အပိုင်း (၂)
Viewers 5k

သူမတွင် ပိုက်ဆံသိပ်မရှိသည့်အတွက် အစားအသောက်များကိုသာ အရင်ဆုံး ဝယ်ယူသိုလှောင်ထားနိုင်ပြီး ပစ္စည်းပစ္စယများများစားစား မရှိပေ။


သို့သော် မည်သို့ပင်ဖြစ်စေ သူမက အချိန်အကြာကြီး အသက်ရှင်နိုင်ရန် စီစဥ်မထားဘဲ သူမ၏ သေခြင်းက မည်သည့်အချိန်တွင် ကျရောက်လာမည်လဲ သေချာမသိပေ။ ဆယ်စုနှစ်တစ်ခုစာဖြစ်စေ နှစ်ရာချီ၍ဖြစ်စေ အသက်ရှင်ရသည်မှာ မည်သည့် ကွာခြားမှုမှ မရှိပုံရလေသည်။



ညအချိန်တွင် မီးစက်နှင့် ရေသန့်တို့ လာရောက်ပို့ဆောင်ခဲ့ကြသည်။



ကျန်းမြောင်မြောင်သည် ဆိုင်ရှင်ကို သူမအား မီးစက်အသုံးပြုပုံသင်ပေးရန် တောင်းဆိုခဲ့သည်။ သူမသည် မီးစက်က အလုပ်လုပ်ရန် ဆီဖြည့်ဖို့ရာလိုအပ်ကြောင်း သင်ယူခဲ့ပြီး အနီးရှိ လောင်စာဆီဆိုင်သို့ သွားကာ ဒီဇယ်စည်အနည်းငယ် ဝယ်ယူခဲ့သည်။



မြေအောက်ခန်းက ပစ္စည်းများ ပြည့်နေပြီဖြစ်သောကြောင့် ဧည့်ခန်းကို သန့်ရှင်းရေးလုပ်ခဲ့သည်။ ဆိုဖာနှင့် ကော်ဖီစားပွဲတို့ကို ကပ်ရပ်ထားလိုက်သည်။ ပုံးများကို နံရံတွင် ကပ်ကာထပ်စီထားပြီး ၎င်းတို့က ဧည့်ခန်းတစ်ဝက်ကို နေရာယူသွား၏။



အရာအားလုံးပြီးသွားသည့်အခါ ညလယ်ခေါင်သို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။



ကျန်းမြောင်မြောင်က သူမအတွက် ဘာဘီကျူးအခုသုံးရာကျော် မှာယူခဲ့၏။ ယနေ့ပြီးနောက် သူမက နောက်ထပ် မည်သည့်အခါမှ ထိုကဲ့သို့ စားသောက်နိုင်လိမ့်တော့မည် မဟုတ်ပေ။



သူမ ဘာဘီကျူး စားပြီးသည့်အခါ ဖုန်းမှ Live လွှင့်သည့် App ကို ဖွင့်ကာ သူမ Acc သို့ ဝင်လိုက်သည်။



သူမသည် လွန်ခဲ့သော သုံးရက်က ဤစာအုပ်ထဲ ကူးပြောင်းလာခဲ့ပြီး Live လွှင့်သည့် ပလက်ဖောင်းတွင် Acc တစ်ခု မှတ်ပုံတင်ခဲ့ကာ ကမ္ဘာပျက်ကပ်အတွက် မည်သည့် ပစ္စည်းများ ကြိုတင်စုဆောင်းသင့်ကြောင်း ပြောပြခဲ့သည်။



သူမက ထွက်ပြေးရန် မစီစဥ်ထားခဲ့သော်လည်း တစ်စုံတစ်ယောက်က ထွက်ပြေးချင်ခဲ့လျှင် မည်သို့လုပ်ရမည်နည်း။ သူမ၏ ဗွီဒီယိုများက ကြိုတင်ပြင်ဆင်နိုင်ရန် လူအများကို သတိပေးနိုင်ခဲ့လျှင် အကောင်းဆုံး ဖြစ်သည်။



သို့သော် လောကကြီးက လတ်တလောတွင် အလွန် ငြိမ်းချမ်းနေပြီး ရုတ်တရက် ဤကဲ့သို့ ဗွီဒီယိုမျိုး ပေါ်ပေါက်လာခြင်းက လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့သော်လည်း အများစုက သူမကို ရယ်မောကာ ရူးနေပြီဟု တွေးခဲ့ကြသည်။



သူမ Live လွှင့်ခြင်းကို စတင်လိုက်သည်နှင့် လူအများက သူမ၏ ရှိုးကို စောင့်ကြည့်ရန် နေရာယူ စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်သည်။



"ဒီအရူးမ ရောက်လာပြန်ပြီ ဟားဟား"



"ဒီအစ်မကြီးက အရမ်းရယ်ရတာပဲ။ ဒီလိုဆိုးရွားတဲ့ကိစ္စတွေ ဖြစ်လာမယ်ဆို ပြင်ဆင်တာက ဘာအသုံးဝင်မှာလဲ။ ဟယ်လို ကမ္ဘာပျက်ကပ်က ဘယ်လောက်တောင်ဆိုးမှာတဲ့လဲ။"


"မင်းမှာ စားစရာရှိပြီး ငါ့မှာ လက်နက်တွေရှိတယ်။ အစ်မကြီး မင်းရဲ့ အိမ်က ငါ့ရဲ့ သိုလှောင်ရုံဖြစ်လာလိမ့်မယ်။ မင်းမှာ သေနတ်မရှိရင် မီးဖိုချောင်သုံးဓားနှစ်ချောင်းနဲ့ ကိုယ့်ဘာသာ တပ်ဆင်ထားသင့်တယ်။" 



"ခင်ဗျားက အရမ်းပျင်းနေတာပဲ ဖြစ်ရမယ် ဟားဟား။"



"မိန်းမတွေကတော့ မိန်းမတွေပါပဲါ သူတို့က ပိုကြီးတဲ့ကိစ္စရပ်တွေကို မမြင်နိုင်ကြဘူး။"


...


ကျန်းမြောင်မြောင်က သူတို့ကို စိတ်မဝင်စားဟန်ဖြင့် လျစ်လျူရှုလိုက်သည်။ သူမ၏ ဗွီဒီယိုများက မယုံကြည်သူများအတွက် မဟုတ်ပေ။



သူမက ဝယ်ယူထားသည့် စာရင်းကို ထုတ်ယူကာ ကျယ်လောင်စွာ ဖတ်ပြလိုက်သည်။



ကံကောင်းစွာဖြင့် ယနေ့ည Live ကြည့်နေသူက အယောက်နှစ်သိန်းကျော်ပေသည်။



လူအရေအတွက်များလာသည်နှင့် သူတို့ထဲမှ အချို့က သူမကို ထောက်ခံအားပေးကာ သူမ၏ အစီအစဥ်ကို စိတ်ဝင်စားစရာကောင်းသည်ဟု တွေးကာ လက်ဆောင်များ ပေးလေသည်။



သူမ၏ တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးခါနီးတွင် သူမအနေနှင့် ယွမ်ထောင်ဂဏန်းခန့် ရရှိခဲ့သည်ဟု ခန့်မှန်းမိပေသည်။ ထိုသည်မှာ သူမ နောက်ထပ်ပစ္စည်းများ ပိုမိုဝယ်ယူနိုင်သည်ဟု ဆိုလိုပေသည်။



ကျန်းမြောင်မြောင်က screen ကို ကြည့်ရင်း ရိုးသားစွာ ပြောလိုက်သည်။ "မနက်ဖြန်က ကမ္ဘာကြီးရဲ့ အဆုံးသတ်ပဲ။ လူတိုင်းပဲ မိသားစုတွေ မိတ်ဆွေတွေနဲ့အတူ နေနိုင်ပြီး အောင်အောင်မြင်မြင် ထွက်ပြေးနိုင်ကြပါစေ။ လူတိုင်း ကျန်းကျန်းမာမာနဲ့ ချောမွေ့တဲ့ ဘဝမျိုး ပိုင်ဆိုင်နိုင်ကြဖို့ ဆုတောင်းပေးပါတယ်။ ဒါဆို ဒီနေ့ညရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်လိုက်ပါတော့မယ်။ နှုတ်ဆက်ပါတယ်။"


သူမ စားသောက်ရန် ဘာဘီကျူး သုံးပုံတစ်ပုံ ကျန်နေသေးပေသည်။ ကျန်းမြောင်မြောင်က အကျန်များကို ရေခဲသေတ္တာထဲ ထည့်လိုက်ပြီး ပြတင်းပေါက်သို့ လျှောက်သွားခဲ့သည်။



သူမသည် အိမ်ငှားစဥ်အခါက ဇွန်ဘီများနှင့် ရင်ဆိုင်ရသည့် အခြေအနေကို ရင်ဆိုင်ရန် မျှော်လင့်ကာ ပြတင်းပေါက်များတွင် သူခိုးကာကွယ်ရေးများ တပ်ဆင်ထားသည့် အိမ်ကို အထူးရွေးချယ်ခဲ့သည်။



ညက အတော်နက်လာပြီဖြစ်သော်လည်း အဝေးရှိ ကောင်းကင်က နီရဲနေဆဲဖြစ်သည်။ ထိုနေရာက မြို့လယ်ကောင်တွင် ဖြစ်နိုင်ပေသည်။



သူမ သတိရသည်ကသာ မှန်လျှင် မူလစာအုပ်အတွင်းမှ ဖုတ်ကောင်ပထမလှိုင်းက ဤသုံးရက်အတွင်း ဖြစ်ပွားလိမ့်မည်ဖြစ်ကာ မြို့တစ်ခုလုံး အရှင်လတ်လတ် ငရဲတစ်ခုသဖွယ် ဖြစ်လာပေလိမ့်မည်။



သူမက အလွန် စိုးရိမ်ပူပန်နေခဲ့သည်။ ကျန်းမြောင်မြောင်သည် တစ်ညလုံးမအိပ်ဘဲ နေထွက်လာသည်အထိ စောင့်ကြည့်နေခဲ့သည်။



မနက်ဆယ်နာရီခန့်တွင် လူတိုင်း ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေကြစဥ် ဗွီဒီယိုလေးတစ်ခုက ဗွီဒီယိုဝက်ဘ်ဆိုက်ဒ်တစ်ခု၌ ရုတ်တရက် ပေါ်ပေါက်လာသည်။



"ဟောက်ရှန်းလမ်းပေါ်၌ လူတစ်ယောက်က လမ်းသွားလမ်းလာတစ်ယောက်ကို ကိုက်ခဲ့ပြီး ၎င်းကို ခွေးရူးပြန်တိုက်ခိုက်မှုဟု သံသယရှိ။"



ဗွီဒီယိုသည် အလွန် သွေးသံရဲရဲဖြစ်နေခဲ့ပြီး နာရီဝက်အတွင်း လူပေါင်းများစွာ၏ အာရုံစိုက်မှုကို ရယူနိုင်ခဲ့သည်။



ဒုတိယဗွီဒီယို ထွက်ပေါ်လာသည့်အချိန်တွင် လူတိုင်းသည် ထိုအရာက အမှန်တကယ် ခွေးရူးပြန်တိုက်ခိုက်မှု ဟုတ်မဟုတ် ဆွေးနွေးနေဆဲအချိန်အတွင်း၌သာ ရှိနေသေးပေသည်။



ထို့နောက် တတိယနှင့် စတုတ္ထဗွီဒီယိုတို့လည်း ထွက်ပေါ်လာသည်။



ဆယ့်တစ်နာရီတွင် မြို့ထဲ၌ အထိန်းအကွပ်လွတ်သွားခဲ့ပြီး လူအများက စတင်ထွက်ပြေးခဲ့ကြသည်။



သူမတို့နေထိုင်သည့် ခရိုင်ဗီလာသည်လည်း သက်ရောက်မှုခံခဲ့ရသည်။ လူအများကြီးက ပုန်းခိုရန် အိမ်သို့ ပြန်ပြေးလာကြပြီး လမ်းတလျှောက်ရှိ စူပါမားကတ်များက အများအပြားဝယ်ယူမှုများ ကြုံတွေ့ခဲ့ကြသည်။



အစားအစာ၊ ရေ၊ ဆေးဝါးများနှင့် အခြားအထောက်အပံ့ ပစ္စည်းများအားလုံး ရောင်းကုန်သွားခဲ့သည်။


မရေတွက်နိုင်သော ဗွီဒီယိုများ ထွက်ပေါ်လာခဲ့ပြီး အချို့လူများသည် ၎င်းက ကူးစက်ရောဂါအသစ်တစ်မျိုး ဖြစ်လိမ့်မည်ဟု ခန့်မှန်းနေကြသည်။


ကျန်းမြောင်မြောင်က တစ်နေ့လုံး အပြင်မထွက်ခဲ့ပေ။ သူမက ပြတင်းပေါက်တွင် ထိုင်ကာ မနေ့က ကျန်သည့် ဘာဘီကျူးများကို စားရင်း အခြေအနေအား စောင့်ကြည့်နေခဲ့သည်။


ထိုနေ့ညအတောအတွင်း အပြင်းအထန် တိုက်ခိုက်မှုများ မရေတွက်နိုင်အောင် ဖြစ်ပွားခဲ့ကာ ထောင်သောင်းချီ၍ သေဆုံးခဲ့ပေသည်။



အစိုးရက ၎င်းကို ဖိနှိပ်ကာ စစ်တပ်စေလွှတ်ခဲ့ပေမယ့် သူတို့သည်လည်း အထိအခိုက်အကျအဆုံးများခဲ့ကာ ကျန်ရှိနေသော ဝန်ထမ်းများကို အသုံးပြုကာ မြို့သူမြို့သားများကို လုံခြုံသည့် မြို့များသို့ ပြန်ဆုတ်ခွာနိုင်ရန် ဦးဆောင်ခဲ့သည်။


စစ်ကားများက လမ်းရှင်းကာ မြို့သူမြို့သားများက သူတို့၏ ကိုယ်ပိုင်ကားများဖြင့် နောက်မှ လိုက်သွားခဲ့ကြသည်။



ထိုသူတို့ ခရိုင်ဗီလာမှ ထွက်ခွာသွားသည့်အခါ အိမ်နီးနားချင်းများက သူမ၏ တံခါးကို ခေါက်ကာသူမ စီးစရာယာဥ်လိုအပ်သလား လာမေးခဲ့ကြသည်။



မူလစာအုပ်အတွင်းမှ ဖြစ်စဥ်အရ လုံခြုံမှုက ယာယီသာလျှင် ဖြစ်ပြီး အဓိကမြို့များအားလုံး ကျဆုံးသွားရန်မှာ တစ်လကျော်သာလျှင် ကြာခဲ့သည်။ အသက်ရှင်ကျန်သူများက တောအုပ်များ၊ ကန္တာရများနှင့် ရေလယ်ကျွန်းများတွင်သာ လှည့်လည်သွားလာနိုင်ကြသည်။



ပြောစရာမလိုအောင်ပင် ကြောက်မက်ဖွယ် ကပ်ဘေးများ ဖြစ်ပွားနေသည့် အချိန်အတောအတွင်း သူမက ငှားရမ်းထားသော ဗီလာထဲတွင် အေးအေးဆေးဆေး စားသောက်နေထိုင်နိုင်မည် ဖြစ်သည်။



ကျန်းမြောင်မြောင်က သူတို့ကို စားစရာနှင့် ဆေးပုလင်းအချို့ ပေးကာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်မ ဒီကနေ ထွက်မသွားသေးဘူး။ ရှင်တို့အားလုံး အကောင်းဆုံးဖြစ်စေဖို့ ဆန္ဒရှိပါတယ်။" 



တစ်ဖက်လူက ထိတ်လန့်သွားခဲ့သည်။ "မင်း သေချာရဲ့လား။"



သူမက ခေါင်းညိတ်လိုက်ပြီး အိမ်နီးချင်းများ ထွက်သွားသည်ကို စောင့်ကြည့်နေပြီးနောက် တံခါးပိတ်လိုက်သည်။ သူမက သော့ပိတ်လိုက်ကာ ဆိုဖာ၊ စားပွဲနှင့် ရွှေ့နိုင်သည့် အရာမှန်သမျှကို ရွှေ့ကာ တံခါးအား ပိတ်ဆို့ရန် အသုံးပြုခဲ့သည်။



ထို့နောက် သူမက အပေါ်ထပ်သို့တက်ကာ အိပ်ခန်းထဲကို လျှောက်သွား၍ တံခါးလော့ခ်ချလိုက်ပြီး ကွန်ပျူတာအားဖွင့်လိုက်ပြီးနောက် ဂိမ်းစတင်ကစားတော့သည်။



အပြင်ဘက်မှ ဆူညံသံများက သူမ ဂိမ်းကစားခြင်းကို အနှောက်အယှက်ဖြစ်စေသဖြင့် နားကြပ်တပ်ထားလိုက်သည်။