အခန်း၄
Viewers 23k

Chapter 4

Chapter 4


လင်ဟွားက လမ်းဆုံတွင် ရပ်နေမိသည်။


ဂိုဏ်းမှတပည့်အများစုက ပြန်လည်ရှင်သန်ခြင်းချောက်ကမ်းပါးတွင် စုဝေးနေပြီဖြစ်သော်လည်း ရှန်းလျိုရှန့်ကို မည်သည့်နေရာတွင်မှ  မတွေ့ရသေးပေ။


" အင်မော်တယ်က သူ့ရဲ့ဆုံးဖြတ်ချက်ကို နောင်တရသွားတာများလား..."


သူ့ဘေးတွင်ရပ်နေသော လင်တန့်က အသံတိုးတိုးဖြင့်ရယ်လျက် ပြောလိုက်သည်။


လင်ဟွားက သူ့နှဖူးပေါ် လက်တင်လိုက်သည်။ 


" ဖြစ်နိုင်တယ်... အဲ့ကောင် အမြဲတမ်းဒီလိုပဲ... သူ အဲ့လိုလုပ်လို့ လင်ယွဲ့ အသေဒေါသထွက်သွားမှာကို ငါစိုးရိမ်နေတာ..."


သူတို့နှစ်ယောက် စကားစမြည် ဆက်ပြောနေကြသည်။


မနီးမဝေးမှ လူငယ်လေးတစ်ယောက်က တဖြည်းဖြည်း လျှောက်လာပြီး တစ်ချိန်လုံး ဘေးဘယ်ညာကို ကြည့်နေ၏။ သူ၏ ဇာမဏီမျက်ဝန်းထဲတွင် စူးစမ်းလိုစိတ်များအပြည့် ဖြစ်သည်။


လင်ဟွားက သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် စိတ်ဝင်စားမှု လျော့ပါးသွားသည်။ 


ဆန့်ကျင်ဘက်ဖြစ်သည့် လင်တန့်မှာမူ သူ့ကို စိတ်ဝင်တစားဖြစ်သွားသည့်အသံ ထွက်လာသည်။


" အမ် သူ့ကိုကြည့်ရတာ နည်းနည်းရင်းနှီးနေသလိုပဲ..."


လူငယ်လေးက ခေါင်းစခြေဆုံး အဖြူရောင်ဝတ်ထားပြီး ခါးအထိရှည်သည့် ဆံပင်များကို စည်းနှောင်ထားသည်။ သူ့လက်ထဲတွင် ဓားတစ်ချောင်းကိုင်ထားပြီး အင်္ကျီထက်မှ ကြက်သွေးနီရောင် ဖဲကြိုးက လေနှင့်အတူ ညင်သာစွာယိမ်းနွဲ့နေသည်။


လင်ဟွား ပြောလိုက်သည်။

" သူက လျိုရှန့်နဲ့တူတယ်လို့ မင်းပြောချင်တာ ဟုတ်တယ်မလား..."


၎င်းက အံဩစရာမဟုတ်နေပေ။


အတိတ်တွင်မူ ရှန်းလျိုရှန့်က ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်ခဲ့သည်။


သူက ချင်းလင်ဂိုဏ်းမျိုးဆက်သစ်၏ခေါင်းဆောင်လည်း ဖြစ်ခဲ့သည်။ နတ်ဆိုးမျိုးနွယ်မှ စွမ်းအားကြီးများနှင့် တိုက်ခိုက်ပြီးသည့်နောက် ရှန်းလျိုရှန့်အပေါ် လူအများ၏ ထင်မြင်ချက်က ပိုမိုကောင်းမွန်လာခဲ့သည်။

( ဒီဝတ္ထုထဲက နတ်ဆိုးမျိုးနွယ်ဆိုတာ လူသားအသွင်ပြောင်းနိုင်တဲ့အထိ ကျင့်ကြံနိုင်တဲ့ နတ်ဆိုးသားရဲတွေကို ပြောတာပါ )


မြောက်များစွာသော တပည့်များက သူ့ကို စံထားကြသည်။


"ရှန်းလျိုရှန့်" ၏ပုံစံအတိုင်း လိုက်လံပြုလုပ်ကြသည်အထိ ကျင့်ကြံရေးလောကတစ်ခုလုံး ရူးသွပ်ခဲ့ကြသည်။ ကျင့်ကြံသူများစွာက သူအသုံးပြုသည့်ဓားအတိုင်း တစ်ပုံစံတည်းသုံးပြီး သူ့ဝတ်စုံအတိုင်း လိုက်ဝတ်ကြသည်။


ဤတပည့်ကလည်း ဂိုဏ်းထဲတွင် နှစ်အနည်းငယ်နေခဲ့သူ ဖြစ်ပုံရသည်။ ထိုသို့မဟုတ်ပါက ရှန်းလျိုရှန့် အတိတ်တွင် မည်သည့်ပုံစံဖြင့် နေခဲ့သည်ကို မှတ်မိမည်မဟုတ်ပေ။ 


ထို့အပြင် သူ့ပုံပန်းသွင်ပြင်၏ ၇၀ရာခိုင်နှုန်းမှ ၈၀ရာခိုင်နှုန်းအထိ ရှန်းလျိုရှန့်နှင့် တူညီနေခြင်းဖြစ်သည်။


" ဒီတပည့်လေးရဲ့  ရှန်းလျိုရှန့်အပေါ်  သဘောထားက တော်တော်လေး ခိုင်မာတဲ့ပုံပဲ..."


လင်ဟွားက မှတ်ချက်ပြုလိုက်သည်။ ထို့နောက် သူက မပျော်မရွှင်ဖြစ်သွားသည့်လေသံဖြင့် ဆက်ပြောသည်။


" သူ ဓားတစ်ချောင်းတည်း အတူတူသုံးတာလည်းရပါတယ်... ငါ သူ့ခါးက ဖဲကြိုးကို ကြည့်လိုက်ပြီးပြီ ဒါပေမဲ့ အသွင်ပြောင်းမန္တန်သုံးပြီး ရှန်းလျိုရှန့်ရဲ့ပုံစံကို အတုခိုးတာတော့ လွန်လွန်သွားပြီ..."


လင်ဟွားက လက်ဖျောက်တစ်ချက်တီးပြီး မန္တန်ကို ပယ်ဖျက်လိုက်သည်။


ရှန်းလျိုရှန့်၏ မျက်နှာထက်တွင် အပြာရောင်အလင်းတန်းတစ်ချက် လင်းလာသည်။


ထို့နောက်တွင်...


ထို့နောက် ဘာမှမရှိတော့ပေ။


ရှန်းလျိုရှန့်က သူ့မျက်နှာပေါ်တွင် အေးစိမ့်စိမ့်ဖြစ်သွား၍ လက်တစ်ဖက်ဖြင့် ပုတ်ကြည့်လိုက်သည်။


နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးသည့်အခါ ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရ၍ လက်ဝှေ့ယမ်းပြလိုက်သည်။


" ဟေး လင်ဟွားရေ ငါရောက်လာပြီ..."


လင်ဟွား တအံ့တဩဖြစ်သွားသည်။


" အဲ့တော့ သူက အင်မော်တယ်ရှန်းအစစ်ပေါ့လေ..."


လင်တန့်ကပြောပြီး ရှေ့တိုးသွားကာ သူ့ကိုတစ်ပတ်ပတ်ကြည့်လိုက်သည်။


" မင်းက အခုပိုပြီးတောင် မျက်စိပသာဒဖြစ်လာတာပဲ..."


လင်ဟွား နောက်ဆုံးတွင် တုံ့ပြန်နိုင်သွားသည်။ သူ အင်မော်တယ်ရှန်း၏လက်မောင်းမှဆွဲပြီး ခြေဆုံးခေါင်းဆုံးကြည့်နေသည်။


" အတိတ်တုန်းကဆိုရင် မင်း ငါ့ကို အသွင်ပြောင်းမန္တန်ဖျက်ခွင့်ပြုမယ့်အစား အသေပဲခံလိုက်မယ်ဆို... ဘာလို့ရုတ်တရက်ကြီး အရမ်းပြောင်းလဲသွားတာလဲ... မင်းကိုကြည့်ရတာ ရုတ်တရက်ကြီး ဉာဏ်အလင်းပွင့်သွားသလိုပဲ...ပြီးတော့ နားရွက်နောက်မှလည်း အဖြူရောင်ပန်းတွေ မပန်တော့ပါလား..."


ရှန်းလျိုရှန့်က အဖြူရောင်အဝတ်အစားများကို ဝတ်နေဆဲဖြစ်သော်လည်း သူ့ထံမှ ပေးနေသည့်ခံစားချက်က ယခင်ကနှင့် အလွန်ကွဲပြားသွားသည်။


သူ၏ ဆံပင်ရှည်ကြီးကိုလည်း သပ်ရပ်သန့်ရှင်းစွာ ချည်နှောင်ထားသည်။ သူ့ခါးမှ ကြက်သွေးရောင်ဖဲကြိုးကလည်း အတိတ်ကကဲ့သို့ အုံ့မှိုင်းပြီး အသက်မဲ့နေခြင်းမျိုးမဟုတ်ဘဲ ထင်ထင်ပေါ်ပေါ်ဖြစ်နေသည်။


သူ၏ လှပသော ပုံပန်းသွင်ပြင်၊ ချစ်စဖွယ်ကောင်းသော ဟန်ပန်တို့ကို မြင်လိုက်ရသည့်အခါ ယခင်က ရှန်းလျိုရှန့် ရုတ်တရက်ပြန်ရောက်လာသည်နှင့်ပင် တူပေသည်။


ရှန်းလျိုရှန့်က သူ့ဓားကို အခြားလက်တစ်ဖက်ပေါ် ပြောင်းကိုင်လိုက်သည်။


ဤဓားကို ကျောက်ယောင်ဟုခေါ်သည်။

( ကျောက်ယောင်ရဲ့ အဓိပ္ပါယ်က ရန်လိုတတ်တဲ့သူပါ )


ဤဘဝင်မြင့်နေသည့်နာမည်ကို ရှန်းလျိုရှန့် သဘောကျသွားခဲ့၍ ထိုဓားက သူ့အတွက် အနည်းငယ်ပိုပြီး မျက်စိပသာဒ ဖြစ်လာခဲ့သည်။


ရလဒ်အနေဖြင့် မကြာမီအချိန်တွင်လည်း ၎င်းက အသုံးဝင်လာမည့်အကြောင်းသိနေ၍ ထိုဓားကို ကိုယ်နှင့်မကွာယူလာခဲ့ခြင်းဖြစ်သည်။


ပြန်လည်ရှင်သန်ခြင်းချောက်ကမ်းပါးက မတ်စောက်သည့် မြေပြင်အနေအထားမျိုးရှိသည်။ ၎င်းက တိမ်တိုက်များကြားထဲတွင်တည်ရှိပြီး ထိုနေရာသို့ဦးတည်နေသည့်လမ်းတစ်ခုသာ ရှိသည်။ လမ်း၏အောက်ဘက်တွင် အမြင့်ပေသောင်းကျော်နက်သည့် ချောက်ကမ်းပါးကြီးရှိနေသည်။ 


ရှန်းလျိုရှန့် ထိုလမ်းပေါ် ခြေချလိုက်သည်နှင့် ကြောက်လန့်မှုကြောက့် ချက်ချင်းဖြူရော်လာသည်။ မိနစ်အနည်းငယ်ခန့် လျှောက်ပြီးသည့်နောက်တွင် မတ်စောက်သည့်မြေနေရာကိုပင် သာမန်မြေပြန့်၌ လမ်းလျှောက်ရသကဲ့သို့ အသားကျလာသည်။


ထောင့်တစ်နေရာသို့ရောက်သည့်အခါ ဘေးနားမှ လက်ရန်းများကို သွားကိုင်လိုက်သည်။ မြူမှုန်များအကြားတွင် ချင်းလင်ဂိုဏ်း၏ နေရာအများစုကို တွေ့လိုက်ရသည်။


သူ တအံ့တဩဖြင့် ပြောလိုက်မိသည်။

" အင်မော်တယ်တွေရဲ့နယ်မြေက တကယ့်ကို အသက်ရှုမှားလောက်စရာပဲ... ဒါပေမဲ့ နည်းနည်းခြောက်ကပ်နေတာတော့ နှမျောစရာကြီး..."


လင်ဟွား၏ခြေလှမ်းများ ရပ်တန့်သွားသည်။


တစ်စုံတစ်ရာကို အမှတ်ရသွားဟန်ဖြင့် သူ့မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာသည်။


" ငါတို့နှစ်ယောက် ဂိုဏ်းကိုဝင်ပြီး ပထမဆုံးတွေ့ခဲ့တုန်းကလည်း မင်း ဒီလိုမျိုး ပြောခဲ့သေးတယ်..."


ရှန်းလျိုရှန့် အံ့ဩသွားမိသည်။


လင်ဟွားက သူ့လက်ဖက်မြှောက်ပြီး ခါးနားကို တိုင်းပြလိုက်သည်။


" အဲ့တုန်းကဆို ငါတို့အရပ်က ဒီလောက်ပဲရှိသေးတာ... သေးသေးလေးတွေလေ... မျက်စိတစ်မှိတ်အတွင်းမှာပဲ တခြားလူတွေလေးစားရတဲ့ အင်မော်တယ်တွေ ဖြစ်လာခဲ့ပြီ..."


ရှန်းလျိုရှန့် မျက်ခုံးများတွန့်သွားပြီး တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။

" ငါက အတိတ်တုန်းက ဘယ်လိုမျိုးလဲ..."


လင်ဟွား ခေါင်းမော့ကြည့်လိုက်ပြီး မျက်ဉာဏ်များကို ပြန်လည်တူးဆွကာ "ကျစ်" ခနဲ အသံပြုလိုက်သည်။


" ငါ မမှတ်မိတော့ပါဘူး..."


ထိုစကားများပြောနေလျက် လင်ဟွားမျက်ခုံးပင့်လိုက်သည်။

" ဒါပေမဲ့ မင်း ယဲ့ပင်းရန်ကို အထင်ကြီးသွားတဲ့အချိန်တိုင်း ဖြစ်သွားတဲ့မျက်နှာကို ငါရှင်းရှင်းလင်းလင်းမှတ်မိသေးတယ်..."


" မင်း သတိရတာ တစ်ခုခုတော့ ရှိဦးမှာပါ..."


သူတို့ အနားယူပြီးသည်နှင့် ခရီးဆက်ရန် ပြင်လိုက်သည်။


" အတိတ်မှာတော့ ငါ့ရဲ့အဲ့လိုပုံစံတွေက မင်းမှတ်ဉာဏ်တွေထဲပဲ ရှိတော့မှာပါ..."

( သူ အရင်ကလို မနေတော့ဘူးလို့ ပြောချင်တာပါ )


" ဘာပြောချင်တာလဲ... မင်း အရမ်းချောတဲ့ ဓားသခင်ယဲ့ကို မကြိုက်တော့ဘူးလား..."


" အရမ်းချောတယ်တဲ့လား..."


ရှန်းလျိုရှန့် နှာမှုတ်လိုက်သည်။

" သူက ဓားနဲ့ဆော့နေတဲ့ သစ်သားတစ်စ သာသာပဲမလား..."

( သစ်သားတစ်စဆိုတဲ့စာလုံးက နှလုံးသားမဲ့လမ်းစဉ်နဲ့ တူလို့ပါ )


လင်ဟွားကိုကြည့်ပြီး ရှန်းလျိုရှန့် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။

" သူက မင်းလောက်တောင် မချောပါဘူး..."


ယဲ့ပင်းရန်က ငယ်ရွယ်စဉ်တည်းက နာမည်ကျော်သူတစ်ယောက် ဖြစ်ခဲ့သည်။ သူက ငယ်ရွယ်စဉ်တွင် ပါရမီရှင်ဓားကျင့်ကြံသူဖြစ်ခဲ့ပြီး ယခုအခါ သောင်းနှင့်ချီသောလူများ၏ လေးစားအားကျခြင်းခံရသည့် ဓားသခင်တစ်ယောက် ဖြစ်လာခဲ့သည်။


လင်ဟွားကိုယ်တိုင်က အင်မော်တယ်ဖြစ်သော်လည်း သူ့ဂုဏ်ပုဒ်က ယဲ့ပင်းရန်ထက် အနည်းငယ်နိမ့်သည်။


ရှန်းလျိုရှန့်က ယဲ့ပင်းရန်ကို အထင်အမြင်သေးသည့်စကားများ ရုတ်ချည်းပြောဆိုသည်ကို ကြားလိုက်ရခြင်းကြောင့် လင်ဟွား ထိတ်လန့်သွားသည်။


သူ ထိတ်လန့်မှုမှ အသိစိတ်ပြန်မကပ်နိုင်ချိန်တွင် ရှန်းလျိုရှန့်ပြောလိုက်သည့် နောက်ထပ်စကားတစ်ခွန်းကို ကြားလိုက်ရသည်။


" စိတ်အနှောင့်အယှက် ဖြစ်စရာပဲ..."


လင်ဟွားက ရှန်းလျိုရှန့်၏လည်ပင်းကို သူ့လက်မောင်းကြားထဲညှပ်လိုက်ပြီး ကြမ်းတမ်းစွာဖြင့် ဆံပင်ကို ဆွဲဖွလိုက်သည်။


" အလိုလေး... မင်း ဒီလိုတဲ့တိုးပြောတာမျိုးကို ငါတကယ်သဘောကျတယ်..."


သူတို့နှစ်ယောက်က ငယ်ပေါင်းသူငယ်ချင်းများဖြစ်ကြ၍ ကလေးဘဝတွင် မကြာခဏ အတူဆော့ကစားခြင်း ရန်ဖြစ်ခြင်းတို့ ရှိခဲ့ဖူးသည်။


သို့ရာတွင် ရှန်းလျိုရှန့်က ဓားသခင်ယဲ့ကို သဘောကျသွားပြီးသည့်နောက် သူတို့ကြားမှ ဆက်ဆံရေးက တဖြည်းဖြည်းဝေးကွာလာခဲ့သည်။


ဒါပေမဲ့ အခုတော့...


လင်ဟွား ဝမ်းနည်းလာမိသည်။ သူ့ သူငယ်ချင်း၏မျက်နှာကို အလွန်ဖျစ်ညှစ်ပစ်ချင်လာသည်။


နောက်ဆုံးတော့... လျိုဖုန်းက နောက်ဆုံးတော့ ထင်ယောင်ထင်မှားဖြစ်နေတာကနေ နိုးထလာပြီ...


ထိုအချိန်တွင် သူတို့စကားပြောနေသည်ကို အသံတစ်သံက ဖြတ်တောက်လိုက်သည်။


လင်းတန့်က နေရခက်စွာဖြင့် ချောင်းဆိုးလိုက်ပြီး သူတို့ကို သတိပေးလိုက်သည်။


" မင်းတို့နှစ်ယောက် စကားပြောတာရပ်ပြီး ရှေ့မှာဘာရှိလဲ အရင်ကြည့်ကြဦး..."


သူတို့ရှေ့မှ လမ်းချိုးတစ်ခုအကျော်တွင် လူအုပ်ကြီးတစ်အုပ် ပေါ်လာသည်။


ရှေ့ဆုံးတွင် ဦးဆောင်နေသည့်လူက ပိန်ပိန်ပါးပါးနှင့် သွက်လက်တက်ကြွပုံပေါ်သည်။ သူ၏နှာတံကမြင့်ပြီး ဖြောင့်စင်းနေသည်။


အေးစက်စက်မျက်ဝန်းတစ်စုံက လက်ရန်းများဘေးနားမှ ပိန်သွယ်သွယ်ပုံရိပ်ကိုကြည့်နေလျက် ထိုလူ၏ ခန္ဓာကိုယ်မှ ဆီးနှင်းနှင့် ရေခဲများ ထုတ်လွှတ်နေသည်ဟုပင် ထင်ရသည်။ 


သူ ထိုစကားများကို ကြားကောင်းကြားသွားနိုင်သည်။


တစ်ခဏတာအတွင်းမှာပင် လေထုအနေအထားက ကိုးရို့ကားယားဖြစ်သွားသည်။


လင်ဟွားက သူ့လက်ကိုပြန်ရုတ်ကာ ဝတ်ရုံကိုသပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြင်လိုက်သည်။


လက်နှစ်ဖက်ကိုယှက်လျက် ချောင်းတစ်ချက်ဆိုးကာ မေးခွန်းထုတ်လိုက်သည်။ 


" ယဲ့ပင်းရန် မင်း ချောက်ကမ်းပါးထိပ်မှာ စောင့်နေရမယ့်အစား ဘာလို့ဆင်းလာတာလဲ..."


" ငါ သူ့ကို ခေါ်လာတာလေ..."

သူ့နောက်မှ အသံတစ်သံထွက်လာသည်။


ထိုလူက လင်ယွဲ့ဖြစ်သည်။ သူ၏ ချောမောခံ့ညားသောသွင်ပြင်တွင် မည်သည့်အရာကိုမှ ဂရုမစိုက်မှုများဖြင့် ပြည့်နေသည်။ ထို့နောက် သူက တဲ့တိုးပြောလိုက်သည်။


" အင်မော်တယ်ရှန်း နောင်တရသွားမှာစိုးလို့ သူ့ကို တကူးတက လာခေါ်ပေးတာပါ..."


ဘယ်လိုတောင် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ကောင်လဲ... သူက ဘေးနားကလူတွေရဲ့ စိတ်ခံစားချက်ကိုတောင် ထည့်မတွေးတော့ဘူးပဲ...

လင်ဟွား၏စိတ်ထဲတွင် ကျိန်းမောင်းလိုက်သည်။


လင်ယွဲ့က သူတို့ဂိုဏ်းထဲရောက်ပြီး နှစ်အနည်းငယ်အကြာတွင်မှ ရောက်လာခဲ့ခြင်းဖြစ်သည်။ သူ၏ အကျင့်စရိုက်က စည်းကမ်းတင်းကြပ်ပြီး ခေါင်းမာတတ်သူမျိုးဖြစ်သည်။ တရားစီရင်ရေးအကြီးအကဲ ဖြစ်လာပြီးသည့်နောက် သူ့မိသားစုကိုပင် မျက်လုံးထဲ မမြင်တော့ပေ။

( ဒီနေရာက မိသားစုဆိုတာက သွေးသားရင်းချာကို ပြောတာမျိုးမဟုတ်ဘဲ မိသားစုလိုမျိုး ခင်မင်ရတဲ့မိတ်ဆွေတွေကို ပြောချင်တာပါ၊ မျက်လုံးထဲ မမြင်တော့ဘူးဆို‌တာ ကိုယ်နဲ့ရင်းနှီးတဲ့သူမို့ ဘက်လိုက်တာမျိုး မရှိဘဲ ညီတူညီမျှဆက်ဆံတယ်လို့ ဆိုလိုပါတယ် )


ထို့အပြင် သူက ဖြောင့်မတ်မှန်ကန်သူဖြစ်၍ လင်ယွဲ့ကို  ရိုက်နှက်ရန် အကြောင်းပြချက် ရှာမရတော့ပေ။ 


" မင်းက ဘာကိစ္စနဲ့ ငါ့ကို အင်မော်တယ်ရှန်းလို့ ခေါ်တာလဲ..."

ရှန်းလျိုရှန့်က မျက်ခုံးပင့်ပြီး မေးလိုက်သည်။ 


သူ ရှေ့သို့လျှောက်လာပြီး လင်းယွဲ့၏ရှေ့တွင်ရပ်ကာ သူ့ပခုံးကျယ်များကို လက်ဖြင့်ဆုပ်ကိုင်လိုက်ပြီး ဘေးနားမှ ကြည့်ရှု့နေကြသူများကိုပါ လျစ်လျူရှု့ထားသည်။ 


" အဲ့လိုခေါ်တာ အရမ်းသူစိမ်းဆန်တယ်လေ... အဲ့အစား စီနီယာအစ်ကိုကြီးလို့ ခေါ်ပါလား..."


ရှန်းလျိုရှန့်၏ ရုတ်ချည်းဖော်ရွေမှုနှင့် ရင်ဆိုင်လိုက်ရသော်လည်း လင်ယွဲ့၏ အမူအရာက မပြောင်းလဲပေ။ 


သူ၏ ပုံမှန်ခပ်ပြတ်ပြတ်လေသံဖြင့် ပြောလိုက်သည်။


" အင်မော်တယ်ရှန်းရဲ့ နေရာက ကျွန်တော့်ထက်မြင့်တာဆိုတော့ လက်လွတ်စပယ်ခေါ်လို့ မဖြစ်ပါဘူး..."


ကြည့်စမ်းပါဦး ခေါင်းမာလိုက်တဲ့ကောင်...


ဝတ္ထုထဲတွင်လည်း လင်ယွဲ့က သံမဏိစည်းမျဉ်းကို လူအသွင်ပြောင်းထားသည့် ပုံစံအတိုင်းပင်ဖြစ်သည်။ သူက တရားစီရင်ရေးအကြီးအကဲဖြစ်၍ အားလုံးကို မျှမျှတတဆက်ဆံပြီး မျက်နှာလိုက်ခြင်းမျိုးလည်း မရှိပေ။ 


သူသာလျှင် စုပိုင်ချယ့် စဥ်းစားဆင်ခြင်ဉာဏ်မဲ့စွာဖြင့်  သဘောမကျခဲ့သည့် တစ်ဦးတည်းသောလူ ဖြစ်သည်။


စုပိုင်ချယ့် တစ်ကြိမ်အမှားပြုလုပ်ခဲ့ဖူးသည်။  လင်ယွဲ့က သူ့ကို လုံးဝအလွတ်မပေးခဲ့ဘဲ ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့၍ စုပိုင်ချယ့်၏တစ်ကိုယ်လုံးတွင် ဒဏ်ရာအပြည့်ကျန်ရစ်ခဲ့သည်။


သို့ဖြစ်၍ စုပိုင်ချယ့်ကို သဘောကျသူများက လင်ယွဲ့ကို အမြင်မကြည်ကြတော့ပေ။ 


ရှန်းလျိုရှန့် အနည်းငယ် အောင့်သက်သက်ဖြစ်သွားသည်။


တစ်ဖက်သို့လှည့်ကာ ပြန်သွားတော့မည့် လင်ယွဲ့ကို ဖမ်းဆွဲထားကာ သူ အသံတိုးတိုးဖြင့်ရယ်ပြီး ပြောလိုက်သည်။


" ငါ့ရဲ့ဆုံးဖြတ်ချက်ကို နောင်တရမှာ မင်းစိုးရိမ်တယ်မလား... တကယ်လို့ ငါအခု ထွက်ပြေးဖို့ကြိုးစားရင် မင်းဘာလုပ်မှာလဲ..."


လင်ယွဲ့ အံ့အားသင့်သွားသည်။


လူအများ၏ရှေ့တွင် ရှန်းလျိုရှန့်က ဤသို့အရှက်မဲ့သည့်စကားလုံးများကို ပြောလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ့မျက်နှာကြီး ချက်ချင်းမဲမှောင်သွားတော့သည်။ 


" ကျွန်တော်က ထွက်ပြေးခွင့်ပြုမှာ မဟုတ်ပါဘူး..."


ရှန်းလျိုရှန့်က သူ့စကားကို ခွန်းတုံ့ပြန်လိုက်သည်။


" ဒါပေမဲ့ ငါက ဝိညာဉ်အခြေတည်အဆင့်ကိုတောင် ရောက်နေပြီလေ..."


ထိုစကားက သွယ်ဝိုက်ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သိသာပေသည်။ အကယ်၍ ရှန်းလျိုရှန့်ထွက်ပြေးရန် ကြိုးစားလျှင်လည်း လင်ယွဲ့က သူ့ကိုတားနိုင်မည်မဟုတ်ဟူသည့် အဓိပ္ပါယ်ဖြစ်သည်။


အစောပိုင်းက ရှန်းလျိုရှန့်အပေါ် အထင်အမြင်သေးသည့် အကြည့်များဖြင့်ကြည့်သော ဓားဂိုဏ်းမှ တပည့်များ၏ မျက်နှာများလည်း ဖြူဖျော့ကုန်သည်။


သူတို့က ရှန်းလျိုရှန့်၏ အရှက်မဲ့မှုများကိုသာ အာရုံစိုက်လွန်းနေ၍ သူ အင်မော်တယ်ဖြစ်သည်ကိုပါ မေ့လုနီးပါးဖြစ်သွားသည်။


သူက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တစ်ဝက်ထိ ရောက်နေတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ...


အနည်းငယ်နောက်ကျပြီးမှ ရောက်လာသည့် ချင်းလင်ဂိုဏ်းမှ တပည့်များက ထိုလူအုပ်၏အနောက်ဘက်တွင် စိုးရိမ်တကြီးဖြင့် ရပ်နေကြသည်။ လမ်းပိတ်နေသည့် လူအုပ်ကြီးကိုကြည့်ကာ ထိုတပည့်များ အလွန်ကြောက်လန့်ပြီး အသက်ဝဝပင် မရှုရဲတော့ပေ။ 


ဘယ်လိုအခြေအနေကြီးလဲ...


အင်မော်တယ်တွေ၊ ဓားသခင်နဲ့ တရားစီရင်ရေးအကြီးအကဲတို့က တူတူရပ်နေကြပါလား...


လင်ယွဲ့၏မျက်နှာက မည်းမှောင်သွားသည်။ 

" မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ..."


ပြစ်ဒဏ်ပေးခံမယ်လို့ ကြေညာခဲ့ပြီးတော့ အခုမှ ဒီဆုံးဖြတ်ချက်ကို နောင်တရတယ်တဲ့လား... ဂိုဏ်းက စည်းကမ်းတွေကို ဟာသထင်နေတာလား...


ချင်းလင်ဂိုဏ်းမှ တပည့်များ ကြောက်လန့်မှုကြောင့် ပင့်သက်ရှိုက်လိုက်ကြသည်။ တရားစီရင်ရေးအကြီးအကဲက အလွန်စည်းကမ်းကြီးသောကြောင့် သူတို့အကြောက်ရဆုံးဖြစ်သည်။


ရှန်းလျိုရှန့်က သူ့ကို တကယ်ကြီးဒေါသထွက်အောင် လုပ်လိုက်တာပဲ... 


တပည့်များမှာ ဤကိစ္စတွင် ဝင်မပါသွားဘဲ အပြစ်ကင်းသည့် ဖြတ်သွားဖြတ်လာများအဖြစ် သတ်မှတ်ခံရရန်သာ ဆုတောင်းနေကြသည်။ 


" ရိုးရိုးလေးပါ..."


ရှန်းလျိုရှန့်က လင်ယွဲ့၏ အကြည့်စူးစူးများကို ပြန်စိုက်ကြည့်လိုက်ပြီး လင်ယွဲ့၏ ဒေါသများကို မသိချင်ယောင်ဆောင်နေသည်။


" လိမ်လိမ်မာမာနဲ့ ငါ့ကို စီနီယာအစ်ကိုလို့ တစ်ကြိမ်ခေါ်လိုက်... အဲဒါဆိုရင် ငါ ပြစ်ဒဏ်ကို သေချာခံယူပါ့မယ်..."


လင်ယွဲ့၏ ခက်ထန်နေသော အမူအရာက အေးခဲတောင့်တင်းသွားသည်။


ဒါဘယ်လို တောင်းဆိုချက်ကြီးလဲ...


ရှန်းလျိုရှန့်က နတ်ဆိုးတစ်ကောင်လို ပြုမူပြီး အပြစ်ပေးတာကို ငြင်းမယ်ထင်ခဲ့တာလေ...


လင်ယွဲ့ ပါးစပ်ဟလိုက်သော်လည်း ‌ချက်ချင်းပင် ပြန်ပိတ်လိုက်သည်။


ရှန်းလျိုရှန့်က သူ့ကိုစောင်းငဲ့ကြည့်လိုက်ပြီး မျက်တောင်များကော့ညွတ်သည်အထိ ပြုံးပြလိုက်သည်။ သူတို့နှစ်ယောက်က အလွန်နီးကပ်စွာ ရပ်နေကြပေသည်။