အခန်း (၇၂)
လုလီရှင်းရဲ့ အလုပ်ပြန်တက်တာက ရုတ်ချည်း ဖြစ်ပျက်သွားခဲ့တာ
ဖြစ်သည်။ အကြီးတန်း ရှယ်ယာရှင် အနည်းငယ်မှ လွဲ၍ ဒီနေ့ သူ ရုံးပြန်တက်မှာကို
လူအနည်းငယ်သာ သိရှိခဲ့သည်။
အဆုံး၌ သူ လွန်ခဲ့သည့်တစ်လခန့်က ယာဥ်တိုက်မှု ဖြစ်ပွားခဲ့ပြီး
ဒဏ်ရာအပြင်းအထန်ရ၍ လူနာတင်ယာဥ်ဖြင့် ခေါ်ဆောင်သွားသောအခါဝယ် ထမ်းစင်ပေါ်တွင်
သွေးများရဲရဲနီစွေးနေခဲ့သည်ဟု ကောလဟလသတင်းများ ကြားသိခဲ့ရသည်။
ကောလဟလမျိုးစုံက ကုမ္ပဏီထဲမှာ ပျံ့နှံ့နေခဲ့သည်။ ဥပမာအားဖြင့်၊
စီအီးအိုလုက ကွယ်လွန်သွားခဲ့ပြီဖြစ်ကာ ကုမ္ပဏီအတွင်း ကသောင်းကနင်း မဖြစ်ပွားစေရန်
လျှို့ဝှက်ထားခဲ့ကြောင်း ကောလဟလတစ်ခုလည်း ရှိခဲ့ကြသည်။ စီအီးအိုလုသည်
ကားမတော်တဆမှုကြောင့် ဒုက္ခိတဖြစ်သွားပြီး ကျန်ဘဝတစ်ခုလုံးကို
ဘီးတပ်ကုလားထိုင်ပေါ်တွင် ကုန်ဆုံးသွားရတော့မည် ဖြစ်ကြောင်း ကောလဟလသတင်းများလည်း
ထွက်ပေါ်လာခဲ့သည်။
ဤကဲ့သို့သော ကောလဟလများကို ပြောဆိုသူများသည် သူတို့ကိုယ်တိုင်
မျက်မြင်တွေ့ကြုံခဲ့ရသကဲ့သို့ ယုံကြည်အောင် ထပ်ခါတလဲလဲ ပြောဆိုနေခဲ့ကြခြင်း
ဖြစ်သည်။
လုလီရှင်း ကုမ္ပဏီသို့ ရောက်လာသောအခါ မနက်ခင်း ရုံးမတက်ခင် အပြေးအလွှား
ဖြစ်နေချိန်ဆိုတော့ ကုမ္ပဏီအဝင်ဝမှာ နာရီကြည့်ပြီး အပြေးအလွှား ဖြစ်နေကြသည့်
ဝန်ထမ်းတွေကို နှစ်ယောက် သုံးယောက်စီ အဖွဲ့လိုက်ဖြင့် မြင်တွေ့ရသည်။
ကုမ္ပဏီရဲ့ အဝင်ဝမှာ Bentleyကား ရပ်တန့်သွားတာကို ဝန်ထမ်းများ သတိပြုမိလိုက်ကြသည်။
ဒါပေမယ့် လုလီရှင်း ကားထဲမှ ထွက်လာချိန်မှာတော့ လူအုပ်ရဲ့ အရှိန်ဟာ သိသိသာသာ
နှေးကွေးသွားကြသည်။ ဤကဲ့သို့ မြင်ကွင်းကို မြင်တွေ့ခဲ့ပြီး ဝန်ထမ်းတွေဟာ
တညီတညွတ်တည်း လုလီရှင်းကို အံ့သြထိတ်လန့်စွာဖြင့် တစ္ဆေသရဲကို မြင်တွေ့နေရသကဲ့သို့
သူ့ကို ကြည့်နေခဲ့သည်။
"စီ-စီအီးအို...
စီအီးအို လုလား။"
"စီအီးအိုလုလား။
ဘာလဲ။ နောက်ပြောင်နေတာ ရပ်လိုက်တော့။ စီအီးအိုလု မသေဘူးလား။"
"အဓိပ္ပါယ်မရှိတာ
ပြောမနေနဲ့။ စီအီးအိုလုက များသောအားဖြင့် လေဖြတ်နေရုံလောက်ပဲ
ဖြစ်နိုင်မှာပါ။"
"ဟေ့ကောင်တွေ...
ကြည့်စမ်း။ အဲ့တာ တကယ့်ကို စီအီးအိုလုပဲ။"
"မဖြစ်နိုင်တာ...
မင်္ဂလာပါ စီအီးအိုလု"
"မင်္ဂလာနံနက်ခင်းပါ...
စီအီးအိုလု"
......
လုလီရှင်းသည် တည်ငြိမ်အေးဆေးနေခဲ့ပြီး သူ့ပတ်ဝန်းကျင်ရှိ
စူးစမ်းလိုစိတ်နှင့် အံ့အားသင့်နေသော အကြည့်များကို
မမြင်ချင်ယောင်ဆောင်ထားလိုက်သည်။ သူ့မျက်လုံးများသည် မြားတစ်စင်းကဲ့သို့
စူးရှနေပြီး ရှေ့တည့်တည့်ကိုသာ ကြည့်နေခဲ့သည်။ ဘေးနားရှိ ဝန်ထမ်းတွေကို နှုတ်ဆက်သည့်ဟန်
ခေါင်းဆတ်ပြခဲ့သည်။
ချင်ရှောက်သည် မျက်နှာစာ ကြိုဆိုသည့် ကောင်တာမှာ သူ့ကို
စောင့်ဆိုင်းနေခဲ့သည်။ လုလီရှင်း ရောက်လာတာကို တွေ့လိုက်တာနဲ့ လုလီရှင်းထံသို့
လျှောက်လာခဲ့သည်။ "စီအီးအိုလု၊ စီအီးအိုရဲ့ စားပွဲပေါ်မှာ
စီးအီးအိုပြင်ဆင်ခိုင်းထားတဲ့ စာရွက်စာတမ်းတွေကို ကျွန်တော် တင်ခဲ့တယ်။ နောက်ပြီး
ဒီနေ့ အစည်းအဝေးလုပ်မယ် ဆိုတဲ့ အကြောင်းကို ကျွန်တော် ဌာနဆိုင်ရာ
အကြီးအကဲတွေကိုလည်း အကြောင်းကြားထားပါတယ်။ အစည်းအဝေးက နံနက် ၁၀နာရီမှာ
ကျင်းပပါမယ်။"
ချင်ရှောက်ကို ငယ်စဥ်ကတည်းက အကြီးအကဲလုမှ
ပြုစုပျိုးထောင်ပေးခဲ့ပြီး သူ့ကို အလွန်တန်ဖိုးထားခဲ့သည်။ နှစ်တွေကြာလာတာနဲ့အမျှ
သူသည် မစ်စတာလုအတွက် သာမက လုလီရှင်းအတွက်ပါ တာဝန်ထမ်းဆောင်ပေးခဲ့သည်။ သူ့ရဲ့
လုပ်ရည်ကိုင်ရည်က သူတို့ကို စိတ်ချမ်းသာစေခဲ့သည်။
လုလီရှင်း ခေါင်းညိတ်လိုက်သည်။
ဓာတ်လှေကား ဆင်းလာသောအခါ ဝန်ထမ်းအားလုံးသည် လမ်းဖယ်ပေးခဲ့ကြသည်။
ပထမဦးစွာ လုလီရှင်းက ဓာတ်လှေကားထဲသို့ ဝင်သွားခဲ့ပြီးမှ လိုက်ဝင်ကာ
ဓာတ်လှေကားတံခါးများ ပိတ်သွားပြီးနောက် ၂၂ဆိုသည့် ခလုတ်ကို နှိပ်လိုက်သည်။
ဓာတ်လှေကားဖြင့် အပေါ်သို့ တက်နေစဥ် သူတို့သည် ဒီနေ့ လုပ်ဆောင်ရမည့်
လုပ်ငန်းဆောင်တာများအကြောင်း ပြောဆိုခဲ့ကြသည်။
လုလီရှင်းသည် အလုပ်ဝါသနာအိုး ဖြစ်ပြီး သူ့အလုပ်ကို အမြဲတမ်း
ပြင်းထန်စွာ လုပ်ဆောင်ခဲ့သည်။ သူ့တစ်နေ့တာရဲ့ မိနစ်တိုင်းကို ထည့်သွင်းစဥ်းစားပြီး
အကျိုးရှိရှိ အသုံးပြုခဲ့သည်။ အလုပ်မှလွဲလို့ ကျန်တဲ့ကိစ္စများကို
အချိန်ဖြုန်းတယ်လို့ ရှုမြင်သူ ဖြစ်သည်။
ဓာတ်လှေကားသည် အသံမြည်ပြီးနောက် ဓာတ်လှေကားတံခါး ပွင့်သွားသည်။
လုလီရှင်း ဓာတ်လှေကားမှ ထွက်လာတာကို မြင်လိုက်ရသောအခါ ရေသောက်နေကြသော ဒါမှမဟုတ်
မိတ်ကပ်ပုတ်နေကြသော ဝန်ထမ်းတွေဟာ အေးခဲ သွားခဲ့ကြသည်။ ဂူသင်္ချိုင်းကို
ရောက်ရှိနေသကဲ့သို့ တိတ်ဆိတ်သွားခဲ့ကြသည်။ သူတို့သည် လုလီရှင်း ဖြတ်သွားတာကို
ကြည့်ပြီး တိတ်ဆိတ်နေခဲ့ကြသည်။
လုလီရှင်း အဝေးသို့ ရောက်သွားသည်နှင့် ဝန်ထမ်းတွေဟာ နှစ်ယောက်စု
သုံးယောက်စုစီ တီးတို အတင်းတုပ်နေခဲ့ကြသည်။
"အိုး...
ဘုရားရေ၊ စီအီးအိုလု မသေသေးဘူး။"
"ဒီတစ်လျှောက်လုံး
စီအီးအိုလု မသေသေးပါဘူးလို့ ငါပြောခဲ့တယ်။ နင်တို့တွေ ငါပြောတာကို
မယုံကြည်ကြဘူးလေ။"
"နင်က
စီအီးအိုလု မသေသေးဘူးလို့ ပြောပေမယ့် စီအီးအိုလုက အောက်ပိုင်းသေသွားတယ်လို့တော့
နင် ပြောခဲ့တယ်လေ။ ငါတို့အားလုံး သူ့ကို မြင်လိုက်ကြသားပဲ။ သူက နင်ပြောသလို
လေဖြတ်နေတာနဲ့ တူလို့လား။"
"နင်တို့အားလုံး
လောင်းကြေးရှုံးသွားပြီ။ ငါ့ကို ပိုက်ဆံပေးကြတော့။"
.........
လုလီရှင်းသည် သူ့ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
သူ့ရုံးခန်းသည် အဆောက်အဦးတစ်ခုလုံးတွင် အကျယ်ဆုံးဖြစ်ပြီး အလင်းရောင်
အကောင်းဆုံးအခန်း ဖြစ်သည်။ ၂၂ထပ်သည် အမြင့်ဆုံး မဟုတ်သော်လည်း ပြတင်းပေါက်မှရပ်၍
မြို့ရှုခင်းကို လှမ်းကြည့်နိုင်လောက်အောင် မြင့်မားသည်။
အတန်ကြာ အနားယူပြီးနောက် အလုပ်ပြန်တက်ခဲ့သည့် လုလီရှင်းသည်
သက်တောင့်သက်သာရှိစွာ သူ့စားပွဲဆီသို့ လျှောက်သွားကာ ကွန်ပြူတာကိုဖွင့်ပြီး
စကားဝှက်ကို ရိုက်ထည့်လိုက်သည်။ သူ့စားပွဲပေါ်မှာတော့ သူ လုပ်ဆောင်ရမည့်
စာရွက်စာတမ်းများစွာက သူ့ကို စောင့်ဆိုင်းနေခဲ့သည်။ သူက စာမျက်နှာ နှစ်မျက်နှာကို
လှန်ကြည့်ပြီးနောက် ချင်ရှောက်ကို ပြောလိုက်သည်။ "ငါ့အတွက် ဘာမှ လုပ်ပေးစရာ
မလိုအပ်သေးဘူး။ မင်း ထွက်သွားလို့ရပြီ။"
"ကောင်းပါပြီ။"
ချင်ရှောက်သည် ရုံးခန်းထဲမှ ထွက်သွားပြီး ရုံးခန်းတံခါးကို ပြန်ပိတ်ပေးခဲ့သည်။