Chapter 124
ယစ်မူးခြင်း
----------------------
တဖိတ်ဖိတ်တောက်ပနေသော ရွှေရောင်သစ်ကြားပင် ရွှီယွိအားကြည့်နေရင်း လင်းရုဖေးမှာမထိန်းနိုင်တော့ဘဲ ပြောလိုက်မိသည်။
"လှလိုက်တာ"
ဟယ့်ဝမ်ရှန်းကဂုဏ်ဆာနေသောအကြည့်များဖြင့် "ဒီလိုပါပဲ"
ထို့နောက် သူကဆက်လက်ရှင်းပြသည်။
"သာမန်လူတွေက ဒီရွှေရောင်သစ်ကြားသီးကို မခူးနိုင်ကြဘူး ဟယ့်မိသားစုရဲ့ကွန်ဖူးတတ်ထားတဲ့တပည့်တွေကလွဲရင် ဘယ်သူမှအခွင့်အရေးမရကြဘူး....ရွှီယွိသစ်ပင်ကရွေးချယ်တဲ့လူပဲ ရွှေရောင်သစ်ကြားသီးကိုခူးလို့ရတယ်"
လင်းရုဖေး : "အဲဒီနှစ်က ခင်ဗျားအစ်ကိုကသုံးလုံးခူးခဲ့တာပေါ့"
ဟယ့်ဝမ်ရှန်း : "ဟုတ်တယ် အပင်ပေါ်မှာသစ်ကြားသီးကသုံးလုံးပဲရှိတယ် ကျွန်တော့်အစ်ကိုကြီးက အရင်ဆုံးခူးတဲ့လူ ပြီးတော့ သုံးလုံးကိုတခါတည်းခူးခဲ့တာ ဒီကိစ္စကြောင့်ပဲ သူအမြဲအဖေ့ဆီကနေချီးကျူးခံနေရတာပေါ့"
ပြောနေစဉ်မှာပင် သူ၏မျက်လုံးများကအားရကျေနပ်စွာပြုံးနေလေသည်။
"သူကအခြားတပည့်တွေကိုလည်းအခွင့်အရေးပေးခဲ့တယ် သူတို့ဘယ်လောက်အသုံးမကျလဲဆိုတာသိအောင်လို့တဲ့"
လင်းရုဖေးကလည်း သူနှင့်အတူလိုက်ရယ်သည်။ ဟယ့်မိသားစုသည်ပွင့်လင်းပြီးကို့ရို့ကားယားဖြစ်နေမှုကိုဖုံးကွယ်ထားသောမိသားစုနှင့်မတူပါချေ။ အနှီဟယ့်ဝမ်ရှန်းက အလွန်စိတ်ဝင်စားစရာကောင်းပြီး ဟယ့်ရှဲ့ယိမှာ သူ့နည်းတူမဆိုးရွားလောက်ပေ။
လင်းရုဖေးနှင့်ဟယ့်ဝမ်ရှန်းတို့စကားပြောနေစဉ် ကုရွှမ်းတုကပေါ်လာပြီးခြံဝန်းထဲတွင်လျှောက်သွားနေသည်။ လင်းရုဖေးသည် ရုတ်တရက်ထိတ်လန့်သွားသည့်တိုင် စကားမဆိုဘဲ ရွှီယွိသစ်ပင်အနားသို့သာမသိမသာချဉ်းကပ်သွားသည့်သူ့ကိုကြည့်နေမိသည်။ ရွှီယွိသစ်ပင်သည် ထိုသူ၏တည်ရှိနေမှုကိုသိလိုက်သလို အရွက်နှင့်အကိုင်းအခက်များက စိတ်လှုပ်ရှားစွာဖြင့်လှုပ်ခါလာသည်။ ကုရွှမ်းတု၏ခြေလှမ်းများကရွှီယွိသစ်ပင်ရှေ့တွင်ရပ်သွားသည်။
သူကမာကျောသောပင်စည်အသားကို ဖွဖွခေါက်ကာ နှစ်ကြိမ်တိုင်သက်ပြင်းချ၍ : "မတွေ့ရတာကြာပြီပဲ"
ရွှီယွိသစ်ပင်က လေတိုက်လိုက်၍သစ်ရွက်များအကြမ်းပတမ်းလှုပ်ခါသွားပြီး တုံ့ပြန်သည်။
"ဘာဖြစ်တာလဲ"
ဟယ့်ဝမ်ရှန်းက ရွှီယွိသစ်ပင်၏ပုံစံကိုကြည့်ပြီး ကြက်သေသေနေသည်။ သည်တစ်ကြိမ်တွင် လေမတိုက်ပါဘဲ သစ်ပင်ကလေနီကြမ်းတိုက်ခံရသလိုလှုပ်ယမ်းနေသည်။
ကံကောင်းစွာဖြင့် ရွှီယွိသစ်ပင်၏ဆန်းကြယ်မှုက ကြာရှည်မခံလိုက်ပေ။ ကုရွှမ်းတုသည်၎င်း၏ လွန်ကျုးစွာတုံ့ပြန်မှုအားထိတ်လန့်သွားပြီးလှည့်ထွက်သွားသည်။ မသွားခင် ရွှီယွိသစ်ပင်မှကြွေကျလာသောအရွက်ကို ဖြည်းဖြည်းချင်းကောက်ပြီး လင်းရုဖေးအနားပြန်သွားသည်။ လူအများအပြားရှိနေ၍ လင််းရုဖေးသည်ကုရွှမ်းတုနှင့်စကားမပြောနိုင်ပေ။ တစ်ချက်ခန့်သာကြည့်ပြီးနောက် အခြားတနေရာကိုအကြည့်လွှဲလိုက်သည်။
ရွှီယွိသစ်ပင်က မူလအခြေအနေပြန်ရောက်သွားမှ ဟယ့်ဝမ်ရှန်းကသက်ပြင်းချသည်။ သူ၏နှာခေါင်းကိုကိုင်ကာ 'ရွှီယွိသစ်ပင်ကအဆင်မပြေဖြစ်နေတာလား ဘာလို့ဒီလောက်လှုပ်နေတာလဲ' ဟုဆို၏။
လင်းရုဖေးကပြန်မဖြေရဲပေ။ ဘေးတွင်သာရပ်နေပြီး မည်သည်ကိုမျှမသိဟန်ဆောင်နေသည်။ ကံကောင်းသည်မှာ ဟယ့်ဝမ်ရှန်းက၎င်းကိစ္စကိုဆက်မပြောတော့ပေ။
သူတို့ ဘိုးဘေးခန်းမတဝိုက်အားခပ်မြန်မြန်လျှောက်ကြည့်ပြီးနောက် ညစာစားရန်လည်းအချိန်ကျချေပြီ။
ဟယ့်ဝမ်ရှန်းသည် လင်းရုဖေးအား အနီးနားမှအတော်လေးကြီးမားသောသစ်သားအိမ်သို့ခေါ်သွားသည်။ အထဲမဝင်ရသေးခင် လင်းရုဖေးသည်သေရည်နံ့ပြင်းပြင်းကိုရလိုက်၏။
"သခင်လေးလင်း ကျွန်တော့်အဖေနဲ့အစ်ကိုက နှုတ်ကြမ်းကိုယ်ကြမ်းနိုင်တယ် သခင်လေးအဆင်မပြေရင် ဒီတိုင်းပွင့်ပွင့်လင်းလင်းပြောလိုက်လို့ရတယ်"
ဟယ့်ဝမ်ရှန်းက ယဉ်ယဉ်ကျေးကျေးလေးဆိုလာသည်။
"ကိုယ့်ကိုယ်ကိုအနစ်နာမခံပါနဲ့"
လင်းရုဖေးကခေါင်းညိတ်ပြလိုက်သည်။
"ပြီးတော့...."
ဟယ့်ဝမ်ရှန်းကခြောက်ကပ်ကပ်ဖြင့်ချောင်းဆိုးလိုက်ပြီး "သူတို့ကသောက်ရတာကြိုက်တယ် သူတို့ကိုယ်သူတို့လည်းမထိန်းနိုင်ကြဘူး"
လင်းရုဖေးမှာရုတ်တရက်ကြီးဝန်လေးသွားရသည်။
"ကျွန်တော်ကကျန်းမာရေးမကောင်းတော့ နည်းနည်းပဲသောက်နိုင်တယ်"
"ရပါတယ် ရပါတယ်"
ဟယ့်ဝမ်ရှန်းကလက်ခါပြသည်။
"သခင်လေးလင်းကရိုးသားတာပဲ ကိုယ့်ကိုယ်ကိုယ်အရမ်းလည်းဖိအားမပေးပါနဲ့ နေတတ်သလိုနေပါ ကျွန်တော်တို့နဲ့တန်းညှိနေစရာမလိုပါဘူး"
ပြောရင်းဆိုရင်း သူကတံခါးကိုဆွဲဖွင့်ပြီး အတွင်းမှမြင်ကွင်းကိုပြလိုက်သည်။
လင်းရုဖေးမှာ တစ်ချက်သာကြည့်ရသေးစဉ် အတွင်းမှအခြေအနေကြောင့်ထိတ်လန့်သွားရသည်။ သူသည်အရပ်မြင့်ပြီးကြမ်းတမ်းသည့် လူအချို့က စားပွဲဝိုင်းကြီးအားဝန်းပတ်ထိုင်နေပြီး စားပွဲအလယ်တွင်သိုးတစ်ကောင်ကိုကျပ်တိုက်ကင်နေသည်ကိုမြင်လိုက်ရသည်။ တစ်ယောက်စီ၏လက်ထဲတွင်မျက်နှာတစ်ခုစာရှိသော ခွက်ကြီးတစ်ခွက်စီကိုင်ထားပြီးခွက်ထဲတွင်အရက်များအပြည့်ဖြည့်ထားသည်။ အသံကြားသည့်အခါ ထိုလူများကလှည့်လာပြီး လင်းရုဖေးအားကြည့်လာကြသည်။ ထိုမျက်လုံးများကစစ်စစ်ပေါက်ပေါက်ဖြင့်စူးစမ်းနေသည့်ပုံရပြီး လင်းရုဖေးမှာဝံပုလွေများဝိုင်းကြည့်ခံနေရသလိုခံစားလိုက်ရသည်။
"သခင်လေးလင်း"
ဆံပင်များဖြူဖွေးနေသောလူထွားကြီးတစ်ယောက်က မတ်တပ်ရပ်လာပြီး လင်းရုဖေးအားစိတ်အားထက်သန်စွာခေါ်သည်။
"ဒီဘက်ကြွပါ ဒီဘက်..."
ဟယ့်ဝမ်ရှန်းကမိတ်ဆက်ပေးသည်။
"ကျွန်တော့်အဖေပါ"
ဟယ့်ဝမ်ရှန်း၏အဖေမှာ ဟယ့်ကျိထျန်းဖြစ်သည်။ အမည်အတိုင်းပင်ထိုသူသည် အလွန်မြင့်မားပြီး ဟယ့်မိသားစု၏ခေါင်းဆောင်ဖြစ်သည်။ ဟယ့်ရှဲ့ယိမှာသူ၏သားပင်။
လင်းရုဖေးသည် ဟယ့်ကျိထျန်းအားဦးညွတ်ကာ "ကျွန်တော် ခေါင်းဆောင်ဟယ့် အကြောင်းအများကြီးကြားဖူးထားပါတယ်"
"မလုပ်ပါနဲ့..အားနာမနေပါနဲ့ ငါကမင်းအဖေနဲ့ရင်းနှီးတယ် မင်းငါ့ကိုဦးလေးလို့ခေါ်လည်းရတယ် မင်းကဒီလောက်အဝေးကြီးကနေလာရတာ ငါတို့ဟယ့်မိသားစုအတွက် ဂုဏ်သရေရှိဧည့်သည်ပဲ အမြန်လာထိုင်"
သူက နံဘေးမှထိုင်ခုံကိုညွှန်ပြရင်းဆိုသည်။
လင်းရုဖေးက 'ဦးလေး' ဟုခေါ်ကာဖြည်းညှင်းစွာထိုင်ချလိုက်သည်။ ထိုင်လိုက်ပြီးသည့်နောက် သူသည်ဝိုင်အပြည့်ထည့်ထားသောအိုးများက စားပွဲအောက်ခြေရှိနေရာလွတ်တွင်အပြည့်ဖြည့်ထားသည်ကိုမြင်လိုက်ရသည်။ တစ်ခွက်တည်းနှင့်ပင် အထင်ကြီးစရာပမာဏဖြစ်နေချေပြီ။
ဟယ့်ကျိထျန်းကလည်းထိုင်လိုက်ပြီး စားပွဲမှလူများနှင့်မိတ်ဆက်ပေးသည်။ နောက်ဆုံး၌ လင်းရုဖေးသည်အမည်သာကြားဖူးထားသောဟယ့်ရှဲ့ယိကိုမြင်တွေ့လိုက်ရပေပြီ။ ဟယ့်ဝမ်ရှန်းကဲ့သို့ပင် ဟယ့်ရှဲ့ယိမှာလည်း ကြံ့ခိုင်သောကိုယ်ထည်ရှိပြီး သူ၏ပုံစံကလည်းအမည်နှင့်မတူကွဲပြားသည်။ အလွန်တရာကြမ်းတမ်းရုန့်ရင်းပြီး မျက်နှာမှာလည်းဒဏ်ရာဟောင်းများခပ်ရေးရေးရှိနေသည်။ ဖျတ်ကနဲကြည့်မိပါက အကြမ်းစားတောင်ပေါ်ဓားပြနှင့်ပင်တူနေသေးသည်။
ဟယ့်ဝမ်ရှန်းကလူများကို အနားကပ်မှအသိပေးခဲ့၍ဖြစ်မည်၊ စားပွဲမှလူများမှာ ကြင်နာတတ်သည့်အပြုံးကိုကြိုးစားပမ်းစားညှစ်ထုတ်နေရသည်။ မည်မျှပင်ကြည့်ပါစေ ထိုသူတို့၏မျက်နှာပေါ်မှအပြုံးက စိတ်ရင်းနှင့်မဟုတ်ချေ။ အရေပြားကပြုံးနေပြီး အသားပေါ်မှအပြုံးကိုကားမခံစားရချေ။ လင်းရုဖေးက သူတို့၏အပြုံးကိုသည်းညည်းခံပြီးအမြန်ပြောလိုက်ရသည်။
"ခင်ဗျားတို့ကသဘာဝတကျနဲ့သရုပ်ဆောင်နိုင်တာပဲ"
"မင်းတို့ကောင်တွေကြည့်စမ်းပါဦး"
ဟယ့်ကျိထျန်းက စားပွဲခုံကိုရိုက်ကာစိတ်ဆိုးမာန်ဆိုးဖြင့် "ငါမင်းတို့ကိုပြုံးပါ ကြင်ကြင်နာနာနေကြပါဆိုတာကို မင်းတို့ကိုယ်မင်းတို့ကြည့်စမ်းပါဦး ဘယ်လိုပြုံးရမလဲတောင်မသိကြတော့ဘူး မင်းတို့မျက်နှာတွေကကြွက်တက်နေတာလား...ဘာလား ဒီလိုပြုံးကြစမ်းပါ မသိရင် ပြုံးရတာက မီးရှို့သတ်ပစ်ခံရတော့မယ့်အတိုင်းပဲ"
စားပွဲဝိုင်းမှလူများက နာကျင်နေသောအမူအရာများပြလာသည်။
လင်းရုဖေးကရုတ်တရက်အော်ရယ်လိုက်မိသည်။ သူကအလွန်အမင်းယဉ်ကျေးနေစရာမလိုကြောင်းအမြန်ရှင်းပြလိုက်ရသည်။
လင်းရုဖေးကအမှန်တကယ် စိတ်ထဲမထားမှန်းသေချာမှ ဟယ့်ကျိထျန်းကစိတ်သက်သာသွားသလိုသက်ပြင်းချပြီး လက်များကိုဝှေ့ယမ်းလိုက်သည်။
"တူလေးလင်း ငါတို့အိမ်ကလူတွေကတော့ ခပ်ကြမ်းကြမ်းပဲ ဧည့်ဝတ်မကျေတာရှိရင် တည့်သာပြောလိုက်"
"ဟုတ်ပါပြီဗျာ"
လင်းရုဖေးကခေါင်းညိတ်ပြသည်။
ဟယ့်မိသားစုသည်တည့်တိုးဆန်ပြီး အနည်းငယ်သောလူမှုရေးသိတတ်မှုဖြင့် စားစရာများကိုဧည့်ခံသည်။ သူ၏အရှေ့မှ သိုးသားကင်သည်တကယ်ကိုအံ့အားသင့်ဖွယ်ကောင်းသည်။ သိုးကယခုလေးတင်မီးကင်ခံထားပုံရပြီး ဟင်းခတ်နံ့သာအမျိုးမျိုးဖြင့် အုပ်ထားသည်။ အသားထဲမှအဆီများ၏ရနံက အဆက်မပြတ်ထွက်လာနေသည်။ ဟယ့်ကျိထျန်းသည် ဓားကိုမြှောက်ကာသိုးတစ်ကောင်လုံးကို အပိုင်းပိုင်းဖြတ်တောက်ပစ်လိုက်သည်။ ထို့နောက် သူကအကောင်းဆုံးအပိုင်းများကိုမွှမ်းပြီး လင်းရုဖေး၏အရှေ့မှသံပန်းကန်ပြားထဲသို့ထည့်ပေးသည်။
လင်းရုဖေးက သူ၏ကိုယ်အပေါ်ပိုင်းထက်ပင်ကြီးနေသောအသားတုံးများကိုငေးကြည့်နေပြီး အူကြောင်ကြောင်လေးဖြင့်: "ဦးလေးဟယ့် အများကြီးပဲ ကျွန်တော်မကုန်နိုင်ဘူး"
"မကုန်ဘူးလား"
ဒီတစ်ခါ ဟယ့်ကျိထျန်းတစ်ယောက် အေးခဲသွားရပေပြီ။
"ငါတို့ကိုအားနာမနေနဲ့နော် အပြင်မှာကင်ထားတာတွေရှိသေးတယ်"
"ကျွန်တော်တကယ်မကုန်ဘူး"
လင်းရုဖေး၏ပုံမှန်စားသောက်နေသောပုံစံအရ အသားတုံးနှစ်လုတ်သုံးလုတ်နှင့်တင် ဗိုက်ပြည့်သွားနိုင်သည်။
ဟယ့်ကျိထျန်းကမယုံနိုင်ဖြစ်နေဆဲပင်။
"မင်းတကယ်မစားနိုင်ဘူးလား"
လင်းရုဖေး၏မျက်နှာမှာကူကယ်ရာမဲ့နေသည်။ "....တကယ်"
နောက်ဆုံး ဟယ့်ကျိထျန်းကယုံကြည်သွားသည်။ သူကအပိုင်းသေးလေးများကိုတုံးလိုက်စေကာမူ အချို့ကို လင်းရုဖေးပန်းကန်ထဲတွင်ချန်ထားခဲ့သေးသည်။ လင်းရုဖေးကပြောချင်သေးသော်ငြား နောက်ဆုံး၌မပြောတော့ပေ။ ဤတစ်ကြိမ်လည်း သူမစားနိုင်ကြောင်းပြောလိုက်လျှင် ဟယ့်မိသားစုကသူ့အားအလွတ်မပေးဘဲနေတော့မည်မှာသေချာပေါက်ပင်။
သိုးက ပေါင်တစ်ရာကျော်ခန့်အလေးချိန်ရှိမည်ထင်သည်။ လင်းရုဖေးအပါအဝင် စားပွဲတွင်လူခုနစ်ယောက်ရှိသည်။ ဟယ့်ကျိထျန်းကသိုးသားကိုအညီအမျှခွဲပေးပြီးနောက် လူအုပ်ကြီးကစတင်စားသောက်ကြသည်။ လင်းရုဖေးကတစ်တုံးယူစားကြည့်သည့်အခါ အရသာကအလွန်ကောင်းနေသည်။ သိုးသားအတုံးကြီးကကြီးသော်ငြား နူးညံ့ကာအရသာရှိသည်။ အပြင်ဘက်တွင်ကြွပ်ရွနေပြီး အတွင်းဘက်တွင်အချဉ်အရသာကစိမ့်ဝင်နေသည်။ အတွင်းဘက်ရှိအသားမှာအိစက်နေပြီးအထူးသဖြင့် အဆီများသည့်အပိုင်းပင်၊ ၎င်းကအခြားအပိုင်းများထက်ပိုမွှေးကြိုင်သည်။ လင်းရုဖေးက သူတို့အတိုင်းလက်ဖြင့်စားကြည့်သည့်တိုင် ကိုက်ရခက်နေသည်။ နောက်ဆုံးတွင် ဟယ့်ဝမ်ရှန်းကသူ့အားဓားလေးတစ်ချောင်းပေးခါမှသာ သူအသားများကိုဖြတ်တောက်စားနိုင်တော့၏။
_____
အသားစားပြီးနောက် သူတို့အားလုံးသေရည်သောက်ကြသည်။ ဟယ့်ကျိထျန်းက စားပွဲဝိုင်းရှိလူများကိုကြိုတင်သတိထားပေးထားလေရာ မည်သူမျှလင်းရုဖေးအား အတင်းမတိုက်ကြပေ၊ အားလုံး၏သရုပ်ဆောင်နိုင်စွမ်းကလည်း ပိရိလှသည်။ ဟယ့်ကျိထျန်းက လင်းရုဖေးအားခွန်းလွန်တောင်အကြောင်းမေးလိုက်၊ လင်းရုဖေးကဖြေလိုက်ဖြင့် လေထုအနေအထားကမဆိုးပေ။
သေရည်အသောက်များလာလေ၊ စားပွဲရှိလေထုကပိုကောင်းလာလေပင်။ အစတွင် ဟယ့်ကျိထျန်းသည် လင်းရုဖေးလိုမိသားစုကြီးမှလာသူက သူတို့မိသားစုကလူများဖြင့် စားသောက်နိုင်မည်မဟုတ်ဟုထင်ခဲ့မိသည်။ သို့သော် လင်းရုဖေးကမည်သို့မျှသဘောမထားသည့်အခါ သူ၏စိတ်မှာပေါ့ပါးလာရသည်။ လင်းရုဖေးကအသားကိုဝါးပြီး အရက်ခွက်ကိုယူကာတစ်ငုံသောက်ကြည့်သည်။ ချက်ချင်းပင် သွေးရောင်ဖျော့သောသူ၏မျက်နှာကနီမြန်းလာကာ ချောင်းဆိုးတော့သည်။ ၎င်းကလင်းရုဖေးသောက်ဖူးသမျှထဲတွင် အပြင်းဆုံးဖြစ်သည့်တိုင် အရသာမှာကောင်းမွန်၏။ နှစ်ချို့အရသာမျိုးဖြစ်ပြီး သောက်ပြီးသည်နှင့်လျှာပေါ်တွင်စွဲနေခဲ့ကာ သေရည်ကောင်းတစ်လတ်ပင်။
လင်းရုဖေးသည် ဤမျှပျော်စရာကောင်းသောစားသောက်ပွဲမျိုးကိုမကြုံဖူးသေးချေ။ ဟယ့်မိသားစုသည်ပျော်ပျော်ပါးပါးသောက်ကြပြီးနောက် အစပိုင်းကကဲ့သို့ထိန်းထိန်းသိမ်းသိမ်းမနေကြတော့ချေ။ အချို့က အသားများကိုဖြတ်နေသည်၊ အချို့ကစကားပြောနေပြီး အချို့ကညစ်ညမ်းဟာသများပြောကြသည်။ သို့သော် ပြောပြီးသည်နှင့် ဟယ့်ကျိထျန်းထံမှခေါင်းကိုအသံမြည်အောင်အရိုက်ခံရပြီး ပြူးကြည့်ခံရရှာသည်။ ထိုသူသည် အဖော်ဖြစ်သူ၏ မသနားသောအကြည့်ကိုမမြင်ခင်အထိ အရိုက်ခံရသည်ကိုစိတ်တိုနေသေးသည်။
ထို့နောက် ချက်ချင်းပင်အသိစိတ်ဝင်သွားရပြီး ရှက်ရွံ့စွာဆိုလေသည်။
"သခင်လေး စိတ်မရှိပါနဲ့ ကျွန်တော်တို့က ပေါက်ကရတွေပြောနေကြမလို့ပါ...."
လင်းရုဖေးကမရယ်ရမနေနိုင်ဖြစ်လာပြီး : "ရတယ် ရတယ် အစားအသောက်နဲ့လိင်ကိစ္စဆိုတာသဘာဝတရားကြီးရဲ့ အလိုတော်ပဲလေ"
အသားတစ်လုပ်၊ သေရည်တစ်ကျိုက်၊ သူ၏ရှေ့မှဤမြင်ကွင်းများကလင်းရုဖေးကို သိုင်းလောကရဲ့အစစ်အမှန်အတွေ့အကြုံကိုရစေသည်။ ပြောရလျှင် ဟယ့်မိသားစု၏ဤတက်ကြွသောလေထုကို သူအမှန်တကယ်နှစ်သက်ပေသည်။
သေရည်အိုးများက တစ်အိုးပြီးတစ်အိုးရောက်လာသည်။ စားပွဲဝိုင်းတွင်မူးယစ်ရီဝေမှုများက တဖြည်းဖြည်းပျံ့နှံ့လာပြီး လူတိုင်းကပိုမိုပွင့်လင်းလာသည်။ လင်းရုဖေးမှာ အနည်းငယ်သာသောက်ထားသည့်တိုင် သေရည်ဒဏ်မခံနိုင်သောကြောင့် အသိစိတ်ကဖြည်းဖြည်းချင်းလွတ်ချင်လာသည်။ လူတစ်ယောက်ကသူ၏ပုခုံးကိုဖက်ကာ လင်းပျန့်ယွီအကြောင်းကို အော်ကြီးဟစ်ကျယ်မေးနေသလိုပင်။ ခေါင်းလှည့်ကြည့်သည်တွင် ယင်းကဟယ့်ရှဲ့ယိဖြစ်နေလေသည်။
"ကျွန်တော့် အစ်ကိုလည်းအဆင်ပြေနေပါတယ် ဒီနှစ်သိုင်းပြိုင်ပွဲမှာပထမရသွားပြန်ပြီလေ"
ဟယ့်ရှဲ့ယိက စိတ်နာသလိုဆိုသည်။
"ငါမသွားလိုက်လို့ကွ ငါနောက်တစ်ခါသွားရင် အဲဒီနေရာက ငါ့အတွက်ဖြစ်သွားမှာ"
သူအသောက်များထား၍လားမသိ၊ လင်းရုဖေးသည်စကားပြောရာတွင်အိန္ဒြေမရတော့ပေ။
သူကခေါင်းကိုခါယမ်းကာငေးကြည့်ရင်း : "မဟုတ်ဘူး ခင်ဗျားကလုံးဝနံပါတ်တစ်ဖြစ်မှာမဟုတ်ဘူး ကျွန်တော့်ရဲ့ဒုတိယအစ်ကိုကသာ စွမ်းအားအကြီးဆုံးပဲ"
"မင်း...."
ဟယ့်ရှဲ့ယိကဆဲလိုက်ချင်သော်ငြား နောက်ဆုံးပြန်မြိုချလိုက်ရသည်။
"မပူနဲ့ လွန်ခဲ့တဲ့နှစ်တွေတုန်းက ငါ့ကွန်ဖူးကသိပ်မကောင်းလို့မင်းရဲ့အစ်ကိုကိုရှုံးခဲ့တာ အခု ငါကလွန်ခဲ့တဲ့နှစ်တွေကလိုမဟုတ်တော့ဘူး"
"ကျွန်တော့်ရဲ့ဒုတိယအစ်ကိုကလည်း အရင်နှစ်တွေကလိုမဟုတ်တော့ပါဘူးနော်"
မည်သို့များ လင်းရုဖေးကသူ၏အစ်ကိုကို သိက္ခာချနေခြင်းအားခံမည်နည်း။
"ခင်ဗျားမနိုင်နိုင်ဘူး...ဟမ့်"
"နိုင်တယ်"
"မနိုင်ဘူး"
"ငါကျိန်းသေနိုင်တယ်...."
"ခင်ဗျားလုံးဝမနိုင်ဘူး...."
နှစ်ယောက်လုံးသည် ကလေးများနှယ်ငြင်းခုံနေကြပြီး သူတို့ပိုစကားများလေလေ၊ အားပိုရလာလေလေပင်။ သူတို့ကအပြန်အလှန်နှုတ်လှန်ထိုးနေကြပြီး တပြိုင်တည်းဆိုသလိုသေရည်ပါ မော့လိုက်ကြသည်။ ဟယ့်ဝမ်ရှန်းကဝင်ဆွဲသော်ငြားဟယ့်ရှဲ့ယိထံမှအရိုက်ခံရပြီး လူကြီးများစကားပြောနေသည်ကိုကလေးများဝင်မပါသင့်ဟုဆိုကာမောင်းထုတ်ခံလိုက်ရသည်။ သေရည်အရှိန်ကလင်းရုဖေး၏ခေါင်းထဲအထိရောက်နေလေပြီ။
သူကမသဲမကွဲဖြင့်'ဟုတ်တယ် လူကြီးတွေကိစ္စ ဒီနေ့ပဲအမှန်နဲ့အမှားကိုခွဲခြားရမယ်' ဟုထောက်ခံလိုက်သည်။
အနှီမြင်ကွင်းကြောင့် ဟယ့်ဝမ်ရှန်းက ဝါးလုံးကွဲအော်ရယ်မိတော့သည်။ အစ၌သူသည် လင်းရုဖေးက ဤပတ်ဝန်းကျင်နှင့်အသားမကျနိုင်ဟုထင်ခဲ့မိသည်၊ သို့သော် သူကအခြားသူများထက်ပို၍ကောင်းစွာလက်ခံနိုင်ပြီး အရက်လေးအနည်းငယ်ဝင်သည်နှင့် ဟယ့်ရှဲ့ယိအားပုခုံးဖက်ပြီး 'အစ်ကို' ပင်ခေါ်နေချေပြီ။ သို့ထိတိုင် နှစ်ယောက်သားစကားပြောနေသည်က ကြမ််းတမ်းလာသည့်အခါ သူ၏မသိစိတ်အရစိုးရိမ်စပြုလာသည်။ သည့်အပြင် သူ၏အစ်ကိုကြီးဟယ့်ရှဲ့ယိ၏သေရည်သောက်နိုင်စွမ်းက လုံးဝမကောင်းပေ။