အခန်း၉၉
Viewers 16k

အခန်း (၉၉)

 

ကျီချင်းချင်းရဲ့ အဆက်မပြတ် လောဆော်မှုအောက်တွင် ဒရိုင်ဘာသည် နောက်ဆုံးတွင် ထျန်းယွိအင်တာတိန်းမန့်၏ မြေအောက်ကားပါကင်နေရာ၌ ကားကို ကိုးနာရီ ငါးဆယ်မိနစ်တွင် ရပ်လိုက်သည်။ ဆယ်မိနစ်အကြာတွင် ကျီချင်းချင်းသည် ကုမ္ပဏီဧည့်ခန်းသို့ ရောက်ရှိခဲ့ပြီး ချိန်းထားသောအချိန်ကွက်တိ ချင်ယွဲ့ကို အောင်မြင်စွာ တွေ့ဆုံနိုင်ခဲ့သည်။

 

သူမရဲ့ မျက်နှာလေးသည် ဖြူဖျော့နေသည်။ သူမ ကုမ္ပဏီဧည့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် ဆိုဖာပေါ်တွင် လှဲလျောင်းနေရင်း တုံ့ပြန်မှု မလုပ်နိုင်တော့ပေ။

 

ကျီချင်းချင်းတစ်ယောက် ကုမ္ပဏီဧည့်ခန်းထဲသို့ ဝင်လာသောအခါ ချင်ယွဲ့သည် ကြော်ငြာအပ်သည့် အေဂျင်စီနှင့် ရိုက်ကူးမည့် အစီအစဥ်များကို ဆွေးနွေးနေဆဲ ဖြစ်သည်။

 

ချင်ယွဲ့သည် ကုမ္ပဏီတွင် နာမည်ကြီးအေးဂျင့်တစ်ဦး မဟုတ်သောကြောင့် မုန့်ရွှင်းအစား ကျီချင်းချင်းကို တာဝန်ယူပေးရန် ပြောခဲ့သည်။ ဒါပေမယ့် သူ့ဘော့စ်က သူ့ကို ကျီချင်းချင်းရဲ့ အေးဂျင့်အဖြစ် သတ်မှတ်ခဲ့သည်။ အရင်က အနုပညာရှင်ပေါင်းများစွာနဲ့ ဆက်ဆံခဲ့ဖူးပြီး အတွေ့အကြုံလည်း အများကြီး ရှိပြီးသား ဖြစ်သည်။ ကျီချင်းချင်းရဲ့ အရင်က သိပ်မကောင်းသည့် အတိတ်အကြောင်း သူ သိပ်ပြီး မတွေးခဲ့ဘူး။ ဖျော်ဖြေရေး အသိုင်းအဝိုင်းမှာ ဘယ်အရာမှ တည်မြဲခြင်း မရှိဘူး။ လူတစ်ဦးရဲ့ ကံကြမ္မာအပြောင်းအလဲက ချက်ချင်း ရရှိနိုင်ပြီး သူမနှင့် သူမပတ်ဝန်းကျင်ရှိ မကောင်းသော ကောလာဟလများကိုပါ ဖယ်ရှားနိုင်စွမ်းရှိသည်။ ဖျော်ဖြေရေး နယ်ပယ်မှာ အမှိုက်သရိုက်တွေနှင့် လျှို့ဝှက်ချက်တွေ အများကြီး ရှိသည်။

 

“မင်းမျက်နှာက ဘာဖြစ်လို့ အရမ်းဖြူဖျော့နေတာလဲ။”

 

ကျီချင်းချင်းက သူမလက်ကို ဝှေ့ယမ်းပြီး ပြန်ဖြေသည်။ “ကိစ္စကြီး မဟုတ်ဘူး။ ခဏလောက် အနားယူပြီးရင် သက်သာသွားလိမ့်မယ်။”

 

“မင်း အဆင်ပြေတာ သေချာရဲ့လား။”

 

“ကျွန်မ အဆင်ပြေပါတယ်။ ဒီနေ့ ဘာရိုက်ကူးရမှာလဲ။”

 

ချင်ယွဲ့က သူမကို ကြော်ငြာဇာတ်ညွှန်းတစ်ခု လှမ်းပေးခဲ့သည်။ “ကျွန်တော်တို့ ၁၁နာရီလောက်မှာ ကြော်ငြာရိုက်ကူးဖို့ စတူဒီယိုကို သွားရမယ်။”

 

ကျီချင်းချင်းက ဇာတ်ညွှန်းကို လှန်ကြည့်လိုက်သည်။ ဇာတ်ညွှန်းက သိပ်မရှည်ပါဘူး၊ သူမ ကြော်ငြာထဲမှာ စာကြောင်းအနည်းငယ် ပြောဖို့သာ လိုအပ်သည်။

 

သူမက အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး “ဒါဆို မြန်မြန် သွားကြတာပေါ့၊ ကျွန်မတို့ နောက်မကျသင့်ဘူး။ ဒီလိုမှမဟုတ်ရင်၊ သူမတို့က ကျွန်မနောက်ကွယ်မှာ အတင်းအဖျင်းပြောပြီး အထူးဂရုစိုက်မှု ခံယူဖို့ ကျွန်မရဲ့ ကျော်ကြားမှကို အသုံးချနေတယ်လို့ ညည်းညူနေကြလိမ့်မယ်။”

 

ဖျော်ဖြေရေးနယ်ပယ်မှာ ရပ်တည်ဖို့က ခက်ခဲပါသည်။

 

တကယ်လို့ မင်း နောက်ကျမှ ရောက်ရှိသွားရင် မင်းရဲ့ နာမည်ကျော်ကြားမှုကြောင့် အထူးအလေးပေးမှု ခံယူနေတာလို့ သူတို့က ပြောဆိုကြလိမ့်မည်။ တခြားသူတွေနဲ့ ဝေးဝေးနေဖို့ လုပ်ရင် သူတို့ကို နှိမ့်ချနေတာလို့ ပြောဆိုကြလိမ့်မည်။ လူတွေကို ကြင်ကြင်နာနာ ဆက်ဆံပေးရင် သူတို့ကို မျက်နှာလို မျက်နှာရ လုပ်တယ်လို့ ပြောကြလိမ့်မည်။ ဖျော်ဖြေရေးနယ်ပယ်က လူတွေက အခြားနယ်ပယ်က လူတွေထက် ပိုပြီး ဆက်ဆံရခက်သည်။

 

သူမ ဆိုဖာပေါ်တွင် မိနစ်အနည်းငယ်ခန့် အနားယူပြီးနောက် ကျီချင်းချင်းသည် ချင်ယွဲ့နှင့်အတူ ကုမ္ပဏီနှင့် နာရီဝက်ခန့် အကွာအဝေးမှာ ရှိသည့် စတူဒီယိုသို့ သွားခဲ့သည်။

 

ကျီချင်းချင်း ကုမ္ပဏီမှ ထွက်သွားသည်နှင့် လုလီရှင်းတစ်ယောက် ကုမ္ပဏီသို့ ရောက်ရှိလာသည်။ သူ ကုမ္ပဏီထဲသို့ ဝင်ဝင်ချင်းမှာပင် ကျီချင်းချင်းက ကြော်ငြာရိုက်ကူးဖို့ စတူဒီယိုသို့ သွားကြောင်း ဝန်ထမ်းတွေက ပြောလာခဲ့သည်။

 

လုလီရှင်းရဲ့ လက်ထဲက အကိုက်အခဲပျောက်ဆေးဗူးက ပုံသဏ္ဍာန် ပျက်ယွင်းသွားသည်မှာ ကြာပါပြီ။ လုလီရှင်းသည် ကားဆီသို့ ပြန်သွားပြီး ဒရိုင်ဘာကို စတူဒီယိုသို့ မောင်းခိုင်းလိုက်သည်။

 

ဒရိုင်ဘာဖြစ်သူ ရှောင်ကျန်းသည် ကားနောက်ကြည့်မှန်မှတဆင့် လုလီရှင်းရဲ့ မျက်နှာကို ကြည့်လိုက်သည်။ မစ္စတာလုနှင့် မစ္စလုတို့ရဲ့ အချစ်ရေးအကြောင်းကို တွေးပြီး သက်ပြင်း မချပဲ မနေနိုင်တော့ပေ။ သူက အပြုံးဖြင့် ပြောသည်။ “ဆရာ၊ စိတ်မပူပါနဲ့။ ကျွန်တော် အမြန်ဆုံး ရောက်အောင် မောင်းပေးပါမ့ယ်။”

 

လုလီရှင်း ပြန်ဖြေသည်၊ “ကောင်းပြီ”

 

ကျီချင်းချင်းတစ်ယောက် စတူဒီယိုသို့ ‌ရောက်ရှိချိန်တွင် စတူဒီယိုရိုက်ကွင်းကို စတင်ပြင်ဆင်နေတုန်း ဖြစ်သည်။

 

ဒါရိုက်တာ လက်ရှိမှာ အရေးကြီးတဲ့ ကိစ္စရပ်တချို့ကို ရိုက်ကွင်းမန်နေဂျာအား ရှင်းပြနေသည်။ ရိုက်ကွင်းမန်နေဂျာသည် အမြင်စူးရှသည်။ သူက ကျီချင်းချင်းနှင့် သူမအေးဂျင့်တို့ စတူဒီယိုထဲ ဝင်လာသည်နှင့် ချက်ချင်း တန်းမြင်ခဲ့သည်။ သူက ဒါရိုက်တာကို ကျီချင်းချင်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောပြခဲ့သည်။

 

ဒါရိုက်တာက ကျီချင်းချင်းနှင့် သူမအေးဂျင့်တို့ကို တချက်လှမ်းကြည့်လိုက်သည်။ သူမသည် တတိယအဆင့် အနုပညာရှင်မျှသာ ဖြစ်သောကြောင့် သူအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ အပြင်ထွက် နှုတ်ဆက်ရန် မလိုအပ်ပေ။ ကျီချင်းချင်းနှင့် ဆက်သွယ်ပြောဆိုရင် လက်ထောက်ဒါရိုက်တာအား ဖုန်းခေါ်ခဲ့သည်။

 

ကျီချင်းချင်းသည် အဝတ်လဲခန်းထဲတွင် ထိုင်နေသည့်အချိန်တွင် လက်ထောက်ဒါရိုက်တာက သူမနှင့် ကိစ္စအချို့ ဆွေးနွေးဖို့ ရောက်လာခဲ့သည်။

 

ဒါက ချောကလက်ကြော်ငြာတစ်ခု ဖြစ်သည်။ ဒီကြော်ငြာရိုက်ကူးဖို့ ငှားရမ်းထားတဲ့ အနုပညာရှင်နှစ်ဦးက ကျီချင်းချင်းနှင့် လုယောင်တို့ပဲ ဖြစ်သည်။ လုယောင်သည် ငယ်ရွယ်သော အနုပညာရှင်တစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် အလွန်ရေပန်းစားနေခဲ့သည်။ ကြော်ငြာရှင်တွေက ဒီကြော်ငြာကို အရမ်းချိုမြိန်တဲ့ ခံစားချက်ကို ပေးစွမ်းချင်ကြသည်။

 

ကျီချင်းချင်းသည် ဒီစာကြောင်းတွေကို နှလုံးသားမှ မှတ်မိစွဲထင်သည်အထိ ရွတ်ဆိုခဲ့သည်။ ဒါပေမယ့် သူမဟာ “ချိုမြိန်တဲ့ ခံစားချက်” ကို ပေးစွမ်းနိုင်ဖို့ ဒီကြော်ငြာကို ဘယ်လိုသရုပ်ဖော်ရမလဲဆိုတာကို မသိတာကြောင့် ကမောက်ကမ ဖြစ်ခဲ့ရသည်။

 

“ညီမချင်းချင်း၊ ဒီမှာ မင်း တောင်းထားတဲ့ အကိုက်အခဲပျောက်ဆေးနဲ့ ရေနွေး။”

 

ကျီချင်းချင်းသည် လက်ထောက်လေးကို သူမရဲ့ အသက်ကယ်တင်ရှင်လို ကြည့်လိုက်သည်။ သူမသည် အကိုက်အခဲပျောက်ဆေးနှစ်လုံး ထုတ်ယူပြီး သောက်ချလိုက်သည်။

 

“ကျေးဇူးပါ။”

 

သူမ လက်ထောက်လေးကို ကျေးဇူးတင်စကား ပြောပြီးသည်နှင့် အဝတ်လဲခန်းတံခါး ပွင့်လာပြီး လျှောက်လမ်းပေါ်ရှိ အမျိုးသား‌မော်ဒယ်တစ်ယောက်လို အရပ်ရှည်ရှည်နှင့် အမျိုးသားတစ်ဦး ဝင်လာခဲ့သည်။ သူ့နောက်တွင် လက်ထောက် လေး ငါးဦးနှင့် သက်တော်စောင့်များ လိုက်ပါလာခဲ့သည်။ သူက ကျီချင်းချင်းကို လှည့်မကြည့်ပဲ ကျီချင်းချင်း ဘေးနားက ထိုင်ခုံတွင် ဝင်ထိုင်ခဲ့သည်။ မိတ်ကပ် အနုပညာရှင် နှစ်ဦးက သူ့ကို ဝိုင်းဝန်း လိမ်းခြယ်ပေးခဲ့ကြသည်။

 

သူ့မျက်နှာအသွင်အပြင်ဟာ တိကျသပ်ရပ်ပြီး အသားအရေက အလွန်ကောင်းသည်။ သို့ပေမယ့် သူ့မှာ အေးစက်သော သဘောထားရှိပြီး ချဥ်းကပ်ရခက်ခဲပုံပေါ်သည်။

 

ကျီချင်းချင်းသည် ဒီတစ်ယောက်က လုယောင် ဖြစ်လိမ့်မည် ဆိုတာ မှန်းဆရန်ပင် မလိုအပ်ပေ။

 

“ဟယ်လို၊ ကျွန်မက ကျီချင်းချင်းပါ။ နောက်ကျရင် ကျွန်မတို့ အလုပ်အတူတူ လုပ်ရမှာဆိုတော့၊ ကျေးဇူးပြုပြီး ကူညီညွှန်ပြပေးပါဦး။”

 

လုယောင်က သူမထံ တစ်စက္ကန့်မျှသာ အကြည့်ရောက်လာခဲ့သည်။

 

... သူ့ရဲ့ မောက်မာလွန်းတဲ့ သဘောထားကို ကြည့်လိုက်ပါ။