အပိုင်း၁၆
Viewers 9k

Chapter 16


🐹 အခန်း ၁၆ ဝူယိလေး ရှန့်ချန်ကိုရောက်ပြီ


နျဲ့ရှောင်တို့အဖွဲ့မှာ ကြေးစားများဖြစ်ကြလိမ့်မည်ဟု လောယွင်ဟိုင် မမျှော်လင့်ခဲ့ချေ။ သူယခင်က တွေ့ခဲ့ဖူးသည့် အထူးတပ်ဖွဲ့မှ စစ်သားများနှင့် နှိုင်းယှဉ်မည်ဆိုလျှင်ပင် ဤသုံးယောက်၏ အရှိန်အဝါမှာ နိမ့်ကျလိမ့်မည် မဟုတ်သည့်အပြင် အနည်းငယ်မျှပင် သာလွန်နိုင်သည်။ ထို့ကြောင့် သူတို့မှာ သာမန်ကြေးစားများ ဖြစ်သည်ဟု ဆိုခြင်းအား သူယုံကြည်မည် မဟုတ်ပေ။


သာမန်အဆင့်ရှိ ကြေးစားများသည် ဤမျှလောက် အစွမ်းထက်နေမည်ဆိုလျှင် ကမ္ဘာကြီး ပြောင်းပြန်ဖြစ်နေလိမ့်မည် ဖြစ်သည်။


ထို့ကြောင့် နျဲ့ရှောင်တို့အဖွဲ့မှာ ကြေးစားလောက၏ အစွမ်းအထက်ဆုံးနှင့် အကျွမ်းကျင်ဆုံးသော အဖွဲ့များထဲမှ တစ်ဖွဲ့သာဖြစ်ရပေမည်။ ထို့အပြင် သူတို့နှင့် ယှဉ်ပြိုင်နိုင်မည့်သူ အနည်းစုမှာလည်း ကမ္ဘာပျက်ကပ်အတွင်း ရှင်သန်ကျန်ရစ်ခြင်း ရှိ မရှိအား မည်သူကမျှ မသိရသေးချေ။


လမ်းတစ်လျှောက်တွင် ဝူဝမ်ချီမှာ စိတ်ပါဝင်စားစွာဖြင့် စစ်သားများနှင့် အဆက်မပြတ် စကားပြောလျက်ရှိသည်။ နျဲ့ရှောင်၊ ရှောင်ယန်တို့နှင့် နေ့စဉ်နေ့တိုင်း နေထိုင်ရခြင်းမှာ သူ့အား ရူးသွပ်သွားလုနီးနီးပင် ဖြစ်စေသည်။


သို့သော်လည်း တိုတောင်းလှသော ဤစိတ်ချမ်းမြေ့ဖွယ် အခိုက်အတံ့လေးမှာ နေ့လယ်စာစားချိန် ရောက်သည့်အခါ လုံးလုံးလျားလျား ဖျက်ဆီးခံလိုက်ရသည်။ နျဲ့ရှောင်တို့ သုံးဦးမှာ အခြားသူများကို စိတ်မချမ်းမသာ ဖြစ်စေမည့် ကိစ္စရပ်များကိုသာ ရွေးချယ်ပြုလုပ်တတ်ကြသည့် ထိုလူများအား ကယ်တင်မိခဲ့ခြင်းအတွက် နောင်တအကြီးအကျယ် ရရှိလို့နေသည်။


“မင်းတို့တွေက ငါတို့ကို ရိက္ခာထောက်ပံ့ရမယ် မဟုတ်ဘူးလား.. ငါတို့လို သာမန်လူတွေကို ကူညီဖို့က မင်းတို့စစ်သားတွေရဲ့ တာဝန်မဟုတ်ဘူးလား..”


ဤအထက်စီးဆန်သည့် အမျိုးသားမှာ နျဲ့ရှောင်တို့အဖွဲ့နှင့် အထစ်အငေါ့များစွာ ရှိခဲ့ဖူးပြီး လောယွင်ဟိုင်တို့၏ အထောက်အထားအပေါ် အခွင့်အရေးယူရန် ပြုမူနေခြင်း ဖြစ်ပုံပင်။ ထိုလူသည် လက်ညှိုးငေါက်ငေါက်ထိုးကာဖြင့် ဒေါသတကြီး ပြောဆိုလို့နေပြီး စစ်သားလေးတစ်ဦး၏ နှာခေါင်းကို ထိုးမိမတတ် ဖြစ်သည့်တိုင်အောင် ပြောဆိုဆဲရေးလို့နေသည်။


ထိုလူမှာ သူ့ထက် မဆိုစလောက်သာ ငယ်ရွယ်ပုံရသည်။


ရုတ်ရုတ်သဲသဲ ဖြစ်လာသဖြင့် လောယွင်ဟိုင်သည် ကိစ္စရပ်များ ပြေလည်ဖို့ရန် ထိုနေရာသို့ လျှောက်သွားပြီးနောက် သူ၏ ကိုယ်ပိုင်ရိက္ခာ တစ်ဝက်အား ပေးလိုက်သည်။ ကံမကောင်းစွာဖြင့် ထိုလူမှာ အသိအမှတ်မပြုသည့်အပြင် မလုံလောက်ဟုပင် အော်ဟစ်လို့နေပြီး လောယွင်ဟိုင်၏ လက်ထဲရှိ ကျန်တစ်ဝက်ကို ဆွဲယူလိုက်သည်။


လောယွင်ဟိုင်၏နောက်တွင် ရှိနေသည့် စစ်သားလေးများမှာ ချက်ချင်းဆိုသလို ဒေါသတကြီး မတ်တတ်ရပ်လာကြသည်။ သူတို့သည် လျင်မြန်စွာပင် ရိက္ခာထုပ်အား ပြန်ဆွဲယူရန် ကြိုးစားသော်လည်း သူတို့ လက်တစ်ချောင်းပင် မမြှောက်ရသေးချိန်တွင် အရှက်မဲ့လှသည့်လူမှာ မြေပြင်ပေါ်သို့ ပစ်လှဲချကာ အော်ဟစ်လေသည်။


“စစ်သားတွေက ပြည်သူကိုရိုက်နေတယ်..”


လောယွင်ဟိုင်တို့မှာ အရှက်မဲ့လှသည့် အပြုအမူကြောင့် ဒေါသတကြီးဖြစ်ကာ မျက်နှာများပင် နီမြန်းလာကြသည်။ သူတို့ထံတွင် ရိက္ခာအမြောက်အများ ပါလာခြင်းမရှိကြပေ။ စစ်သားအချို့မှာ လုံလောက်အောင်ပင် စားသောက်ရခြင်း မရှိချေ။


လောယွင်ဟိုင်နှင့် သူ့လူများ ဖိအားပေးခံနေရသည်ကို မြင်သည့်အခါ ဝူဝမ်ချီမှာ ကြားဝင်ရန်အတွက် မတ်တတ်ရပ်လိုက်လေသည်။ လက်ကို အကွေးအဆန့်လုပ်ပြီးနောက် ဝမ်းသာအားရဖြင့် ပြောလေသည်။


“ကံကောင်းတယ်ဟေ့.. ဒီဖေဖေက အလွတ်တန်းကြေးစားတစ်ယောက် ဖြစ်ခဲ့တာလေ..”


ဝူဝမ်ချီ လမ်းလျှောက်သွားပြီးနောက် မြေပြင်ပေါ်တွင် လဲကျနေသည့် အရှက်မဲ့လှသည့်လူအား ကန်ပြီးနောက် အဖေ အမေ တ,သည်အထိ ရိုက်နှက်လိုက်သည်။ နျဲ့ရှောင်နှင့် ရှောင်ယန်တို့သည် ဝူဝမ်ချီထံ ပြေးသွားချင်နေသည့် လောယွင်ဟိုင်ကို တားဆီးမည့်တာဝန်ကို ယူထားကြသည်။


“သူနဲ့ မတိုက်ခိုက်နဲ့.. လူတွေကို ရိုက်နှက်တဲ့ တာဝန်ကို ကျုပ်တို့နဲ့ လွှဲထားလို့ရတယ်.. လက်တွေကို မညစ်ပတ်စေနဲ့..”


လောယွင်ဟိုင်နှင့် အဖွဲ့ : “……”


ငါတို့ စိတ်ငြိမ်အောင်လုပ်ဖို့ လိုနေပြီ.. (>ᨓ<)


ဝူဝမ်ချီသည် အနာကျင်ဆုံးဖြစ်နိုင်မည့် နေရာများကိုသာ ရိုက်နှက်ကန်ကြောက်ခဲ့ခြင်း ဖြစ်သော်လည်း ထိုနေရာများအား သုံးမရလောက်သည်အထိ မလုပ်ခဲ့ချေ။ စိတ်ကျေနပ်သည်အထိ ရိုက်နှက်ပြီးသည့်နောက်တွင် အခြားတစ်ဘက်တွင်ရှိသည့် လူများအားကြည့်ကာ ကြမ်းကြမ်းတမ်းတမ်း သတိပေးကြိမ်းမောင်းလိုက်သည်။


“အခုက ကမ္ဘာပျက်ကပ်ခေတ်ကို ရောက်နေပြီ.. မြင်းစီးတဲ့သူက မစင်ကျုံးရမှာ သဘာဝပဲ.. ခင်ဗျားတို့အတွက် ခင်ဗျားတို့ ကိုယ်တိုင်မှာပဲ တာဝန်ရှိတယ်.. စားချင်လား.. ဒါဆို ရှာလေ.. မရှာနိုင်ရင် မြက်တွေ သစ်ခေါက်တွေ စားလို့ရတယ်.. ကျုပ်တို့ရဲ့ ဘိုးဘေးတွေက စစ်ပွဲရှည်ကြီးကို ဘယ်လိုစိတ်ဓာတ်မျိုးတွေနဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတာ လေ့လာကြစမ်းပါ..”


ထိုလူများအား သတိပေးပြီးနောက်တွင် ဝူဝမ်ချီ လှည့်ပြန်လာခဲ့သည်။ ပြန်ဆွဲယူလာသည့် ရိက္ခာအား လောယွင်ဟိုင်လက်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် ပုခုံးအား ပုတ်လိုက်သည်။ ထို့နောက် နှာခေါင်းအားထိကာဖြင့် ပြုံးဖြီးဖြီး ပြောလာသည်။


“ငါက မင်းတို့ကို ဆူပူတာမျိုးတော့ မဟုတ်ဘူးပေါ့ကွာ.. ပြည်သူတွေကို ကယ်တင်ရမှာက မင်းတို့ရဲ့ တာဝန်ပဲဆိုတာ ငါသိပါတယ်.. ဒါပေမဲ့ နောက်များ လူတွေကို ကယ်မှာဆိုရင် ငါတို့ လုပ်ခဲ့သလိုမျိုး ပြဿနာကောင်တွေကို မကယ်မိစေဖို့ မှတ်ထားကြ.. ငါတို့လိုမျိုး လူကောင်းလေးတွေကိုပဲ ရွေးကယ်ကြနော်..”


လောယွင်ဟိုင်နှင့် အဖွဲ : “……”


ရှောင်ယန်နှင့် နျဲ့ရှောင်တို့၏ နှုတ်ခမ်းထောင့်များမှာ ထိန်းချုပ်မရနိုင်စွာ ရှုံ့မဲ့လို့သွားကြသည်။


ထို့အဖြစ်အပျက် ပြီးသည့်နောက်တွင် သူတို့နောက်မှ လိုက်လာသည့် လူများမှာ လောယွင်ဟိုင်နှင့်အဖွဲ့အား သူတို့၏ အထောက်အထားအပေါ် အခွင့်အရေးယူရဲခြင်း မရှိကြတော့ချေ။ ဟာပင်းသို့ ခရီးဆက်ရာတွင်လည်း အဟန့်အတားမရှိဘဲ ချောချောမွေ့မွေ့ ဖြစ်လာခဲ့သည်။


***


ဟာပင်းလေဆိပ်။


နင်ဖုန်းနှင့် သွမ့်ဝမ်ယွီ၏ အဆက်မပြတ် ကြိုးပမ်းမှုကြောင့် လေဆိပ်တစ်ဝိုက်တွင် အခြေစိုက်စခန်း ငယ်လေးများ ဖြစ်ပေါ်လာသည်။ ရုတ်တရက် ကျဆင်းသွားသည့် ဇွန်ဘီအရေအတွက်ကြောင့် အနီးပတ်ဝန်းကျင်ရှိ အသက်ရှင်သန်သူများအားလုံး ဘေးကင်းသွားပြီ ဖြစ်သည်။


ဤနှစ်ဦးမှာ နျဲ့ရှောင်တို့ သုံးဦးထက် ပိုမိုကံကောင်းပုံရသည်။ သူတို့ရှာတွေ့ခဲ့သည့် ရှင်သန်ကျန်ရစ်သူများမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်နိုင်စွမ်း ရှိကြပြီး စိတ်အနှောင့်အယှက် ဖြစ်ဖွယ်မကောင်းပေ။


နေရာတစ်ခုတည်းတွင် လူဦးရေများလာမည် ဆိုပါက ပဋိပက္ခနှင့် အငြင်းပွားမှုများမှာ ရှောင်လွဲမရနိုင်ဘဲ မြင့်တက်လာနိုင်သည်။ ထိုအခြေအနေအား ရှောင်ရှားဖို့ရန် သွမ့်ဝမ်ယွီသည် လေဆိပ်တွင် ယာယီ 《ရှင်သန်သူ သဘောတူညီချက်》ကို ရေးသားချမှတ်ခဲ့သည်။


ထိုသဘောတူညီချက်အား လူတိုင်း သဘောတူလိုက်နာကြသည်။ ရည်ရွယ်ချက်ရှိရှိ ရေးသားခဲ့ခြင်း မဟုတ်သော်ငြား ဤယာယီသဘောတူညီချက်မှာ ကမ္ဘာတစ်ဝှမ်း လိုက်နာကျင့်သုံးမည့် ကမ္ဘာပျက်ကပ် သဘောတူညီချက် တစ်ခုအဖြစ် ပြောင်းလဲသွားမည်ဟု သွမ့်ဝမ်ယွီ မျှော်လင့်ခဲ့ခြင်း မရှိချေ။


မဝေးတော့သည့် အနာဂတ်တွင် ဤသဘောတူညီချက်အား ချိုးဖောက်သူများသည် လူအများ၏ အထင်သေးကဲ့ရဲ့ခြင်းအား ခံစားကြရပေမည်။


သွမ့်ဝမ်ယွီသည် သဘောတူညီချက်ရေးသားထားသည့် စာရွက်အား လေဆိပ်လော်ဘီရှိ နံရံတစ်ခုတွင် ကပ်လိုက်သည်။ နင်ဖုန်းသည် ထိုစာကြောင်းများအား တစ်ချက်ကြည့်ပြီးနောက် နှုတ်ခမ်းထောင့်များ မဲ့ကျကာ ဦးနှောက်ပင် နာကျင်လာသည်။


“ဒါတွေကို ဘယ်သူက ဂရုစိုက်မှာလဲ..”


“ဖတ်ကြည့်စမ်းပါ.. ဘာမှမရှိတာထက်တော့ ပိုကောင်းပါတယ်..”


သူတို့နှစ်ဦး စကားပြောနေစဉ်တွင် ဆယ်ကျော်သက်ကောင်လေးတစ်ယောက် ပြေးလာပြီးနောက် ဝမ်းသာအားရ အော်ဟစ်ပြောလာသည်။


“အစ်ကိုသွမ့်.. အစ်ကိုနင်.. အပြင်မှာ လူတွေရောက်နေတယ်ဗျ.. လူတွေ အများကြီးမှ အများကြီးပဲ..”


သွမ့်ဝမ်ယွီနှင့် နျင်ဖုန်းတို့မှာ အံ့အားသင့်သွားပြီးနောက် အခြေအနေအား ကြည့်ရန် အလျင်စလို ထွက်သွားကြသည်။ အပြင်ဘက်တွင် စစ်သားအပြည့်ရှိသော အစိမ်းရောင် ထရပ်ကားများ ရှိနေပြီး ထိုစစ်သားများကို ဦးဆောင်လာသူမှာ ရာထူးနိမ့်ကျမနေဘဲ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည်။ 


ဝူချင်ဖုန်းသည် သွမ့်ဝမ်ယွီနှင့် နင်ဖုန်းတို့ ထွက်လာသည်ကို မြင်သည့်အခါ ချက်ချင်းပင် အရှေ့သို့တက်လာပြီး ခင်မင်ရင်းနှီးစွာဖြင့် မိတ်ဆက်လာသည်။ အချင်းချင်း မိတ်ဆက်ပြီးနောက်တွင် သူတို့၏ ရည်ရွယ်ချက်အား အပိုအလိုမရှိ ခပ်တိုတိုပြောလေသည်။


သေချာပေါက်ပင် ဝူချင်ဖုန်းတို့မှာ နင်ဖုန်း၏ လှုပ်ရှားမှုများကြောင့် ဆွဲဆောင်ခံလိုက်ရခြင်း ဖြစ်သည်။


ထို့ကြောင့် နင်ဖုန်းမှာ အပြစ်ရှိစိတ်ဖြင့် သူ၏နှာခေါင်းကိုသာ ပွတ်နေမိသည်။


လေဆိပ်လော်ဘီအတွင်းသို့ ရောက်သည့်အခါတွင် ဝူချင်ဖုန်းသည် နံရံတစ်ခုတွင် ကပ်ထားသည့် “ရှင်သန်သူ သဘောတူညီချက်” အား သတိပြုမိလိုက်သည်။ နံဘေးတွင်ရှိသည့် သွမ့်ဝမ်ယွီအား ကျေနပ်သည့်အမူအရာဖြင့် ကြည့်လိုက်ပြီး မေးခွန်းမေးလိုက်သည်။


“ခင်ဗျားက ဒီနေရာမှာ အခြေစိုက်စခန်းဆောက်ဖို့ စီစဉ်ထားတာလား..”


သွမ့်ဝမ်ယွီ ခေါင်းယမ်းလိုက်သည်။


“အပျော်သဘော ရေးထားတာပါဗျာ.. အေးအေးဆေးဆေး ကြည့်လို့ရပါတယ်.. ကျွန်တော်တို့က တောင်ပိုင်းကိုသွားဖို့ လူတစ်ချို့ကို စောင့်နေကြတာ..”


ထိုစကားအား ကြားသည့်အခါတွင် ဝူချင်ဖုန်းသည် နံရံပေါ်ရှိ သဘောတူညီချက်အား ကြည့်လိုက်ပြီးနောက် စိတ်မကောင်းစွာဖြင့် သူတို့၏ အဓိက ရည်ရွယ်ချက်အား ထုတ်ဖော်ပြောလိုက်သည်။ သူတို့သည် ပေါက်ကွဲမှုများကြောင့် ဆွဲဆောင်ခံလိုက်ရပြီး ဤနေရာသို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ပို၍ အရေးကြီးသည်မှာ သူတို့သည် အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန် သင့်တော်သည့် နေရာတစ်ခု ရှာဖွေလိုနေခြင်းဖြစ်သည်။ ဤလေဆိပ်မှာ သူတို့၏ ရွေးချယ်မှုများထဲမှ တစ်ခုဖြစ်သည်။


နင်ဖုန်းနှင့် သွမ့်ဝမ်ယွီတို့သည် စစ်တပ်၏ ပြုပြင်ပြောင်းလဲမှုများ ပြီးစီးသွားပြီ ဖြစ်ကြောင်းနှင့် သူတို့၏ နောက်ခြေလှမ်းမှာ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ရန်ဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုတို့ ထင်ဟပ်နေသည်။ ရက်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် လူများ၏ စိတ်အခြေအနေအား မြှင့်တင်ပေးနိုင်မည့် ပထမဆုံးသော သတင်းကောင်းအား ကြားလိုက်ရခြင်း ဖြစ်သည်။


သို့သော်လည်း ဝူချင်ဖုန်းတို့သည် အလွန်ပြင်းထန်သည့် ခါးသီးမှုတို့အား ခံစားခဲ့ရသည်။ ပြုပြင်ပြောင်းလဲရေး ကာလအတွင်း သူတို့ကြုံတွေ့ခဲ့ရသည့် နာကျင်မှုမျိုး မည်သူကမျှ တွေ့ကြုံချင်မိကြမည် မဟုတ်ပေ။ စစ်တပ်၏ အင်အားမှာ ၁၀ ပုံတွင် ၇ ပုံ၊ ၈ ပုံ ခန့် လျော့ကျသွားခဲ့ပြီး အများစုမှာ သူတို့၏ ရဲဘော်ရဲဘက် အနည်းငယ်မျှသာ ဇွန်ဘီအဖြစ်သို့ ပြောင်းလဲသွားကြမည် ဆိုလျှင်ပင် ကံကောင်းလှပြီဟု တွေးခဲ့ကြသည်။


ရုတ်တရက် ထွက်ပေါ်လာသည့် ညွှန်ကြားချက်များအရ အတွင်းပိုင်း ပဋိပက္ခများ ရပ်တန့်သွားပြီး ကျန်ရှိသည့် စစ်သားအရေအတွက်၏ ၁၀ ပုံ ၁ ပုံကိုသာ ကယ်တင်နိုင်ခဲ့သည်။ အခြားနေရာများမှာ စစ်သားများကိုမူ မသိရှိရသေးဘဲ အခြေအနေ ပိုကောင်းလိမ့်မည်ဟု မျှော်လင့်ကြသည်။ ဤသည်မှာ လက်ရှိအခြေအနေအပေါ် မူတည်ပြီး ခန့်မှန်းထားခြင်းပင်။


ဝူချင်ဖုန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် နာကျင်မှုများကို ခံစားမိပုံရသည့် နင်ဖုန်းနှင့် သွမ့်ဝမ်ယွီမှာ သက်ပြင်းချရုံသာ တတ်နိုင်လေသည်။


“ဒီနေရာမှာ အသက်ရှင်တဲ့သူတွေ အများကြီး ရှိတယ်ဆိုတော့ ခင်ဗျားတို့ ဒီနေရာကိုပဲ တိုက်ရိုက်ရွေးလိုက်တာ ပိုကောင်းလိမ့်မယ်..”


သွမ့်ဝမ်ယွီ မှတ်ချက်ပြုသည်။


သွမ့်ဝမ်ယွီသည် သူ၏ IQ မြင့်မားမှုကြောင့် ပြဿနာများ ဖြစ်ပေါ်လာတတ်နှင့်ဖြေရှင်းခြင်းက အကျင့်ဖြစ်နေပြီပင်။ ဝူချင်ဖုန်းအား လေဆိပ်အနီးရှိ နယ်မြေများ၏ အမျိုးမျိုးသော အားသာချက်များ၏ စိစစ်တွေ့ရှိချက်အား တိုက်ရိုက်ပေးလိုက်သည်။


“အဲဒီအပြင် ဒီနေရာမှာရှိတဲ့ ဇွန်ဘီအများစုကို ကျွန်တော်တို့ ရှင်းလင်းပြီးပြီဆိုတော့ တခြားနေရာတွေထက် ပိုကောင်းတာ အသေအချာပဲ.. ဒါက ခင်ဗျားတို့ကို ပြဿနာနည်းစေလိမ့်မယ်..”


ဝူချင်ဖုန်းသည် ထိုစကားများကြောင့် စိတ်လှုပ်ရှားသွားမိသည်။ သွမ့်ဝမ်ယွီနှင့် နင်ဖုန်းတို့အား ကြည့်လိုက်ပြီးနောက် ပြောလာသည်။


“ခင်ဗျားတို့က နောက်ပိုင်းကျ တကယ်ထွက်သွားကြမှာလား.. ကျုပ်တို့က အခု ခင်ဗျားတို့လို လူတွေကို လိုအပ်နေတာ..”


“ကျွန်တော်တို့က သူတို့ရောက်တဲ့အချိန်ထိ စောင့်နေမှာပါ.. ပြီးတာနဲ့ ထွက်သွားကြမှာ..”


သွမ့်ဝမ်ယွီသည် ပြုံးလျက်နှင့် ခိုင်မာပြတ်သားစွာ ပြောလေသည်။


ဝူချင်ဖုန်းသည် ဤနှစ်ဦး၏ ခိုင်မာသည့် ဆုံးဖြတ်ချက်အား မြင်သည့်အခါ ခေတ္တမျှ အံ့အားသင့်သွားပြီး လှိုက်လှိုက်လှဲလှဲ ပြုံးကာဖြင့် ဆုတောင်းပေးလိုက်သည်။


“အဲဒါဆိုရင်လည်း ခင်ဗျားတို့အတွက် မြန်ဆန်လုံခြုံတဲ့ ခရီးစဉ်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ..”


“ခင်ဗျားရဲ့ ဆုမွန်ကောင်းအတိုင်း ဖြစ်ပါစေ..”


***


သုံးရက်ကြာပြီးနောက် ရှန့်ချန်အနီး။


မိန်းလမ်းမကြီးအတိုင်း မောင်းနှင်လာပြီးနောက်တွင် ဝူယိတို့သည် ရှန့်ချန်သို့ ရောက်ရှိလာခဲ့ကြသည်။ ရက်ပေါင်းများစွာ အတူတကွ ခရီးသွားလာပြီးနောက်၌ ဝူယိ၏ နေရာလွတ်စွမ်းရည်အား ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ချေ၊


သူတို့အားလုံးမှာ အရူးများ မဟုတ်ပေ။ တရုတ်နှစ်သစ်ကူး ပြီးမြောက်ရုံသာ ရှိသေးသဖြင့် သက်ဆိုင်ရာမြို့များသို့ အပြေးအလွှားပြန်နေကြသော လူများစွာ ရှိရမည် ဖြစ်သော်လည်း အံ့ဩဖွယ်ရာ ကောင်းလှစွာပင် လမ်းမကြီးပေါ်တွင် အတားအဆီး တစ်ခုလေးမျှပင် ရှိမနေချေ။ သူတို့၏ ရိက္ခာများ ကုန်ဆုံးကာနီးတွင်လည်း လမ်းမအလယ်တွင် ရိက္ခာအသစ်များ ပေါ်လာတတ်သည်။ ထို ထူးထူးဆန်းဆန်း ဖြစ်ရပ်များ မည်သည်ကြောင့် ဖြစ်ပေါ်လာသည်ကို နားလည်သဘောပေါက်ရန် ဦးနှောက်စွမ်းရည် အနည်းငယ်သာ လိုအပ်သည်။


ရှဲ့ကျွင်းနင့် ညီငယ်လေးများသည် ရှောင်ဝူယိအား ရံဖန်ရံခါ ‘တာ့ကော’ ဟု ခေါ်ဆိုတတ်ကြသဖြင့် အဖြစ်အပျက်များအား ပိုမိုရှင်းရှင်းလင်းလင်း သိလာကြသည်။


ကောင်ငယ်လေး၏ မှော်ဆန်ကာ ချစ်စဖွယ်ကောင်းသည် စတော်ဘယ်ရီအိတ်ကလေးအား မြင်သည်နှင့် လူတိုင်းသည် အပြန်အလှန် နားလည်မှုဖြင့် မည်သည့်အရာကိုမှ မသိသကဲ့သို့ ဟန်ဆောင်ကြမည် ဖြစ်သည်။


ချစ်စဖွယ်ကောင်ငယ်လေးသည် ကြီးမားလှသည့် ရတနာထုပ်ကြီးအား သယ်ဆောင်ထားသည့်အတွက် လူတိုင်း၏ ကာကွယ်ပေးမှုကို လိုအပ်လေသည်။


ရှောင်ဝူယိမှာ ထိုအရာအား သတိမပြုမိဘဲ ကောင်းကောင်းမွန်မွန် ဖုံးကွယ်ထားနိုင်သည်ဟု ထင်နေဆဲဖြစ်သည်။ နေ့စဉ်နေ့တိုင်း လယ်ခရုလေးကဲ့သို့ အလုပ်ကြိုးစားလျက်ရှိပြီး လမ်းများကို တိတ်တဆိတ် ရှင်းလင်းကာ ရိက္ခာများအား လျှို့လျှို့ဝှက်ဝှက် ပုံထားလိုက်မည်ဖြစ်သည်။ ရှောင်ဝူယိသည် သူ၏ အမည်မှာ အနည်းငယ် ကိုးရိုးကားယားနိုင်သည်ဟု ခံစားနေမိသည်။ မည်သည်ကြောင့်ရယ်မသိဘဲ လူတိုင်းသည် ရှောင်ကျွင်း၏ ဦး‌ဆောင်မှုနောက်တွင် သူ့အား ‘သခင်ငယ်လေး’ ဟု စတင်ခေါ်ဆိုလာကြသည်။


‘တာ့ကော’ လို့ခေါ်တာက ပိုပြီးတော့ ခံ့ခံ့ညားညားရှိတာ အသိအသာကြီးနော်.. ဒယ်ဒီက ‘ဘော့စ်’ ဆိုတော့ ဝူယိလေးက ‘တာ့ကော’ ဖြစ်ရမှာပေါ့.. ဘယ်လောက် လိုက်ဖက်ညီသလဲနော်.. (ㅅ´ ˘ `)


“မင်းတို့ငါ့ကို တာ့ကောလို့ပဲ ခေါ်ရမယ်..”


ရှောင်ဝူယိသည် ပါးများဖောင်းကာဖြင့် ရှဲ့ကျွင်းတို့အား မပျော်ရွှင်စွာ ကြည့်လိုက်သည်။ သူ၏ ညီငယ်လေးများမှာ ပိုပိုပြီး နာခံမှုမရှိကြတော့ဟု ခံစားနေရသည်။


“နားလည်ပါပြီ သခင်လေး..”


ရှဲ့ကျွင်းသည် ပြုံးရုံသာ တုံ့ပြန်လိုက်ပြီးနောက် “သခင်လေး” ဟု အော်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကျန်လူများသည်လည်း သူ့အား ကြင်နာသည့်မျက်လုံးများဖြင့် ကြည့်လာကြသည်။


သူတို့၏ အတွေးများမှာ အလွန်ရိုးရှင်းလှသည်။ သန်မာထွားကျိုင်းသည့် ယောက်ျားကြီးများနှင့် လူငယ်၊ လူကြီးများ အားလုံးတို့သည် နုနယ်ကာ ချစ်ဖွယ်ကောင်းသည့် ကောင်ငယ်လေးအား ‘တာ့ကော’ ဟု ခေါ်ဆိုမည်ဆိုလျှင် ထိုကောင်လေးမှာ ထူးခြားသည့်အပြင် ရတနာတစ်ခုခု ရှိနေခြင်းဖြစ်မည်ဟု လွယ်လင့်တကူ ထုတ်ဖော်မိသွားမည်ကို စိုးရိမ်မိကြသည်။ ထို့ကြောင့် ‘သခင်လေး’ ဟု ခေါ်ဆိုခြင်းမှာ ပိုကောင်းပေမည်။


လူတိုင်း၏ ကြိုးစားအားထုတ်မှုကြောင့် ဟမ်းစတားလေးသည် တစ်ကိုယ်တည်း တတွတ်တွတ် ရေရွတ်နေရုံသာ တတ်နိုင်လေသည်။


“ဟွန့်.. ဒီဟမ်းစတားလေးက စိတ်ဆိုးနေတယ်နော်.. ‘တာ့ကော’ လို့ ခေါ်တာကပဲ ပြန်ချော့နိုင်မှာ..”


ဝူဝမ်ယွီသည် စိတ်တိုဒေါသထွက်နေပြီး အလွယ်ချစ်စဖွယ်ကောင်းလှသည့် ကောင်ငယ်လေးအား ကြည့်ကာ ပြုံးလိုက်သည်။ ထိုကောင်ငယ်လေး၏ ပါးဖောင်းဖောင်းအား လက်ဖြင့်တို့လိုက်ပြီး အလွန်နူးညံ့အိစက်နေသည်ကြောင့် အံ့အားသင့်နေမိသည်။


“ရှောင်ဝူယိက ဘာဖြစ်လို့ ချစ်စရာအကောင်းဆုံးလေး ဖြစ်နေရတာလဲ..”


ထို့နောက်တွင် ဟမ်းစတားလေးမှာ ဒေါသတကြီးဖြင့် နားထဲမှ အငွေ့များထွက်လာသည့်တိုင် ဖျစ်ညှစ်ခံနေရပြီး သူ၏မျက်နှာလေးကို ကာကွယ်နေရကာ အလွန်အမင်း မတရားသလို ခံစားနေရသည်။


“မင်းတို့အားလုံးက မကောင်းတဲ့လူတွေ.. ငါ့ဒယ်ဒီကို မင်းတို့အကြောင်း ပြောပစ်မှာ ကြည့်နေ..”


လူတိုင်းသည် ထိုမြင်ကွင်းအား ရယ်ကာမောကာဖြင့် ကြည့်နေကြပြီးနောက် ခရီးဆက်ကြလေသည်။


ရှဲ့ကျွင်းသည် သူ၏ တူအား ပေါ့ပါးစွာ လွှဲယမ်းလိုက်ပြီးနောက် အခြားလက်တစ်ဘက်ဖြင့် အမြုတေများအား ဆုပ်ကိုင်ထားသည်။ တစ်စက္ကန့်လေးမျှပင် အနားယူခြင်း မရှိပါချေ။ အကြောင်းမှာ ကာကွယ်ပေးရမည့်သူ ပိုမိုများပြားလာသည့်အတွက် သူနှင့် လျှိုတာ့ရှန်တို့သည် ခွန်အား၏ အရေးပါမှုကို ပိုမိုသတိပြုလာမိကြသည်။ ထို့ကြောင့် အားလပ်ချိန်များတွင် အဆက်မပြတ် လေ့ကျင့်နေကြခြင်း ဖြစ်သည်။


သို့သော်လည်း ထိုအချိန်မှာပင် ရှဲ့ကျွင်းသည် ရုတ်တရက် မသက်မသာ ခံစားလာမိသည်။ နာကျင်စွာ ညည်းညူလိုက်ပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားသည့်အတွက် လူအားလုံး ကြောက်လန့်သွားလေသည်။


ရှဲ့ကျွင်းသည် အမြုတေများမှ စွမ်းအင်အများအပြား စုပ်ယူမိပုံရပြီး ခန္ဓာကိုယ်မှာ ပေါက်ကွဲတော့မည့်အတိုင်း မသက်မသာ ခံစားနေရသည်။ ရှဲ့ကျွင်းသည် သူ၏နောက်ဆုံးအသိစိတ်ဖြင့် တူကြီးအား အဝေးသို့ ပစ်လွှတ်လိုက်ပြီး စွမ်းအင်များ ထွက်ပေါ်လာခြင်း မရှိစေရန် တားဆီးလိုက်သည်။


ရှဲ့ကျွင်း၏တူသည် ဆန့်ကျင်ဘက်တွင်ရှိသည့် တောင်တစ်လုံးသို့ တည့်တည့်မတ်မတ် ပျံသန်းသွားကာ ဖို့ရှန်ငလျင်ကဲ့သို့ တုန်ခါလာသည်။


တူသည် တောင်နံရံတွင် အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်စေသည်။ ဤနေရာတွင် ရှိနေသည့်လူများမှာ ဆွံ့အလျက်ရှိကာ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး အပ်ကျသံကိုပင် ကြားနိုင်လောက်သည်အထိ တိတ်ဆိတ်သွားလေသည်။


“ဟိုလီရှစ်.. ဒါက မိုးကြိုးနတ်ဘုရား (သောရ်) ရဲ့ တူလိုပဲဟ.. စောက်ရမ်းမိုက်တာပဲ..”


သို့သော်လည်း ရှဲ့ကျွင်းမှာ ထိုတူအား လွှင့်ပစ်ပြီးနောက်တွင် ခွန်အားကုန်ခမ်းသွားသလို ခံစားလိုက်ရသည်။ သို့တိုင်အောင် သူ၏ခန္ဓာကိုယ်ထဲတွင် အံ့ဩဖွယ်ကောင်းသည့် ခံစားချက်တစ်ခု စွဲကျန်နေဆဲဖြစ်သည်။


သူနှင့် သူ၏တူအကြားရှိ ဆက်နွယ်မှုမှာ ပိုမိုနက်ရှိုင်းကာ ချောချောမွေ့မွေ့ ဖြစ်လာသည်ဟု ခံစားနေမိသည်။


များမကြာမီမှာပင် လျှိုတာ့ရှန်သည်လည်း ရှဲ့ကျွင်းကဲ့သို့ပင် မသက်မသာဖြစ်စွာ ညည်းညူလာသည်။ သူတို့နှစ်ဦးကြားရှိ ပြောပြနိုင်စွမ်းမရှိသည့် သဘောတူညီချက်ကြောင့် စွမ်းရည်များမှာ တစ်ချိန်တည်းတွင် ပြောင်းလဲလာကြခြင်း ဖြစ်ပုံရသည်။


ကျန်လူများမှာ တောင်ပေါ်ရှိ နက်စောက်သည့် ချိုင့်ကြားကို ကြည့်လို့နေသည် ‘တောင်ခွင်းပုဆိန်’ ဟု ခေါ်မည်ဆိုလျှင်ပင် ချဲ့ကားခြင်း မဟုတ်တန်ရာ။


🐹🐹🐹🐹🐹