အခန်း
(၁၀၀)
ကျီချင်းချင်းသည် သူ့ကို
အာရုံစိုက်ရန် အလွန်ပျင်းရိသည်။ အဲ့ဒီအစား သူမ ကိုင်ထားတဲ့ ရေနွေးခွက်ကိုသာ
ဆက်သောက်နေခဲ့သည်။
ဒါရိုက်တာက ဇာတ်ညွှန်း လုယောင်ထံ
ကိုယ်တိုင်ကိုယ်ကျ လာပို့ပေးသည်။ ဒီနေ့ ရိုက်ကူးမယ့် အကြောင်းအရာကိုတောင်မှ
ရှင်းပြလိုက်သေးသည်။ လုယောင်က သူ့ကို အမှုမဲ့အမှတ်မဲ့လောက်သာ ပြန်တုံ့ပြန်သည်။
လုယောင်ရဲ့အေးဂျင့်သည်
မြင်လိုက်တာနဲ့ အလွန် အရည်အချင်းရှိသော အမျိုးသမီးဖြစ်ကြောင်း ပြောနိုင်သည်။
သူမသည် ဒါရိုက်တာကို တင်စီးပြီး မောက်မာသော ပုံစံဖြင့် စကားပြောဆိုခဲ့သည်။ သူမက
အချက်တစ်ချက်ကိုပင် ထောက်ပြခဲ့သေးသည်၊ “အခုဆို ၁၁နာရီ ထိုးနေပြီ၊ ကျွန်မတို့
၁၂နာရီလောက်ဆို ရိုက်ကူးရေး ပြီးအောင် လုပ်ရမယ်။ ဒါ့အပြင် စတူဒီယိုမှာ ဘယ်သူမှ
ဗီဒီယို ရိုက်ကူးခွင့် မရှိရဘူး။ ရိုက်ကူးရေး အကြောင်းအရာနဲ့ သတင်းတွေကို
မျှဝေခွင့်မပြုဖို့ တားမြစ်ထားသင့်တယ်။”
ဒါရိုက်တာက တောက်ပစွာ ပြုံးပြီး “ဒါက
သဘာဝပါပဲ။” လို့ ပြောသည်။
ဘေးနားမှာ ရေနွေးခွက်ကို တိတ်တဆိတ်
သောက်နေတဲ့ ကျီချင်းချင်းကို ကြည့်ရင်း အေးဂျင့် မျက်မှောင်ကြုတ်သွားသည်။
ကျီချင်းချင်းသည်
အမျိုးသားအနုပညာရှင်တစ်ဦးနှင့် အလုပ်အတူတူ လုပ်ပြီးနောက် ကောလဟလသတင်းများ
ထွက်ရှိလေ့ရှိကြောင်း ဖျော်ဖြေရေးနယ်ပယ်ရှိ လူတိုင်း သိရှိထားကြသည်။
ကျီချင်းချင်းနှင့် လုယောင်တို့ဟာ ချောကလက်ကြော်ငြာအတွက် အတူတူ ရိုက်ကူးရမည်။
ဒီရူတင်အပြီးမှာ သူတို့အကြောင်း သတင်းစာ ခေါင်းကြီးပိုင်းမှာ ပါလာမှာကို သူမ
စိုးရွံ့မိသည်။
သို့သော် ဒါက သူမအတွက်
အလွန်စိုးရိမ်သင့်သည့် ကိစ္စ မဟုတ်ပေ။ အဆုံး၌ စုံတွဲအဖြစ် ပရိသတ်အကြား
နာမည်ကျော်ကြားတာက သင့်လျော်သော စျေးကွက်ရှာဖွေရေး အသွားအလာနှင့် ငွေရှာရန်
အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်သည်။ သတင်းအနည်းငယ် ပွထပြီးနောက် သူမသည်
၎င်းတို့အကြား မည်သည့်ဆက်ဆံရေးမျှ မရှိပါဘူးဟု ရှင်းလင်းချက်တစ်ခု တင်လိုက်ရုံသာ
လိုအပ်သည်။ ဤနည်းအားဖြင့် ကျီချင်းချင်းသာလျှင် ပရိသတ်တွေရဲ့
ဆဲဆိုကြိမ်းမောင်းခြင်းကို ခံရလိမ့်မည်။
“မစ်စတာလုနဲ့ မစ္စကျီ၊ ဒါရိုက်တာက
မင်းတို့နှစ်ယောက် ရိုက်ကူးဖို့ အဆင်သင့် ဖြစ်နေပြီလားလို့ မေးခိုင်းလိုက်တယ်။”
ကျီချင်းချင်းသည် ရေနွေးတစ်ခွက်
ကုန်အောင် သောက်ပြီးနောက် အများကြီး နေလို့ထိုင်လို့ ပိုကောင်းလာသည်။
အနည်းဆုံးတော့ အရင်ကလို ဓားသေးသေးလေးတွေ သူမ ဗိုက်ကို လှီးဖြတ်နေတယ်လို့ မခံစားရတော့ဘူး။
သူမက အပြုံးလေးဖြင့် “ကျွန်မ အဆင်သင့်ဖြစ်ပြီ” လို့ ပြောလိုက်သည်။
လုယောင်သည်လည်း သူ့မိတ်ကပ်ပြင်ဆင်မှု
ပြီးစီးသွားပြီ။ သူ့မျက်နှာပေါ်ရှိ အေးစက်သော အမူအရာသည် သူ့မျက်နှာပေါ်မှာ
စူပါဂလူးဖြင့် ကပ်ထားပုံရသည်။ သူက လက်ထောက်ကို ခေါင်းညိတ်ပြသည်။
ရူတင်ရိုက်ကူးရေးနေရာသို့
လူနှစ်ယောက် ရောက်ရှိလာသည်။ ဇာတ်ညွှန်းကို လက်မှာ ကိုင်ထားရင်း နှစ်ယောက်စလုံးဟာ
မျက်နှာအမူအရာ ကင်းမဲ့နေခဲ့ကြသည်။
လုယောင်သည် သူ့မျက်နှာအမူအရာ
မပြောင်းမလဲသာ ဆက်ရှိနေသေးသည်၊ “ချိုလား။”
“ချိုတယ်။”
“ဒါက မင်းလောက် မချိုမြိန်ဘူး။”
စုစုပေါင်း ပြောစရာ စကား
ဆယ်ကြောင်းသာ ရှိသည်။ ဒီကြော်ငြာတွင် အရေးကြီးဆုံးက အနုပညာရှင်၏
လုပ်ဆောင်ချက်နှင့် အနုပညာရှင်၏ မျက်လုံးထဲက ခံစားချက်တွေပင် ဖြစ်သည်။ လုယောင်သည်
ကျီချင်းချင်းကို ချောကလက်တစ်ပိုင်း ခွံကျွေးသည့် ရိုက်ကွင်းတစ်ခုလည်း ဖြစ်သည်။
လုယောင်သည် ချောကလက်တစ်ပိုင်းကိုယူကာ
ကျီချင်းချင်းကို တန်းကျွေးလိုက်သည်။ ကျီချင်းချင်းသည် ချောကလက်ကို
ကိုက်လိုက်သည်နှင့် ချောကလက်၏ ချိုမြိန်သော အရသာသည် ချက်ချင်းပင် သူမပါးစပ်ထဲ
ပြည့်သွားသည်။
ဒါက တကယ်ချိုတယ်။
ဒါရိုက်တာ လူနှစ်ယောက်
အစမ်းလေ့ကျင့်နေတာကို ဘေးကနေ ရပ်ကြည့်နေသည်။ မူလက ကျီချင်းချင်းကို
မြင့်မြင့်မားမား မျှော်လင့်ချက် သိပ်မထားခဲ့သော်လည်း သူတို့၏ အစမ်းလေ့ကျင့်မှုကို
မြင်တွေ့ပြီးနောက်တွင် သူ့အတွက် မြင့်မားသော မျှော်လင့်ချက်မရှိသူက လုယောင်
ဖြစ်လာခဲ့သည်။
“လုယောင်၊ မင်းမျက်လုံးထဲက
ခံစားချက်တွေက ပိုပြီး နူးညံ့နေရမယ်။ မင်း ပိုပြီး ပြုံးဖို့ လိုအပ်တယ်။ မင်း
ကျီချင်းချင်းကို ချောကလက် ကျွေးတဲ့အခါမှာ မင်းတို့နှစ်ယောက်ရဲ့ အကြည့်တွေကြားမှာ
အပြန်အလှန် ဆွဲဆောင်နိုင်စွမ်းတွေ ရှိရမယ်...”
ဒါရိုက်တာက လုယောင်ကို သရုပ်ဆောင်
ပိုပြီးချောမွေ့အောင် ကြိုးစားခဲ့သည်၊ လုယောင်တစ်ယောက် “ချိုမြိန်တယ်” ဟူသော
အမူအရာကို မည်ကဲ့သို့ သရုပ်ဆောင်ရမည်ကို ပြသဖို့ ထိုနေရာသို့ပင် ကိုယ်တိုင်ကိုယ်ကျ
သွားပြီး သင်ပြခဲ့သည်။ ဒါပေမယ့် နောက်ဆုံးမှာတော့ လုယောင်ဟာ ချိုမြိန်တယ် ဟူသော
ခံစားချက်ကို သရုပ်ဆောင်နိုင်စွမ်း မရှိသေးပေ။ လုယောင်ရဲ့ မျက်နှာအမူအရာသည် -
ငါသည်သာ ကမ္ဘာပေါ်တွင် အကောင်းဆုံးပဲ ဟူသော ခံစားချက်ကို ပေးစွမ်းနိုင်သော
မျက်နှာအမူအရာဖြင့် ဆက်ရှိနေသေးသည်။
ကျီချင်းချင်းသည် သူက
မျက်နှာအကြောသေနေတယ်လို့ပင် သံသယဝင်မိသည်။
၁၂နာရီမှာ အပြီး ရိုက်ကူးရမည်ဟု
သူ့အေးဂျင့်က ပြောခဲ့ပေမယ့် အခု ၁၁နာရီခွဲ ရှိနေခဲ့ပြီ။ သူတို့
အမြန်မရိုက်ကူးနိုင်ရင် ရိုက်ကူးရေးအတွက် နောက်တစ်ခါ ပြန်ချိန်းဆိုဖို့
လိုအပ်လိမ့်မည်။
ကျီချင်းချင်းသည် အကူဝန်ထမ်းထံမှ
ချောကလက်တစ်ပိုင်းကိုယူပြီး လုယောင်ကို တိုက်ရိုက်ကျွေးလိုက်သည်။ သူမသည်
လုယောင်နှင့် သရုပ်ဆောင်ရမည့် နေရာကို ပြောင်းလဲခဲ့သည်။
“ဒါက ချိုလား။”
လုယောင်သည် သူ့ပါးစပ်ရှေ့
ရောက်လာသည့် ချောကလက်ကို ကြည့်ပြီး မသိစိတ်အရ ခေါင်းရှောင်လိုက်မိသည်။
“မင်းပါးစပ်ကို ဖွင့်။”
လုယောင်သည် ကျီချင်းချင်း
ကမ်းပေးထားသည့် ချောကလက်ကို ကိုက်လိုက်သည်။
“ဒါက ချိုလား။”
လုယောင်သည် ခဏလောက်
တုံ့ဆိုင်းသွားပြီးနောက် “ဒါက ချိုတယ်။” လို့ ပြန်ဖြေသည်။
ကျီချင်းချင်းသည် စိတ်ထဲ မထားပဲ
လုယောင် ကိုက်ထားသော ချောကလက်ရဲ့ အခြားတစ်ဖက်ကို ကိုက်လိုက်သည်။
သူမမျက်ဝန်းလေးတွေက လခြမ်းကွေးလေးလို ကွေးညွှတ်သွားသည့်အထိ ပြုံးလိုက်ကာ “ဒါက
မင်းလောက်တော့ မချိုမြိန်ဘူး။” လို့ ပြောလိုက်သည်။
“အိုကေ၊ ကောင်းတယ်၊ ဒီအတိုင်း
သရုပ်ဆောင်လိုက်။” ဒါရိုက်တာက စိတ်လှုပ်ရှားသွားသည်၊ “လုယောင်၊ မင်း
ကျီချင်းချင်းနဲ့ သရုပ်ဆောင်ရမယ့်နေရာ ဖလှယ်မယ်။ ရိုက်ကူးရေး စကြရအောင်။”
လုယောင်ရဲ့ ပါးစပ်ထဲတွင် ချောကလက်
လက်ကျန်တွေ ရှိနေသေးသည်။ ချောကလက်ရဲ့ အရသာက ချိုမြိန်ပြီး အရသာရှိသည်။ သူက
ဒါရိုက်တာကို ခေါင်းညိတ်ပြသည်။