အပိုင်း (၁)
Viewers 5k

ပျားပန်းခတ်နေသည့် စူပါမားကတ်အတွင်းမှ စျေးဝယ်သူများက စျေးဝယ်နေခြင်းကို ရုတ်တရက် ရပ်တန့်လိုက်ပြီး စျေးဝယ်တွန်းလှည်းကို တွန်းလာသည့် မိန်းကလေးအား အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။


သူမက အသက်နှစ်ဆယ် အစောပိုင်းခန့်သာ ရှိသေးပြီး အလွန်လှပသည့် အပြာရောင်အားကစားဝတ်စုံကို ဝတ်ဆင်ထားကာ ဆံနွယ်များကို ခေါင်းနောက်တွင်စုကာ ပိုနီတေးလ်စတိုင်လ် ချည်ထားခဲ့သည်။


သူမ၏ လက်မောင်းလေးများက အားအနည်းငယ် ထည့်လိုက်လျှင်ပင် ကျိုးသွားတော့မတတ် ပိန်ပါးလှသော်လည်း သူမရှေ့ရှိ လှည်းပေါ်မှ ပစ္စည်းအပုံလိုက်က သူမ ခေါင်းထက်ပင် မြင့်မားနေခဲ့ပြီဖြစ်သည်။



ဘီစကစ်များ၊ ခေါက်ဆွဲခြောက်များနှင့် ဖျော်ရည်များ... သူမက စူပါမားကတ်အတွင်းရှိ စားသောက်စရာများအားလုံးကို ဝယ်ယူနေပုံရလေသည်။



ထိုမိန်းကလေးက လူတိုင်း၏ အကြည့်များကို သတိပြုမိသည့်အခါ ရှက်ကိုးရှက်ကန်းနှင့် ရယ်မောလိုက်သည်။



"ကျွန်မတို့ အိမ်မှာ မိသားစုဝင်တွေ အရမ်းများလို့လေ။ အဲဒါကြောင့် အများကြီး စားကြတာ။ ဟားဟား... ကျေးဇူးပြုပြီး ကျွန်မကို လမ်းနည်းနည်းလောက် ဖယ်ပေးနိုင်မလား။" 



လူအများက သူမအတွက် အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြပြီး သူမက အမြင့်အတူတူခန့်ရှိသည့် တွန်းလှည်းသုံးခု ရှိနေသော ငွေရှင်းကောင်တာဆီသို့ တွန်းလှည်းကို တွန်းသွားခဲ့သည်။



ယခု လူတိုင်းက ပို၍ပင် အံ့အားသင့်သွားကြသည်။



သူတို့၏ မိသားစုက မည်မျှကြီး၍ သူမက ထိုကဲ့သို့ များပြားလှသော အစားအသောက်များကို တစ်ထိုင်တည်း ဝယ်ယူရပါသနည်း။



သို့သော် ထိုမိန်းကလေးက မရပ်တန့်သေးပေ။ သူမက လက်ထဲမှ တွန်းလှည်းကို နေရာချပြီးနောက် ချက်ချင်းပင် တွန်းလှည်းအလွတ်တစ်ခုကို ယူဆောင်ကာ စင်များရှိရာဘက်သို့ တွန်းသွားခဲ့ပြီး ရပ်တန့်ခြင်းမရှိဘဲ အစားအစာများကို တွန်းလှည်းထဲ ဆက်လက်ထည့်နေခဲ့သည်။ 



ခေါက်ဆွဲခြောက် ပါကင်ငါးဆယ်၊ ဘီစကစ် ပါကင်ရှစ်ဆယ်၊ သောက်စရာ ပုလင်းသုံးဆယ်၊ ကော်ဖီဘူး ခြောက်ဆယ်။



ကျန်းမြောင်မြောင်သည် စင်ပေါ်သို့ ကြည့်၍ ပမာဏကို စိတ်တွက် တွက်ကြည့်ခဲ့ပြီးနောက် ၎င်းက အလွန် နည်းပါးနေဆဲ ဖြစ်ကြောင်း ခံစားမိလိုက်သည်။ 



သို့သော် သူမက ထိုကိစ္စနှင့် ပတ်သတ်၍ မည်သို့မှ လုပ်ဆောင်နိုင်ခြင်းမရှိပေ။ သူမတွင် ရှိနေသည့် ပိုက်ဆံက အလွန် နည်းပါးနေခဲ့သည်။ 


သူမက ပစ္စည်းများကို သေချာ စဥ်းစားဆုံးဖြတ်ခြင်းမရှိဘဲ မဝယ်ယူနိုင်သည့်အတွက် ဝယ်ယူမည့်အရာကို အရင်စဥ်းစားရန်လိုသည်။



မည်သို့ပင်ဖြစ်စေ သူမ၏ အသိအရ ဖုတ်ကောင်ပျက်ကပ် မဖြစ်ပွားခင် သုံးလခန့်သာ အချိန်ရှိတော့ပေသည်။



ဤနေရာက အစစ်အမှန် ကမ္ဘာတစ်ခုမဟုတ်ဘဲ ကမ္ဘာပျက်ကပ်ကို အခြေခံကာ ရေးသားထားသည့် စာအုပ်တစ်အုပ်အတွင်း၌ ဖြစ်သည်။ ထိုစာအုပ်ကို ဖတ်ပြီးသည့်နောက် ကျန်းမြောင်မြောင်က စာအုပ်အတွင်း ကူးပြောင်းသွားကာ သူမနှင့် အမည်ချင်းတူသည့် အမြှောက်စာဇာတ်ကောင်လေး ဖြစ်လာသည်။



စာအုပ်အတွင်းမှ ကျန်းမြောင်မြောင်က မိဘမဲ့ဖြစ်သည်။ သူမက တက္ကသိုလ်တွင် ပညာသင်နေစဥ်အတွင်း အချိန်ပိုင်းအလုပ်များလုပ်ကာ နေထိုင်စရိတ်အတွက် စုဆောင်းခဲ့သည်။ သူမက ယွမ်နှစ်သောင်း၊ သုံးသောင်းလောက်ပင် စုမိခဲ့ပြီ ဖြစ်သည်။


မူလစာအုပ်အတွင်း ဖုတ်ကောင်ပျက်ကပ်ဖြစ်ပွားလာပြီးနောက် သူမက အမျိုးသားဇာတ်လိုက်၊ အမျိုးသမီးဇာတ်လိုက် အပါအဝင် အတန်းဖော်များနှင့်အတူ မြို့ထဲမှ ထွက်ပြေးခဲ့ကြသည်။ သူမက လမ်းပေါ်တွင် ဖုတ်ကောင်တစ်ကောင်၏ သေအောင်ကိုက်သတ်ခြင်းကို ခံခဲ့ရပြီး ဇာတ်လိုက်နှစ်ယောက်ကြား ပထမဆုံး ပဋိပက္ခကို အစပျိုးပေးခဲ့သည်။



သူမ ထိုစာအုပ်ကို ဖတ်သည့်အခါ ကျန်းမြောင်မြောင်က ထိုအမြှောက်စာဇာတ်ကောင်လေးအတွက် စိတ်မကောင်းဖြစ်ခဲ့ရပေသည်။



အလုပ်ကြိုးစားသည့် အဆိုပါမိန်းကလေးက အဓိကဇာတ်ကောင် မဟုတ်သည့်အတွက်ကြောင့်နှင့် ပထမဆုံးသုံးပိုင်းခန့်တွင် သေဆုံးခဲ့ရသည်။



သူမက ပုန်းခိုရန် တစ်နေရာကို ရှာဖွေ၍ အထောက်အပံ့ပစ္စည်းများ ပိုမိုသိုလှောင်ထားလျှင် လအနည်းငယ် ကြာအောင် အသက်ရှင်နိုင်စွမ်းရှိနိုင်ပေသည်။



ထို့ကြောင့် သူမ ထိုဇာတ်ကောင်လေးအဖြစ် ကူးပြောင်းသွားကြောင်း သိရှိပြီးနောက်တွင် ကျန်းမြောင်မြောင်က ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။



သူမက မည်သည့်အတွက်ကြောင့် ထွက်ပြေးရမည်နည်း။ မည်သို့ပင်ဖြစ်စေ သူမက သေဆုံးရမည့်သူ ဖြစ်သည်။



သူမ၏ ငွေကြေးများကို အရသာရှိသည့် အစားအသောက်များ ဝယ်ယူရင်း သုံးစွဲပစ်ခြင်းက ပိုပျော်စရာ ကောင်းမည်ဖြစ်သည်။ သူမက မသေဆုံးခင် ကောင်းမွန်သော အချိန်လေးများကို ပိုင်ဆိုင်ချင်ပေသည်။


မနက်ဖြန်က ဇွန်ဘီပျက်ကပ်၏ ပထမဆုံးနေ့ဖြစ်သောကြောင့် သူမက အမြန်လုပ်ရန်လိုအပ်ပေသည်။


ကျန်းမြောင်မြောင်က အလျင်စလို ဖြစ်နေခဲ့သည်။



နှစ်နာရီကြာပြီးနောက် သူမက စူပါမားကတ်အတွင်းမှ လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် သူမ၏ ကတ်ကို ပွတ်ဆွဲကာ ငွေပေးချေလိုက်သည်။


ထို့နောက် သူမက တွန်းလှည်းများကို ဝန်ဆောင်မှုစားပွဲဆီ တွန်းသွားခဲ့ပြီး သူမ နေထိုင်ရာသို့ ပို့ဆောင်ပေးရန် တောင်းဆိုခဲ့သည်။


ဝန်ထမ်းက စာရင်းထုတ်ယူကာ သူမအား လိပ်စာရေး၍ လက်မှတ်ထိုးရန် ပြောလာသည်။



ကျန်းမြောင်မြောင် လက်မှတ်ထိုးပြီးသည့်အခါ ဝန်ထမ်းထံ ပြန်ပေးလိုက်သည်။ ဝန်ထမ်းက သူမ၏ လိပ်စာကို ကြည့်လိုက်ပြီးနောက် မနာလိုအားကျသော အကြည့်တို့ဖြင့် ကြည့်လာခဲ့သည်။ 



ရေးထားသည့် လိပ်စာမှာ မြို့အတွင်းရှိ ကျော်ကြားသော ဗီလာတစ်ခုဖြစ်​လေသည်။ 



သူမက အသက်ငယ်ငယ်ရွယ်ရွယ်တွင် ထိုဗီလာ၌ နေထိုင်နိုင်ပြီး ငွေကို ရေကဲ့သို့ သုံးဖြုန်းကာ ပစ္စည်းများ ဝယ်ယူနိုင်ပေသည်။ သူမက ချမ်းသာသည့် ဒုတိယမျိုးဆက်ဖြစ်နိုင်သလား။



ကျန်းမြောင်မြောင်က ခါးသက်စွာ ပြုံးရုံသာ တတ်နိုင်သည်။ သူမသည် ယခင်က ကျောင်းအဆောင်တွင်သာ နေထိုင်ခဲ့သည့်အတွက်ကြောင့် ထိုနေရာ၌ အစားအသောက်များ သိုလှောင်ရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူမ၏ အခြေစိုက်စခန်းအဖြစ် အသုံးပြုနိုင်မည့် လုံခြုံစိတ်ချရသော နေရာကို ရွေးချယ်ရန်အတွက် သူမက ယွမ်တစ်သောင်း သုံးစွဲကာ ဆင်ခြေဖုံးအနီးရှိ အရှေ့နှင့်အနောက်တွင် ဥယျာဉ်ပါရှိပြီး မြေအောက်ခန်းပါဝင်သည့် နှစ်ထပ်ဗီလာတစ်ခုကို ငှားရမ်းခဲ့သည်။



ဖုတ်ကောင်ပျက်ကပ်ဖြစ်ပွားပြီးနောက် လူသားများက ထွက်ပြေးခြင်းမဟုတ်လျှင် ဖုတ်ကောင်များ ဖြစ်လာကြသည်။ ထို့​ကြောင့် သီအိုရီအရ သူမက မသေဆုံးခင်အချိန်ထိ ကျိန်းသေ ရှင်သန်နိုင်အောင် လုပ်ရပေလိမ့်မည်။



စူပါမားကတ်မှ ထွက်လာပြီးနောက် ကျန်းမြောင်မြောင်က အရေးတကြီး ဝယ်ယူစရာရှိနေသေးသောကြောင့် လျှပ်စစ်ပစ္စည်းများအရောင်းဆိုင်သို့ သွားရောက်ခဲ့သည်။



ထိုသည်က မီးအားပေးစက် ဖြစ်သည်။



ကမ္ဘာပျက်ကပ်အတွင်း သူမက အပြင်မထွက်နိုင်သော်လည်း ကွန်ပျူတာနှင့် မိုဘိုင်းဖုန်း အသုံးပြု ဆော့ကစားနိုင်ရန် လိုအပ်ပေသည်။ လျှပ်စစ်မီးမရှိပါက သူမ ပျင်းရိ သေဆုံးရပေလိမ့်မည်။



ဧပြီလအတွင်းမှာပင် ရာသီဥတုက အတော်လေး အေးမြနေသည်။ ကျန်းမြောင်မြောင်က ဘတ်စ်ကားဖြင့် လျှပ်စစ်ပစ္စည်းအရောင်းစင်တာသို့ ရောက်လာခဲ့သည်။ ဘတ်စ်ကားထွက်သွားပြီးနောက် သူမက မီးအားပေးစက်အရောင်းဆိုင်များကို ရှာကြည့်လိုက်ပြီး မကြာခင်တွင် တစ်ဆိုင်တွေ့လိုက်ရသည်။



သူမက ဆိုင်၏ အလယ်ရှိ လူတစ်ဝက်စာမြင့်သော စက်ကို လက်ညှိုးထိုးကာ မေးလိုက်သည်။ 



"ဒါက မီးစက်လား။ ဘယ်လောက်လဲ။" 



ဆိုင်ရှင်က ခေါင်းညိတ်လိုက်သည်။ "သုံးသောင်း။"



"အဟွတ်... သုံး... သုံးသောင်းလား။"



အရမ်းစျေးကြီးတာပဲ။



"ခင်ဗျား အိမ်အတွက်သုံးဖို့လား ကုမ္ပဏီအတွက်လား။ အိမ်သုံးဖို့အတွက်ဆို အများကြီးပိုစျေးပေါတဲ့ အသေးလေးတွေရှိတယ်။" 



"အဲဒါဆို အဲဒါလေးပြပေးပါ။"


ဆိုင်ရှင်က သူမထံ မီးစက်အသေးလေးတစ်ခု ယူဆောင်လာခဲ့ပြီး သူက ၎င်းကို ပုတ်ရင်း ပြောလိုက်သည်။ "ဒီတစ်ခုက ယွမ်သုံးထောင့်ငါးရာပါ။"



ယွမ်သုံးထောင့်ငါးရာက စျေးကြီးနေဆဲ ဖြစ်သည်။ သူမ၏ လက်ထဲတွင် ပိုက်ဆံအများကြီး မရှိတော့ဘဲ သူမအနေနှင့် သောက်ရေသန့်များ ဝယ်ယူရန် ကျန်နေသေးပေသည်။



သို့သော် လျှပ်စစ်မီး ပြတ်တောက်သွားမည့် ခံစားချက်က တွေးကြည့်၍ပင် မရနိုင်ပေ။ ကျန်းမြောင်မြောင်က ရဲတင်းစွာ ပြောလိုက်သည်။ "ပိုပြီး စျေးသက်သာအောင် လုပ်ပေးပါ။ ကျွန်မ ရှင့်ဆိုင်ကို အိမ်နီးနားချင်းတွေဆီ မိတ်ဆက်ပေးပြီး ဖောက်သည်ရအောင် လုပ်ပေးမယ်လေ။" 


"ဒါဆို သုံးထောင့်လေးရာ။"



"သုံးထောင်နဲ့ ရောင်းပေးလို့မရဘူးလား။" 



ကျန်းမြောင်မြောင်က သူ့ကို သနားစဖွယ် ကြည့်လိုက်ကာ သူမ မျက်လုံးများထဲတွင် အသနားခံမှုတို့နှင့် ပြည့်နေခဲ့သည်။



ရေသန့်တစ်ပုံးကို ငါးယွမ် ကျသင့်မည်ဖြစ်ကာ သူမက ယွမ်ငါးရာ ချွေတာနိုင်ခဲ့လျှင် ရေသန့်ပုံးတစ်ရာ ဝယ်ယူနိုင်မည် ဖြစ်သည်။


သူတို့ အချိန်အကြာကြီး စျေးနှုန်းညှိနှိုင်းကြပြီး နောက်ဆုံးတွင် ဆိုင်ရှင်က စျေးနှုန်းကို သဘောတူပေးလိုက်၏။ ကျန်းမြောင်မြောင်က စရံငွေပေးခဲ့ကာ ဒီညတွင် ဗီလာသို့ ပို့ဆောင်ပေးရန် တောင်းဆိုခဲ့သည်။ 


အချိန်ကို တွက်ချက်ပြီးနောက် စူပါမားကတ်မှ ပစ္စည်းပို့ဆောင်လာမည့် အချိန် ရောက်နေပြီဖြစ်ကြောင်း သိလိုက်သည်။ သူမက အသက်ရှုရန်ပင် မလွယ်လောက်အောင် အလုပ်ရှုပ်နေခဲ့ပြီး ပစ္စည်းများကို လက်ခံယူရန် ဘတ်စ်ကားဖြင့် အိမ်သို့ ချက်ချင်း ပြန်လာခဲ့သည်။


သူမက အချိန်ကိုက် ပြန်ရောက်လာခဲ့သည်။ သူမ အိမ်သို့ရောက်ပြီး မကြာခင် ပစ္စည်းပို့ ထရပ်ကားရောက်လာပေသည်။ ပစ္စည်းပို့ဆောင်သူက ကုန်တင်ကားနောက်ခန်းတံခါးကို ဖွင့်ကာ ပစ္စည်းများကို သယ်ရန် ကူညီပေးပြီးနောက် မေးလိုက်သည်။


"ဘာလို့ တစ်ကြိမ်တည်းနဲ့ ပစ္စည်းတွေ အများကြီး ဝယ်ရတာလဲ။ မုန့်ဆိုင်ဖွင့်မလို့လား။" 


"ကျွန်မတို့ မိသားစုရဲ့ ဆွေမျိုးတွေ လာလည်ကြမှာလေ။ အဲဒါကြောင့် ကလေးတွေ စားသောက်ဖို့ စားစရာ အလုံအလောက်မရှိမှာ စိုးလို့ဝယ်ခဲ့တာပါ.. ဟားဟား။ ကျေးဇူးပြုပြီး မြေအောက်ခန်းကို ရွှေ့ဖို့ ကူညီပေးပါဦး။" 


ကျန်းမြောင်မြောင်က အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး ထိုသူနှင့်အတူ ပစ္စည်းများ ရွှေ့ခဲ့သည်။ သူမက ကုန်တင်ကားပေါ်မှ ပစ္စည်းများကို ဝိုင်းသယ်ယူပြီးသည့်အခါ အလွန် မောဟိုက်၍ ချွေးထွက်နေခဲ့သည်။ ၎င်းတို့အားလုံးက မြေအောက်ခန်းထဲသို့ ထိုးသိပ်ထည့်ခံလိုက်ရ၏။


ကုန်တင်ကား မောင်းထွက်သွားပြီးနောက် ကျန်းမြောင်မြောင်က ဆိုဖာပေါ်တွင် လဲလျောင်းကာ ဖုန်းကို ထုတ်၍ သူမ လမ်းတွင် တွေ့ကာ ရေးမှတ်ထားခဲ့သည့် နံပါတ်တစ်ခုကို ခေါ်လိုက်သည်။


"ဟယ်လို... Sweet ရေသန့်ကုမ္ပဏီကလားရှင့်။" 


"ဟုတ်ပါတယ်။"


"ကျွန်မ ရေသန့်အော်ဒါတင်ချင်လို့ပါ။" 


"ရပါတယ်။ ဘယ်လောက်လောက် လိုချင်တာလဲ။"


"ပုံး ၅၀၀ လောက်ပါ။ ဒီည ပို့ပေးနိုင်မလား။"


ယွမ် ၂၅၀၀ က သူမ၏ နောက်ဆုံးကျန်ငွေ ဖြစ်သည်။


တစ်ဖက်လူက ထိတ်လန့်အံ့သြသွားသည်။ "အဲဒီလောက်အများကြီးလား။ ကျွန်တော်တို့မှာ အဲဒီလောက် အများကြီး မရှိလောက်တော့ဘူး။" 


"အခု ဘယ်လောက်ရှိလဲ။" 


"ဒီမနက်တုန်းက ပုံး ၂၅၀ ပဲ ဖြည့်ထားမိတာ။ အဲဒီလောက်ဆိုရနိုင်မလား။"


ထိုသည်က မလုံလောက်ပေ။ သောက်သုံးခြင်း၊ ချက်ပြုတ်ခြင်း၊ ရေချိုးခြင်းနှင့် မျက်နှာသစ်သွားတိုက် အရာအားလုံးက ရေလိုအပ်ပေသည်။ သူမတွင် အခြားပစ္စည်းများမရှိ၍ရသော်လည်း ရေပြတ်သွား၍မဖြစ်နိုင်ပေ။


ပျက်ကပ်ဖြစ်ပွားပြီးနောက် ရေအရင်းအမြစ်ကို ထိခိုက်သွားကာ မကြာခင်၌ မြို့အတွင်း ရေပြတ်လပ်သွားလိမ့်မည် ဖြစ်သည်။


ကျန်းမြောင်မြောင်က ဆိုဖာပေါ်တွင် ခြေချိတ်ကာ ထိုင်လိုက်ပြီး ချင့်ချိန်တွေးတောပြီးနောက် မေးလိုက်သည်။ 


"ပုံးအလွတ်များ ဝယ်လို့ရနိုင်မလား။"


"ခင်ဗျားက ပုံးအလွတ်တွေ ဝယ်ချင်တာလား။ အဲဒါက ရောင်းဖို့မဟုတ်ဘူး။"


ကျန်းမြောင်မြောင်က သူမ၏ စကားပြောစွမ်းရည်ကို အသုံးပြုကာ ထိုသူနှင့် နာရီဝက်ခန့် စကားပြောခဲ့သည်။ နောက်ဆုံးတွင် သူမက ပုံးအလွတ် သုံးရာကို တစ်ပုံး သုံးယွမ်ဖြင့် ဝယ်ယူနိုင်ခဲ့ပြီး ၎င်းတို့ကို ယနေ့ည ပို့ဆောင်ပေးလိမ့်မည် ဖြစ်သည်။


သူမက ၎င်းတို့ထဲတွင် ရေဖြည့်ကာ ပိတ်ထားလိုက်မည် ဖြစ်သည်။ နောက်ပိုင်းတွင် သူမက ရေသန့်တို့ ကုန်သွားလျှင် ထိုရေများကို အသုံးပြုရလိမ့်မည် ဖြစ်သည်။


၎င်းက ရေသန့်မဟုတ်သော်လည်း ရေ မရှိသည်ထက်စာလျှင် ပိုကောင်းပေသည်။


ထို့ပြင် သူမက မီးဖိုနှင့် လောင်စာတို့လည်း ဝယ်ယူခဲ့သေးသည်။ သူမက သောက်သုံးရန် ရေကို ကျိုချက်နိုင်ပေသည်။


ကျန်းမြောင်မြောင်က နောက်ဆုံး၌ စိတ်သက်သာရာရသွားခဲ့သည်။ သူမက ဆိုဖာပေါ်တွင် မှီကာ အနားယူနေရင်း သူမ မဝယ်ရသေးသည့်အရာ ရှိသလား စဥ်းစားနေသည်။


ဂရုတစိုက် တွက်ချက်စဥ်းစားပြီးနောက် သူမ မဝယ်ရသေးသည့်အရာက အမှန်တကယ် များပြားစွာ ကျန်နေသေးကြောင်း သိလိုက်ရသည်။


ပျက်ကပ်ဖြစ်ပွားလာသည့်အခါ လူအများ၏ နှလုံးသားတို့က ရက်စက်ယုတ်မာလာသည်။ သေနတ်နှင့် ကျည်ဆံများကသာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အကောင်းဆုံး ဖြစ်သည်။


မီးစက်က ပျက်သွားနိုင်ပြီး အရန်အစီအစဥ်တစ်ခု ရှိထားလျှင် ပိုကောင်းသည်။


ပျက်ကပ်အတွင်းမှ ရာသီဥတုက ကြမ်းတမ်းပြီး အလွယ်တကူ ဖျားနာနိုင်သည်။ ထို့ကြောင့် ဆေးဝါးများ လုံလုံလောက်လောက် သိုလှောင်ထားသည်က ပိုကောင်းပေသည်။