အပိုင်း၁၄
Viewers 8k

Chapter 14


🐹 အခန်း ၁၄ ဝူယိလေး ပျော်ပျော်ပါးပါး ရေချိုးခဲ့တယ်


ကျယ်လောင်သည့် သေနတ်ပစ်သံများသည် ဇွန်ဘီများ၏ အာရုံကို ဆွဲယူနိုင်ခဲ့ပြိး အခြားတစ်ဘက်သို့ နောက်တစ်ကြိမ် ကွဲသွားပြန်သည်။ ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့မှာ စိတ်သက်သာရာ ရသွားသော်လည်း ဒိုင်းကာဆီသို့ သွားနေခြင်းအား အချိန်ဆွဲမနေရဲသည့်အတွက် ဇွန်ဘီများအား ဆက်လက်သတ်ဖြတ်ပြန်သည်။


ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့ လမ်းဖောက်ပြီးသည့်အခါ ဇွန်ဘီအုပ်၏ ခုခံမှုနှင့် ဝိုင်းရံထားမှုမှာ အားနည်းသွားလေသည်။ စွမ်းရည်အချို့ ပြန်လည်ပြည့်တင်းလာပြီဖြစ်သည့် ဝူဝမ်ယွီသည် ချက်ချင်းဆိုသလို သူမ၏ ဒိုင်းကာအတွင်းရှိ ရှင်သန်ကျန်ရစ်သူများနှင့်အတူ ဇွန်ဘီအုပ်၏ အပြင်သို့ ပြေးထွက်လိုက်လေသည်။


ဇွန်ဘီအုပ်ထဲမှ လွတ်မြောက်လာသည်နှင့် သူတို့သည် ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်အား လှည့်ကြည့်ရုံသာ တတ်နိုင်ကြသည်။ အကြောင်းမှာ သူတို့၏ ကျေးဇူးတင်မှုအား ဖော်ပြရန် အချိန်မရခြင်းကြောင့်ပင်။ ဇွန်ဘီများ တိုက်ခိုက်လာသည်နှင့် သူတို့လည်း ပြန်လည်တိုက်ခိုက်ကြရလေသည်။ ကျောင်းအုပ်ကြီး၏ အကြံပေးချက်အရ သူတို့အားလုံးသည် မြောက်ဘက်အခြမ်းတွင်ရှိပြီး ကျောင်းသားများအတွက် မဖွင့်ပေးရသေးသည့် ကျောင်းသားအဆောင်အသစ်ဆီသို့ ပြေးသွားကြလေသည်။


ရှောင်ဝူယိသည်လည်း ညီငယ်လေးများအား ဓာတ်ခွဲခန်းရှိရာ အဆောင်အပြင်သို့‌ ခေါ်ဆောင်ခဲ့ပြီး ဖြစ်သည့်အတွက် အဖွဲ့နှစ်ဖွဲ့လုံးသည် မြောက်ဘက်အခြမ်းရှိ ကျောင်းသားအဆောင်အသစ်တွင် အတူတကွ ပုန်းအောင်းလို့နေသည်။


ကျောင်းသားများ နေထိုင်ခြင်း မရှိသေးသည့်အတွက် ကျောင်းဆောင်အသစ်တွင် ဇွန်ဘီတစ်ကောင်မျှပင် မရှိချေ။ ကျောင်းအုပ်ကြီးက သော့တစ်ချောင်း ထုတ်ယူကာ အပြင်ဘက်ဂိတ်ပေါက်ကို ဖွင့်လိုက်သည်။ အတွင်းသို့ တစ်ယောက်မကျန် လုံခြုံစွာ ဝင်ပြီးသည်နှင့် သံတံခါးကြီးအား လျင်မြန်စွာ ပိတ်လိုက်ပြန်သည်။


ရှဲ့ကျွင်းသည်လည်း အဆောင်ထဲသို့ ဝင်လာခဲ့သည်။ သို့သော်လည်း လက်ရှိဖြစ်ပျက်နေသည်များကို မြင်သည့်အခါ ရှဲ့ကျွင်း အနည်းငယ် စိုးရိမ်လာမိသည်။ မျက်မှောင်ကြုတ်ပြီးနောက် မေးလိုက်သည်။


“အခု အားလုံးက ဒီထဲမှာ ရောက်နေကြပြီဆိုတော့ အပြင်ကို ဘယ်လိုပြန်ထွက်ကြမလဲ.. ငါတို့ လူအရေအတွက်က အရမ်းများလွန်းတယ်.. ဇွန်ဘီတွေသာ အနံ့ရသွားမယ်ဆိုရင် ဂိတ်ကို ဝိုင်းထားဖို့ဆိုတာ သိပ်ကြာမှာမဟုတ်ဘူး.. ငါတို့ကလည်း မင်းတို့နဲ့အတူ ရှိနေတာဖြစ်လို့ နောက်တစ်ကြိမ် ထပ်ကယ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး..”


ရှဲ့ကျွင်း၏ စကားများမှာ အကျိုးနှင့်အကြောင်းနှင့် ဖြစ်သည်။ ကျောင်းအုပ်ကြီး ရှင်းမပြမီမှာပင် ကျောင်းသားတစ်ဦးမှ အရင်ဆုံး ပြန်ဖြေလာသည်။ သူတို့သည် မြေပြင်အခြေအနေအား လေ့လာပြီးပုံရသည်။


“ဒီအဆောင်ရဲ့ အနောက်ဘက်မှာရှိတဲ့ ပြတင်းပေါက်က ကျွန်တော်တို့ကျောင်းရဲ့ မြောက်ဘက်နံရံနဲ့ ကပ်လျက်ပဲ.. ပြတင်းပေါက်ကို တက်ပြီး အပြင်ဘက်က လမ်းကို လွယ်လွယ်လေး သွားလို့ရတယ်.. ဒီဟာကသာ မိန်းကလေးအဆောင် မဟုတ်သလို ဒီနှစ်ကလည်း ကျွန်တော့်ရဲ့ တတိယနှစ် မဟုတ်ဘူးဆိုရင် ဒါက အရမ်းကို အဆင်ပြေတဲ့ ထွက်လမ်းတစ်ခုပဲ..”


ရှဲ့ကျွင်း ရုတ်တရက် နားလည်သဘောပေါက်လာသည်။ 


ဪ.. ဒါက ဒီလိုပေါ့..


ကျောင်းအုပ်ကြီးသည် ထိုကျောင်းသားအား သေသေချာချာ ကြည့်လိုက်ပြီး သူ၏မျက်နှာကို မှတ်မိနေဟန်ရှိသည်။


ထိုအချိန်တွင် အားလုံး၏ ခေါင်းပေါ်ရှိ ဒိုင်းကာမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။  လူတိုင်း ကြောင်အလို့သွားသည်။ အနောက်ဘက်ရှိ ကျောင်းသားများ အုတ်အုတ်ကြွတ်ကြွတ် ဖြစ်လာကြသည်။ ရှဲ့ကျွင်းနှင့် ကျောင်းအုပ်ကြီး အလျင်စလို ပြေးသွားသည့်အခါတွင် ကျောင်းသူတစ်ယောက်၏ လက်ထဲတွင် မေ့မျောလို့နေသည့် ဝူဝမ်ယွီအား တွေ့လိုက်ရသည်။


ထိုမြင်ကွင်းမှာ လူတိုင်းအား ထိတ်လန့်သွားစေသော်လည်း ဆေးပညာကျောင်းသူများ၏ ဂရုတစိုက် စစ်ဆေးမှုအပြီးတွင် ဝူဝမ်ယွီမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခြင်းသာဖြစ်ကြောင်း သိလိုက်ရသည်။ ဤရက်များတွင် သူမ၏ စိတ်ခွန်အားကို အလွန်အကျူး အသုံးပြုခဲ့ပုံရသည်။ ယခုအခါတွင် လူတိုင်းလုံခြုံနေပြီ ဖြစ်သည့်အတွက် ဝူဝမ်ယွီ၏ ခန္ဓာကိုယ်ရှိ ဝန်များအားလုံး လျော့ကျသွားပုံပင်။


ယခုအခါတွင် ရှောင်ဝူယိလေးမှာ ဝူဝမ်ယွီ၏ နံဘေးမှ နောက်သို့တွန်းပို့ခံလိုက်ရသည်။ သေးငယ်သည့် ပုံရိပ်လေးမှာ ခက်ခက်ခဲခဲနှင့် ချောင်းကြည့်လိုက်ပြီး အိပ်ပျော်နေသည့် ဝူဝမ်ယွီအား မြင်ပြီးသည့်နောက်တွင် အခြား ကိုကိုမမတို့အား တောင်းပန်ပါတယ် တွင်တွင်ပြောကာ တွန်းတိုက်ထွက်လာလိုက်သည်။


“မစိုးရိမ်ပါနဲ့ သူမက အိပ်ပျော်သွားရုံလေးပါ..”


ရှဲ့ကျွင်းသည် တာ့ကော၏ စိုးရိမ်ပူပန်နေသည့် မျက်လုံးများကို မြင်သည့်အတွက် နှစ်သိမ့်ပေးလိုက်သည်။


“တာ့ကောရဲ့ ညီမလေးက သိပ်မကြာဘဲ နိုးလာမှာပါ..”


“ဒါက ညီမလေး ရှောင်ယွီ..” (ဝူယိက သူ့ညီမလေးလို့ ပြောချင်တာ မဟုတ်ဘဲ တခြားသူရဲ့ ညီမလေးပါလို့ ဆိုလိုတာပါ)


ရှဲ့ကျွင်းသည် သူ၏ခေါင်းအား ပွတ်ကာဖြင့်  ရှောင်ဝူယိအား အကြည့်လွှဲလိုက်ပြီး စိတ်ဆိုးမာန်ဆိုး ဖြစ်လို့နေသည်။ ထို့နောက်တွင် ရှဲကျွင်းသည် ရှောင်ဝူယိ၏ မျက်နှာသေးသေးလေးအား ဝူဝမ်ယွီနံဘေးသို့ တွန်းပို့လိုက်ပြီးနောက် အိပ်ပျော်နေသည့် ဝူဝမ်ယွီအား သေသေချာချာ ကြည့်စေလိုက်သည်။


နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် ဝူဝမ်ယွီအား ကြည့်ကာ ရှောင်ဝူယိလေးသည် ပျော်ရွှင်မှုအား မထိန်းထားနိုင်တော့ချေ။ ခေါင်းကလေး တစ်လှုပ်လှုပ်ဖြင့် လှုပ်လို့နေပြီးနောက် ရှဲ့ကျွင်းအား ဂုဏ်ယူမှုအပြည့်ဖြင့် ပြောလာသည်။


“ငါက ညီမလေး ရှောင်ယွီကို ရှာတွေ့ခဲ့တာကြောင့် ဒယ်ဒီက သေချာပေါက် ချီးကျူးမှာ သိလား.. ဝမ်ချီချီကလည်း အရမ်းပျော်သွားမှာ..”


ရှဲ့ကျွင်းသည် ရှောင်ဝူယိ၏စကားကို ကြားသည့်အခါတွင် အပြုံးတစ်ခုနှင့် တုံ့ပြန်လိုက်သည်။ ဝူဝမ်ယွီ၏ အိပ်ပျော်နေသည့် မျက်နှာလေးအား လှည့်ကြည့်လိုက်ပြီးနောက် သူမပြုလုပ်ခဲ့သည့် ကိစ္စများအား ပြန်လည်စဉ်းစားကြည့်လိုက်ပြီး ဤကောင်မလေးမှာ သူတို့၏ တာ့ကောကဲ့သို့ ချစ်စဖွယ်ကောင်းကာ သန်မာလှသည်ဟု တွေးမိလေသည်။


သူတို့နှစ်ဦး၏ အနီးအနားတွင် ရှိနေသည့် ကျောင်းသားများမှာ ထိုစကားပြောခန်းကို ကြားပြီးနောက် အလွန်အမင်း ချောမောလှပသည့် ကောင်ငယ်လေးအား သတိထားမိသွားကြသည်။ ထိုကောင်လေး၏ အမည်မှာ ‘ဝူယိ’ ဖြစ်ကြောင်း သိလိုက်ပြီးနောက်တွင် သူတို့သည် ချက်ချင်းဆိုသလို ဤကောင်လေးမှာ ဝူဝမ်ယွီ၏ မောင်ငယ်လေးဖြစ်မည်ဟု ယုံကြည်သွားကြသည်။ 


သို့သော်လည်း သူတို့၏ မျိုးရိုးနာမည်မှာ 武 ဝူနှင့် 五 ဝူ ဖြစ်သည့်အတွက် သူတို့နှစ်ဦးမှာ သွေးသားရင်း မောင်နှမများ မဟုတ်ကြကြောင်း ဆိုသည်ကို သံသယဖြစ်ဖွယ်ပင် မလိုချေ။


ကောင်းကင်မှာ တဖြည်းဖြည်း မှောင်ရီသန်းလို့လာသည်။ ကြောက်မက်ဖွယ်ရာ အလှည့်အပြောင်းများစွာ ပြီးဆုံးပြီးနောက်တွင် လူတိုင်းသည် ဤနေရာတွင် တစ်ညနေရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့၏ စိတ်အာရုံများမှာ အချိန်ကြာမြင့်စွာ ပင်ပန်းလို့နေသည့်အတွက် ယခုမှသာ အနားယူနိုင်တော့မည် ဖြစ်သည်။ သူတို့အားလုံးသည် အေးချမ်းသည့် ဤအခိုက်အတံ့အား အလွန်အမင်း တန်ဖိုးထားလို့နေသည်။


ဇွန်ဘီအုပ်ထဲသို့ တွန်းပို့ခံလိုက်ရသည့် ဟန်လင်းနှင့် ဝူဝမ်ယွီမှာ အသက်ရှင်နေဆဲဖြစ်မည်ဟု လျောင်ယုံ မျှော်လင့်မထားမိခဲ့ချေ။ လူအုပ်အား တိုးဝှေ့ကာ ထွက်လာပြီးနောက် သူ၏ ကောင်မလေးအား ဖက်ကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ငိုကြွေးလေသည်။ သူ၏အဖိုးအတန်ဆုံးသော လူသားလေးအား ပြန်လည်ရရှိလိုက်သည့်အတွက် ကလေးတစ်ဦးသဖွယ် အော်ကာဟစ်ကာ ငိုကြွေးမိနေခြင်းပင်။


ဟန်လင်းသည် လျောင်ယုံအား မြင်သည့်အခါတွင် ခေတ္တမျှ အေးခဲလို့နေပြီးနောက်တွင် မျက်ရည်များ ကျဆင်းလာလေသည်။ ထိုမျက်ရည်များထဲတွင် အသက်ရှင်သန်နိုင်ဖို့ရန် မျှော်လင့်စောင့်စားနေခဲ့ကြောင်း ဖော်ပြလိုသည့် စကားလုံးများစွာ ပေါင်းစပ်ပါရှိလို့နေသည်။


ရှဲ့ကျွင်းသည် ပြည့်ကျပ်လို့နေသည့် အဆောင်ခန်းလေးအား ကြည့်လိုက်သည်။ အနည်းငယ် ဦးနှောက်ခြောက်နေပုံ ရသော်လည်း ကြားဖြတ်ပြောလိုက်သည်။


“အားလုံးပဲ.. အပြင်ကို အရင်ထွက်ပြီးတော့ ရှောင်ယွီကို ကောင်းကောင်းအနားယူခွင့် ပေးလိုက်ပါဦး.. မင်းတို့မှာ ပြောစရာစကားတွေ ရှိနေမယ်ဆိုရင် အပြင်ရောက်မှ ပြောကြပါ..”


ရှောင်ဝူယိသည် တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်လို့နေသည့် လျောင်ယုံနှင့် ဟန်လင်းအား မြင်သည့်အခါတွင် ဇွန်ဘီအုပ်ထဲသို့ တွန်းပို့ခံလိုက်ရသည့် ‘သူငယ်ချင်းကောင်းနှင့် အတန်းဖော်’ ဟူသည်ကို နားလည်သွားလေပြီ။ သူ၏ စိတ်အခြေအနေမှာလည်း ချက်ချင်းပင် ပြောင်းလဲသွားသည်။


“အဲဒီကောင်မလေးက ဘယ်လိုတောင် ဆိုးဝါးတာလဲ..”


ရှောင်ဝူယိ လက်သီးဆုပ်လိုက်သည်။ ဝူဝမ်ယွီအား ဝမ်းနည်းစွာဖြင့် ကြည့်လိုက်ပြီးနောက် ဒေါသတကြီး ဆိုလေသည်။


“ညီမလေးရှောင်ယွီက ဒီလောက် ကောင်းတာတောင်..”


ရှဲ့ကျွင်းသည် ရှောင်ဝူယိ၏ စကားများကို ကြားသည့်အခါတွင် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကောင်ငယ်လေး၏ခေါင်းအား အသာပွတ်ပေးလိုက်သည်။ ဤကမ္ဘာပျက်ကပ်အတွင်းတွင် မည်မျှပင် ကောင်းမွန်သည့် ပတ်သက်ဆက်နွယ်မှုမျိုး ရှိနေစေကာမူ တစ်ခါတစ်ရံတွင် လူသားများ၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် စက်ဆုပ်ဖွယ်ကောင်းမှုတို့ကို မည်သည့်အရာကမျှ ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။


အဆုံးတွင် ဝူဝမ်ယွီနှင့် ဟန်လင်းတို့အပေါ် လင်းမုန့်ဖေး ပြုလုပ်ခဲ့သည်အား လူတိုင်းသိသွားကြလေသည်။ ကျောင်းသားအများစုမှာ လင်းမုန့်ဖေးအား မသိကြသော်လည်း ဝူဝမ်ယွီအပေါ် စာနာသနားမိသဖြင့် သူမအား ထိုသို့ပြုလုပ်ခဲ့သည့်သူကို မုန်းတီးမှုကြောင့် အံကြိတ်လို့နေသည်။


ဝူဝမ်ယွီ၏ ကြင်နာမှုကြောင့်သာ မဟုတ်ခဲ့လျှင် သူတို့အားလုံး တစ်ယောက်တစ်လေမျှပင် အသက်ရှင်နိုင်မည် မဟုတ်ပေ။


လင်းမုန့်ဖေးနှင့် ကျန်းဝမ်ကျွင်းတို့သည် သူတို့၏ လောဘကြီးမှုနှင့် သေခြင်းတရားအား ကြောက်ရွံ့ခြင်းတို့အပေါ် ကျေးဇူးတင်သင့်သည်။ အကြောင်းမှာ သူတို့သည် ရှဲ့ကျွင်းတို့ အဖွဲ့နှင့်အတူ ပြန်မလာခဲ့ခြင်းကြောင့်သာ မဟုတ်ခဲ့လျှင် လူတိုင်းသည် သူတို့နှစ်ဦးအား သေသည်အထိ ရိုက်နှက်မိပေလိမ့်မည်။


ကျောင်းအုပ်ကြီးမှာ နံဘေးတွင် နားထောင်လို့နေပြီး အဖြစ်အပျက်များ၏ နောက်ကွယ်မှ အကြောင်းအရင်းများကို သိလိုက်ရသည့်အခါတွင် ဝမ်းနည်းမှုနှင့် စိတ်ပျက်မှုကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။ ကြင်နာတတ်ပြီး သန်မာသည့် ဝူဝမ်ယွီနှင့် လုံးလုံးလျားလျား ဆန့်ကျင်နေသည့် သူများမှာလည်း ယွင်ချန်တက္ကသိုလ်၏ ကျောင်းသားများ ဖြစ်နေကြသည်ဆိုသော အချက်မှာ သူ့အတွက် လက်ခံရန် ခက်ခဲလွန်းလှသည်။


“ဒီမှာရှိတဲ့ ကျောင်းသားတွေထဲမှာ ကိုယ်ကျိုးအတွက် အခင်ဆုံးသူငယ်ချင်းကိုတောင် ချနင်းနိုင်တဲ့ လင်းမုန့်ဖေးလိုလူမျိုး ထပ်မရှိဖို့ ဆရာ မျှော်လင့်ပါတယ်..”


ကျောင်းအုပ်ကြီးသည် မတ်တတ်ရပ်ကာဖြင့် ကျောင်းသားများအား ကြည့်လိုက်ပြီးနောက် အနာဂတ်အတွက် မျှော်လင့်ချက်ကြီးစွာဖြင့် သင်ပြလေသည်။


“ဆရာတစ်ယောက် ဖြစ်တာကြောင့် ဆရာက ဒီကမ္ဘာပျက်ကပ်ကြီးထဲမှာတောင် လူတိုင်းက အခြေခံအကျဆုံး အသိစိတ်လောက်တော့ ကျန်ရှိနေဖို့ မျှော်လင့်မိနေဆဲပဲ.. ဘာဖြစ်လို့လဲ ဆိုတော့ လူသားတွေရဲ့ နှလုံးသားက ဇွန်ဘီတစ်ကောင်လိုမျိုး ပြောင်းလဲသွားမယ်ဆိုရင် ကမ္ဘာပျက်ကပ်ကြီးမှာ ဆရာတို့အတွက် မျှော်လင့်ချက်ဆိုတာ လုံးဝရှိတော့မှာ မဟုတ်တော့ဘူး..”


ကျောင်းအုပ်ကြီး၏ စကားကြောင့် တိတ်ဆိတ်လို့သွားလေသည်။ ကျောင်းသားအချို့မှာ ငိုကြွေးလို့နေသည်။


“ကျောင်းအုပ်ယွမ်.. ကမ္ဘာကြီးက အခုလိုမျိုး ဖြစ်နေပြီ.. ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး မျှော်လင့်ချက် ရှိနိုင်ဦးမှာလဲဗျာ..”


ကျောင်းအုပ် ယွမ်သည် ဤနေရာတွင် ရှိနေသည့် လူများအား ကြည့်လိုက်သည်။ ပညာပြည့်ဝမှုနှင့် အတွေ့အကြုံ ရင့်ကျက်မှုတို့သာ ရှိနေခဲ့ဖူးသည့် မျက်လုံးများထဲတွင် ယခုအခါတွင် နူးညံ့ကြင်နာမှုတို့ ပြည့်လို့နေသည်။


“ဆရာတို့ အခုထိ အသက်ရှင်နေသေးတာကိုက ကံကောင်းတာလေ.. အဲဒါက မျှော်လင့်ချက်ပဲပေါ့..”


ရှဲ့ကျွင်း၊ လျှိုတာ့ရှန်နှင့် အခြားသူများသည် ကျောင်းအုပ် ယွမ်၏ စကားများကို နားထောင်နေကြပြီး သူတို့၏ နှလုံးသားထဲတွင် အနာဂတ်အတွက် မျှော်လင့်ချက်များ ထွန်းလင်းလို့လာသည်။ ရှောင်ဝူယိသည်လည်း အခြားသူများနှင့်အတူ ထိုင်ကာ နားထောင်လို့နေသည်။  ထို့နောက် ကျောင်းအုပ် ယွမ်အား တလက်လက်တောက်ပနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။


ဆရာတစ်ယောက် ဖြစ်ရတာ အမြင့်မြတ်ဆုံး အသက်မွေးမှုပဲလို့ ဒယ်ဒီပြောခဲ့ဖူးတာ အံ့ဩစရာ မရှိတော့ဘူး..


သူ၏ အနှစ်သက်ဆုံးသော စာရင်းထဲတွင် ယခုမှစကာ ‘ဆရာ’ လည်း ပါဝင်လာပြီဟု ဟမ်းစတားလေး ဆုံးဖြတ်လိုက်သည်။


ကျောင်းအုပ် ယွမ်သည် သင်ခန်းစာအချို့ ပို့ချလို့နေသည်။ ကလေးများ၏ မျက်လုံးထဲရှိ အသက်ဝင်လာသည့် အလင်းရောင်ကို မြင်သည့်အခါတွင် အနည်းငယ် စိတ်သက်သာရာ ရစွာဖြင့် ပြုံးလိုက်သည်။ ထို့နောက်တွင် စိတ်လှုပ်ရှားဖွယ်ရာ သတင်းတစ်ခုအား ပြောလိုက်သည်။


“အခုပဲ စစ်ဆေးကြည့်ခဲ့တာ အဆောင်ရဲ့ မီးစက်က အသုံးပြုနိုင်ဆဲပဲ.. ဆိုလာစွမ်းအင်သုံး မီးစက်က အပေါ်ဆုံးထပ်မှာရှိပြီး ရေပူပေးနိုင်တယ်.. အဲဒါကြောင့် လူတိုင်း ရေပူပူလေး ချိုးလို့ရပြီ.. ရေပူသုံးဖို့ဆို ကျောင်းသားကဒ်လိုအပ်တာကြောင့် ကျောင်းသားကဒ်မရှိတဲ့သူတွေက ရေပူသုံးဖို့အတွက် ဆရာ့ကို လာပြောပေးပါ.. ဒီကျောင်းအုပ်က အားလုံးကို ဒီနေ့ ရေချိုးဖို့အတွက် ဖိတ်ကြားလိုက်ပါတယ်..”


ထိုသတင်းအား ကြားသည့်အခါတွင် ခေတ္တမျှ အေးခဲသွားပြီးနောက် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် အော်ဟစ်ကြလေသည်။


“အားးးးး ကျောင်းအုပ်ကြီး သက်တော်ရာကျော်ရှည်ပါစေ..”


“ကောင်းလိုက်တာ.. ငါ့ ခန္ဓာကိုယ်က တကယ်ကို နံစော်နေပြီ..”


ကမ္ဘာပျက်ကပ် စတင်သည့် အချိန်မှစကာ ရက်ပေါင်းများစွာ ကုန်လွန်လာခဲ့ပြီး ဖြစ်သည်ကြောင့် ယခုအခါတွင် လူတိုင်းသည် စိတ်အေးလက်အေး ရေချိုးဖို့ထက် ဝမ်းမြောက်စေမည့်အရာ မရှိတော့ပုံပင်။ ရှဲ့ကျွင်းတို့သည်လည်း ဤရက်များအတွင်း တစ်ရှူးအစိုများဖြင့်သာ ကိုယ်လက်သန့်စင်ခဲ့ရသည်။ ထို့ကြောင့် သူတို့၏ ခန္ဓာကိုယ်များမှာ သန့်ရှင်းနေသည်ဟု မပြောနိုင်ပေ။


ကျောင်းအုပ် ယွမ်သည် ရွှင်မြူးတက်ကြွနေသူများအား ကြည့်လိုက်သည်။ ထို့နောက်တွင် ကျောင်းအား ကြည့်လိုက်ပြီး နူးညံ့ကြင်နာစွာ ပြုံးလိုက်သည်။ ဤသည်မှာ ကျောင်းသားများအတွက် ကျောင်းကိုယ်စား ပေးနိုင်သော ‌နောက်ဆုံးလက်ဆောင် ဖြစ်ပေလိမ့်မည်။


— လူတိုင်းက သူတို့ရဲ့ ဝမ်းနည်းမှုတွေနဲ့ ပင်ပန်းမှုတွေကို ဒီအချိန်လေးမှာ ဆေးကြောပစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်.. ပြီးတာနဲ့ ဘဝအသစ်စဖို့အတွက် မျှော်လင့်ချက်အသစ်တွေ ရှင်သန်နိုင်ပါစေ..


ရှောင်ဝူယိသည်လည်း ပျော်ရွှင်နေကြသည့် လူများကြောင့် အတူတူ ပျော်နေမိသည်။ သူ၏ ပျော်ရွှင်မှုမှာ ရေချိုးခန်းအတွင်းသို့ တွန်းပို့မခံရခင်အထိသာဖြစ်ပြီး ဟမ်းစတားလေး တစ်ကောင်အတွက် ရေပူပူချိုးရန်မှာ အလွန်အမင်း အဆင်မပြေလှပေ။


“တာ့ကောရေ.. ဖြည်းဖြည်းပဲချိုးနော်.. ရေပူက တကယ်ပေါ့ပါးသွားတာပဲ.. ဒါလေးကို ကတ်ထည့်တဲ့နေရာထဲ ထည့်လိုက်ပြီးရင် ရေပူပိုက်ခေါင်းကို လှည့်ဖွင့်လိုက်နော်..”


ရှဲ့ကျွင်း ရေချိုးပြီးနောက်တွင် ကျောင်းသားကဒ်အား ဝူယိ၏ လက်ထဲသို့ ထည့်ကာ သင်ပေးရင်း ရှောင်ဝူယိအား ရေချိုးခန်းထဲသို့ တွန်းပို့လိုက်လေသည်။


ရှောင်ဝူယိမှာ ရုန်းကန်ကာဖြင့် ငြင်းဆန်လို့နေသည်။


“ငါရေမချိုးချင်ဘူးလို့..”


“လာပါ.. ကိစ္စမရှိဘူး.. အေးအေးဆေးဆေး ချိုးလို့ရတယ်.. အထဲက ရေပူကိုလည်း အပူချိန် အနေတော်ဖြစ်အောင် လုပ်ထားပြီးသား..”


ထိုသို့ပြောပြီးနောက် ရှဲ့ကျွင်းသည် တံခါးအား အပြင်မှပိတ်လိုက်သည်။ ရှောင်ဝူယိမှာ သူ၏ခေါင်းပေါ်တွင်ရှိသည့် ရေပန်းကိုကြည့်ကာ သူ့ဘဝ၏ အကြီးမားဆုံးသော အခက်အခဲနှင့် ရင်ဆိုင်လို့နေသည်။


ရှောင်ဝူယိသည် သူ၏လက်ရှိပုံသဏ္ဌာန်အား ငုံ့ကြည့်လိုက်သည်။ သူ၏ လက်ရှိအခြေအနေနှင့်ဆိုလျှင် ရေနစ်ဖို့ရန် မဖြစ်နိုင်လောက်ဟု တွေးမိသည့်အခါ အားတင်းကာဖြင့် သူ၏စိုးရိမ်နေမှုများအား လွှတ်ချလိုက်သည်။ အဝတ်များအားချွတ်ကာ ဘေစင်ဘေးတွင် ရပ်လိုက်သည်။


ဦးစွာ ရေပိုက်ခေါင်းအား ဂရုတစိုက်ဖြင့် ဖွင့်လိုက်ပြီးနောက်တွင် သူ၏လက်အား ရေပန်းအောက်သို့ ပို့လိုက်သည်။ ထို့နောက် အရေပြားမှတဆင့် စီးကျလာသည့် ရေပူပူ၏ သက်သောင့်သက်သာ ရှိမှုသည် ဟမ်းစတားလေးအား အံ့အားသင့်စေပြီး အံ့ဩမှုကြောင့် မျက်လုံးများပင် ပြူးကျယ်လို့နေသည်။


“အာ.. မိုက်တယ်ရော.. အူးဝူးးး” ٩(^ᗜ^ )و ´-


ရှောင်ဝူယိသည် မျက်လုံးများပိတ်ကာဖြင့် ရေပန်းအောက်တွင် ရပ်နေပြီး ကျေနပ်မှုအပြည့်ဖြင့် ညည်းညူလို့နေသည်။ 


ဒယ်ဒီက ရေချိုးတဲ့အခါတိုင်း အရမ်းကြာတာ လုံးဝအံ့ဩဖို့မကောင်းတော့ဘူးနော်..


“နောက်တစ်ကြိမ်ကျရင် ပေါင်ပေါင်းက ဒယ်ဒီနဲ့တူတူ ရေချိုးမယ်..”


ရှောင်ဝူယိသည် ရေပူပူချိုးရင်း ပျော်ရွှင်လို့နေသည်။ နာရီဝက်ခန့် ကြာသည့်အခါတွင် ရှဲ့ကျွင်းသည် ရုတ်တရက် တံခါးခေါက်လာပြီးနောက် သူ့အား ထွက်လာရန် ပြောလေသည်။


ထို့ကြောင့် ရှောင်ဝူယိမှာ စိတ်မပါစွာဖြင့် ရေပန်းအား ပိတ်လိုက်ရသည်။ ခန္ဓာကိုယ်အား သုတ်ရန် တဘက်တစ်ထည် ထုတ်လိုက်ပြီး‌နောက် ရေချိုးခန်းထဲမှ မထွက်ခင် သန့်ရှင်းသည့် အဝတ်တစ်စုံကို ဝတ်ဆင်လိုက်သည်။


သူထွက်လာသည်နှင့် ရှဲ့ကျွင်းထံမှ ပျော်ရွှင်အံ့ဩဖွယ်ကောင်းသည့် သတင်းတစ်ခုအား ကြားလိုက်ရသည်။


“တာ့ကောရဲ့ ညီမလေး ရှောင်ယွီ နိုးလာပြီ..”


“တကယ်လား..!!!”


🐹🐹🐹🐹🐹