အခန်း၉၈
Viewers 16k

အခန်း (၉၈)

 

ကျီချင်းချင်းသည် နံရံကိုမှီ၍ သူမ ဗိုက်လေးကို လက်ဖြင့် အသာဖုံးအုပ်ထားသည်။ သူမရဲ့ စိတ်ဆုံးဖြတ်ချက်က ခိုင်မာနေခဲ့သည်။ လုလီရှင်းသည် သူမ ဤကဲ့သို့ ဆက်လုပ်နေခြင်းကို မကြည့်နိုင်တော့ပဲ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူမခါးကိုကိုင်ပြီး ပင့်မြှောက်လိုက်သည်။

 

ကျီချင်းချင်းသည် အံ့သြတကြီး တိုးတိုးလေး အသံပြုမိသည်။ သူမနှလုံးသားဟာ ဝုန်းဒိုင်းကြဲ အခုန်မြန်သွားကာ မသိစိတ်ကနေ သူ့လည်ပင်း သူမလက်တွေဖြင့် တင်းကြပ်စွာ သိုင်းဖက်မိသည်။ သူမက သူ့ကို အံ့အားတသင့် ကြည့်ပြီး “ရှင် ဘာလုပ်နေတာလဲ။” လို့ မေးမိသည်။

 

လုလီရှင်းသည် သူမမေးခွန်းကို အဖြေပြန်မပေးခဲ့ပေ။ အဲ့ဒီအစား သူက သူမကို ကုတင်ပေါ် ချီပို့ပေးပြီး သူမကို စောင်ခြုံပေးသည်။ “ဒီမှာ ခဏစောင့်နေ။”

 

ထိုသို့ပြောပြီးသည်နှင့် သူက လှည့်ထွက်သွားပြီး အိမ်အောက်ထပ်သို့ ဆင်းသွားခဲ့သည်။

 

သူက အမျိုးသမီးတွေရဲ့ ကိစ္စရပ်အကြောင်း နားမလည်တာကြောင့် သူမရဲ့ နာကျင်မှုကို သက်သာသွားအောင် ဘယ်လိုလုပ်ပေးရမှန်းကို မသိပေ။ သို့သော် ကျီချင်းချင်းသည် သူမရဲ့ နာကျင်မှုကို သက်သာစေရန် အကိုက်အခဲပျောက်ဆေး နှစ်လုံးလောက် သောက်လိုက်လျှင် သက်သာသွားလိမ့်မယ်လို့ ပြောခဲ့သည့်အတွက် အန်တီဖေးထံမှ ဆေးတောင်းဖို့ အောက်ထပ်သို့ ဆင်းသွားခဲ့တာ ဖြစ်သည်။

 

သူက ဗီလာတစ်ဝိုက် လှည့်ပတ်ရှာဖွေခဲ့သော်လည်း အန်တီဖေးကို ရှာမတွေ့သေးပေ။ သူက အခြားအစေခံတစ်ယောက်ကို မေးကြည့်ရာ အန်တီဖေးသည် ကွယ်လွန်သူ မစ္စလုရဲ့ ကျန်ရစ်ခဲ့သော ဥယျာဥ်ရှိ ပန်းပင်တွေနှင့် အပင်များကို ပြုစုစောင့်ရှောက်ပေးနေကြောင်း သိလိုက်ရသည်။

 

“အန်တီဖေး၊ အန်တီဆီမှာ အကိုက်အခဲပျောက်ဆေး ရှိလား။”

 

“အကိုက်အခဲပျောက်ဆေးလား။” အန်တီဖေးသည် အပင်လောင်းသည့် ရေကရားလေးကို အောက်ချလိုက်ပြီး မေးသည်၊ “သခင်လေး နေမကောာင်းလို့လား။”

 

“ကျွန်တော့်အတွက် မဟုတ်ဘူး၊ ချင်းချင်းအတွက်။ သူမ...” လုလီရှင်းသည် တခဏတာမျှ ရပ်တန့်သွားပြီး သူ့ဗိုက်ကို ထိပြလိုက်သည်။

 

အန်တီဖေးသည် သူ့လုပ်ရပ်ကြောင့် ချက်ချင်း နားလည်သဘောပေါက်သွားပြီး အပြုံးလေးဖြင့် “ဟုတ်၊ အန်တီဆီမှာ အကိုက်အခဲပျောက်ဆေး ရှိတယ်။ အန်တီ သွားယူပေးမယ်၊ ကျေးဇူးပြုပြီး ခဏစောင့်ပေးနော်။”

 

လုလီရှင်းက ခေါင်းညိတ်ပြပြီး အကိုက်အခဲပျောက်ဆေး လိုက်ယူဖို့ အန်တီဖေးရဲ့ နောက်သို့ လိုက်သွားခဲ့သည်။

 

ကျီချင်းချင်းသည် လုလီရှင်း အခန်းထဲမှ ထွက်သွားတာကို စောင့်နေပြီးနောက် သူမသည် အိပ်ရာထဲမှ လူးလဲထပြီး ရေချိုးခန်းထဲသို့ဝင်ကာ ရေချိုးသန့်စင်ခဲ့သည်။

 

လုလီရှင်းက သူမကို စောင့်နေခိုင်းပေမယ့် သူမမှာ စောင့်နေဖို့ အချိန်မရှိဘူး။ အခုတင် ကိုးနာရီခွဲနေပြီ၊ သူမ အခုအချိန်မှ ကုမ္ပဏီကို မသွားရင် နောက်ကျသွားလိမ့်မယ်။

 

သူမ မနေ့ညတုန်းက အစ်ကိုချင်ယွဲ့ကို ဒီနေ့ ကုမ္ပဏီကို ဆယ်နာရီအရောက်လာခဲ့မယ်ဟု ကတိပေးခဲ့သည်။ သူမအန်တီလာသောကြောင့် ကတိဖျက်ရမည့် အဖြစ်မျိုးကို သူမ လက်သင့်မခံနိုင်ဘူး။

 

သူမသည် မိတ်ကပ်လေးတောင် မလိမ်းပဲ အဝတ်အစားလဲကာ အိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ဒရိုင်ဘာက သူမကို ဗီလာအပြင်ဖက်မှာ အဆင်သင့် ရပ်စောင့်နေခဲ့သည်။ ကျီချင်းချင်းက သူ့ကို အသက်ကယ်ကောက်ရိုးတစ်မျှင်လို ကြည့်လိုက်မိသည်။ ကျီချင်းချင်းက ကုမ္ပဏီသွားဖို့ အလျင်လိုနေသော်လည်း အနီးအနားက အစေခံကို ညွှန်ကြားပြောဆိုခဲ့ဖို့ မမေ့ခဲ့ဘူး။

 

“မစ်စတာလု ကျွန်မအကြောင်းကို မေးခဲ့ရင် ကျွန်မ ကုမ္ပဏီကို သွားတယ်လို့ ပြောလိုက်ပါ။”

 

အစေခံက လိုက်နာခဲ့သည်။

 

ကျီချင်းချင်းရဲ့ကား ဗီလာမှ ထွက်သွားသည်နှင့် လုလီရှင်းသည် အန်တီဖေးထံမှ အကိုက်အခဲပျောက်ဆေးကို ယူပြီး အပေါ်ထပ်သို့ တက်သွားခဲ့သည်။ လုလီရှင်းသည် သူ မရှိသည့် အချိန်ခဏလေးအတွင်းမှာ ကျီချင်းချင်း ပျောက်ကွယ်သွားလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

 

လုလီရှင်းသည် ရှုပ်ပွနေသော ကုတင်ကိုကြည့်ရင်း နေရာ၌ပင် အေးခဲသွားသည်။ တစ်မိနစ်အကြာတွင် သူက လှည့်ပတ်ကြည့်ပြီး အိမ်အောက်ထပ်သို့ ဆင်းကာ သူမကို ရှာဖွေခဲ့သည်။

 

လုလီရှင်းသည် သူမကို ဗီလာတစ်ဝိုက် လိုက်လံရှာဖွေခဲ့သော်လည်း သူမကို ရှာမတွေ့ခဲ့ပေ။ ထို့နောက် သူက အနီးအနားက အစေခံကို မေးလိုက်သည်၊ “ငါ့ဇနီးသည်ကို ဘယ်မှာ တွေ့လဲ။”

 

“မဒမ်က သခင်လေး သူမကို မေးရင် ကုမ္ပဏီကို သွားပြီလို့ ပြောပေးပါလို့ ကျွန်မကို မှာခဲ့တယ်။”

 

လုလီရှင်းသည် သူ့လက်ထဲမှ အကိုက်အခဲပျောက်ဆေးဗူးကို ပုံပျက်သွားသည့်အထိ ဖျစ်ညှစ်မိသည်။ သူက ဖုန်းကိုထုတ်ယူပြီး ကျီချင်းချင်းကို ဖုန်းခေါ်လိုက်သည်။

 

“မင်း ဘယ်သွားတာလဲ။”

 

ကျီချင်းချင်းသည် ကားနောက်ခန်းတွင် လဲလျောင်းနေသည်။ သူမရဲ့ စိတ်ဝိညာဥ်က သူမခန္ဓာကိုယ်မှ ထွက်သွားတော့မည်ဟု ခံစားနေရကာ အားနည်းဖျော့တော့စွာ ပြန်ဖြေခဲ့သည်၊ “ကျွန်မ ကုမ္ပဏီကို သွားနေတာ။”

 

လုလီရှင်းတစ်ယောက် မျက်ခုံးကြားမှ အရေးအကြောင်းပေါ်သည့်အထိ မျက်မှောင် တင်းတင်းကြုတ်လိုက်မိသည်။ မျက်မှောင်တင်းတင်းကြုတ်ထားသည်မှာ သူ့မျက်ခုံးကြားမှာ ယင်ကောင်များကို ဖမ်းမိနိုင်လောက်အောင် တင်းကြုတ်နေခဲ့သည်၊ “မင်းခန္ဓာကိုယ်က နေမကောင်းဘူးမလား။”

 

“ကျွန်မ ကုမ္ပဏီသွားရာလမ်းမှာ အကိုက်အခဲပျောက်ဆေးအချို့ ဝယ်သောက်လိုက်မယ်။ ဒါက ကိစ္စ ကြီးကြီးမားမား မဟုတ်ပါဘူး။ ကျွန်မ နောက်ကျနေပြီ၊ ဒါ့ကြောင့် ကျွန်မ ဖုန်းအရင်ချနှင့်လိုက်မယ်။” ကျီချင်းချင်းသည် နာကျင်ကိုက်ခဲမှုကြောင့် သူမ အရမ်းမသက်သာသလို ခံစားနေရသည်။ ဒါတွေ အားလုံးအပြင်၊ သူမ နောက်မကျကြောင်း သေချာစေဖို့ အချိန်ကို အာရုံစိုက်ဖို့ လိုအပ်နေသေးသည်။ သူမ အရမ်းမောနေခဲ့ပြီ၊ သူမ စကာားထပ်ပြောရင် မောပန်းလွန်းလို့ ကောင်းကင်ဘုံကို တက်သွားလိမ့်မည်။

 

လုလီရှင်းသည် သူ့ဖုန်းမျက်နှာပြင် မည်းသွားတာကို ကြည့်လိုက်သည်။ သူက မှုန်ကုပ်ကုပ်မျက်နှာဖြင့် အစေခံကို ညွှန်ကြားလိုက်သည်။ “ငါ့အတွက် ကားတစ်စီး ချက်ချင်းစီစဥ်ပေး။”