အပိုင်း၉၂
Viewers 24k

Chapter 92

Chapter 92

ကျောက်ကျင်းကော လူတွေကို ရိုက်နှက်ခြင်း



ဟယ်ချွန်းရှန့် နှင့် ဟယ်ရှားရှန့်ကဲ့သို့သော လူများကို အသုံးချနိုင်ဆဲဖြစ်သော်လည်း သူ အဖေဟယ်လိုလူနှင့် မပတ်သတ်ချင်ပေ။ သူတို့နှစ်ယောက် ကိုယ့်အဖေကိုယ် မကိုင်တွယ်နိုင်ပါက သူ သူတို့က်ုလက်လျှော့ရလိမ့်မည်။


မြို့တော်ကို မသွားရဘူးလား...


ဟယ်ချွန်းရှန့် အံ့ဩသွားခဲ့ပြီး ဟယ်ရှားရှန့်ကို ဆွဲကာ ကျန်းကျန့်အားပြောလိုက်၏။


"စိတ်မပူပါနဲ့ ဘော့စ်.. ဒီကိစ္စကို ငါဖြေရှင်းလိုက်ပါ့မယ်"


နှောင့်နှေးမနေဝံ့တော့ဘဲ သူ့ညီကို ဆွဲထုတ်ကာ အမြန်ထွက်သွားသည်။


ကျန်းကျန့်က သူနှင့် ဟယ်ရှားရှန့်တို့ကို လက်ခံလိုက်ကတည်းက သူတို့ ဗိုက်ဆာနေစရာ မလိုတော့ပေ။ဤတခေါက် ခရီးကပြန်လာပြီး ရွာကလူတိုင်း သူတို့ကို မနာလိုဖြစ်သွားကြသည်။


ဟယ်ချွန်းရှန့်က အသက်နှစ်ဆယ်ကျော်ခန့်ရှိနေပြီဖြစ်ပြီး သူနှစ်သက်သည့်သူတစ်ယောက်ရှိနေပြီဖြစ်သည်။ အရင်က သူကြိုက်သည့်သူနှင့်လက်ထပ်ရန် မျှော်လင့်ချက်မရှိဘူးဟု အမြဲထင်ခဲ့ပေမဲ့ ယခုချိန်မှာ . . . သူ လုံးဝမျှော်လင့်ချက်မရှိသည်မျိုးတော့ပေ။ သို့ပေမဲ့ သူ့အဖေက ဆက်ပြီး ပြဿနာရှာနေမည်ဆိုပါက ဤမျှော်လင့်ချက်က မကြာခင် မီးခိုးငွေ့တွေနှင့်အတူ လွင့်ပျံတက်သွားမှာကို သူကြောက်မိသည်။


ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့ ဤအတိုင်းဆက်သွားနေမည်ဆိုပါက သူတို့၏ဘဝတွေ အနှေးနှင့်အမြန်ဆိုသလို ပျက်စီးသွားပေလိမ့်မည်။


ဟယ်ချွန်းရှန့် အိမ်ပြန်ရောက်သောအခါ သူ့အဖေ ထမင်းစားနေသည်ကို မြင်လိုက်ရသည်။


ဟယ်ချွန်းရှန့် ကျန်းကျန့်​နှင့်အတူ အိမ်မှထွက်သွားပြီးနောက် သူငွေရှာခဲ့ပြီး ထိုငွေဖြင့် အရသာရှိသော အစားအစာကို ဝယ်ကာအိမ်ပြန်ခဲ့သည်။ သူ့အမေက အစားအသောက်ကို စားရန် ဝန်လေးနေရင်း သူ့အဖေကို စားခိုင်းလိုက်သည်။


"ကျန်းကျန့်ကို မေးပြီးပြီလား... အဲဒီအကြွေးကို သူရှင်းနိုင်ရမယ် မဟုတ်လား... သူက ဟုန်ရှင်းလောင်းကစားအိမ်ရဲ့ မန်နေဂျာလေ"


အဖေဟယ်က ပြောလိုက်သည်။


“မင်းတို့အားလုံးက သခင်လေးကျန့်နဲ့ မြို့တော်ကို လိုက်သွားကြမှာ... ငါက ငွေနှစ်ဆယ်သုံးဆယ်လောက်ပဲ အကြွေးတင်နေတာ...မင်းတို့ ငါ့ကို ဘာလုပ်..... ”


အဖေဟယ် စကားမဆုံးမီ ဟယ်ချွန်းရှန့်က အဖေဟယ်ကို စားပွဲကနေ ဆွဲထုတ်ပြီးနေပြီဖြစ်သည်။သတိလွတ်သွားသော အဖေဟယ်က ချက်ချင်းပင် လန့်ဖျပ်ကာ အော်ဟစ်လိုက်သည်။


"ချွန်းရှန့်... မင်းဘာလုပ်နေတာလဲ"


အမေဟယ်က ကပျာကယာ အဖေဟယ်ကို လာကူညီ၏။


"အမေ...ကျန်းကျန့်က ကျွန်တော်တို့ကို မောင်းထုတ်တော့မယ်"


ဟယ်ချွန်းရှန့်က ပြောလိုက်သည်။


"ဒါက ဘယ်လိုဖြစ်ရတာလဲ"


အမေဟယ် စိတ်ပူသွား၏။


''မင်းတို့ကို သူသိပ်တန်ဖိုးထားတာမဟုတ်ဘူးလား...သူက မင်းတို့ကို ဘာလို့ မောင်းထုတ်ချင်တာလဲ"


“အဖေက နေရာတိုင်းမှာ ဒုက္ခပေးနေတာ... သူ ကျွန်တော်တို့ကို ဘယ်လိုလုပ် မမောင်းထုတ်ဘဲနေမှာလဲ...ဒီလိုအဖေနဲ့ဆို ရှားရှန့်နဲ့ကျွန်တော် အနာဂတ်မှာ အလုပ်ရှာနိုင်မှာမဟုတ်ဘူး...ကျွန်တော်တို့ လက်ထပ်ပြီး ကလေးယူလို့လည်း ရမှာမဟုတ်ဘူး...ပြီးတော့ ချိုးရှန့် ...သူ့ရုပ်လှတာ ဘာအသုံးဝင်လဲ... အိမ်ထောင်ကျရင်တောင် ဒီလိုအဖေက နေ့တိုင်း ပိုက်ဆံချေးဖို့ သူ့အိမ်တံခါးကို သွားနေလိမ့်မယ်... သူ့မိသားစုအသစ်က ဒေါသထွက်ပြီး သူ့ကို သေတဲ့အထိအလုပ်အလွန်အကျွံလုပ်ခိုင်းတာမျိုးဖြစ်နိုင်တယ် အမေသိရဲ့လား"


ဟယ်ချွန်းရှန့်က သူ့အမေကို ဒေါသတကြီး ပြောလိုက်သည်။


သူတို့အဖေ ယခုလိုမျိုးဖြစ်နေသည်က သူတို့အမေနှင့် ဘာမှမဆိုင်ပေမဲ့ သူ့အမေက သူတို့အတွက် ဘာကြောင့် မစဉ်းစားပေးနိုင်ရသလဲဆိုသည်ကို သူနားမလည်ပေ။


“အဲလို ဖြစ်လာမှာမဟုတ်ဘူး... ”


အမေဟယ်က ပြောလိုက်သည်။


“နည်းလမ်းရှိရမယ်...”


"ဘာလုပ်လို့ရမှာလဲ ...အခု သူက ဟုန်ရှင်းလောင်းကစားအိမ်မှာ ငွေသုံးဆယ်ကျော် အကြွေးတင်နေတာ...သူက ငွေပြန်ပါလာနိုင်လို့လား...အမေ့မှာ ပိုက်ဆံရှိလို့လား"


ထိုအချိန်တွင် ဟယ်ချိုးရှန့် သူ့အမေကို စိတ်ဆိုးလာသည်။ သူ့အဖေက နေ့တိုင်း လောင်းကစားလုပ်ရန် အပြင်ထွက်ပေမဲ့ စားသောက်ပြီး အိပ်ရန် အိမ်ပြန်လာတုန်းပင်။ လောင်းကစားသွားလုပ်တဲ့အခါ သူ့အဖေရဲ့မျက်နှာပေါ်က ခြားနားချက်ကို အမေတကယ် လွတ်သွားတာလား... သူနဲ့ရှားရှန့် အကြောင်းကို ဘာလို့မပြောခဲ့ရတာလဲ...ပြီးတော့ ဘာအကြောင်းနဲ့ အဖေ့ကို အစားကောင်းအသောက်ကောင်းပေးရတာလဲ...


"မင်းတို့က ကျန်းကျန့်အတွက်အလုပ်တွေ အများကြီး လုပ်ထားတာ... သူ မင်းတို့ကို ဘယ်လို မောင်းထုတ်နိုင်ရတာလဲ... ဒါက ဖြစ်လာမှာမဟုတ်ဘူး... မင်းတို့ သူ့ဆီသွားပြီး လျော်ကြေးတောင်းသင့်တယ်”


အဖေဟယ်ကပြောလိုက်သည်။


သူ့စကားထွက်ကျလာသည်နှင့်တပြိုင်နက် ဟယ်ချွန်းရှန့်က သူ့ကို ဆွဲမပြီးနေပြီဖြစ်ကာ သူမည်သို့ပင်ခုခံရုန်းကန်စေကာမူ ထွက်သွားခဲ့သည်။


ဟယ်ချွန်းရှန့်က အဖေဟယ်ကို ဟုန်ရှင်းလောင်းကစားအိမ်သို့ တိုက်ရိုက်ဆွဲခေါ်ပြီး ဟယ်ရှားရှန့်ကို သူ့ကို စောင့်ခိုင်းပြီးနောက် လောင်းကစားအိမ်၏မန်နေဂျာကျန်းကို ရှာဖွေခဲ့သည်။


အရင်က လောင်းကစားရုံထဲကို ဝင်ရန် ပင် မဝံ့ရဲပေမဲ့ ကျန်းကျန့်နှင့် အပြင်ထွက်ပြီးနောက်မှာ သူသတ္တိလာပြီး မန်နေဂျာကျန်းကို ရင်ဆိုင်ရန် မကြောက်ခဲ့ပါချေ။


"မန်နေဂျာကျန်း... တောင်းပန်ပါတယ်...ကျွန်တော် ယောက်ျားမဟုတ်ပါဘူး...ကျွန်တော့်အိမ်ကအဖေက ပိုက်ဆံတွေ အကုန်ရှုံးသွားတယ်...သူအကြွေးတင်ထားတဲ့ လောင်းကစားအကြွေးကို ကျွန်တော် မဆပ်နိုင်ဘူး"


ဟယ်ချိုးရှန့်က မန်နေဂျာကျန်းကို တောင်းပန်လိုက်သည်။


“ဘာမှမဖြစ်ပါဘူး... ဘာမှမဖြစ်ပါဘူး" မန်နေဂျာကျန်းက ပြုံးလိုက်သည်။


ကျန်းကျန့်ကို သခင်လေးကျန့်က အလွန်တန်ဖိုးထားသည်ကို သူသိသောကြောင့် သားနှစ်ယောက်စလုံး ကျန်းကျန့် လက်အောက်တွင် အလုပ်လုပ်နေကြောင်း သိလိုက်ရသောအခါတွင် သူ အဖေဟယ်ကို ပို၍ ခွင့်လွတ်ပေးခဲ့သည်။အမှန်တွင် သူက ကျန်းကျန့်ကို မျက်နှာသာလုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။ထို့ကြောင့် အဖေဟယ် ငွေပြန်ဆပ်နိုင်မနိုင်ကို ဂရုမစိုက်သည်က သဘာဝအတိုင်းပင်။


"မန်နေဂျာကျန်း ကျေးဇူးပြုပြီး ဒီပိုက်ဆံတွေကို မှတ်ထားပေးပါ...ကျွန်တော် သေချာပေါက် နောက်ကျရင် ပြန်ဆပ်ပါ့မယ်...အဲဒါအပြင် မန်နေဂျာကျန်းက ကျွန်တော့်ကို ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်...”


ဟယ်ချွန်းရှန့်က ပြောပြီး ဦးညွှတ်လိုက်သည်။


"ဘာလဲ"


မန်နေဂျာကျန်းက စိတ်ဝင်စားမှု ပြသလိုက်သည်။


“မန်နေဂျာကျန်းက ကျွန်တော့်အဖေကို လောင်းကစားအိမ်မှာ အလုပ်သမားအဖြစ် ထိန်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်... မန်နေဂျာကျန်းက အပြင်လောကကိုရော ကျွန်တော့်အဖေကိုရော ဒီပိုက်ဆံကို ကျွန်တော်က ပြန်မဆပ်ချင်ဘူး၊ သူ့ဘာသာသူ အလုပ်လုပ်ပြီးပြန်ဆပ်စေချင်တယ်လို့ ပြောရုံပါပဲ ...ဒီ ငွေအများကြီးနဲ့ဆို သူက အနှစ်နှစ်ဆယ်လောက် အလုပ်လုပ်ဖို့ လိုအပ်လိမ့်မယ်”

ဟယ်ချွန်းရှန့်က ဆိုလိုက်သည်။


“ကျွန်တော့်အဖေက ဒီနှစ်မှ အသက်လေးဆယ်ပဲရှိသေးတော့ ဘာပြဿနာမှမရှိဘဲ နောက်ထပ် အနှစ်နှစ်ဆယ်လောက်ထိ အလုပ်လုပ်နိုင်တယ်... ညစ်ပတ်တဲ့အလုပ် အမျိုးမျိုးကို လုပ်နိုင်ပြီး လစာတောင် ပေးစရာ မလိုပါဘူး"


"မင်းက ပညာရှိပဲ"


မန်နေဂျာကျန်းက ပထမတုန်းက လန့်သွားပေမဲ့ နောက်ပိုင်းမှာ ရယ်လိုက်သည်။


“ကောင်းပြီ...နောင်ကျရင် သူ့ကို ငါ့အတွက် လုပ်ခိုင်းပေးမယ်... စိတ်မပူပါနဲ့...သူ့ကို တစ်ယောက်ယောက်ကို စောင့်ကြည့်ခိုင်းလိုက်မယ်"


လောင်းကစားဆိုင်ကို အချိန်အတော်ကြာ တာဝန်ယူခဲ့သည့် မန်နေဂျာကျန်းက ​​လောင်းကစားသမား အများအပြားကို တွေ့ခဲ့ဖူးသည်။ လောင်းကစားသမားအပေါ် သူ့မိသားစုက ပျော့ပျောင်းနေသရွေ့. . . လောင်းကစားသမားအတွက် ဘာကတိကမှ အသုံးမဝင်ပါချေ။သူက ထပ်ခါထပ်ခါ လောင်းကစားလုပ်ပေလိမ့်မည်။


မူလက သူ ဤအကြွေးကို ဖယ်ရှားပြီး ကျန်းကျန့် သို့မဟုတ် ကျန်းကျန့်လက်အောက်ရှိ လူများနှင့် အဆက်အသွယ်ဖန်တီးချင်သော်လည်း ယခုမူ ကြည့်ရသည်မှာ. . . အခြားနည်းလမ်းတစ်ခုရှိနိုင်သည်။


မန်နေဂျာကျန်းက အဖေဟယ်ကို ထိန်းသိမ်းရန် သဘောတူလိုက်၏။


မထွက်ခွာမီ ဟယ်ချွန်းရှန့်က ကျေးဇူးတင်စကားပြောခဲ့သည်။ သူက ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် နောက်ပြန်လှည့်ပြီး ပြောသည်။


“မန်နေဂျာကျန်း... သူ့ကို အလုပ်သာလုပ်ခိုင်းလိုက်ပါ... သူ့ကို သိပ်ကြင်နာဖို့ မလိုပါဘူး...လောင်းကစားအိမ်မှာ နေနိုင်သရွေ့ ဆန်ပြုတ်နဲ့ ချဥ်ဖတ်က သူ့ကို ပျော်ရွှင်စေမှာပါ”


“ကောင်းပြီ... ပြဿနာမရှိပါဘူး” မန်နေဂျာကျန်းက ပြောလိုက်သည်။


သူက ဟယ်ချွန်းရှန့်နှင့် မိတ်ဖွဲ့ရန် ကြိုးစားနေပြီး ဟယ်ချွန်းရှန့်၏ ဆိုလိုရင်းကို နားလည်ပြီးနောက် ဟယ်ချွန်းရှန့် ဒေါသထွက်အောင် သူဘာတစ်ခုမှ မလုပ်တော့မှာ သေချာသည်။ ထို့နောက် အဖေဟယ်အား ဆုံးမခြင်း အလုပ်ကို ကောင်းကောင်းလုပ်မည်မှာ သေချာသည်။


ဟယ်ချွန်းရှန့်က ပြန်လှည့်ကာ လောင်းကစားအိမ်ကို အကြွေးဆပ်ရန် အနှစ်နှစ်ဆယ်ခန့် သူ့အား လောင်းကစားအိမ်တွင် ရောင်းလိုက်ကြောင်း ဖခင်ဖြစ်သူအား ပြောပြလိုက်သည်။


အဖေဟယ် လန့်ဖျပ်သွားပြီး ဟယ်ချွန်းရှန့်ကို သားသမီးဝတ္တရားမကျေပွန်သူဟု အော်ဟစ်သော်လည်း ဟယ်ချွန်းရှန့်က သူ့ကို လျစ်လျူရှုကာ လောင်းကစားအိမ်က လူမိုက်များထံ သွားကာ သူ့စုဆောင်းငွေအားလုံးကို ထုတ်၍ ညစာစားရန် ဖိတ်ခေါ်လိုက်သည်။


“ကျွန်တော့်အဖေက လောင်းကစားရုံကလွဲလို့ သူ့မျက်လုံးထဲမှာ တခြားဘာမှ မရှိပါဘူး... ကျေးဇူးပြုပြီး သူ့ကို စောင့်ကြည့်ပေးကြပါ...သူ လောင်းကစားလုပ်ချင်ရင် သူ့ကိုရိုက်သာပစ်လိုက်ပါ... တစ်ယောက်ယောက်ဆီက ငွေချေးရင် အဲဒီလူကို သူ့ကိုငွေချေးတာက ကျွန်တော့်ကို ဆန့်ကျင်တာပဲလိုပြောပေးပါ... ဘာပဲဖြစ်ဖြစ် ကျွန်တော် ပြန်ဆပ်ပေးမှာမဟုတ်ဘူး"


ဤစကားကိုပြောပြီးနောက် ဟယ်ချွန်းရှန့်က လူမိုက်များနှင့် ထပ်ကာထပ်ကာ ခွက်ချင်းတိုက်ကာ သူကြုံတွေ့ခဲ့ရသမျှကို ပြောပြသည်။ အဆုံးတွင် သူကထပ်ဖြည့်ပြောလိုက်၏


“ကျေးဇူးပြုပြီး အားလုံးကူညီကြပါ... မြို့တော်က ပြန်လာရင် အကုန်လုံးကို အရက်ဝယ်တိုက်ပါ့မယ်"


ဟယ်ချွန်းရှန့် အိမ်မပြန်ခင် အပြင်မှာ အချိန်အတော်ကြာ အလုပ်များနေခဲ့သည်။ အိမ်ပြန်ရောက်သည်နှင့် သူ့အမေက စိတ်မအေးဖြစ်နေသည့်မျက်နှာနှင့် သူ့ကိုကြည့်နေသည်ကို တွေ့လိုက့ရသည်။


"ချွန်းရှန့်...ကျန်းကျန့်က မင်းတို့တွေကို တကယ် မလိုချင်တော့ဘူးလား...အဲဒါနဲ့ ပတ်သက်ပြီး ဘာလုပ်နိုင်မလဲ....”


“အမေ...အဲဒါ မကောင်းဘူးဆိုတာ အမေသိပါတယ်... နောက်တစ်ခါ အဲဒီလူကို တစ်ယောက်တည်း ထားခဲ့လိုက်ပါ...ကျွန်တော် သူ့အကြွေးတွေကို ပြန်ဆပ်ခိုင်းဖို့ သူ့ကို လောင်းကစားအိမ်ကို ပေးခဲ့လိုက်တယ်...အမေ သူ့အတွက် တွေးပေးနေတုန်းပဲဆိုရင် ကျွန်တော်တို့ရှားရှန့်တို့နဲ့ အတူတူမနေပါနဲ့... သူနဲ့အတူသွားနေပါ..

"

ဟယ်ချွန်းရှန့်က ပြောလိုက်သည်။

"မေမေ စဉ်းစားပါ"


အမေဟယ်က အေးခဲသွား၏။


"ချိုးရှန့် ဒီကိုလာ...အစ်ကို မင်းကို ပြောစရာရှိတယ်"


ဟယ်ချွန်းရှန့်က ဟယ်ချိုးရှန့်ကို ပြောလိုက်သည်။


ဟယ်ချိုးရှန့်က လိမ္မာပါးနပ်သူဖြစ်သောကြောင့် ဟယ်ချွန်းရှန့်က သူ့အား အခြေအနေအသေးစိတ်ကို ပြောပြပြီး ပြောလိုက်သည်။


"ချိုးရှန့်...အမေက နားမလည်ဖြစ်နေတယ်...မင်းရဲ့ကိုယ်ပိုင်အိမ်ထောင်ရေးကို မင်းဆုံးဖြတ်ပါ...ဒါပေမဲ့ မင်းကိုယ်မင်း နည်းနည်းလောက် ချိန်ဆဖို့ လိုအပ်တယ်...ရှားရှန့်နဲ့ ငါ မနက်ဖြန် မြို့တော်ကို သွားမယ်...လက်ရှိဘယ်သူက သင့်တော်လဲဆိုတာကို စစ်ဆေးကြည့်ပါ"


“အစ်ကိုကြီး...”


ဟယ်ချိုးရှန့် သူ လက်မထပ်ချင်ဘူးဟုပြောချင်ပေမဲ့ မပြောနိုင်ပါချေ။သူ့မှာ သူ့အတွက် အစီအစဉ်တစ်ခုရှိနေလောက်သည်။


သူ့အစ်ကိုကြီးက သူ့အဖေကို လမ်းမှ ဖယ်ထုတ်လိုက်သောကြောင့် သူ့တွင် ပိုမိုကောင်းမွန်သော ရွေးချယ်စရာများ ရှိနိုင်သည်။


နောက်တစ်နေ့က မြို့တော်သို့ ထွက်ခွါရမည့်အချိန်ဖြစ်သည်။


ဟယ်ညီအကိုတွေက အဖေဟယ်၏ကိစ္စတွေကို ပြေလည်အောင်ဖြေရှင်းပြီးသားဖြစ်သဖြင့် ကျန်းကျန့်က သူတို့ကို သဘာဝအတိုင်း သူနှင့်အတူ ခေါ်သွားခဲ့သည်။


ကျန့်မိသားစုသည် မြို့တော်သို့ ဤခရီးစဉ်အတွက် စုစုပေါင်းသင်္ဘောအများအပြားကို ပြင်ဆင်ခဲ့ပြီး ကျန်းကျန့်၏လူများက ပင်မသင်္ဘောပေါ်တွင် မနေနိုင်သည်မှာ ကျိုးကြောင်းဆီလျော်သည်။သို့ပေမဲ့ ကျန့်ရီက ကျန်းကျန့်နှင့် သူ့လူတွေအားလုံးကို ပင်မသင်္ဘောပေါ်တက်ရန် အခိုင်အမာပြောခဲ့သည်။ကျန်းကျန့် နှင့် သူ၏လူများ အားလုံးသည် ဟယ်ချောင်စီရင်စု၏ ဒေသခံ များဖြစ်ပြီး မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် တောပုန်းများမဟုတ်ပေ။


"စကားမစပ် ကျန်းကျန့်အတွက် သီးခြားအခန်းကို ပြင်ဆင်လိုက်ပါ"


သင်္ဘောပေါ်တက်ပြီးနောက် ကျန့်ရီက အမိန့်ပေးပြီးလိုက်ကာ ကျန်းကျန့်အနားရှိ ကျောက်ကျင်းကောကို ကြည့်ပြီး ပြုံးပြလိုက်သည်။


"ကျေးဇူးတင်ပါတယ် သခင်လေးကျန့်" ကျန်းကျန့်က သူ့ကို ကျေးဇူးတင်လိုက်သည်။


ဤတစ်ကြိမ်ပြင်ဆင်ထားသည့်လှေမှာ ကျန်းကျန့်ကို အရင်က သူငှားထားသည့် လှေထက် ပိုကြီး၏။သို့ပေမဲ့ ကျန့်ရီခေါ်လာသည့် လူအရေအတွက်ကြောင့် အဆုံးမှာ အနည်းငယ် စည်ကားနေခဲ့သည်။


ကျန်းကျန့် သူနှင့်အတူ ယူလာသော ပစ္စည်းများကို ချပြီးပြီးချင်းတွင် သခင်လေးကျန့်ကသူ့ကို တွေ့ချင်သည်ဟု ဆိုကာ သူ့ထံသို့ တစ်စုံတစ်ယောက် ရောက်လာသည်။


"ကျင်းကော...ကိုယ့်ကို ဒီမှာစောင့်နေ... ကိုယ်ချက်ချင်းပြန်လာမယ်"


ကျန်းကျန့်က ကျောက်ကျင်းကောကိုပြောပြီးနောက် ထိုလူနောက်သို့ လိုက်သွားခဲ့သည်။


ကျန်းကျန့် ထွက်သွားသောအခါ ကျောက်ကျင်းကောက အခန်းထဲမှာ ပစ္စည်းတွေနေရာချရင်း တစ်ယောက်တည်း ကျန်ခဲ့သည်။


အခန်းက သိပ်မကျယ်ဘဲ အချိန်အတော်ကြာအောင် လူမနေထားသောကြောင့် အနံ့အသက်ဆိုးတစ်ခုထွက်နေသည်။


ကျောက်ကျင်းကောက ကောတစ်ယောက်ဖြစ်သည်။အိမ်မှာ လယ်လုပ်နေချိန် သန့်ရှင်းအောင်နေရန် နည်းလမ်းမရှိပေမဲ့ သူကိုယ်သူနှင့်သူ့အိမ်ကို သပ်ရပ်အောင် ထားရသည်ကို နှစ်သက်တုန်းပါပင်။ထို့ကြောင့် အိမ်ခန်းကို သန့်ရှင်းရေးလုပ်ရန်အတွက် ရေပုံးတစ်ပုံးနှင့်ထွက်လာခဲ့၏။


ဤသင်္ဘောသည် ပင်လယ်လမ်းကြောင်းမှ မသွားသဖြင့် ရေပြတ်လပ်မှု မရှိသော်လည်း ကျောက်ကျင်းကော ရေယူရန် လှေဦးဆီသို့ ရောက်လာသောအခါတစ်စုံတစ်ယောက်က တားလာခဲ့သည်။


“သင်္ဘောက အခုမှ ရွက်လွှင့်ပြီး အလုပ်ရှုပ်နေတာ... ဒီရေက ဘယ်ကရလာမှာလဲ...ဘယ်လိုယူရမယ်ဆိုတာ ကိုယ်ဘာကိုယ် အဖြေရှာကြည့်"


ထိုမှာ ရေတွေ ရှင်းရှင်းလင်းလင်း ရှိနေပေမဲ့ သူတို့က ကျောက်ကျင်းကောကို မပေးချင်ကြပေ။


ကျောက်ကျင်းကော မျက်မှောင်ကြုတ်လိုက်သော်လည်း ငြင်းခုံခြင်း မရှိပေ။ ကြိုးတစ်ချောင်းကို ရှာပြီး သစ်သားပုံးနှင့် ချည်၍ ရေတစ်ပုံးကို ဆွဲကာ အခန်းတွင်းရှိ ကုတင်ကို ပွတ်တိုက်ရန် အခန်းထဲသို့ သယ်ဆောင်သွားခဲ့သည်။ မှိုတက်နေသော သစ်သားအညစ်အကြေးများကို ဖယ်ရှားရန် ဓားကိုပင် သူက အသုံးပြုခဲ့သည်။


ဤကဲ့သို့ အကြိမ်ကြိမ် အပြန်ပြန်အလှန်လှန် သွားလာပြီးနောက် ကျောက်ကျင်းကော နောက်ဆုံးတွင် သူနှင့်ကျန်းကျန့် တည်းခိုမည့်အခန်းကို သန့်ရှင်းရေးလုပ်ပြီးသွားကာ ဖျာကို အပြင်ထုတ်လိုက်ပြီး လေဝင်လေထွက်ကောင်းစေရန် အခန်းတံခါးကို ဖွင့်ထားခဲ့သည်။


သူ အလုပ်ရှုပ်နေချိန်မှ ရုတ်တရက် အပြင်မှ တစ်ယောက်ယောက် ဝင်လာ၏။


"ဟေး"


"ကျွန်တော် ဘာလုပ်ပေးရမလဲ"

ကျောက်ကျင်းကော မော့လိုက်ကြည့်သောအခါတွင် ထိပ်ပြောင်နေသော အမျိုးသားတစ်ဦး မျက်မှောင်ကြုတ်နေသည်ကို တွေ့လိုက်ရသည်။


“ဘာမှမဟုတ်ဘူး... ဒီအခန်းကို ငါယူမယ်...မင်းဘေးအခန်းမှာသွားနေ”


ထိုလူက ကျောက်ကျင်းကောကိုပြောလိုက်သည်။


"ဒီအခန်းကို ကျွန်တော် ရှင်းပြီးပြီ" တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို ကြည့်မည့်အစား ကျောက်ကျင်းကောက သူ့မျက်နှာကို ကြည့်လိုက်သည်။


ဤအခန်းကို သန့်ရှင်းရေးလုပ်ရန် တစ်နာရီလောက် အချိန်ယူခဲ့ရပြီး ဘယ်သူနှင့်မှ မလဲလှယ်ချင်သည်ကသဘာဝပင်။


"မင်း ကိုယ့်ကိုကိုယ် ရှက်သင့်တယ် သောက်ကလေး"


ထိုလူက ကျောက်ကျင်းကောကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ နှာမှုတ်လိုက်ပြီး ရုတ်တရက် သူ့ဘေးနားတွင် ချထားသည့် သစ်သားပုံးကို လှမ်းကန်လိုက်သည်။


“ခင်ဗျား”


ကျောက်ကျင်းကောက မျက်မှောင်ကြုတ်လိုက်သည်။ သင်္ဘောတွင် အဆင့်များစွာရှိသော်လည်း သစ်သားက ရေကိုမကာနိုင်ပေ။ ထို့ကြောင့် ရေချိုးရန် အထူးခွဲခြားထားသည့် နေရာများမှလွဲ၍ ကျန်နေရာများတွင် ရေပုံးကို ဤကဲ့သို့ လောင်းချခြင်းမပြုနိုင်ပါချေ။


သို့သော် သူတို့နေထိုင်သည့်အခန်းသည် အောက်ဆုံးမှရေလျှင် ဒုတိယ အထပ်ပေါ်တွင်ရှိပြီး အောက်ဘက်တွင် ရေကာကလက်တာတချို့သာရှိ သောကြောင့် ကိစ္စမရှိပါချေ။


"မင်းဘာဖြစ်နေတာလဲ...အခြောက်လိုသာ ရေခပ်ပြီး နေ့တစ်ဝက်လောက် ဆေးကြောသန့်စင်နေစမ်းပါ... ရေတွေ ဖိတ်အောင်လုပ်ပြီး ဘာလုပ်နေတာလဲ... အောက်မှာ ဘာရှိလဲ သိလား"


ထိုလူက ပထမဆုံး တိုင်ကြားသူဖြစ်ပြီး ကျောက်ကျင်းကောကိုလည်း ပြစ်တင်ဝေဖန်ခဲ့သည်။ အချိန်တိုလေးအတွင်းမှာပင် လူအများအပြားသည် ထိုနေရာတွင် စုရုံးရောက်ရှိလာကြပြီး အားလုံးက ကျောက်ကျင်းကောကို ကြောက်မက်ဖွယ်အမူအရာများဖြင့် ကြည့်နေကြသည်။