အခန်း
(၉၇)
လုလီရှင်းသည် သူမကို ကူကယ်ရာမဲ့စွာ
ကြည့်မိရုံမှတပါး မနေနိုင်တော့ပေ။ သူမသည် အမြဲတမ်း တောက်ပစွာ ပြုံးပျော်နေပြီး
နံနက်စောစောတွင်ပင် ရွှင်လန်းတက်ကြွနေတတ်သည်။ ဒါပေမယ့် အခုအချိန်မှာတော့ သူမဟာ
နှင်းခါးရိုက်ထားသည့် ခရမ်းသီးလိုပါပဲ။ သူမရဲ့ မျက်နှာတစ်ဝက်ကို စောင်ပုံထဲမှာ
နစ်မြှုပ်ထားခဲ့သည်။ ကျီချင်းချင်းရဲ့ မျက်ဝန်းတွေက စိတ်ဝိညာဥ်
ကင်းမဲ့နေဟန်ပေါ်ပြီး သူမရဲ့ မျက်ဝန်းအောက်တွင် အမည်းကွင်း နှစ်ကွင်းရှိသည်။ ဒါကို
ကြည့်ရတာ သူမ မနေ့ညက ကောင်းကောင်း အိပ်မပျော်ခဲ့ဘူးဆိုတာ သိသာပါသည်။
“အခု ဘယ်နှနာရီရှိပြီလဲ...”
ကျီချင်းချင်းသည် အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ သူမသည် သူမရဲ့ ဝမ်းဗိုက်ကို
လက်ဖြင့် ဖုံးအုပ်ထားပြီး အသံက အတော်လေး အားနည်းနေခဲ့သည်။ သူမကြည့်ရတာ အားနည်းပြီး
ဖျားနာနေပုံပဲ။
“ကိုးနာရီခွဲ ရှိပြီ။”
ကျီချင်းချင်းက သက်ပြင်းတစ်ချက်
ချပြီး သူမ မျက်နှာကို ဖုံးအုပ်ဖို့ စောင်ကို ဆွဲတင်လိုက်သည်။ လူတစ်ယောက်ဟာ
ကိုယ့်ကိုယ်ကို ဂုဏ်ယူလွန်းလို့ မဖြစ်ဘူး၊ မဟုတ်ရင် သူတို့အတွက် အဆင်မပြေတာတွေ
ကြုံတွေ့ရနိုင်သည်။
သူမသည် မနေ့ညက
အရမ်းစိတ်လှုပ်ရှားနေခဲ့ပြီး နောက်တစ်နေ့မှာတော့ သူမထံ အန်တီ(ဓမ္မတာလာ)
ရောက်လာခဲ့သည်။ သူမရဲ့ ဝမ်းဗိုက်ထဲ ဓါးသေးသေးလေးတွေဖြင့် ဖြေးညင်းစွာ
ပိုင်းဖြတ်နေသလို ခံစားရသည်။ ဒါက အလွန်အမင်း နာကျင်စေခဲ့သည်။
ဒါပေမယ့် သူမမှာ ဒီနေ့ ရိုက်ကူးရေး
ရှိသည်။ သူမ ဒါကို နှောင့်နှေးစေလို့ မဖြစ်ဘူး။
“မဟုတ်ဘူး၊ ငါ အိပ်ရာထရမယ်။”
ဒီနေရာသို့ ကူးပြောင်းလာပြီးနောက် ဒါက သူမ ရရှိခဲ့သော ပထမအလုပ်ပင် ဖြစ်သည်။ သူမသည်
မနက်ဆယ်နာရီမှာ ကုမ္ပဏီမှာတွေ့မယ်လို့ ချင်ယွဲ့ကို ကတိပေးထားသည့်အတွက် သူမ
မပျက်မကွက် သေချာပေါက် သွားရောက်ရမည်။
ကျီချင်းချင်းသည် သူမ
စိတ်ပိုင်းဖြတ်ပြီး စောင်ကိုဖယ်ကာ အိပ်ရာထလိုက်သည်။ သူမရဲ့ ဝမ်းဗိုက်ကို
အသာအုပ်ကိုင်ထားပြီး ထရပ်လိုက်ချိန်တွင် သူမရဲ့ ခြေထောက်က မြေပေါ်သို့
ခွေလဲကျသွားတော့မလို ဖြစ်သွားသည်။
လုလီရှင်းသည် သူမရဲ့ ဟန်ပန်ကြောင့်
သူမ နေမကောင်းဖြစ်နေသည်ဟု ထင်လိုက်သည်။ လုလီရှင်းက ကျီချင်းချင်းအနားသို့
ချဥ်းကပ်သွားပြီး သူမနဖူးကို စမ်းသပ်ကာ ဂရုတစိုက် မေးမြန်းလိုက်သည်၊ “မင်း
နေမကောင်းဘူးလား။”
ကျီချင်းချင်းက ခေါင်းလေးမော့ပြီး
သူ့ကို သနားစဖွယ်အမူအရာလေးဖြင့် ကြည့်ကာ “ကျွန်မဝမ်းဗိုက်က နာကျင်နေတယ်။”
“မင်း အအေးမိသွားပြီးလို့လား
ဒါမှမဟုတ် သိပ်မကောင်းတော့တဲ့ အစားအသောက်တွေကို စားမိလို့ ဖျားနာသွားတာလား။”
ကျီချင်းချင်းက ခေါင်းခါကာ
သက်ပြင်းချသည်၊ “ကျွန်မအန်တီ ရောက်လာလို့။”
လုလီရှင်းသည် သူမကို ဗလာအကြည့်ဖြင့်
စိုက်ကြည့်နေသည်။ သူက အမျိုးသားတစ်ယောက် ဖြစ်တာကြောင့် သူသည် အမျိုးသမီးတစ်ယောက်၏
နာကျင်မှုဝေဒနာကို လုံးဝ နားမလည်နိုင်ပေ။
ဒါပေမယ့် အမျိုးသမီး
တော်တော်များများဟာ လစဥ် ရက်အနည်းငယ်လောက် စိတ်မသက်မသာ ခံစားရတယ် ဆိုတာကိုတော့ သူ
သိသည်။ တခါတရံမှာ နာကျင်မှုက သည်းမခံနိုင်လောက်အောင် နာကျင်ပြင်းထန်လွန်းတတ်သည်။
မသက်မသာဖြစ်မှု အတိုင်းအတာသည် သူတို့ရဲ့ ခန္ဓာကိုယ်နှင့် နေထိုင်မှု အလေ့အထပေါ်တွင်
မူတည်သည်။ ရေနွေးသောက်ခြင်းက နာကျင်မှုကို အနည်းငယ် လျော့ပါးသက်သာစေသည်။ နာကျင်မှု
အရမ်းပြင်ထန်ရင် နာကျင်မှုကို သက်သာစေဖို့ ဆေးတချို့ သောက်နိုင်ပါသည်။
လုလီရှင်းသည် သူက အမျိုးသားတစ်ယောက်
ဖြစ်သည့် ဒီကိစ္စအတွက် သူ ဘာမှ မတတ်နိုင်ဘူးလို့ တွေးခဲ့သည်။ “ဒါဆို မင်း
အိပ်ရာထဲမှာပဲ လှဲနေသင့်တယ်။ မင်း ရေနွေးများများ သောက်သင့်တယ်။ တကယ်လို့ မင်း
တစ်ခုခု လိုအပ်ရင် အန်တီဖေးကို ယူခိုင်းလိုက်ပါ။ ကိုယ် အခု ကုမ္ပဏီကို သွားရတော့မယ်။”
သူက သူမကို နောက်တစ်ကြိပ်
ရေနွေးထပ်သောက်ဖို့ ပြောခဲ့သည်။
ကျီချင်းချင်းက သူ့ကို
စိုက်ကြည့်နေသည်။ ဒီလိုအချိန်အခါမျိုးမှာ အမျိုးသားတိုင်းက အမျိုးသမီးတွေကို
ဒီစကားတစ်ခွန်းကိုပဲ ပြောတတ်ပုံရသည်။
“မဖြစ်ဘူး။” ကျီချင်းချင်းသည်
အိပ်ရာကို အမှီပြုပြီး ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သူမက အံတင်းတင်းကြိတ်ပြီး
“ကျွန်မ ဒီမနက် ရူတင် ရိုက်ဖို့ ရှိတယ်။ ကျွန်မ အစ်ကိုချင်ယွဲ့ကို ဒီမနက်
၁၀နာရီမှာ ကုမ္ပဏီကို အရောက်လာခဲ့မယ်လို့ ကတိပေးထားခဲ့တယ်။”
လုလီရှင်းသည် တလှမ်းချင်း
တလှမ်းချင်း ရွေ့လျားနေသည့် သူမရဲ့ ဖြူဖျော့နေသော မျက်နှာကို လှမ်းကြည့်လိုက်သည်။
သူက “အဲ့တာက အရမ်းနာကျင်နေတာလား။” လို့ သံသယနဲ့ မေးလိုက်မိသည်။
ကျီချင်းချင်းက သူ့ကို မကျေမနပ်
စိုက်ကြည့်လိုက်သည်။
“... ဒါဆို မင်း ဘာဖြစ်လို့
ကုမ္ပဏီကို သွားဖို့ လုပ်နေသေးတာလဲ။”
ကျီချင်းချင်းသည် သူမရဲ့ အလုပ်ကို
အမြဲတမ်း အလေးအနက်ထား လုပ်ကိုင်ပြီး ဘယ်တော့မှ လူအပြောခံရတာမျိုး ဖြစ်အောင်
မလုပ်တတ်ပေ။ သူမက အံတင်းတင်းကြိတ်ပြီး “ဒါက ကျွန်မအန်တီလာတာပဲ ဆိုရင်ရော ဘာဖြစ်လဲ။
ကျွန်မ ဘာဖြစ်လို့ အလုပ်ကို မသွားနိုင်ရမှာလဲ။”
“ဒါဆို ကိုယ် မင်းကို
ကုမ္ပဏီလိုက်ပို့ပေးဖို့ တစ်ယောက်ယောက် လွှတ်ပေးလိုက်မယ်။”
ထိုသို့ပြောပြီး လုလီရှင်းသည်
ကားဒရိုင်ဘာကို ဖုန်းလှမ်းခေါ်ပြီး ကျီချင်းချင်းကို လိုက်ပို့ပေးရန်
ဗီလာအပြင်ဖက်တွင် အဆင့်သင့်ပြင်ထားရန် လှမ်းပြောခဲ့သည်။
“သေဆုံးခါနီး သတိပေးချက် -
ကျေးဇူးပြုပြီး သင့်ဇနီး ကျီချင်းချင်းနှင့်အတူ ဒီအကြပ်အတည်းကို ဖြတ်သန်းပေးပါ။
ဒီတာဝန်ကို ပြုလုပ်ဖို့ ငြင်းဆိုမယ်ဆိုရင် ဒါမှမဟုတ် ဒီတာဝန် ကျဆုံးခဲ့မယ်ဆိုရင်
သင့်ရဲ့ အသက်ရမှတ် ဆယ်မှတ် အနုတ်ခံရမည်ဖြစ်သည်။”
လုလီရှင်းသည် ရုတ်တရတ်
ကြားလိုက်ရသည့် စနစ်ထံမှ ကြော်ငြာချက်ကြောင့် အေးခဲသွားသည်။ သူသည် စနစ်ကြောင့် သူ
ပြောတော့မည့် စကားလုံးများကို ပြန်မျိုချပြီး သူ့ကိုယ်သူ စိတ်တည်ငြိမ်စေရန်
တွန်းအားပေးခဲ့သည်။
သူက ရေချိုးခန်းဆီသို့ တဖြည်းဖြည်း
လျှောက်သွားနေသည့် ကျီချင်းချင်းကို ကြည့်ပြီး သူမကို မသေချာမရေရာစွာ
ထပ်မေးလိုက်ပြန်သည်၊ “မင်း ဒီနေ့ ကုမ္ပဏီမှာ အလုပ်လုပ်နိုင်ဖို့ သေချာရဲ့လား။”
“ကျွန်မ လုပ်နိုင်ပါတယ်။
တစ်မိနစ်အတွင်း အကိုက်အခဲပျောက်ဆေး နှစ်လုံး သောက်လိုက်မယ်ဆိုရင်၊ ကျွန်မ
နောက်နာရီဝက်အတွင်း သက်သာသွားလိမ့်မယ်။”