အခန်း
(၆၉)
ရေချိုးခန်းထဲမှာတော့
ကျီချင်းချင်းက ရေချိုးနေလေ၏။ ဆပ်ပြာမြုပ်တွေနဲ့ ပြည့်နေသည့် ရေချိုးကန်ကို
ကြည့်ရင်း အရည်အသွေးမြင့်မားသော စတိုရီယိုတွင် တီးခတ်နေသကဲ့သို့ အစောပိုင်းက
ပြောခဲ့သော စကားကြီး စကားကျယ်များဟာ သူမ၏ အတွေးထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။
ရေချိုးနေရင်း သူမရဲ့ နားရွက်လေးများ ရှက်ရွံ့မှုကြောင့် ရဲရဲနီသွားခဲ့သည်။
သက်ပြင်းချရင်း သူမကိုယ်လုံးလေးကို ရေချိုးကန်ထဲ ငုပ်လျှိုးလိုက်သည်။
အရမ်းရှက်ဖို့ကောင်းတာပဲ
! သူမကိုယ်တိုင်ပဲ ရေနစ်သေလိုက်သင့်တယ်!
ဒါပေမဲ့
ဒါက တကယ်ပဲ သူမရဲ့အပြစ်ရော ဟုတ်ရဲ့လား။
တကယ်တော့
လုလီရှင်းက သူမကို စကားပြောတာ မပြတ်မသားနဲ့ အထင်လွဲအောင်လုပ်လို့ ဖြစ်ရတာလေ။ ဒါက
တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာများလား။ သူက သူမကို အရှက်ရအောင်
ရည်ရွယ်ချက်ရှိရှိ ကြိုးစားခဲ့တာလား။
မဟုတ်ရင်
သူက ဒီလို အထင်အမြင်လွဲမှားစေမယ့် စကားလုံးတွေကို ဘာဖြစ်လို့ ပြောရတာလဲ။
လုလီရှင်းက သူမကို အပင်ပန်းခံပြီး အဟားခံရသူဖြစ်အောင် လုပ်ဖို့ ကြိုးစားနေပုံပဲ။
ဒါပေမဲ့
လုလီရှင်းက ဆုတောင်းပုတီးကို ပေါ့ပေါ့ပါးပါး သွားယူလိုက်ဖို့ပဲ ပြောခဲ့ပေမယ့်
သူမကတော့ ဒါကို ဒီအတိုင်း သဘောမထားနိုင်ဘူး။
အဘိုးက
သူမကို ကောင်းကောင်းဆက်ဆံတယ်။ ဒါကြောင့် သူမက မြေးချွေးမတစ်ယောက်အနေနဲ့
လက်ဆောင်တစ်ခုခုကိုတော့ ပြန်ပေးသင့်သည်။
ပြီးတော့
သူမနဲ့ လုလီရှင်းက အကြင်လင်မယားတွေ ဖြစ်ကြသည်။ သူက စရံငွေအတွက်
ပေးချေခဲ့ပြီးပြီဆိုတော့ သူမက နောက်ထပ် ပေးရမည့် လက်ကျန်ငွေကို ပေးချေလိုက်ရင်
ဒါကို ပူးတွဲလက်ဆောင်အဖြစ် သတ်မှတ်နိုင်လိမ့်မည်။ အဘိုးအတွက် သူမတို့နှစ်ယောက်
လက်ဆောင်တစ်ခုကို အတူတူပေးတာက သင့်တော်ပါလိမ့်မည်။
သက်ကြီးရွယ်အိုတစ်ယောက်အနေနဲ့
အဘိုးအိုကြီးက စိတ်ချမ်းသာဖို့ ဘုရားမှာ ဆုတောင်းဝတ်ပြုနိုင်သည်။ ဒီတော့
ဆုတောင်းပုတီးက အသင့်တော်ဆုံး လက်ဆောင်ပင်။
အမ်း...
ငါ ဒီလို လုပ်သင့်တယ်။
ကျီချင်းချင်းသည်
လုလီရှင်း၏ အကြွေးဝယ်ကတ်ကို မနက်ဖြန်တွင် သူမ အသုံးမပြုတော့ဖို့ စိတ်ထဲမှာ
တွေးလိုက်သည်။ ဆုတောင်းပုတီးက ယွမ် သိန်းပေါင်းများစွာ ကုန်ကျနိုင်သော်လည်း သူမ
ဒါကို ဝယ်ပေးဖို့ တတ်နိုင်ပါသေးသည်။
နာရီဝက်လောက်
ရေချိုးပြီးသည့်နောက်မှာ ကျီချင်းချင်းသည် အနည်းငယ် အိပ်ငိုက်လာလေသည်။ သူမ
ရေချိုးခန်းထဲကနေ ခပ်သွက်သွက် ထွက်လာခဲ့သည်။
“ကိုယ် မင်းဆီကို လိပ်စာပို့ထားတယ်။ မနက်ဖြန် သွားယူပြီး ညစာစားချန်
မတိုင်ခင် အိမ်ပြန်လာခဲ့။“
“ကောင်းပြီ“
သူမတို့နှစ်ယောက်
တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင် စိုက်ကြည့်နေကြသည်။
အချိန်
အတော်လင့်နေပြီးတော့ အိပ်ရာဝင်ချိန် ရောက်နေပြီ။
တိုင်ကပ်နာရီပေါ်ရှိ
လက်တံက ဆယ်နာရီထိုးနေပြီ ဆိုတာကို ပြသနေသည်။ အခန်းတွင်းရှိ နာရီပေါ်တွင်
ရွေ့လျားနေသော ဒုတိယမြောက်လက်တံ၏ ရွေ့လျားသံကို ကြားနေရသည်။
လေထုက
တဖြည်းဖြည်းနှင့် ငြီးငွေ့စရာ ကောင်းလာသည်။ သူမတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်
ကြည့်နေရာမှ အဝေးကို အကြည့်လွှဲလိုက်ကြပြီး ၁.၈ မီတာအကျယ်ရှိတဲ့ ကုတင်ကို
လှမ်းကြည့်လိုက်ကြသည်။
ဒီနေ့မနက်ခင်းတွင်
အဘိုးလုနဲ့ အန်တီဖေးတို့ထံမှာ အမိခံလိုက်ရပြီးနောက် တူညီတဲ့ အဆင်မပြေမှု
ပြဿနာနှင့် ထပ်မံရင်ဆိုင်လိုက်ရသည်။ အဲဒါကတော့ အိပ်ယာကို အတူတူဝေမျှခြင်းပင်
ဖြစ်သည်။
ကျီချင်းချင်းရဲ့
အတွေးထဲတွင် မနက်ခင်းတုန်းက သူမ အိပ်ရာနိုးလာသောအချိန်တွင် သူမ
လုလီရှင်းကိုယ်ပေါ်သို့ သူမ ဘယ်လိုရောက်နေတာလဲဆိုသည့် အတွေးတွေနဲ့သာ
ပြည့်နှက်နေခဲ့သည်။
လုလီရှင်း၏
အတွေးထဲမှာတော့ ကျီချင်းချင်းက အိပ်ရေးကြမ်းတမ်းသည့် အတွေးများဖြင့်
ပြည့်နှက်နေခဲ့သည်။
ကျီချင်းချင်းသည်
သမ်းဝေလာသောအခါဝယ် မတိုးမဆုတ်သာ အခြေအနေကနေ ပြီးဆုံးသွားခဲ့သည်။
“အရင် စည်းကမ်းအတိုင်းပဲ။ ရှင်က ဘယ်ဘက်အခြမ်းမှာအိပ်၊ ကျွန်မက
ညာဘက်အခြမ်းမှာ အိပ်မယ်။ ဘယ်သူကမှ ခုတင်အလယ်ကို ဖြတ်ခွင့်မရှိဘူး။“
လုလီရှင်းသည်
သူမ၏ အရည်အချင်းများကို လွန်ကဲစွာ တွက်ချက်နေတယ်လို့ ပြောဆိုချင်နေသည့်
အကြည့်များဖြင့် ကျီချင်းချင်းကို ကြည့်နေခဲ့သည်။ “ဒါက မင်းကို တားနိုင်မယ်လို့ မင်းထင်နေတာလား။“
“... စိတ်မပူပါနဲ့။ ကျွန်မက အမြဲတမ်း အိပ်ရေးသိမ်မွေ့တဲ့သူတစ်ယောက်ပါ။
မနေ့ညကတော့ ခြွင်းချက် ဖြစ်သွားခဲ့တာပါ။” ဤကဲ့သို့ ပြောပြီး သူမအိပ်ယာဝင်ခဲ့ကာ
တစ်နေရာတည်းမှာပဲ ရပ်နေတဲ့ လုလီရှင်းကို ကြည့်လိုက်သည်။ သူမက အနားရှိ ခေါင်းဦးကို
လက်ဖြင့်ပုတ်ကာ “
ဒီကို လာအိပ်လေ“ ဟု ပြောလိုက်သည်။
လုလီရှင်း
သက်ပြင်းချလိုက်သည်။ သူ့ရဲ့ ကံကြမ္မာကို လက်ခံလိုက်ပြီးနောက် အိပ်ယာပေါ်
ဝင်လှဲအိပ်လိုက်သည်။
လူတစ်ယောက်က
ဘယ်ဘက်ခြမ်းတွင် ရှိနေပြီး အခြားတစ်ယောက်က ညာဘက်ခြမ်းတွင် ရှိနေခဲ့သည်။
အိပ်ယာပေါ်ရှိ ကျီချင်းချင်းနဲ့ လုလီရှင်းကြားမှာ လူနှစ်ယောက်စာအိပ်ဖို့တောင်
နေရာအလုံအလောက်ရှိ၏။
သို့သော်လည်း
သူတို့နှစ်ယောက်ကြားက အကွာအဝေးက တဖြည်းဖြည်းနဲ့ လျော့လျော့လာခဲ့သည်။
တိုင်ကပ်နာရီ၏
အချိန်သည် ညဆယ့်နှစ်နာရီသို့ရောက်သောအခါ လုလီရှင်းသည် အိပ်ယာပေါ်တွင်
လဲလျောင်းနေရင်း မျက်လုံးဖွင့်ကာ မျက်နှာကျက်ကို ကြည့်လိုက်သည်။
ထင်ထားသည့်အတိုင်းပဲ
သူ့ဘေး၌ လဲလျောင်းနေသူသည် ငါးမိနစ်အတွင်း အိပ်ပျော်သွားခဲ့သည်။ ဆယ်မိနစ်တွင် သူမက
တလှုပ်လှုပ် တရွရွ ဖြစ်လာခဲ့သည်။ နောက်ထပ် ဆယ်မိနစ်ကြာပြီးနောက် သူမသည် သူ့အား
ရေဘဝဲတစ်ကောင်လို ရစ်ပတ်လာခဲ့သည်။
လုလီရှင်းသည်
သူမကို စိတ်မရှည်စွာ တွန်းထုတ်လိုက်သည်။ ဒေါသတကြီးဖြင့် သူသည် သူ၏
အဖိုးတန်အားလပ်ရက်ကို ဘာကြောင့် ဖြုန်းတီးမိတာလဲလို့ မေးခွန်းထုတ်နေမိသည်။ ဒီမှာ
လဲလျောင်းနေရတာထက် ဘာမဆို ပိုကောင်းတဲ့ ရွေးချယ်မှုတွေ ဖြစ်နိုင်လိမ့်မည်။
လုလီရှင်းသည်
သူ့နားထင်ကြောတွေ တဆတ်ဆတ် လှုပ်ခါနေသလို ခံစားနေရသည်။ ကျီချင်းချင်းသည် သူ့ဆီသို့
တစ်ဖန်ပြန်လှည့်မလာခင် သူ့မျက်လုံးတွေကို မှိတ်ထားပြီး သူမရဲ့ တည်ရှိနေမှုကို
လျစ်လျှုရှုဖို့ အကောင်းဆုံး ကြိုးစားလိုက်သည်။
ကျီချင်းချင်းက
နောက်တစ်ခါ ပြန်လှည့်လာပြီး သူမခြေထောက်ကို သူ့အပေါ် ပစ်တင်လိုက်သည်။
“…….”
လုလီရှင်းသည်
စိတ်ထဲမှာ တိတ်တဆိတ် ဆဲရေးလိုက်မိသည်။
အလွန်ညစ်ညမ်းသော
ဆဲရေးစကားတစ်ခုပဲ။