အပိုင်း (၃)
Viewers 5k

ကမ္ဘာပျက်ကပ်ဖြစ်ပွားသည့် သုံးရက်မြောက်နေ့တွင် မြို့သားအများစုက ထွက်ခွာသွားခဲ့ပြီး မြို့တွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်က ရပ်တန့်သွားခဲ့သည်။ ဘတ်စ်ကားများ၊ မြေအောက်ရထားလိုင်းများ၊ အမြန်ရထားလိုင်းများလည်း ပြေးဆွဲခြင်းမရှိတော့ပေ။


ကမ္ဘာပျက်ကပ်၏ ဆယ်ရက်မြောက်နေ့တွင် လူတိုင်း မြို့ထဲမှ ထွက်ပြေးသွားခဲ့ကြပြီး လမ်းများထက် လျှောက်သွားနေသည့် ဇွန်ဘီများလျှင် ကျန်ရှိခဲ့သည်။



ကမ္ဘာပျက်ကပ်စတင်ပြီး ရက်နှစ်ဆယ်မြောက်နေ့တွင် လျှပ်စစ်နှင့် ရေပေးဝေရေးစနစ်များလည်း ရပ်တန့်သွားလေသည်။ အစားအစာနှင့် အလောင်းများက စတင်ပုပ်သိုးလာပြီး အပူချိန်က ပိုတိုးလာကာ လေထုက ညစ်ညမ်းလာသည်။



ပျက်ကပ်ဖြစ်ပွားသည့် ရက်သုံးဆယ်တွင် ဆင်ခြေဖုံးရပ်ကွက်ရှိ ဓာတုစက်ရုံပေါက်ကွဲကာ ပြုပြင်ထိန်းသိမ်းမှုမရှိတော့သည့်အတွက် အကြီးအကျယ် မီးလောင်လေသည်။ မီးများက မြို့ထဲထိပါ ပျံ့နှံ့လာပြီး မြို့အတွင်းရှိ အိမ်ခြေတစ်ဝက်ကျော်နီးပါး လောင်ကျွမ်းပစ်လိုက်သည်။ ထိုမီးများက နောက်တစ်နေ့ အပြင်းအထန် မိုးရွာသွန်းသည့်အချိန်မှသာ ငြိမ်းသွားခဲ့လေသည်။



ပျက်ကပ်ဖြစ်ပွားပြီး ရက်လေးဆယ်မြောက်တွင် ဆယ်မီလီယံနီးပါးရှိသော ဇွန်ဘီများက ပျက်စီးနေသည့် မြို့အတွင်း လှည့်လည်သွားလာနေကြကာ အချို့က အသက်ရှင်ကျန်သူများကို ရှာဖွေနေကြပြီး အချို့က မြို့စွန်သို့ တဖြေးဖြေး ဖြန့်ကျက်သွားခဲ့ကြသည်။



မနက်ခင်းဆယ်နာရီအချိန်တွင် ကျန်းမြောင်မြောင်က အိပ်စက်နေရာမှ နိုးလာခဲ့သည်။



သူမက မျက်လုံးကာ(Eye Mask)ကို ချွတ်လိုက်ကာ အခန်းထဲသို့ နေအလင်းရောင်ရစေရန် လိုက်ကာကို ဖွင့်လိုက်သည်။


သူမ ပြတင်းပေါက်အနီးတွင် ဇွန်ဘီသုံးကောင် လှည့်လည်သွားလာနေပြီး ရက်အတန်ကြာသည်အထိ ထွက်သွားခြင်းမရှိခဲ့ပေ။ သူမသည် ထိုဖုတ်ကောင်များက လေဝင်လေထွက်ပေါက်မှတဆင့် သူမ၏ အနံ့ကိုရနိုင်ပြီး အထဲသို့ ဝင်လာရန်ကြိုးစားနေသည်လား သိချင်မိသည်။ 



ကျန်းမြောင်မြောင်က သူတို့ကို လျစ်လျူရှုကာ ရေချိုးခန်းထဲသို့ ဝင်သွားခဲ့၏။ သူမက ပုံးထဲမှ ရေသန့်တစ်ဖန်ခွက် ယူလိုက်ကာ သွားတိုက်ခြင်းကို စတင်လိုက်သည်။



ကမ္ဘာပျက်ကပ် စတင်လာသည်မှာ တစ်လခွဲခန့်ရှိနေပြီ ဖြစ်သည်။ မူလစာအုပ်အတွင်းမှ ဇာတ်ကြောင်းအရ အခြားမြို့များတွင်လည်း ဤနေရာနှင့် အလားတူပင်ဖြစ်သည်။ အသက်ရှင်ကျန်ရစ်သူများက စစ်တပ်နှင့်လိုက်ကာ လုံခြုံရေးဇုန်များသို့ ထွက်ပြေးသွားခဲ့ကြသည်။ ကမ္ဘာတစ်ဝှမ်း၌ ကျန်းမာသည့် လူသားအရေအတွက်က ခြောက်သိန်းခန့်သာ ကျန်ရစ်ပေသည်။



သူမ၏ အစားအသောက် ကုန်ကျနှုန်းက ထင်ထားသည်ထက် နည်းပါးပေသည်။ ထို့ကြောင့် သူမသည် ယခုထိ ရေသန့် ဆယ်ပုံး၊ ရေဘုံပိုင်မှ ဖြည့်ထားခဲ့သည့် ရေပုံးရှစ်ဆယ်၊ ခေါက်ဆွဲခြောက် သေတ္တာနှစ်ဆယ်၊ ဟော့ပေါ့ဟင်းရည်အနှစ်ထုပ် ဆယ်သေတ္တာ၊ ပေါင်မုန့်ဆယ်ထုပ်၊ ပီကေခြောက်ပုလင်း၊ တစ်ရှူး ရှစ်ဘူး၊ ဆန်အိတ်တစ်ဝက်နှင့် မုန့်အချို့သာလျှင် သုံးစွဲ၍ပြီးသေးသည်။



(T/N အဲဒါအစားနည်းတာလား.. လန့်စရာပဲ... 🤣) 



ထိုအရာများသည် သူမ သိုလှောင်ထားသည့် အရာများ၏ ဆယ်ပုံတစ်ပုံခန့်သာ ရှိသေးပေသည်။ သူမ အများဆုံး အသုံးပြုခဲ့သည့်အရာက လောင်စာဖြစ်သည်။ သူမသည် သဘာဝဓာတ်ငွေ့ပိုက်လိုင်းက ထိခိုက်သွားလိမ့်မည်ကို သိခဲ့သည့်အတွက်ကြောင့် ဂက်စ်ဘူးများ ဝယ်ယူထားခဲ့သော်လည်း အများကြီး ဝယ်ယူလိုက်ပါက ပေါက်ကွဲမှုများဖြစ်လာမည်ကို ကြောက်ရွံ့ခဲ့သည်။ ထို့ကြောင့် သူမက ဂက်စ်ဘူးအကြီးသုံးခုကိုသာလျှင် ဝယ်ယူသိုလှောင်ခဲ့သည်။ သူမသည် အိမ်တွင် နေ့တိုင်း ချက်ပြုတ်ရန်လိုအပ်သောကြောင့် ယခုတွင် ဂက်စ်က တစ်ဘူး ကုန်သွားခဲ့ပြီဖြစ်၏။ ဂက်စ်အားလုံး အသုံးပြု၍ ကုန်သွားခဲ့လျှင် ၎င်းနေရာတွင် အရက်နှင့် ဒီဇယ်ကိုသာ အစားထိုးအသုံးပြုနိုင်တော့မည် ဖြစ်သည်။



သို့ဆိုလျှင်ပင် သူမ၏ အခြေအနေက သူမ ထင်ထားသည်ထက် ပို၍ကောင်းမွန်နေသေးသည်။



ဤရက်များအတွင်း သူမက ကိုယ့်ကိုယ်ကိုယ် ဆိုးရွားစွာ မဆက်ဆံခဲ့ဘဲ သူမ စားချင်သည်ကိုစားကာ သောက်ချင်သည်ကို သောက်ခဲ့ပေမယ့် သူမ သိမ်းဆည်းထားသည့် အစားအသောက်များမှ ပမာဏအနည်းငယ်သာ ကုန်ဆုံးသွားသေးသည်။ ဤသည်မှာ သည်လောကအတွင်း အသက်ရှင်ချင်သည့် လူတစ်ယောက်အနေနှင့် အရင်းအမြစ်များစွာ မလိုအပ်ကြောင်း ပြသနေသည်။



အလုပ်နှင့် ကျောင်းမရှိသော ဘဝတွင် သူမ နိုးထလာသည့် နေ့ရက်တိုင်းက အလွန် သက်သောင့်သက်သာရှိနေမည် ဖြစ်သည်။


သူမက စားသောက်ပြီးနောက် အချိန်ဖြုန်းရန် ပြတင်းပေါက်ဘေးတွင် ထိုင်ကာ စာအုပ်များဖတ်ခြင်း သို့မဟုတ် ဇွန်ဘီများကို ထိုင်ကြည့်နေမည် ဖြစ်သည်။



သူမ ယွမ်သုံးထောင်အသုံးပြု၍ မီးစက်ဝယ်ခဲ့ခြင်းက အမှားပြုလုပ်မိခြင်းသာဖြစ်သည်။



ယခင်က သူမသည် လျှပ်စစ်မီးမရှိပါက အလွန် ခက်ခဲလိမ့်မည်ဟု တွေးမိခဲ့သော်လည်း မီးစက်ကို နှိုးသည့်အခါ အလွန်ကျယ်လောင်သော အသံထွက်လာနိုင်သည်ကို မေ့သွားခဲ့သည်။



ဤလောကရှိ ဇွန်ဘီများက အနံ့ခံအာရုံနှင့် အကြားအာရုံတွင် အလွန် အားကောင်းလှပြီး အလွန်လည်း လျင်မြန်သေးသည်။ ၎င်းတို့သည် ရုပ်ရည်သွင်ပြင်မှလွဲ၍ အခြားအရာအားလုံး၌ လူသားများထက် သာလွန်ပြီး ရင်ဆိုင်ရခက်ခဲစေသည်။



လျှပ်စစ်မီးပေးဝေမှုက လွန်ခဲ့သည့် တစ်လခွဲကတည်းက ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။ သူမ ပထမဆုံး မီးစက်ကို နှိုးလိုက်သည့်အခါ ဆူညံသံများက ဇွန်ဘီအကောင်တစ်ရာနီးပါးကို ဆွဲဆောင်မိသွားစေသည်။ 


သူမသည် ဗီလာ၏ ထိုပါးလွှာသော နံရံက ဇွန်ဘီများ၏ သုံးနာရီကြာဝန်းရံမှုကို တောင့်မခံနိုင်တော့မည်အား ထိတ်လန့်ကြောက်ရွံ့ခဲ့သည်။ သူမက အလွန်ထိတ်လန့်လာသည့်အတွက် မီးစက်ကို ချက်ချင်း ပိတ်ပစ်လိုက်ရကာ 84 ပိုးသတ်ဆေးရည်ပုလင်းအနည်းငယ်ကို ရေဘုံပိုင်မှ ယူထားသည့် ရေဘူးထဲ ရောထည့်လိုက်ပြီး ပြတင်းပေါက်မှ လောင်းချလိုက်သည်။ ထို့နောက် ဇွန်ဘီများ တဖြေးဖြေး ပြန့်ကျဲစွာထွက်ခွာသွားရန် အချိန်အတော်ကြာအောင် စောင့်လိုက်ရသည်။


ထို့နောက် သူမက မီးစက်ကို ထပ်မသုံးရဲတော့ဘဲ ယွမ်သုံးထောင်တန် ပစ္စည်းကြီးကို အလဟဿဝယ်ယူလိုက်မိသည်အား တွေးကာ နှလုံးသားများပင် နာကျင်လာတော့သည်။



ပို၍ အခက်အခဲဖြစ်စေသည်မှာ သူမ၏ ငွေကြေးအကန့်အသတ်ကြောင့် သူမတွင် အပိုဓာတ်အားသိုလှောင်မှုလည်း မရှိခဲ့သည့်အတွက် ဗီလာတွင် ဓာတ်အားပေးစနစ် ပြတ်တောက်သွားကတည်းက လျှပ်စစ်သုံးပစ္စည်းများကို အသုံးမပြုနိုင်တော့ပေ။ ဓာတ်အားသိုလှောင်နိုင်သည့်အရာအနည်းငယ်ကို အကုန်အသုံးပြုပြီးနောက် သူမ၏ မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာတို့က အလှဆင်ပစ္စည်းသက်သက် ဖြစ်သွားခဲ့ပြီး ရေခဲသေတ္တာနှင့် လေအေးပေးစက်သည်လည်း အလားတူပင် ဖြစ်သည်။



သူမက ရေခဲသေတ္တာထဲမှ အသား၊ သစ်သီးများနှင့် ဥများကို ပြတင်းပေါက်မှ တိုက်ရိုက်လွှင့်ပစ်လိုက်သည့်အတွက် ၎င်းတို့ ပုပ်သိုးခြင်းမှ အနံ့အသက် ထွက်ပေါ်လာနိုင်ခြင်းမရှိတော့ဘဲ အိမ်ထဲတွင် လေထု ညစ်ညမ်းမှုများ မဖြစ်လာနိုင်တော့ပေ။



လက်ထဲတွင် အသုံးဝင်နေသေးဆဲ လျှပ်စစ်ပစ္စည်းနှစ်ခုသာ ကျန်ရှိပေသည်။


တစ်ခုမှာ စွမ်းအားသိုလှောင်နိုင်စွမ်း မြင့်မားသည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်မီးနှင့် နောက်တစ်ခုမှာ သူမ ယခင်က သိပ်ဂရုမစိုက်ခဲ့သည့် Kindle ဖြစ်လေသည်။ Kindle ထဲတွင် ဒေါင်းလုတ်ဆွဲထားသည့် စာအုပ်အများအပြားရှိပြီး သူမ၏ ဖုန်းနှင့် ကွန်ပျူတာကို အားသွင်း၍မရတော့ကတည်းက စာအုပ်များဖတ်ရန် ၎င်းကို စတင်အသုံးပြုခဲ့သည်။



[Note: Kindle က အဓိအားဖြင့် E-Book တွေ ဖတ်ဖို့ သီးသန့်ထုတ်ထားတာမျိုးပါ။ Tablet ပုံစံမျိုးပါပဲ။ သိချင်ရင် Google ကနေ ရှာကြည့်လို့ရပါတယ်။ ကိုယ်ကတော့ အဲဒါကို အခုမှ ကြားဖူးတာကြောင့် သေချာမသိပါဘူး။]


သူမက နေ့တိုင်း နာရီဝက်ခန့်သာ စာဖတ်ပြီး လေယာဥ်(FlightMode) ပြန်တင်ထားတတ်သည်။ ယခုထိ အသုံးပြုနိုင်သည့် ဘတ်ထရီက တစ်ဝက်ကျန်နေသေးပေသည်။



သူမက မသေသေးသည့်အတွက် အသက်ဆက်ရှင်ရမည် ဖြစ်သည်။



ကျန်းမြောင်မြောင်က မျက်နှာသစ်ပြီး​နောက် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ နောက်တစ်နေ့ အသက်ဆက်ရှင်နိုင်သည့်အတွက် သူမကိုယ်သူမ ဆုချရန် မြစ်ခရုခေါက်ဆွဲတစ်ထုပ်ကို အထူးချက်ပြုတ်ကာ ကြက်ဥပြုတ်နှစ်လုံး ထပ်ထည့်လိုက်သည်။



အစားအသောက်၏ ရနံ့က ပြတင်းပေါက် အဟကြားမှ လေနှင့်အတူ ပါသွားခဲ့ပြီး အဝေးရှိ ဇွန်ဘီများကိုပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။