အခန်း ၂
Viewers 23k

Chapter 2



သူ့စိတ်ထဲတွင် ဝေဝါးဝါးမှတ်ဉာဏ်အချို့ ပေါ်လာသည်။ ရှန်းလျိုရှန့်က ယိမ်းထိုးလျက်ဖြင့် သူ့နေထိုင်ရာသို့ တဖြည်းဖြည်းပြန်သွားလိုက်သည်။

သူ မဟာအမှားကြီးတစ်ခု ကျူးလွန်ခဲ့မိပေသည်။

ယွီရှန်းနည်းစနစ်က ဂိုဏ်းအတွင်းရှိ ကျင့်ကြံသူများသာ သိခွင့်ရှိသော နည်းစနစ်မျိုးဖြစ်သည်။ ယဲ့ပင်းယန်က ၎င်းကို အလိုရှိကြောင်း သိသောအခါ သူ စာလိပ်ကိုခိုးပြီး ပေးခဲ့မိပေသည်။

ဤကိစ္စအားလုံးကို ပိပိရိရိလုပ်နိုင်ခဲ့သည်ဟု ထင်ခဲ့သော်လည်း ယဲ့ပင်းရန်က ထိုသို့သောအကျင့်စရိုက်မျိုးကို အထင်သေးသူဖြစ်၍ ချင်းလင်ဂိုဏ်းသို့ ကိုယ်တိုင်ရောက်လာပြီး စာလိပ်ကို ပြန်ပေးခဲ့သည်။

ဤကိစ္စက နေ့တစ်ဝက်အတွင်းမှာပင် နယ်မြေတစ်ခုလုံးကို ပျံ့နှံ့သွားတော့သည်။

" သူက အင်မော်တယ်ဖြစ်ရဲ့သားနဲ့ ဒီလိုခိုးဝှက်နေရတယ်လို့... ရွံစရာကောင်းလောက်အောင်ကို အရှက်မဲ့တာပဲ..."

" သူ့လိုလူကို ဘယ်လိုလုပ်ပြီး အင်မော်တယ်လို့ ခေါ်ရမှာလဲ... ဒီနှစ်တွေအတွင်းမှာ ချင်းလင်ဂိုဏ်းရဲ့ဂုဏ်သိက္ခာက သူ့ကြောင့် တဖြည်းဖြည်းကျလာတာ... ငါသာအင်မော်တယ်ယဲ့ဆိုရင် သူ့ကိုဂိုဏ်းက နှင်ထုတ်ပစ်တာကြာပေါ့..."
( ဒီနေရာက အင်မော်တယ်ယဲ့က ယဲ့ပင်းရန်ကိုပြောတာ မဟုတ်ဘဲ ဂိုဏ်းချုပ်ယဲ့ကို ပြောတာပါ )

" အခုတော့ တစ်လောကလုံး ဒီကိစ္စကို သိကုန်ပြီ... ငါ ချင်းလင်ဂိုဏ်းကိုသွားပြီး ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ကြမယ်ဆိုတာ ကြည့်လိုက်ဦးမယ်... ပုံမှန်ဆိုရင်တော့ တပည့်တစ်ယောက် အပြစ်လုပ်မိတယ်ဆိုရင် သူ့ရဲ့ကျင့်ကြံဆင့်ကို အတင်းအကြပ်ဖြတ်တောက်ပစ်တာက ပြစ်ဒဏ်အသေးပဲ..."

" ရှန်းလျိုရှန့်က အင်မော်တယ်ဖြစ်နေရင်တောင်မှ သူ့အတွက် ပြစ်ဒဏ်ကလည်း သိပ်ကွာမှာမဟုတ်ဘူး... အဲလိုမှမဟုတ်ရင်လည်း တခြားလူတွေရဲ့ ပါးစပ်ပေါက်ကိုပိတ်ဖို့ တော်တော်ခက်မှာလေ..."

" ဟင်း... အရင်တုန်းကဆိုရင် ရှန်းလျိုရှန့်က ပြိုင်ဘက်ကင်းပဲ... အခုတော့ နှလုံးသားမဲ့ဓားကျင့်ကြံသူတစ်ယောက်ကြောင့်နဲ့ အရူးတစ်ယောက်လို ဖြစ်သွားရတယ်လို မုန်းစရာကောင်းလိုက်တာ... နောင်တရစရာလည်းကောင်းတယ်..."



ဝတ္ထုထဲတွင် ဖြတ်လျှောက်အဖြစ်သာပါသည့် ‌ဇာတ်ကောင်များဖြစ်စေ သို့မဟုတ် အရေးကြီးဇာတ်ကောင်များဖြစ်သည့် ဂိုဏ်းအကြီးအကဲများဖြစ်စေ ရှန်းလျိုရှန့်က ယဲ့ပင်းရန်ကို မည်မျှတွယ်ကပ်ကြောင်း အားလုံးသိကြသည်။

သူ၏ ဂျူနီယာတပည့်ဖြစ်သည့် စုပိုင်ချယ့်အပေါ်  မနာလိုဝန်တိုမှုကိုလည်း မသိသူ မရှိကြပေ။ ရှန်းလျိုရှန့်က စုပိုင်ချယ့်ကို ဆက်တိုက်ပြဿနာရှာရုံသာမက စုပိုင်ချယ့်ကိုပါ အတုခိုးနေ၍ သူကိုယ်တိုင်၏ပုံစံက သနားစရာကောင်းနေသည်။

ဤလောကထဲတွင် နာမည်ကြီးသော ပန်းချီကားချပ်တစ်ခုရှိသည်။ ထိုပန်းချီကားချပ်ထဲတွင် စုပိုင်ချယ့်က နှင်းတမျှဖြူဖွေးသည့် အဝတ်အစားကို ဝတ်ဆင်ထားကာ ပက်လက်ကုလားထိုင်ပေါ် မှီနေသည်။ သူ့ဘေးနားတွင်လည်း ကြာပန်းဖြူများစွာ ထားထားပေသည်။

သူ့ပုံစံက ကြည်လင်သန့်ရှင်းသော အင်မော်တယ်တစ်ယောက်နှင့် တူနေသည်။ ပန်းပွင့်များ၏ လှပမှုက သူနှင့်ယှဉ်လိုက်ပါက အရောင်ဖျော့သွားသည်ဟုပင် ထင်ရသည်။

သူ့ကိုအတုခိုးလိုသည့် ရှန်းလျိုရှန့်ကလည်း အဖြူရောင်အဝတ်အစားများဝတ်ပြီး ဆံပင်ထက်တွင် အဖြူရောင်ပန်းများ ပန်ဆင်ထားလေ့ရှိသည်။

သူက စုပိုင်ချယ့်၏ ကျက်သရေရှိမှုနှင့် တိုက်ရိုက်ဆန့်ကျင်စွာ သဘာဝဆန်ဆန်အလှဖြင့် မွေးဖွားလာခဲ့သူဖြစ်သည်။ ရှန်းလျိုရှန့်က သူ့မျက်နှာကို မြူသဖွယ်အရောင်ဖြူများဖြင့် ဖုံးလွှမ်းနေအောင် မန္တန်တစ်ခုစီရင်ထားပြီး ယဲ့ပင်းရန်ထံမှ အကြည့်ခံရရန် မျှော်လင့်လျက်ရှိသည်။

ကြည့်ဦးလေ... ငါက မင်းကြိုက်တဲ့ပုံစံမျိုး ပြောင်းထားတာပဲ... ဘာလို့ ငါ့ကို တစ်ချက်မှ လှည့်မကြည့်ရတာလဲ...

ရှန်းလျိုရှန့်၏ခေါင်းထဲတွင် ထိုအတွေးမျိုး ရှိကောင်းရှိနိုင်ပေသည်။

ယဲ့ပင်းရန်က ရှန်းလျိုရှန့်ကို တဖြည်းဖြည်းပို၍ ရွံရှာစက်ဆုပ်လာခဲ့သည်။ သို့ရာတွင် ချင်းလင်ဂိုဏ်းအပေါ် ရိုင်းပြမိမည်စိုး၍ ရှန်းလျိုရှန့်ကို အကြိမ်တိုင်းရှောင်နေပြီး ရှန်းလျိုရှန့်၏လုပ်ရပ်များကိုလည်း တိုက်ရိုက်မတုံ့ပြန်ခဲ့ပေ။

သို့သော် ဤတစ်ကြိမ်တွင်မူ သူ ရှန်းလျိုရှန့်၏ အားနည်းချက်ကို ဖမ်းမိသွားခဲ့သည်။ သို့ဖြစ်၍ ချင်းလင်ဂိုဏ်းကို သူတို့ဂိုဏ်းသားအား ကိုယ်တိုင် ကိုင်တွယ်ခိုင်းလိုက်ခြင်းဖြစ်သည်။

ရှန်းလျိုရှန့်က သူ့မှတ်ဉာဏ်များကို ပြန်လည်တွေးတောလျက် အရုဏ်ဦးတိမ်လွှာတောင်ထွတ်သို့ ပြန်လျှောက်လာခဲ့သည်။

အင်မော်တယ်တစ်ယောက်ဖြစ်သောသူက နေထိုင်ရာ ကိုယ်ပိုင်အိမ်တစ်လုံး ရရှိထားပေသည်။ သာမန်နေ့များတွင်မူ သူ့ထံသို့ ဧည့်သည်လာရောက်သည်က အလွန်ရှားပါးပေသည်။

လမ်းတစ်လျှောက်တွင် တပည့်အများစုက ခပ်သုတ်သုတ်လျှောက်နေကြပြီး "ပြန်လည်ရှင်သန်ခြင်းချောက်ကမ်းပါး" နှင့် "ရှန်းလျိုရှန့်" ဟူသောအမည်ကို ပြောနေကြသည်။

သို့သော် လူတစ်ယောက်ကမှ သူ့ကို မမှတ်မိကြပေ။ ထိုတပည့်များက သူ့ကို လူထူးဆန်း‌တစ်ယောက်ဟုသာထင်ပြီး ဝေးဝေးနေနေကြသည်။

ရှန်းလျိုရှန့်က လူအများရှေ့ထွက်သည်က အလွန်ကြုံတောင့်ကြုံခဲဖြစ်ပြီး သူ့အချိန်အများစုကို ဂူပိတ်ကျင့်ကြံခြင်းနှင့် ဂိုဏ်းအပြင်ဘက်မှ ယဲ့ပင်းရန်နောက်သို့ ခြေရာခံလိုက်ခြင်းဖြင့်သာ ကုန်ဆုံးလေ့ရှိသည်။

ထိုတပည့်များ၏ သူ့အပေါ်အမြင်က အဖြူရောင်ဝတ်စုံ၊ အဖြူရောင်ပန်းပွင့်များနှင့် ခြေထောက်ထိရောက်အောင်ရှည်သော ဆံပင်ရှည်ကြီးဖြစ်သည်။ သူက ရံဖန်ရံခါတွင် သရဲတစ်ကောင်သဖွယ် ထိုပုံစံဖြင့်  ပေါ်လာတတ်ပေသည်။

သူ့ကိုဖြတ်သွားသည့် တပည့်တိုင်းက သင်္ကာမကင်းစွာဖြင့် ကြည့်နေကြသည်။

" အဲ့လူရဲ့ဆံပင်တွေကြောင့် ငါ အင်မော်တယ်ရှန်းကိုတောင် တွေးမိသွားတယ်..."

" အဓိပ္ပါယ်မရှိတာတွေ ပြောပြန်ပြီ... အင်မော်တယ်ရှန်းက သူ့ဆံပင်ကို ယဲ့ပင်းရန်ရဲ့ဆံပင်နဲ့ ဆက်ထားတာလေ ဒီထက်ပိုပြီးရှည်သေးတယ်... တိုက်ဆိုင်တာပဲဖြစ်မှာပါ..."

ရှန်းလျိုရှန့် : “…”

သူ့ဆံပင်ရှည်ကြီးကို လိမ်တင်ထားမိလို့ တော်သေးတယ်...

၎င်းက ရှန်းလျိုရှန့်ပြုလုပ်ခဲ့သည့် ကိုးရို့ကားယားနိုင်မှုများအနက်မှ တစ်ခုဖြစ်သည်။

သေမျိုးများထံတွင် မင်္ဂလာဓလေ့ထုံးတမ်းတစ်မျိုးရှိသည်။ လက်ထပ်ပြီးသည့်နောက် ကြင်စဦးမောင်နှံက သူတို့ဆံပင်အနည်းငယ်ကိုဖြတ်ကာ အိမ်ထောင်ဖက်ထံတွင် ချည်နှောင်ထားပြီး သူတို့နှလုံးခုန်သံများ ထပ်တကျကြောင်း ပြသရသည့်သင်္ကေတမျိုး ဖြစ်သည်။

ရလဒ်အနေဖြင့် ယဲ့ပင်းရန် သတိလက်လွတ်‌နေနေချိန်တွင် ရှန်းလျိုရှန့်က ယဲ့ပင်းရန်၏ ဆံပင်အနည်းငယ်ကို ဖြတ်တောက်ထားလိုက်ပြီး သူ့ဆံပင်နှင့်ဆက်ပြီးချည်ထားလိုက်သည်။

သူက ဤကိစ္စကို တစ်လောကလုံးသိအောင် ကြေညာထား၍ အားလုံးက သူ့ကို ရူးသွားပြီဟုပင် ထင်နေခဲ့ကြသည်။

သူက ထိုသို့အရှက်ရစရာကိစ္စမျိုးကို ပြုလုပ်ဖူးသည့် တစ်ဦးတည်း‌သောအင်မော်တယ် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

အခန်းထဲပြန်ရောက်သည့်အခါ ရှန်းလျိုရှန့်က ကတ်ကြေးတစ်လက်ရှာပြီး သူ့ဆံပင်ရှည်ကြီးကို ကိုင်လိုက်သည်။ ထို့နောက် လက်မြှောက်၍ သူကိုယ်တိုင် ဆံပင်ကို ညှပ်ပစ်တော့သည်။

ဒါကြီးကတော့ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလွန်းပါတယ်...

သူ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာဖြင့် ဆံပင်များကိုစုချည်ထားသော ဖဲကြိုးနီက အရောင်တစ်ချက်လက်သွားပြီး ကတ်ကြေးကို လွင့်ထွက်သွားစေသည်။ ထိတ်လန့်မှုကြောင့် ရှန်းလျိုရှန့်၏လက်များပင် ထုံကျဉ်သွားသည်။

“…”

ဆံပင်ပေါ်မှာ အကာအကွယ်မန္တန်ရွတ်ထားတာပဲ...

ရှန်းလျိုရှန့်၏နှုတ်ခမ်းထောင့်များ အနည်းငယ်တွန့်သွားရသည်။ သူ ထိုဆံပင်ကို အတင်းအကြပ်ညှပ်ပစ်ချင်နေမိသည်။

သို့ရာတွင် ထိုအချိန်၌ သူ့ရင်ဘတ်ထဲရှိ တစ်စုံတစ်ရာက စတင်ပူနွေးလာသည်။

ထိုအရာကို သူ့ ဝတ်ရုံထဲမှ ဆွဲထုတ်လိုက်သည်။ ၎င်းက အဖြူရောင်တောက်ပနေသည့် အဝိုင်းပုံစံ အသံကူးပြောင်းကိရိယာဖြစ်သည်။

" မင်း ဘယ်မှာလဲ..."

ထိုအသံက အစောပိုင်းတွင် သူ့ကိုအဝေးပို့ခဲ့သော ဝတ်ရုံပြာဝတ်လူ အင်မော်တယ်လင်ဟွားဖြစ်သည်။

ရှန်းလျိုရှန့်က ရိုးရိုးသားသားပင် ပြန်ဖြေလိုက်သည်။
" အရုဏ်ဦးတိမ်လွှာတောင်ထွတ်မှာ..."

တစ်ဖက်လူက ပြန်မဖြေဘဲ ခဏတာငြိမ်သက်သွားသည်။ ထို့နောက် ဒေါသတကြီးအော်သံကြီး ထွက်လာပေသည်။

" မင်းက လင်တန့်မွေးထားတဲ့ ဝက်တွေထဲက တစ်ကောင်လား... ငါကတော့ စီနီယာအစ်ကိုပြန်လာလို့ မင်းကို ဂိုဏ်းက ထွက်ပြေးလို့ရအောင် ကူညီပေးလိုက်တာကို အခုကြည့်စမ်း... မင်းက ထောင်ခြောက်ထဲ ကိုယ့်သဘောနဲ့ကိုယ် ပြန်ဝင်လာတာပဲ..."

" လင်ယွဲ့နဲ့ စီနီယာအစ်ကိုက အရင်လိုမျိုးပဲ မင်းကိုခွင့်လွှတ်ပေးမယ် ထင်နေလား... ဒါမှမဟုတ် စစ်ဖန့်သွေးရေကန်ထဲ ခုန်ချရရင်တောင်မှ ကိုယ့်ကိုကိုယ် မသေဘူးထင်နေဝာာလား..."
( စစ်ဖန့်ဆိုတဲ့ စာလုံးရဲ့ အဓိပ္ပါယ်က အရပ်မျက်နှာလေးခုပါ )

စစ်ဖန့်သွေးရေကန်ကို ပြန်လည်ရှင်သန်ခြင်းချောက်ကမ်းပါး‌ထိပ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ချင်းလင်ဂိုဏ်း၏ အကြီးမားဆုံးသောအပြစ်ပေးမှုများ ပြုလုပ်သည့်နေရာဖြစ်သည်။

သူ့နာမည်အတိုင်းပင် မိုးကြိုးဖြင့်ဖုံးလွှမ်းထားသောနေရာ၊ ‌ဓားသွားတောင်၊ မီးပင်လယ်နှင့် အက်စစ်ရေကန်အစရှိသည့် စမ်းသပ်စစ်ဆေးချက် လေးမျိုးပါဝင်သည်။

နောက်ဆုံးတစ်ကြိမ် စစ်ဖန့်ရေကန်ကို ဖွင့်ခဲ့သည်မှာ သေမျိုးကမ္ဘာတွင် စွမ်းအားကြီးနတ်ဆိုး အောင်းယွဲ့က ပြဿနာရှာခဲ့စဉ် ပြစ်ဒဏ်ပေးခဲ့ချိန်က ဖြစ်သည်။

ဝတ္ထုထဲတွင်မူ ရှန်းလျိုရှန့်က ဓားသခင် ဂိုဏ်းသို့လာမည်ကို ကြားသည့်အခါ သူ့ကိုတွေ့ရန် ရူးနှမ်းစွာဖြင့် ထွက်လာသခဲ့သည်။

သို့ရာတွင် တရားစီရင်ရေးအကြီးအကဲတစ်ယောက်က သူ့ကိုဖမ်းပြီး သွေးရေကန်ထဲပစ်ချကာ အပြစ်ပေးခဲ့လေသည်။ သူ ‌ရေကန်မှ ထွက်လာနိုင်ချိန်တွင် နောက်ဆုံးထွက်သက်သာ ကျန်ရှိတော့သည်။

ထို့သို့ဖြစ်သော်လည်း သူက ယဲ့ပင်းရန်နားသို့ တွားသွားပြီး အဝတ်အစားများကိုဆွဲကာ သူ့ကိုအပြစ်မတင်သည့်အတွက် မစိုးရိမ်ရန် ပြောခဲ့သည်။ သူ၏အပြုအမူများက အချစ်ဖြင့် ရူးနှမ်းစွာပြည့်နှက်နေပေသည်။

ထိုလုပ်ရပ်ကြောင့် ချင်းလင်ဂိုဏ်းမှ လူအားလုံး ဒေါသထွက်သွားရသည်။

ရှန်းလျိုရှန့်ကို အမြဲတမ်းကာကွယ်ပေးသော လင်ဟွားသည်ပင် ထင်ယောင်ထင်မှားဖြစ်နေသည်များ ပျောက်သွားစေရန် သူ့ကိုသွေးရေကန်ထဲ နောက်တစ်ကြိမ်ပစ်ချချင်လာခဲ့သည်။

ဒီအခြေအနေထိ ဂုဏ်သိက္ခာကင်းမဲ့ရလား ဘယ်လိုတောင် ရယ်စရာကောင်းတာလဲ...

ရှန်းလျိုရှန့် ခဏတာ အလေးအနက်တွေးနေသည်။

သူ၏ လက်ရှိအခြေအနေဖြင့်ဆိုလျှင် ချင်းလင်ဂိုဏ်းတွင် နေရသည်က အကောင်းဆုံးဖြစ်သည်။ ထိုသို့နေရန်အတွက် လူအများ စိတ်ကျေနပ်စေရန် ပြစ်ဒဏ်ပေးမှုကို ခံယူရုံမှလွဲ ရွေးချယ်စရာမရှိပေ။

" ငါ ထွက်မပြေးတော့ဘူး..."
သူ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

" သူ့နည်းလမ်းကနေ သွေဖယ်ပြီး လုပ်စရာမလိုဘူးလို့ ကျေးဇူးပြုပြီး လင်ယွဲ့ကိုလည်း ပြောပေးပါ... ငါ ပြန်လည်ရှင်သန်ခြင်းချောက်ကမ်းပါးကို ကိုယ်တိုင်လာပြီး အပြစ်ဒဏ်ခံယူပါ့မယ်..."

လင်ဟွား သူ့နားကိုပင် သံသယဝင်သွားမိသည်။

ဘာ...

မင်းက အပြစ်ပေးမှာကို နာနာခံခံနဲ့ စောင့်နေဦးမယ်ပေါ့လေ...

လင်ဟွား တစ်ဖက်သို့လှည့်လိုက်သည့်အခါ လင်တန့်နှင့် အကြည့်ချင်းဆုံသွား၍ သူ၏ အံ့အားသင့်မှုကလည်း တစ်ဖက်လူ၏မျက်နှာတွင် ရောင်ပြန်ဟပ်သွားသည်။

" လျိုရှန့် မင်းတကယ်ပြောနေတာလား... ဒါ ဟာသမဟုတ်ဘူးနော်... စီနီယာအစ်ကိုကြီးလိုလူတောင် စစ်ဖန့်သွေးရေကန်ထဲ ရောက်ပြီးရင် ဒုက္ခတော်တော်ရောက်နိုင်တာ..."

အောင်းယွဲ့ကို ပြစ်ဒဏ်ချမှတ်သည့်နေ့တွင် ရာသီဥတုပင် ပြောင်းလဲသွားခဲ့သည်။

ပတ်ပတ်လည်မှ တောင်ထွတ်များတွင် နာကျင်မှုကြောင့် ဝမ်းနည်းပက်လက်အော်ဟစ်ငိုကြွေးသံများ ပဲ့တင်ထပ်နေသည်။ ကြောက်တတ်လွန်းသည့် တပည့်များမှာမူ သူတို့အခန်းထဲမှပင် အပြင်သို့ ခြေမချရဲကြပေ။

" ငါ့စိတ်ကိုပြင်ဆင်ထားပြီးပြီ မင်းငါ့ကို မဖျောင်းဖျပါနဲ့တော့..."

အသံကူးပြောင်းမှုကိရိယာ၏ ဘေးမှ အလင်းရောင်က မှိန်သွားသည်။ တစ်ဖက်လူက စိတ်ရှုပ်ထွေးသွားပုံပေါ်သည်။

ရှန်းလျိုရှန့်က ကိရိယာကို စားပွဲပေါ် တင်ထားလိုက်ပြီး အခန်းထဲတွင် သူဝတ်နိုင်မည့် အဝတ်အစားမျိုး ရှာဖွေလိုက်သည်။ ယခုဝတ်ဆင်ထားသည့် အနက်ရောင်ဝတ်ရုံက ဆယ်ကျော်သက်အရွယ်ကောင်လေးဆိုဒ်ဖြစ်၍ သူ့အတွက် အနည်းငယ်တိုနေသည်။

သူ အချိန်အတန်ကြာသည်အထိ ရှာဖွေနေခဲ့သည်။ သူ မြင်သမျှ အဝတ်အစားတိုင်းက အဖြူရောင်သာဖြစ်သည်။ အလုံးစုံဖြူဖွေးနေသည့် ဗီရိုကိုကြည့်နေစဉ်တွင် ရှန်းလျိုရှန့်က ကြယ်များကို မြင်လာရသည်ဟု ခံစားလိုက်ရသည်။

ရွေးချယ်စရာမရှိတော့၍ ရှန်းလျိုရှန့်က ကြုံရာဝတ်ရုံတစ်ထည်ယူလိုက်သည်။

ပြန်လည်ရှင်သန်ခြင်းချောက်ကမ်းပါးက အလွန်ဝေးလံခေါင်ဖျားသည့်နေရာတွင် တည်ရှိပေသည်။ ထိုနေရာတွင် ဓားပျံများစီးခြင်းကို တားမြစ်ထား၍ တပည့်များအားလုံးစုဝေးရန် အချိန်အနည်းငယ် ယူလိုက်ရသည်။

လင်ကျင်းယဲ့၏ခါး၌ချိတ်ထားသော ဘူးသီးခြောက်လေးက အရောင်ဖျော့ဖျော့တောက်ပနေသည်။

ကျိုးရွှမ်လန်က သူ့ဘေးမှ လျှောက်လာသည်။ သူတို့နှစ်ယောက်က တပည့်များအကြားတွင် ထူးချွန်ကျောင်းသားဟု သတ်မှတ်နိုင်ပေသည်။ ရလဒ် အနေဖြင့် သူတို့က နာမည်ကြီးဖြစ်လာပြီး သူတို့၏ လှုပ်ရှားမှုတိုင်းက လူအာရုံစိုက်စရာဖြစ်လာသည်။

သို့ရာတွင် ယနေ့တွင်မူ ကျိုးရွှမ်လန်ကို လူအများက အာရုံစိုက်နေရသည့်အကြောင်းရင်းမှာ သူက ရှန်းလျိုရှန့်၏တပည့် ဖြစ်နေသောကြောင့်ပင်။

လင်ကျင်းယဲ့ သူ့ဘေးနားမှလူကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်သည့်အခါ ကျိုးရွှမ်လန်က ပတ်ဝန်းကျင်မှအကြည့်များကို အာရုံမစိုက်သည်အား တွေ့လိုက်ရသည်။ ထိုအစား သူ့မျက်ခုံးများတွန့်ချိုးပြီး တစ်စုံတစ်ရာကို လေးလေးနက်နက်တွေးတောနေပုံရသည်။

" မင်း အင်မော်တယ်ရှန်းကို စိတ်ပူနေတာလား..."
လင်ကျင်းယဲ့က မေးလိုက်သည်။

ကျိုးရွှမ်လန် ထိတ်လန့်သွားပြီး ခေါင်းခါလိုက်သည်။

အင်မော်တယ်ရှန်းနှင့်သူက နာမည်ခံ ဆရာတပည့်သာ ဖြစ်သည်။

ချင်းလင်ဂိုဏ်းဝင်ခွင့်စာမေးပွဲတွင် လင်ကျင်းယဲ့၊ လင်မူရှန်နှင့်သူက ထိပ်ဆုံးသုံးယောက် ဖြစ်ခဲ့သည်။

ရလဒ်များအရဆိုလျှင် သူတို့သုံးယောက်ကို အင်မော်တယ်သုံးယောက်က တပည့်အဖြစ် လက်ခံရမည်ဖြစ်သည်။ ကျိုးရွှမ်လန်က ကံဆိုးစွာဖြင့် ရှန်းလျိုရှန့်လက်အောက် ရောက်သွားသည်။

ရှစ်စွမ်း သူ့ကို အာရုံစိုက်ခဲ့သည့် တစ်ခုတည်းသောအချိန်က သူ့ကို တပည့်အဖြစ် ပထမဆုံးလက်ခံချိန်ကဖြစ်သည်။

ရှန်းလျိုရှန့်က သူ့အတွက်ကျောက်စိမ်းပြားတစ်ခု ပေးခဲ့သည်။ ထိုနောက်ပိုင်းတွင် ကျိုးရွှမ်လန်က ရှန်းလျိုရှန့်ထံမှ အာရုံစိုက်မှု မရရှိခဲ့တော့ပေ။

မျက်စိတစ်မှိတ်အတွင်းတွင် နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။ ကျိုးရွှမ်လန်က ရှန်းလျိုရှန့်ကို ပင်မခန်းမဆောင်ထဲတွင် တစ်ကြိမ်သာ တွေ့ခဲ့ဖူးပေသည်။

ထို့နောက်ပိုင်းတွင် ရှန်းလျိုရှန့်၏အကြောင်းများကို ဖြတ်သွားဖြတ်လာလူများ၏ စကားဝိုင်းထဲတွင်သာ ကြားရတော့သည်။

ကျိုးရွှမ်လန်က သူ့ခါးတွင်ဆွဲထားသည့် ကျောက်စိမ်းပြားလေးကို ကြည့်လိုက်သည်။ သူ့ခြေလှမ်းများ ရုတ်ချည်း ရပ်တန့်သွားမိတော့သည်။

" ဘာဖြစ်လို့လဲ..."
လင်ကျင်းယဲ့က သူ့အပြုအမူကို သတိထားမိလိုက်သည်။

ကျိုးရွှမ်လန်က ထူးဆန်းသော အမူအရာဖြင့် ခေါင်းမော့လိုက်သည်။

ကြွယ်ချွန်းမြစ်ကမ်းပါးက ဝတ်ရုံဖြူဝတ်ထားတဲ့ လူထူးဆန်းက သူ့ရှစ်စွမ်းများလား...

ခဏအကြာတွင် သူ့ကိုယ်နေဟန်ထားကို ပြန်ပြင်လိုက်သည်။
" ဘာမှမဟုတ်ပါဘူး..."

သူ၏ရှစ်စွမ်းဟူသောလူအပေါ် သူ့စိတ်ထဲတွင် ထင်မြင်ချက်ကောင်းတစ်ခုမှ ရှိမနေပေ။

ဘယ်သူက သူ့ကို ဂရုစိုက်မှာလဲ...

မမျှော်လင့်ထားသည်မှာ ထိုသို့တွေးနေသည့် အခိုက်အတန့်မှာပင် ကျိုးရွှမ်လန်၏ခါးမှ ကျောက်စိမ်းပြားက အရောင်လက်သွားပြီး အစိမ်းရောင်အလင်းတန်းက သူ့ဘေးပတ်ပတ်လည်တွင် အစီအရင်တစ်ခု ဖန်တီးလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျိုးရွှမ်လန် ပျောက်ကွယ်သွားခဲ့သည်။

လင်ကျင်းယဲ့က လက်တစ်ဖက်ဆန့်ထုတ်လိုက်သော်လည်း မည်သည့်အရာကိုမှ ဖမ်းမမိလိုက်ပေ။

သူ အကြိမ်အနည်းငယ်ခန့် မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး သူ့ခါးမှ ကျောက်စိမ်းပြားကိုငုံ့ကြည့်ကာ သဘောပေါက်သွားသည်။

သူ့ကို သူ့ဆရာက ဆင့်ခေါ်သလိုမျိုး ကျိုးရွှမ်လန်ကိုလည်း သူ့ရှစ်စွမ်းက ဆင့်ခေါ်လိုက်တာပဲ...

ခဏအကြာတွင် လင်ကျင်းယဲ့၏မျက်လုံးများ ပြူးကျယ်သွားသည်။

အင်မော်တယ်ရှန်းက တစ်ခုခုတော့ ကြံနေပြီထင်တယ်... သူ ဘာလို့ ရွှမ်လန်ကို ဆင့်ခေါ်လိုက်တာလဲ ဓားစာခံအဖြစ် သုံးမလို့များလား...

လင်ကျင်းယဲ့က သူ့ကျောက်စိမ်းပြားကိုကိုင်၍ မန္တန်တစ်ခု ရွတ်ဆိုလိုက်ပေသည်။

" ရှစ်စွမ်းရေ ကယ်ပါဦး..."

***

အခန်းထဲမှ ဝိညာဉ်စွမ်းအင်က ယိမ်းယိုင်နေပြီး အစိမ်းရောင်အလင်းက ပျောက်ကွယ်သွားသည်။

ရှန်းလျိုရှန့်က ခုံပေါ်တွင် လက်ထောက်ထားလျက် တင်ပျဉ်ခွေထိုင်နေသည်။ ရုတ်ချည်းပေါ်လာသည့် လူငယ်လေးကိုကြည့်ပြီး သူ့မျက်လုံးများ အရောင်တောက်သွားသည်။

အလုပ်ဖြစ်သားပဲ...