Chapter 3
သူ့မှတ်ဉာဏ်ထဲမှ နည်းလမ်းများကိုသုံး၍ ရှန်းလျိုရှန့်က သူ့စွမ်းအားကို ကျောက်စိမ်းပေါ် ထုတ်လွှတ်လိုက်သည့်အခါ မမျှော်လင့်ထားဘဲ ကျိုးရွှမ်လန်ကို ဆင့်ခေါ်နိုင်ခဲ့သည်။
" မင်္ဂလာပါ..."
ရှန်းလျိုရှန့်က နူးညံ့ညင်သောအပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။
သူက အပြစ်ဒဏ်ခံယူရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။ အကယ်၍ ပြန်လည်ရှင်သန်ခြင်းချောက်ကမ်းပါးသို့သွားရန် ဆုံးဖြတ်ထားပါက ပြင်ဆင်မှုအချို့ ပြုလုပ်ရန်လိုအပ်သေးသည်။
ထိုအတွေးကြောင့် သူ့ကို ယခုချိန်တွင် ကူညီနိုင်မည်မှာ ဤလူတစ်ယောက်တည်းသာရှိသည်ဟု သဘောပေါက်သွားသည်။
" ရှစ် - ရှစ်စွမ်း..."
ကျိုးရွှမ်လန်က အကြောင်းပြချက်မရှိ ဆင့်ခေါ်ခံလိုက်ရခြင်းဖြစ်သည်။ သူ့ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် ခုံပေါ်မှီနေသူဘက်သို့ သူ့အကြည့်ရောက်သွားသည်။ ကျိုးရွှမ်လန်၏ မျက်နှာထက်တွင် စိတ်မသက်မသာဖြစ်သွားသည့် အမူအရာအချို့ ပေါ်လာပေသည်။
ရှန်းလျိုရှန့်ဖြစ်ကြောင်း ကိုးရို့ကားယားဖြင့် အသိအမှတ်ပြုပြီးသည့်အခါ ကျိုးရွှမ်လန်က မေးလိုက်သည်။
" ဒီတပည့်ကို ဘာလို့ဆင့်ခေါ်ရလဲဆိုတာ မေးကြည့်လို့များ ရမလား..."
ရှန်းလျိုရှန့်က လက်ချောင်းသွယ်သွယ်များကို ဆန့်ထုတ်ပြီး သူ့မျက်နှာသူ ထိလိုက်သည်။
" အသွင်ပြောင်းမန္တန်ကို ဘယ်လို ပြန်ဖျက်ရလဲသိလား..."
မှတ်ဉာဏ်အချို့ကို ပြန်လည်တူးဆွပြီးသည့်နောက်တွင် သူ့မျက်နှာကို အဖြူရောင်ပေါင်ဒါမှုန့်များဖြင့် ဖုံးထားခြင်းမဟုတ်ကြောင်း ရှန်းလျိုရှန့်သိလိုက်သည်။ သူ၏လက်ရှိအသွင်က ရေဖြင့်ဆေးကြောမရသော အသွင်ပြောင်းမန္တန်ကြောင့်ဖြစ်သည်။
" ဒါက အဆင့်နိမ့်မန္တန်လေးဆိုတော့ ဒီတပည့် ဖျက်ပေးနိုင်ပါတယ်..."
ကျိုးရွှမ်လန်က သင်္ကာမကင်းဖြစ်နေသည့်မျက်နှာဖြင့် ပြန်ဖြေလိုက်သည်။
ဒါက အခြေခံမန္တန်လေးလေ ရှစ်စွမ်းက မသိစရာအကြောင်းမှ မရှိတာ...
" လာ လာ အရင်ဆုံးရှစ်စွမ်းကို အဲ့မန္တန်လေး ဖျက်ပေးပါဦး..."
သရဲနှင့်တူသော မျက်နှာကြီးကို ရှန်းလျိုရှန့် သည်းမခံနိုင်တော့ပေ။ ရှန်းလျိုရှန့်က များများစားစား တွေးတောမနေတော့ဘဲ ကျိုးရွှမ်လန်ကို ရှေ့တိုးလာခိုင်းလိုက်သည်။
ဝတ္ထုထဲတွင်မူ ရှန်းလျိုရှန့်၏ မူရင်းသွင်ပြင်ကို စာတစ်ကြောင်းဖြင့်သာ ဖော်ပြခဲ့သည်။
ရှန်းလျိုရှန့် အနည်းငယ်သိချင်စိတ်ဖြစ်လာမိသည်။
အသွင်ပြောင်းအစီအရင်ရဲ့ သက်ရောက်မှုမပါရင် သူ့မျက်နှာက ဘယ်လိုပုံစံဖြစ်နေမလဲ မသိဘူး..
" ကျေးဇူးပြုပြီး ဒီတပည့်ရဲ့ ရိုင်းပြမှုအတွက် ခွင့်လွှတ်ပေးပါ..."
ကျိုးရွှမ်လန်က လက်အစီအရင်တစ်ခု ပြုလုပ်နေလျက် ပြောလိုက်သည်။ နောက်အခိုက်အတန့်တွင် သူ့လက်ညှိုးက ရှန်းလျိုရှန့်၏နှဖူးပေါ် ရောက်လာသည်။
လက်ညှိုးဖြင့် နှဖူးကို အသာထိလိုက်သည်။
အသွင်ပြောင်းမန္တန်ကို ဖယ်ရှားလိုက်ပြီးနောက် ကျယ်ဝန်းလှသော အခန်းက ထူးဆန်းစွာဖြင့် တိတ်ဆိတ်သွားပေသည်။
ကျိုးရွှမ်လန်၏ လက်ချောင်းများ အေးခဲတောင့်တင်းသွားပြီး ရှန်းလျိုရှန့်၏နှဖူးကို ထိထားဆဲဖြစ်သည်။သူ့အကြည့်များက သူနှင့် လက်မအနည်းငယ်သာကွာဝေးသည့် မျက်နှာပေါ် ရောက်နေသည်။
ကျိုးရွှမ်လန် မှင်သက်ငေးငိုင်ပြီး ရပ်နေမိသည်။
မန္တန်မှ အလင်းတန်းများဖြာထွက်ကာ မျက်စိစူးသွားမည်စိုး၍ ရှန်းလျိုရှန့်က ကျိုးရွှမ်လန် သူ့နှဖူးကိုမထိမီ မျက်လုံးပိတ်ထားလိုက်ခြင်း ဖြစ်သည်။ သူ အချိန်အတန်ကြာသည်အထိ စောင့်နေသော်လည်း သူ့တပည့်ထံမှ မည်သည့်တုံ့ပြန်မှုမှ မရလာပေ။
ရှန်းလျိုရှန့်၏ မျက်တောင်ရှည်များ အနည်းငယ်တုန်ယင်လာပြီး နှုတ်ခမ်းပါးလေးကို ဟလိုက်သည်။
" ပြီးသွားပြီလား မျက်လုံးဖွင့်ကြည့်လိုက်မယ်နော်..."
အပြင်ဘက်မှ လေက ပိုမိုပြင်းထန်လာသည်။ ဖွင့်ထားသည့် ပြတင်းပေါက်မှ လေများဝင်လာပြီး စားပွဲပေါ်မှစာရွက်များကို တိုက်ခတ်သွား၍ တရှပ်ရှပ်ဆူညံသံများ ထွက်လာသည်။
ဝတ်ရုံနက်ဝတ်လူငယ်လေးက မှင်သက်နေရာမှ အသိစိတ်ပြန်ဝင်လာပြီး လက်ပြန်ရုတ်လိုက်သည်။
" ပြီးသွားပါပြီ မျက်လုံးဖွင့်ကြည့်လို့ရပါပြီ ရှစ်စွမ်း..."
ချင်းလင်ဂိုဏ်းမှ အင်မော်တယ်ရှန်းက ပြိုင်ဘက်ကင်းအလှလေးဟူသည့် ကောလဟာလမျိုး ကြားဖူးပေသည်။
ထိုကောလဟာက မုသားတစ်စွန်းတစ်စမှ မပါဝင်သည့်ပုံပင်။
ရှန်းလျိုရှန့်က ဘယ်ဘက်မျက်လုံးကို ဦးစွာဖွင့်လိုက်ပြီး ကျိုးရွှမ်လန်၏တုံ့ပြန်မှုကို ကြည့်လိုက်သည်။
ထူးဆန်းသည့် အမူအရာကို မြင်လိုက်ရသည့်အခါ ရှန်းလျိုရှန့်၏ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။ သူ ချက်ချင်းပင် ညာမျက်လုံးကိုဖွင့်လိုက်သည်။
" ငါ့ကို ကြေးမုံတစ်ချပ်ယူလာခဲ့ပေးပါ..."
ဒီကလေး အဲ့လောက်အထိ ကြောက်သွားရအောင် သူ ဘယ်လောက်များ ရုပ်ဆိုးနေတာလဲ...
သူ့မျက်နှာက ဖြတ်လျှောက်တစ်ယောက်လောက်တောင် မသားနားဘူးထင်တယ်...
ရှန်းလျိုရှန့် ဝမ်းနည်းသွားမိသည်။
ငါ အရင်တုန်းကတော့ ဖျော်ဖြေရေးနယ်ပယ်ထဲ နေခဲ့ပြီး မျက်နှာလေးကို အားကိုးပြီးပိုက်ဆံရှာခဲ့တာ... အခုတော့ ဒီအခြေအနေထိတောင် ရောက်သွားရပြီပေါ့...
ကျိုးရွှမ်လန်က အခန်းပတ်ပတ်လည်ကို ကြည့်လိုက်သည့်အခါ မှန်တစ်ချပ်ကိုတွေ့၍ ရှန်းလျိုရှန့်ထံ ပေးလိုက်သည်။
မှန်ထဲတွင် ရောင်ပြန်ဟပ်နေသည့်ပုံရိပ်က အလွန်ချောမောသည့် ရုပ်ရည်သွင်ပြင်မျိုး ရှိပေသည်။ သူ့မျက်ခုံးမျက်လုံးများကလည်း ပန်းချီကားချပ်ထဲမှ ထွက်လာသည်နှင့် တူပေသည်။
အသားအရည်ကလည်း သွေးဆုတ်ဖြူဖျော့နေခြင်းမျိုး မဟုတ်တော့ဘဲ ကြည်လင်ဖွေးအုနေသည့်ပုံမျိုးဖြစ်ကာ အဖြူရောင်ဝိညာဉ်စွမ်းအင်လေးနှင့် တူနေသည်။
အနီးကပ်ကြည့်လိုက်သည့်အခါ ညာဘက်မျက်လုံးထောင့်တွင် မှဲ့တစ်လုံးရှိနေသည်။ သူ၏ နှုတ်ခမ်းပါးလေးက ပြုံးလိုက်ချိန်တိုင်း မျက်တောင်များက ကော့ညွတ်နေသည်။ ၎င်းက အလွန်ဆွဲဆောင်မှု ရှိလှပေသည်။
ရှန်းလျိုရှန့်က သူ၏ မူရင်းမျက်နှာနှင့် ဆင်တူလွန်းနေသည့် မျက်နှာကိုကြည့်ပြီး ရုတ်တရက် စိတ်ဝင်စားမှု လျော့နည်းသွားသည်။
အနည်းဆုံးတော့ မျက်စိပသာဒ ဖြစ်နေပါသေးတယ်လေ...
သူအခုလုပ်ဖို့က အကာအကွယ်ပစ္စည်းတစ်မျိုး ရှာဖို့ပဲ...
စစ်ဖန့်သွေးရေကန်က ဤနယ်မြေတစ်ဝိုက်တွင် နာမည်ကြီးဖြစ်သည်။ အတွင်းသို့ဝင်ရောက်သွားသူတိုင်းက ဝိညာဉ်စွမ်းအားများစွာ လျော့နည်းသွားနိုင်သည်။ ထို့အပြင် ကြမ်းတမ်းလှသည့်မိုးကြိုး၊ ထောင်ချီသောဓားသွားများ၏ ဖြတ်တောက်မှုမှ ဖြတ်ပေါ်လာသည့် နာကျင်မှု၊ မီးပင်လယ်တွင် မီးမြှိုက်ခံရခြင်းနှင် အရိုးနှင့် အသားများ အရည်ပျော်မတတ်ဖြစ်မည့် နာကျင်မှုများကိုပါ တွေ့ကြုံခံစားရမည်ဖြစ်သည်။
ထိုအကြောင်းတွေးရုံဖြင့် ရှန်းလျိုရှန့်၏ ဦးရေပြားများ ကျိန်းစပ်စပ်ဖြစ်လာသည်။
သူ နည်းလမ်းတစ်ခုခုရှာမှဖြစ်မယ်...
ချင်းလင်ဂိုဏ်းတွင် ဝိညာဉ်ကာကွယ်ဝတ်ရုံဟုခေါ်သည့် ထိပ်တန်းအဆင့်ရတနာရှိကြောင်း ဝတ္ထုထဲတွင် ဖော်ပြထားသည်ကို သူ ပြန်အမှတ်ရသွားသည်။ ၎င်းက ကျင့်ကြံရေးလောက၏ တစ်ခုတည်းသော ထိပ်တန်းအဆင့် အကာအကွယ်ပစ္စည်းဖြစ်သော်လည်း မည်သည့်နေရာတွင် ရှိသည်ဖြစ်ကြောင်းကို မရှင်းလင်းလှပေ။
ဤလောကတွင် ရှေးဟောင်းကိရိယာများ မည်သည့်နေရာတွင် ဝှက်ထားကြောင်း သိသူနှစ်ယောက်သာရှိသည်။ ပထမတစ်ယောက်က အရာအားလုံးကိုသိသော ဂိုဏ်းချုပ်လင်ယဲ့ဖြစ်သည်။ အခြားတစ်ယောက်က ၎င်း၏တည်နေရာကို မတော်တဆရှာတွေ့မိသွားသော ကျိုးရွှမ်လန်ဖြစ်သည်။
ရှန်းလျိုရှန့် သူ့ကို ဤနေရာဆင့်ခေါ်လိုက်ရသည့် အဓိကရည်ရွယ်ချက်မှာ ထိုအကြောင်းကြောင့်ဖြစ်သည်။ ယခုချိန်တွင် အခက်အခဲဖြစ်နေသည့်မေးခွန်းမှာ ကျိုးရွှမ်လန် ထိုနေရာကိုပြောပြရန် မည်သို့လုပ်ရမည်ကိုပင်။
သူသာ ကျိုးရွှမ်လန်ရဲ့ နေရာမှာဆိုရင် ကျိန်းသေပေါက်ကို ရေငုံနှုတ်ပိတ်နေမှာ...
ထိုသို့သော ရှေးဟောင်းကိရိယာမျိုး၏ သတင်းအချက်အလက်က တပည့်တစ်ယောက် သိသင့်သည့်အရာမျိုး မဟုတ်ပေ။
ထိုလူငယ်လေး၏ အေးစက်သည့် အမူအရာမျိုးနှင့်သာနေသော်လည်း ကြွယ်ချွန်းမြစ်မှ မထွက်ခွာမီ သူ့ကို နွေးထွေးသည့် ဝတ်ရုံတစ်ထည်ပေးခဲ့ကြောင်း ရှန်းလျိုရှန့်က ပြန်တွေးမိသွားသည်။
သို့ဖြစ်၍ သူ့မျက်လုံးများ အရောင်တောက်လာသည်။
ရှန်းလျိုရှန့် မတ်တပ်ထရပ်လိုက်ပြီး လက်ဖက်ရည်စားပွဲငယ်လေးရှိရာသို့ လျှောက်သွားကာ အေးစက်နေသည့် လက်ဖက်ရည်တစ်ခွက်ကို သောက်လိုက်သည်။
" မင်းမြင်တဲ့အတိုင်းပဲ ရှစ်စွမ်း ကျင့်ကြံနေတုန်း ဝိညာဉ်စွမ်းအားကို နေရာချတာလွဲသွားလို့ စိတ်ဝိညာဉ်ပင်လယ် ပျက်စီးသွားလို့ တချို့ မန္တန်တွေ မမှတ်မိတော့ဘူး ဖြစ်သွားတယ်..."
ထိုအကြောင်း ပြောပြီးသည်နှင့် ရှန်းလျိုရှန့်က မျက်နှာကိုအုပ်ထားပြီး ချောင်းတစ်ချက်ဆိုးလိုက်သည်။
ကျိုးရွှမ်လန်က ရှန်းလျိုရှန့်၏စကားများကို ယုံကြည်သင့် မယုံကြည်သင့် စိတ်ထဲတွင်လွန်ဆွဲနေသည်။
အချို့သောကျင့်ကြံသူများက ကျင့်ကြံနေစဉ် စိတ်မတည်မငြိမ်ဖြစ်ခြင်းနှင့် အခြားသော အကြောင်းအရင်းများစွာကြောင့် အသိစိတ်ပြန့်ပြီး မကောင်းဆိုးဝါးစိတ် ဝင်သွားတတ်ပေသည်။
ထိုသို့ဖြစ်လာခဲ့ပါက ကျင့်ကြံသူများက အနေအထားတစ်ခုအထိ ဒဏ်ရာရသွားတတ်ကြသည်။ အချို့က ကျင့်ကြံဆင့် အနည်းငယ်ပျက်စီးသွားရုံဖြင့် ပြီးသွားတတ်သော်လည်း အချို့ကမူ အသက်ဆုံးရှုံးကြသည်အထိ ဖြစ်တတ်ပေသည်။
သို့ရာတွင် ရှန်းလျိုရှန့်က အခြားသူများနှင့် ကွဲပြားပေသည်။ သူ၏ ကျင့်ကြံဆင့်က မြင့်မားလွန်းပြီး အခြေခံက နက်ရှိုင်းကာ ဝိညာဉ်အခြေတည်အဆင့်သို့ ခြေချခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထိုသို့အမှားမျိုးလုပ်စရာအကြောင်း မရှိပေ။
သံသယတောထဲ နစ်ဝင်နေစဉ်တွင် ကျိုးရွှမ်လန်က သက်ပြင်းချသံတစ်သံ ရုတ်ချည်းကြားလိုက်သည်။
" မင်းကို ဒီနေ့ဆင့်ခေါ်လိုက်ရတဲ့အကြောင်းက ငါမသွားခင် တချို့ကိစ္စတွေ ရှင်းသွားချင်လို့ပါ..."
ဘာကြီး...
ကျိုးရွှမ်လန် ဆတ်ခနဲခေါင်းမော့လိုက်ချိန်တွင် ရှန်းလျိုရှန့်က ပြတင်းပေါက်နားသို့ လျှောက်သွားသည်အား မြင်လိုက်ရသည်။ ရှန်းလျိုရှန့်၏ ဝတ်ရုံက လေထဲတွင်လွင့်နေပြီး သူ၏ဆံပင်ကလည်း လျော့တိလျော့ရဲဖြင့် လေထဲတွင် ကခုန်နေသည်။
သူ ခေါင်းစောင်းပြီး တစ်ဖက်သို့လှည့်၍ ကျိုးရွှမ်လန်ကို ကြည့်လိုက်သည်။ သူ၏ လှပသေ မျက်ခုံးများက တွန့်ချိုးနေပြီး မျက်ဝန်းများထဲတွင် တည်ကြည်လေးနက်သည့် အရိပ်အယောင်များ မြင်လိုက်ရသည်။
" ဒီနှစ်တွေထဲ ငါ 'အချစ်' မှာ နစ်မွန်းပြီး အမှားတွေအများကြီး ကျူးလွန်ခဲ့မိတယ်... ငါ မင်းအပေါ်မှာ အပြစ်မကင်းသလို အခံစားရဆုံးပဲ ..."
ကျိုးရွှမ်လန် အံ့အားသင့်သွားသည်။
ရှစ်စွမ်း၏ အမူအရာတွင် အတုအယောင် အနည်းငယ်မှ မပါဝင်နေပေ။
ကျိုးရွှမ်လန်၏ စိတ်အခြေအနေက ရုတ်ချည်းရှုပ်ထွေးသွားသည်။ သူ ရှန်းလျိုရှန့်၏လက်အောက်သို့ တပည့်အဖြစ် ရောက်လာစဉ်က ကလေးအရွယ်ဖြစ်သည်။
ထိုအချိန်က သူ့ကို ရှန်းလျိုရှန့် မည်သို့ မျက်နှာသာပေးမည့်အကြောင်း စိတ်ကူးယဉ်ခဲ့ကာ ပျော်ရွှင်ခဲ့မိသော်လည်း သူ၏ချိုမြိန်သောအိမ်မက်များက အပိုင်းပိုင်းအစစ ကွဲကြေခဲ့ရသည်။
ရှန်းလျိုရှန့်က သူ့ကို နှစ်ပေါင်းများစွာ ဂရုမစိုက်ခဲ့ပေ။ 'ရှစ်စွမ်း' ဟူသောစကားကို ကျိုးရွှမ်လန် မည်သည့်အချိန်က နောက်ဆုံးပြောခဲ့ရသည်ကိုပင် မမှတ်မိတော့ပေ။
ရှန်းလျိုရှန့်က ဘာလို့အခုမှ ဒီစကားတွေ ပြောလာတာလဲ...
" ရှစ်စွမ်း အပြစ်မကင်းဖြစ်စရာ မလိုပါဘူး... ဒီတပည့်က ရှစ်စွမ်းအပေါ် ဘာအငြှိုးအတေးမှ မထားပါဘူး..."
ကျိုးရွှမ်လန်က သူ့နှလုံးသားထဲတွင် စူးအောင့်လာသည်ကို ဖိနှိပ်ထားလျက် ပြောလိုက်သည်။
" ရှစ်စွမ်းမှာ ကောင်းကင်ဘုံက ကောင်းချီးပေးထားသလိုမျိုး ကံကြမ္မာကောင်း ရှိနေတာပဲ... သေဖို့အတွက် စီစဉ်နေစရာ မလိုပါဘူး..."
ရှန်းလျိုရှန့် ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် သူ့လက်များကို ပြတင်းပေါက်ဘောင်ပေါ် တင်ထားလိုက်သည်။
" လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က နတ်ဆိုးမျိုးနွယ်ကြောင့် ဒဏ်ရာရခဲ့ပြီး သေလုမျောပါးဖြစ်သွားခဲ့တာကို မင်း သိမှာပါ...ယဲ့ပင်းရန်က ငါ့ကိုကယ်ခဲ့ပေမယ့် ဒဏ်ရာတွေက အခုထိ လုံးဝမပျောက်သေးဘူး..."
" အခု ကျင့်ကြံနေရင်း အမှားလုပ်မိလို့ ဒဏ်ရာကို ပိုဆိုးအောင် လုပိမိသလိုဖြစ်သွားတယ်... ဒီခန္ဓာကိုယ်က အခုတောင် မနည်းတောင့်ခံထားရတာပါ..."
ကျိုးရွှမ်လန် မယုံနိုင်သေးပေ။
ရှန်းလျိုရှန့်၏ နှုတ်ခမ်းများက နီရဲနေပြီး သွားများက ဖြူဖွေးက အသားအရည်ကလည်း ကျန်းမာရေးကောင်းပုံပေါ်နေသည်။
သူ၏ ' ဒီခန္ဓာကိုယ်က မနည်းတောင့်ခံထားရတာ ' ဟူသည့်စကားများကို ကျိုးရွှမ်လန် မယုံကြည်မိပေ။
" ရှစ်စွမ်း ကျွန်တော့်ကို နောက်နေတာထင်တယ်..."
ရှန်းလျိုရှန့်၏ နှုတ်ခမ်းက ရှုံ့မဲ့သွားပြီး ခန္ဓာကိုယ်အနေအထားပါ ဟန်ချက်ပျက်မတတ် ဖြစ်သွားသည်။
ခွေးကောင်လေး...
ကျိုးရွှမ်လန်က သူ သရုပ်ဆောင်နေတာကို သံသယဝင်နေတာပဲ...
ရှန်းလျိုရှန့် ခါးမတ်မတ်ထိုင်လိုက်ပြီးနောက် သူ၏ချောမောသောမျက်နှာထက်တွင် ဒေါသအရိပ်အယောင်အချို့ ပေါ်လာသည်။
" မင်းရဲ့ရှစ်စွမ်းက လိမ်နေတယ်လို့ ထင်နေတာများလား..."
ထိုစကားများပြောပြီးသည်နှင့် ရှန်းလျိုရှန့်က သူ့ကိုယ်မှ ဝိညာဉ်စွမ်းအင်များကို အသက်သွင်းလိုက်သည်။ သူ၏ မျက်နှာအသားအရည်က ချက်ချင်း ဖြူဖတ်ဖြူရော် ဖြစ်သွားပေသည်။
သူ သွေးတချို့အန်ထွက်သွားသည်။ အနီရင့်ရောင်သွေးစက်များက သူ့နှုတ်ခမ်းထောင့်မှ စီးကျလာကာ ဖြူဝင်းနေသည့် အသားအရည်ပေါ် ထင်ကျန်ခဲ့သည်။
ဖြူဝင်းနေသည့် အသားအရည်နှင့် ဆန့်ကျင်နေသည့် အနီရင့်ရင့်သွေးစက်များက အလွန်သိသာထင်ရှားလှပေသည်။
ကျိုးရွှမ်လန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
" ရှစ်စွမ်း..."
ရှန်းလျိုရှန့်က သူ့နှုတ်ခမ်းထောင့်မှသွေးစများကို လက်ချောင်းထိပ်ဖြင့်သုတ်လိုက်ပြီး အသက်ဖြည်းဖြည်းရှုနေကာ အသက်အက်အက်ဖြင့် ပြောလိုက်သည်။
" ငါမင်းကို အကြံဉာဏ်တစ်ခုတော့ ပေးခဲ့မယ်... ပုံပန်းသွင်ပြင်တွေကြောင့် လှည့်စားမခံပါနဲ့... အတွင်းက အနှစ်သာရကိုပဲကြည့်ပါ..."
ရှန်းလျိုရှန့် ချောင်းတစ်ချက်ဆိုးလိုက်ပြီးနောက် တဖြည်းဖြည်းရှင်းပြနေသည်။
" မရေမတွက်နိုင်တဲ့ အပြင်လူတွေက ချင်းလင်ဂိုဏ်းကို မျက်စိဒေါက်ထောက်ကြည့်နေကြတာ... တကယ်လို့ ငါ သေလုမျောပါးအခြေအနေဖြစ်နေတာကိုသာ သိသွားရင် ဂိုဏ်းချုပ်ကလည်း အခုချိန် ဒီမှာမရှိတာကို အခွင့်ကောင်းယူပြီး ကျိန်းသေပေါက် လာတိုက်ကြမှာ... သူတို့တွေကို တချို့တပည့်တွေကလည်း တားနိုင်မှာမဟုတ်ဘူး အဲ့တော့ သေချာပေါက်ကို ငါ့ရဲ့အားနည်းချက်ကို ပြလို့မဖြစ်ဘူး..."
ကျိုးရွှမ်လန် အံ့အားသင့်သွားမိသည်။
ရှန်းလျိုရှန့်က ဂိုဏ်းအတွက်ကြောင့် သူ့ခန္ဓာကိုယ်ထဲက ကမောက်ကမဖြစ်နေတဲ့ ဝိညာဉ်စွမ်းအားတွေကို ဖိနှိပ်ထားတာလား...
သူ့လေသံက ပိုမိုပေါ့ပါးလာသည်။
" ရှစ်စွမ်း စိတ်မလျှော့လိုက်ပါနဲ့၊ အခုလောလောဆယ် ဝိညာဉ်စွမ်းအား မသုံးနိုင်ဘူးဆိုပေမယ့် ရှစ်စွမ်း အသက်အန္တရာယ်တော့ မရှိပါဘူး... ဂိုဏ်းချုပ်ပြန်ရောက်လာတာနဲ့ နည်းလမ်းတစ်ခုခု ရှာနိုင်မှာပါ..."
ရှန်းလျိုရှန့်၏မျက်လုံးများ အနည်းငယ်တောက်ပသွားသည်။
" ငါ ဂိုဏ်းချုပ်ပြန်ရောက်လာတဲ့အချိန်ထိ မတောင့်ခံနိုင်တော့လောက်ဘူးထင်တယ်၊ ငါ့ကို နာရီဝက်အတွင်း ပြစ်ဒဏ်ချတော့မှာလေ... တကယ်လို့ ငါ့ရဲ့လက်ရှိအခြေအနေနဲ့ စစ်ဖန့်သွေးရေကန်မှာ ဒုက္ခခံရမယ်ဆိုရင်တော့ သေဖို့က ကျိန်းသေပဲ..."
ကျိုးရွှမ်လန် မျက်မှောင်ကြုတ်လိုက်သည်။
" ရှစ်စွမ်း ဒါဆိုရင် တရားစီရင်ရေးအကြီးအကဲကို အမှန်တိုင်းပြောပြလို့ ရတာပဲ..."
" သေချာပေါက်ကို မဖြစ်ဘူး..."
ကျိုးရွှမ်လန်၏ အကြံပြုချက်ကို ရှန်းလျိုရှန့် ချက်ချင်းငြင်းဆန်လိုက်သည်။ ထို့နောက် ကြော့ရှင်းစွာဖြင့် သူ့ဝတ်ရုံလက်ကို တစ်ချက်ခါလိုက်သည်။
" ဒီအင်မော်တယ်က တကယ်လို့ ဒီနေ့မှာ စစ်ဖန့်သွေးရေကန်ထဲ ခြေမချခဲ့ဘူးဆိုရင် ကောလဟာလတွေ ပျံ့နှံ့နေတာကို တားနိုင်တော့မှာ မဟုတ်ဘူး..."
" ကိုယ်ရေးကိုယ်တာခံစားချက်ကြောင့် ချင်းလင်ဂိုဏ်းက စည်းကမ်းတွေကို ဖောက်ဖျက်ပါတယ်ဆိုပြီး လူအများက ပြစ်တင်ကြပြီး စည်းကမ်းမရှိတဲ့ ဂိုဏ်းတစ်ခုလို့ ယူဆကုန်လိမ့်မယ်... ငါတို့ဂိုဏ်းက တပည့်တွေလည်း ကျေနပ်ကြမှာ မဟုတ်ဘူး... အခုချိန် စည်းကမ်းဖောက်လိုက်တာက အနာဂတ်မှာ ဘေးဖြစ်လာလိမ့်မယ်..."
ကျိုးရွှမ်လန်၏စိတ်ထဲ အနည်းငယ် ယိမ်းယိုင်သွားမိသည်။
ရှန်းလျိုရှန့်၏လုပ်ရပ်က ဂိုဏ်းကို သူ့စိတ်ထဲရှိကြောင်း ပြသနေသယောင်ဖြစ်သည်။ ချင်းလင်ဂိုဏ်း၏ဂုဏ်သိက္ခာကို အောက်ဆုံးထိကျအောင် ပြုလုပ်ခဲ့သော သူ့ရှစ်စွမ်းက ထိုသို့တွေးနေမည်ဟု သူ တစ်ကြိမ်တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။
ရှန်းလျိုရှန့်က ကျိုးရွှမ်လန်၏ အမူရာကို တစ်ချက်ကြည့်ပြီးနောက် အချိန်တန်ပြီဖြစ်ကြောင်း တွေးလိုက်မိသည်။
သူ ရွှေရောင်သိုလှောင်အိတ်တစ်အိတ်ကိုထုတ်ကာ တည်ကြည်လေးနက်စွာပြောလိုက်သည်။
" ရှစ်စွမ်း မင်းကို အတိတ်တုန်းက လျစ်လျူရှု့ခဲ့မိတယ်... အနာဂတ်မှာတော့... ဟင်းးး... အနာဂတ်က မရှိနိုင်တော့တာလည်း ဖြစ်နိုင်ပါတယ်..."
ရှန်းလျိုရှန့်က အနည်းငယ် ကလေးဆန်သည့်ပုံစံဖြစ်လာသော ကျိုးရွှမ်လန်၏အနားသို့ လျှောက်သွားလိုက်သည်။
ရှန်းလျိုရှန့်က သူ့လက်ကိုဆွဲပြီး သိုလှောင်အိတ်အပေါ် တင်ပေးလိုက်သည်။
" ဒီထဲမှာ ငါ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ပစ္စည်းတွေပါတယ်... မင်းဒါကို ဂရုတစိုက်နဲ့ သိမ်းထားပြီးတော့ ဂုဏ်ပြု ..."
ရှန်းလျိုရှန့် ချောင်းတစ်ချက်ဆိုးပြီးမှ ဆက်ပြောလိုက်သည်။
" ရှစ်စွမ်းပေးတဲ့ ဂုဏ်ပြုလက်ဆောင်လို့ သဘောထားလိုက်ပါ... အခုလာတော့မယ့် တပည့်တွေကြားက ပြိုင်ပွဲမှာ မင်း ပထမနေရာရမယ်ဆိုတာ သေချာတယ်... ငါ မကြည့်နိုင်တော့တာကတော့ နှမျောစရာပဲပေါ့..."
သူ ပြောလိုသည်များ ပြောပြီးသည့်နောက် သွေးစွန်းနေသည့် နှုတ်ခမ်းများဖြင့် ပြုံးပြလိုက်သည်။
သူ့ပုံစံက ကြောက်စရာကောင်းသည့် အလှတရားမျိုးကို ပိုင်ဆိုင်ထားသည်နှင့် တူနေသည်။ ဝမ်းနည်းဖွယ်ဖြစ်သော်လည်း ဆုံးဖြတ်ချက်ပြတ်သားမှုက ထင်ရှားနေသည်။
ကျိုးရွှမ်လန်မှာ သူ့လည်ပင်းတွင် တစ်စုံတစ်ရာ တစ်ဆို့သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ စကားတစ်ခွန်းမှ ပြောမထွက်နိုင်တော့ပေ။
ရှစ်စွမ်း၏ အေးစက်သော လက်ဖျားများဖြင့် သူ့ခေါင်းကို အသာတို့ထိလိုက်သည်ကိုသာ ခံစားလိုက်ရသည်။ ထိုအထိအတွ့က သူ့အရေပြားပေါ်ကို အေးစက်သည့်ပိုးထည်စဖြင့် ပွတ်တိုက်သွားသည်နှင့် တူပေသည်။
ထိုအေးစက်မှုအောက်မှ ရှစ်စွမ်း၏ နူးညံ့သောလက်ချောင်းများ အထိအတွေ့က သူ့ကို မှင်သက်ငေးငိုင်သွားစေသည်။
" တကယ်လို့ အခုဖြစ်လာတော့မယ့် ကပ်ဘေးကြီးကို ငါ မကျော်နိုင်တော့ဘူးဆိုရင်..."
ရှန်းလျိုရှန့်က ကျိုးရွှမ်လန်၏လက်ကိုလွှတ်ပေးလိုက်ပြီးနောက် သူ့ပခုံးပေါ်သို့ လက်တင်လိုက်သည်။ သူ ရှေ့သို့ အနည်းငယ်ကိုင်းညွတ်လာပြီး နက်မှောင်နေသည့် မျက်ဝန်းများထဲကို စူးစိုက်ကြည့်လိုက်သည်။
ခဏအကြာတွင် သူ အသံတိုးတိုးဖြင့် ရယ်လိုက်မိသည်။
" ကျင့်ကြံတယ်ဆိုတာ ပေါ့ပေါ့လျော့လျော့လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူးဆိုတာ စိတ်ထဲ အမြဲမှတ်ထားပါ... ပြီးတော့ ဘာပဲဖြစ်လာဖြစ်လာ ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်... နွေဦးကိုးပါးနေရာမှာ ငါ မင်းကို မြန်မြန်မတွေ့ချင်ဘူး..."
(နွေဦးကိုးပါး - လူများ သေဆုံးပြီးသောအခါ သွားရောက်ရသည့် ဘုံ )
ထိုစကားများ ပြောပြီးသည်နှင့် ရှန်းလျိုရှန့်က လက်ပြန်ရုတ်ပြီး စိတ်ပျက်လက်ပျက် အမူအရာဖြင့် သက်ပြင်းချလိုက်သည်။
" တကယ်လို့ စီနီယာအစ်ကိုကြီးသာ ဒီနေရာမှာရှိမယ်ဆို ဒီလောက်ခက်ခဲနေမှာ မဟုတ်ဘူး... ငါ သူ့ဆီကနေ ဝိညာဉ်ကာကွယ်ဝတ်ရုံ တောင်းလိုက်လို့ရတယ်... ထားပါတော့လေ ငါ့ကံက ဒီလောက်ထိပဲ ပါလာတာကိုး... ဝမ်းနည်းနေရင်လည်း ဘာမှမထူးပါဘူး..."
ကျိုးရွှမ်လန် သိုလှောင်အိတ်ကို ငုံ့ကြည့်လိုက်ပြီး သူ့လက်သီးများ တင်းတင်းဆုပ်ထားသည်။
ဝိညာဉ်ကာကွယ်ဝတ်ရုံတဲ့လား...
သူ ဒီစကားတွေကို လျစ်လျူရှု့လိုက်လို့ရတယ် ဒါပေမဲ့...
သေစမ်း...
အဲ့ဝတ်ရုံ ဘယ်နေရာမှာလဲဆိုတာ သူ အတိအကျကို သိနေတာလေ...
🌸💮🌸💮🌸💮
မူရင်းစာရေးသူက ဖတ်ရရှင်းအောင် နာမည်တွေ ထည့်ရေးပေးထားပါတယ် 💙
🌸ချင်းလင်ဂိုဏ်း "ရှစ်စွမ်းမျိုးဆက်"
ဒီအောက်က အကြီးအကဲတွေ၊ အင်မော်တယ်တွေ၊ ဆရာတွေပါ
💮ရှန်းလျိုရှန့်( အင်မော်တယ်ရှန်း ) - ကိုယ်တို့ရဲ့ MCလေး
💮လင်ယဲ့( အင်မော်တယ်ယဲ့/ ဂိုဏ်းချုပ်ယဲ့/ ရှန်းလျိုရှန့်နဲ့ လင်ဟွားတို့ရဲ့ စီနီယာအစ်ကို) - ချင်းလင်ဂိုဏ်းချုပ်
💮လင်ဟွား ( အင်မော်တယ်လင်ဟွား ) - ရှန်းလျိုဖုန်း အပြစ်ပေးမခံရအောင် ကာကွယ်ပေးတဲ့ ဝတ်ရုံပြာဝတ်ကျင့်ကြံသူပါ သူတို့နှစ်ယောက်က သူငယ်ချင်းတွေလည်း ဟုတ်ပါတယ်။
💮 လင်ယွဲ့ - တရားစီရင်ရေး အကြီးအကဲ
💮 လင်တန့် - လင်ဟွားနဲ့ ရှန်းလျိုရှန့်တို့ စကားပြောနေတုန်း တစ်ခါပဲပါလာရသေးတဲ့ အရံဇာတ်ကောင်
💮 စုပိုင်ချယ့် - မူရင်းဝတ္ထုမှ အဓိကဇာတ်လိုက် shou၊ စွမ်းအားမရှိပေမယ့် သူက တပည့်တွေထဲကလည်းမဟုတ်လို့ ဒီနားမှာ ထည့်ရေးလိုက်တာပါလို့ပြောထား၊
🌸ချင်းလင်ဂိုဏ်း " တပည့်မျိုးဆက်"
ကျိုးရွှမ်လန် - ကိုယ်တို့ရဲ့ MLလေးပါ
လင်ကျင်းယဲ့ - နောက်ထပ် သန်မာတဲ့တပည့်တစ်ယောက်ပါ၊ သင့်ရဲ့မျက်စိနှစ်ဖက်လုံးပိတ်ထားမယ်ဆိုရင်တော့ သူ့ကို ကျိုးရွှမ်လန်ရဲ့သူငယ်ချင်းလို့ သတ်မှတ်နိုင်ပါတယ်။
လင်မူရှန်း - သန်မာတဲ့တပည့် နောက်တစ်ယောက်၊ သင့်ရဲ့ မျက်စိနှစ်ဖက်လုံးပိတ်ထားမယ်ဆိုရင်တော့ သူ့ကို ကျိုးရွှမ်လန်ရဲ့သူငယ်ချင်းလို့ သတ်မှတ်နိုင်ပါတယ်။
__ ဂိုဏ်း
ယဲ့ပင်းရန် - __ဂိုဏ်းမှ ဓားကျင့်ကြံသူ၊ နှလုံးသားမဲ့လမ်းစဉ်နဲ့ ကျင့်ကြံပါတယ်၊ အရင်ရှန်းလျိုုရှန့်ကတော့ သူ့ကို အရူးအမူးချစ်ခဲ့တာပါ။
နတ်ဆိုးလောက
အောင်းယွဲ - စစ်ဖန့်သွေးရေကန်မှာ အပြစ်ပေးခံနေရတဲ့ စွမ်းအားကြီးနတ်ဆိုး
***