အခန်း၇၀
Viewers 15k

အခန်း (၇၀)

 

နောက်တစ်နေ့မနက်ခင်း၊ အခန်းထဲသို့ ပြတင်းပေါက်ကနေ နေရောင်ခြည်တွေက ခန်းစီးစကို ဖြတ်သန်း၍ ချဥ်းနင်းဝင်ရောက်လာခဲ့သည်။

 

ကျီချင်းချင်းသည် လန်းဆန်းတက်ကြွစွာ အိပ်ရာနိုးထလာပြီး မျက်လုံးဖွင့်လိုက်ချိန်တွင် သူမဘေးနားမှာ လုလီရှင်း မရှိတော့ဘူး။

 

သူမ နာရီကို တစ်ချက်လှမ်းကြည့်လိုက်တော့ မနက် ၈နာရီထိုးနေပြီ။

 

သူမသည် ဗီရိုအနားမှာ ဆူညံသံတွေကို ကြားလိုက်သည်။

 

ကျီချင်းချင်းသည် အိပ်ယာမှထကာ ဗီရိုရှိရာဆီ လျှောက်သွားခဲ့သည်။ သူမသည် လုလီရှင်းက ဗီရိုရှေ့တွင် အင်္ကျီဝတ်နေတာကို တွေ့လိုက်ရသည်။ လုလီရှင်းသည် ကြယ်သီးအစုံ မတပ်ရသေးသဖြင့် သူ့ရဲ့ သန်မာတဲ့ ဝမ်းဗိုက်ကြွက်သားတွေကို သူမ မြင်လိုက်ရသည်။

 

ဒီလိုမျိုး ကျန်းမာသန်စွမ်းတဲ့ ဝမ်းဗိုက်ကြွက်သားတွေကို ထိကိုင်ရရင် သေချာပေါက် အရမ်းကောင်းမွန်မှာပဲ။

 

ခြေသံတွေကို ကြားလိုက်ရသည့် လုလီရှင်းသည် အသံကြားရာဆီ လှည့်ကြည့်လိုက်တော့ ကျီချင်းချင်းကို မြင်တွေ့လိုက်သည်။ သူမကို အရေးအရာမလုပ်ပဲ သူ ဝတ်လက်စ အဝတ်တွေကို ဆက်လက်ဝတ်ဆင်နေသည်။ လုလီရှင်းသည် မီးခိုးရောင်လည်စည်းကို ‌ရွေးချယ်ပြီး စတင် ချည်နှောင်လိုက်သည်။

 

ကျီချင်းချင်းသည် လုလီရှင်းအရပ်နဲ့ တန်းတူ အမြင့်ရှိသည့် မတ်တပ်ရပ်ကြည့်မှန်မှတဆင့် ရှပ်အင်္ကျီ ပင့်တက်လာတိုင်း မြင်ရသည့် ချောမွေ့သော ဝမ်းဗိုက်ကြွက်သားလိုင်းများကို ငမ်းနေခဲ့သည်...

 

သူက အရမ်းခံ့ညားတာပဲ။

 

လုလီရှင်းသည် အနောက်တိုင်းဝတ်စုံ အပေါ်ထပ်ကို ရွေးချယ်ပြီး ဝတ်ဆင်လိုက်သည်။

 

ကျီချင်းချင်းသည် ဗီရို၏ ကျန်တစ်ဖက်ခြမ်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ဗီရို၏ ဘယ်ဖက်ခြမ်းတွင် အန်တီဖေး မီးပူတိုက်ပေးထားသော ရှပ်အင်္ကျီများ ပြည့်နှက်နေပြီး ညာဖက်ခြမ်းတွင်မူ အန်တီဖေး သူမအတွက် ပြင်ဆင်ပေးထားသည့် ရာသီပေါ် ဝတ်စုံများ ရှိနေခဲ့သည်။

 

အန်တီဖေးသည် ကျီချင်းချင်းအတွက် ဝတ်စုံတွေ အများကြီး ပြင်ဆင်ပေးထားသောကြောင့် သူမရဲ့ ဝတ်စုံအချို့သည် လုလီရှင်း၏ အင်္ကျီတွေ ထားရှိသည့် ဖက်ခြမ်းသို့ပင် ရောက်ရှိနေခဲ့သည်။

 

အမျိုးသားနှင့် အမျိုးသမီးတို့၏ ဝတ်စုံများကို အတူယှဥ်တွဲ၍ မြင်လိုက်ရသောအခါတွင် ကျီချင်းချင်းသည် ထူးဆန်းသော ခံစားချက်တစ်ခုကို ဖြစ်ပေါ်သွားခဲ့သည်။

 

ဒီဗီရိုဟာ သူမပိုင် ဗီရိုလို့ ခံစားရပေမယ့် အမျိုးသားတစ်ဦး၏ ဝတ်စုံတွေ သူမရဲ့နေရာမှာ ပေါ်လာခဲ့သည်။ သူမသည် ရုတ်တရတ် အုတ်မြစ်ချလိုက်သကဲ့သို့ ထူးဆန်းသည့် ခံစားချက်မျိုးကို ပိုင်နိုင်စွာ ခံစားလာခဲ့ရသည်။

 

“နက်ပြာရောင်လည်စည်းက ရှင့်ဝတ်စုံနဲ့ ပိုလိုက်ဖက်တယ်လို့ ကျွန်မ ထင်တယ်။”

 

လုလီရှင်းသည် ကျီချင်းချင်းရဲ့ အကြံပြုချက်ကို သဘောမတူလိုသောကြောင့် ဒါကို ထုတ်ဖော်ပြောဆိုမိခါနီးတွင် သူ့ကိုယ်သူ အချိန်မှီ ရပ်တန့်လိုက်သည်။

 

အဲ့တာကို စဥ်းစားကြည့်ပြီး သူသည် ကျီချင်းချင်းကို တစ်ချက်ကြည့်ကာ မီးခိုးရောင်လည်စည်းကို သူ့လည်ပင်းမှ ဖယ်ရှားလိုက်သည်။ သူက ကျီချင်းချင်းကို မေးသည်။ “မင်း လည်စည်းကို ဘယ်လိုချည်ရမှန်း သိလား။”

 

“ကျွန်မ သိတယ်။”

 

“အဲ့တာဆို ကိုယ့်ကို ချည်ပေး။”

 

ကျီချင်းချင်းသည် အနားသို့ လျှောက်လာခဲ့သည်။

 

လုလီရှင်းသည် အပြာရောင်လည်စည်းကို ထုတ်ယူကာ သူမလက်ထဲသို့ ထည့်ပေးလိုက်သည်။ “ကိုယ့်ကို ကူညီပေးပါဦး။”

 

ကျီချင်းချင်းသည် အာလူးပူပူတစ်လုံးကို ကိုင်ထားရသကဲ့သို့ လည်စည်းကို ကိုင်ထားမိသည်။

 

“... မင်း ဘယ်လိုချည်ရမလဲ ဆိုတာကို သိတယ်လို့ မပြောခဲ့ဘူးလား။ မင်းက ကိုယ့်ဇနီးပဲ။ မင်းရဲ့ ခင်ပွန်းကို ကူညီပေးချင်စိတ် မရှိဘူးလား။”

 

ကျီချင်းချင်းသည် အဲ့ဒီအကြောင်းကို တွေးလိုက်မိသည်။ “ဒါဆိုလည်း ရှင့်ခေါင်းကို ငုံ့ပေးပါဦး။”

 

လုလီရှင်းသည် သူ့‌ခေါင်းကိုငုံ့ပေးလိုက်တော့ ကျီချင်းချင်းသည် သူ့လည်ပင်းတွင် လည်စည်းကို နေရာချကာ ချည်နှောင်ပေးဖို့ လုပ်လိုက်သည်။

 

သူတို့နှစ်ယောက်ဟာ အလွန်တရာ နီးကပ်နေသည်။ ကျီချင်းချင်းသည် လည်စည်းကို စည်းပေးမယ် လုပ်တော့ လုလီရှင်းက ခေါင်းငုံ့ပေးလိုက်သဖြင့် သူမရဲ့နှာခေါင်းလေးသည် လုလီရှင်းရဲ့ မျက်နှာကို နမ်းရှိုက်မိလုနီးပါး ဖြစ်သွားသည်။

 

ဒီအမျိုးသားက ထသွားထလာ ဝတ်စုံကို ဝတ်ဆင်တုန်းက ကြည့်ကောင်းနေသလို အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်သည့်အခါမှာလည်း လုံးဝ ကွဲပြားခြားနားသော လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။ သူက ခန့်ညားပြီး ကျက်သရေရှိသည်။ သူ့ရဲ့ အကြည့်တစ်ချက်ကပင် သူမရဲ့ နှလုံးခုန်သံကို မြန်ဆန်သွားစေသလို ရှက်သွေးဖြာသွားစေသည်။ သူမ ဘယ်‌လောက်တောင် ကူကယ်ရာမဲ့နေရတာလဲ။

 

လုလီရှင်းသည် သူမ လည်စည်းကို ချည်နှောင်ပေးနေတာကို ကြည့်နေခဲ့သည်။ သူမသည် ဒါကို ချည်နှောင်ရတာ ကျင့်သားရဟန် မရှိဘူးဆိုတာ သိသာပါသည်။ သူ့အကြည့်တွေက သူမရဲ့ နူးညံ့ပြီး သေးသွယ်ရှည်လျားသော လက်ချောင်းထိပ်များမှတဆင့် သူမရဲ့ မျက်ခွံမို့မို့ထံသို့ ကျရောက်သွားသည်။

 

“ဒီနေ့ စိတ်ပုတီးကို သွားယူပြီး အိမ်ကို စောစောပြန်လာဖို့ သတိရနော်။”

 

“ကျွန်မ သိပါတယ်။”

 

“ကိုယ့်ရဲ့ အကြွေးဝယ်ကတ်ကို အသုံးပြုပါ။” လုလီရှင်းသည် ထပ်ပြောခဲ့သည်။ “အကယ်၍ မင်း ကြိုက်တာ တစ်ခုခု တွေ့ရင်လည်း မင်း ကိုယ့်ရဲ့ အကြွေးဝယ်ကတ်ကို အသုံးပြုနိုင်တယ်။”

 

ကျီချင်းချင်းသည် သူ့ကမ်းလှမ်းချက်ကို မတုံ့ပြန်ခဲ့ဘူး။ သူမသည် လည်စည်း စည်းပေးနေတာကို ပြီးသွားခဲ့သည်။ “ကျွန်မ စည်းပေးပြီးပြီ။”

 

လုလီရှင်းသည် မှန်ကို တစ်ချက်ကြည့်ပြီး သူ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ် ပြင်ဆင်ကာ နာရီနှင့် လက်ကြယ်သီးများကို ဝတ်ဆင်ကာ အခြားကိုယ်ပိုင်အသုံးအ‌ဆောင်များကို အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် မနက်စာစားရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။