အခန်း ၁
Viewers 23k

Chapter 1


" မင်း ဘာလို့ ဒီလောက်တုံးရတာလဲ..."

အပြာရောင်ဝတ်စုံဝတ်ထားသောလူက သူ့အင်္ကျီကော်လံကို ဆောင့်ဆွဲလိုက်ပြီး သူ၏ ချောမောသော မျက်နှာသွင်ပြင်တွင် ဒေါသများ၊ စိတ်ပျက်မှုများဖြင့် ပြည့်နေသည်။

" ယွီရှန်းနည်းစနစ်က ငါတို့ဂိုဏ်းတစ်ခုတည်းပိုင်တဲ့ ထိပ်တန်းနည်းစနစ်ကွ... တခြားလူတွေသိခွင့်လည်းမရှိဘူး ခွင့်ပြုချက်မရှိဘဲ ဖတ်လို့လည်း မရဘူး... မင်းက အဲဒါကိုခိုးပြီး နှလုံးသားမဲ့လမ်းစဉ်လိုက်တဲ့ ဓားကျင့်ကြံသူယဲ့ပင်းရန်ကို ပေးလိုက်သေးတယ်ပေါ့... မင်း သေချာပေါက် ရူးသွားတာပဲဖြစ်ရမယ်..."
( နှလုံးသားမဲ့လမ်းစဉ် : တရုတ် ကျင့်ကြံရေးဝတ္ထုတွေထဲမှာ ကျင့်ကြံသူတွေက သူတို့ကျင့်ကြံဆင့်တိုးလာဖို့အတွက် ခံစားချက်တွေအားလုံးကို  စွန့်ပယ်ထားရတဲ့ "နှလုံးသားမဲ့လမ်းစဉ် " ဆိုတာ ရှိပါတယ် )

ထိုစကားများဆုံးသည်နှင့် ရှန်းလျိုရှန့်က နောက်သို့ဆောင့်တွန်းခံလိုက်ရသည်။ သူ ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ပြီးသည့်နောက် ဟန်ချက်ညီအောင်ထိန်းလိုက်ကာ အနည်းငယ် ကြောင်အသွားရသည်။

" ဘာ ဘာဖြစ်သွားလို့လဲ..."

" မင်း မျက်နှာပြောင်ပြောင်နဲ့ ငါ့ကိုမေးရဲသေးတယ်ပေါ့လေ..."

အင်မော်တယ်တစ်ယောက်၏ ပုံပန်းသွင်ပြင်နှင့်တူသော လူငယ်လေးက ဒေါသထွက်နေသည်။ သူ ရှန်းလျိုရှန့်ကို လက်ညှိုးထိုးကာ ဆူပူကျိန်းမောင်းတော့သည်။

" မင်း အဲဒီနည်းစနစ် ခိုးပေးတာနဲ့ ယဲ့ပင်းရန်က မင်းကို ကျေးဇူးတင်ပြီး ပြန်ကြိုက်လာမယ် ထင်နေဝာာလား... ငါမင်းကို တဲ့တိုးပဲပြောမယ် ဓားသခင်ယဲ့(ယဲ့ပင်းရန်) က ဒီလိုအကျင့်စရိုက်မျိုးကို အရမ်းထင်သေးတဲ့လူမျိုး... သူကိုယ်တိုင် ဂိုဏ်းကိုပြန်လာပြီး နည်းစနစ်စာအုပ်ကို ပြန်အပ်သွားတယ်... အခု ကျင့်ကြံရေးလောကတစ်ခုလုံးက အင်မော်တယ်ရှန်း(ရှန်းလျိုရှန့်) ဆိုတဲ့မင်း လုပ်ခဲ့သမျှကိစ္စအားလုံးကို သိကုန်ပြီ..."

ရှန်းလျိုရှန့်က ခေါင်းများ မူးဝေလာသည်အထိ ဆူပူကျိန်းမောင်းခံလိုက်ရသည်။ ဖြစ်ပျက်နေသည့်အရာများကို သူ နားမလည်တော့ပေ။ ဤအဖြစ်အပျက်နှင့် ရင်းနှီးနေသည်ဟုသာ သူခံစားနေမိသည်။

သူ ပါးစပ်ဟပြီး မည်သည့်အရာများ ဖြစ်ပျက်နေသည့်အကြောင်း မေးတော့မည့်အချိန်တွင် အပြာရောင်ဝတ်ရုံနှင့်လူ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူ့အကြည့်က ခက်ထန်လာသည်။

" မင်း တော်တော်ကြီးတဲ့အပြစ် လုပ်ခဲ့မိတာပဲ... ဒီကိစ္စကြောင့် မသေခဲ့ရင်တောင် တော်တော်ဒုက္ခရောက်တော့မှာ... ထားပါတော့ ဒီကနေပဲ အရင်ထွက်သွားလိုက်တော့..."

ထိုလူက လင်ယွဲ့၏အော်ရာကို အာရုံခံမိနေသည်။ တရားစီရင်ရေး အကြီးအကဲဖြစ်‌လာပြီးသည့်နောက် လင်ယွဲ့က သူ့ဆွေမျိုးများကို မျက်နှာသာ မပေးတော့ပေ။ အပြစ်ကျူးလွန်မိပြီး သူ့လက်ထဲရောက်လာသမျှလူအားလုံး ညီတူညီမျှသာ အပြစ်ပေးခံရမည်ဖြစ်သည်။ သူ ဤနေရာသို့လာခြင်းမှာ ရှန်းလျိုရှန့်ကို လာရှာခြင်းသာ ဖြစ်ပေမည်။

ဝတ်ရုံပြာဝတ်လူက များများစားစားတွေးတောမနေတော့ဘဲ ရှန်းလျိုရှန့်၏ဝတ်ရုံထဲ အဝိုင်းပုံစံ အရာဝတ္ထုတစ်ခုထည့်ကာ မန္တန်တစ်ပုဒ်ရွတ်ပြီး ထွက်ခွာသွားစေလိုက်သည်။

ချောက်ကမ်းပါးတစ်နေရာတွင် ဝတ်ရုံဖြူဝတ်လူတစ်ယောက်က လေထဲမှ ကျလာပြီး အောက်တွင်စီးဆင်းနေသည့်မြစ်ထဲ ပြုတ်ကျသွားလေသည်။

ဗွမ်း...

ရေများက ပါးစပ်ထဲကို အဆက်မပြတ် ဝင်လာသည်။ ရှန်းလျိုရှန့် အကြိမ်ပေါင်းများစွာ ရေသီးသွားပြီး သူ့လက်နှစ်ဖက်က အောက်ခြေမဲ့မြစ်ထဲတွင် ယက်ကန်ယက်ကန်ဖြစ်ကာ ခါယမ်းနေသည်။

ကယ်ကြပါဦး... သူ ရေမကူးတတ်ဘူးလေ...

သူ့ခန္ဓာကိုယ်နှင့် အဝတ်အစားများတွင် ရေများဖြင့်စိုရွှဲလာပြီး ပိုမိုလေးလံလာသည်။ သူ့အသိစိတ်က နောက်ဆုံးတွင် ဝေဝါးလာတော့သည်။

ထိုအခိုက်အတန့်တွင် ရေမျက်နှာပြင်ထက်သို့ တစ်စုံတစ်ရာက ပျံသန်းရောက်ရှိလာသည့်အသံကို ကြားလိုက်ရသည်။

ဓားတစ်စင်း၏အရိပ်က ဖြတ်သန်းသွားပြီး မြစ်ကြမ်းပြင်တွင် နစ်မြုပ်တော့မည့်ပုံရိပ်ကို ဆယ်လိုက်သည်။

ချောင်းအဆက်မပြတ်ဆိုးလျက် ဖရိုဖရဲဖြစ်နေသော ရှန်းလျိုရှန့်၏ပုံရိပ်က မြစ်ကမ်းပေါ်တင်နေသည်။ သူ့ပါးစပ်ထဲမှ ရေများကိုလည်း ထွေးထုတ်ပစ်လိုက်ရသည်။ ရေစက်များက သူ့ဆံပင်ရှည်ကြီးပေါ် စီးကျနေကာ ပါးပြင်တွင်လည်း ရှိနေပြီး အောက်ဘက်မှ ဖြူဖွေးသည့်ကျောက်တုံး‌များပေါ် တတောက်တောက် ကျနေသည်။

မနီးမဝေးတွင် ရေအနည်းငယ်စိုစွတ်နေသည့် ဓားရှည်တစ်ချောင်းက ကျောက်တုံးကျောက်ခဲများပေါ် မားမားမတ်မတ်ထောင်လျက် ရှိနေသည်။ ဝတ်ရုံနက်ဝတ်ထားသည့် လူငယ်လေးက ဘေးနားတွင် တင်ပျဉ်ခွေထိုင်နေသည်။

သူ့မျက်လုံးများ မှိတ်ထားသော်လည်း အေးစက်သည့်အော်ရာတစ်မျိုး ထုတ်လွှတ်နေသည်။

ရှန်းလျိုရှန့်က ပင့်သက်ရှိုက်လျက်ဖြင့် ခါးမတ်မတ်ထိုင်လိုက်သည်။ သူ တွေးတောချိန်မရမီမှာပင် သူ့နားထဲတွင် အနည်းငယ်ယားကျိကျိဖြစ်လာသည်။

သူ မြစ်ထဲကျသွားတုန်း ပိုးကောင်ဝင်လာတာများလား...
ရှန်းလျိုရှန့်၏ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။ သူ၏ ဖြူသွယ်သွယ်လက်ချောင်းများက နားရွက်နားရောက်သွားပြီး အတွင်းမှအရာကို အသာဆွဲထုတ်ကာ မြေကြီးပေါ် ပစ်ချလိုက်သည်။

၎င်းက ပန်းတစ်ပွင့်ဖြစ်ပေသည်။

နှင်းတမျှဖြူဖွေးသည့် ပွင့်ဖတ်များက ပုံစံပျက်ယွင်းနေပြီး ပျက်စီးနေသည့် အမြစ်များကို မြေကြီးပေါ်တွင် အတိုင်းသားမြင်ရသည်။

ရှန်းလျိုရှန့် စိတ်အေးသွားပြီး သက်ပြင်းချလိုက်သည်။
သူ့နားရွက်နောက်မှာ ပန်းပွင့်ကို လာထားထားတယ်ဆိုတော့ အဲဒီလူက ဦးနှောက်မှာပြဿနာရှိနေတာပဲဖြစ်မယ်...

ဟမ် နေပါဦး...

အဖြူရောင်ပန်း၊ အင်မော်တယ်ရှန်း၊ ‌ဓားသခင်ယဲ့... ဒါတွေက သူ ညမအိပ်ပဲဖတ်ခဲ့တဲ့ " အားလုံးရဲ့ ချစ်ခင်နှစ်သက်တာခံရတာ ကောင်းတယ် " ဆိုတဲ့ဝတ္ထု‌ထဲက မဟုတ်ဘူးလား...

ရှန်းလျိုရှန့် မျက်လုံးများပြူးကျယ်သွားပြီး ခေါင်းငုံ့လျက် ‌မြစ်နားကို လျှောက်သွားသည်။

ရေမျက်နှာပြင်ထက်တွင် ကြောက်စရာကောင်းလောက်သည်အထိ ဖြူဖျော့သောမျက်နှာတစ်ခုကို တွေ့လိုက်ရပေသည်။ သူ့မျက်နှာထက်ကို ဂျုံများစွာဖြင့် လောင်းချထား၍ ပုံပန်းသွင်ပြင်အစစ်ကို မမြင်ရသကဲ့သို့ ဖြစ်နေသည်။ ရေဖြင့် သူ့မျက်နှာကိုသစ်လိုက်ပြီးနောက် ဝတ်ရုံလက်ဖြင့် အကြိမ်ပေါင်းများစွာပွတ်လိုက်သော်လည်း ဆေးကြောမရ ဖြစ်နေသည်။

သူ့မျက်နှာကို ရှင်းလင်းစွာ မမြင်ရသည့်အတွက် ရှန်းလျိုရှန့်က ရွေးချယ်စရာမရှိတော့ဘဲ သူ့အရှေ့အင်္ကျီကိုဟပြီး အတွင်းဝတ်ထဲ လက်နှိုက်စမ်းကြည့်လိုက်သည်။ ခဏတာ ရှာဖွေပြီးသည့်နောက်တွင် ကျောက်စိမ်းအဆင်တန်ဆာတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းက ရွှေရောင်ဖျော့ဖျော့ လင်းလက်နေပေသည်။

ရှန်းလျိုရှန့်က ကျောက်စိမ်းပေါ်မှ ရွှေရောင်ချိပ်စည်းကိုကြည့်ပြီး ခဏတာ အံ့အားသင့်သွားသည်။

စာအုပ်ထဲမှ ဗီလိန်ရှစ်စွမ်းထံတွင် အလွန်အရေးကြီးသော ကျောက်စိမ်းအဆောင်တစ်ခုရှိသည်။ ၎င်းက ဧကရာဇ်နန်းတော်တွင် နေထိုင်သော အရှင်သခင်ထံမှ အမှတ်အသားဖြစ်သည်။ စာအုပ်ထဲတွင် ဤကျောက်စိမ်းပြားအကြောင်း အသေးစိတ်ဖော်ညွှန်းရေးသားထားခဲ့ပြီး ယခု သူ့ရှေ့တွင် ရှိနေသူအကြောင်းကိုလည်း ပြီးပြည့်စုံစွာ ဖော်ပြထားပေသည်။

အချိန်အတန်ကြာပြီးသည့်နောက် ရှန်းလျိုရှန့်က ကျောက်စိမ်းပြားကို ပြန်သိမ်းထားလိုက်ပြီး မြေပြင်ပေါ်မှထရပ်ကာ တင်ပျဉ်ခွေထိုင်နေသည့် လူငယ်လေးရှိရာသို့ လျှောက်သွားလိုက်သည်။

သူ စိတ်ရှုပ်ထွေးနေစဉ်၌ ဤနေရာသို့ နေရာကူးပြောင်းခံလိုက်ရခြင်းဖြစ်သည်။ ယခုအခိုက်အတန့်တွင် ဤနေရာက မည်သည့်နေရာဖြစ်ကြောင်းလည်း သူ မသိနေပေ။ ဝတ်ရုံနက်လူငယ်လေးက သူ့ကိုမြစ်ထဲမှ ကယ်ထုတ်ပေးခဲ့သောလူ ဖြစ်နိုင်ပေသည်။ သူက စိတ်ထားကောင်းပြီး လိမ္မာသော ကလေးဖြစ်မည်ဟု ရှန်းလျိုရှန့် တွေးလိုက်မိသည်။

သူ့ကို မေးကြည့်မှပဲ...

ချောက်ကမ်းပါးထဲတွင် အေးစက်စက်လေပြင်းက တိုက်ခတ်နေသည်။ လေအေးများက အရပ်မျက်နှာအနှံ့မှ တိုက်ခတ်နေ၍ သူ့ခန္ဓာကိုယ် တဆတ်ဆတ်တုန်ယင်နေသည်။ လက်မောင်းနှစ်ဖက်ကိုယှက်၍ ပွတ်လိုက်ပြီးနောက် ဖရိုဖရဲဖြစ်နေသည့် ရှန်းလျိုရှန့်က လေးထောင့်ဆန်ဆန်ကျောက်တုံးကြီးပေါ်ထိုင်နေသည့် လူငယ်လေးရှိရာသို့ လမ်းလျှောက်ထွက်သွားသည်။

အေးစက်စက် အလင်းတစ်ခုက ဖျတ်ခနဲ သူ့ရှေ့ကျရောက်လာသည်။

ဝတ်ရုံနက်လူငယ်လေးက ခေါင်းစောင်းငဲ့ပြီး သူ၏ရှည်လျားနက်မှောင်သော မျက်ဝန်းများဖြင့် သူ့ကို ကြည့်လိုက်သည်။ သူတို့ကြားတွင် မီတာအနည်းငယ် ကွာဟနေသော်လည်း သူ့ထံမှ ထုတ်လွှတ်နေသည့် အေးစက်မှုကို ရှန်းလျိုရှန့် ခံစားမိသည်။

" ခင်ဗျား ဘာလိုချင်လို့လဲ..."
လူငယ်လေးက အေးစက်စက်ဖြင့် မေးလိုက်သည်။

“…”

သူ့လည်ပင်းနားရောက်လာသည့် ဓားသွားကို ထိကြည့်လိုက်ပြီး ရှန်းလျိုရှန့် ခဏတာ ဆွံ့အသွားသည်။

ဓားကြီး အရင်ချပြီးမှ ပြောပါလား...

ဓားပိုင်ရှင်က ရှန်းလျိုရှန့်၏စိတ်ထဲ ရှိနေသည်များကို သိပုံပေါ်သော်လည်း သူ့မျက်နှာက ဂရုမစိုက်ဟန်သာ ဖြစ်နေသည်။ သူက နောက်ဆုတ်ချင်ပုံ မရပေ။ ထိုအစား ဓားကိုထိန်းချုပ်ပြီး ရှေ့ပိုတိုးစေလိုက်သည်။

သူ့ရှေ့မှ ဝတ်ရုံဖြူဝတ်လူ၏ ဆံပင်များက ပြေကျနေကာ ခန္ဓာကိုယ်တစ်ခုလုံးလည်း စိုရွှဲနေသည်။ သူ့မျက်နှာထက်ကို မြူတစ်လွှာအုပ်ထားသကဲ့သို့ဖြစ်နေ၍ မျက်နှာသွင်ပြင်ကို ကြည့်ရခက်နေသည်။ ထိုလူ၏ အသားအရည်က အလွန်ဖြူဖျော့နေကြောင်းကိုသာ သူ သိရပေသည်။

ချင်းလင်ဂိုဏ်းက ဤလောကတွင် နာမည်ကြီးဂိုဏ်းတစ်ခုဖြစ်သည်။ သူတို့ထဲတွင် ကြောင်တောင်တောင်ကျင့်ကြံသူအချို့ ရှိနေသည်ကလည်း အံ့ဩစရာမဟုတ်ပေ။ ရှန်းလျိုရှန့်၏ အပြုအမူကိုမြင်သည့်အခါ လူငယ်လေးက သူ့ကို ထိုလူထူးဆန်းများထဲမှ အချို့ကို သတ်မှတ်ထားလိုက်သည်။

ပြီးတော့ ကျင့်ကြံသူတစ်ယောက်က မြစ်ထဲပြုတ်ကျပြီး ရေနစ်မတတ်ဖြစ်သွားတယ်ဆိုတာ သူ တစ်ခါမှ မကြားဖူးဘူးလေ...

ဂိုဏ်းထဲမှ ကျင့်ကြံသူများထဲတွင် ပြောနေကျစကားတစ်ခွန်းရှိသည်။
' ကိုယ့်ရဲ့ကျင့်ကြံဆင့်ကို တန်ဖိုးထားပြီး ထူးဆန်းတဲ့ ကျင့်ကြံသူတွေဆီက ဝေးဝေးနေ...'

မကြာသေးမီအချိန်က တပည့်တစ်ယောက်ကို ထိုသို့ထူးဆန်းသည့် ကျင့်ကြံသူတစ်‌ယောက်က ခေါ်သွားခဲ့ဖူးပြီး သူ့ကျင့်ကြံဆင့်က လုံးဝဖျက်ဆီးခံလိုက်ရပေသည်။ ထိုမျှသာ မကသေးဘဲ တပည့်က အရူးတစ်ယောက်သဖွယ်ပြုမူကာ ဂိုဏ်းမှထွက်ပြီး ထိုလူထူးဆန်းကျင့်ကြံသူ၏ သစ္စာရှိနောက်လိုက် ဖြစ်လာချင်ခဲ့သည်။

" မိတ်ဆွေလေး အထင်လွဲနေတာထင်တယ် ကျေးဇူးပြုပြီး ဓားကြီးချထားလို့ ရမလား..."

ဘန်းးး...

ရှန်းလျိုရှန့်က စကားပြောလျက် ရှေ့တစ်လှမ်းတိုးသွားလိုက်သည်။ သူ့နားရွက်နားတွင် ချွန်ထက်သော အသံတစ်သံကို ကြားလိုက်ရပေသည်။ ၎င်းက ဓားမှထွက်လာသံဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ့လည်ပင်းက ရေခဲတမျှအေးစက်သွားသည်ကို ခံစားလိုက်ရသည်။ အေးစက်သောဓားစွမ်းအင်က သူ၏ဖြူဖွေးသောအသားကို ဖြတ်သွား၍ သူ့အရေပြားပေါ်တွင် အနီရောင်လိုင်းတစ်ကြောင်း ပေါ်လာသည်။

" ရှေ့ထပ်မတိုးလာပါနဲ့... တိုးလာရင် ကျွန်တော် မလေးမစားပြုမူမှာကို အပြစ်မတင်ပါနဲ့..."

ရှန်းလျိုရှန့် နင်သွားမိသည်။

ဒါ ဘယ်က ကောင်စုတ်လေးလဲ... သူက တခြားလူတွေကို မဖော်ရွေတတ်ဘူးထင်တယ်...

ရှန်းလျိုရှန့်က သူ့ကို အမှောင်ခန်းထဲ ထည့်ပိတ်ထားပြီး ပညာပြချင်နေသည်။

သို့ရာတွင် တံစက်မြိတ်အောက်၌ ခေါင်းငုံ့ထားရုံမှအပ ရွေးချယ်စရာမရှိဟူသည့်စကားအတိုင်း ရှန်းလျိုရှန့်က သူ့ကိုကြင်နာစွာပြုံးပြလိုက်သည်။ သို့ရာတွင် သူ ထိုသို့ပြုံးပြလိုက်သည့်အခါ ဖြူဖျော့နေသည့်မျက်နှာက ပိုကြောက်စရာကောင်းသွားသည်။

" ဒါက ဘယ်နေရာလဲဆို‌တာ ပြောပြလို့ရမလား..."

အချိန်အတန်ကြာသည်အထိ အဓိပ္ပါယ်ပါပါကြည့်နေပြီးသည့်နောက်တွင် သူ့လည်ပင်းနားတွင် လှုပ်ရှားနေသည့်ဓားက အနည်းငယ်ရွေ့သွားသည်။
" ချင်းလင်ဂိုဏ်းရဲ့မြောက်ပိုင်းတောင်ထွတ် ကြွယ်ချွန်းမြစ်လေ..."

ဤနေရာက ချင်းလင်ဂိုဏ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်နေလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားခဲ့ပေ။ သို့ရာတွင် "ကြွယ်ချွန်း" ဟူသော စကားလုံးများကြောင့် သူ့ရင်ထဲ ဖော်ညွှန်းမရနိုင်သည့် ခံစားချက်တစ်မျိုးကို ခံစားလိုက်ရသည်။
ကြည့်ရတာ ဒီနေရာက...

" ရွှမ်လန်ရေ... တရားစီရင်ရေးအကြီးအကဲက အမိန့်ပေးလိုက်တယ်... တပည့်တွေအားလုံး ပြန်လည်ရှင်သန်ခြင်းချောက်ကမ်းပါးမှာ ချက်ချင်းလာစုရမယ်တဲ့..."

လမ်းဆုံနေရာတွင် ဝတ်ရုံပြာဝတ် တပည့်တစ်ယောက် ပေါ်လာသည်။ သူ့ကျောပေါ်တွင် ဓားတစ်ချောင်းရှိပြီး သူ့ခါးတွင်လည်း ဘူးသီးခြောက်တစ်လုံး တွဲလောင်းချိတ်ထားသည်။ ထူးဆန်းနေသည့် ရှန်းလျိုရှန့်ကို သူချက်ချင်းမြင်သွား၍ ထိုတပည့်က သူ့ကို စူးစမ်းနေသည်။

မကြာမီအချိန်တွင် သူ၏ ကြည်လင်နေသည့်မျက်ဝန်းများ တစ်ချက်လှုပ်ခါသွားပြီး အမူအရာက တည်ကြည်သွားသည်။ သူ့ကျောပေါ်မှဓားရှည်က အသံသဲ့သဲ့ ထွက်လာသည်။

သူ့ထံသို့ရောက်ရှိလာသည့် ရန်လိုမှုကို အာရုံခံ‌မိနေသော ရှန်းလျိုရှန့်က ဦးရေပြားများပင် တောင့်တင်းသွားသည်။
ဓားတစ်ချောင်းတည်းဆို ရပြီလေ... တကယ်လို့‌ နောက်ထပ်ဓားတစ်ချောင်းပါ ထပ်ရောက်လာမယ်ဆိုရင် ဒီနေရာမှာပဲ ချက်ချင်းအသက်ထွက်သွားလောက်တယ်...

ထိုအခိုက်အတန့်တွင် သူ့လည်ပင်းကို ခြိမ်းခြောက်ထားသာဓားက နောက်ဆုတ်သွားသည်။

ရွှမ်လန်ဟုခေါ်သည့် အနက်ရောင်ဝတ်လူငယ်လေးက ကျောက်တုံးကြီးပေါ်မှ အမြန်ခုန်ချသွားပြီး လေထဲတွင် လက်တစ်ချက်ယမ်းလိုက်သည့်အခါ ဓားက နောက်ပြန်ဆုတ်သွားသည်။ သူက လမ်းဆုံနေရာသို့ လျှောက်သွားပေသည်။

သူရောက်လာသည့်အခါ ဝတ်ရုံပြာဝတ်တပည့်ကလည်း သူ၏ရန်လိုမှုကို ထိန်းချုပ်လိုက်ပြီး သိချင်စိတ်များသာ ကျန်ရှိနေခဲ့သည်။

" ရွှမ်လန် အဲဒါဘယ်သူလဲ..."

" ငါလည်းမသိဘူး..."
ကျိုးရွှမ်လန်က တစ်ဖက်သို့လှည့်သွားသည်။

ထိုလူ၏ ကိုယ်ပေါ်တွင် သူ၏ နက်မှောင်နေသည့်ဆံပင်များမှလွဲ၍ အရာအားလုံးက ဆွတ်ဆွတ်ဖြူနေသည်။ သူ့ဖိနပ်များကပင် အဖြူရောင်ဖြစ်သည်။ မြေပြင်ပေါ်တွင် အတန်ကြာအောင် ရပ်နေပြီးသည့်အခါ ဘေးပတ်ပတ်လည်မှ မြေကြီးတွင် သူ့အဝတ်မှ စီးကျလာသည့်ရေများကြောင့် စိုစွတ်သွားပေသည်။

ကြွယ်ချွန်းမြစ်ကမ်းတွင် လေအေးများ ဖြတ်သန်းတိုက်ခတ်နေသည်။ ၎င်းက အလွန်ခါးသက်သည့် အေးစက်မှုမျိုးဟုဆိုလျှင်လည်း မမှားပေ။ ရေများစိုရွှဲနေသည့်အပြင် ကာကွယ်ရေးမန္တန်မရွတ်ဆိုထားသည့် လူတစ်ယောက်က အရိုးထဲသို့စိမ့်ဝင်သွားသည့် အအေးဒဏ်ကို မနည်းအန်တုနေရသည်ဟုဆိုလျှင်လည်း လွန်ကြူးစွာပြောဆိုခြင်း မဖြစ်နိုင်ပေ။

ရွှမ် လန် ...

ကျိုး ရွှမ် လန် ...

ရှန်းလျိုရှန့် ထိုနေရာတွင် ကြောင်အစွာရပ်နေမိပြီး အအေးဒဏ်ကြောင့်ဖြစ်လာသည့် ထိတ်လန့်မှုကိုပင် မေ့သွားရသည်။ သူ့တစ်ကိုယ်လုံး တုန်တက်သွားပြီး နှာချေလိုက်မိသည်။

သူ ငေးငိုင်နေမိစဉ်မှာပင် ကောင်းကင်ယံမှ အရိပ်မည်းတစ်ခု ပြုတ်ကျလာပြီး သူ့ကိုဝန်းရံသွားသည်။

ရှန်းလျိုရှန့်၏ အမြင်အာရုံတစ်ခုလုံး အမှောင်ဖုံးလွှမ်းသွားသည်။ သူ့လက်တစ်ဖက်မြှောက်ပြီး သူ့ခေါင်းကိုအုပ်ထားသည့်အရာကို ဆွဲချလိုက်သည်။ ၎င်းက အနက်ရောင်ပိုးထည်ဝတ်ရုံတစ်ထည်ဖြစ်သည်။ ဝတ်ရုံက အရည်အသွေးကောင်းမွန်ပြီး နူးညံ့ပျော့ပျောင်းလှသည်။ ထို့အပြင် ဝတ်ရုံက နွေးထွေးမှုကို ထုတ်လွှတ်နေသည်ဟု ထင်ရပေသည်။

ရှန်းလျိုရှန့်က ဝတ်ရုံကိုခြုံထားလိုက်ပြီး သူ့ရှေ့မှ လူနှစ်ယောက်ကို ကြည့်လိုက်သည်။

ကျိုးရွှမ်လန်က သူ့သိုလှောင်အိတ်ကြိုးကိုချည်လိုက်ပြီး နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားသည်။ ဝတ်ရုံပြာဝတ်တပည့်က ရှန်းလျိုရှန့်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီးမှ ကျိုးရွှမ်လန်၏နောက်ကို အမှီလိုက်သွားသည်။

ရှန်းလျိုရှန့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် အဝတ်အစားများကို အချိန်အတန်ကြာသည်အထိ ငုံ့ကြည့်နေခဲ့သည်။  အေးစက်မှုကြောင့် ဖြူဖျော့ပြီး သွေးမလျှောက်တော့သည့် လက်ချောင်းများဖြင့် ဝတ်ရုံကို သူ့ခန္ဓာကိုယ်ပတ်ပတ်လည် ခြုံထားလိုက်သည်။ ယခင်က အေးခဲမတတ်ဖြစ်နေသည့် အခြေအနေမှ လွတ်မြောက်သွားသည့်အခါ သူ့စိတ်က ပြန်အလုပ်လုပ်လာသည်။

ကျိုးရွှမ်လန်က ဝတ္ထု၏ ဒုတိယဇာတ်လိုက်ဖြစ်သည်။ ဝတ္ထု၏ နောက်ပိုင်းတွင် သူ၏တိုက်ခိုက်ရေးစွမ်းရည်က တစ်ဟုန်ထိုးမြင့်တက်လာခဲ့ပြီး နတ်ဆိုးမျိုးနွယ်စုကို ချေမှူန်းကာ ကျင့်ကြံရေးလောကကို သူ့ကိုယ်ပိုင်စွမ်းအားဖြင့် စုစည်းခဲ့သည်။ သူ့ပုံစံက အညှာအတာကင်းမဲ့သွားချိန်မှစ၍ စာဖတ်သူများအကြားတွင် အခြားဇာတ်ကောင်များထက်ပို၍ နာမည်ကြီးလာခဲ့သည်

မူရင်းဝတ္ထုကf harem အတုအမျိုးအစားဖြစ်ခဲ့သည်။
(  Haremအတု : အဓိကဇာတ်လိုက်ကို စိတ်ဝင်စားတဲ့သူ အများကြီးရှိပေမယ့် နောက်ဆုံးမှာ တစ်ယောက်တည်းနဲ့ပဲ ညားသွားတဲ့ဇာတ်လမ်းမျိုးပါ၊ စာဖတ်သူတွေက နောက်ဆုံးဘယ်သူနဲ့ရသွားမယ်ဆိုတာ ဇာတ်လမ်းအစတည်းက မှန်းလို့မရတဲ့ ဝတ္ထုအမျိုးအစားပါ။ )

ဝတ္ထုထဲတွင် အမျိုးသားဇာတ်ကောင်များက ဇာတ်လိုက်shouဖြစ်သည့် စုပိုင်ချယ့်ကိုသာ အရူးအမူးချစ်ကြသည်။ စုပိုင်ချယ့်၏ အပြုံးတစ်ပွင့်အတွက် အသေအကြေတိုက်ခိုက်ကြသည်အထိ ရူးနှမ်းမှုမျိုးဖြစ်သည်။ ၎င်းကို အလှအပကြောင့် ဖြစ်ရသည့် ကပ်ဘေးကြီးဟုပင် ဆိုနိုင်ပေသည်။

ထိုအကြောင်းကြောင့် "ဘယ်‌ဇာတ်ကောင်က စုပိုင်ချယ့်နဲ့ ညားသွားမှာလဲ" ဟူသောမေးခွမ်းက ဤဝတ္ထုအတွက် အကြီးမားဆုံးသော ဆွေးနွေးစရာဖြစ်လာသည်။

တစ်ချိန်တည်းမှာပင် စကားအချေအတင်များမှုပေါင်းများစွာဖြစ်စေသည့် ခေါင်းစဉ်တစ်ခုလည်း ရှိနေသေးသည်။

ဇာတ်လမ်းက တဖြည်းဖြည်းရှေ့ရောက်လာသည်နှင့်အမျှ အချို့လူများမှာ နှလုံးသားမဲ့လမ်းစဉ်လိုက်သည့် ဓားသခင်၏ နှလုံးသားလေးကို ယိမ်းယိုင်သွားစေချင်ကြလာသည်။ အချို့ကမူ သိမ်မွေ့သော စီနီယာအစ်ကိုကြီးဘက်ကို အလေးသာကြသည်။ အချို့ကမူ လွှမ်းမိုးနိုင်စွမ်းအားရှိသည့် နတ်ဆိုးသခင်ကို သ‌ောကျကြသည်။

ဝတ္ထုအလယ်သို့ရောက်ချိန်တွင် သူတို့အားလုံး၏ အားပြိုင်မှုက သူမသာ ကိုယ်မသာ ဖြစ်လာသည်။ လူအနည်းစုကသာ ကျိုးရွှမ်လန်ဘက်မှ ရပ်တည်ကြပေသည်။ ထိုလူအရေအတွက်က ဗီလိန်ရှစ်စွမ်းရှန်းလျိုရှန့်နှင့် စုပိုင်ချယ့်ကို shipကြသည့် ရှားပါးသောလူနည်းစုထက်ပင် ပိုနည်းနေသည်။

သို့ရာတွင် ကျိုးရွှမ်လန်က အညှာအတာကင်းမဲ့သူဖြစ်လာပြီးသည့်နောက်တွင် အရာအားလုံး ပြောင်းလဲသွားသည်။

" မင်းကို ကိုယ်ကလွဲပြီး ဘယ်သူမှနာကျင်အောင် မလုပ်ရဘူး‌..."

ကျိုးရွှမ်လန်က ရုတ်ချည်းပေါ်ထွက်လာပြီး စုပိုင်ချယ့်ကို သိုင်းဖက်ထားလိုက်သည်။ သူ့လက်တစ်ချက်လှုပ်ပြီး လက်ဝါးဖြင့်တစ်ချက်ရိုက်လိုက်ရုံဖြင့် လူတစ်ယောက်၏ သွေးကြောများကိုပင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေနိုင်ပေသည်။

" သူက ငါ့အပိုင်ဆိုတာ မေးခွန်းထုတ်နေစရာတောင် မလိုဘူး..."

ကျိုးရွှမ်လန်က စုပိုင်ချယ့်၏ ဗလာကျင်းနေသည့် ခန္ဓာကိုယ်တစ်ပိုင်းကို ဝတ်ရုံဖြင့် ခြုံပေးလိုက်ပြီး သူ့ကို သတိုသမီးတစ်ယောက်သဖွယ် ချီသွားသည်။ နောက်ပြန်လှည့်ကြည့်လိုက်သော သူ၏နက်စွေးစွေးမျက်ဝန်းများက ခါးသီးသည့်အေးစက်မှုများ ထုတ်လွှတ်နေသည်။

" တိရှင်းယွီ ဒါမျိုးနောက်တစ်ကြိမ်ထပ်ဖြစ်ရင် ဒီ နှစ်တစ်ထောင်ကျော်နေတဲ့ နန်းတော်ကြီးကို ငါ ဖျက်ဆီးပစ်မယ်..."

ဝိုးးး...

ထိုအခိုက်အတန့်တွင် စာဖတ်သူများက စုံတွဲအစစ်ကို နောက်ဆုံး၌ ရှာတွေ့သွားသည်။ သူတို့ဤသင်္ဘောကို စောစောစီးလေ စောစောပျော်ရမည်ဖြစ်လေကို သဘောပေါက်သွားကြသည်။ အခြားသူများနှင့် shipချင်နေသည့် စာဖတ်သူများကလည်း သင်္ဘောပြောင်းလာရန် အချိန်အနည်းငယ်သာ လိုအပ်မည်ဖြစ်သည်။

ဤနေရာတွင် မည်သူမှ သဘောထားကွဲလွဲမနေကြတော့ပေ။

နောက်ပိုင်းများတွင် ကျိုးရွှမ်လန်က gongဖြစ်သည်ကို နားလည်ရ မခက်ခဲတော့ပေ။ ရှန်းလျိုရှန့်သည်ပင် ဤဝတ္ထုကိုဖတ်စဉ်က စိတ်လှုပ်ရှားစွာဖြင့် အကြိမ်အနည်းငယ် အော်ဟစ်ခဲ့မိသည်။

သို့ရာတွင် ယခုချိန်၌ သူ့စိတ်အခြေအနေက တည်ကြည်နေသည်။

မူရင်းဝတ္ထုတွင်မူ ရှန်းလျိုရှန့်နှင့် ကျိုးရွှမ်လန်က နာမည်ခံ ရှစ်စွမ်း(ဆရာ)တပည့်ဆက်ဆံရေးဟု သတ်မှတ်နိုင်ပေသည်။ မူလရှန်းလျိုရှန့်က သူ့ကို အနည်းငယ်သာ သင်ကြားပေးခဲ့ရုံဖြစ်သည်။ စုပိုင်ချယ့်က ကျိုးရွှမ်လန်အပေါ် အလွန်မင်း စိတ်ဝင်စားနေသည်ကို သတိပြုမိပြီးနောက်တွင် ဗီလိန်ဖြစ်သောရှန်းလျိုရှန့်က သူ့တပည့်ကို မျိုးစုံနှိပ်စက်ခဲ့သည်။

တပည့်ကို အရှက်ခွဲ နှိပ်စက်တာက ခဏတာ ပျော်ရွှင်ရတယ်ဆိုပေမယ့် အနာဂတ်မှာတော့ မဟာကပ်ဘေးကြီး ဖြစ်လာနိုင်တယ်ဆိုတာ သက်သေပြလိုက်သလိုပဲ...