Chapter 125
လင်းရုဖေးလည်းသောက်ပြီးနောက် ယစ်ထွေလာသည်။ သူ၏သေရည်ခွက်ကိုတစ်ခွက်ပြီးတစ်ခွက်ဖြည့်နေပြီး အသိစိတ်ကလုံးဝပျောက်သွားတော့သည်။ သူ မရေမရာမှတ်မိသည့်တစ်ခုတည်းသောအရာမှာ ဟယ့်ရှဲ့ယိနှင့်ငြင်းခုန်စကားများနေခဲ့သည်ကိုပင်။ သူတို့၏စကားများခြင်း၏ရလဒ်ကမည်သို့အဆုံးသတ်သွားခဲ့မှန်းကိုမူ မသိတော့ပေ.....။
နောက်တနေ့နံနက်ခင်းတွင် လင်းရုဖေးသည်ခေါင်းနှစ်ခြမ်းကွဲတော့မည့်ဝေဒနာဖြင့် အိပ်ရာမှနိုးလာသည်။ သူ၏မျက်လုံးကိုခက်ခက်ခဲခဲဖွင့်ကာ ခေါင်းကိုအုပ်ကိုင်ထားပြီး အသံသေးသေးလေးဖြင့်ညည်းညူနေရှာ၏။
"အား...ခေါင်းကိုက်တယ် ခေါင်းကိုက်တယ်...အား...."
သူ၏ညည်းညူနေသံကကျယ်သွားပြီးနောက် သူ၏ခေါင်းကိုလူတစ်ယောက်ရဲ့ပေါင်ပေါ်သို့ ညင်သာစွာချခံလိုက်သည်ကိုခံစားလိုက်ရသည်။ သူ့ခေါင်းကိုအသာအယာနှိပ်ပေးနေပြီး မော့ကြည့်လိုက်သည့်အခါ ကုရွှမ်းတု၏ကူကယ်ရာမဲ့နေသောမျက်နှာကိုမြင်လိုက်ရသည်။
ကုရွှမ်းတုက သူ၏သင်ခန်းစာကိုစလေတော့သည်။
"မင်းခေါင်းကိုက်မယ်မှန်းသိလျက်နဲ့ ဘာလို့သောက်တာလဲ"
"ကျွန်တော်လည်းမသိဘူးလေ"
လင်းရုဖေးက ကြောင်ပျင်းလေးတစ်ကောင်လိုမျက်လုံးများကို စောင်းကြည့်လိုက်ပြီး "ပတ်ဝန်းကျင်ကအရမ်းပျော်စရာကောင်းနေတော့ ကျွန်တော်လည်းမသိလိုက်ခင် အများကြီးသောက်မိသွားတာပေါ့"
သူက ခဏတာခန့်စောင်းကြည့်နေပြီးနောက် တစ်ခုခုကမူမမှန်ဖြစ်နေသလိုခံစားရသည်။
"အ....ကျွန်တော့်ကိုယ်ကရောဘာလို့ဒီလောက်နာနေရတာလဲ"
ကုရွှမ်းတုကကူကယ်ရာမဲ့နေဟန်ဖြင့်မေးသည်။
"မမှတ်မိဘူးလား"
လင်းရုဖေးက အူကြောင်ကြားဖြင့်ပြန်မေးသည်။
"ဘာကိုမှတ်မိရမှာလဲ"
ကုရွှမ်းတု : "....."
လင်းရုဖေးသည် မှားယွင်းနေသောအခြေအနေကိုချက်ချင်းသတိထားမိပြီး: "ဘာတွေဖြစ်နေတာလဲ ကျွန်တော်အသောက်လွန်ပြီး ဘာမှမမှတ်မိတော့ဘူး"
ကုရွှမ်းတုက လင်းရုဖေးကိုချီလိုက်သည်။ လင်းရုဖေးပင်ဘာမှမလုပ်ရသေးခင် သူ့အားကုရွှမ်းတုကပြတင်းပေါက်အနားခေါ်သွားနှင့်ချေပြီ။
"မင်းကိုယ်တိုင်ကြည့်လိုက်"
လင်းရုဖေးသည် စိတ်ရှုပ်ထွေးခြင်းများဖြင့်အပြင်သို့လှမ်းကြည့်လိုက်သည်။ သူသည်အပြင်ဘက်မှအခြေအနေများကြောင့် တမဟုတ်ချင်းကြက်သေသေသွားရသည်။ အပြင်မှသစ်သားအိမ်များအားလုံး ပျက်စီးနေသည်၊ အင်မတန်ကြီးမားသောသားရိုင်းကောင်တစ်ကောင်ကဝင်မွှေသွားသလိုပင်။ ကံကောင်းထောက်မစွာဖြင့် အိမ်များကသစ်သားဖြင့်ဆောက်ထားသည်ဖြစ်ရာ ပျက်စီးသွားလျှင်ပင် အမြန်ပြန်ဆောက်၍ရသည်။ ထိုသို့ဆိုစေကာမူ ဘယ်လိုများယခုလိုဖြစ်ကုန်ရသနည်း။
လင်းရုဖေးကကုရွှမ်းတုကိုကြည့်သည်။
ကုရွှမ်းတုကပြန်မေးသည်။
"ဘာကိစ္စနဲ့ကိုယ့်ကိုကြည့်နေတာလဲ"
လင်းရုဖေးက ဖြစ်ပျက်နေသည်ကို အနည်းငယ်မျှသိသွားပြီး တံတွေးမြိုချမိသည်။
မျက်တောင်ခတ်ပြီး အသံတိုးတိုးလေးဖြင့် "အဲဒါကကျွန်တော်နဲ့ဘာမှမဆိုင်ဘူးမလား"
"မင်းဘယ်လိုထင်လို့လဲ"
ကုရွှမ်းတုက လင်းရုဖေးကိုအိပ်ရာပေါ်နောက်တစ်ခါပြန်သယ်လာပြီးစိတ်မချနိုင်သည့်အသံဖြင့် : "အဲဒါဆိုဘယ်သူနဲ့ဆိုင်တယ်ထင်လဲ"
လင်းရုဖေး : "တကယ်ကိုကျွန်တော်လုပ်လိုက်တာလား"
ကုရွှမ်းတုကပြန်ဖြေသည်။
"မင်းမဟုတ်ပါဘူး"
လင်းရုဖေးက စိတ်သက်သာရာရသွားသဖြင့် သက်ပြင်းချပြီးနောက် ကုရွှမ်းတုကဆက်ပြောလာသည်။
"မင်းနဲ့ဟယ့်ရှဲ့ယိတို့နှစ်ယောက် အတူလုပ်လိုက်ကြတာ"
လင်းရုဖေး : "....."
ကုရွှမ်းတုကလက်တွင်အားလေးအနည်းငယ်ပိုထည့်ပြီး လင်းရုဖေး၏နဖူးကိုဖိလိုက်ရာ လင်းရုဖေးကအောင့်သွားသောအသံဖြင့် : "ဖြည်းဖြည်း...အကြီးအကဲ...ဖြည်းဖြည်းလုပ်...."
ကုရွှမ်းတုက မကျေနပ်ဖြစ်သလို ကျစ် စုပ်သပ်သည်။
လင်းရုဖေးက သူနှင့်ဟယ့်ရှဲ့ယိတို့ရန်ဖြစ်၍ စိတ်ဆိုးနေသည်ဟုထင်သွားသည့်တိုင် ကုရွှမ်းတုတိုးတိုးတိတ်တိတ်ပြောလာသည်မှာ"မင်းမနေ့ကတိုက်ခိုက်တာဓားမသုံးဘူး"
လင်းရုဖေး : "....."
"မင်းသုံးတာ သစ်သားနက်ဒိုင်းအကာကြီးကွ"
ကုရွှမ်းတု၏အသံမှာအံကြိတ်ပြောနေသလိုပင်။
"ရှောင်ကျို့ မင်းမှာပြောစရာမရှိတော့ဘူးလား ကိုယ်မင်းကိုဒီလောက်အကြာကြီးဓားရေးသင်ပေးလာတာတောင်..."
လင်းရုဖေးသည်ရုတ်တရက်အားနည်းသွားသလိုခံစားရလိုက်ပြီးပြုံးပြလိုက်၏။
"ကျွန်တော်သောက်တာများသွားလို့မဟုတ်ဘူးလား"
ကုရွှမ်းတု : "သေရည်သောက်ပြီးရင် ကျွဲခိုးတာတောင်ပေါ်သေးတာပဲ"
လင်းရုဖေး : "....."
ကုရွှမ်းတု : "မင်းကုယွိနဲ့မတည့်တာများရှိနေတာလား"
ကုရွှမ်းတု၏စကားကြောင့် လင်းရုဖေးအိပ်ရာဘေးတွင်ထောင်ထားသည့်ဓားက တဂျစ်ဂျစ်အသံမြည်လာပြီး လင်းရုဖေးပင်၎င်းထံမှမကျေမနပ်ရေရွတ်နေသံကိုကြားနေရသည်။
လင်းရုဖေး၏မျက်လုံးများကဖျတ်ကနဲလက်သွားသည်။ သူကခေါင်းကိုအားမရှိသလိုကိုင်ပြီး သနားစရာကောင်းစွာပြောလိုက်သည်။
"အကြီးအကဲ ခေါင်းအရမ်းကိုက်တယ်"
ကုရွှမ်းတု : "......"
ကုရွှမ်းတုကအဆုံးတွင်သက်ပြင်းအရှည်ကြီးသာချလိုက်မိသည်။
"ထားလိုက်တော့ ထားလိုက်တော့"
ထို့နောက် သူကထိုအကြောင်းကိုဆက်ပြောပြီးလင်းရုဖေးအားစိတ်ညစ်အောင်လုပ်မနေတော့ဘဲ လင်းရုဖေး၏မျက်ခုံးစပ်ကြားကိုဖြည်းညှင်းစွာဆက်လက်နှိပ်ပေးနေသည်။
လင်းရုဖေးက စိတ်ထဲတွင်သာသက်ပြင်းဆွဲချလိုက်သည်။ သူကလေးဘဝတည်းကသုံးလာသည့် ဤနည်းလမ်းကအလွန်အသုံးဝင်သည်။ ခွန်းလွန်တောင်သို့ပြန်ရောက်သည့်အခါ သူဆေးမသောက်ချင်တော့လျှင် သူ၏အစေခံများနှင့်မွေးချင်းများကို၎င်းအတိုင်းဟန်ဆောင်ပြ၍ရနိုင်သည်။ ရောဂါပြင်းထန်လာလျှင် ဤနည်းလမ်းကအမှန်ကန်ဆုံးနှင့်အရာအရောက်ဆုံးပင်။
ကုရွှမ်းတုကလင်းရုဖေး၏မျက်ခုံးစပ်ကြားများကိုဆက်နှိပ်ပေးနေသည်။ လင်းရုဖေးကား နေထိုင်ကောင်းလွန်း၍အိပ်မောကျတော့မည့်အချိန် အပြင်မှဖူဟွား၏အသံပေါ်လာသည်။
"သခင်လေး နိုးနေပြီလား"
လင်းရုဖေး : "အင်း"
ဖူဟွားကစွပ်ပြုတ်တစ်ပန်းကန်နှင့်ဆေးများကိုယူ၍ အခန်းထဲဝင်လာသည်။
_____
"သခင်လေး ကျွန်မအမူးပြေစွပ်ပြုတ်လုပ်လာတယ်"
ဖူဟွားကအနည်းငယ်စိုးရိမ်နေသည်။
"ဘာလို့ဒီလောက်ဖြူရော်နေရတာလဲ ခေါင်းကိုက်နေတာလား"
လင်းရုဖေး : "အရမ်းကိုကိုက်တာ ငါညကဘယ်လိုပြန်ရောက်လာတာလဲ"
ဖူဟွားကတွန့်ဆုတ်ဆုတ်နှင့်ပြောသည်။
"အဲဒါက...သခင်လေးဝမ်ရှန့်ကပြန်လာပို့ပေးတာ"
သူမကချောင်းအသညဟန့်လိုက်ပြီး: "သခင်လေး မနေ့ညကဖြစ်သွားတာတွေမမှတ်မိဘူးလား"
လင်းရုဖေးကခေါင်းခါပြသည်။
ဖူဟွားကမနေ့ညကဖြစ်ခဲ့သမျှကို အကျဉ်းချုံးရှင်းပြသည်။ လင်းရုဖေးနှင့်ဟယ့်ရှဲ့ယိတို့အတူသောက်ကြပြီး နောက်ဆုံး၌ နှစ်ယောက်သားမှာဟယ့်ရှဲ့ယိနှင့်လင်းပျန့်ယွီတွင် ဘယ်သူအတော်ဆုံးလဲဟူ၍ငြင်းခုန်ကြတော့သည်။ သူတို့ငြင်းခုန်ပြီးနောက် ရန်ထဖြစ်ကြမည်ဟုမည်သူကများထင်ခဲ့ပါမည်နည်း။ ရန်ပွဲကပြင်းထန်လွန်း၍ ဟယ့်မိသားစုတစ်စုလုံးပျက်စီးသွားရသည်။ နှစ်ယောက်သားမှာတိုက်ခိုက်ကြပြီးနောက် မြေကြီးပေါ်တွင်လှဲကာအနားယူနေစဉ် ရုတ်တရက် ဟယ့်ရှဲ့ယိကလင်းရုဖေးကိုဘာမပြောဘာမပြောနှင့်တိုက်ခိုက်သည်။ သို့ထိတိုင် လင်းရုဖေးကိုပြန်မတိုက်နိုင်ပေ။ နောက်ဆုံး သူစိတ်ဆိုးလာပြီးဟယ်ရှဲ့ယိကိုဆွဲသွားကာ နောက်တစ်ခါရိုက်ပြန်သည်။
လင်းရုဖေးမှာအေးခဲနေပြီး ဖူဟွားပြောသမျှကိုပုံဖော်ကြည့်ရန်ပင်မတတ်နိုင်ပေ။
"နောက်ဆုံးကျတော့သခင်လေးပဲနိုင်သွားတယ်လေ အဲဒီဟယ့်ရှဲ့ယိက သခင်လေးရဲ့သစ်သားအကာနဲ့သတိလစ်သွားတဲ့အထိ အရိုက်ခံလိုက်ရတယ်"
လင်းရုဖေးကထိတ်ပျာပြီးမှင်သက်နေသည်ကိုတွေ့သည့်အခါ ဖူဟွားကအမြန်ပြောလိုက်သည်။
"ဒါပေမဲ့ သခင်လေးကလမ်းလျှောက်နိုင်သေးတယ်"
လင်းရုဖေးကား အချိန်အတန်ကြာအောင်တိတ်ဆိတ်သွားလေသည်။
"ဆိုတော့....သခင်လေး အမူးပြေစွပ်ပြုတ်အရင်သောက်ဦးမလား"
လင်းရုဖေးကတိုးတိုးသက်သာဖြေသည်။
"နည်းနည်းသောက်မယ် ခုနတည်းကအမူးနည်းနည်းပြေသွားပြီ"
ဖူဟွားကမရယ်ဘဲမနေနိုင်တော့ပေ။ လင်းရုဖေးကသောက်ပြီးမူးသည်မှာရှားသည်။ မူးသည်ဆိုလျှင်ပင် ရီဝေဝေဖြစ်ရုံခန့်သာရှိပြီး မနေ့ညကလိုကိစ္စကြီးမျိုး မလုပ်ဖူးပေ။ အချို့အကြောင်းအရင်းကြောင့် ဖူဟွားသည်အရက်သောက်ပြီးပြဿနာရှာသောလင်းရုဖေးအားတွေ့သည့်အခါ မိမိကလေးကနောက်ဆုံးတွင်မွှေတတ်သည့်အရွယ်ရောက်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် စိတ်အေးသွားသည့် အမေအိုကြီးလိုခံစားလိုက်ရသည်။
လင်းရုဖေးသည် သူ၏အစေခံမလေး၏အကြည့်များကထူးဆန်းနေသည်ကိုလုံးလုံးလျားလျားသတိမထားမိပေ။ သူ ဟယ့်မိသားစုကိုမည်သို့မည်ပုံတောင်းပန်ရပါမည်နည်းဟု တွေးနေခိုက် ရုတ်တရက်တံခါးခေါက်သံပေါ်လာသည်။
"သခင်လေး သခင်လေးနိုးပြီလား"
ယွီရွေ့ခေါင်းလေးကထွက်လာသည်။
"ဝမ်ရှန့်ရောက်နေတယ် သခင်လေးနဲ့တွေ့ချင်လို့တဲ့"
လင်းရုဖေး : "မနေ့ကသခင်လေးဟယ့် ဒီနေ့ကျ ဝမ်ရှန့်တောင်ဖြစ်နေပါပြီလား"
ယွီရွေ့၏ပါးပြင်လေးကရဲတွက်သွားပြီး "သခင်လေး ကျွန်မကိုမစပါနဲ့တော့"
လင်းရုဖေး : "ကောင်မလေးကကြီးလာတော့ ဒီသခင်လေးတောင်စလို့မရတော့ဘူးပဲ"
ယွီရွေ့က 'ဟမ့်' ဟူသောအသံဖြင့် လှည့်သွားပြီး ဟယ့်ဝမ်ရှန်းကိုအထဲဝင်ခိုင်းသည်။
ဟယ့်ဝမ်ရှန်းကအခန်းထဲဝင်လာပြီးနောက် ကုတင်ပေါ်မှလင်းရုဖေးအားတွေ့သည့်အခါ ပြုံးလျက်ဖြင့် သခင်လေးလင်းဟုနှုတ်ဆက်လာသည်။
"သခင်လေးဟယ့် တောင်းပန်ပါတယ်ဗျာ ကျွန်တော်သေရည်သောက်နိုင်စွမ်းက ဒီလောက်အထိဆိုး၀ါးလိမ့်မယ်မထင်ထားမိခဲ့ဘူး"
လင်းရုဖေးကရှက်ရှက်နှင့်သာဆက်ပြောရသည်။
"ကျွန်တော် သခင်လေးတို့အိမ်တွေကိုလည်းဖျက်ဆီးခဲ့မိသေးတယ်"
ထို့နောက် သူချောင်းဆိုးလိုက်သဖြင့် သူ့ရဲ့အရိုးပေါ်အရေတင်ပုခုံးလေးကမရပ်တမ်းလှုပ်ခါသွားတော့သည်။ နောက်စက္ကန့်တွင် ရုတ်တရက်သတိလစ်သွားတော့မည့်အတိုင်း။
ဟယ့်ဝမ်ရှန်းသာ မနေ့ညကလင်းရုဖေး၏ပုံစံကိုမြင်မတွေ့ခဲ့ဖူးပါလျှင် ထိုသူကအလွန်အားနည်းသည်ဟုထင်နိုင်လောက်ပေသည်။ သို့ရာတွင် မနေ့ညကအဖြစ်အပျက်ကြောင့် လင်းရုဖေးသည် မီးစာကုန်ဆီခန်ူတော့မည့် မီးအိမ်မဟုတ်ကြောင်း ကောင်းကောင်းသိလိုက်ရသည်။ သူက လင်းရုဖေးနှင့်ဟယ့်ရှဲ့ယိတို့နှစ်ယောက်တိုက်ခိုက်နေသည်ကို မျက်လုံးဖြင့်ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။လင်းရုဖေးသုံးသည့်လက်နက်နှင့်လှုပ်ရှားမှုများက ထူးဆန်းနေပြီး သူယခင်ကတစ်ခါမှမမြင်တွေ့ခဲ့ရဖူးချေ၊ သို့သော် ၎င်းထူးဆန်းနေသည့်လှုပ်ရှားမှုများက သူ၏အစ်ကိုကြီးကိုပြန်တိုက်ထုတ်နိုင်ပြီးနောက်ဆုံး ဟယ့်ရှဲ့ယိကို ဒိုင်းအကာအကွယ်နှင့်အတူ လွင့်သွားစေခဲ့သည်။ ဟယ့်ရှဲ့ယိအပေါ်အားအများကြီးသုံးမထားခဲ့သော်ငြား ထိုတစ်ချက်တည်းနှင့်ပင်ဟယ့်ဝမ်ရှန်းအားအံ့ဩစေနိုင်ခဲ့သည်။
"ကိုယ်ဟာကိုယ်အပြစ်တင်မနေပါနဲ့ သခင်လေးလင်း ဟယ့်မိသားစုမှာဒါမျိုးကဖြစ်နေကျပါပဲ"
ဟယ့်ဝမ်ရှန်းသည် လက်များကိုဝှေ့ယမ်းပြ၍ရယ်မောလျက်ဖြင့် "မဟုတ်တောင် သူတို့သစ်သားအိမ်က အမြဲပြန်ဆောက်နေရတာပဲကို သခင်လေးတို့သာဘိုးဘေးခန်းမကိုထိခိုက်အောင်မလုပ်မိသရွေ့ သခင်လေးလင်းဟယ့်မိသားစုတစ်စုလုံးကိုပြားချပ်သွားအောင်ဖျက်ဆီးပစ်လည်းကိစ္စမရှိဘူး"
သူတို့သည်စိတ်မဆိုးရုံတင်မက ဧည့်သည်ကိုပင်ပိုလေးစားလာပြီး ဟယ့်မိသားစုကသိုင်းပညာအပေါ် ရူးသွပ်စွာသဘောကျသူများဖြစ်ကြောင်းပြောလာသည်။
လင်းရုဖေးသည် ဟယ့်ဝမ်ရှန်းကသူ့အားအပြစ်မတင်သည်ကိုတွေ့ရမှစိတ်သက်သာရသွားသည်။ သူကရောက်သည့်ပထမဆုံးနေ့မှာပင် ပိုင်ရှင်၏အိမ်များကိုဖျက်ဆီးမိသည်။ ဟယ့်မိသားစုသာမဟုတ်ပါက နှင်ထုတ်ခံရသည်မှာကြာလောက်ပေပြီ။
"ခင်ဗျားအစ်ကိုဘယ်လိုနေသေးလဲ"
လင်းရုဖေးက ဖူဟွားပြောသည်ကိုပြန်သတိရသွားသည်။ သူတကယ် ဟယ့်ရှဲ့ယိကို သတိလစ်သွားသည်အထိ ရိုက်လိုက်မိပြီလား။
ဟယ့်ဝမ်ရှန့း : "အင်း...အခုဆိုရင်တော့သတိရလောက်ပါပြီ သခင်လေးလင်းသွားကြည့်ချင်လား"
"သွားကြည့်ကြမယ်"
လင်းရုဖေးကအမြန်ခေါင်းညိတ်ပြလိုက်၏။
ဟယ့်ဝမ်ရှန်း : "ကျွန်တော်ခေါ်သွားပေးမယ် သူအရင်ကတော့ သခင်လေးဘေးမှာနေတာ ဒါပေမဲ့ မနေ့ကသူ့အိမ်သူဖြိုလိုက်မိလို့ အဖေ့အိမ်မှာသွားနေနေရတယ်"
လင်းရုဖေးသည် ရိုးရိုးရှင်းရှင်းမျက်နှာသစ်၊ အဝတ်လဲပြီးနောက် ဟယ့်ဝမ်ရှန်းအနောက်မှ ဟယ့်ရှဲ့ယိနေသည့်နေရာကိုလိုက်သွားသည်၊ တံခါးအနားရောက်သည့်အခါ ဟယ့်ရှဲ့ယိမှာ ဧည့်ခန်းထဲမှ ကုတင်ပေါ်တွင်သနားစရာကောင်းစွာလှဲနေပြီး စိတ်မချမ်းသာစရာကောင်းစွာညည်းညူနေသည်။ လင်းရုဖေးနှင့်ယှဉ်လျှင် နှိပ်နယ်ပေးခြင်းနှင့် စွပ်ပြုတ်တို့က သူ့အတွက် စိတ်ကူးယဥ်မှုပမာ။ အင်မတန်ကိုစိတ်ဆင်းရဲစရာကောင်းလှသည်။ အိမ်ထဲတွင် အစေခံနှင့်မိသားစု၀င်များလည်းရှိပေမယ့် အားလုံးကသူ့အားလေပမာသဘောထားနေကြသည်။
ဟယ့်ဝမ်ရှန်းက လင်းရုဖေးအံ့ဩနေသည်ကိုသတိထားမိပြီး "ကျွန်တော့်အစ်ကိုက သောက်ရတာကြိုက်တယ်လေ သူကမူးပြီးပြန်လာနေကျဆိုတော့ မိသားစု၀င်တွေလည်းအဆန်းမဟုတ်တော့ဘူး"
ဟယ့်ရှဲ့ယိသည် သူတို့ဝင်လာသည်ကိုတွေ့သည်တွင် မူလကဆက်လှဲချင်နေသေးသော်ငြား ချက်ချင်းထထိုင်ပြီး လင်းရုဖေးအားလက်ယမ်းပြသည်။
သူက ရှက်ဝဲဝဲအသံဖြင့် "သခင်လေးလင်း ရောက်လာပြီလား ဝင်ခဲ့လေ ဝင်လာပြီးကစားလှည့်"
လင်းရုဖေး : "....."
ဘယ်လိုလုပ်ဒီလိုစကားမျိုးထွက်လာရတာလဲ!
ဟယ့်ရှဲ့ယိ : "အမလေး... ဘာလို့ဒီလောက်တောင်ခေါင်းကိုက်ရတာလဲ ငါသောက်တာများသွားတာလား ဒါပေမဲ့ အရင်ကလည်းသောက်ဖူးတာပဲကို...အမလေး...အား..."
ထိုသူကအရက်နာကျပြီးခေါင်းကိုက်သည်ဟုထင်နေပုံပင်၊ သို့သော် တကယ့်အစစ်အမှန်မှာ သူ၏နဖူးပေါ်မှရဲတွက်ပြီးသိသာလွန်းနေသော ဘုလုံးကြီးကြောင့်ပင်။
အစ၌ လင်းရုဖေးက၎င်းကိုမြင်ပြီးအပြစ်ရှိသလိုခံစားရသည်။ ဟယ့်ရှဲ့ယိ၏နွေးထွေးသောဖိတ်ခေါ်မှုကြောင့် ဖြည်းဖြည်းချင်းသွားပြီးအခြေအနေကိုမေးမြန်းလိုက်သည်။
ဟယ့်ရှဲ့ယိသည်သူ၏ခေါင်းကိုက်ဝေဒနာအကြောင်းဘာမှမသိသေးဘဲလင်းရုဖေး၏ပုခုံးကိုအားမရှိစွာပုတ်ကာ "သခင်လေးလင်း မင်းကတကယ်လျှိုထားတာပဲနော် ငါကမင်းဓားမကိုင်တတ်ဘူးထင်ခဲ့တာ မင်းရဲ့ဓားကဒီလောက်ထက်လိမ့်မယ်လို့ဘယ်သူကထင်ခဲ့မှာလဲ"
လင်းရုဖေးကအရှက်သည်းစွာဖြင့်တုံ့ပြန်လိုက်ရသည်။
"မြှောက်လွန်းနေပါပြီ"
ဟယ့်ရှဲ့ယိ : "ဘာလို့ဓားမသုံးတာလဲ"
လင်းရုဖေး : "....."
သူဘာမှမပြောသည်ကပင်ကောင်းဦးမည်၊ သို့ထိတိုင် ၎င်းစကားကိုဟလိုက်သည်နှင့် ဘေးမှကုရွှမ်းတုကသူ့အားမသာမယာမျက်နှာဖြင့်ကြည့်နေသည်ကိုခံစားမိလိုက်သည်။
လင်းရုဖေး : "ဒီတိုင်း...ကျွန်တော်အသောက်များထားလို့ဖြစ်မယ်"
"အို့"
ဟယ့်ရှဲ့ယိကခေါင်းညိတ်ပြီး သူကဒိုင်းအကာအကွယ်ကိုပင်သုံးနိုင်လျှင်ဓားသုံးနိုင်ပါကပို၍ပင်စွမ်းအားကြီးမည်ဟုယူဆနေသည်။
ကုရွှမ်းတု၏လျှပ်စီးများလက်နေသောမျက်လုံးကိုရှောင်တိမ်းပြီး လင်းရုဖေးကဘာမှမဆိုတော့သည့်အပြင် သူ၏အပြုံးမှာမူ လျော့ရဲလုနီးပါးပင်ဖြစ်သွားရလေ၏။
............
စာရေးသူမှာ ပြောစရာရှိတယ်~
ကုရွှမ်းတု : ဘာလို့ဓားမကိုင်တာလဲ!!!
လင်းရုဖေး : ဘာလို့လဲဆိုတော့......ကျွန်တော်ကဓားလူသားမဖြစ်ချင်လို့
ကုရွှမ်းတု : ......
__
Translated By IQ-Team.