အပိုင်း၁၇
Viewers 6k

Chapter 17


🐹 အခန်း ၁၇ ဝူယိလေးက စွမ်းအင်နဲ့ ခွန်အားကို အသုံးပြုလိုက်တယ်


တောင်လှုပ်ခတ်မှု ပြင်းအားပမာဏကြောင့် လူတိုင်း တုန်လှုပ်သွားသော်လည်း တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားလာကြသည်။ စွမ်းရည်ပိုင်ရှင်များ သန်မာလာကြမည်ဆိုလျှင် ဇွန်ဘီများအား ရှင်းထုတ်ရန် ပိုမိုလွယ်ကူလာနိုင်မည် မဟုတ်ပါလော။


ထိုသို့ဆိုလျှင် ကမ္ဘာပျက်ကပ်ကြီး အဆုံးသတ်ရန် နီးကပ်လာသည်ဟု ဆိုလိုခြင်းများလား။


“အရမ်းမိုက်တာပဲ.. ဟောလိဝုဒ် စူပါဟီးရိုးကားတွေထဲက အတိုင်းပဲ..”


“အားးး အရမ်းမိုက်တယ်လို့.. မိုးကြိုးနတ်ဘုရားတူနဲ့ တောင်ခွင်းပုဆိန်..” ٩(^ᗜ^ )و ´-


ကျောင်းသားငယ်လေးများသည် အဝေးရှိ တောင်ပေါ်မှ အက်ကွဲရာကြီးများနှင့် ချိုင့်ကြောင်းကြီးများကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် စကားပြောနေကြသည်။ ကျောင်းသားလေးများသည် လေးစားအားကျမှု ပြည့်နေသည့် မျက်လုံး‌တောက်တောက်လေးများဖြင့် ကြည့်လို့နေသည်။


သို့သော်လည်း ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့၏ ခန္ဓာကိုယ်များမှာ ခွန်အားကုန်ခန်းလို့နေပြီ ဖြစ်သည့်အတွက် မြေပြင်ပေါ်တွင် ငါးဆားနယ်များကဲ့သို့ လဲလျောင်းကာဖြင့် ရှိနေသည်မှာ ရုပ်ရှင်ထဲမှ စူပါဟီးရိုးများဖြစ်ရန် ဝေးကွာလွန်းလှသည်။


“စကားပြောနေတာ ရပ်ပြီး.. ငါ့ကို လာကူပါဦး.. အာ့..”


ရှဲ့ကျွင်းသည် မြေပြင်ပေါ်တွင် လဲလျောင်းကာဖြင့် ညည်းညူလို့နေသည်။


“ငါ့ဆီကို အမြုတေ နှစ်ခုလောက်ပဲ ပစ်ပေးလိုက်.. စကားဆက်ပြောဖို့တောင် အားမရှိတော့ဘူး..”


ရှောင်ဝူယိသည် ရှဲ့ကျွင်း၏နံဘေးသို့ ဦးစွာရောက်လာခဲ့သည်။ ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်လက်ထဲသို့ အမြုတေအနည်းငယ် ထည့်ပြီးနောက်တွင် သူတို့၏ လက်မောင်းများကို သူ၏လက်ချောင်းလေးများဖြင့် ပုတ်လိုက်ပြီး မျက်လုံးများမှာလည်း တလက်လက် တောက်ပလို့နေသည်။


ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့မှာ သူတို့တာ့ကော၏ ဂရုစိုက်မှုကြောင့် စိတ်လှုပ်ရှားလို့နေသည်။ သို့သော်လည်း ကောင်ငယ်လေး၏ နောက်ဆက်တွဲစကားကြောင့် သူတို့နှစ်ဦး၏ စိတ်ခံစားချက်များမှာ အနောက်ဘက်ရေကန်ထဲသို့ လွှင့်ပစ်ခံလိုက်ရသည်။


“မြန်မြန်လေး ပြန်ကောင်းလာကြပြီး မင်းတို့ရဲ့ တူနဲ့ ပုဆိန်ကို ပြန်ယူကြ.. ငါအဲဒါတွေကို ထိမလို့.. ကြည့်ချင်လို့..” (˵ •‌ ᴗ •‌ ˵ ) ✧


ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန် : “……” လုံးဝ မချစ်တော့ဘူးနော်.. (ᓀ‸ᓂ)


အဆုံးတွင် တူနှင့် ပုဆိန်အား ပြန်ယူလိုက်ရသည်။ လက်နက်နှစ်ခုလုံးမှာ ယခင်အတိုင်း နက်မှောင်သည့် အသွင်အပြင်နှင့် ရှိနေဆဲဖြစ်သည်။ သို့သော်လည်း လူတိင်းမှာ ထိုလက်နက်နှစ်ခုအား ထိတွေ့ကိုင်တွယ်ချင်နေကြသည်။


ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်မှာ တွန်းထုတ်ခံလိုက်ရသည်။ ထိတွေ့ကိုင်တွယ်ခံနေရသည်မှာ သူတို့နှစ်ဦး မဟုတ်သော်လည်း မသက်မသာ ခံစားနေရဆဲဖြစ်သည်။


“ငါ့ကို အသားယူနေသလိုမျိုး ခံစားနေရတယ်..” 


ရှဲ့ကျွင်းသည် လေးနက်သည့်ဟန်ဖြင့် ပြောလသည်။


လျှိုတာ့ရှန်သည်လည်း တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး သူ၏ ဖြူဖျော့ဖျော့ မျက်နှာမှာ အနည်းငယ် တင်းမာလို့နေသည်။


လူတိုင်းသည် တူနှင့် ပုဆိန်အား ကိုင်မဖို့ရန် ကြိုးစားကြသော်လည်း သူတို့၏ စွမ်းအင်များ ကုန်ခမ်းတော့မည်ဟု ခံစားရသည့်တိုင် ထိုလက်နက်နှစ်ခုအား လှုပ်ယမ်းနိုင်စွမ်းပင် မရှိကြချေ။


ရှောင်ဝူယိသည်လည်း တူနှင့် ပုဆိန်ကို မ,ရန် ကြိုးစားသော်လည်း အဆုံးတွင် သူ၏မျက်နှာလေးသာ နီမြန်းလို့လာပြီး အလေးချိန်နှင့် ထုထည် လိုက်ဖက်မှုမရှိသည့် လက်နက်နှစ်ခုကိုသာ ထိတ်လန့်တကြား ကြည့်နေမိသည်။


“ရှောင်ကျွင်းကျွင်းနဲ့ တာ့ရှန်ရှန်က အရမ်းအစွမ်းထက်တာပဲရော်.. ဒီဟာတွေကို နေ့တိုင်းနေ့တိုင်း မပင်ပန်းပဲ ကိုင်ထားနိုင်ကြတယ်..”


ဟမ်းစတားလေးသည် အံ့ဩကြီးစွာဖြင့် ချီးကျူးလိုက်သည်။


ရူပဗေဒကျောင်းသားများမှာမူ သူတို့၏ သိပ္ပံနည်းကျကျ ရှာဖွေလေ့လာချင်သည့် စိတ်ဝိညာဉ်များအား ထိန်းချုပ်မထားနိုင်ကြတော့ချေ။ လက်နက်နှစ်ခုအား ဝိုင်းရံထားလိုက်ပြီးနောက် အလွန်အမင်း စိတ်ဝင်စားနေဟန်ဖြင့် မေးစေ့အား လက်နှင့်ပွတ်ကာ အပြန်ပြန်အလှန်လှန် ကြည့်လို့နေသည်။


“ဒီလက်နက်တွေရဲ့ အလေးချိန်က နိယာမတွေကို သိသိသာသာကြီး သွေဖယ်နေပြီး ပြုလုပ်တဲ့ ကုန်ကြမ်းသတ္တုကိုလည်း မသိနိုင်ဘူး..”


ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့သည် ထိုစကားများအား ကြားသည့်အခါတွင် ရုတ်တရက်ဆိုသလို တစ်ကိုယ်လုံး အေးစက်သွားကြပြီး သူတို့နှစ်ဦးကိုပါ ခွဲခြမ်းစိတ်ဖြာမှု ပြုကြတော့မည်သကဲ့သို့ ခံစားလာကြရသည်။ အလျင်စလို ပြေးသွားပြီးနောက် သူတို့၏ အသက်ကလေးများဖြစ်ကြသည့် တူနှင့် ပုဆိန်တို့အား ပြန်ယူလိုက်ကြသည်။ သူတို့၏ လက်ထဲတွင်မူ လက်နက်နှစ်ခုမှာ ပုံမှန်အလေးချိန်အတိုင်း ရှိနေပြီး သူတို့နှစ်ဦးသာ ကိုင်မ,ဖို့ရန် ဖြစ်နိုင်ပုံရသည်။


ကျောင်းအုပ်ယွမ်သည် လက်နက်နှစ်ခုအား ကြည့်ရင်း အတွေးများနေမိသည်။ ကျောင်းအုပ်ယွမ်မှာ အခြားသူများနှင့် မတူဘဲ သူတို့နှစ်ဦး၏ စွမ်းရည်များကိုပါ ထည့်သွင်းစဉ်းစားလို့နေသည်။


ဤကိစ္စနှင့် ပတ်သက်၍ ကျောင်းသားများသည်လည်း နက်နက်နဲနဲ စဉ်းစားတွေးတောလျက် ရှိကြသည်။ ဝတ္ထုဖတ်ခြင်းအား ကြိုက်နှစ်သက်ကြသည့် ကျောင်းသားများမှာ လေ၊ မိုး၊ မိုးကြိုးနှင့် လျှပ်စီးကဲ့သို့သော ဒြပ်စင်စွမ်းရည်များကို သိရှိကြသော်လည်း ဤလက်နက်နှစ်ခုတွင် ထိုကဲ့သို့သော အရာများ ပါဝင်နေခြင်းမရှိသည်မှာ သိသာလှသည်။


ပြောရမည်ဆိုလျှင် ဝူဝမ်ယွီ၏ ဒိုင်းကာမှာလည်း အလွန်ထူးခြားလှသည်။


ကျောင်းအုပ်ယွမ်သည် အချိန်တစ်ခုကြာအောင် စဉ်းစားပြီးသည့်နောက်တွင် ကျောင်းသားများ၏ ထင်မြင်ယူဆချက်များအား အနှစ်ချုပ်လိုက်သည်။


“ကျောင်းသားတွေရဲ့ အတွေးစိတ်ကူးတွေကို ‌ပေါင်းစပ်ကြည့်တော့ နောက်ဆုံးအဆင့်အနေနဲ့ ကောက်ချက်ချရမယ်ဆိုရင် သတ္တုစွမ်းရည်နဲ့ အာကာသစွမ်းရည်အောက်က စွမ်းရည်ခွဲတွေလို့ သတ်မှတ်နိုင်တယ်.. သူတို့ရဲ့ ပုံစံတွေကတော့ ပြောင်းလဲနိုင်ပြီး အမျိုးမျိုးဖြစ်နိုင်တယ်.. ရှဲ့ကျွင်းနဲ့ တာ့ရှန်က သတ္တုစွမ်းရည်ရဲ့ မျိုးကွဲတွေဖြစ်နိုင်ပြီး သူတို့ရဲ့ ထူးခြားတဲ့ လက်နက်တွေက ပိုပြီးရှင်းလင်းသွားစေတယ်.. ရှောင်ယွီကတော့ အာကာသစွမ်းရည်ရဲ့ မျိုးကွဲဖြစ်နိုင်ပြီး ခွဲထုတ်ခြင်းနဲ့ ခုခံခြင်းက ဒိုင်းကာတစ်ခုရဲ့ ပုံသဏ္ဌာန်ဖြစ်လာတာပဲ..”


အခြားသူများသည် ကျောင်းအုပ်ယွမ်၏ ပြောစကားကို နားထောင်ပြီးနောက် တွေးတောလျက်ရှိကြသည်။ ထိုသို့ အမျိုးအစား ခွဲခြားလိုက်သည့်အခါတွင် လက္ခဏာရပ်များမှာ လွန်စွာရှင်းလင်းလို့လာသည်။


“ကျောင်းအုပ်ကြီး ပြောသလိုသာ ဖြစ်မယ်ဆိုရင် တာ့ရှန်နဲ့ ကျွန်တော်က သတ္တုမျိုးကွဲတွေ ဖြစ်နိုင်တယ်.. ကျွန်တော်တို့ မေ့မျောတဲ့ အခြေအနေကနေ နိုးလာတော့ ဒီလက်နက်တွေက လက်ထဲမှာ ရုတ်တရက် ပေါ်လာခဲ့တာပဲ.. ဒါက ကျွန်တော်တို့ရဲ့ အလုပ်တွေနဲ့ ဆက်နွယ်နေတာမျိုး ဖြစ်နိုင်တယ်..”


ထိုသို့ပြောပြီးနောက် ရှဲ့ကျွင်းသည် ဝူဝမ်ယွီအား ကြည့်လိုက်သည်။


ဝူဝမ်ယွီသည်လည်း ရှက်ရွံ့မှာ အနည်းငယ်စွက်လျက် သူမ၏ အခြေအနေအား ပြောလာသည်။


“ကျွန်မက ကလေးဘဝကတည်းက အစ်ကိုနဲ့ အတူနေခဲ့ရတာ.. အဲဒီအချိန်ကတည်းက အစ်ကိုက ကျွန်မကို အမြဲတမ်း ကာကွယ်ပေးခဲ့တာကြောင့် ကျွန်မကလည်း သူ့ကို တစ်လှည့်ပြန်ပြီး ကာကွယ်ပေးချင်မိတယ်..”


ထိုစကားကို ကြားသည့်အခါတွင် ရှောင်ဝူယိလေးမှာ ဝမ်ချီချီ၏ ကြံ့ခိုင်ကာ မြင့်မားသည့် ပုံရိပ်အား မတွေးမိဘဲ မနေနိုင်တော့ချေ။ ထို့နောက်တွင် ဝူဝမ်ယွီ၏ နူးညံ့လှပသည့် ပုံရိပ်လေးအား ကြည့်လိုက်ပြီးနောက် ညီမလေးရှောင်ယွီမှ ဝမ်ချီချီအား ကာကွယ်ပေးနေသည့် မြင်ကွင်းကို စိတ်ကူးကြည့်ရန်မှာ အမှန်တကယ် ခက်ခဲလွန်းလှသည်။


...ဟင်း.. အတော်လေး လှနေမှာပဲ..


ရှောင်ဝူယိသည် ကြောက်မက်ဖွယ်ပုံရိပ်အား ပျောက်ကွယ်သွားစေရန် အလျင်အမြန် ခေါင်းခါလိုက်ပြီးနောက် မှန်ပျပျ ကောင်းကင်အား မော့ကြည့်လိုက်သည်။


သူတို့သည် အနားယူရန် သင့်တော်သည့် နေရာတစ်ခု ရှာဖွေရန် ဆုံးဖြတ်လိုက်ကြသည်။


မနက်ဖြန်ဆိုလျှင် သူတို့သည် ရှန့်ချန်မြို့တွင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ အိမ်ပြန်ရောက်တော့မည် ဟူသည့်အကြောင်းအား တွေးလိုက်သည့်အခါတွင် ရှန့်ချန်တွင် နေထိုင်ကြသည့် ကျောင်းသားများမှ စိတ်လှုပ်ရှားလာကြသည်။


ဟမ်းစတားလေးသည်လည်း သူ၏ ဒယ်ဒီနှင့် အနည်းငယ် ပိုနီးကပ်လာပြီဟု ခံစားမိလေသည်။


***


အခြားတစ်ဘက်တွင် နျဲ့ရှောင်၏ စွမ်းရည်များသည်လည်း အမြုတေများအား နေ့ညမပြတ် စုပ်ယူမှုကြောင့် တိုးမြှင့်လာခဲ့သည်။ အနည်းငယ်မျှပင် အစွမ်းထက်ခြင်းမရှိဟု ထင်ခဲ့သည့် စွမ်းရည်များမှာ ရှိသင့်ရှိထိုက်သည့် စွမ်းအားတစ်ရပ်အား ထုတ်ဖော်လာကြသည်။


ညဉ့်နက်နေပြီဖြစ်သော်လည်း လတ်တလောတွင် နျဲ့ရှောင်သည် နေ့အချိန်တွင် ဖြစ်ပေါ်ခဲ့သည့် တိုးတက်ပြောင်းလဲမှုများကို စစ်ဆေးဖို့ရန် အခန်းတစ်ခုအတွင်း၌ အခြားလူများစွာနှင့်အတူ ရှိနေလေသည်။


နျဲ့ရှောင် သူ၏စွမ်းရည်အား ထုတ်ဖော်လိုက်သည်။ အပြာဖျော့ရောင် လျှပ်စီးကြောင်းတစ်ခုသည် လေထုထဲတွင် ကခုန်လို့နေပြီး တဖျစ်ဖျစ် တဖြောက်ဖြောက် မြည်သံများ ပြုလုပ်လျက်ရှိသည်။ အလွန်မြင့်မားသည့် ဗို့အားကြောင့် လူများအား အနီးသို့မကပ်ရဲအောင် ဖြစ်စေသည်။ မူလက သေးငယ်ကာ ပျော့ပြောင်းသည့် လေပွေလှိုင်းမှာလည်း ပြင်းထန်သည့် လေဓားသွားတစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက် ခပ်သာသာ လှုပ်ရှားလိုက်ရုံနှင့်ပင် ပန်းအိုးတစ်လုံးမှာ နှစ်ခြမ်းကွဲသွားလေသည်။


ဝူဝမ်ချီနှင့် ရှောင်ယန်တို့သည် အဖျက်အဆီးစွမ်းရည်ကြောင့် အံ့အားသင့်လျက်ရှိကြသည်။ သူတို့နံဘေးရှိ ရှောင်မော့ယဲ့သည် လက်ခုပ်တီးကာဖြင့် ချီးကျူးလေသည်။ ထို့နောက်တွင် တစ်ယောက်ချင်းစီ စွမ်းရည်များ ထုတ်ဖော်ကြလေသည်။


ရှောင်ယန်၏ ရေခဲစွမ်းရည်မှာ သာမန်‌ရေခဲမှုန်အဆင့်မှ လက်ဖြင့် တစ်ချက်ထိရုံနှင့်ပင် အေးခဲသည့်အဆင့်သို့ ပြောင်းလဲသွားသည်။ သူမလေ့ကျင့်နေသည့် အရာဝတ္ထုများပေါ်ရှိ ထူထဲသည့် ရေခဲလွှာမှာ အကောင်းဆုံးသော သက်သေပြချက်ပင်ဖြစ်သည်။


ဝူဝမ်ချီ၏ စွမ်းရည်မှာ ပို၍ပင် ရိုးရှင်းကာ ကြမ်းတမ်းလေသည်။ မြေပြင်အား လက်နှင့်ထိလိုက်ရုံနှင်ပင် ခပ်ပြားပြား မြေကြီးမှ တစ်မီတာကျော်ခန့်မြင့်သည့် မြေသားဆူးချွန်များ ထွက်ပေါ်လာမည်ဖြစ်သည်။


“သန်မာတာကတော့ သန်မာတာပေါ့.. ဒါပေမဲ့လည်း ဇွန်ဘီတွေကို လက်နဲ့ထိဖို့ ငြင်းပါတယ်နော်..”


ရှောင်ရန်သည် သူမလက်ပေါ်ရှိ ရေခဲမှုန်အားကြည့်ပြီးနောက် မှုန်မှိုင်းနေသည့် မျက်နှာဖြင့် ပြောလာခြင်းဖြစ်ကာ သူမ၏ အမူအရာမှာ မလိုလားမှုအပြည့်နှင့်ဖြစ်သည်။


ဝူဝမ်ချီမှာ ပြုံးရုံသာ တတ်နိုင်သည်။


ရှောင်မော့ယဲ့သည်လည်း သူ၏စွမ်းရည်အား ထုတ်ပြလာသည်။ သူ၏ ဓားမြှောင်မှာ ပြောင်းလဲသွားပုံ မရသော်လည်း ဝူဝမ်ချီ၏ မြေသားဆူးချွန်များအား တို့ဟူးတုံးလေးများသဖွယ် လွယ်ကူစွာ ပိုင်းဖြတ်လိုက်သည်။ ပြီးနောက်တွင် ဝူဝမ်ချီအား ကြည့်ကာ အလွန်အေးဆေးသည့်ဟန်ဖြင့် ရှင်းပြလေသည်။


“နဂိုအခြေအနေအတိုင်း ပြန်ပြောင်းလိုက်တာမို့လို့ စိတ်မရှိပါနဲ့နော်..”


ဝူဝမ်ချီ : “……”


ရှောင်ယန်မှာ မရယ်ဘဲ မနေနိုင်တော့ဘဲ ရှောင်မော့ယဲ့၏ ဆံပင်အား ဖွလိုက်သည်။ သူမသည် မော့ယဲ့၏ လက်ထဲရှိ ဓားမြှောင်းအား ခေတ္တငှားယူပြီးနောက် သိလိုစိတ်အပြည့်ဖြင့် လေ့လာကြည့်လိုက်သည်။ ထို့နောက်တွင် ခပ်သာသာ ဝှေ့ယမ်းကြည့်ပြီး အံ့ဩဖို့ကောင်းစွာပင် ရေခဲဓားတစ်လက် ဖြစ်ပေါ်လာသည်။


ရှောင်မော့ယဲ့သည်လည်း ထိတ်လန့်မှုကြောင့် ပါးစပ်အဟောင်းသား ဖြစ်လို့နေသည်။


“အဲဒီလိုရတာလား..”


ဝူဝမ်ချီ မယုံကြည်နိုင်ချေ။ နျဲ့ရှောင်သည်လည်း နံ‌ဘေးမှနေ စိတ်ဝင်စားမှုအပြည့်ဖြင့် ကြည့်လို့နေသည်။ အရပ်မြင့်မြင့် အမျိုးသားနှစ်ဦးသည် မော့ယဲ့နှင့် ရှောင်ယန်အား ဝန်းရံလာသည်ကြောင့် မော့ယဲ့တို့မှာ ခြေနှစ်လှမ်းခန့် နောက်ဆုတ်လိုက်ရသည်.


သို့သော်လည်း ရှောင်ယန်အတွက် အလွန်လွယ်ကူသည့် အရာဖြစ်သော်လည်း အမျိုးသားနှစ်ဦးမှာမူ မော့ယဲ့၏လက်ထဲရှိ ဓားမြှောင်အား ကောက်ယူနိုင်ခြင်း မရှိချေ။ ထိုဓားမြှောင်ပေါ်တွင် တောင်ပေါင်းများစွာ ဖိထားသကဲ့သို့ ခံစားနေရပြီး တောင်လုံးပေါင်း တစ်ထောင်ခန့် စုပေါင်းထားသကဲ့သို့ လေးလံလှသည်။


“လုံးဝမရိုးသားတာပဲ..”


ဝူဝမ်ချီသည် အံ့အားသင့်စွာဖြင့် ရှောင်မော့ယဲ့၏ခေါင်းအား ခပ်ပြင်းပြင်းပွတ်လိုက်သည်။


“ပြောပါဦး.. မင်းက ဒီအရွယ်လေးနဲ့ အစ်မလှလှလေးတွေကို သဘောကျတာကြောင့် အရှုပ်တွေလုပ်နေတာလား..”


“မလုပ်ပါဘူး.. ကျွန်တော်ဘာမှ မလုပ်ထားဘူးရယ်..”


အပြစ်ကင်းသည့် ရှောင်မော့ယဲ့မှာ အထူးတလည် စွပ်စွဲခံလိုက်ရသည်။ မည်သည်ကြောင့် ထိုသို့ဖြစ်ရခြင်းအား သူမသိပေ။


နျဲ့ရှောင်သည်လည်း အတွေးနက်နေလေသည်။


ရှောင်ယန်သည်လည်း စိုးရိမ်ပူပန်လာသည်။ ရှောင်မော့ယဲ့အား ကြည့်လိုက်ပြီးနောက် စိတ်ဝင်တစား မေးလေသည်။


“မော့မော့.. အခုနက မမ က မော့မော့ကို အေးခဲသွားစေလား..”


“မအေးပါဘူး.. ကျွန်တော်က မော့ဟယ်မှာ ကြီးလာတာကြောင့် အအေးမကြောက်ဘူး..”


မော့ယဲ့သည် ခေါင်းယမ်းကာဖြင့် ရိုးသားစွာ ဖြေလေသည်။ အေးစက်စက်လေတစ်ချက် တိုက်ခတ်လာသည်ကိုသာ ခံစားမိပြီး မသက်မသာဖြစ်မှု အနည်းငယ်မျှပင် မရှိချေ။


ထိုစကားအား ကြားသည့်အခါ ရှောင်ယန်သည် မော့ယဲ့၏ ဓားမြှောင်အား နောက်တစ်ကြိမ် ကောက်ယူကာ ကြိုးစားကြည့်ပြန်သည်။ သူမ၏ စွမ်းရည်သည် ဓားမြှောင်လေးအား ထိခိုက်မှု မရှိစေပါ။


“အဲဒီတော့ မော့မော့ရေ.. နောက်ကျရင် မမနဲ့ အတူတူ ပူးပေါင်းပြီး တိုက်ကြတာပေါ့..”


“အွန်း..”


မော့ယဲ့ သေသေချာချာပင် စဉ်းစားခြင်းမရှိဘဲ ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။


မျက်စိတစ်မှိတ်အတွင်းမှာပင် ကျေနပ်ဖွယ်ရာ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့သည်။ နံဘေးတွင်ရှိသည့် ဝူဝမ်ချီမှာ အနည်းငယ် မသက်မသာဖြစ်နေပြီး မော့ယဲ့၏ ဦးခေါင်းအား ဖရဲသီးကဲ့သို့ကိုင်ကာ လက်နှစ်ဖက်ဖြင့် ဖျစ်ညှစ်လိုက်သည်။


“လုံးဝပဲနော်... ဒီကောင်စုတ်လေးကတော့..”


“အား.. မမရှောင်ယန်ရေ.. သားကိုအနိုင်ကျင့်နေတယ်လို့..”


“ပြဿနာမရှာစမ်းနဲ့..”


အမေ့လျော့ခံလေး နျဲ့ရှောင်သည် ဝုန်းဝုန်းဒိုင်းဒိုင်း ဆူညံနေကြသည့် ‘မိသားစု သုံးယောက်’ အား ဗလာမျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထို့နောက် အထီးကျန်စွာဖြင့် ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး အပြင်ဘက်ကောင်းကင်မှ လ အားကြည့်ကာဖြင့် သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။


ဒယ်ဒီလွမ်းနေပြီ ချုံပေါင်ပေါင်းရယ်..


#ညအချိန်.. ဖခင်ကြီးမှာ သူ၏သားလေးအား လွမ်းလို့နေသည်..#


***


ဟာပင်းလေဆိပ်။


တိတ်ဆိတ်သည့် အခန်းတစ်ခုထဲတွင် နင်ဖုန်းနှင့် သွမ့်ဝမ်ယွီသည်လည်း သူတို့၏ စွမ်းရည်များအား လေ့လာလို့နေသည်။ ထိုနှစ်ဦးသည် စာခိုးချရန် ပြင်ဆင်နေသည့် ကျောင်းသားများကဲ့သို့ အသံခပ်နိမ့်နိမ့်ဖြင့် ပြောဆိုနေကြခြင်းပင်။


နင်ဖုန်းသည် သူ၏လက်ဖဝါးအားဖြန့်ကာ မီးပန်းပွင့်တစ်ခုအား ထုတ်ဖော်လိုက်သည်။ မီးရောင်သည် မှောင်မည်းနေသည့် အခန်းတစ်ခုလုံးအား တစ်ခဏချင်းမှာပင် လင်းသွားစေပြီး လူနှစ်ဦး၏ မျက်နှာများကိုလည်း အနီရောင်သန်းလာစေသည်။


သွမ့်ဝမ်ယွီသည် ရေထိန်းသိမ်းမှုအား အမြင့်ဆုံးဖြစ်စေရန်အတွက် ပုလင်းလွတ်တစ်လုံးအားယူကာ ရေဖြည့်လိုက်သည်။


နင်ဖုန်းသည် ရေပုလင်းအား ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။


“ကျွန်တော့်ရဲ့ မီးစွမ်းရည်က ပိုကောင်းတယ်ဆိုတာ သေချာပေါက်ပဲ..”


ထိုသို့ပြောပြီး‌ နင်ဖုန်းသည် သူ၏လက်ဖဝါးပေါ်တွင် ကြီးမားသည့် မီးပန်းပွင့်တစ်ခု ဖြစ်တည်စေလိုက်သည်။ နင်ဖုန်းသည် မီးရောင်တောက်နေသည့်လက်အား မြင့်မြင့်မြှောက်ကာဖြင့် တစ်နေရာတည်းတွင် အကြိမ်ပေါင်းများစွာ လှည့်ပတ်နေပြီး မီးပန်းမှာလည်း လေထဲတွင် အရိပ်ထင်လျက်ရှိကာ လှပသည့် ဆေးရောင်ပန်းချီကားတစ်ချပ်ကဲ့သို့ပင်။


“နောက်များကျ ဒီဖိုးဖိုးက မီးကွင်းပစ်ပြီး ကော်လေးတွေ ကောင်မလေးတွေကို ညှို့ယူပစ်လိုက်မယ်..”


သွမ့်ဝမ်ယွီသည် ‘ဆံပင်သပ်ကာ မီးဖြင့် ကိုယ်ဟန်ပြနေသည့်’ နင်ရှောင်ဖုန်းအား လှောင်ပြောင်သရော်ဟန်ဖြင့် ကြည့်လိုက်သည်။ မျက်မှန်ပင့်ကာဖြင့် လက်ထဲရှိ ရေဘော်လုံးအား ပစ်လိုက်သည်။


“လူတိုင်းက မီးဘေးနဲ့ သူခိုးဒဏ်ကို ကြိုတင်ကာကွယ်သင့်တယ်..”


“ခေတ်မီ မီးသတ်သမားလေးနဲ့ မီးသတ်ဘူးက နေရာမှာ ရောက်နေပြီ..”


“နောက်ကျနေပြီ အိပ်ကြစို့..”


နင်ဖုန်း : “……” QAQ


ငါတကယ် မုန်းတယ်‌နော်..

***


ညနေခင်း လွန်ပြီးနောက်။


ရှောင်ဝူယိတို့သည့် နောက်တစ်နေ့ နံနက်စောစော ထကာဖြင့် ရှန့်ချန်သို့ ချက်ချင်းစတင်ထွက်ခွာကြသည်။ သူတို့၏ အရှိန်အား တိုးမြှင့်ပြီးနောက် ရှန့်ချန် ဆင်ခြေဖုံးရှိ ရွာလေးတစ်ခုသို့ မွန်းမတည့်မီ ရောက်ရှိလာကြပြီး လူနေထိုင်သည့်နယ်မြေသို့ လုံးလုံးလျားလျား ဝင်ရောက်လာကြသည်။


သူတို့အရှေ့ရှိ ရွာငယ်လေးအား ဖြတ်သန်းပြီးသည်နှင့် မြို့တွင်းသို့ လျင်မြန်စွာ ဝင်ရောက်နိုင်ပြီး ကျောင်းသားများအနေဖြင့် အိမ်သို့ပြန်ကာ မိသားစုများအား ရှာဖွေနိုင်မည်ဖြစ်သည်။


သူတို့ထင်မထားခဲ့သည်မှာ ရွာငယ်အတွင်းသို့ ခြေချသည့် အချိန်မှစကာ သူတို့၏ လှုပ်ရှားမှုတိုင်းအား သိရှိနေသူတစ်ဦး ရှိလို့နေသည်ကိုပင် ဖြစ်လေသည်။

 

ဒယ်ဒီနဲ့တွေ့ရန် *၉* ပိုင်းလို 


🐹🐹🐹🐹🐹