အပိုင်း၈၅
Viewers 21k

Chapter 85

Chapter 85

:အတူတကွ အပြင်ထွက်ခြင်း




ကျန်းကျန့် ဤကုန်သည်များနှင့် စာချုပ်ချုပ်ဆိုသောအခါ အလွန်သတိထားခဲ့သည်။ သူတို့နှင့် စီးပွားရေးလုပ်မလား မဆုံးဖြတ်ခင် အခြေအနေကို အရင်လာကြည့်မည်ဟုပင် ရှင်းရှင်းလင်းလင်း ပြောထားခဲ့သည်။ ထိုကဲ့သို့ သမ္မာသတိရှိသဖြင့် ကုန်သည်များအား သူ့ကို ပိုယုံကြည်လာစေသည်။


ကျန်းကျန့် လုပ်ငန်းရှင်များနှင့် ဆက်ဆံနေချိန်၌ သူ၏လူများ စိတ်ရှုပ်ထွေးသွားသည်။ အကြွေးတွေကောက်ဖို့ ဒီလူတွေရဲ့အိမ်တွေကို သွားဖူးကြပေမဲ့ အခုက ...ဒီလူတွေရဲ့ လုပ်ငန်းကို ကာကွယ်ကြမှာလား...အနည်းငယ် ထူးဆန်းသည် ...သို့ပေမဲ့ ထူးဆန်းသည်ဟု ခံစားမိသည့်တိုင် အများစုက ပျော်ကြ၏။


လူမိုက်ဖြစ်ခြင်းထက် လျောက်ပတ်သော စီးပွားရေးလုပ်ခြင်းသည် ပိုကောင်းသည်။ထိုနေရာတွင် ရပ်ကာ ထိုကဲ့သို့ ၀တ်ဆင်ထားသောအခါ ပတ်ဝန်းကျင်က လူများက သူတို့ကို အံ့သြတကြီး ကြည့်နေကြသည်။ပြောခဲ့သည်များက အများအပြားရှိသော်လည်း ကျန်းကျန့်စောစောကပြောခဲ့သည့် တစ်စုံတစ်ခုကို သူတို့ ယောင်ဝါးဝါး မှတ်မိနေသည်. . . သူတို့သည် အမှန်တကယ် တစ်ခုခုကို ပြုလုပ်နိုင်ကောင်းသည်။


ကျန်းကျန့်က ၎င်းတို့၏ ကုန်ပစ္စည်းများ ပေးပို့လိုသော ကုန်သည်များအားလုံး၏ အခြေအနေနှင့် လိပ်စာကို မရေးမီ တစ်နေကုန် အလုပ်များနေခဲ့ပြီး ထို့နောက်တွင် သူ့မှာ လုပ်စရာများစွာ ရှိလာခဲ့သည်။


"ကျင်းကော... ဒီနေ့ ဘယ်လိုနေလဲ" အိမ်အပြန်လမ်းတွင် ကျန်းကျန့်က ကျောက်ကျင်းကောကိုမေးသည်။


ကျောက်ကျင်းကော အနည်းငယ် ထိတ်လန့်အံ့ဩနေခဲ့သည်။ယနေ့တွင် ကျန်းကျန့်က အထူးတလည်ကို စွမ်းအားကြီးသည်ဟု မှလွဲ၍ သူဘာမှ မခံစားရပါချေ။


ကျန်းကျန့်က ပြုံးပြီး လက်တစ်ဖက်ကို ကျောက်ကျင်းကော၏ပခုံးပေါ်သိုင်းဖက်လိုက်ပြီး သူတို့နှစ်ယောက် ရှေ့ကို လျှောက်သွားခဲ့သည်။ လမ်းလျှောက်ရင်း ကျန်းကျန့်က ကျောက်ကျင်းကောနှင့် စကားပြော၏။ ဥပမာအားဖြင့်၊ ဘယ်လုပ်ငန်းရှင်က စိတ်မချရဘူးထင်သည် သို့မဟုတ် ဘယ်လုပ်ငန်းရှင်ကို ကောင်းကောင်းဂရုစိုက်သင့်သည်၊ အောင်မြင်လျှင် ရေရှည်စီးပွားရေးဖြစ်နိုင်သည်။


“အခု ကိုယ့်မှာ လူနည်းလွန်းနေတယ်...”


ဤအကြောင်းကိုပြောရင်း ကျန်းကျန့် မျက်မှောင်မကြုတ်ဘဲမနေနိုင်။ လောလောဆယ်မှာ သူ့လက်အောက်မှာ စာဖတ်နိုင်သည့်သူတစ်ယောက်မှ မရှိပေ။သူ့ဘာသူ အကုန်လုပ်ရသည်က တကယ်ကို ဒုက္ခများလွန်းလိမ့်မည်။


ကျန်းကျန့်တွင် လူသုံးဆယ်ကျော်ရှိသည်။ နည်းလွန်းနေသေးသည်လော။ကျန်းကျန့် ကျောက်ကျင်းကောကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။


အခုခေတ်မှာ လူတွေက စီးပွားရေး ကွင်းဆက်တွေ မရှိသလောက်ရှားပါး၏။ တကယ်တမ်းပြောရလျှင် လမ်းပန်းဆက်သွယ်ရေးက အတော်လေး အဆင်မပြေသည့်အတွက် ထိုလုပ်ငန်းရှင်ကြီးတွေပင် လူများများစားစား မရှိကြပေ။ကျန်းကျန့်က သူ့မှာ လူနည်းလွန်းသည်ထင်သည်က ကျောက်ကျင်းကောအတွက် တကယ်ကို ထူးဆန်းသည်။ သို့သော် ကျန်းကျန့်က မော်ဒန်ခေတ် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်း မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့မြင်ခဲ့ရသည်။ ယခု သူ့တွင် လူသုံးဆယ်သာ ရှိပြီး တစ်ကြိမ်လျှင် တစ်ဖွဲ့ပဲ အလုပ်လုပ်နိုင်သည်။ယခုလိုအခြေအနေမျိုးမှာ သူ့မှာ လူနည်းလွန်းသည်ဟု ခံစားရ၏။


"ကျင်းကော... ကိုယ်တို့လုပ်ငန်းနာမည်က ဘယ်လိုဖြစ်မယ်ထင်လဲ"


ကျန်းကျန့်က ထပ်မေးပြန်သည်။


"နာမည်တစ်ခုလိုတာလား"


"ဟုတ်တယ်...နာမည်တစ်ခုတော့ရှိသင့်တယ်လေကွာ"


ကျန်းကျန့်က ရယ်မောလိုက်သည်။

"အဲဒါကို...ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း လို့ခေါ်ရင်ရော... ပြန်ရောက်ရင် ဘယ်လိုရေးရမလဲ သင်ပေးမယ်..."


သိုင်းဝတ္ထုများတွင် နေရာတိုင်းတွင် ကိုယ်ရံတော်လုပ်ငန်းများ ရှိသော်လည်း အမှန်တွင်၊ ကျန်းကျန့်လာခဲ့သည့် ကမ္ဘာ၏သမိုင်းတွင် ချင်မင်းဆက်တိုင်အောင် ကိုယ်ရံတော်လုပ်ငန်းများ မပေါ်သေးဘဲ နောက်ပိုင်းမှ လျှင်မြန်စွာ စတင်ကြီးထွားလာခဲ့သည်။ ချင်မင်းဆက် နှောင်းပိုင်းတွင် ဗဟိုအစိုးရ၏ ဝန်ကြီးများစွာကပင် ၎င်းတို့နှင့် ၎င်းတို့၏ အိမ်များကို ကာကွယ်ရန် ကိုယ်ရံတော်လုပ်ငန်းတစ်ခုကို ငှားရမ်းခဲ့သည်။


ထိုအချိန်တွင် ကိုယ်ရံတော်လုပ်ငန်းက ပိုမိုအားကောင်းလာပြီး အချို့နေရာများတွင် အစိုးရကပင် ကိုယ်ရံတော်လုပ်ငန်းကို လမ်းဖယ်ပေးခဲ့ရသည်. . . ကံမကောင်းစွာဖြင့်၊ အဆုံးတွင် ဤကိုယ်ရံတော်လုပ်ငန်းများသည် မပျောက်ကွယ်မီ ဤမင်းဆက်တစ်ခုအတွင်းသာ ထွန်းကားခဲ့သည်။


မှန်ပေသည်၊ ချင်မင်းဆက်မတိုင်ခင် မင်မင်းဆက်မှာ ကုန်ပစ္စည်းတွေကိုစောင့်ကြပ်ပေးပြီး ကုန်သည်များ၏လုံခြုံရေးကို အကာအကွယ်ပေးသည့်သူတွေရှိသလို အကြွေးကောက်ပြီး လူတွေကို ရိုက်နှက်သည်ကို ကူညီပေးသည့်သူများပင်ရှိခဲ့သည်။ ဤလူများက တွေ့ဆုံကြသည့်အခါ လက်သီးများဆုပ်၍ သင်္ကေတအဖြစ်သုံးကြသည်။


အကယ်၍ ဤတချီမင်းဆက်သာ ဆက်လက် ဖွံ့ဖြိုးလာပါက ကိုယ်ရံတော်လုပ်ငန်းတစ်ခုသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ကျန်းကျန့်က ကိုယ်ရံတော်လုပ်ငန်းတစ်ခုကို တိုက်ရိုက်ဖွင့်ရန် လူမိုက်တစ်စုကို ဦးဆောင်ခဲ့သည်။


ကျန်းကျန့် ကျောက်ကျင်းကော နှင့် အတူ ပြန်သွားပြီးနောက် ကျောက်ဖူကွေ့ နှင့် ကျောက်လျူတို့အား သူ ကိုယ်ရံတော်လုပ်ငန်းကို ဖွင့်ပြီးပြီးဖြစ်ကာ အပြင်ထွက်မည့်အကြောင်း ပြောကြားခဲ့သည်။


ကျန်းကျန့်က စိတ်ကူးဉာဏ်ကောင်းပြီး အရည်အချင်းရှိသူဖြစ်သောကြောင့် ကျောက်ဖူကွေ့ နှင့် ကျောက်လျူတို့က သူ့ကို တားရန်မကြိုးစားသည်မှာ သဘာဝပင် ဖြစ်သည်။ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျောက်ဖူကွေ့က ကျန်းကျန့် ပေးထားသည့် ငွေအားလုံးကို ထုတ်ယူလိုက်ရုံသာပြုလေသည်။


“ယူပါ...အပြင်သွားတဲ့အခါ ပိုက်ဆံပိုယူလာဖို့ လိုတယ်”


မူလက ကျောက်ဖူကွေ့ ငွေရပြီးနောက် မြေကွက်ဝယ်ချင်သော်လည်း သင့်တော်သောမြေကွက်ကို ရှာမတွေ့သောကြောင့် ရွှေ့ဆိုင်းလိုက်သည်။


“အဖေ... မလိုပါဘူး...ကျုပ်လက်ထဲမှာ ငွေတချို့ရှိပါတယ်...အဲဒီကုန်သည်တွေက သူတို့ပစ္စည်းတွေ ပို့ဖို့ စပေါ်ငွေပေးပြီးသွားပါပြီ...”


ကျန်းကျန့်က ပြောလိုက်သည်။


ယနေ့ခေတ်က မော်ဒန်ခေတ်လူ့အဖွဲ့အစည်းနှင့် မတူဘဲ ပို့ဆောင်ခ အနည်းငယ်မျှသာ ကောက်ခံခြင်း မရှိသောကြောင့် သူ အများအပြား ကောက်ခံခဲ့သည်။ သူ့ထင်ကြေးတွေအရ ဤခရီးစဉ်အပြီးမှာ ကုန်ကျစရိတ်အမျိုးမျိုးကို နုတ်ယူပြီး သူ့လက်အောက်ငယ်သားတွေကို ပေးပြီးလျှင် အနည်းဆုံး သူ ငွေဒါဇင်အနည်းငယ်လောက် ရနိုင်မည်ဟုယူဆရသည်။ဤငွေက အများကြီးဟုမထင်ရပေမဲ့ ၎င်းက အစပါပင်။


"မင်းမှာသေချာဆုံးဖြတ်ပြီးပြီဆိုမှာတော့ ငါတို့ ကျင်းကောကို အိမ်မှာ ကောင်းကောင်း ပြုစုစောင့်ရှောက်မယ်ဆိုတာကို စိတ်ချလို့ရတယ်..."


ကျောက်ဖူကွေ့က ပြောပြီး ကျောက်ကျင်းကောကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။


ကျန်းကျန့် နှင့် ကျောက်ကျင်းကော တို့ လက်ထပ်ခဲ့သည်မှာ တစ်လနီးပါးရှိနေပြီဖြစ်သည်။ ဤလတွင် သူတို့သည် အတော်လေး တပူးပူးတတွဲတွဲနှင့် မခွဲမနိုင်မခွာရက်ဖြစ်နေကြသောကြောင့် သားဖြစ်သူ၏ ဗိုက်ထဲတွင် ကလေးရှိနေလောက်ပြီဟုသူထင်မိသည်။ကျန်းကျန့် ဤတစ်ခေါက် ထွက်သွားသောအခါ သူပြန်လာပြီးနောက် ကျင်းကောက သူ့အတွက် အံ့သြစရာတစ်ခုပေးနိုင်ကောင်းသည်။ ကလေးမရှိလျှင်ပင်. . . ယခု သူတို့မှာ ပိုက်ဆံရှိနေပြီဖြစ်သဖြင့် ကျင်းကောကိုစောင့်ရှောက်ရန်ဤအခွင့်အရေးကို အသုံးချနိုင်၏။


ထို့နောက် ကျောက်ဖူကွေ့ နှင့် ကျောက်လျူတို့က ညစာစားရန် ပြင်ဆင်ကြသည်။


ကျန်းကျန့်က သူ့လူတွေ စားရန်ကိုပင် အသားတွေပေးသည်။မှန်သည်ပင်၊ကျောက်ဖူကွေ့တို့လင်မယားကို ဆိုးဆိုးရွားရွား ဆက်ဆံရန်က မဖြစ်နိုင်ပါချေ။ကျောက်မိသားစု၏ အစားအစာများသည် ဤရက်ပိုင်းတွင် အလွန်ကောင်းမွန်သောကြောင့် ကျောက်ဖူကွေ့ နှင့် ကျောက်လျူတို့ကို ၎င်းတို့ဗိုက်ပြည့်သည်အထိ စားနိုင်စေခဲ့ပြီး နှစ်ပေါင်းများစွာ ငယ်ရွယ်နုပျိုလာပုံပေါ်စေသည်။


ဤညနေမှာ ကျောက်မိသားစုက ဘဲသားစားကြသည်။


ဘဲသားအရသာကို လူတချို့က သည်းမခံနိုင်ဖြစ်ကြသော်လည်း ဤခေတ်မှာ ဘယ်သူမှ ဇီဇာမကြောင်ကြပေ။ကျောက်လျူကဆိုလျှင် ဘဲသားမရှိသည်ကိုပဲ မုန်းလေသည်။


ကျန်းကျန့် ဘဲသားနှပ် ၊ ခရမ်းသီးဟင်းနှင့် ကုလားပဲကြော်တို့နှင့်အတူ ထမင်းနှစ်ပန်းကန်ကို စားခဲ့သည်။ ထို့နောက် ကျောက်ကျင်းကောကို သူတို့အခန်းသို့ ပြန်ခေါ်သွားပြီး တရုတ်စာလုံး ရေးနည်းကို ဆက်လက်သင်ကြားပေးသည်။ သူကိုယ်တိုင်လည်း တရုတ်စာလုံးအနည်းငယ်ကို ဖတ်တတ်အောင် သင်ယူနေသည်။သူ သူ့ကိုယ်ပိုင်လက်ရေးမလေ့ကျင့်ချင်ပေ။သူတပါးကို တိုင်ပင်စရာ မလိုတော့ဘဲ မှန်မှန်ကန်ကန်ရေးနိုင်ရန်ပဲ လိုလား၏။ စာအုပ်တွေအတိုင်း ဖြည်းဖြည်းချင်း ရေးတတ်ရန်ပဲလိုသည်။ တစ်ခုတည်းသော ပြဿနာမှာ လောလောဆယ်တွင် စာလုံးသေးသေးလေးများ မရေးနိုင်ခြင်းကြောင့် ဖြစ်သည်။


မော်ဒန်ခေတ်တွင် လူတိုင်းသည် စကားလုံးကြီးကြီးများကို ရေးသားလေ့ ရှိကြသော်လည်း အမှန်မှာ ရှေးခေတ်လူတို့၏ အရေးအသားမှာ အလွန်သေးငယ်သည်. . . ထူထဲသော အလျားလိုက် အက္ခရာနှင့် အတော်လေး အချိုးကျညီသော စုတ်တံဖြင့် ထိုကဲ့သို့သော စာလုံးသေးသေးလေးကို ရေးရန် မလွယ်ကူပါချေ။ကျန်းကျန့် စာအရေးအသားကို လေ့ကျင့်ရန်အတွက် စာရွက်ထပ်ဝယ်ပြီး နှေးကွေးစွာ ရေးခဲ့သည်။


ကျောက်ကျင်းကောက လက်ရေးလှလေ့ကျင့်ရန် စာရွက်ကို မသုံးခဲ့ပါချေ။ သူ့သဲစားပွဲပေါ်မှာ ဖြည်းဖြည်းချင်းရေးနေသည်။သို့ပေမဲ့ သူက ကျန်းကျန့်အရေးကျင့်ထားသောစာရွက်ကိုမူ သူယူလိမ့်မည်။ မကြာခဏဆိုသလို ရေထားသည်က အနက်ရောင်ဗလပွ ဖြစ်နေသော်လည်း ထိုစာစုကို ဖတ်နိုင်သေးသည်။ ၎င်းကို ကျင့်သားရဖို့ရာ ကြည့်ရှုရန် အသုံးပြုနိုင်သည်။


လက်ရေးလှရေးလေ့ကျင့်ပြီးနောက် ကျန်းကျန့် ကျောက်ကျင်းကောကိုဆွဲကိုင်ကာ ကုတင်ပေါ်သို့ တိုက်ရိုက်ဆွဲတင်လိုက်သည်။ ရာသီဥတုက ပိုပိုပူလာပေမဲ့ သူ့နှလုံးသားက ပို၍ပင်ပူလာပြီး ယခုလိုလှပသည် အိပ်ရာအားကစားကို စွန့်လွှတ်ရန် တွန့်ဆုတ်နေခဲ့သည်။


နောက်တစ်နေ့နံနက်စောစောတွင် ကျန်းကျန့် ခါတိုင်းကဲ့သို့ ကျောက်ကျင်းကောကို အလျင်စလိုမခေါ်ဘဲ အိမ်တွင်ခဏနေခဲ့သည်။


ကျောက်ဖူကွေ့ နှင့် ကျောက်လျူ တို့သည် ဤမြင်ကွင်းကို မြင်သောအခါ အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။ တူညီသောအဝတ်အစားများ ဝတ်ဆင်ထားသည့် လူများ သူတို့အိမ်သို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်ကို တွေ့လိုက်ရသည်။ ဤလူများသည် အသက်နှစ်ဆယ်၊ သုံးဆယ်အရွယ် ငယ်ရွယ်သူများဖြစ်ပြီး အကုန်တက်ကြွနေကြလေရာ ကျောက်လျူ သူတို့ကို နောက်ထပ် အကြိမ်အနည်းငယ် စိုက်မကြည့်ဘဲ မနေနိုင်ပါချေ။


ထို့နောက် သူမ၏အမူအရာအေးခဲ

သွားသည်။ ဤလူတွေထဲမှာ အသန်မာဆုံးပုံပေါက်သည့်သူက လျူဟိုင်ထုန် မဟုတ်ပါလော။


အရင်တုန်းက သူမတို့အိမ်ကို ပြဿနာရှာရန် လာတုန်းက. လျူဟိုင်ထုန်၏ပုံစံက အတော်လေး ရက်စက်ပုံ​ပင်။ ယခုမူကား. . . ကျောက်လျူ ဤလူများက သူမ မှာထားသည့်အဝတ်အစားတဖြစ်လဲ ကျန်းကျန့်က သူ့လူတွေအားပေးမည်ဟူသော အဝတ်အစားများနှင့်တစ်ပုံစံထဲ ဝတ်ထားသည်ကို ရုတ်တရက် သတိပြုမိသည်. . . အနှီလျူဟိုင်ထုန်က ကျန်းကျန့်၏လက်အောက်ခံဖြစ်လာခဲ့သည်။ကျောက်လျူ ချက်ချင်းပင် မာန်တက်လာသလို ခံစားလိုက်ရသည်။


ကျန်းကျန့် နှင့် ကျောက်ကျင်းကော အတူတူထွက်လာရန် စောင့်ဆိုင်းပြီးနောက် ကျန်းကျန့်သူတို့ကို တန်းစီစေပြီး ခေါ်ထုတ်လာခဲ့သည်။


ကျောက်လျူ ပို၍ပင် စိတ်လှုပ်ရှားသွားပြီး တစ်ယောက်ယောက်နှင့် စကားပြောချင်လာသည်။သူမနှင့် စကားပြောရန် တစ်စုံတစ်ဦးကို ရှာဖွေခဲ့သည်။


ကျန်းကျန့်က လီကျားရွာကို အရင်သွားခဲ့၏။


လီမင်ကျဲက သူ့မိသားစု၏ နှစ်ရှည်အလုပ်သမားကိုကုန်ပစ္စည်းများကို ခွဲထုတ်ခိုင်းထားပြီးဖြစ်သည်။ကျန်းကျန့် ကုန်ပစ္စည်းများကို ကြည့်ရှုပြီး စည်းစနစ်တကျရှိနေကြောင်း သေချာပြီးနောက် သူက လီမင်ကျဲ နှင့် ပိုမိုအသေးစိတ်သော စာချုပ်တစ်ခုကို ချုပ်ဆိုခဲ့သည်။


"ငါ့အိမ်မှာ အခုတလော ဖြစ်ပျက်နေတာတွေ အများကြီးရှိလို့ မလိုက်တော့ဘူး...ငါ့ဝမ်းကွဲက မင်းနဲ့အတူ လိုက်လာပြီး မင်းအဲဒီကို ရောက်တဲ့အခါ လမ်းပြပေးလိမ့်မယ်"


လီမင်ကျဲက စကားပြောကောင်းသူဖြစ်သည်။ အခြေအနေအမျိုးမျိုးအကြောင်း ကျန်းကျန့်နှင့် စကားပြောပြီးနောက် ကျန်းကျန့်ကို ညစာစားရန်ပင် ဖိတ်ခဲ့သည်။


"မလိုပါဘူး"


ကျန်းကျန့်ကငြင်းလိုက်သည်။


"ကျုပ်မှာ လူတွေ အများကြီး ရှိတယ်... ချက်ပြုတ်ဖို့ လူတချို့ကို အထူးတလည်ဖိတ်ထားတာ... ဒါကြောင့် ပြန်ထမင်းစားဖို့ အချိန်တန်ပြီ"


"ဒါဆို ငါတို့ နောက်တစ်ကြိမ်အားတဲ့အခါ ညစာစားဖို့ အကိုကြီးကျန်းကို ဖိတ်လိုက်ပါ့​မယ်"


လီမင်ကျဲက ပြောပြီး ကျန်းကျန့် နှင့် ကျောက်ကျင်းကောတို့ကို ကိုယ်တိုင် အပြင်သို့ လိုက်ပို့သည်။


"သခင်...အပြင်မှာ ထပ်ဖြစ်ပြန်ပြီ"


ထိုအချိန်တွင် အသက်နှစ်ဆယ့်ခုနစ်နှစ် သို့မဟုတ် နှစ်ဆယ့်ရှစ်နှစ်ခန့်ရှိသော အမျိုးသမီးတစ်ဦးက ကလေးတစ်ဦးကိုပွေ့ကာ အပြင်မှ ပြေးဝင်လာပြီး သူမ၏မျက်နှာက အလွန်ကြီး ကြည့်မကောင်းပေ။ သူမ ခပ်မြန်မြန် လျှောက်လာသော်လည်း လီမင်ကျဲက ကျန်းကျန့် နှင့် ကျောက်ကျင်းကောတို့ကို လိုက်ပို့နေသည်ကို သတိပြုမိပြီးနောက် သူမ ချက်ချင်း အရှိန်လျှော့သွားသည်။


"ဘာဖြစ်တာလဲ"


လီမင်ကျဲက ကျန်းကျန့်ကို ထပ်မံ မိတ်ဆက်ပေးပြီး ထိုအမျိုးသမီးသည် သူ့ဇနီးဖြစ်ပြီး သူမ၏ ရင်ခွင်ထဲရှိ ကလေးသည် သူ့သားဖြစ်ကြောင်း ထပ်မံပြောပြခဲ့သည်။


"သခင်...ဘာမှ အရေးမကြီးပါဘူး"

အမျိုးသမီးက ဝင်လာစဥ်က အပြင်မှာ ပြဿနာဖြစ်နေသည်ဟု ပြောခဲ့ပေမဲ့ ယခု သူမက အပြုံးလေးနှင့်နှုတ်ဆိတ်နေပြီး ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့ကို ထမင်းစားခေါ်လေသည်။


ကျန်းကျန့်က ထပ်မံငြင်းဆိုခဲ့သည်။အမှန်တွင် သူ့လူတွေကို ကုန်ပစ္စည်းတွေသယ်ရန် စီစဉ်ပေးပြီး သင်္ဘောပေါ်တင်ပြီးသည်နှင့် သူသွားရမည့်အချိန်ရောက်ပြီဖြစ်သည်။သို့ပေမဲ့ အိမ်အပြင်ကို လှမ်းကြည့်လိုက်သောအခါ အပြင်မှာ အသိမိတ်ဆွေတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရ၏။


ကျောက်ကျင်းကောကို ထိရန်ကြိုးစားသည့်အတွက် တစ်ခါကသူရိုက်နှက်ခဲ့သည့် ပိန်ပိန်သေးသေး လီကျူးကျန်ဖြစ်လေသည်။ဤလီကျူးကျန်သည် အလွန်ကြောက်တတ်ပြီး သူ့ဆီကနေ တစ်ကြိမ် အရိုက်ခံရပြီးနောက် တစ်ခါမှ ပြန်မလာရဲတော့ပေ။ကျန်းကျန့် ယင်းကအတော်လေး စိတ်မကောင်းစရာကောင်းသည်ဟု ခံစားခဲ့ရသည်။အကယ်၍များ လက်လွန်ပြီး ကျောက်ကျင်းကောကို ထိခိုက်စေမှာစိုးသောကြောင့်သာမဟုတ်လျှင် သူ့အိမ်ကိုသွားပြီး နောက်ထပ်သင်ခန်းစာတစ်ခုပေးချင်နေလိမ့်မည်. . . ဟုတ်သည်၊ သူထိုသို့မလုပ်ခဲ့ပါချေ။ရလဒ်အနေဖြင့် ကျောက်ကျင်းကောနှင့် လက်ထပ်ပြီးပြီးချင်းမှာပဲ ဤလူကို သူအတော်လေး မေ့သွားခဲ့၏။ ယခုအချိန်မှာတော့ ဤလူကို ပြန်တွေ့သည့်အခါ အံ့ဩသွားမိသည်. . .


ကျန်းကျန့်က လီကျူးကျန်ကို မြင်ပြီး လီကျူးကျန်ကလည်း ကျန်းကျန့်ကိုမြင်သောအခါ သူ့တစ်ကိုယ်လုံး ရုတ်တရက် အေးခဲသွားသည်။သူသည် ငယ်စဉ်ကလေးဘဝကတည်းက သူ့မိဘများက ရတနာတစ်ခုလို အကာအကွယ်ပေးခဲ့သည်။ သူ့အမေက အလွန်ရက်စက်သည့်အတွက် ငယ်ငယ်ကတည်းက တခြားသူတွေနှင့် ကစားအခါ မတရားခံရသည်မျိုး ရိုက်နှက်သည်မျိုး မရှိခဲ့ပေ။ ထိုကြောင့် အရင်တစ်ခါက ကျန်းကျန့်ဆီက အရိုက်ခံရသည်က သူ့အတွက် တကယ်ကို ကြောက်စရာကောင်း၏။ဤရက်ပိုင်းမှာ ဟယ့်ရှီရွာကို ခြေချရန်ပင် မဝံ့ရဲတော့ပေ။ သို့သော် ကျောက်ကျင်းကော ကိုရှာရန် ဟယ့်ရှီရွာသို့ မသွားသော်လည်း ဤနေ့က ရောက်လာဆဲဖြစ်သည်။


လီကျူးကျန် ၏မိဘများကလည်း သူတို့ အေးအေးဆေးဆေး ထိုင်နေ၍မရသည်ကို သိသောကြောင့် ကျန်ငွေကို လယ်မြေ 3မူဝယ်ရန် အသုံးပြုခဲ့သည်။အကုန်လုံးကို သူတို့ပြီးအောင်မစိုက်နိုင်သဖြင့် လယ်များကိုအငှားချလိုက်သည်။ဤသည်ကက အကြံကောင်း တစ်ခု ဖြစ်ပေမဲ့ ဤအတိုင်းဆို လီကျူးကျန် ဇနီးတစ်ယောက်နှင့်လက်ထပ်နိုင်မှာမဟုတ်ပေ။


သူ့မိဘတွေက သူ့ကို သူ့ကလေးလေးယောက်ကို ဂရုစိုက်ရန်နှင့် မိန်းမမယူရန် ပြောခဲ့၏။ ဘဝကို ကောင်းကောင်းနေထိုင်နိုင်လျှင်ပင် လီကျူးကျန်က မနေချင်ပါချေ။ သူ့အိပ်ရာကို နွေးထွေးအောင် လုပ်ပေးနိုင်သည့် ဇနီးတစ်ယောက်လိုချင်၏။သို့ပေမဲ့. . . သူတို့လီမိသားစုက တင်တောင်းကြေးကို မထုတ်နိုင်ခဲ့လျှင် ဘယ်သူက သူ့ကို လက်ထပ်ချင်ပါမည်နည်း။လီကျူးကျန် နည်းလမ်းကို မစဉ်းစားနိုင်သဖြင့် နောက်ဆုံးတွင် သူနှင့်ကလေးများကို စွန့်ပစ်ခဲ့သော ရွှယ်ကို သတိရလိုက်သည်။