အပိုင်း၁၅
Viewers 8k

Chapter 15


🐹 အခန်း ၁၅  ဝူယိလေးက သူမည်သူဖြစ်ကြောင်းကို ဖုံးကွယ်ထားတယ် 


ဝူဝမ်ယွီ သတိပြန်လည်လာသည့် သတင်းအား ကြားသည့်အခါ ရှောင်ဝူယိသည် ရှဲ့ကျွင်းအား ဝမ်းသာအားရ မျက်နှာလေးဖြင့် ကြည့်လိုက်သည်။


ကောင်ငယ်လေးသည် ရေချိုးပြီးနောက်တွင် ရင့်မှည့်ကာစ ပန်းသီးလေးတစ်လုံးနှင့် တူလို့နေသည်။ လွန်စွာ ချစ်စဖွယ်ကောင်းလှပြီး ကိုက်ချင်စရာလေးပင်။


ရှောင်ဝူယိသည် ရှဲ့ကျွင်း ထပ်ပြောမည်ကို စောင့်မနေတော့ဘဲနှင့် အခန်းတွင်းမှ အလျင်စလို ပြေးထွက်သွားပြီးနောက် ဝူဝမ်ယွီရှိသည့် အခန်းဆီသို့ သွားလေသည်။ အဝေးမှပင်လျှင် ဝူဝမ်ယွီနံဘေး၌ စကားပြောနေသည့် ဟန်လင်းတို့ကို မြင်လိုက်ရသည်။


ရှောင်ဝူယိသည် လူအုပ်အား တွန်းတိုက်ကာဖြင့် ဝူဝမ်ယွီထံသို့ ပြေးသွားလိုက်သည်။ ဝူဝမ်ယွီ၏ လည်ပင်းအား တင်းတင်းဖက်ပြီးနောက် ပျော်ရွှင်စွာ ဆိုလေသည်။


“ညီမလေး ရှောင်ယွီ.. ဝူယိက တွေ့ချင်နေခဲ့တာ..”


ငယ်ရွယ်ချောမောသည့် ကောင်ငယ်လေး၏ မျက်နှာမှာ သူမ၏ လက်ပေါ်တွင်ရှိနေပြီး စတော်ဘယ်ရီ ရေချိုးဆပ်ပြာနံ့လည်း ခပ်သင်းသင်းလေး ထွက်ပေါ်နေသည်။ ဝူဝမ်ယွီမှာ ရုတ်တရက် ဆွံ့အလို့နေသည်။ ဟန်လင်းအား ကြောင်အစွာဖြင့် ကြည့်လိုက်သည်။


သို့သော်လည်း ဟန်လင်းသည် သူတို့၏ ကျောင်းနေဖက်များအား အခန်းပြင်သို့ ထွက်သွားစေလိုက်သည်။


“အဲဒါဆိုလည်း ငါတို့က နင်နဲ့ နင့်မောင်လေး ဝူယိတို့ ပြန်ဆုံဆည်းတာကို မနှောင့်ယှက်တော့ဘူးနော်..”


“!???”


မောင်လေး.. ဝူယိ ဟုတ်လား.. ငါ့အစ်ကိုနဲ့ ယန်ကျဲကျဲရဲ့သားက ဒီလောက်တောင် အရွယ်ရောက်နေပြီလား..


ဝူဝမ်ယွီသည် တုန်လှုပ်မှုအပြည့်ဖြင့် နားထောင်နေသည်။ ထို့နောက်တွင် ရှောင်ယန်နှင့် သေးသေးလေးမျှပင် တူမနေသော ကောင်ငယ်လေးအား ကြည့်လိုက်သည်။ သို့သော်လည်း အလွန်အမင်း ချောမောသည့်အတွက် အစစ်အမှန် ဖြစ်‌လောက်မည်ဟု ခံစားမိလေသည်။


ငါ့အစ်ကိုကတော့ အရမ်းမိုက်တယ်ဟေ့..


***


မြောက်ပိုင်းရှိ အိမ်တစ်လုံးတွင် ဝူဝမ်ချီမှာ ရှောင်ယန်၏နံဘေးတွင် ထိုင်နေရင်း ရုတ်တရက် နှာထချေသည့်အတွက် ရှောင်ယန်မှာ စိုးရိမ်သွားမိသည်။


နျဲ့ရှောင်သည် နောက်ဆုံးအဆင့်သို့ ဖြတ်ကျော်ခြင်းမရှိသေးသည့် ထိုစုံတွဲအား ကြည့်လိုက်ပြီးနောက် မော့ယယ်နှင့်အတူ အမြုတေများအား ဆက်လက်ရေတွက်လိုက်သည်။ ကာယကံရှင်များမှ မသိချင်ယောင် ဆောင်နေသည့်အတွက် သူ့အနေနှင့်လည်း တိုက်တွန်းနေရန် မလိုအပ်ပေ။


သူတို့နှစ်ဦးသာ အလျင်လိုနေမည်ဆိုလျှင် သားတစ်ယောက်ပင် ရနေလောက်ပြီ ဖြစ်သည်။


***


ရှဲ့ကျွင်း၊ လျှိုတာ့ရှန်နှင့် အခြားသူများသည် အခြေအနေအား ကြည့်ရန် ဝင်မသွားခင် အပြင်ဘက်တွင် ခေတ္တမျှ စောင့်ဆိုင်းနေသည်။ သူတို့ဝင်လာသည့်အခါ အိပ်ရာပေါ်တွင် ထိုင်နေသည့် မိန်းကလေးက သူမနံဘေးတွင် ထိုင်နေသည့် ကောင်ငယ်လေးအား လေးလေးနက်နက် သင်ကြားပေးနေသည်။


“ရှောင်ဝူယိ.. နင် ငါ့ကို အန်တီလို့ ခေါ်ရမယ်..”


ရှဲ့ကျွင်းနှင့် အခြားသူများ : “......”


လူချမ်းသာတွေက တကယ်ရှုပ်ထွေးလွန်းတယ်..


နောက်ဆုံးတွင် တုန်လှုပ်ဖွယ်ရာ သတင်းအချက်အလက်များအား ဖလှယ်ပြီးနောက် မည်သည့်နေရာတွင်မျှ တူညီနေခြင်း မရှိပါသော၊ ဦးနှောက်လှိုင်းများလည်း အလုပ်လုပ်ပုံ ထပ်တူကျလို့ မနေပါသော ကိုကိုနှင့် ညီမလေးတို့သည် သူတို့၏ ဆက်နွယ်မှုအား နားလည်သွားကြပြီ ဖြစ်သည်။


ဝူဝမ်ယွီသည် အရှုပ်အရှင်းများ နည်းပါးလွန်းသည် နျဲ့ရှောင်အကြောင်း တွေးမိသည့်အခါ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ ငယ်ရွယ်ကာ အေးစက်လှသည့် ခံ့ခံ့ညားညား လူတစ်ဦးမှာ စောစီးစွာပင် သားတစ်ယောက် ရရှိလို့နေလေသည်။ အေးတိအေးစက်နိုင်သူနှင့် နှေးကွေးလေးလံသူများဖြစ်သည့် သူမ၏ အစ်ကိုနှင့် ယန်ကျဲကျဲတို့နှင့် နှိုင်းစာလျှင် မွန်းကြပ်ဖွယ်ရာပင်။


ရှဲ့ကျွင်းတို့သည် ဝူယိ ဒယ်ဒီ၏ နာမည်အပြည့်အစုံမှာ “နျဲ့ရှောင်” ဖြစ်ကြောင်း သိလိုက်ရသည်။ ဝူယိ နာမည် စာလုံးပေါင်း အမှန်အား ပြန်တွေးမိသည့်အခါတွင် ရှောင်ဝူယိလေး၏ နာမည်အား သာမန်ကာလျှံကာ ပေးထားခြင်းဖြစ်သည်ဟု ခံစားမိလိုက်သည်။


ရှောင်ဝူယိမှာ ရှဲ့ကျွင်းတို့၏ စိတ်ထဲမှ အသံများကို ကြားရပုံပေါ်သည့်အတွက် ဆူပုတ်ပုတ် မျက်နှာလေးနှင့် အတွန့်တက်ပြောဆိုတော့သည်။


“ငါ့ဒယ်ဒီက ငါ့ကို မေလ ၁ ရက်နေ့မှာ ခေါ်လာခဲ့တာ.. ငါ့ဒယ်ဒီပြောတာက ငါရောက်လာတဲ့ နေ့ရက်ကို အမှတ်တရအနေနဲ့ ဒီလိုပေးထားတာတဲ့.. ပေါပေါပဲပဲ ပေးထားတာ လုံးဝမဟုတ်ဘူး..” (   *︶ ^︶)


“ရိုးရှင်းပြီးတော့ ထူးခြားတယ်.. တကယ်ကို အရမ်းကောင်းတဲ့ နာမည်တစ်ခုပဲ..”


ဝူဝမ်ယွီ ခေါင်းညိတ်ပြီးနောက် ဝူယိလေးအား နှစ်သိမ့်ပေးလိုက်သည်။ သို့သော်လည်း သူမမှာ သက်ပြင်းမချဘဲ မနေနိုင်ချေ။


“ဒီ ဝူ က ငါ့ရဲ့ ‘ဝူ’ မဟုတ်တာတော့ စိတ်မကောင်းစရာပဲ.. ဟင်းး”


ရှောင်ဝူယိသည်လည်း ဝူဝမ်ယွီ၏ စိတ်မကောင်းဖြစ်မှုအား နားလည်သည့်အတွက် ဝူဝမ်ယွီ၏ လက်ကလေးအား ပုတ်ပေးလိုက်သည်။ ဤကိုကိုနှင့် ညီမလေးတို့သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်ကာဖြင့် တစ်ညီတစ်ညွတ်တည်း သက်ပြင်းချလိုက်ကြသည်။


ဟင်းးးး စိတ်ပူစရာပဲ..


နံဘေးတွင်ရှိနေသည့် ရှဲ့ကျွင်းတို့မှာ ဤထူးခြားဆန်းပြားမှုအား နားမလည်နိုင်ဘဲ ရှိနေကြသည်။


များမကြာမီတွင် ဝူဝမ်ယွီနိုးလာသည့် သတင်းကြောင့် ကျောင်းသားအချို့မှာ တစ်ယောက်ပြီးတစ်ယောက် လာရောက်လည်ပတ်ကြလေသည်။ လူတိုင်းသည် သူတို့၏ ကျေးဇူးတင်စကားများကို ပြောဆိုကြသော်လည်း အဆုံးတွင် စကားစမှာ ထိုနေ့တွင် ရုတ်တရက်ပြုတ်ကျလာသည့် ရုပ်တုကြီးဆီသို့ ရောက်သွားလေသည်။


မှော်ဆန်လှသည့် မြင်ကွင်းအား ပြန်လည်စဉ်းစားမိသည့်အခါတွင် ဝူဝမ်ယွီအပါအဝင် ကျောင်းသားများမှာ အနည်းငယ် စဉ်းစားမရနိုင်ဘဲ ရှိလို့နေသည်။ ထိုအရာမှာ သူတို့ကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်လေသည်။


“တစ်ချို့ကျောင်းသားတွေ ပြောတာကတော့ ယွင်ချန်တက္ကသိုလ်ရဲ့ ဝိညာဉ်က ငါတို့ကို ကာကွယ်ပေးလိုက်တာတဲ့.. ကျောင်းသားအများစု ပြောကြတာက သူတို့ရဲ့ မျက်လုံးထဲမှာ ရွှေရောင်အလင်းတစ်ချက် လက်သွားတာကို မြင်လိုက်တယ်တဲ့..”


“အဲဒီလို အရာမျိုးရှိတာလား..”


ရှဲ့ကျွင်းတို့မှာ ထိုစကားများကို ကြားသောအခါတွင် အနည်းငယ် အံ့အားသင့်သွားကြမိပြီး ရှောင်ဝူယိအား အကြည့်ဘဲ မနေနိုင်ကြချေ။ ဤအရာအား သူတို့၏တာ့ကော တိတ်တဆိတ် ပြုလုပ်ခဲ့ခြင်း ဖြစ်မည်ဟု စိတ်ထင်နေမိသည်။


ရှဲ့ကျွင်း၏ အမေးနှင့် ရင်ဆိုင်ရသည့်အခါတွင် ရှောင်ဝူယိသည် သူမည်သူဖြစ်ကြောင်း ဖုန်းကွယ်ဖို့ရန် အကောင်းဆုံးကြိုးစားသည့် အနေဖြင့် ထိုအကြောင်းအရာနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ကြောင်း ဟန်ဆောင်လိုက်သည်။


“ငါက အဲဒီအချိန်တုန်းက သစ်တောထဲမှာ ရှိနေတာလေ.. အဲဒီကြောင့် မှော်ဆန်တဲ့မြင်ကွင်းကို မမြင်လိုက်ရဘူးလို့..”


ရှောင်ဝူယိမှာ မျက်လုံးများ ပြူးကာဖြင့် အဓိပ္ပါယ်မဲ့ စကားများကို ပြောလို့နေသည်။ ကြည်လင်တောက်ပသည့် မျက်လုံးများမှာ ရိုးသားပွင့်လင်းမှုတို့ ပြည့်နှက်နေပြီး မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မသိသကဲ့သို့ပင်။


ရှဲ့ကျွင်းတို့မှာ ရုတ်တရက် နားမလည်နိုင်ဘဲ ဖြစ်သွားကြသည်။ အဆုံးတွင် ထိုကောင်းကင်ဘုံစီရင်ချက်မှာ ယွင်ချန်တက္ကသိုလ်၏ ဝိညာဉ်ဖြစ်မည်ဟု မှတ်ယူလိုက်ကြသည်။


ဟမ်းစတားလေးမှာ သူ၏ သေးငယ်သည့် အထောက်အထားလေးကို အောင်အောင်မြင်မြင် ဖုံးကွယ်လိုက်နိုင်သည်ကြောင့် စိတ်သက်သာရာ ရသွားလေသည်။


နတ်သားလေး ဖြစ်တဲ့အကြောင်းကို လျှို့ဝှက်ချက်တစ်ခုအနေနဲ့ ထားရမယ်လို့ ဒယ်ဒီကပြောထားတယ်.. အဲဒါကြောင့် ဘယ်သူ့ကိုမှ လျှောက်မပြောနိုင်ပါဘူးနော်..


ညတာအား လုံခြုံစွာဖြင့် ဖြတ်သန်းခဲ့ရပြီး နေထွက်လာသည်နှင့် လူတိုင်းသည် ကျောင်းမှထွက်ခွာရန် အသင့်ဖြစ်လို့နေပြီ ဖြစ်သည်။ မျှော်လင့်ထားသလိုပင် ကျောင်းအဆောင်မှာ ဇွန်ဘီများဖြင့် ဝိုင်းအုံနေပြီး တစ်ကောင်နှင့်တစ်ကောင် ထပ်လျက်ရှိသည့်အတွက် ထွက်ပေါက်ပိတ်နေပြီ ဖြစ်သည်။


သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ထိုအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားကြပြီး ဖြစ်သည်။ သူတို့သည် ဒုတိယထပ်ရှိ ပြတင်းပေါက်ပေါ်သို့ တက်လိုက်ပြီးနောက် ကုတင်တစ်ခုအား တစ်ဘက်နံရံနှင့် ပြတင်းပေါက်ဘောင်ကြား ချလိုက်သည်။ ထို့နောက် ဇွန်ဘီများ၏ ခေါင်းပေါ်မှ ကျော်လွှားကာဖြင့် ကျောင်းအပြင်ဘက်ရှိ လမ်းမ‌ပေါ်သို့ တိုက်ရိုက်ခုန်ချကြလေသည်။ ဝူဝမ်ယွီ၏ ဒိုင်းကာနှင့် ပေါင်းစပ်လိုက်သည့်အခါတွင် ထိုလုပ်ငန်းစဉ် တစ်ခုလုံးမှာ အန္တရာယ်မရှိဘဲ ပြီးမြောက်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။


ကျောင်းအပြင်ဘက်ရှိ လမ်းမကြီးဆီသို့ တစ်ယောက်မကျန် ရောက်ရှိသည်အထိ စောင့်နေကြသည်။ လျှိုတာ့ရှန်နှင့် လူအနည်းစုသာ ကျန်တော့သည့်အချိန်တွင် ရှဲ့ကျွင်းသည် ပတ်ပတ်လည်အား ကြည့်လိုက်ပြီး တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်သည်။


“တာ့ကောဘယ်မှာလဲ.. သူထွက်သွားတာ မင်းတို့မြင်လိုက်လား..”


လျှိုတာ့ရှန်နှင့် ညီငယ်လေးများမှာ သေသေချာချာ အာရုံစိုက်နေကြသည့်တိုင် ရှောင်ဝူယိ ထွက်သွားသည်ကို မမြင်မိပုံရသည်။ အပြင်သို့ထွက်ကာ ရှောင်ဝူယိအား ရှာဖွေရန် ပြင်စဉ်မှာပင် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ခုန်ဆွဆွနှင့် ပြန်လာသည်ကို မြင်လိုက်ရသည်။


“ငါဒီမှာပါ.. ဒီမှာ..”


“ဘယ်တွေလျှောက်သွားနေတာလဲ..”


ရှဲ့ကျွင်းသည် ငါးကြော်ခိုးစားလာသည့် ကြောင်တစ်ကောင်ကဲ့သို့သော ပျော်ရွှင်တက်ကြွနေသည့် ကောင်ငယ်လေးအား ကြည့်လိုက်ပြီးနောက် ဆူဆူပူပူ လုပ်တတ်သည့် ဖခင်ကြီးအဖြစ်သို့ ပြောင်းသွားပြန်သည်။


“နောက်တစ်ခါ လျှောက်သွားခွင့်မရှိဘူးနော်..”


“အွန်း.. အွန်း.. နောက် အဲဒီလို မလုပ်ဘူး..”


ဟမ်းစတားလေးသည် နာခံမှုအပြည့်နှင့်‌ ခေါင်းညိတ်လိုက်ပြီးနောက် ရှဲ့ကျွင်း၏ မချီခြင်း ခံလိုက်ရသည်။ ထို့နောက်တွင် ဟမ်းစတားလေး၏ တင်ပါးလေးမှာ တစ်ဘက်နံရံနှင့် ဆက်သွယ်ထားသည့် ကုတင်ပေါ်သို့ ရောက်ကာ လျောကျသွားလေသည်။ နံရံအောက်တွင် ကျောင်းသားအချို့သာ ကူညီပေးရန် စောင့်ဆိုင်းလို့နေကြသည်။


ကျန်နေသည့် ရှဲ့ကျွင်းသည်လည်း ပြတင်းပေါက်သို့ ခုန်တက်ကာ ကုတင်ပေါ်သို့ ခြေချလိုက်သည်။ ထို့နောက် ခြေလှမ်း နှစ်လှမ်း၊ သုံးလှမ်းခန့်နှင့် နံရံတစ်ဘက်ရှိ လမ်းပေါ်သို့ ခုန်သွားလေသည်။


ထိုအဖွဲ့သည် ကျောင်းအတွင်းရှိ ဇွန်ဘီများ၏ နှေးကွေးခြင်းအား အခွင့်ကောင်းယူကာ ဇွန်ဘီများနည်းသည့် နယ်မြေသို့ အလျင်စလို သွားကြလေသည်။


ကျောင်းသားများသည် ကျောင်းတော်ကြီးအား နောက်ဆုံးအကြိမ် ကြည့်လိုက်ကြပြီးနောက် စိတ်မပါစွာဖြင့် သက်ပြင်းချလိုက်သည်။


“ငါတို့ နောက်တစ်ကြိမ် ရေပူပူလေး ချိုးရဖို့ ဘယ်လောက်ကြာကြာ စောင့်ရဦးမလဲဆိုတာ ဘယ်သူကသိမှာလဲ..”


ထိုစကားအား ကြားသည့်အခါတွင် ဟမ်းစတားလေးမှာ အပြစ်ရှိစိတ်ဖြင့် ပါးဖောင်းဖောင်းလေးအား လက်ဖြင့်အုပ်လိုက်သည်။


တစ်စုံတစ်ယောက်သည် ကျောင်းဆောင်တစ်ခုလုံး၏ ဆိုလာစွမ်းအင်သုံး ရေထောက်ပံ့စနစ်နှင့် အရေးပေါ်မီးစက်တစ်ခုလုံးအား သိုလှောင်နယ်မြေကလေးထဲသို့ ထည့်ပြီးနှင့်လေပြီ။


ထိုတစ်စုံတစ်ယောက်၏ အပြောအရ သူ၏ဒယ်ဒီနှင့် ရေချိုးမည်ဆိုပါက ရေပူမရှိ၍ မဖြစ်ဟူ၍ပင်။


လူတစ်အုပ်သည် အတော်ဝေးဝေးသို့ ပြေးလာကြပြီး အတော်အသင့် လုံခြုံမှုရှိသည့် နေရာတစ်ခုသို့ ရောက်ရှိပြီးနောက်တွင် အရှိန်လျှော့လိုက်ကြပြီး နောက်တစ်ဆင့်အနေဖြင့် ဘာဆက်လုပ်ရမည်ကို စဉ်းစားလို့နေသည်။ ဘယ်နေရာကိုသွားပြီး ဘာလုပ်ရပါ့မလဲ။ တိကျသေချာသည့် ရည်မှန်းချက်မရှိဘဲ ကြောင်အလို့နေကြသည်။


ဝူဝမ်ယွီသည် အဝေးသို့ စိုက်ကြည့်ရင်း ပြတ်သားစွာဖြင့် ပြောလာသည်။


“ငါ့ရဲ့အစ်ကိုကို ရှာဖို့အတွက် ဖုန်းချန်ကိုပြန်ရမယ်.. ငါ့အစ်ကိုကို မပြောဘဲနဲ့ ယွင်ချန်ကို ခိုးထွက်လာခဲ့တာ.. ကျောင်းကလည်း မဖွင့်သေးဘူးဆိုတော့ ငါက အိမ်မှာပဲ ရှိနေဦးမယ်လို့ အစ်ကိုက တွေးနေမှာ အသေအချာပဲ.. အဲဒါကြောင့် ငါ့ကိုရှာဖို့အတွက် ဖုန်းချန်ကို သွားလိမ့်မယ်..”


ဝူဝမ်ယွီပြောသည်အား နားထောင်ပြီးနောက်တွင် ဖုန်းချန်မှ လာကြသည့် ကျောင်းသားများမှာ ရုတ်တရက် စိတ်လှုပ်ရှားမှုများ ပြည့်လာကြပြီး ကျန်ကျောင်းသားများမှာမူ တိတ်ဆိတ်လို့နေပြီး အဝေးမှ မိသားစုများအကြောင်း တွေးနေကြပုံပင်။


လူတိုင်းသည် မတူညီသည့် ဒေသများမှ လာကြခြင်းဖြစ်သည်။ ဒေသအသီးသီးမှ လာကြခြင်း ဖြစ်သည့်အတွက် အိမ်သို့ပြန်ချင်သည် ဆိုပါက လူတိုင်းအသီးသီး လမ်းခွဲကြရပေမည်။


“ငါလည်း ငါ့မိဘတွေကို သတိရတယ်.. ဒါပေမဲ့ ငါ့မိသားစုက ဟာပင်းမှာ.. ဘယ်လိုလုပ်ပြီး ပြန်နိုင်မှာလဲ..”


ကျောင်းသားတစ်ယောက် ငိုကြွေးကာဖြင့် မျက်ရည်များအား လက်မောင်းဖြင့် သုတ်လိုက်သည်။


“အဲဒီအချိန်တုန်းက ငါ့အမေက မြောက်ပိုင်းမှာပဲနေပြီး ကျောင်းတက်ဖို့အတွက် ငါ့ကိုတောင်းပန်ခဲ့တာ.. ဒါပေမဲ့ ငါက ဆန္ဒမရှိခဲ့ဘဲ တောင်ပိုင်းကို လာခဲ့တယ်.. အခုတော့ အိမ်ကိုတောင် မပြန်နိုင်တော့ဘူး..”


အဝေးမှလာသည့် အခြားကျောင်းသားများသည်လည်း ငိုကြွေးလျက်ရှိသည်။ လေထုမှာ ရုတ်တရက် လေးလံလာပြီး ကျောင်းအုပ်ကြီးသည်လည်း သက်ပြင်းချကာ ပါးပြင်ပေါ်ရှိ မျက်ရည်စက်အား သုတ်ဖယ်လိုက်သည်။ ဇနီးဖြစ်သူမှာ လွန်ခဲ့သည့် နှစ်များကတည်းက သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း သူ၏သား မိသားစုမှာမူ အသက်ရှင်နေဆဲဖြစ်ကာ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး အစောဆုံးအနေဖြင့် တရုတ်နှစ်သစ်ကူးပြီးနောက် ခြောက်ရက်မြောက် နေ့၌သာ အိမ်ပြန်လာနိုင်ခြင်း ဖြစ်သည်။


ရှောင်ဝူယိမှာ တရုတ်ပြည်မြေပုံနှင့် ပတ်သက်၍ မသိသော်လည်း ဟာပင်းမှလာသည့် ကျောင်းသားကို ကြည့်ပြီးနောက် နှစ်သိမ့်ပေးရန် ကြိုးစားလိုက်သည်။


“ဝမ်းမနည်းပါနဲ့နော်.. ငါကလည်း မြောက်ပိုင်းကိုသွားပြီး ဒယ်ဒီ့ကို သွားရှာမှာပါ.. မင်း ငါနဲ့အတူလိုက်ခဲ့ရင် အဲဒီကို သေချာပေါက် ရောက်လိမ့်မယ်..”


“ဒီလိုမျိုး ထွက်သွားဖို့ဆိုတာက တကယ်ကို အဆင်မပြေဘူး.. အားလုံးရဲ့ ဒေသအသီးသီကို မြေပုံဆွဲလိုက်တာ ပိုကောင်းမယ်.. ယွင်ချန်က တရုတ်ပြည်ရဲ့ တောင်ဘက်အကျဆုံးအပိုင်းမှာ ရှိတာ.. အဲဒါကြောင့် ငါတို့အဆင်အပြေဆုံးလမ်းကြောင်းကို စီစဉ်ရမယ်..”


ဝူဝမ်ယွီမှာ မနေနိုင်တော့သဖြင့် ထပ်ပေါင်းပြောလာပြီး တုတ်ချောင်းတစ်ချောင်းအား ကောက်ယူကာ မြေပြင်တွင် ကြက်ဖကြီးတစ်ကောင်ပုံ ဆွဲလိုက်သည်။ (တရုတ်ပြည်မြေပုံကို ကြက်ဖကြီးဟု ခေါ်ခြင်းဖြစ်။)


ရှောင်ဝူယိသည် ဝူဝမ်ယွီ၏နံဘေးတွင် ဆောင့်ကြောင့်ထိုင်ပြီး ကြည့်လို့နေသည်။ တရုတ်ပြည်၏ နယ်စပ်မျဉ်းများ ပေါ်လာသည်ကို မြင်သည့်အခါတွင် မချီးကျူးဘဲ မနေနိုင်တော့ချေ။


“ညီမလေးရှောင်ယွီက အရမ်းတော်တာပဲ..”


“အန်တီလို့ ခေါ်စမ်း..”


ထို့နောက်တွင် သွားရမည့် နေရာများအား မြေပုံပေါ်တွင် သတ်မှတ်ပြီးပြီဖြစ်ကာ တောင်မှ မြောက်အထိ မျဉ်းဖြောင့်သဏ္ဌာန် ရှိနေလေသည်။


ရှဲ့ကျွင်းမှာ ထိုအရာအား မြင်သည့်အခါ မရယ်ဘဲ မနေနိုင်တော့ချေ။


“အဲဒါက သခင်လေး သူ့ဒယ်ဒီကို သွားရှာမယ့် လမ်းကြောင်းနဲ့ တူမနေဘူးလား.. ငါတို့ကလည်း မြောက်ပိုင်းကို ဒီလိုသွားဖို့ စီစဉ်ထားကြတာ.. အဲဒါဆိုလည်း မြို့တော်ကိုအရင်သွားပြီးတော့ အခြေအနေကို ကြည့်ကြတာပေါ့..”


သူတို့အားလုံး လမ်းခွဲသွားရန် မလိုအပ်တော့သည့်အတွက် ဝူဝမ်ယွီမှာ မရယ်ဘဲ မနေနိုင်တော့ချေ။ သူမသည် ရှောင်ဝူယိနှင့် ရှဲ့ကျွင်းအား ကြည့်ကာဖြင့် ပြောသည်။


“ငါ့အစ်ကိုနဲ့ နင့်ဒယ်ဒီက အတူတူ ခရီးသွားကြတာကို ရှောင်ဝူယိက မေ့နေတာတော့ မဟုတ်ပါဘူးနော်.. ငါ့အစ်ကိုနဲ့ အစ်ကိုကြီး နျဲ့ကို ဖုန်းချန်မှာတောင် တွေ့ချင်တွေ့နိုင်ဦးမယ်..”


“ဟုတ်သား.. ရေးးး”


ရှောင်ဝူယိ ရုတ်တရက် သ‌ဘောပေါက်လာပြီးနောက် ဆောင့်ကြောင့်ထိုင်ကာ မြေပြင်ပေါ်ရှိ ကြက်ဖပုံအား ကြည့်လိုက်သည်။ 


“အဲဒါဆို ငါတို့ စီစဉ်ထားတာက ကြက်ဆီဗူးကနေ ကြက်ခေါင်းအထိ သွားကြမှာ.. ဒါပေမဲ့ အခုက ကြက်ဗိုက်လောက်ရောက်ရင် ဒယ်ဒီ့ကို တွေ့ချင်တွေ့နိုင်တယ်ပေါ့..”


“အဲဒါက အများကြီး ပိုနီးတာပဲ..”


ရှောင်ဝူယိ၏ ချစ်စဖွယ်စကားလုံးများကြောင့် အားလုံးရယ်မောကြပြီး လေးလံနေသည့် လေထုမှာလည်း ပျောက်ကွယ်လို့သွားသည်။


“ဒါဆို သွားကြစို့.. ပထမဆုံးနေရာက ရှန့်ချန် ဟေ့..”


“ပြီးတာနဲ့ ဒုတိယနေရာက ဖုန်းချန်ပဲ..”


ရှောင်ဝူယိမှာ မစောင့်နိုင်တော့ချေ။


“သိပ်မကြာခင် ဒယ်ဒီ့ကို တွေ့ရတော့မယ်.. ဝူယိလေးက ဒယ်ဒီ့ကို စပရိုက်အကြီးကြီး ပေးဦးမှာ..”


***


အခြားတစ်ဘက်၊ မော့ဟယ်မှာ ဟာပင်းသို့ သွားရာ အဝေးပြေးလမ်းပေါ်။


နျဲ့ရှောင်တို့သည် လမ်းတွင် မြို့တော်သို့သွားရန် ပြင်ဆင်နေသည့် စစ်သားများနှင့် တွေ့ဆုံကြသည်။ အစိမ်းရောင် ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသည့် စစ်သားများသည် ဖော်ဖော်ရွေရွေ ရှိကြသည့်အတွက် နျဲ့ရှောင်တို့သုံးဦးနောက်မှ လိုက်ပါလာသည့် လူအုပ်အား တက်ကြွလာစေသည်။


“စစ်တပ်က ဒီမှာဟေ့.. ငါတို့အားလုံး ကယ်တင်ခံရပြီ..”


“အရမ်းကောင်းတယ်!”


သို့သော်လည်း ကားခေါင်းခန်းမှ ခါးသီးသော အမူအရာနှင့် စစ်သားတစ်ယောက် ဆင်းလာသည်။ ထိုလူသည်စစ်သားများအား ဦးဆောင်ကာ နျဲ့ရှောင်တို့ ရှိရာသို့ လမ်းလျှောက်လာသည်။ ထိုသုံးဦးမှာ ထူးခြားကြောင်း အကြည့်တစ်ချက်နှင့်ပင် ပြောနိုင်လေသည်။


“ဟလို.. ငါတို့က နယ်စပ်မြို့စောင့်တပ်သားတွေပဲ.. ငါ့နာမည်က လောယွင်ဟိုင်.. ငါက ဒီအဖွဲ့ရဲ့ လက်ရှိခေါင်းဆောင်..”


“ဟလို.. နျဲ့ရှောင်ပါ..”


နျဲ့ရှောင် ခေါင်းညိတ်ပြလိုက်ပြီး ထိုလူနှင့်အတူ ပါလာသည့် စစ်သားအရေအတွက်အား ခန့်မှန်းလိုက်သည်။ နှစ်ဆယ်ပင် မပြည့်ချေ။ နယ်စပ်မြို့၏ မြို့စောင့်တပ်သားအရေအတွက်မှာ ဤမျှလောက်အထိ မနည်းပါးနိုင်ချေ။


သူ၏အကြည့်တွင် ပါဝင်သည့် မေးခွန်းများကို နားလည်ဟန်ရှိသည့် လောယွင်ဟိုင်မှာ ဦးထုတ်ချွတ်ကာ နီရဲနေသည့် မျက်လုံးများဖြင့် ပြောလာသည်။


“ခင်ဗျားမြင်တဲ့အတိုင်းပဲဗျာ ကျုပ်တို့က တပ်ခွဲလေးတစ်ခုပါ.. နယ်စပ်မြို့က စစ်သားတွေအားလုံးက ဇွန်ဘီတွေ ဖြစ်သွားကြပြီ.. ကျုပ်တို့ပဲ ကံကောင်းလို့ ထွက်ပြေးလာနိုင်ခဲ့တာ..”


အနောက်ဘက်ရှိ လူအုပ်မှာ ထိုစကားအား ကြားလိုက်သည်နှင့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။ အစိုးရသည် သူတို့အား ကယ်ဆယ်ရန် စစ်သားများ လွှတ်လိုက်ခြင်းဖြစ်သည်ဟု သူတို့ထင်နေခဲ့ကြခြင်းပင်။ ထိုလူအုပ်မှာ နေရာမှာတင် မျက်ရည်ဖြိုင်ဖြိုင်ကျလာတော့သည်။


“ပြီးသွားပြီ.. စစ်သားတွေတောင် အသက်မရှင်ဘူးဆိုရင် ငါတို့တွေအတွက်လည်း အားလုံးပြီးဆုံးသွားတာ မဟုတ်ဘူးလား..”


“ပိတ်ထားစမ်း..!”


ဝူဝမ်ချီ အနောက်သို့လှည့်အော်လိုက်ပြီး သူတို့၏ ငိုကြွေးသံအား မကြားချင်ပေ။ သူ၏ အမူအရာမှာလည်း မည်းမှောင်လို့နေသည်။ နယ်စပ်မြို့စောင့်တပ်၏ အခြေအနေမှာ ဤဖြစ်ရပ်ဆိုးကြီးတစ်ခုလုံး၏ ယေဘုယျအခြေအနေကို ဖော်ပြနေခြင်းလည်း ဖြစ်သည်။


ကမ္ဘာပျက်ကပ်မှာ မျှော်လင့်ထားသည်ထက်ပင် ပိုမိုပြင်းထန်ဆိုးဝါးလို့နေသည်။


“ကျုပ်တို့က ဟာပင်းကိုသွားဖို့ စီစဉ်ထားတယ်.. စီရင်စုရဲ့ မြို့တော်ကတော့ ကျုပ်တို့ထက် ပိုပြီး... အခြေအနေ ကောင်းသင့်ပါတယ်..”


လောယွင်ဟိုင်သည် သူတို့၏ ဦးတည်ရာကို ပြောပြလိုက်သော်လည်း သူ၏စိတ်ထဲတွင် အကြွင်းမဲ့ ယုံကြည်ချက် မရှိပေ။


သူတို့၏ သူငယ်ချင်းများနှင့် ရဲဘော်ရဲဘက်များ အချင်းချင်း ပြန်လည်သတ်ဖြတ်နေသည့် မြင်ကွင်းအား ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ချေ။


“ကျွန်မတို့လည်း အတူတူပဲ.. အဲဒီကို ဖြတ်သွားကြမှာ..”


ရှောင်ယန် ပြောသည်။ သူတို့အနောက်တွင် လိုက်လာသည့် ထိုလူတစ်စုထက် ဤစစ်သားများနှင့်သာ ပိုမိုရင်ဆိုင်လိုသည်။


“ကျွန်မတို့က ဟာပင်းမှာ လူရှာစရာရှိလို့လေ..”


လောယွင်ဟိုင်သည် နျဲ့ရှောင်တို့ သုံးယောက်အား ကြည့်လိုက်ပြီးနောက် စူးစမ်းမှုအပြည့်နှင့် မေးလာသည်။


“မင်းတို့က ဘယ်စခန်းကလဲ.. အထူးတပ်ဖွဲ့ကလား..”


ထိုစကားအား ကြားသည့်အခါတွင် နျဲ့ရှောင်တို့မှာ ချက်ချင်းဆိုသလို ပြုံးဖြီးဖြီး ဖြစ်လာကြသည်။


“အဲဒါတွေ တစ်ခုမှ မဟုတ်ဘူး.. ငါတို့က မင်းတို့ လမ်းမှာ မတော်တဆတွေ့တဲ့ ကြေးစားတွေ..”


လောယွင်ဟိုင်မှာ ထိုစကားများကို ကြားသည့်အခါ အံ့အားသင့်လို့သွားလေသည်။


🐹🐹🐹🐹🐹