အပိုင်း၈၆
Viewers 21k

Chapter 86

Chapter 86

အတူတကွ အပြင်ထွက်ခြင်း




ရွှယ်က ယခုတွင် ကိုယ်လုပ်တော်ဖြစ်နေပြီး တခြားကလေးတစ်ဦး ကိုယ်ဝန်ရှိပြီဖြစ်ကာ လီမင်ကျဲ၏အိမ်တွင် ဆေးကုသမှုခံယူနေသော်လည်း လီကျူးကျန်က သနားစရာ ကလေးလေးယောက်နှင့်အတူ သူမကို လိုက်ရှာသောအခါတွင် သူမ စိတ်ပျော့လာသည်။


ထိုအကြောင်းပြောရလျှင် လီကျူးကျန်၏မိသားစုဘဝအနည်းငယ်ပိုကောင်းသရွေ့ ရွှယ် လီမင်ကျဲ၏အိမ်တွင်နေချင်လိမ့်မည်မဟုတ်ပေ။သို့သော်လည်း သူမက ဆင်းရဲမွဲတေမှုကိုကြောက်သည်။လီကျူးကျန်၏အိမ်မှာ စားစရာအလုံအလောက်မရှိသည့်နေ့တွေနှင့် နွေဦးပွဲတော်မှာ အကြွေးတွေပြန်ဆပ်ရန် လာတောင်းသည့်သူတွေ အမြဲရှိနေသည်ကိုတွေးပြီးနောက် သည်အိမ်မှာ လီမင်ကျဲက သူမကိုတကယ်မနှစ်သက်သလို သူမသားသမီးအရင်းက သူမကို "အမေ"ဟု မခေါ်သည့်တိုင် ရွှယ်က ပြန်မသွားရန် ဆန္ဒရှိနေဆဲပင်။


သူမ ထွက်မသွားခဲ့သော်လည်း သူမ၏တခြားကလေးတွေအတွက် စိတ်မကောင်းဖြစ်နေတုန်းပင်။ထို့ကြောင့် လီကျူးကျန်တံခါးဝကို ရောက်လာသည့်အခါ သူမက သူမစုထားသည့် ပိုက်ဆံတချို့သူ့ကိုပေးပြီး မီးဖိုချောင်ထဲက ကြက်သားဟင်းများယူကာ သူမသားသမီးများကျွေးခဲ့သည်။


ထို့နောက်တွင်. . .လီကျူးကျန်က သူမကို ဆက်ပြီး နှောင့်ယှက်နေခဲ့၏။


ရွှယ်က သူမ၏ခင်ပွန်းနှင့်သားများကို စွန့်လွှတ်နိုင်ခဲ့သူဖြစ်သောကြောင့် သူမသည် ထပ်ခါတလဲလဲ အနှိပ်စက်ခံလိုစိတ်ရှိသူမဟုတ်ပေ။ သူမ လီကျူးကျန်နှင့် ချက်ချင်းစကားများတော့သည်။


လီမင်ကျဲက ထိုမြင်ကွင်းကို မြင်လိုက်ရသည်။သို့သော်လည်း သူက စိတ်ထား အလွန်ကောင်းသည်။လီကျူးကျန်၏ပိန်လှီသောအသွင်အပြင်အတွက်စာနာမှုအနည်းငယ်ခံစားရပြီးသူ့ကိုငွေဆယ်စပေးခဲ့သည်။


ဤသည်က အမှားတစ်ခုပါပင်။ မူလက. လီကျူးကျန်က ရွှယ်ကိုပဲ နှောင့်ယှက်ခဲ့ပြီး အိမ်ရှင်လီမင်ကျဲ ထံမှ ပုန်းရှောင်ခဲ့သည်။လီမင်ကျဲကို သူ မစော်ကားဝံ့ခဲ့ပေ။ယခုမူကား . . .လီကျူးကျန်က လီမင်ကျဲကို မကြောက်တော့ပေ။ကျန်းကျန့်နှင့် ယှဉ်လျှင် အမြဲပြုံးနေသည့် အနှီအိမ်ရှင်က သိပ်ကြောက်စရာ မရှိပါချေ။သူက အများကြီး ပြဿနာရှာခဲ့သည်ကိုပင် လီမင်ကျဲက မိသားစုထဲက နှစ်ရှည်ဝန်ထမ်းကို ဆွဲထုတ်ခိုင်းရုံသာပြုလုပ်တတ်သည် . . .ထို့ကြောင့် လီကျူးကျန်က ခဏပြီးခဏ သူ့အား စိတ်အနှောင့်အယှက်ဖြစ်အောင် လာလုပ်ကာ ငွေတချို့လက်ခံရရှိခဲ့လေသည်။


ယခုအချိန်တွင် လီကျူးကျန် သူနေ့တိုင်းလုပ်သကဲ့သို့ ပြဿနာရှာရန်ရောက်လာသောကြောင့် လီမင်ကျဲက အပြင်မထွက်ချင်ပေ။ သူ့ဇနီးသည်က အသက်နှစ်နှစ်အောက် ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်နေပြီး သူ့ကိုယ်လုပ်တော်၏ ဗိုက်ထဲမှာလည်း ကလေးတစ်ယောက်ရှိသေးသည်။ အကယ်၍ သူမသာဤမဆိုင်ဘဲဝင်ရှုပ်သူကြောင့် လန့်သွားမည်ဆိုလျှင်. . .


"လီကျူးကျန်... မင်း ဘာကိစ္စရှိလို့လဲ"


လီကျူးကျန်ကို မြင်လိုက်ရသောအခါ လီမင်ကျဲ မျက်မှောင်မကြုတ်ဘဲမနေနိုင်ပေ။


လီမင်ကျဲ၏ဇနီးက ခင်ပွန်းဖြစ်သူအား ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။ ခင်ပွန်းဖြစ်သူ၏ မကာင်းမကန်း ကြင်နာမှုတွေကြောင့်သာ မဟုတ်လျှင် လီကျူးကျန်က သူတို့အပေါ် မည်သို့တွယ်ကပ်နိုင်ပါမည်နည်း။


"လီကျူးကျန်...နင့်ကို အိမ်နောက်ဖေးကို တစ်ယောက်ယောက် ခေါ်သွားခိုင်းလိုက်မယ်"


လီမင်ကျဲ ၏ဇနီးက ပြောလိုက်သည်။


သူမ သူတပါးရှေ့တွင် မျက်နှာမပျက်ရလေအာင် လီကျူးကျန်ကို ပထမဦးစွာ ဖယ်ရှားပစ်ချင်ခဲ့သည်။ရလဒ်အနေနှင့် ... . . လီကျူးကျန်က ယခုအခါတွင် ကြောင်တက်တက်ဖြစ်ကာ မလှုပ်ရှားနိုင်တော့ပေ။


“လူကြီးမင်းလီ... တခြားသူတွေကို ကုန်ပစ္စည်းတွေ ပို့ပေးတာအပြင် ကျုပ်တို့ရဲ့ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက လူတွေရဲ့ အိမ်တွင်းရေးပြဿနာတွေကိုပဲဖြစ်ဖြစ်၊ သူတို့ရဲ့အကြွေးနဲ့ပတ်သက်ပြီး သင်ခန်းစာတွေပေးတာပဲဖြစ်ဖြစ် သူတို့ရဲ့ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ တခြားအလုပ်တချို့ကိုလည်း ကူညီပေးမှာပါ... ပြဿနာမဟုတ်ရင် လူကြီးမင်းလီက အကူအညီတချို့ လိုချင်ပါသလား..."


ကျန်းကျန့်က မေးလိုက်သည်။


“ဒီလို အသေးအမွှားပြဿနာမျိုးက တစ်စုံတစ်ယောက်ကို ကြုံရာကျပန်း ခေါ် ရိုက်ခိုင်းရုံနဲ့ဖြေရှင်းနိုင်ပါတယ်... ငွေဆယ်စတည်းနဲ့ ခင်ဗျားရဲ့အိမ်တံခါးကို နောက်တစ်ကြိမ်ထပ်မလာရဲတော့ဘူးလို့ အာမခံလိမ့်မယ်...”


ကျန်းကျန့်က လီမင်ကျဲကို စကားပြောသောအခါ ပြုံးနေပြီး ၎င်းနောက် လီကျူးကျန်ကို စူးစူးရဲရဲ တစ်ချက်ကြည့်လိုက်သည်။


ထို့နောက် လူတွေက လီကျူးကျန်တစ်ကိုယ်လုံး တုန်ရီသွားသည်ကို တွေ့လိုက်ရသည်။


လီမင်ကျဲ: " ...”


သူ့ကို ရက်အတော်ကြာအောင် နှောင့်ယှက်ခဲ့တဲ့ ဒီလူက တစ်ချက်ကြည့်လိုက်ရုံနဲ့ ကြောက်လန့်နေခဲ့တာလား...


“ဒီမှာ စောစောက ရှင်ပြောခဲ့တဲ့ ငွေဆယ်စ ”


လီမင်ကျဲ၏ ဇနီးက မနေနိုင်စွာ ပြောလိုက်သည်။သူမတကယ် ထိုလီမိသားစုကို သည်းမခံနိုင်ပေ။သူမ ရက်စက်ကြမ်းကြုတ်သော တစ်ခုခုကို လုပ်လိုက်သလို ခံစားလိုက်ရသည်. . . သို့သော် ပေတေပြီးဆက်နေသူက ရွှယ်ဖြစ်ပြီး ကလေးယူရန် သူ့ဇနီး၏ဗိုက်ကို ငှားရမ်းမည်ဟု ကတိပေးခဲ့သူက လီကျူးကျန်ဖြစ်သည်။


"မလိုပါဘူး အမျိုးသမီးလီ...ကျုပ်က နောက်နေတာပါ...”


ကျန်းကျန့်က ပြုံးပြီး ကျောက်ကျင်းကော နှင့်အတူ ထွက်ခွာသွားခဲ့သည်။


လီမိသားစုမှ ထွက်ခွာပြီးနောက် ကျန်းကျန့် သူ၏လူများကို အခြားကုန်သည်ထံ ခေါ်ဆောင်သွားခဲ့သည်။သူက အချိန်ဆွဲခြင်းကို မကြိုက်ပေ။ သုံးရက်ကြာပြီးနောက်တွင် ကုန်ပစ္စည်းအားလုံးကို စင်းလုံးငှားသင်္ဘောပေါ်သို့ ရွှေ့ပြောင်းခဲ့ပြီး ဒေသခံသင်္ဘောသားများကိုလည်း တွေ့ရှိခဲ့သည်။


သွားရန် အဆင်သင့်ဖြစ်နေလေပြီ။


ထိုနေ့နံနက်စောစောတွင် ကျန်းကျန့် နှင့် ကျောက်ကျင်းကောတို့က စည်းလုံးညီညွတ်မှုကိုပြသရန်အတွက် ၎င်းတို့၏လက်အောက်ငယ်သားများ၏အဝတ်အစားများနှင့် ဆင်တူသော်လည်း ပခုံးပေါ်တွင် တန်ဆာပိုဆင်ထားသော အ၀တ်အစားများကိုဝတ်ကာ ပစ္စည်းများနှင့်အတူ အပြင်ထွက်ခဲ့ကြသည်။


ဤအချိန်မှာ ကျောက်လျူက တစ်ခုခုမှားနေသည်ကို သတိထားမိလိုက်၏။


"ခဏလေး...ကျင်းကောလည်းသွားမှာလား"


ကျန်းကျန့်က တစ်ယောက်တည်း ထွက်သွားမှာလို့သူမ အမြဲထင်ခဲ့တယ်... လက်စသတ်တော့ သူမသားလည်း လိုက်သွားမှာပေါ့လေ....


ယောက်ျားတစ်ယောက် စီးပွားရေးလုပ်ဖို့ ထွက်သွားသည့်အခါ သူ့ကောကို သူနှင့်အတူ မည်သို့ခေါ်သွား၍ဖြစ်မည်နည်း။


ကျန်းကျန့်က နေ့တိုင်း ကျောက်ကျင်းကောကို သူနှင့်အတူ အပြင်သို့ ခေါ်ဆောင်သွားသောအခါ ကျောက်လျူ ကျန်းကျန့်ကို တစ်စုံတစ်ယောက်က သွေးဆောင်ရန်ကြိုးစားမည်ကို စိုးရိမ်သောကြောင့် ဘယ်တုန်းကမှ မတားခဲ့ပေ. . . အဘယ်ကြောင့်ဆိုသော် ဟယ်ချိုးရှန့်က သူနှလုံးသားကို ကျန်းကျန့် အပေါ်မှာပဲထားရှိနေဆဲဖြစ်သကဲ့သို့ ပြုမူသောကြောင့်ဖြစ်သည်။သူမ၏ကျင်းကောသာ ကျန်းကျန့်နောက်ကနေပါသွားပါက ထိုမှင်စာလေးက ဘယ်အချိန်ပြန်ဆုတ်ရမည်ဆိုသည်ကို သိသင့်သည်မဟုတ်ပါလော။


ဤအကြံကြောင့် ကျောက်လျူ ကျောက်ကျင်းကော ကျန်းကျန့်နှင့်လိုက်သွားသည်ကို တစ်ခါမျှ မတားခဲ့ဖူးခဲ့သော်လည်း ယခု သူတို့က အဝေးသို့ ခရီးထွက်ရမည်ဖြစ်သည်။ကျင်းကောအတွက် ခရီးဝေးသွားရန်က မည်မျှ အဆင်မပြေဖြစ်လိုက်မည်နည်း။


"ဟုတ်တယ်...ကျင်းကောလည်းသွားမှာ"


ကျန်းကျန့်က တုံ့ဆိုင်းမနေဘဲ ပြောလိုက်၏။ အိမ်ထောင်ကျပြီး တစ်လပဲရှိသေးသည်ကို အိမ်နှင့်အဝေးသို့ ထွက်သွားခြင်းသည် သူ့အတွက်အဓိပ္ပါယ်မရှိပေ။မော်ဒန်ခေတ်တွင် အမျိုးသမီး အများအပြား သွားလာလုပ်ကိုင်လျက် ရှိပြီး သန်သန်မာမာယောကျာ်းတစ်ယောက်ဖြစ်သည့် ကျောက်ကျင်းကောက ၎င်းတို့ထက် မဆိုးပေ။


ကျန်းကျန့် အခြားသူများ၏အမြင်တွင် ကျောက်ကျင်းကောသည် အိမ်မှာနေပြီး လက်ထပ်ရန်နှင့် ကလေးများကို ပြုစုစောင့်ရှောက်ရန်သာ လိုအပ်သည့် ကောတစ်ဦးဖြစ်ကြောင်းကိုလည်း သိသည်။သို့ပေမဲ့ သူ့အမြင်အရ ကျောက်ကျင်းကောက ထိုယောကျာ်းတွေထက် မနိမ့်ပါချေ။ကျောက်ကျင်းကောကိုယ်တိုင်ကပင်လျှင် အမျိုးမျိုးသော ပညာများကို ကျွမ်းကျင်အောင် ကြိုးစားပြီး ပိုကောင်းလာစေရန် ကြိုးပမ်းခဲ့သည်။ ထိုအခြေအနေမျိုးတွင် သူအနေဖြင့် ကျောက်ကျင်းကောကို အခွင့်အရေးပေးရမည်မှာ သေချာသည်။


"အမေ...ကျွန်တော် သွားချင်တယ်"


ကျောက်ကျင်းကောကလည်း ပြောလိုက်သည်။


သူသာ တစ်ချိန်လုံး အိမ်မှာကော တစ်ယောက်အနေနှင့် ကြီးပြင်းလာခဲ့ပါက ထိုထိတ်လန့်စရာကောင်းသည့်အတွေးမျိုး မရှိနိုင်ပေမဲ့ သူက အချိန်အတော်ကြာအောင် ယောက်ျားတစ်ယောက်လို နေထိုင်လာခဲ့သည်။ဤရက်တွေမှာ သူ ကျန်းကျန့်နှင့် အပြင်ထွက်ပြီး ကျန်းကျန့်၏ လူတွေကို လေ့ကျင့်ပေးရင်း တကယ်ကို ပျော်ရွှင်နေခဲ့သည်။မှန်ပေသည်၊ အရေးကြီးဆုံးက သူ့ကိုယ်သူ ကျန်းကျန့်လောက် စွမ်းအားကြီးလာပြီး ကျန်းကျန့်အတွက် တစ်ခုခုလုပ်ပေးရန်နှင့် အလွန်အသုံးမကျပုံမပေါ်စေရန် မျှော်လင့်ထားသည်။


ကျောက်လျူ သူမရှေ့မှ လူနှစ်ယောက်ကို နားမလည်နိုင်စွာ ကြည့်နေခဲ့ပြီး သူ့ကို တားရန် မကြိုးစားခဲ့ပေ။


ကျန်းကျန့် နှင့် ကျောက်ကျင်းကောတို့ ထွက်ခွာသွားပြီးနောက် သူမ စကားစမြည်ပြောဆိုရန် တစ်စုံတစ်ဦးကို ရှာဖွေပြီး သက်ပြင်းချလိုက်သည်။


"နင်ပြောတော့ ကျန်းကျန့်က အဆင်​​ပြေတယ်​ဆို...အခု သူထွက်​သွားတဲ့အချိန်​မှာတောင် ငါ့ကျင်းကောကို ခေါ်သွားနေတယ်... ခဏလောက်တောင် သူ့ကို မထားခဲ့နိုင်ဘူးဖြစ်နေတယ်"


နင်ဒီလိုမျက်နှာမျိုးလုပ်တဲ့အခါ နင်ဘယ်လောက်ဘဝင်ခိုက်နေလဲဆိုတာ ငါတို့မသိဘူးလို့မထင်နဲ့...


ကျောက်လျူ ပြောသည်ကို နားထောင်နေသည့် လူတွေ အတော်လေး စိတ်ဓာတ်ကျနေပေမဲ့ တကယ်တမ်းတွင် သူတို့ . . . ကျောက်လျူ ယခုလိုပြောနေသည်ကို ကြားရသည်အား တစ်နည်းနည်းနှင့် သဘောကျမိကြသည်။ ဤရွာတွင် ကျောက်ဖူကွေ့က ထူးထူးခြားခြား လူကောင်းတစ်ယောက်ဖြစ်သည်။သူတို့ထဲမှာ ကျောက်လျူကို မနာလိုမဖြစ်သူ မည်သူရှိသနည်း။ယခု နောက်တစ်ယောက်ပါရှိလာသည်၊ကျန်းကျန့်. . . နားထောင်ရုံမျှဖြင့်ပင် စိတ်နှလုံး၌ ဝမ်းသာမိကြ၏။


ကျောက်လျူ ကျန်းကျန့်နှင့်ကျောက်ကျင်းကော အကြောင်းပြောနေသည်ကို နားထောင်ရင်း တစ်စုံတစ်ယောက်က အဘွားကြီးကျန်းကို ရုတ်တရက် ထည့်ပြောလိုက်သည်။


"ကျန်းမိသားစုရဲ့ ဒုတိယသားကလည်း စီးပွားရေးလုပ်ဖို့ ထွက်သွားတာ နင်သိလား"


“တစ်ခုခုတော့ ကြားတယ်...ဘယ်လိုတဲ့လဲ"

ကျောက်လျူက မေးသည်။


“အဘွားကြီးကျန်းက အခုတလော သူ့ရဲ့ ဒုတိယသားအကြောင်းကို နေ့တိုင်း ကြွားနေတာ... သူ့ဒုတိယသားက သူပင်လယ်စာတွေ အများကြီးနဲ့ ပြန်လာတဲ့အခါ ပိုက်ဆံအများကြီးရလိမ့်မယ်လို့ပြောပြီးရွာသူကြီးအိမ်က လှေငှားခဲ့တယ်တဲ့"


“ဒီတော့ သူကလည်း ပင်လယ်စာ သွားဝယ်တာပေါ့ ...”


ကျောက်လျူ သက်ပြင်းချလိုက်သည်။ အစပိုင်းတွင် ကျန်းကျန့်က ပင်လယ်ထွက်ကုန်ရောင်းသည့် လုပ်ငန်းကို စတင်ခဲ့သည်။ ယခု မမျှော်လင့်ဘဲ ကျန်းချောင်ဝမ်ကလည်း ပင်လယ်စာ

သွားဝယ်သည်။


"ပင်လယ်စာ ဝယ်ရောင်းတာက တကယ် ငွေရှာနိုင်သလား"


ထိုလူက ထပ်မေး၏။


"ထင်တာပဲ... ဒါပေမဲ့ ကျန်းကျန့်က အရမ်းခက်တယ်လို့ ပြောတယ်...နင်လည်းမြင်ပါတယ်...သူ့မှာ အရင်းအနှီးနည်းနည်းပဲရှိလို့ လုပ်ခဲ့တာ...အခုဆိုအဲ့အလုပ်ကနေ ထွက်တောင်ပြီးနေပြီ"


ကျောက်လျူက ဆိုလိုက်သည်။


ကျန်းကျန့်၏ လုပ်ငန်းအကြောင်းကို သူမ သိပ်မသိသော်လည်း ပင်လယ်စာလုပ်ငန်းလုပ်ရသည်က အလွန်ပင်ပင်ပန်းသည်ဟု ကျောက်ကျင်းကောပြောသည်ကို သူမ ကြားဖူးသည်။


“ဒါဆို ... ”


ကျောက်လျူ၏စကားကိုကြားသောအခါ ယခင်က ပင်လယ်စာများကရောင်းကောင်းသည်ဟုကြားပြီး ကျန်းချောင်ဝမ်ကဲ့သို့ ပင်လယ်ထွက်ကုန်များကို ရောင်းချလိုခဲ့ကြသည့် အချို့သောသူများသည် ချက်ချင်းပင် တိတ်ဆိတ်သွားသည်။ကျန်းချောင်ဝမ် ဤလုပ်ငန်းကို မည်သို့လုပ်ဆောင်မည်ကို ဦးစွာကြည့်ပြီးမှ ၎င်းတို့လည်း ဤလုပ်ငန်းကို လုပ်ချင်စိတ်ရှိမရှိ ဆုံးဖြတ်သည်က ပိုကောင်းသည်။


ကျန်းမိသားစုသည် ယခုအချိန်တွင် အလွန်တက်ကြွနေကြသည်။ကျန်းချောင်ဝမ် ပင်လယ်ထွက်ကုန်များ ပြည့်နှက်နေသော လှေကြီးတစ်စင်းဖြင့် ပြန်ရောက်လာသည်။အရာအားလုံးကို

ရောင်းနိုင်လျှင် ငွေနှစ်ဆရလောက်မည်ဟု သူတွက်ထားပြီးသားဖြစ်၏။ သူ ငွေနှစ်ဆယ်ဖိုး ဝယ်ခဲ့ပြီး၊ ဆိုလိုသည်မှာ သူသည် ငွေနှစ်ဆယ်ကို ပြန်ရနိုင်သည်။


ခဏအကြာတွင် ကျန်းချောင်ဝမ် လမ်းလျှောက်လာရင်း အတော်လေး ဒေါသထွက်သွား၏။ကျန်းချောင်ရှန့်ရောဘယ်လိုလဲ... နှစ်ပေါင်းများစွာ စာအုပ်တွေဖတ်ပြီး တစ်လကို ငွေနှစ်စပဲ ရနိုင်တာမလား...ကျန်းကျန့် ဆိုရင် ...


ရွာကလူတွေပြောခဲ့သည့် ကျန်းကျန့် လုပ်ခဲ့သမျှကို တွေးကြည့်ပြီး ကျန်းချောင်ဝမ် သူ့ကိုယ်သူ ကျန်းကျန့်ထက် ပိုစွမ်းအားကြီးလာလိမ့်မည်ဟု မပြောရဲပေ။အနည်းဆုံး သူက ကျန်းကျန့်ကို တိုက်ခိုက်ရာတွင် အနိုင်မယူနိုင်ခဲ့ပေ။သို့ပေမဲ့ သူအမြဲတမ်းလျစ်လျူရှုထားခဲ့သည့် အကြီးဆုံးအစ်ကိုကို ကျော်လွန်နိုင်လိမ့်မည်ဟု သူခံစားနေရတုန်းပါပင်။


အဘွားကြီးကျန်းသည်လည်း အလားတူ ခံစားခဲ့ရသည်။ သူမနှင့်သိသည့်လူများက ငါးဆားနယ်နှင့်ပင်လယ်ရေမှော်ဝယ်ရန် အိမ်သို့လာလည်ကြသည်ကို မြင်သောအခါ သူမအလွန်ဝမ်းသာသွားပြီး ပါးစပ်ကိုမစေ့နိုင်တော့ပေ။ သူမရဲ့ ဒုတိယသားက အတော်ဆုံးပဲ...


ကျန်းကျန့်က ကျန်းချောင်ဝမ်အကြောင်းမသိပါချေ။ထိုအချိန်တွင် သူက ဟယ်ချောင်ခရိုင်မှ ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီဖြစ်သော သူ့သင်္ဘောပေါ်တွင်ရှိနေပြီဖြစ်သည်။ ထိုကုန်သည်ငယ်အများစုသည် ၎င်းတို့နှင့်အတူ လိုက်ခဲ့ကြပြီး လီမင်ကျဲကဲ့သို့ လူအနည်းငယ်သာ အခြားလူများကို စေလွှတ်ခဲ့သည်။ကျန်းကျန့် အစမှာ ထင်ထားသည်ထက် လူတွေ အများကြီးနှင့်ကုန်ပစ္စည်းတွေ အများကြီးရှိနေသဖြင့် လူတိုင်း အဆင်ပြေအောင် နောက်ထပ်သင်္ဘောတစ်စင်းကို ငှားလိုက်သည်။


ကုန်ကို စစ်ဆေးပြီး သင်္ဘောပေါ်တွင် တင်ဆောင်ခဲ့သည်မှာ ကြာပြီဖြစ်ပြီး ထိုနေ့တွင် ကျန်းကျန့် ကုန်သည်များနှင့် သင်္ဘောပေါ်ရှိပစ္စည်းများကို ထပ်မံစစ်ဆေးနေခဲ့သည်။


ကျန်းကျန့် အရာအားလုံးကို ဂရုတစိုက်စစ်ဆေးပြီး လူတိုင်း၏လုံခြုံရေးအတွက်ဖြစ်ကြောင်း ပြောခဲ့သည်၊ ထို့ကြောင့် ဤကုန်သည်များ အနည်းငယ်မျှပင် စိတ်မကျေမနပ်မဖြစ်ကြသည်မှာ သဘာဝပင်ဖြစ်သည်။ ငွေကလွဲ၍ ကုန်သည်တွေ အစိုးရိမ်ဆုံးက လုံခြုံရေးပါပင်။


နံနက်ကိုးနာရီခန့်တွင် သင်္ဘောနှစ်စင်းသည် ဆိပ်ကမ်းမှထွက်ခွာပြီး ဖုချောင်သို့ ဦးတည်သွားခဲ့သည်။


သင်္ဘော ရှေ့သို့ ရွေ့လျားသွားပြီးနောက် ကျန်းကျန့် အားလပ်မနေပေ။ သူသည် သင်္ဘောသားများ သင်္ဘောကို မည်ကဲ့သို့ကိုင်တွယ်မောင်းနှင်သည်ကို သွားကြည့်ရှုခဲ့ပြီး ဝမ်ဟိုင်ရှန်း၊ဟယ်ညီအကိုနှင့်သူယုံကြည်ရသော အခြားလူများကို ၎င်းတို့ထံမှ သင်ယူခိုင်းခဲ့သည်။


အမှန်​တွင် ကျန်းကျန့်ခေါ်လာ သော လူသုံးဆယ်ကျော်က အားလုံးက သူရွေးထားခြင်းဖြစ်သည်။ သူတို့၏ အကျင့်စာရိတ္တ တစ်ခုခု မှားယွင်းပါက၊သူတို့ကို အစကတည်းက ဖယ်ထုတ်ပစ်လိမ့်​မည်ပင်။ တကယ်တမ်းတွင် လျူဟိုင်ထုန်က အဖွဲ့တစ်ခုလုံးတွင် မတည့်ငြိမ်ဆုံးသူတစ်ယောက်ဖြစ်သည်။သို့ပေမဲ့ ဤလျူဟိုင်ထုန်. . .ကျန်းကျန့် သူ့ကို သတ်ရန် မဖြစ်နိုင်ပေ။ လွှတ်ပေးလိုက်လျှင်လည်း သူ့ကို တိတ်တဆိတ် ဒုက္ခပေးလိမ့်မည် . . ထိုအကြောင်းကို ထပ်ခါတလဲလဲ တွေးပြီးနောက် ကျန်းကျန့်က ရိုးရိုးရှင်းရှင်းပဲ သူ့ကို စောင့်ကြည့်နေလိုက်သည်။ သူမျက်စိထောက်ထောက်ကြည့်နေပါက လျူဟိုထုန် သူ့အပေါ် ဘယ်လိုလှည့်ကွက်မျိုးမဆို ကစားရန် မဖြစ်နိုင်ပါချေ။


လျူဟိုင်ထုန်ကလွဲ၍ ဒီလူတွေမှာ ဘာအမှားအယွင်းမှ မရှိပေမဲ့ ကျန်းကျန့်အနေဖြင့် သူတို့အားလုံးကို ယုံကြည်၍မရသေးပေ။ယင်းက သူတို့အတွက် အလုပ်တွေ စီစဉ်ပေးပုံမှာ ထင်ဟပ်နေ၏။မှန်သည်၊ဤလူတွေက ၎င်းကို မမြင်ကြပေ။ မယုံကြည်မှုကြောင့် ကုန်းပတ်ပေါ် ကင်းလှည့်ရန် စီစဉ်ပေးခံရသည့်လူတွေက အနည်းငယ် ဂုဏ်ယူနေကြသည်. . .


သင်္ဘော နှစ်စင်းပေါ်မှလူများသည် လူမိုက်ဖြစ်စေ ကုန်သည်များဖြစ်စေ နေရာတိုင်းတွင် ဟယ်ချောင်စီရင်ဟု၏ ဇာတိများသာဖြစ်သည်။ သူတို့အားလုံးက အခြေခံအားဖြင့် လှေစီးဖူးကြပြီး မတည်မငြိမ်ဖြစ်နေကြသည့် လှေငယ်တွေကို ကျင့်သားရနေကြသည်။ထို့ကြောင့် အချို့သောလူများသည်မသက်မသာဖြစ်ကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ လှိုင်းမူးခြင်းမဖြစ်ပါချေ။


နေ့လယ်တွင် လူတိုင်း သင်္ဘောပေါ်မှာ စားသောက်ကြသည်။ကျန်းကျန့် ယခင်က ကုန်သည်များနှင့် စကားပြောသောအခါ အစားအသောက်စရိတ်များအကြောင်းလည်း ပြောပြခဲ့သည်။ သူတို့သည် သင်္ဘောပေါ်တွင် အစားအသောက်များ စားခဲ့ကြပြီး ဤကုန်သည်များလည်း ၎င်းကို အချိန်ကြို စီစဉ်နိုင်ခဲ့သည်။ သူတို့အတွက် မီးဖိုချောင်ကို အစားအသောက်တွေ ပြင်ဆင်ခိုင်းနိုင်သလို သူတို့ယူလာသည့် စားစရာကိုလည်း စားနိုင်၏။