အပိုင်း၁၃
Viewers 9k

Chapter 13


🐹 အခန်း ၁၃ ဝူယိလေးက ညီမလေး ရှောင်ယွီကို ကယ်တင်လိုက်တယ်




ရှဲ့ကျွင်းတို့သည် ဇွန်ဘီအနည်းငယ်သာ လှည့်လည်သွားလာလို့နေသည့် ကျောင်းဝင်ပေါက်အား ကြည့်လိုက်ကြသည်။ နံဘေးရှိ လျောင်ယုံအား သံသယအရိပ်အယောင်နှင့် စိတ်ရှုပ်ထွေးမှုတို့ ပါဝင်သော အကြည့်ဖြင့် ကြည့်လိုက်မိသည်။


“ဒီနေရာမှာ ဇွန်ဘီတွေအများကြီး ရှိနေတယ်လို့ မင်းပြောခဲ့တယ်မလား..”


“ကျွန်တော်လည်း ဘာဖြစ်နေတယ်ဆိုတာ မသိဘူးရယ်..”


လျောင်ယုံသည်လည်း လတ်တလောတွင် စိတ်ရှုပ်ထွေးနေခြင်း ဖြစ်သည်။ သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုတို့ ထင်ဟပ်လို့နေသည်။ ရှဲ့ကျွင်းတို့သည်လည်း လျောင်ယုံ၏ စိတ်ရှုပ်ထွေး နားမလည်နိုင်သည့် အမူအရာကို မြင်သည့်အတွက် မည်သည့်အရာများ ဖြစ်နေသည်ကို သိရှိရန်အတွက် ကျောင်းထဲသို့သွားရန် ဆုံးဖြတ်လိုက်ကြသည်။


များမကြာမီတွင် လူတိုင်းသည် ကျောင်း၏ ကစားကွင်းလေး အနီးသို့ ရောက်လာခဲ့ကြပြီး မနီးမဝေးတွင် ရှိနေသည့် သိပ်သည့်ထူထပ်လှသော ဇွန်ဘီအုပ်ကြောင့် ချက်ချင်းပင် ထိတ်လန့်လို့သွားသည်။


ဇွန်ဘီများမှ ထွက်လာသည့် အနံ့ဆိုးများသည် သူတို့၏ နှာခေါင်းဝသို့ တိုက်ရိုက်ရောက်ရှိလာပြီး လူတိုင်း၏ အနံ့ခံအာရုံကို ဖျက်ဆီးလုနီးနီးပင် ဖြစ်သည်။ ဝမ်းဗိုက်ထဲတွင် တလှိမ့်လှိမ့်တက်ကာ ပျို့အန်ချင်စိတ်ပါ ဖြစ်လာစေသည်။


ဤကဲ့သို့ ကြောက်မက်ဖွယ်မြင်ကွင်းကို မြင်ရသည့်အတွက် လျောင်ယုံ၏မျက်နှာမှာ စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖျော့လို့နေပြီး မျှော်လင့်ချက်မဲ့စွာဖြင့် တီးတိုးဆိုလိုက်သည်။


“ဒါ.. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..”


သူတို့၏ အနီးတွင် ရှိနေသည့် ဇွန်ဘီများမှာ လတ်လတ်ဆတ်ဆတ် အသားနံ့အား ရလိုက်သဖြင့် ချက်ချင်းဆိုသလို လှည့်ကာ တိုက်ခိုက်လာကြသည်။ ရှဲ့ကျွင်းသည် ထိတ်လန့်ကာ မလှုပ်မယှက် ရှိနေသည့် လျောင်ယုံအား အလျင်စလို ဆွဲယူကာ မနီးမဝေးရှိ ကျောင်းဆောင်တစ်ခုတွင် ပုန်းအောင်းလိုက်ရသည်။


ကျောင်းဆောင်၏ ခေါင်မိုးပေါ်သို့ တက်ပြီးသည့်နောက်တွင် ထိုဧရိယာတစ်ဝိုက်တွင် မည်သည်ကြောင့် ဇွန်ဘီများ စုဝေးနေရသည်ကို သိရှိလိုက်ရတော့သည်။


ဇွန်ဘီများ ပတ်လည်ဝိုင်းနေသည့် နေရာအားမြင်သည့်အခါ လျောင်ယုံမှာ စိတ်သက်သာရာ ရစွာဖြင့် ခေါင်မိုးပေါ် ထိုင်ချလိုက်မိပြီး ထမ်းပိုးထားရသည့် ဝန်ပိုတစ်ခုအား လွှတ်ချလိုက်ရသလိုပင်။ ကြည်နူးမျက်ရည်များ စီးကျလာပြီး အမြင်အာရုံပင် ဝေဝါးလို့လာသည်။


“ကောင်းလိုက်တာ.. တော်ပါသေးရဲ့..”


ရှဲ့ကျွင်းတို့သည်လည်း ထွင်းဖောက်မြင်ရသည့် ဒိုင်းကာကြောင့် အံ့ဩမှင်သက်သွားမိပြီး မသိလိုက်ဘဲနှင့် ပါးစပ်မှ အဆဲစကားများပင် ထွက်လာသည်။ သူတို့၏ လက်ရှိစိတ်ခံစားချက်အား ဖော်ပြရန် သင့်တော်သည့်စကားလုံး ရှာမတွေ့ပုံပင်။


ဟမ်းစတားလေးသည် ခေါင်မိုးပေါ်ရှိ ရေစင်၏ လှေကားအား တစ်ယောက်တည်း တက်သွားပြီး အမြင့်တွင် ရပ်လိုက်သည်။ သူ၏ စူးရှသည့် အမြင်အာရုံကြောင့် အဝေးမှပင်လျှင် အသက်ရှင်သန်သူများ၏ အမူအရာများအား မြင်နိုင်လေသည်။ ကြည့်ရှုရင်းဖြင့် အတော်လေး ရင်းနှီးလို့နေသည့် မျက်နှာတစ်ခုအား တွေ့လိုက်ရသည်။


ဝူဝမ်ချီသည် ကြွားဝါရန်အတွက် သူ့ညီမလေး၏ ဓာတ်ပုံအား အကြိမ်ပေါင်းမည်မျှ ထုတ်ပြခဲ့သည်ကိုပင် ရှောင်ဝူယိလေး မသိတော့ပေ။ ဝူဝမ်ချီ၏ ကလေးဘဝ ဓာတ်ပုံများအား ရှောင်ဝူယိလေးသည် တစ်ပုံမကျန် မြင်ဖူးခဲ့သည်။


“အဲဒါက ညီမလေး ရှောင်ယွီပဲ..”


ရှောင်ဝူယိသည် စိတ်လှုပ်ရှားစွာဖြင့် လှေကားပေါ်မှ ခုန်ချလိုက်သည်။ လှေကား‌ပေါ်မှ ခုန်ချလာသည့် ရှောင်ဝူယိအား မြင်သည့်အခါ ရှဲ့ကျွင်းတို့မှာ နှလုံးသားများ ပါးစပ်ထဲမှ ခုန်ထွက်လုနီးနီးပင်။


သို့သော်လည်း ကောင်ငယ်လေးအား မဆုံးမခင်မှာပင် ထိုကောင်ငယ်လေးသည် ဇွန်ဘီများ၏ အလယ်ဗဟိုသို့ အော်ကာဟစ်ကာ လက်ဟန်ခြေဟန်ဖြင့် ပြေးသွားသည့်အတွက် ကျောင်းသားများ၏ အာရုံစိုက်မှုကို လျင်မြန်စွာ ရရှိလိုက်သည်။


“အားလုံးပဲ ကြည့်ကြ.. ဓာတ်ခွဲခန်း ခေါင်မိုးပေါ်မှာ လူတွေရှိနေတယ်..”


ကျောင်းသားများသည် ခေါင်မိုးပေါ်ရှိ လူများအား မြင်လိုက်ကြပြီး ရုတ်တရက်ဆိုသလို နှလုံးသားထဲတွင် မျှော်လင့်ချက်များ ထွန်းလင်းလာသော်လည်း ‘ဒီလူနည်းနည်းလေးက ငါတို့ကို ဘယ်လိုကယ်နိုင်မှာလဲ’ ဟူသည့် အတွေးတစ်ခု ပေါ်လာသည့်အခါ မျှော်လင့်ချက်များ ပျက်သုန်းသွားကြသည်။


ဝူဝမ်ယွီသည်လည်း ခေါင်မိုးပေါ်သို့ ကြည့်လိုက်သည်။ ပင်ပန်းမောဟိုက်မှုကြောင့် စိတ်ချောက်ချားနေသည်လား မသိသော်လည်း တစ်စုံတစ်ယောက်သည် သူမ၏နာမည်အား ခေါ်နေသည့်အသံ ခပ်ဖျော့ဖျော့အား ကြားလိုက်ရသလိုပင်။


ရှဲ့ကျွင်းသည် ကောင်ငယ်လေး၏ စိတ်လှုပ်ရှားမှုကို မြင်သည့်အခါ လူအုပ်ဆီသို့ မျက်စိစွေကြည့်လိုက်သည်။ မည်သူကိုမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။ အားနှင့်အင်နှင့် အော်ဟစ်နေသည့် ကောင်ငယ်လေးကို တားမြစ်ရန်သာ တတ်နိုင်တော့သည်။


“လည်ချောင်းနာခံမနေနဲ့.. ဒီလောက်အဝေးကနေ အော်ဟစ်နေတာ မင်းရဲ့ အသံပိစိလေး နာရုံပဲ အဖက်တင်မယ်.. သူတို့က ရှင်းရှင်းလင်းလင်း ကြားနိုင်မှာ မဟုတ်ဘူး.. အခုက ဘာဖြစ်နေတာလဲ.. အထဲမှာ မင်းသိတဲ့လူ တစ်ယောက်ယောက် ရှိနေလို့လား..”


“အန်.. ငါ့ညီမလေးက အထဲမှာရယ်..”


ရှောင်ဝူယိသည် လူအုပ်၏ အလယ်အား လက်ညှိုးထိုးပြလိုက်သည်။ သူ၏ လေသံမှာ အလွန်အမင်း ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုတို့ စွက်လို့နေသည်။


သို့သော်လည်း ရှဲ့ကျွင်းတို့မှာ ထိုအကြောင်းအား ပထမဆုံး ကြားသည်ဖြစ်၍ ကနဦးတွင် သံသယမဝင်ဘဲ မနေကြချေ။ ကောင်ငယ်လေး၏ ကလေးအဆီလေးများ ရှိနေသေးသည့် မျက်နှာသေးသေးလေးအား ကြည့်လိုက်ကြသည်။ ကောလိပ်ကျောင်းသားများသာ ရှိနေသည့် အဖွဲ့ထဲတွင် ဤကောင်ငယ်လေးထက် ပိုငယ်သည့် ညီမလေးတစ်ယောက် ရှိနေသည်ဟု ယုံကြည်ရန်မှာ တကယ်ခက်လှသည်။


ဟမ်းစတားလေး၏ အသိစိတ်အရ သူ့အား အထင်သေးနေကြသည်ဟု ပြောနေသော်ငြား လက်ဆုပ်လက်ကိုင်ပြရန် သက်သေမရှိချေ။


အမှန်တကယ်ကို နားလည်ရခက်လှသည်။


ရှဲ့ကျွင်းတို့သည် ဤကိစ္စနှင့် ပတ်သက်၍ စိုးရိမ်နေခြင်းအား ရပ်လိုက်ရသည်။ အကြောင်းမှာ ဇွန်ဘီများအား မည်သို့ဖယ်ထုတ်ရမည်မှာ ပို၍စိတ်ဖိစီးရသော ပြဿနာတစ်ရပ် ဖြစ်လာခြင်းကြောင့်ပင်။ ဇွန်ဘီများအား မဖြစ်မနေ ဖယ်ထုတ်ဖို့ရန် လိုအပ်ပြီး သို့မဟုတ်လျှင် အတွင်းရှိ လူများမှာ အနှေးနှင့်အမြန် သေဆုံးသွားကြလိမ့်မည်။


“အဲဒီအုပ်ထဲက တစ်စိတ်တစ်ပိုင်းလောက်ကိုပဲ ခွဲထုတ်နိုင်ရင် အဆင်ပြေပြီ..”


ရှဲ့ကျွင်းမှာ စိုးရိမ်တကြီးဖြင့် မျက်ခုံးများ တွန့်ကွေးနေသည်။ ထိုဇွန်ဘီတစ်အုပ်လုံးကိုသာ ဖယ်ထုတ်ရင်း အထဲရှိလူများကို ကယ်တင်မည်ဆိုပါက သူတို့ပင်လျှင် အချည်းနှီးဖြစ်ကာ သေဆုံးသွားနိုင်သည်။


ဤမျှလောက်များပြားသည့် ဇွန်ဘီများအား တစ်ချိန်တည်းတွင် ထုနှက်ရိုက်ပုတ်ရန်လည်း မဖြစ်နိုင်ပေ။


လျှိုတာ့ရှန်သည်လည်း သူ၏ပုဆိန်ကြီးအား ကိုင်ကာဖြင့် အလွန်လေးနက်သည့် အနေအထားတွင် ရှိနေသည်။


ရှောင်ဝူယိ ထိုသည်အား ကြားသည့်အခါ နင်ဖုန်းအား မတွေးမိဘဲ မနေနိုင်ချေ။ နင်ဖုန်းသာ ဤနေရာတွင် ရှိနေမည်ဆိုလျှင် အခက်အခဲမရှိဘဲနှင့် ဇွန်ဘီများအား ဖြိုခွဲရန် လှုပ်ရှားမှုကြီးကြီးတစ်ခု ဖန်တီးနိုင်မည်မှာ သေချာပေါက်ပင်။ ထိုအကြောင်းကို တွေးမိသည့်အခါတွင် သူ၏စိတ်ထဲတွင် ရုတ်တရက်ဆိုသလို စိတ်ကူးတစ်ခု ပေါ်လာခဲ့သည်။


ကောင်ငယ်လေး စတော်ဘယ်ရီသီးပုံ ကျောပိုးအိတ်အား ချွတ်လိုက်သည်ကို မြင်သည့်အခါတွင် လူတိုင်းလှည့်ကြည့်လာကြသည်။ သူ၏လက်ဖြင့် အထဲက စမ်းနေသယောင် ဟန်ဆောင်လိုက်သေးသည်။ ထို့နောက်တွင် လူတိုင်း၏ ရှေ့မှာပင် သေနတ်တစ်လက်အား ထုတ်လိုက်လေသည်။


ရှဲ့ကျွင်းတို့၏ မျက်လုံးများ အရောင်လက်လာသည်။


လျောင်ယုံနှင့် ညီငယ်လေးများ တုံ့ပြန်ခြင်း မပြုခင်မှာပင် ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့သည် အကြည့်တစ်ချက်နှင့်ပင် တစ်ယောက်နှင့်တစ်ယောက် နားလည်သဘောပေါက်စွာဖြင့် ချက်ချင်း လုပ်ဆောင်ကြလေသည်။


ရှဲ့ကျွင်းသည် ရှောင်ဝူယိအား ခါးမှကောက်ချီလိုက်သည့် လျှိုတာ့ရှန်နောက်မှလိုက်ကာ မမြင်နိုင်သည့် အရှိန်နှုန်းဖြင့် ခေါင်မိုးပေါ်မှ ပြေးဆင်းသွားသည်။


ဟမ်းစတားလေးအား တစ်ယောက်မှသယ်ကာ ကျန်တစ်ယောက်မှ တံခါးပိတ်လိုက်သည်။ ထိုလှုပ်ရှားမှုများမှာ မျောလွင့်နေသည့် တိမ်တိုက်များနှင့် စီးဆင်းနေသည့် ရေအလျင်ကဲ့သို့ ချောမွေ့ကာ အဆက်ပြတ်သွားခြင်း မရှိပေ။


ဟမ်းစတားလေးမှာ ကြောင်အစွာဖြင့် ပစ္စတိုတစ်လက်ကိုင်ကာ ယခုထိတိုင် သတိပြန်လည် မလာသေးချေ။ သူ၏မျက်နှာလေးတွင် လျစ်လျူရှုမှုတို့ အပြည့်နှင့်ရှိနေပြီး စိတ်ထဲတွင် သဘာဝလွန် ဒဿနဆန်ဆန် မေးခွန်းများသာ ကျန်ရှိလို့နေသည် _ ငါဘယ်သူလဲ.. ဘယ်မှာလဲ.. ဘာလုပ်နေတာလဲ..။


သူတို့အတွက် ရက်စက်သည်ဟု ဆိုနိုင်သော်လည်း စွမ်းရည်ပိုင်ရှင်များဖြစ်သည့် ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့မှာ ဇွန်ဘီအများအပြားနှင် ရင်ဆိုင်ရမည်ကို စဉ်းစားမိသည့်အခါ သူတို့၏ ညီငယ်လေးများကဲ့သို့ စွမ်းရည်မရှိသည့် သာမန်လူများကို စွန့်စားခိုင်းဖို့ရန် မဖြစ်နိုင်ပါချေ။


ရှဲ့ကျွင်း တံခါးပိတ်ပြီးသည့်နောက်တွင် အခြားတစ်ဘက်တွင် ရှိနေသည့် ညီငယ်လေးများအား ပြောလိုက်သည်။


“ငါနဲ့ တာ့ရှန်နဲ့ သေသွားခဲ့ရင် မင်းတို့က သခင်လေးနဲ့အတူ ဒယ်ဒီ့ကို ဆက်ရှာရမယ် နားလည်လား..”


ညီငယ်လေးများမှာ တံခါးအား ကြမ်းကြမ်းတမ်းတမ်း ထုရိုက်ကာ အော်ဟစ်လို့နေသော်လည်း အဝေးသို့ ထွက်ခွာသွားသည့် ခြေသံများမှအပ မည်သည့်အသံကိုမျှ မကြားရတော့ချေ။


အောက်ထပ်သို့ ရောက်သည့်အခါ ရှဲ့ကျွင်းသည် ရှောင်ဝူယိအား ဘာဆက်လုပ်ရမည်ကို လေးနက်စွာဖြင့် ပြောလေသည်။


“တာ့ကော.. ငါတို့ မင်းသေနတ်ပစ်ဖို့ လုံခြုံတဲ့နေရာတစ်ခုကို ရှာတွေ့တဲ့အထိ စောင့်နေမယ်.. ပစ်ပြီးတာနဲ့ ညီငယ်လေးတွေရှိတဲ့ နေရာကို ပြန်ပြေးရမယ်နော်.. ဟုတ်ပြီလား..”


“ငါလည်း လူကယ်နိုင်တယ်..”


ရှောင်ဝူယိသည် ကယ်ဆယ်ရေး အစီအစဉ်မှ သူ့ကိုဖယ်ထုတ်ချင်နေသည့် လူနှစ်ယောက်အားကြည့်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလေသည်။


“ဟမ်းစတားစစ်သည်တော်က အရမ်းအစွမ်းထက်တယ်..” ( 。 •‌ ᴖ •‌ 。)💢


“လိမ္မာပါကွာ.. အဲဒီမှာ ဇွန်ဘီတွေ အရမ်းများနေတယ်..”


“မှတ်ထားနော်.. သေနတ်ပစ်ပြီးတာနဲ့ ညီအစ်ကိုတွေကို မြန်မြန်လေး သွားရှာရမယ်ဆိုတာ.. ဟုတ်ပြီလား..”


ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့၏ လေးနက်သည့် အမူအရာကို မြင်သည့်အခါ ဟမ်းစတားလေးမှာ သဘောမတူလို့ မရတော့ဘဲ သဘောတူကြောင်းအား တီးတိုးပြောလိုက်ရသည်။ ထို့နောက်တွင် ဇွန်ဘီအုပ်ထံသို့ သွားနေသည့် ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့အား ကြည့်လိုက်သည်။ သူတို့၏ နောက်ကျောတွင် ခိုင်မာသည့် ဆုံးဖြတ်ချက်တို့ ထင်ဟပ်လို့နေသည်။


ရှောင်ဝူယိသည် လက်ထဲတွင် သေနတ်တစ်လက်အား ကိုင်ကာဖြင့် ဆန့်ကျင်ဘက်မျက်နှာသို့ ခြေလှမ်းအနည်းငယ်ခန့် လျှောက်သွားလိုက်သည်။ နောက်ပြန်လှည့်မကြည့်ဘဲ မနေနိုင်သည့်အတွက် အလွန်တိုးညှင်းစွာဖြင့် တီးတိုးဆိုလိုက်သည်။


“ဒယ်ဒီပြောခဲ့ဖူးတာက ဟမ်းစတားလေးတွေရဲ့ မှတ်ဉာဏ်က ခုနစ်စက္ကန့်ပဲ ရှိတာတဲ့.. ဒယ်ဒီရဲ့ ပေါင်ပေါင်းက အခု မှတ်ဉာဏ်တွေ ဆုံးရှုံးချင်နေမိပြီ..” ૮ ◞ ﻌ ◟ ა


***

“ဒိုင်း..”


ကျယ်လောင်သည့် သေနတ်ပစ်သံများကြောင့် ကျောင်းထဲရှိ ရှင်သန်သူများ ကြောင်အလို့သွားပြီး တစ်ချိန်တည်းမှာပင် ဇွန်ဘီများအား ဆွဲဆောင်လိုက်နိုင်သည်။ ထီးကာအတွင်းရှိ ကျောင်းသားအားလုံးသည် ကျောင်းသစ်တောရှိရာသို့ ကြည့်လိုက်ကြသည်။


ထို့နောက်တွင် သစ်တောနှင့်အနီးဆုံးတွင်ရှိသည့် ဇွန်ဘီများမှ စတင်ကာ ဇွန်ဘီများ အားလုံးသည် ‘U’ ပုံသဏ္ဌာန်ကွေ့ဝိုက်ကာဖြင့် ကျယ်လောင်သည့် အသံထွက်ပေါ်ရာ နေရာအား ရှာဖွေရန် ထွက်သွားကြလေသည်။


ထီးကာအတွင်းရှိ လူတိုင်း အံ့အားသင့်သွားကြသည်။ ဝူဝမ်ယွီပင်လျှင် ဖျော့တော့သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။


“ငါတို့ကို တစ်ယောက်ယောက် လာကယ်နေပြီ.. ကောင်းလိုက်တာ..”


ထိုအချိန်တွင် ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်သည် အချိန်ကောင်းကိုစောင့်ကာ အစွန်ဆုံးပိုင်းတွင်ရှိသည့် ဇွန်ဘီများအား သတ်ဖြတ်လို့နေသည်။ လက်ထဲတွင် ဇွန်ဘီအမြုတေ အနည်းငယ်ကို ကိုင်ထားပြီး စွမ်းရည်များ ကုန်ဆုံးသည်နှင့် အသုံးပြုနိုင်ရန် ပြင်ဆင်ထားခြင်းပင်။


ဝူဝမ်ယွီသည် ထီးကာပေါ်ရှိ ဖိအားများ လျော့ကျလာသည်ကို ခံစားမိလေသည်။ ခုခံအားအနည်းဆုံးသော နေရာကို ရှာဖွေကာဖြင့် ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့ ရှိရာသို့ ဦးတည်လိုက်သည်။ သူမ၏ ခြေလှမ်းများမှာ ပိုမိုသွက်လက်လာပြီး ဇွန်ဘီအုပ်ထဲမှ ထွက်နိုင်တော့မည်ဟု ထင်ရလေသည်။


မျှော်လင့်ချက်ရောင်ခြည်မှာ လက်တစ်ကမ်းအကွာတွင် ရှိနေပြီဖြစ်သည့်အတွက် ထီးကာအတွင်းရှိ လူများမှာလည်း ပိုမိုကာ စိတ်လှုပ်ရှားလို့လာသည်။


သို့သော်လည်း ထိုအခိုက်အတံ့မှာပင် သန္ဓေပြောင်းဇွန်ဘီတစ်ကောင် ဒေါသတကြီး ပြေးလာလေသည်။


ထိုသန္ဓေပြောင်းဇွန်ဘီမှာ မျိုးတူဇွန်ဘီများအား မရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ သူ၏ ခွန်အားမှာ အဆပေါင်းများစွာ တိုးတက်လာပြီး ရုတ်တရက်ဆိုသလို လေထဲသို့ ခုန်တက်ကာ စွမ်းရည်ဒိုင်းကာအား အမြှောက်ဆန်တစ်ခုသဖွယ် ထိုးနှက်လိုက်လေသည်။


‘ဗုန်း’ ဟူသည့်အသံတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး အစောပိုင်း သေနတ်သံထက်ပင် ပိုမိုကျယ်လောင်လေသည်။


အသံကြားလိုက်သည့် ဇွန်ဘီများသည် သာမန်မျက်လုံးနှင့်ပင် မြင်နိုင်သည့် အရှိန်တစ်ခုဖြင့် နောက်သို့ ပြန်လှည့်လာကြသည်။


အပြင်ဘက်မှ ကူညီလမ်းဖောက်ပေးနေသည့် ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့မှာ ချက်ချင်းပင် စိတ်ပျက်လက်ပျက် ဖြစ်သွားကြသော်လည်း စိတ်ထဲတွင် အော်ဟစ်ရုံသာ တတ်နိုင်သည်။


ဝူဝမ်ယွီ၏ ထီးကာမှာ တိုက်ရိုက် တိုက်ခိုက်ခံရပြီး တိုက်ခိုက်ခံရသည့်အားကြောင့် ဒူးထောက်ကျသွားလေသည်။ သူမ၏ ဒူးများမှာ မြေကြီးထဲ နစ်ဝင်နေသကဲ့သို့ ခံစားနေရပြီး အံတင်းတင်းကြိတ်ထားသည်ကြောင့် ပါးစပ်မှ သွေးများထွက်လာသည်။


ခေါင်မိုးပေါ်ရှိ ညီငယ်လေးများ အပါအဝင် လူအားလုံးမှာ မျက်နှာများ ဖြူဖျော့လို့လာသည်။


သန္ဓေပြောင်းဇွန်ဘီမှာ စွမ်းရည်ဒိုင်းကာအား ဖျက်ဆီးနေဆဲဖြစ်သည်။ သူ၏ ရဲရဲနီနေသည့် မျက်လုံးများမှာ ရူးသွပ်သည့်အဆင့်သို့ ရောက်ရှိနေပုံပင်။ အနီးအနားရှိ လတ်လတ်ဆတ်ဆတ် အသွေးအသားများမှာ သူ၏စွမ်းအင်အတွက် လောင်စာများပင် ဖြစ်သည်။


စွမ်းအင်ပွတ်တိုက်ရာမှ ထွက်ပေါ်လာသည့် ကျယ်လောင်သော အသံများသည် လူတိုင်း၏ နှလုံးသားထဲတွင် ထပ်ဖန်တလဲလဲ မြည်ဟည်းလို့နေသည်။


ဝူဝမ်ယွီမှာ သွေးတစ်လုပ် အန်လိုက်ရပြီး သူမ၏နံဘေးတွင်ရှိနေသည့် ဟန်လင်းမှာ ချက်ချင်းပင် ပါးစပ်ကို လက်နှင့်အုပ်၍ အော်ဟစ်လာသည်။


“ရှောင်ယွီ.. ရှောင်ယွီ.. အားတင်းထားပါဦး..”


ရူးရူးမူးမူး အော်ဟစ်ငိုကြွေးသံများသည် ကမ္ဘာကြီးအား မီးခိုးရောင် ခြယ်လိုက်သလိုပင်။


နောက်တစ်ကြိမ် တိုက်ခိုက်မှုနှင့်အတူ စွမ်းအင်ဒိုင်းကာတွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာလေသည်။ ဝူဝမ်ယွီသည် သူမ၏အနီးတွင်ရှိသည့် ကျောင်းသားများအား ကြည့်လိုက်ပြီး ဝမ်းနည်းဖျော့တော့စွာဖြင့် ပြုံးလိုက်သည်။


“အားလုံးပဲ တောင်းပန်ပါတယ်.. ကြည့်ရတာ ငါတောင့်ခံမထားနိုင်တော့ပုံပဲ..”


“အဆင်ပြေတယ်နော်.. ကိစ္စမရှိပါဘူး.. ငါတို့ နင့်ကို အပြစ်မတင်ပါဘူး..”


ဟန်လင်းသည် ဝူဝမ်ယွီအား ဖက်ထားပြီး ပြင်းပြင်းထန်ထန် ခေါင်းခါလို့နေပြီး သူမမျက်နှာတွင် မျက်ရည်များ တသွင်သွင် စီးကျလို့နေသည်။


“နင့်ကိုယ်နင် အပြစ်မတင်နဲ့နော်.. ငါတို့အားလုံးက နင့်ကို ကျေးဇူးတင်နေတာပါ...”


ထိုအချိန်မှာပင် သစ်တောထဲတွင်ရှိနေသည့် ရှောင်ဝူယိလေးမှာ မူလပုံစံသို့ ပြန်ပြောင်းလိုက်သည်။ ပုံရိပ်သေးသေးလေးသည် သစ်ပင်များအကြားမှ ရွှေဖြူရောင်အလင်းတန်းတစ်ခုသဖွယ် လျင်မြန်စွာ ပျံသန်းလို့လာသည်။


သူသွားသည့် နေရာတိုင်းတွင် ကျောက်တုံးကြီးများ လှိမ့်လို့လာပြီး ဇွန်ဘီများအား ရွှံ့တုံးများကဲ့သို့ ကြိတ်ချေပစ်လိုက်သည်။


အဝေးမှ ငိုကြွေးသံများကို ကြားသည့်အခါ ဟမ်းစတားလေးမှာ ပို၍ပင် စိုးရိမ်လာမိသည်။ ထိုနေရာသို့ မြန်သထက်မြန်စွာ ပြေးလို့လာပြီး ဖြတ်သွားနေစဉ်တွင် ယွင်ချန်တက္ကသိုလ် မျက်နှာစာတွင်ရှိသည့် ကြီးမားသော ပန်းပုရုပ်တုကြီးများကို သူ၏နေရာလွတ်အတွင်းသို့ ထည့်ရန်လည်း မမေ့ပါချေ။


ဝူဝမ်ယွီ၏ စွမ်းအင်ဒိုင်းကာမှာ နောက်ထပ်ထိုးနှက်ချက်တစ်ခုအား မခံနိုင်တော့ချိန်တွင် ဟမ်းစတားစစ်သည်တော်လေးမှာလည်း တိုက်ပွဲပြင်၏ ဗဟိုချက်သို့ ရောက်ရှိလို့လာလေပြီ။


လေထဲသို့ မပျံသန်းခင် ဇွန်ဘီတစ်ကောင်၏ ဦးခေါင်းထက်တွင် ခြေချလိုက်ပြီး နေရာလွတ်ထဲရှိ ကြီးမားသည့် ပန်းပုရုပ်တုကြီးအား ထုတ်ယူလိုက်ပြီး တတ်နိုင်သမျှ အမြင့်ဆုံးသို့တက်ကာ သန္ဓေပြောင်းဇွန်ဘီရှိရာသို့ ပစ်ချလိုက်လေသည်။


—— ကောင်းကင်ဘုံစီရင်ချက် | ရက်ရက်စက်စက် ဖိနှိပ်မှု။


ဤတစ်ကြိမ်တွင် အကျယ်ဆုံးသော ‘ဘန်း’ ခနဲမြည်သံ ထွက်ပေါ်လာပြီး လူတိုင်း၏ နားထဲတွင် အချိုသာဆုံးသော အသံတစ်သံ ဖြစ်လာသည်။


မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မသိကြသော်လည်း ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည့် ပန်းပုရုပ်တုကြီးသည် သူတို့၏အသက်ကို ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်းကိုမူ သိကြလေသည်။ သို့သော်လည်း ဝူဝမ်ယွီ၏ စွမ်းအင်ဒိုင်းကာမှာ တောင့်ခံနိုင်စွမ်း မရှိတော့ချေ။ ဒိုင်းကာပေါ်ရှိ အက်ကွဲကြောင်းများသည် ဒိုင်းကာတစ်ခုလုံးသို့ စတင်ပျံ့နှံ့လာပြီး မျက်စိဖြင့် မြင်နိုင်သည့် အရှိန်နှင့်ပင် အစစ အက်ကွဲပျက်စီးလို့သွားသည်။


အနီးတွင်ရှိသည့် ရှဲ့ကျွင်းမှာ ‘မကောင်းတော့ဘူး’ ဟု အော်လိုက်ပြီးနောက် သူ၏ခါးတွင် ချိတ်ထားသည့် အမြုတေအိတ်အား လျှင်မြန်စွာ ဖြုတ်ယူလိုက်ပြီးနောက် မောပန်းနွမ်းနယ်စွာ အော်ဟစ်ရင်းဖြင့် ဒိုင်းကာပေါက်တစ်ခုမှတဆင့် ပစ်ပေးလိုက်လေသည်။


“သူမရဲ့ လက်ထဲကို အမြုတေထည့်ပေးလိုက်—!!!”


ခရစ္စတယ်တစ်ခုသဖွယ် ကြည်လင်နေသည့် အမြုတေမှာ ရုတ်တရက်ဆိုသလို ကောင်းကင်မှ ကျောက်မျက်ရတနာများကဲ့သို့ ကျဆင်းလာသည့် မြင်ကွင်းမှာ ဝူဝမ်ယွီ၏ ဘဝတွင် မြင်ဖူးသမျှထဲ အလှပဆုံးတစ်ခု ဖြစ်လာလေသည်။


သူမ၏လက်ထဲသို့ အမြုတေရောက်လာသည်နှင့် ခမ်းခြောက်နေပြီဖြစ်သည့် စွမ်းရည်မှာ အလိုအလောက်ပင် စွမ်းအင်များအား အလွန်လျှင်မြန်စွာဖြင့် အရူးအမူး စုပ်ယူလေသည်။ ဆက်တိုက် ပြိုလဲကျလာသည့် စွမ်းအင်ဒိုင်းကာမှာလည်း ရပ်တန့်သွားပြီး သာမန်မျက်စိဖြင့် မြင်နိုင်သည့်အရှိန်ဖြင့် ပြန်လည်ပြင်ဆင်လို့နေသည်။


ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့သည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်ကြပြီး သူတို့ပတ်လည်တွင် တိုးလာသည့် ဇွန်ဘီများအား တက်ညီလက်ညီ သတ်ဖြတ်လို့နေသည်။ တူနှင့် ပုဆိန် ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မြေပြင်ပေါ်သို့ ပြိုလဲသွားသည့် ဇွန်ဘီများအား မြင်တွေ့ရပေလိမ့်မည်။


ထိုအချိန်မှာပင် ဟမ်းစတားလေးသည် သစ်တောရှိရာသို့ ပြန်ရောက်နှင့်ပြီဖြစ်ကာ သူ၏ လူသားပုံစံသို့ ပြန်လည်ပြောင်းလဲလိုက်ပြီး အဝတ်အစားများ ဝတ်ဆင်လိုက်သည်။ ထို့နောက်တွင် ကောင်းကင်သို့ သေနတ်သံတစ်ချို့ ပစ်လွှတ်လိုက်ပြန်သည်။


ဇွန်ဘီအုပ်၏ ဦးတည်ရာ ပြောင်းလဲသွားပြန်သည်။


နက်နက်နဲနဲ ချီးကျူးဂုဏ်ပြုထိုက်သည့် ဟမ်းစတားစစ်သည်တော်လေးမှာ သူ၏နာမည်ကိုပင် ချန်ထားရစ်ခြင်း မရှိဘဲနှင့် ကောင်းမွန်သည့် အရာတစ်ခုအား လုပ်ဆောင်ခဲ့သည်။ ထို့နောက် ခေါင်မိုးပေါ်တွင် ပိတ်မိနေသည့် ညီငယ်လေးများအား လွှတ်ပေးဖို့ရန် ဓာတ်ခွဲခန်းရှိရာ ကျောင်းဆောင်ဆီသို့ ပျော်ရွှင်စွာဖြင့် ပြန်လာခဲ့လေသည်။



🐹🐹🐹🐹🐹