အပိုင်း (၀)
Viewers 5k

ကျန်းမြောင်မြောင်က ကမ္ဘာပျက်ကပ်ကို အခြေခံ၍ ရေးသားထားသော စာအုပ်တစ်အုပ်အတွင်း ကူးပြောင်းသွားခဲ့ပြီး အရေးမပါသည့် အမြှောက်စာဇာတ်ကောင်လေး ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် ဖြစ်လာမည့် ရက်စက်ကြမ်းကြုတ်သော အဖြစ်အပျက်များကို စဥ်းစားတွေးတောပြီးနောက် သူမက အေးဆေးစွာ လဲလျောင်းကာ သေဆုံးခြင်းကို ငြိမ်းချမ်းစွာ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။ သူမက အိမ်၌သာ အသက်ရှင်နိုင်သလောက် နေထိုင်ရန် ရွေးချယ်ခဲ့ပေသည်။ 


သူမ မသေခင် စားသောက်နေထိုင်နိုင်ရန် သူမက အထောက်အပံ့ပစ္စည်းများစွာကို သိုလှောင်သိမ်းဆည်းခဲ့၏။



မမျှော်လင့်ဘဲ တစ်နေ့တွင် လူတစ်ယောက် သူမအိမ်သို့ ထိုးဖောက်ဝင်ရောက်လာပြီး ထိုသူမှာ သူမထက်ပင် ပို၍ အပျင်းထူပေသည်။ သူက သူမအိမ်၌ နေထိုင်၍ ထွက်သွားရန် ငြင်းဆန်ခဲ့သည်။ သူမ သိမ်းဆည်းထားသော အာလူးကြော်ဘူး သုံးသေတ္တာက ထိုလူ၏ စားသောက်ခြင်းကို ခံလိုက်ရသည်။ သူမ၏ မြစ်ခရုဆန်ခေါက်ဆွဲ ခြောက်သေတ္တာကိုလည်း ထိုလူက စားပစ်လိုက်၏။ သူမ၏ သေတ္တာဆယ်လုံးစာ သစ်ကြားသီးများသည်လည်း ထိုလူ့ပါးစပ်ထဲ ရောက်ရှိသွားလေသည်။



ကျန်းမြောင်မြောင်က အလွန် ဒေါသထွက်သွားခဲ့ပြီး သူ့ကို မောင်းထုတ်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် သူမက ညလယ်ခေါင်ကြီးတွင် ထိုသူ့နောက်မှ တိတ်တိတ်လေး လိုက်ချောင်းကြည့်ခဲ့သည့်အခါ ထိုလူက သူ့လက်ထဲတွင် ဓားတစ်လက်ကိုင်ဆောင်ရင်း ဖုတ်ကောင်အုပ်ထဲသို့ လျှောက်ဝင်သွားသည်ကို မြင်လိုက်ရသည်။ သူက ထိုဖုတ်ကောင်များကို အလွယ်တကူ သတ်ဖြတ်ပစ်နေသည်မှာ အလွန် ချောမောလှသည်ဟု ကျန်း​မြောင်မြောင် တွေးလိုက်မိ၏။



သူက ပြန်လာကာ စွန်းပေနေသည့် သွေးများကို ဆေးကြောလိုက်ပြီးနောက် အိပ်ချင်ယောင်ဆောင်နေသည့် သူမကို တွန်း၍ နိုးကာ ပြောလိုက်၏။ "ဘဲလည်ပင်းအစပ် ပေး။"



ကျန်းမြောင်မြောင်က ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် လက်နှစ်ဖက်နှင့် သူထံပေးရင်း ပြောလိုက်သည်။ "စား... ဒါတွေအားလုံး ရှင့်အတွက်ပဲ။"



ထို့နောက်တွင် မှော်ဆန်လှသည့် အရာတစ်ခု ဖြစ်ပျက်လာပေသည်။ သူမ သိုလှောင်ထားသည့် အထောက်အပံ့ပစ္စည်းများ...... ဘာလို့ အဆက်မပြတ် တိုးပွားလာနေတာလဲ။