အပိုင်း (၄)
Viewers 5k

မြစ်ခရုဆန်ခေါက်ဆွဲ စားသောက်ပြီးနောက် ၎င်းက အလွန် စပ်လှသည့်အတွက် သူမနှုတ်ခမ်းများက ရဲတွတ်သွားခဲ့သည်။ သူမက ရေသောက်ရင်း ထိုင်ခုံတွင် ထိုင်ကာ ယနေ့တနေ့တာအတွက် အချိန်ဇယားကို စီစဥ်ရန်တွေးတောနေ၏။


သူမက ဘောပင်န်နှင့် စာရွက်ကို ထုတ်ကာ မနက်ခင်း၌ လက်ရေးလှလေ့ကျင့်သည်။



နေ့လယ်တွင် ထမင်းကြော်နှင့် ဝက်ပေါင်ခြောက်စင်းကော ချက်စားခဲ့သည်။ လတ်ဆတ်သည့် အသီးအရွက်များက မရှိတော့သော်လည်း အခြောက်အခြမ်းများကို ရေတွင်စိမ်ကာ ထားနိုင်ပြီး ထမင်းကြော်ဖြင့် တွဲစားနိုင်ပေသည်။



မွန်းလွဲချိန်၌ သူမတွင် အချိန်များစွာ ပိုလျှံနေကာ နာရီဝက်ခန့် စာအုပ်ဖတ်ပြီးနောက် တစ်ယောက်တည်း ကစား၍ရသော ဖဲချပ်ဂိမ်းကစားခဲ့သည်။



ညအချိန်တွင် အသံဗလံများက သည်းမခံနိုင်စရာပင် ဖြစ်သည်။ နေရောင်မရှိသည့်အခါ ဖုတ်ကောင်များက ပိုမိုတက်ကြွလာပြီး အိမ်အနီးဝန်းကျင်မှ ထူးဆန်းသော ဟိန်းဟောက်သံများကို နားထောင်ရသည်မှာ ကြောက်လန့်စရာကောင်းလှပေသည်။



ယခင်က ကျန်းမြောင်မြောင်သည် သူမ ဖုန်းကိုသုံးကာ သီချင်းဖွင့်၍ နားကြပ်တပ်ပြီး အပြင်ဘက်မှ ဇွန်ဘီအော်သံများကို လျစ်လျူရှုထားခဲ့သည်။



ယခု သူမက သီချင်းများ ထပ်နားမထောင်နိုင်တော့သလို မည်သည့် ဆူညံသံမှလည်း မပြုလုပ်နိုင်ပေ။ သူမက ၎င်းတို့ကို လျစ်လျူရှုချင်လျှင် သူမ၏ တစ်စုံတစ်ခုအပေါ် အာရုံစူးစိုက်နိုင်မှုကိုသာ မှီခိုရပေလိမ့်မည်။



သူမ ယခင်က စူပါမားကတ်တွင် စျေးဝယ်ထွက်ခဲ့သည့်အခါ ပန်းချီဆွဲရန် ဆေးအချို့ ဝယ်လာခဲ့သည်။ ညစာစားပြီးနောက် သူမက ဧည့်ခန်းထဲတွင် ထိုင်ကာ ပန်းချီဆွဲခြင်းကို လေ့ကျင့်နေသည်။



သူမတွင် ပန်းချီနှင့် ပတ်သတ်၍ မည်သည့် ပါရမီမှမရှိဘဲ ကိုးကားစရာတစ်ခုခုမရှိပါက မည်သည်ကိုမှ ဆွဲနိုင်လိမ့်မည် မဟုတ်ပေ။



ကံကောင်းစွာနှင့် ဤဗီလာ၏ နံရံများပေါ်တွင် ပန်းချီများစွာ ချိတ်ဆွဲထားလေသည်။ ကျန်းမြောင်မြောင်က ရက်ပေါင်းများစွာ အဆက်မပြတ် လေ့ကျင့်ခဲ့ပြီး ယခု သူမက ဆင်တူသော ပန်းချီသုံးချပ် ရေးဆွဲနိုင်ခဲ့သည်။


ပန်းချီရေးဆွဲခြင်း ပြီးဆုံးကာ အနားယူသည့်အချိန်၌ ညဆယ့်နှစ်နာရီပင် ရှိနေပြီ ဖြစ်၏။



ကျန်းမြောင်မြောင်က သွားတိုက်ကာ ရေချိုးလိုက်သည်။ သူမက ညအိပ်ဝတ်စုံ ပြောင်းဝတ်လိုက်ကာ ပြတင်းပေါက်နားတွင်ရပ်၍ ဇွန်ဘီများကို နှုတ်ဆက်လိုက်သည်။



သူမသည် ခွေးနှစ်ကောင်ခန့် ဝယ်ရမည့်အစား မီးစက်ဝယ်ရင်း ပိုက်ဆံဖြုန်းလိုက်မိသည်ကို နောင်တရနေခဲ့၏။ ဆယ်ရက်ခန့် တစ်ယောက်တည်း ရှင်သန်ခြင်းက လွတ်လပ်မှုဆိုလျှင် ရက်နှစ်ဆယ်ခန့်နေခြင်းကို အမိုက်စားဘဝဟု ဆိုနိုင်ပြီး ရက်သုံးဆယ်ကြာလျှင်ဖြင့် အထီးကျန်မှုကို ခံစားကြရပေလိမ့်မည်။



အင်တာနက်နှင့် လျှပ်စစ်မီးမရှိဘဲ နောက်ထပ်တစ်နေ့တာကို ဖြတ်သန်းရခြင်းက ကိုယ့်ကိုယ်ကိုယ် ​ညှင်းဆဲခြင်းသာ ဖြစ်သည်။



သူမက အိပ်ရာထဲသို့ ဝင်ကာ မျက်လုံးများကို မှိတ်လိုက်သည်။ ဇွန်ဘီများ၏ အော်မြည်သံတို့ကို သူမ နားကြပ်က သီးခြားခွဲထုတ်ပေးထား၏။



ကျန်းမြောင်မြောင်က အိပ်ပျော်လုဆဲဆဲအခြေအနေသို့ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။ 



ရုတ်တရက်ကြီး အမှောင်ထဲမှ အသံတစ်ခု ကြားလိုက်ရသည်။ အကွာအဝေးက နီးကပ်သည့်အတွက်ကြောင့် သူမ၏ နားကြပ်များကပင် ထိုဆူညံသံကို မတားဆီးနိုင်ခဲ့ပေ။



သူမက မျက်လုံးများကို ချက်ချင်းဖွင့်လိုက်ကာ အသံက အပေါ်မှ ထွက်လာသည်လား သေချာစေရန် မျက်နှာကြက်သို့ ကြည့်လိုက်၏။



ဇွန်ဘီများ ခေါင်မိုးပေါ်သို့ တက်လာပြီး လေဝင်လေထွက်ပေါက်ကို ဖြတ်ကာ ဝင်လာခဲ့သည်လား။



ဤဗီလာက ဗဟိုလေအေးပေးစက်စနစ်ကို အသုံးပြုထားသည်။ အခန်းထဲတွင် လေဝင်လေထွက်ပေါက်ရှိပြီး တစ်ဖက်အရာက သူမကို ရှာတွေ့သွားရန် မိနစ်ပိုင်းမျှသာ ကြာပေလိမ့်မည်။



သူမ နောက်ဆုံး၌ သေရတော့မည်လား။ သူမ၏ ခြေထောက်နှင့် လက်မောင်းသေးသေးလေးများဖြင့် ဇွန်ဘီများကို ဆန့်ကျင်တိုက်ခိုက်ရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပေ။



ကျန်းမြောင်မြောင်က စိတ်ကို ပြင်ဆင်ထားပြီး ဖြစ်သော်လည်း တကယ်တမ်း သေခြင်းတရားနှင့် မျက်နှာချင်းဆိုင်ရတော့မည့်အချိန်၌ အနည်းငယ် ကြောက်ရွံ့နေဆဲ ဖြစ်သည်။



သူမက ပုန်းနေသင့်လား။ သို့မဟုတ်လျှင် ဂက်စ်ကို ဖွင့်ကာ အတူတူ သင်္ဂြိုဟ်ရန် လုပ်ဆောင်သင့်သလား။



မဖြစ်နိုင်။ သူမ နောက်ထပ် အရသာရှိသော စားစရာနှစ်မျိုး စားသောက်ရန် ကျန်နေဆဲရှိသေးသည်။



ကျန်းမြောင်မြောင်က ဖိနပ်ပင် မစီးတော့ဘဲ ဓာတ်မီးကို ယူကာ အောက်ထပ်သို့ ပြေးဆင်းသွားခဲ့သည်။ လုချီမင် လှေကားမှ ဆင်းလာသည့်အခါ သူက ပုံးတစ်ပုံးမှ ရောင်ပြန်ဟပ်နေသည့် ဧည့်ခန်းထဲက အလင်းကို မြင်လိုက်ရသည်။ အလင်းထဲတွင် ညအိပ်ဝတ်စုံဝတ်ထားသည့် မိန်းကလေးတစ်ယောက် ရပ်နေပြီး အမဲသားခြောက်တစ်ထုပ်ကို ကိုင်ကာ ပါးစပ်မှလည်း ကိုက်ဝါးနေခဲ့သည်။



အောက်ခြေမှ ပင့်ထိုးထားသည့် အလင်းက သူမကို သရဲတစ်ကောင်နှင့် တူစေပြီး ဇွန်ဘီများထက် ပိုကြောက်မက်ဖွယ် ကောင်းနေစေသည်။



ထိုမိန်းကလေးကလည်း သူ့ကို မြင်သွားကာ ထိတ်လန့်တကြားနှင့် မျက်ဝန်းများ ပြူးကျယ်သွားလေသည်။



"နင်... နင်က လူသားလား။"



သူမက အော်ဟစ်လိုက်သည်။ "Oh My God! နင် ဒဏ်ရာရထားတာလား။ ခန္ဓာကိုယ်မှာ ဘာလို့ သွေးတွေ အများကြီး ဖြစ်နေရတာလဲ။"



ထို့နောက် သူမက ထိုင်ခုံတစ်ခု၏ နောက်တွင် ပုန်းလိုက်သည်။



"နင် ကူးစက်ခံထားရတာလား။ ဒီကိုမလာခဲ့နဲ့။" 


လုချီမင် "..."


ကိုးရို့ကားယား တိတ်ဆိတ်မှုတစ်ခုက လေထဲတွင် ပြည့်နှက်လာပြီး ကျန်းမြောင်မြောင်က ခေါင်းကို ငုံ့ကာ အချိန်အတော်ကြာသည်အထိ ပုန်းအောင်းနေခဲ့သည်။ သူမသည် တစ်ဖက်လူက သူမကို ပြန်ဖြေရန် ရည်ရွယ်ချက် မရှိသည်ကို တွေ့ခဲ့ရပြီး သူမကသာ မလိုအပ်ဘဲ ရေးကြီးခွင်ကျယ် ပြုလုပ်နေမိသူဖြစ်ကြောင်း သတိထားမိသွားသည့်အခါ ခေါင်းကို ထုတ်၍ ချောင်းကြည့်လိုက်သည်။


"ဟေး... နင် လူသားဖြစ်နေတုန်းလား။" 


တစ်ဖက်လူက သူမကို ပြန်ဖြေရန် စိတ်ကူးမရှိဘဲ အထင်အမြင်သေးနေသကဲ့သို့ တစ်ချက်သာ လှမ်းကြည့်လိုက်သည်။ သူက အနီးဝန်းကျင်ကို အေးစက်စွာ စစ်ဆေးကြည့်လိုက်ပြီး ဧည့်ခန်းထဲမှ အခြေအနေကို မြင်ပြီးနောက် မေးလိုက်သည်။


"ဒါ မင်းရဲ့ အိမ်လား။" 


သူ့အသံက ပြင်းထန်သည့် တိုက်ပွဲတစ်ခုကို ဆင်နွှဲလာခဲ့ရသူလိုမျိုး အလွန် နွမ်းနယ်နေခဲ့သည်။ သူ့မျက်နှာကို သွေးများဖြင့် လွှမ်းနေခဲ့ပြီး မျက်နှာအသွင်အပြင်ကို ကောင်းစွာ မြင်ရရန် ခက်ခဲနေခဲ့သည်။ သူမသည် သူက အရပ်မြင့်မားပြီး ကျစ်လျစ်သွယ်လျသည့် လက်နှင့် ခြေထောက်များ ရှိသည်ကိုသာ သိခဲ့ပေသည်။


ကျန်းမြောင်မြောင်က မျက်လုံးထဲမှ သတိထားမှုများနှင့် ခေါင်းညိတ်လိုက်သည်။ 


ကမ္ဘာပျက်ကပ်အတွင်း အစားအသောက်နှင့် အသုံးအဆောင်များအတွက် သတ်ဖြတ်ခြင်းက အသက်ရှင်ကျန်ရစ်သူတို့အတွက် ထူးခြားဆန်းကြယ်သောအရာ မဟုတ်ပေ။ တစ်ဖက်လူက လူဆိုးလား လူကောင်းလား မည်သို့ သိနိုင်ပါမည်နည်း။


သူမသည် ဇွန်ဘီများကိုရော ထိုလူကိုပါ တိုက်ခိုက်နိုင်ခြင်း မရှိပေ။ သူက သူမ၏ အစားအစာများကို လုယူရန်အတွက် သူမအား အမှန်တကယ် သတ်ဖြတ်ချင်နေပါလျှင် သူက အနည်းဆုံး သူမအား စားနေလက်စ အမဲသားခြောက်လေး ပြီးဆုံးအောင် စားခွင့်ပေးရန်သာ မျှော်လင့်မိပေသည်။


ထိုလူက ထပ်မေးလိုက်သည်။ "ဒီမှာ လူဘယ်ယောက်လောက်နေလဲ။"


သူက သူမကို စမ်းသပ်စစ်ဆေးနေသည်လား။


ကျန်းမြောင်မြောင်က တွေဝေနေခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။ "လေးယောက်။"


"ကျန်တဲ့ လူတွေကရော။"


"ငါတို့အိမ်မှာ လျှပ်စစ်မီးမရှိတော့လို့ သူတို့က စွမ်းအင်အရင်းအမြစ်တချို့ရှာဖို့ အပြင်ထွက်သွားကြတယ်။" 


တစ်ဖက်လူက သံသယဖြစ်လာခဲ့သည်။ "အပြင်မှာ ဇွန်ဘီတွေ ဒီလောက်အများကြီးကို သူတို့က ဒီအတိုင်း ထွက်သွားကြတာလား။"


ကျန်းမြောင်မြောင်က ချောမွေ့စွာ ပြန်ဖြေလိုက်၏။ "ငါ့အစ်ကိုနဲ့ အဖေက ရဲတွေပဲ။ အမေက အမျိုးသမီးဘောလီဘောအသင်းက။ သူမက လက်ဖြောင့်ပြီး သေနတ်ပစ်တတ်တယ်။ သူမက ဇွန်ဘီထောင်ချီကြားထဲမှာ အသွားအလာလုပ်နိုင်တယ်။ ပြီးတော့ နင်လည်း အခုလေးတင် အပြင်ကနေလာခဲ့တာ မဟုတ်ဘူးလား။ နင်တောင် အသက်ရှင်နိုင်ရင် တခြားလူတွေကရော ဘာလို့ အသက်မရှင်နိုင်ရမှာလဲ။" 


ထိုလူက စည်းရုံးပြောဆိုမှုကို ခံခဲ့ရပြီး စကားပြောနေခြင်းအား ရပ်တန့်လိုက်သည်။


ကျန်းမြောင်မြောင်သည် ထိုသူက သူမအား အင်အားသုံးရန် ရည်ရွယ်ချက်မရှိသည်ကို မြင်သည့်အခါ ပိုမိုရဲတင်းလာသည်။


"နင် ဘယ်ကနေ လာခဲ့တာလဲ။ နင့် ခန္ဓာကိုယ်မှာ လက်နက်တစ်ခုခုရှိမရှိ ငါ့ကို ပြ။ နင့်ကို ဇွန်ဘီတွေ ကိုက်သွားသေးလား။ ဘာလို့ တစ်ကိုယ်လုံး သွေးတွေ လွှမ်းနေရတာလဲ။"


ထိုလူက သူမကို လျစ်လျူရှုလိုက်သည်။ သူက ပြန်လှည့်ကာ အပေါ်ထပ်သို့ လျှောက်သွားနေရင်း မေးလိုက်သည်။ "မင်းမှာ ဂွရှင်ရှိလား။ ငါ့ကို တစ်ခုပေး။" 


ကျန်းမြောင်မြောင်က အခြေခံကိရိယာများကို ပြင်ဆင်ထားခဲ့သည်။ သူမက ဂွရှင်တစ်လက်ကို ထုတ်ယူလိုက်ပြီးသည့်အခါ သူက သူမ အိပ်ခန်းထဲတွင် ရောက်နေကြောင်း တွေ့လိုက်ရသည်။


ဂွရှင်ကို ယူပြီးနောက် ထိုလူက ၎င်းကို သူ့ဘောင်းဘီအိတ်ထဲသို့ ထည့်လိုက်သည်။ သူက အလွယ်တကူ ခုန်ကာ လေဝင်လေထွက်ပိုက်ကို လက်နှစ်ဖက်နှင့် ဆွဲလိုက်သည်။ သူ အပေါ်သို့ တက်မသွားခင် နှစ်ခါမျှသာ ခုန်လိုက်ရသည်။


ကျန်းမြောင်မြောင်က သူ မည်သည်ကို လုပ်ချင်နေကြောင်း သိချင်စိတ်ဖြစ်သွားသည်။ သူမသည်လည်း နှစ်ခါမျှ ခုန်လိုက်ပေမယ့် ကံမကောင်းစွာဖြင့် သူမ၏ အရပ်က ပုလွန်းနေပြီး သူမ ရောက်နိုင်သည့် အမြင့်က အလွန်နိမ့်ကာ လေပိုက်ကို ထိရန် ရှုံးနိမ့်ခဲ့ရသည်။ 


သူမတွင် ရွေးချယ်စရာမရှိတော့ဘဲ အပေါ်မှ ထွက်ပေါ်လာနေသည့် တတောက်တောက်အသံကိုသာ နားထောင်နေရပေသည်။  


ထိုဆူညံသံက ဇွန်ဘီများအား ဆွဲဆောင်သွားနိုင်မည်ကို စိတ်ပူနေစဥ် ထိုလူက ပြန်ဆင်းလာပြီး လေဝင်လေထွက်ပေါက်ကို ပိတ်ဆို့လိုက်ကာ ဂွရှင်အား သူမထံ ပစ်ပေးလာသည်။


သူမက ၎င်းကို အလျင်အမြန်ဖမ်းလိုက်ရပြီး အံ့သြတုန်လှုပ်စွာ မေးလိုက်သည်။ "နင် ထွက်မသွားဘူးလား။" 


သူမသည် ကမ္ဘာပျက်ကပ်ပထမဆုံးနေ့ကတည်းက တံခါးကို ပိတ်ဆို့ထားလိုက်ပြီး အပြင်ထွက်ရန် လေပိုက်လိုင်းတစ်ခုသာ ရှိသော်လည်း ယခု ပိတ်ဆို့ခံလိုက်ရပြီဖြစ်သည်။


သည်လူက ထွက်မသွားတော့ဘဲ ဤနေရာ၌ စားသောက်နေထိုင်ရန် တွေးနေခဲ့သည်လား။ 


ထိုသူက သူ့အိတ်ထဲမှ စီးကရက်တစ်လိပ်ထုတ်ကာ တစ်ဝက်ခန့်ရှိုက်ဖွာပြီးနောက်မှ စကားပြောလိုက်သည်။ "မင်းရဲ့ အဖေနဲ့ အစ်ကိုက ရဲတွေဖြစ်ပေမယ့် လေပိုက်လိုင်းကို ဘယ်လိုပိတ်ရမလဲဆိုတာတောင် မသိဘူးလား။ ခေါင်မိုးပေါ်မှာရှိတဲ့ ဗဟိုလေအေးပေးစက်ပိုက်လိုင်းတွေက အချိန်မရွေးတွယ်တက်လာလို့ ရနိုင်တယ်။ မင်း ဒီလောက်အကြာကြီး အသက်ရှင်လာနိုင်တာ မင်းမိသားစုကို မှီခိုပြီးတော့လား။ မင်းရဲ့ ကံကောင်းခြင်းကြောင့်လားတောင် မသိတော့ဘူး။" 


ကျန်းမြောင်မြောင်က ဂွရှင်ကို ကိုင်ထားရင်း ရှက်ရွံ့မှုကြောင့် မျက်နှာတို့ နီမြန်းလာကာ အဖြေပြန်မပေးနိုင်ခဲ့ပေ။ 


ဆေးလိပ်ငွေ့များကြားမှ ထိုလူက မျက်လုံးများကို မှေးကျဥ်းလိုက်ရင်း သူမကို ကြည့်နေခဲ့သည်။ ထို့နောက် သူက ဆေးလိပ်ကို မီးသတ်ကာ မေးလိုက်သည်။


"ရေချိုးခန်းက ဘယ်မှာလဲ။ ငါ ရေချိုးဖို့လိုနေတယ်။"


သူမက တစ်နေရာကို လက်ညှိုးညွှန်ပြလိုက်သည့်အခါ တစ်ဖက်လူက သူ့အိမ်သူ့ယာကဲ့သို့ပင် ဧည့်ခန်းထဲမှ ရေပုံးနှစ်ပုံးကို ကောက်မကာ ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။ 


အဆက်မပြတ် ရေကျသည့်အသံကို နားထောင်နေရင်း ကျန်းမြောင်မြောင်သည် ဓာတ်မီးကို ကိုင်ကာ အိပ်ရာပေါ် ထိုင်ချလိုက်ပြီးနောက် သူမ၏ အနာဂတ်က သက်သောင့်သက်သာရှိတော့မည်မဟုတ်ကြောင်း ရုတ်တရက် သတိပြုမိလိုက်လေသည်။