အပိုင်း၁၀၈
Viewers 31k

Chapter 108

Chapter 108

ကိုယ်ရံတော်လုပ်ငန်းက သူ့ဘာသာသူ နာမည်ဂုဏ်သတင်းတစ်ခုတည်ဆောက်




သို့ပေမဲ့ ကျန်းကျန့်၏တန်ဖိုးက ထိုပစ္စည်းတွေထက် ပိုများသည်။


ကျန့်ရီက ကျန်းကျန့်ကို သင်္ဘောနှင့်ကုန်မပေးခိုင်းခဲ့ပေမဲ့ ကျန်းကျန့် ပေးသည့် သင်္ဘောသားတွေကို ဝမ်းမြောက်စွာ လက်ခံခဲ့သည်။


သူ လူတွေ တကယ်လိုအပ်နေသည်။


လုံလောက်သော သင်္ဘောသားအရေအတွက်ဖြင့် တစ်ညတာ အနားယူခြင်းပြီးနောက် ရေယာဥ်စုသည် နောက်တစ်နေ့တွင် ထပ်မံထွက်ခွာခဲ့သည်။


ထိုအချိန်တွင် ကျန်းကျန့်က အဖြစ်အပျက်ကို တိုင်ကြားရန် စေလွှတ်လိုက်သော လူများလည်း ပြန်လာခဲ့သည်။


ကွမ်းဖျင် စီရင်စုနယ်ရှိ လူများသည် ဆင်းရဲတွင်းနက်ခဲ့ရပြီး မရေမတွက်နိုင်သောလူများ ဓားပြများဖြစ်ခဲ့ကြသည်။မှန်ပေသည်၊ယင်းက မိုးခေါင်ရေရှား၍ချည်းမဖြစ်နိုင်ပေ။


အမှန်တွင်၊ကွမ်းဖျင် စီရင်စုနယ်က လူတွေအတွက် သဘာဝဘေးအန္တရာယ်ထက် လူသားဘေးအန္တရာယ်က ပိုကြောက်စရာကောင်းပြီး ထိုသဘာဝဘေးအန္တရာယ် ပေါ်ပေါက်လာပြီးနောက် အနှီလူသားဘေးအန္တရာယ်ကို ရှာဖွေတွေ့ရှိခဲ့သည်။


လွန်ခဲ့သည့်လအနည်းငယ်အတွင်း ကွမ်းဖျင် စီရင်စုနယ်၏အစိုးရအရာရှိများအားလုံးနီးပါးကို ပြောင်းလဲခဲ့သည်။


အသစ်ခန့်အပ်ထားသော အရာရှိများသည် အစပိုင်းတွင် ရည်မှန်းချက်ကြီးပြီး ဤနေရာကို ကောင်းမွန်စွာအုပ်ချုပ်ရန် စဉ်းစားခဲ့ကြသော်လည်း ကွမ်းဖျင် စီရင်စုနယ်၏အခြေအနေကို သိရှိပြီးနောက်တွင် သူတို့အားလုံး အကူအညီမဲ့သွားကြသည်။


သာမာန်လူများသည် ရေဓားပြတိုက်ခြင်း ၊ ကုန်းဓားပြတိုက်ခြင်းသို့ ကူးပြောင်းသွားကြသည်။သူတို့ စစ်တပ်ကို ဤဓားပြတွေကို နှိမ်နင်းစေချင်ပါလျှင် . . .စားနပ်ရိက္ခာနှင့် လစာ မပေးနိုင်သည့် လွန်ခဲ့သည့်နှစ်တွင် စစ်ဗိုလ်ချုပ် အများအပြားသည် ၎င်းတို့လူများကို ခေါ်ဆောင်ကာ အချိန်ပိုင်း ဓားပြများ ဖြစ်ခဲ့ကြသည်။


ယင်းက တကယ်ကို အရာရှိတွေနှင့် ဓားပြတွေ၏ အသိုက်တွေပါပင်။


ကွမ်းဖျင် စီရင်စုမှ တရားသူကြီးအသစ်သည် သစ်ပင်ရိပ်တွင် ထိုင်ကာ ယပ်တောင်ခတ်ရင်း ငိုက်မျဉ်းနေသော အရာရှိများကို ကြည့်ပြီး အံမကြိတ်မိဘဲ မနေနိုင်ပေ။ ဤဘဝသည် သည်းမခံနိုင်လောက်အောင်ပင် ဖြစ်ခဲ့သည်။


ဤလူတွေကို သူ့အတွက် တစ်ခုခုလုပ်ပေးစေချင်ပေမဲ့ အားလုံးက သူ့ကို လျစ်လျူရှုခဲ့ကြ၏။


စီရင်စုရားသူကြီး စိတ်ညစ်နေချိန်မှာ သူနှင့်အတူ လိုက်ပါလာသည့် အမှုထမ်းက အပြင်ကနေ ရုတ်တရက် စိတ်လှုပ်ရှားနေသည့် မျက်နှာနှင့် သူ့ဆီ ပြေးလာသည်။


"အရှင်...အနောက်တောင်တန်းက ဓားပြအုပ်စု သုတ်သင်ခံလိုက်ရပြီ”


မြစ်ကြီးတစ်စင်းနှင့် ဆိပ်ကမ်းကြီးတစ်ခုကြောင့် ခရီးသွားကုန်သည်များသည် ဤနေရာ၌ ရပ်နားလေ့ရှိသဖြင့် သူတို့၏စီရင်စုမြို့သည် မူလကငွေများစွာရခဲ့သည်။ သို့သော်လည်း အနောက်တောင်တန်းတွင် မြစ်ဓားပြအုပ်စုတစ်စု ပေါ်လာသဖြင့် ၎င်းတို့၏ သင်္ဘောများသည် ဆိပ်ကမ်းတွင် မရပ်ရဲကြတော့ပေ။


အခု အဲဒီဓားပြတွေ သုတ်သင်ခံလိုက်ရတာ အရမ်းကောင်းတယ်...


"မင်း အတည်ပြောနေတာလား" တရားသူကြီးက ခုန်ထိလာပြီး သူ့မျက်နှာမှာ မယုံကြည်နိုင်မှုများ ပြည့်နေသည်။


"အတည်ပါဗျ... လူတချို့က အမှု တိုင်ကြားဖို့ရောက် လာပြီး ဓားပြတချို့ခေါ်လာကြတယ်"

အမှုထမ်းကပြောသည်။


"သူတို့က ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း ကပါ... ပင်လယ်ဓားပြတွေက သူတို့ကာကွယ်ထားတဲ့ သင်္ဘောကို လုယက်ဖို့ ကြိုးစားခဲ့ကြပြီး သုတ်သင်ခံလိုက်ရတယ်"


"ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း... မဆိုးဘူး... မဆိုးဘူး....အရမ်းကောင်းတယ်"


တရားသူကြီးက ဝမ်းသာနေ၏။


ပင်လယ်ဓားပြများမရှိလျှင် သင်္ဘောကျင်းများကို ပြန်လည်အသုံးပြုနိုင်မည်ဖြစ်သည်။ သူ့အ​​ဖြင့်ရှုံးသွားသည့် ပင်လယ်ဓားပြတွေကို စုဆောင်းပြီး သူ့အတွက် အလုပ်လုပ်ခိုင်း၍ရသည်. . . ပင်လယ်ဓားပြရွာမှ တန်ဖိုးရှိသောာအားလုံက လုယူသွားခံရဖွယ်ရှိသော်လည်း ထိုလူများက အရာအားလုံးကို မယူဆောင်နိုင်ပေ။ အကယ်၍ သူပို၍ တူးနိုင်မည်ဆိုလျှင် လစဉ်လစာများ ပေးဆောင်နိုင်သောကြောင့် သူ၏ ရာမန် အရာရှိများက အမြဲတမ်း ငွေအနည်းငယ် ရနိုင်သည်။


"အရှင်... အနောက်ဘက်တောင်တန်းကို သွားကြည့်ရအောင်"


စီရင်တရားသူကြီးက ထိုအကြောင်း တွေးနေချိန်မှာအေးအေးဆေးဆေး အားလပ်ရက်မှာ အနားယူနေသည့် ရာမန်လက်အောက်ငယ်သားတွေ၏မျက်လုံးများ လောဘအရောင်တောက်လာကြသည်။


........



ကျန်းကျန့် အစိုးရကို သတင်းပို့ရန် လူတွေကို စေလွှတ်ပြီးနောက် နောက်ဆက်တွဲအတွက် သူစိတ်မ၀င်စားသလို ကျန့်ရီကလည်း ၎င်းကို ဂရုမစိုက်ခဲ့သောကြောင့် တရားသူကြီးက ရာမန်အဖွဲဝင်များကိုခေါ်၍ ပင်လယ်ဓားပြရွာကို သိမ်းယူပြီးနောက် ဝမ်းသာမျက်ရည်ကျလုနီးပါး ဖြစ်ခဲ့သည်ကို သူတို့ မသိခဲ့ကြပါချေ။ရာမန်အဖွဲ့ဝင်များ ဆာလောင်မှုမရှိတော့ဘဲ နောက်ဆုံးတွင် စီရင်စုရာမန်က ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ခဲ့သည်။


ယင်းက ကျန်းကျန့် ထွက်ခွာရန် အလျင်လိုနေသည်နှင့် အများကြီးသက်ဆိုင်၏။


ကျန်းကျန့် အမြန်ထွက်ခွာရန် ပြင်နေသောကြောင့် ပင်လယ်ဓားပြသိုလှောင်ရုံက ကုန်ပစ္စည်းအားလုံးကို လုံးလုံးလျားလျား မရွေ့နိုင်ခဲ့ပါချေ။ငွေနှင့် အဖိုးတန် ကုန်ပစ္စည်းများကိုသာ သင်္ဘောများပေါ်သို့ ရွှေ့ပြီး တင်ဆောင်ခဲ့သည်။


သင်္ဘောပေါ်ရှိ လူအများအပြားကို ကျွေးမွေးရန်အတွက်သာ မဟုတ်ပါက သိုလှောင်ရုံထဲမှဆန်များကိုပင် ရွှေ့မည်မဟုတ်ပေ။


ဤသို့ဖြင့် သူသည် ဘဏ္ဍာတိုက်ထဲတွင် ပစ္စည်းအနည်းငယ်ကို ချန်ထားခဲ့၏. . .ထို့အပြင် ပင်လယ်ဓားပြရွာမှာ သိုလှောင်ရုံတစ်ခုတည်းမှာပစ္စည်းတွေရှိနေသည်မဟုတ်ပေ။


ထိုရေဓားပြများ၏အိမ်တွေမှာလည်း ငွေနှင့် စားစရာရှိ၏။


ရာမန်အရာရှိများ ရောက်ရှိလာပြီးနောက် တောင်ကြီးတစ်ခုလုံးကို ရှာဖွေကာ သဘာဝအတိုင်း အများအပြား ရိတ်သိမ်းခဲ့ကြသည်။ သို့သော် ပင်လယ်ဓားပြရွာမှ အမျိုးသမီးများနှင့် ကလေးငယ်များအပြင် ဓါးပြတိုက်ခံရသော သင်္ဘောသား အားလုံးကို ကျင်းကျန့် ကိုယ်ရံတော်လုပ်ငန်းက ခေါ်ယူသွားကြောင်း တွေ့ရှိသောအခါ တရားသူကြီးက မနေနိုင်ဘဲရေရွတ်မိလိုက်သည်။


"ဒီကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက တကယ့်ကို လူကောင်းတွေပဲ"


အကယ်၍ သူတို့သာ လူတစ်စုကို ကယ်ဆယ်ခဲ့မည်ဆိုပါက ၎င်းတို့အား ပြန်လည်နေရာချထားရန် ငွေများ ကုန်ကျမည်ဖြစ်ရာ ယခု သူတို့အနေ ဖြင့် ထပ်ပြီးအကုန်အကျသက်သာခြင်းဖြစ်သည်။


ပင်လယ်ဓားပြများကို သုတ်သင်ပြီးနောက်တွင် သူ၏အုပ်ချုပ်မှုအောက်ရှိ လူများကို ကျွေးမွေးရန်အတွက် ငွေကြေးနှင့် အစားအစာအချို့ ရရှိနေဆဲဖြစ်သည်။စီရင်စုတရားသူကြီးအသစ်သည် အလွန်ပျော်ရွှင်နေပြီး ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကို မြှင့်တင်ရန် ကူညီပေးခဲ့သည်။


ကျန်းကျန့်က ဤအကြောင်းကို မသိသော်လည်း ပွင့်ပွင့်လင်းလင်းပြောရလျှင် သူ ဆန်ကို ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့ခြင်းဖြစ်သည်။ လူတစ်ယောက်က သူ့ဘဝမှာ လောဘကြီးလွန်း၍မရပေ။


ကျန်းကျန့်သည် ကျန့်ရီကို သတင်းပို့ပြီးနောက် သင်္ဘောသားများအား အလုပ်ခွဲဝေပေးပြီး ကယ်ဆယ်ထားသော လူများကို ကျန့်ရီကို ပေးအပ်ရန် အလုပ်များနေသည်။ ပြီးသွားသည့်အခါ မှောင်နေပြီဖြစ်သည်။


ရက်အနည်း အပြင်မှာ အိပ်ပြီး စားသောက်ပြီးသည့်နောက်မှာ ကျန်းကျန့် အလွန် ပင်ပန်းနေသည့်အတွက် ပင်မသင်္ဘော၏ အခန်းထဲမှာ ကျောက်ကျင်းကောကို ဖက်ကာအိပ်လိုက်၏။နောက်တစ်နေ့၌ ထွက်ခွာကြသောအခါ သူက ပင်မသင်္ဘောပေါ်၌ပဲ နေခဲ့ပြန်သည်။


ထို့ကြောင့် ကျောက်ကျင်းကောက ကျန်းကျန့်ကို တပ်မက်နေသော ထိုလူနှစ်ယောက်ကို နောက်တစ်ကြိမ် မတွေ့ရတော့ပေ။


ထိုထမင်းချက်ချက်ထားသည့် အစားအစာကိုပင် သူ မစားခဲ့ရပေ။ကျန်းကျန့်က ထိုသူကို ထမင်းချက်ခိုင်းပေမဲ့ သင်္ဘောပေါ်မှာ ပါဝင်ပစ္စည်းတွေ လုံလုံလောက်လောက် မရှိသောကြောင့် ချက်ပြုတ်သည့် အမျိုးသမီးက ဘာမှ မလုပ်နိုင်ခဲ့ပါချေ။


ကျောက်ကျင်းကောက ပင်မသင်္ဘောပေါ်တွင် တစ်ချိန်လုံးနေပြီး လျှိုချမ်ချမ်နှင့် ကျောက်လင်ရှီကို နောက်တစ်ကြိမ်မတွေ့ရရန် စိတ်အားထက်သန်နေသော်လည်း ယင်းက ကျန်းကျန့်၏သင်္ဘောဖြစ်သောကြောင့် ထို့သို့ မနေနိုင်သည်မှာ သ်သာထင်ရှားသည်. . .


ထိုညနေခင်းတွင် သင်္ဘောတချို့ မြစ်ကမ်းစပ်တွင် ရပ်ကာ ခဏနားရန် ဆုံးဖြတ်လိုက်သောအခါ ကျန်းကျန့်က ကျောက်ကျင်းကောကို သူ့သဘောင်္ပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။


ကျောက်ကျင်းကော သတိချပ်နေတုန်းမှာ ကျန်းကျန့်က အရင်အဖြစ်အပျက်ကို မေ့နေပြီဖြစ်ပြီး ထမင်းချက်လုပ်ထားသည့် အစားအစာကို ကျောက်ကျင်းကောကို မြည်းစမ်းကြည့်ခိုင်းရန် ဆုံးဖြတ်လိုက်၏။ ပင်မသင်္ဘောပေါ်ရှိ ထမင်းချက်က အထူးတလည် သူ့အတွက် ချက်မည်မဟုတ်သော်လည်း ကျောက်ကျင်းကော အတွက် ဆားစိမ် အသီးအရွက်များကို အမြဲစားရသည်မှာ မကောင်းပေ။


ကျန်းကျန့် သင်္ဘောပေါ်တက်ပြီးသည်နှင့် ထမင်းချက်ကို ဟင်းတချို့ခိုင်းပြီး မကြာခင်မှာပဲ ထမင်းချက်က အစားအသောက်ကို ပို့ပေးလာသည်။


ပင်မသင်္ဘောပေါ်မှ ဟင်းခတ်အမွှေးအကြိုင်များစွာကို ယူဆောင်ထားသော်လည်း သင်္ဘောပေါ်တွင် စားစရာအများကြီးမရှိသည့်အပြင် ကျောက်ကျင်းကောက အဆီများသောအစားအစာကို မစားနိုင်သောကြောင့် ပြုလုပ်နိုင်သည့်အရာ အလွန်နည်းပါးပါသည်. . . သို့တိုင် ထမင်းချက်က ဟင်းပေါင်းများစွာ ချက်နေတုန်းပင်။


မြစ်ပုဇွန်ပြုတ်တစ်ပန်းကန်၊ လက်ဖက်ကြက်ဥ တစ်ပန်းကန်၊ ဟင်းသီးဟင်းရွက်ချဉ်တစ်ပန်းကန်နှင့် ပဲပင်ပေါက်ချဉ်၊ ပင်လယ်ရေမှော်အေးတစ်ပန်းကန်နှင့် ကြက်ဥစွပ်ပြုတ်ပန်းကန်လုံးကြီးတစ်လုံး။


"ဆရာကတော်ကအသားမစားနိုင်ဘူးဆိုလို့လေ... ပုဇွန်စားနိုင်လား မသိဘူး...မစားနိုင်ရင် ပြောင်းပေးပါ့မယ်"


ထမင်းချက်အမျိုးသမီးက ပြောသည်။


ကျောက်ကျင်းကောက ပုဇွန်ကို စားနိုင်သည်။ အသားနှင့်ဆီနံ့ရသောအခါ မအီမသာဖြစ်မိသော်လည်း ဂျင်းပြားလေးများဖြင့်ချက်ထားသောပုဇွန်က အနံ့အရသာရှိသည်။


ထိုထမင်းချက်က ရှာလကာရည်ပန်းကန်လုံးတစ်လုံးကို ကြက်သွန်ဖြူနှင့် အထူးရောစပ်ထားသောကြောင့် ရှာလကာရည်ကျောက်ကျင်းကောပင် အနံ့ကောင်းသည်ဟုခံစားရသည်။ ရှာလကာရည်စိမ်ထားသည့် ပုစွန်တွေကို အခွံနွှာပြီး စားခြင်းကိုမရပ်နိုင်တော့ပေ။


"ပဲငံပြာရည်ထဲပုဇွန်စိမ်စားတာထက် ဘယ်အရာမှ ပိုကောင်းနိုင်မယ်မထင်ဘူးလို့ထင်ခဲ့တာ... ဒါပေမဲ့ ရှာလကာရည်အရသာက ပိုကောင်းလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး"


ကျောက်ကျင်းကောမနေနိုင်ဘဲ​ပြောလိုက်သည်။ဟယ့်ရှီ၌ မည်သူမျှ အထူးတလည်း စားရန် ပုစွန်များကို မဖမ်းကြသော်လည်း ငါးဖမ်းသည့်အခါ မကြာခဏ မတော်တဆ ဖမ်းမိကြသည်။


ယေဘုယျအားဖြင့် ပြောရလျှင် ဤအရာအချို့ကို အချိန်တိုင်း ဖမ်းစားနိုင်ပြီး ၎င်းတို့ကို အထူးတလည် ချက်စားလေ့မရှိသော်လည်း ကလေးများသည် ပုစွန်ကို အလွန်ကြိုက်ကြသည်၊ ထို့ကြောင့် ၎င်းတို့ကို မည်သူမျှ မဖြုန်းတီးကြပေ။


ဟယ့်ရှီကလူတွေ ပုဇွန်ဖမ်းမိလျှင် ပန်းကန်လုံးတစ်လုံးထဲထည့်ပြီး ပွက်ပွက်ဆူနေသည့်ရေကို လောင်းထည့်ပြီး ရေနွေးဖျောလေ့ရှိ၏။မြစ်ပုစွန်များက မကြီးသဖြင့် ရေနွေးဖျောလိုက်လျှင် ချက်ပြီးသား ဖြစ်သွားလိမ့်မည်။


ရေနွေးဖျောပြီးလျှင် ကလေးတွေက အခွံခွာပြီး စားကြ၏။ အိမ်မှာ ပဲငံပြာရည်ရှိသည့်သူတွေက ကလေးတွေကို အခွံနွှာပြီး တို့စား၍ရအောင် ပဲငံပြာရည်အနည်းငယ် လောင်းငှဲ့ပေးကြသည်။


ကလေးများအတွက် ၎င်းသည် အလွန်အရသာရှိပြီး ကျောက်ကျင်းကော သူငယ်စဉ်က ပုဇွန်စားခဲ့ရခြင်းကို အမြဲသတိရနေခဲ့သည်။


ထိုအချိန်က သူ့အစ်ကို ရှိနေဆဲဖြစ်ပြီး တောင်းထဲတွင် ဆန်အနည်းငယ်ထည့်ကာ ထိုတောင်းကို မြစ်ထဲသို့ချလိုက်သည်။ပုစွန်နှင့်ငါးများ ဆန်စားရန် ခြင်းတောင်းထဲသို့ရောက်သောအခါ ခြင်းတောင်းကို ချက်ချင်းမလိုက်ကြသည်။ ပုစွန်အမြောက်အများကို အမြဲဖမ်းပြီး ကျေနပ်သည်အထိ စားသောက်ကြသည်။သို့ပေမဲ့ သူ့အစ်ကို ဆုံးပါးသွားပြီးနောက်မှာ သူရော သူ့မိဘတွေရော ထိုသို့လုပ်ရန် စိတ်မ၀င်စားကြတော့ပေယေ


ဟယ့်ရှီမှလူများသည် ၎င်းတို့၏မိသားစုများ ပြည့်စုံလုံလောက်သရွေ့ တစ်နှစ်လျှင် ပဲငံပြာရည်ကို အကြိမ်အနည်းငယ်ဝယ်ကြသော်လည်း ယေဘုယျအားဖြင့် မည်သူမျှ ရှာလကာရည်ကို ဝယ်မည်မဟုတ်ပါချေ။


ကျန်းကျန့် အရင်က ပိုက်ဆံရှာပြီး ရှာလကာရည်ကို အိမ်ပြန်ယူလာချိန်မှာတောင် ကျောက်လျူက ဘယ်လိုသုံးရမှန်းမသိသည့်အတွက် ကျောက်ကျင်းကော ရှာလကာရည်ကို အများကြီးမစားခဲ့ရပါချေ။


ယခုအချိန်မှ ကျောက်ကျင်းကောတစ်ယောက် ရှာလကာရည်က အလွန်အရသာရှိကြောင်း သိလိုက်ရသည်။


"ဒီပုဇွန်ကို မင်းဘယ်ကရခဲ့တာလဲ"

ကျန်းကျန့်က မေးလိုက်သည်။ မြစ်ပုဇွန်တစ်ပန်းကန် ရရန် မလွယ်ပေ။


"လှေပေါ်ကလူတချို့က ပုဇွန်ဖမ်းတတ်တယ်...ဒါကြောင့် တချို့ကို ဖမ်းခိုင်းလိုက်တာ"


ထမင်းချက်က ချက်ချင်းပြော၏။

"သင်္ဘောရှင် အဲဒါကို သဘောကျရင် သူတို့ကို ဖမ်းခိုင်းလိုက်ပါ...အခု ကျွန်မတို့ရှိနေတဲ့ ကမ်းရေထဲမှာ ပုစွန်တွေရှိတယ်"


"အဲဒါဆို ထပ်သွားဖမ်းချေ"

ကျန်းကျန့်က ပြောလိုက်သည်။


"မလို ....."


ကျောက်ကျင်းကော သူ့အတွက် အခြားသူများကို အစားအသောက်လုပ်ခိုင်းခြင်းကို ကျင့်သားမရသောကြောင့် အလျင်စလိုငြင်းဆန်ခဲ့သည်။


"ရပါတယ်... ကြိုက်ရင် ပိုစားပါ"


ကျန်းကျန့်က ကျောက်ကျင်းကော၏ပခုံးကို ပွတ်သပ်ပြီး ထမင်းချက်အားပြောလိုက်သည်။

"ငါ့မိန်းမက ချိုချဉ်အရသာကို ကြိုက်တယ်... နောက်တစ်ခါ ငါးချိုချဉ် ဒါမှမဟုတ် တစ်ခုခုလုပ်ကြည့်လို့ရတယ်"


ထမင်းချက်အား တစ်ခုခုပြောပြီး သွားခိုင်းလိုက်သော်လည်း သူမသားကို ချန်နေခိုင်းပြီး ကျောက်ကျင်းကောကို ပြောလိုက်သည်။


"သူ့နာမည်က ရှောင်ရို့... သူက အခုကနေစပြီး မင်းနောက်ကိုလိုက်မှာ"


ထိုမီးဖိုချောင်အကူသည် သင်္ဘောပေါ်ရှိ သူ့သခင်မိသားစုအတွက် ချက်ပြုတ်ပေးသူဖြစ်ခဲ့ဖူးပြီး ဤရှောင်ရို့သည်လည်း အစေခံများ၏အလုပ်အချို့ကိုလည်း လုပ်ဆောင်ခဲ့သည်။ ယခု သူသည် အလွန်စိတ်လှုပ်ရှားနေပြီး ကျောက်ကျင်းကောကို အထူးဂရုတစိုက် အလုပ်အကျွေးပြုကာ သူ့အတွက် ဟင်းသီး ဟင်းရွက်အချို့ကိုလည်း ယူဆောင်လာခဲ့သည်။သို့ပေမဲ့ ကျောက်ကျင်းကောက သူ့ကို ငြင်းဆန်ခဲ့၏။


ကျောက်ကျင်းကော သူ့ကို တစ်စုံတစ်ယောက်က စောင့်ကြည့်နေသောကြောင့် အစား စားရသည်က အနည်းငယ် အဆင်မပြေသလို ခံစားခဲ့ရပေမဲ့ တစ်ကိုယ်လုံးကို ကျေနပ်နေဆဲဖြစ်သည်။ အနည်းဆုံး သူ မကြိုက်သည့် ဟင်းမရှိပေ။သူအများကြီးစားခဲ့ပြီး အထူးသဖြင့် ပုစွန်ကို အလွန်အကျွံစားခဲ့သည်။


အမှန်တွင် သူ တစ်ဝက်စားပြီးသည်နှင့် ရပ်ချင်ပေမဲ့ ကျန်းကျန့် သူ့စားရန် ဆက်အခွံခွာနေဆဲဖြစ်သောကြောင့် သူ့ကိုဂရုမစိုက်ဘဲ အလွန်အကျွံစားစေမိခဲ့သလို ကျန်းကျန့်ကိုလည်း မစားနိုင်လောက်အောင်ဖြစ်စေခဲ့သည်။


ကျောက်ကျင်းကော အနည်းငယ် ရှက်သွားသော်လည်း ကျန်းကျန့်က အလွန်ကျေနပ်သွားသည်။ကျောက်ကျင်းကောက ယနေ့နံနက်တွင် အိပ်ရာထပြီး နောက်တစ်ကြိမ်ပြန်ပျို့တက်လာသောကြောင့် အဆီများသောအစာများကို မစားနိုင်သေးသော်လည်း ငါးနှင့်ပုဇွန်များကို စားနိုင်လျှင် အဆီများသောအစာကို မစားဘဲနေပါလျှင်လည်း အဆင်ပြေမည်ဖြစ်သည်။


ကျန်းကျန့်မှာ လုပ်စရာတွေ အများကြီး ကျန်နေသေးသဖြင့် ကျောက်ကျင်းကောနှင့် ထမင်းအတူတူစားပြီးနောက် ကျောက်ကျင်းကောကို ရှောင်ရို့နှင့် ထားခဲ့လိုက်၏။


ရှောင်ရို့က သိပ်မငယ်ပေမဲ့ ကျောက်ကျင်းကောက သူ့ကို ကလေးလို ဆက်ဆံသည်။ သို့သော်လည်း အချိန်အတော်ကြာအောင် အချင်းချင်း စကားပြောနိုင်ခဲ့ကြသည်။ ထို့နောက် ကျောက်ကျင်းကောက ပင်လယ်ဓားပြရွာအကြောင်း မေးသည်။


"ဆရာကြီးက အရမ်း တော်တယ်...သူက သူ့လူတွေနဲ့ တောင်ပေါ်ကိုတက်လာပြီး ပင်လယ်ဓားပြတွေကို ဓါးတစ်ချောင်းတည်းနဲ့ သတ်ပစ်ခဲ့တာ... သူက ပင်လယ်ဓားပြ အများကြီးကို သူ့လက်နဲ့ သတ်ပစ်ခဲ့ပြီးတော့ ပင်လယ်ဓားပြ အများကြီးကို တစ်ချက်ကန်ရုံနဲ့တောင် သေစေခဲ့တယ်"


ရှောင်ရို့က ရှက်တတ်သောကြောင့် သူနှင့် သူ့အမေသည် အပြင်မထွက်ဝံ့ခဲ့ဘဲ ထိုအချိန်က တောအုပ်ထဲတွင် ပုန်းနေခဲ့သည်။ သူပြောသမျှသည် အခြားသူများပြောသည်ကို သူကြားရခြင်းများဖြစ်ပြီး အဓိပ္ပာယ်မရှိပေ။


ကျောက်ကျင်းကောလည်း ၎င်းကိုသိသည်။မည်သို့ပင်ဖြစ်စေ ဤစကားလုံးတွေက အတုအယောင်တွေ များလွန်းပေမဲ့ ယင်းတို့ကိုကြားရသည်အား သူပျော်နေတုန်းပင်။


ခဏလောက် နားထောင်ပြီးနောက် ကျောက်ကျင်းကော ခံစားလိုက်ရသည်။ သူက. . . အနည်းငယ် အကျင့်ပျက်လွန်းနေပုံရသည်။


ကျန်းကျန့်က အပြင်မှာ အလုပ်ရှုပ်နေချိန်မှာ သူ အခန်းထဲမှာပဲနေပြီး အပြင်မထွက်ဘဲကောင်လေးနဲ့ စကားပြောနေလို့မရဘူးဟုတ်တယ်မလား...


ကျောက်ကျင်းကော သူ ကျန်းကျန့်ဆီသွားပြီး ကူလိုက်လျှင် ပိုကောင်းမည်ဟုထင်သည်။


ကျောက်ကျင်းကော အပြင်ထွက်လာသော်လည်း ကျန်းကျန့်က သင်္ဘောပေါ်မှာမရှိပဲ အခြားသင်္ဘောတစ်စင်းသို့ သွားကြောင်းသိခဲ့ရသည်။


"ဘာဖြစ်တာလဲ"


ကျောက်ကျင်းကောက ဝမ်ဟိုင်ရှန်းကို မေးလိုက်သည်။


"အဲဒီသင်္ဘောမှာ အမှတ်အသားတွေ ရှိတယ်...ဒါကြောင့် ဘော့စ်က သူတို့ကို ဖယ်ရှားပစ်ချင်နေတာ"

ဝမ်ဟိုင်ရှန်းက ပြောသည်။


ပင်လယ်ဓားပြများထံမှ လုယူလာသော သင်္ဘောများနှင့် ကုန်ပစ္စည်းများအားလုံးက မူလပိုင်ရှင်များထံမှ ခိုးယူထားခဲ့ခြင်းဖြစ်ပြီး အချို့မှာ မူလပိုင်ရှင်၏ အမှတ်အသားများ ရှိနေသေးသည်။


မူလပိုင်ရှင်အများစုသည် ထိုပင်လယ်ဓားပြများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော်လည်း၊ ၎င်းတို့၏ မိသားစုများသည် ထိုနေရာတွင် ရှိနေနိုင်ပြီး ၎င်းတို့ထဲမှ အချို့မှာ ဒုက္ခဖြစ်စေနိုင်သည်။