုန် ကဲ့သို့သော ဤအဝတ်အစားများကို မကျေနပ်ကြသူများလည်း ရှိခဲ့သည်။သို့ပေမဲ့ ကျန်းကျန့်ဆီက ဤမျှအချိန်အကြာကြီး ရိုက်နှက်ခြင်းခံရပြီးနောက် သူမပျော်မရွှင်ဖြစ်ပြီး မကျေမနပ်ဖြစ်လျှင်ပင် ကန့်ကွက်ရန် မဝံ့ရဲပါချေ။


"မနက်ဖြန် ဒီအဝတ်အစားတွေ ဝတ်ပြီး ဒီကို စောစောလာရမယ်"


ကျန်းကျန့်က အိမ်မပြန်ခင် အဝတ်အစားတွေ ပေးလိုက်သည်။


နောက်နေ့ကျ သူထိုလူတွေကို စီရင်မြို့ကို ခေါ်သွားလိုက်၏။


လက်ရှိအချိန်မှာ လူ့အဖွဲ့အစည်းတစ်ခုလုံး၏အရှိန်အဟုန်က အလွန်နှေးကွေးနေသည်။ ဥပမာအားဖြင့် စာတစ်စောင်သည် ၎င်း၏စာလက်ခံသူထံသို့ ရောက်ရှိရန် တစ်လကျော်ကြာမည်ဖြစ်သည်။


ကျန့်ရီတစ်ယောက် ကတ်များရပြီးနောက်တွင် ကြီးကြီးကျယ်ကျယ်ပြုလုပ်လိုခဲ့သော်လည်း မြန်မြန်ဆန်ဆန် မပြင်ဆင်နိုင်ခဲ့ပေ။ တစ်လခွဲကြာပြီး အနိမ့်ဆုံးအဆင့်ကတ်များစွာကို ရိုက်နှိပ်ထားသော်လည်း အဆင့်မြင့်ကတ်များကို ရိုက်နှိပ်၍မရသည့်အပြင် တစ်ခုချင်း ခြယ်မှုန်းရန် လိုအပ်သည်။ပုံဆွဲရသည်က လက်ရာမြောက်ရန် လိုအပ်သောကြောင့် အရှိန်နှေးသည်။


ယခုလိုအခြေအနေမျိုးမှာ ကျန့်ရီအနေဖြင့် ကျန်းကျန့်ကို ကတိပေးထားသည့် လောင်းကစားအိမ်ကို ကြိုပြီးဖွင့်မပေးနိုင်သောကြောင့် သူကရိုးရိုးရှင်းရှင်ပဲ မန်နေဂျာကျန်းအား ကျန်းကျန့်ကို ငွေငါးဆယ်လွှဲပေးခိုင်းပြီး ကျန်းကျန့်ကို သက်တောင့်သက်သာနှင့်အနည်းငယ်ပိုကြာကြာစောင့်ခိုင်းလိုက်သည်။ကျန်းကျန့် လူတွေကို လေ့ကျင့်ပေးနေပြီး တစ်ခုခုလုပ်ရန် စိတ်အားထက်သန်နေသည်ကို သူသိပြီးသားဖြစ်သည်။


ကျန်းကျန့်က ငွေငါးဆယ်ကို လက်ခံလိုက်သော်လည်း ဘာမှမလုပ်ဘဲ စောင့်ရန် မရည်ရွယ်ခဲ့ပေ။ထိုအစား သူက မန်နေဂျာကျန်းကို သူငှားနိုင်မည့် သင်္ဘောကြီးတစ်စင်းရှိမရှိ မေးသည်။


ယန့်ကျီမြစ်၏ တောင်ဘက်တွင် ကုန်ပစ္စည်းများကို သင်္ဘောများဖြင့် ပို့ဆောင်သည်။ကျန်းမိသားစုတွင် သင်္ဘောအကြီး အငယ်များစွာရှိသည်။ ဤသင်္ဘောထဲကအချို့ကို လက်ရှိအသုံးပြုနေသော်လည်း အချို့မှာ ရရှိနိုင်ပြီဖြစ်သည်။ မန်နေဂျာကျန်းက ပတ်မေးပြီးနောက် ကျန်းကျန့်ကို သင်္ဘောကြီးတစ်စင်းကို ငှားလိုက်၏။


ကျန်းကျန့် သင်္ဘောငှားသည့်အခါ ယန်ကျင်းကို ဆက်သွယ်ပြီး ကုန်စည်ပို့ဆောင်ရန် လိုအပ်နေသည့် ကုန်သည်အချို့ကို ဆက်သွယ်ပေးရန် တောင်းဆိုလိုက်သည်။ကျန်းကျန့်၏ ငွေရှာနည်းမှာ ထောက်ပံ့ပို့ဆောင်ရေးမှတပါး အခြားမဟုတ်ပေ။


ယခုခေတ်တွင် လုပ်ငန်းရှင်များသည် တစ်ဦးချင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်ကြပြီး တစ်ခါတစ်ရံတွင် အခြားသော ကုန်သည်များနှင့် သင်္ဘောများ မျှဝေသုံးစွဲကြသော်လည်း ဘေးကင်းစေရန်နှင့် အသတ်မခံရစေရန်အတွက် တစ်ဦးနှင့်တစ်ဦး အလွန်ရင်းနှီးသော လုပ်ငန်းရှင်များသာ လိုက်ပါဆောင်ရွက်ကြသည်။ဤနည်းအားဖြင့် ၎င်းသည် အရင်းအမြစ်များကို ဖြုန်းတီးခြင်းနှင့် ကုန်ကျစရိတ်များ တိုးပွားခြင်းကို မလွဲမသွေ ဖြစ်စေသည်။


သို့သော် ကျန်းကျန့်က သင်္ဘောကြီးအား ငှားထားသောကြောင့် ကုန်သည်များသည် အခကြေးငွေ အနည်းငယ်ပေးဆောင်ထားသရွေ့ ၎င်းတို့၏ ကုန်ပစ္စည်းများကို သူ့သင်္ဘောပေါ် တင်ဆောင်လာနိုင်သည်. . .


ယန်ကျင်း ၎င်းကိုပြောပြီးသည်နှင့် လုပ်ငန်းရှင်အများအပြား စိတ်ဝင်စားခဲ့ကြသည်။သို့ပေမဲ့ သူတို့ဆုံးဖြတ်ချက်မချခင် ကျန်းကျန့်နှင့်တွေ့သည်အထိ စောင့်ရပေမည်။


ကျန်းကျန့် ယန်ကျင်းဆက်သွယ်သောပေးသော ကုန်သည်များကို တွေ့ဆုံရန်အတွက် ဟယ်ချောင်စီရင်စုမြို့သို့ သွားခဲ့သည်။ကုန်သည်များနှင့်တွေ့ဆုံရန် သူဟယ်ချောင်စီရင်စုမြို့အနီးရှိ ခြံဝင်းတစ်ခုကို ငှားရမ်းခဲ့သည်။


ချိန်းထားသည့်အချိန်မတိုင်မီ ဟယ်ချောင်စီရင်စုမြို့မှ လုပ်ငန်းရှင်များ ထိုနေရာသို့ တစ်ယောက်ပြီး တစ်ယောက်သွားကြသည်။ အရင်က ကျန်းကျန့်နှင့် တွဲလုပ်ဖူးသည့် ကြွေထည်ဆိုင်ပိုင်ရှင်က ဤတစ်ခါ ကြွေထည်ဝယ်ရန် မြို့ပြင်ထွက်ချင်နေခဲ့သည်။လှေငှားဖြင့်သွားလျှင် အန္တရာယ်နှင့်ကြုံတွေ့ရလွယ်သောကြောင့် ယန်ကျင်း၏စကားကိုကြားပြီးသည်နှင့် ချက်ချင်းသွေးဆောင်ခံရပြီး စောစောရောက်လာသည်။


သူရောက်သည်နှင့် ရင်းနှီးတဲ့မျက်နှာတွေ အများကြီးတွေ့လိုက်ရသည်။ထိုအထဲမှာ ဆိုင်ပိုင်ရှင်တချို့လည်း ပါ၏။ သူနှင့်ရင်းနှီးသူမှာလီမင်ကျဲ အမည်ရှိ ပိုးထည်ကုန်သည်ဖြစ်သည်။ဟယ်ချောင်စီရင်စုတဝိုက်ရှိ လူအားလုံးသည် ပိုးစာစိုက်ပျိုးကြပြီး ပိုးကောင်များကို မွေးမြူကြသည်။ဤလူက ပိုးအိမ်များဝယ်ပြီး နှစ်တိုင်းရောင်းသည်။ သူက ကောများနှင့် အမျိုးသမီးများ ယက်ထည်များကိုလည်း ရောင်းချသည်။ ဆိုင်တစ်ခါမှမဖွင့်ဖူးပေမဲ့ အလွန်ချမ်းသာ၏။


"အစ်ကိုလီ...မင်းလည်း ဒီကိုရောက်နေတာလား"

ကြွေထည်ဆိုင်ပိုင်ရှင်က သူ့ကိုတွေ့သောအခါ ချက်ချင်းပြုံးပြပြီး နှုတ်ဆက်လိုက်သည်။


"သူဌေးကျိုး မတွေ့တာကြာပြီ"

လီမင်ကျဲက ကြွေအရောင်းဆိုင်ပိုင်ရှင်အား အပြုံးဖြင့် နှုတ်ဆက်သည်။


“အစ်ကိုလီက မိသားစုဝင်နောက်ထပ် ထပ်တိုးတော့မယ်လို့ ကြားတယ်... ဂုဏ်ယူပါတယ်"


"ငါတို့လည်း ဝမ်းသာနေကြတာ"

လီမင်ကျဲတစ်ယောက် သူနောက်ထပ် ကလေးတစ်ယောက်ရတော့မည်ကိုတွေးကာ မပြုံးဘဲ မနေနိုင်ပေ။


လူနှစ်ယောက်က အာလာပသလ္လာပတွေဆိုလိုက်ကြပြီး လီမင်ကျဲက ကြွေထည်ဆိုင်ပိုင်ရှင်ဆီကနေ ကျန်းကျန့်အကြောင်းကို မေးမြန်းသည်။



သူ့လက်ထဲမှာ လှေများရှိသလို သူတို့အကုန်လုံးမှာ လှေများရှိကြသည်ပင်။သယ်ယူပို့ဆောင်ရသည်ကအလွန် ဒုက္ခများပြီး လှေကြောင့်ချည်းမဟုတ်ပါဘဲ ယုံကြည်ထိုက်သောလူများကို ရွေးချယ်ရသောကြောင့်လည်းပါသည်။ထို့ကြောင့် တစ်စုံတစ်ယောက်က သူ့ကိုယ်စားကုန်သည်များပို့ဆောင်ပေးမည်ဟုကြားသောအခါ သူ ချက်ချင်း လာကြည့်ခြင်းဖြစ်သည်။


ကြွေထည်ဆိုင်ပိုင်ရှင်က စီရင်စုမြို့မှာပဲအမြဲနေပြီး ကျန်းကျန့်အကြောင်းကိုတစ်ခုနှစ်ခုသိသည်။ထို့ကြောင့် သူက လီမင်ကျဲကို သူသိသလောက်ချက်ချင်းပြောပြလိုက်သည်။ဥပမာ၊ ကျန်းကျန့်က လက်ရှိမှာ ကျန့်မိသားစု၏သခင်လေးအတွက် အလုပ်အလုပ်နေပြီး သူက ရက်စက်သောတိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ကာ သူ့လက်အောက်မှာ လူအရေအတွက်တစ်ခုစုဆောင်းထားပြီးဖြစ်ကြောင်းတို့ဖြစ်၏။


လီမင်ကျဲ ကြားလိုက်သည်နှင့် စျေးမှန်လျှင် ကျန်းကျန့်ကို သူ့အတွက် ကုန်ပစ္စည်းတွေ ပို့ခိုင်းမည်ဟု ချက်ချင်းတွေးလိုက်သည်။


ထိုအချိန်တွင် အခြားကုန်သည်များကလည်း ကြွေဆိုင်ပိုင်ရှင်နားမှာ သူ့စကားနားထောင်ရန် ဝိုင်းဖွဲ့ကြသည်။ဤလူတွေထဲမှာ အတော်များများက စိတ်လှုပ်ရှားနေပြီဖြစ်သည်။သေချာသည်က ဆုံးဖြတ်ချက်မချခင် သူတို့ကျန်းကျန့်ကိုတွေ့ပြီး သူ့အရည်အချင်းတွေကို စစ်ဆေးရန် လိုသေးသည်။


"သူတို့လာနေပြီ"


ယန်ကျင်းက ပြောသည်။သူကအစောကြီးကတည်းက စောင့်ဆိုင်းနေသောကြောင့် ကျန်းကျန့်နှင့် အခြားသူများ လာသည်ကို သူတွေ့လိုက်ရသည်နှင့် အခြားလူများကို ချက်ချင်းပြောလိုက်သည်။


ကျန်းကျန့်က သူ့အား ဤလုပ်ငန်းသဘောတူညီချက်မှ ကော်မရှင်ခပေးမည်ဟု ကတိပေးခဲ့သည်၊ ဆိုလိုသည်မှာ သူရရှိသော ငွေတစ်ရာတန် လုပ်ငန်းတစ်ခုလျှင် ငွေငါးစရမည်ဟု ကတိပေးခဲ့သည်. . . ယခုလိုအခြေအနေမျိုးမှာ သူက ဤလုပ်ငန်းကို မြှင့်တင်ရာမှာ အလွန်တက်ကြွနေသည်။


ကုန်သည်များသည် ယန်ကျင်း၏စကားကိုကြားသောအခါ လှမ်းကြည့်လိုက်ရာ အဝေးမှ လူတစ်စုကို တွေ့လိုက်ရသည်။ ဤလူများ အားလုံးမှာ အသားမဲပြီး ပိန်လှီကြကာ တူညီဝတ်စုံကို ၀တ်ဆင်ထားကြလျက် အလွန် တက်ကြွနေပုံရသည်။သို့သော်လည်း သူတို့အတွက် ဆွဲဆောင်မှု အရှိဆုံးမှာ ၎င်းတို့၏ လှုပ်ရှားမှုများ၏ သပ်ရပ်မှုပင်ဖြစ်သည်။ ဝါးလုံးတစ်ချောင်းကိုပဲ လက်ထဲတွင် ကိုင်ဆောင်ထားသော်လည်း ၎င်းတို့အားလုံးသည် ဓားရှည်များကိုင်ဆောင်ကာ စီရင်စုမြို့၏လမ်းများပေါ်တွင် ရံဖန်ရံခါထွက်ခဲ့ကြသည့် ရုံးတော်အရာရှိများထက် ပို၍ အထင်ကြီးလောက်စရာရှိနေပုံရသည်။၎င်းတို့ တိုက်ခိုက်သည်ကို သူတို့တစ်ခါမှ မမြင်ဖူးပေမဲ့ ၎င်းတို့ကို တစ်ချက်ကြည့်လိုက်သည်နှင့် ဤလူတွေက အတိုက်အခိုက်တော်မှန်း ကုန်သည်တွေ သိသည်။


စီးပွား​ရေးလုပ်​ရန် အပြင်ထွက်​သောအခါတွင်​ ဓားပြ​အုပ်စု​နှင့်​ကြုံ​တွေ့ပါက သူတို့အနေဖြင့် ချမ်းသာပေးရန် ​ချက်​ချင်းတောင်းပန်ရုံသာ တတ်နိုင်​​သော်​လည်း ထိုလူ​တွေက သူတို့ကိုကာကွယ်​ရန်​ရောက်လာပြီးလျှင်​. . . ဘယ်ဓားပြတွေက သူတို့၏ဥစ္စာကို ခိုးရန် လာဝံ့ကြမည်နည်း။


ထိုကဲ့သို့ လူတစ်စုကို စီးပွားရေးသမားများ မြင်သောအခါ နှလုံးသားထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချပြီးသားဖြစ်သည်။ ထို့နောက် ကျန်းကျန့်ကလည်း သူတို့ကို စိတ်ချစေခဲ့သည်။


“ကျုပ်လက်အောက်က ဒီလူတွေအားလုံးဟာ ဟယ်ချောင်စီရင်စုက ဒေသခံတွေပါ...သူတို့အားလုံးက ဟယ်ချောင်မှာ မိသားစုတွေရှိတာကြောင့် အရာအားလုံးကို ချန်ထားခဲ့ပြီး ထွက်ပြေးဖို့ မဖြစ်နိုင်ပါဘူး...ခင်ဗျားတို့ရဲ့လူတွေ သူတို့ရဲ့ လိုရာခရီးကို ဘေးကင်းစွာ ရောက်ရှိမယ်ဆိုတာကို ကျုပ်အာမခံပါတယ်”


ကျန်းကျန့်က ကွေ့ပတ်ပြီးလည်းပြောမနေခဲ့ပေ။သူက လုပ်ငန်းရှင်တွေနှင့် တိုက်ရိုက်စကားပြောပြီး စာချုပ်ချုပ်ခဲ့သည်။


“စကားမစပ်... ဒါက ကျုပ် ရေးဆွဲထားတဲ့ စာချုပ်ပါ...ခင်ဗျားတို့ဒါကိုကြည့်လို့ရတယ်”

ကျန်းကျန့်က ထပ်မံပြောသည်။


ကျန်းကျန့်၏ စာချုပ်သည် အလွန်အသေးစိတ်ကျပြီး လမ်းတွင် မတော်တဆမှုတစ်စုံတစ်ရာဖြစ်ခဲ့ပါက လျော်ကြေးအဖြစ် ၎င်းတို့အား လျော်ကြေးငွေအချို့ပေးမည်ဟုလည်း ဖော်ပြထားသည်။ မှန်သည်ပင်၊သဘာဝဘေးအန္တရာယ်ကြောင့် မတော်တဆထိခိုက်မှုဖြစ်ခဲ့ရင် လျော်ကြေးငွေ ဆုံးရှုံးမှာ သေချာ၏။ကုန်သည်တွေက ကိုယ့်ဒုက္ခကိုယ်ရှာပါက ဒုက္ခဖြစ်စေသည်သူတွေဆီက လျော်ကြေးတောင်းရမည်။


ယနေ့ခေတ်တွင် ကုန်သည်များအတွက် ၎င်းတို့အား ကာကွယ်ရန်အတွက် လူများကို ငှားရမ်းခြင်းသည် အဆန်းမဟုတ်ပေ။ထိုလူတွေက အန္တရာယ်ကြုံလာသည့်အခါ ထွက်ပြေးသည်က မဆန်းပါချေ။ ထို့ကြောင့် ကုန်သည်ငယ်များသည် မိမိတို့ကိုယ်ကို ကံမကောင်းဟုသာ ထင်မြင်နိုင်သည့်အတိုင်းအတာအထိ ကုန်သည်များ သေဆုံးခြင်း သို့မဟုတ် ကုန်ပစ္စည်းများ ဆုံးရှုံးရခြင်းသည် အဆန်းမဟုတ်ပေ။ကျန်းကျန့်က သူတို့ ပစ္စည်းတွေ ဓားပြတွေ၏ သိမ်းပိုက်ခြင်းခံရသည်နှင့်ကြုံပါက လျော်ကြေး ပေးမည်ဟု ပြောသည်ကို တွေ့သောအခါ ကုန်သည်များ အံဩခြင်း ဝမ်းသာခြင်း နှစ်ဖုံံလုံးစုပြုံကာ မယုံနိုင်အောင် ဖြစ်ကုန်ကြသည်။


"ဒီစာချုပ်... ငါလက်မှတ်ထိုးမယ်"

လီမင်ကျဲက ချက်ချင်းပြောလိုက်သည်။


"ပစ္စည်းတွေ ပို့တာနဲ့ ပတ်သက်ပြီး ငါမသွားလို့ရလား"


"ရပါတယ်...ခင်ဗျားအနေနဲ့ ကျုပ်တို့နဲ့ တစ်ယောက်ယောက်ထည့်ပေးလိုက်လို့ရတယ်... ဟိုမှာ ကိုင်တွယ်ခကို ပေးဆောင်ဖို့ လုံလောက်တဲ့အထိ ယုံကြည်တယ်ဆိုရင် ခင်ဗျားရဲ့ပစ္စည်းတွေကို ကျုပ်ကူညီပို့ပေးမှာပါ”


ကျန်းကျန့်က ပြောလိုက်သည်။


“ကောင်းပြီ”


လီမင်ကျဲ အတော်လေး ကျေနပ်သွားသည်။ သူကိုယ်တိုင် အပြင်ထွက်ပြေးလွှားရသည်ကို သူ မကြိုက်ပေ။ အပြင်မှာက အန္တရာယ်တွေ အမြဲရှိနေမှာဖြစ်သည်။ယခုမူ သွားစရာ မလိုတော့သည့်အတွက် သူ့အတွက် အရင်ကထက် ပိုကောင်း၏။


လီမင်ကျဲက ပထမဆုံးလက်မှတ်ထိုးရန် ဆုံးဖြတ်ခဲ့သောကြောင့် ကျန်းကျန့် သူ့အပေါ် အနည်းငယ်ပို၍ အာရုံစိုက်ခဲ့သည်။လီမင်ကျဲ ရေးသည့် နာမည်နှင့် လီကျားရွာ၏လိပ်စာကို မြင်လိုက်ရ​ပြီး အသက်သုံးဆယ်အရွယ် စီးပွားရေးသမားကို တွေ့လိုက်ရသောအခါ သူအံ့သြသွားခဲ့သည်။ ဒီလူ

. . .ကျောက်ကျင်းကော၏ စေ့စပ်ထားသူဟောင်း လီကျူးကျန်၏ ဇနီး ရွှယ်ကို ခိုးယူခဲ့သူ ဖြစ်ပုံရသည်. . .


ကျန်းကျန့်က လီမင်ကျဲအကြောင်း သိသော်လည်း လီမင်ကျဲက သူ့အကြောင်းကို မသိပေ။ သူ့အတွက်က ကလေးမွေးရန် ရောက်လာသည့် ကိုယ်လုပ်တော်တစ်ယောက်သာ ဖြစ်၏။ထိုကိုယ်လုပ်တောခ သူ့အိမ်တံခါးကို ဖြတ်မလျှောက်ခင်မှာ ဘာတွေဖြစ်ပျက်ခဲ့သည်ကို သူသိပ် ဂရုမစိုက်ပေ။သူ့ကိုယ်လုပ်တော်၏အရင်ယောကျာ်း လုပ်ခဲ့သည်တွေကိုဆို ပို၍ပင်ဂရုမစိုက်သေးသည်။


ကျန်းကျန့် နှင့် ဆွေးနွေးပြီးနောက် သူသည် ငွေဆယ်စကို ချန်ထားခဲ့ကာ နောက်တစ်နေ့တွင် လီကျားရွာမှာ ကုန်ပစ္စည်းများ လာယူရန်ကျန်းကျန့်ကိုပြောပြီးနောက် ထွက်ခွာသွားခဲ့သည်။လီမင်ကျဲက ဦးဆောင်ပြီးနောက် စာချုပ်ကို လက်မှတ်ရေးထိုးရန်နှင့် စည်းကမ်းချက်များကို ညှိနှိုင်းရန်လာသူများ ပိုမိုများပြားလာသည်။