အပိုင်း ၁၂၃
Viewers 14k

Chapter 123



ရေနွေးအပူချိန် မတန်မဆမြင့်နေရန်မလိုအပ်ပေ။ အဆိုပါရေနွေးဖြည့်ထားသည့်ရေစည်ကို မကြာခင်အခန်းထဲသို့ယူလာကြသည်။ လင်းရုဖေးကခေါင်းငုံ့ကာ အတွင်းခံများချွတ်နေချိန်တွင် အပြင်မှကျယ်လောင်လှသည့်အသံကိုကြားလိုက်ရသည်။ တစ်ခုခုပျက်စီးသွားပုံရပြီး မြေကြီးကထိန်းမရအောင်တုန်ခါသွားလေသည်။

လင်းရုဖေးကမှင်သက်နေပြီးမှ သတိထားပြီးပြတင်းပေါက်အနားကပ်သွားလိုက်သည်။ သူကလိုက်ကာကို အပေါ်တင်ကြည့်လိုက်သည့်တိုင် အိမ်အပြင်တွင်ဖုန်လုံးကြီးသာမြင်နေရသည်။ အကြမ်းအရမ်းတိုက်ခိုက်သံများနှင့်နှစ်ဖက်အပြန်အလှန်ဆဲရေးနေသံများက ကောင်းကင်နှင့်ကမ္ဘာမြေတစ်ခွင် မကြားချင်မှတဆုံးပင်။ တစ်ခါတစ်ရံနီးလာပြီး တစ်ခါတစ်ရံဝေးကွာသွားသည်။ သို့သော် တစ်ခုချင်းစီတိုင်းတွင်ဆူညံသံများတွဲပါနေသည်။

"မေငိုး...ငါမင်းယောက်ဖကိုသေအောင်ရိုက်သတ်ပစ်မယ် မင်းအဘွား-င်ကိုပဲကုန်းလျက်နေလိုက်!"

မကြားဝံ့မနာသာဆဲရေးသံအတွဲလိုက်က ကောင်းကင်နှင့်ကမ္ဘာမြေကိုပင်တုန်လှုပ်သွားစေသည်။ ဓားများကထိခတ်သွားပြီးနောက် တချွင်ချွင်မြည်နေသည့်တိုင် နှစ်ဖက်စလုံးကစကားနှင့်တိုက်ခိုက်ရန်လည်းမမေ့ကြပါချေ။ လင်းရုဖေးပင် နားထောင်နေရင်းမလှုပ်မယှက်ဖြစ်နေသည်။ သူအများအပြားနားမလည်သည့်တိုင် မကောင်းသည့်စကားမှန်းတော့သိသည်။ ထို့အပြင် ဆဲသည့်စကားလုံးများက တစ်လုံးလေးပင်မထပ်လေရာ သူအင်မတန်မှပင်လေးစားမိသွားသည်။

"အထင်ကြီးလောက်စရာပဲ..."

လင်းရုဖေးကလေးစားနေပုံဖြင့်ဆိုသည်။

"ဟင်း...ဟုတ်ပါရဲ့...ကိုယ် သူတို့ကိုမတွေ့ရတာတောင်ကြာလှပြီ အခုထိဒီလိုဖြစ်နေကြတုန်းပဲ"

ထိုအချိန်မှာပင် ကုရွှမ်းတုကလင်းရုဖေးအနားတွင်ပေါ်လာသည်။ ဝမ်းနည်းနေသောမျက်နှာဖြင့် လင်းရုဖေးအားတစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ့မိသားစု၏သခင်ငယ်လေးရဲ့သောကရောက်နေသည့်ပုံကိုမြင်ပြီးနောက် တမဟုတ်ချင်းစိုးရိမ်သွားသည်။

"ရှောင်ကျို့ နားမထောင်နဲ့ မင်းနားတွေညစ်ပတ်ကုန်မယ်"

"အဲဒီလိုလား"

လင်းရုဖေးကအထူးအဆန်းဖြစ်နေပြီး ဤပုံစံဖြင့်ရန်ဖြစ်ခြင်းကအလွန်အမင်းစိတ်ဝင်စားစရာကောင်းသည်ဟုထင်သည်။ ရိုင်းစိုင်းသော်ငြားသိုင်းလောကတွင်သာတွေ့ရနိုင်မည့် သီးသန့်ဆန်သောခံစားချက်ပင်။

"ကျွန်တော်ဘယ်လိုဆဲရမလဲဆိုတာမသိသေးလို့ဖြစ်မယ်"

ကုရွှမ်းတု : "အဆဲစကားသင်ရတာဘာကောင်းတာရှိလို့လဲ"

လင်းရုဖေး : "အဲဒါဆို ကျွန်တော့်က အဆဲခံရရင်ရော"

ကုရွှမ်းတုကအံကြိတ်သည်။

"ဓားကိုဆွဲထုတ်ပြီး အဲဒီကောင်ခေါင်းကိုဖြတ်ပစ်လိုက်"

လင်းရုဖေးက တွေးကြည့်ပြီးနောက် ခေါင်းညိတ်သည်။

"မှန်တယ်"

သို့ထိတိုင်သူ၏အမူအရာထဲတွင်စိတ်မချနိုင်သေးသောအမူအရာမျိုးရှိနေသေး၏။ စိတ်ထဲတွင် သူသည်လွန်ခဲ့သောနှစ်ရာချီက ဟယ့်မိသားစု၏လူတစ်ယောက်ထံတွင် အဆဲစကားသင်ခဲ့ပုံနှင့် သူတို့နှင့်အကြိုက်ပြောခဲ့သည်ကိုပြန်သတိရသွားသည်။ တစ်ကြောင်းသင်ရုံဖြင့် သူ့ကိုခေါင်းကိုက်စေခဲ့သည်။ သမိုင်းကြောင်းကိုပြန်မလှန်နိုင်ပါချေ။ ကုရွှမ်းတုကစိတ်ထဲတွင်သာတိတ်တိတ်လေးမှတ်ထားလိုက်၏။

အပြင်ဘက်၌မူ သူတို့သည်ရန်ဖြစ်နေကြဆဲဖြစ်ကာ ခဏတဖြုတ်ခန့်ပင်ရပ်ကြမည့်ပုံမရ။ လင်းရုဖေးကဆက်ကြည့်နေချင်သေးသော်ငြားကုရွှမ်းတုကသူ့အားအတင်းရေချိုးခိုင်းနေသည်၊ 'မင်းအခုမှရေမချိုးရင်ရေတွေအေးသွားမယ် အေးသွားရင် မင်းလည်းအအေးလွယ်လွယ်မိသွားမယ်'

လင်းရုဖေးမှာလိုက်ကာကိုပြန်ချပြီး စိတ်မပါစွာဖြင့်ရေချိုးလိုက်ရသည်။ ထိုအချိန်အတွင်း ကုရွှမ်းတုသည်လင်းရုဖေးနှင့်စကားပြောပြီးအချိန်ဆွဲနေသည်။ လင်းရုဖေးရေချိုးအပြီးတွင် အပြင်မှရန်ပွဲလည်းပြီးသွားသည်။

လင်းရုဖေးက လိုက်ကာကို နောက်တစ်ကြိမ်ပြန် မ ကြည့်ပြီး ဟယ့်အိမ်တော်တွင်သစ်လုံးအိမ်များ များနေရသည့်အကြောင်းအရင်းကိုနားလည်သွားသည်။ သူသည် သိပ်မကြာခင်လေးတင်ကမှ သစ်လုံးအိမ်လေးများကိုစီရရီတွေ့လိုက်ရပြီး မျက်စိတစ်မှိတ်လေးတွင်ပင် ရန်ပွဲ၏နောက်ဆက်တွဲအနေဖြင့် အပျက်အစီးပုံကြီးအဖြစ်ပြောင်းလဲသွားသည်။ အနီးမှလူတိုင်းမှာလည်း ရန်ပွဲအားထူးဆန်းသည်ဟုမထင်ကြတော့ပုံပင်။ သူတို့ထံတွင် အလုပ်များရှိနေသေး၍ အကြည့်တစ်ချက်လေးပင်မစွန့်ကြဲကြပေ။ ယခုလေးတင်တိုက်ခိုက်ခဲ့ကြသည့်လူနှစ်ယောက်ကမူ ကြမ်းပေါ်တွင်ခြေပစ်လက်ပစ်ထိုင်နေကြသည်။ သူတို့၏ကိုယ်ကိုမလှုပ်ရှားကြတော့ဘဲ ပါးစပ်ကိုဖြဲကာတစ်ယောက်နှင့်တစ်ယောက်အကြင်နာမရှိ ပုတ်ခတ်နေကြသည်။ သည့်အပြင် မြေကြီးပေါ်မှကျောက်ခဲများကိုကောက်ကာအပြန်အလှန်ပေါက်နေကြသေးသည်။ ပုံစံအရ အသက်ကြီးပုံမရသေးဘဲ ဆယ်ကျော်သက်လေးများနှင့်တူသည်။ သို့သော် သူတို့တိုက်ခိုက်ပြီးစကားများကြပုံက အတော်လေးအတွေ့အကြုံရင့်နေပုံရပြီး ယခင်ကဘယ်နှကြိမ်ဖြစ်ခဲ့ဖူးပြီမှန်းမသိနိုင်ပေ။

ခဏအကြာတွင် အရပ်မြင့်မြင့်နှင့်အမျိုးသမီးတစ်ယောက်ပေါ်လာပြီးဆယ်ကျော်သက်လေးနှစ်ယောက်ကို နားမှကိုင်ကာဆွဲခေါ်သွားသည်။ နှစ်ယောက်လုံး၏ပါးစပ်မှလည်း ဆက်ပြီးဆဲဆိုနေကြဆဲပင်။ ယခု ဆယ်ကျော်သက်လေးနှစ်ယောက်မှာ အမျိုးသမီးနှစ်ယောက်၏လက်ထဲတွင်ကြက်နှစ်ကောင်နှယ်ခွပ်နေပြီး ပြန်လည်းမတိုက်ခိုက်ရဲကြချေ။

လင်းရုဖေးက အတော်လေးစိတ်ဝင်တစားဖြင့်ကြည့်နေမိသည်။

____

ကုရွှမ်းတုသည်ကား သက်ပြင်းအရှည်ကြီးချပြီး ခေါင်းကိုက်နေသည့်ပုံစံပင်။ အချိန်များပိုနေလျှင်ပင် ကောင်းသည့်အရာမဟုတ်။ ဤလူအိုကြီးမှာက လှပသောအမှတ်တရများ၏ဖုံးအုပ်ခံရပြီးနောက် ဟယ့်မိသားစု၏အားနည်းချက်များကိုမေ့နေမိသည်။

လင်းရုဖေးရေချိုးခန်းတွင်းမှ ထွက်လာသည့်အခါ ဖူဟွားနှင့်ယွီရွေ့တို့က ထိတ်လန့်နေသောမျက်နှာများဖြင့် ပြတင်းပေါက်ဘေးတွင်ထိုင်နေကြသည်။ သူမတို့လည်းအဆိုပါမြင်ကွင်းကြောင့် ထိတ်လန့်သွားခြင်းဖြစ်ကြောင်းသိသာသည်။ သူထွက်လာသည်ကိုမြင်သည့်အခါ သူမတို့မျက်လုံးများကိုပြန်ရွှေ့လိုက်ကြသည်။

ယွီရွေ့ကခပ်တိုးတိုးရေရွတ်၏။

"သူတို့ဘာကိုဆဲနေတာလဲ ကျွန်မတို့ကရောဘာလို့နားမလည်ရတာလဲ စကားလုံးတိုင်းကိုသိနေသလိုလိုနဲ့ အကုန်လုံးလည်းပေါင်းလိုက်ရော ဘာပြောချင်တာလဲကိုမသိတော့ဘူး"

ဖူဟွားကတည်တည်ငြိမ်ငြိမ်ဖြင့်သာဆိုသည်။

"စကားကောင်းမဟုတ်တာတော့သေချာတယ် ကလေးတွေသင်ဖို့မသင့်ဘူး"

ယွီရွေ့ : "ဟိတ်ဟန်တော့ရှိသလိုလိုပဲနော်"

ဖူဟွားကတိတ်ဆိတ်နေပြီးမှထောက်ခံသည့်သဘောဖြင့်ခေါင်းညိတ်သည်။

လူသုံးယောက်က ထိုအကြောင်းကိုအင်မတန်စိတ်ဝင်စားသွားကြပြီးစဆွေးနွေးကြသည်။ ဆွေးနွေးသည့်အရှိန်တက်လာချိန်၌ ဟယ့်ဝမ်ရှန်းကတံခါးဝတွင်ပေါ်လာသည်။

သို့သော် သူ့အမူအရာကအနည်းငယ်ထူးခြားနေပါ၏။

"ဘာတွေစကားကောင်းနေကြတာလဲ"

လင်းရုဖေးကပြုံးကာ : "အို့...သူတို့ပြောတာကိုပဲပြောနေတာပါ အဲဒါခင်ဗျားတို့ရဲ့ အရပ်စကားမဟုတ်လား အရမ်းရယ်ရတာပဲ"

ဟယ့်ဝမ်ရှန်းမှာ ကူကယ်ရာမဲ့စွာဖြင့် 'သခင်လေးလင်း ဗွေမယူပါနဲ့ဗျာ သူတို့ကအကျင့်ဖြစ်နေလို့ပါ' ဟုပြောရရှာသည်။

အတိတ်တွင် သူတို့အနောက်ပိုင်းနယ်စပ်၌နေခဲ့ရချိန်က အဆဲစကားလုံးများကိုထိုမျှမတရားမပြောကြသေးပေ။ သူတို့မြေပြန့်ရောက်လာချိန်တွင် ဒေသိယစကားအများအပြားကိုလေ့လာရသည်။ ထိုအခါမှ ဆဲဆိုခြင်းကလည်းအဆင့်တက်ကာပိုမိုများပြားလာသည်။ မိသားစုခေါင်းဆောင်ကထိန်းကွပ်ရန်ကြိုးစားစေကာမူ မအောင်မြင်ခဲ့ချေ။

လင်းရုဖေးကလက်ဝှေ့ယမ်းကာစိတ်မရှိကြောင်းပြလိုက်သည်။

ဟယ့်ဝမ်ရှန်း : "ကျွန်တော် အခုလေးတင် သခင်လေးလင်းအကြောင်းကို အဖေနဲ့အစ်ကိုကြီးတို့ကိုပြောပြလိုက်ပြီ သူတို့ကစောစောစီးစီးမပြောလို့ဆိုပြီးကျွန်တော့်ကိုတောင်အပြစ်တင်နေကြသေးတယ် ညကျရင် သခင်လေးအတွက် စားသောက်ပွဲကြီးနဲ့ဧည့်ခံပေးပါမယ်တဲ့"

"ကောင်းပြီလေ"

လင်းရုဖေးကခေါင်းညိတ်လိုက်သည်။

"ဒါဆို တတိယသခင်လေးကိုပဲအားကိုးရတော့မယ်"

ဟယ့်ဝမ်ရှန်း : "သခင်လေးကအားနာလွန်းနေပါပြီ"

ညနေခင်းအစောပိုင်းသာရှိသေး၍ လင်းရုဖေးတွင်လုပ်စရာထွေထူးမရှိသဖြင့် ဟယ့်ဝမ်ရှန်းကသူတို့အားနေရာတစ်ပတ်လိုက်ပြပေးသည်။ သို့ရာတွင် သူတို့ဟယ့်အိမ်တော်တပတ်လမ်းလျှောက်ရသည့်အခါ ပတ်ဝန်းကျင်နှင့်ဟန်မကျဖြစ်နေမိသည်။ လင်းရုဖေး လှည်းဖြင့်ဝင်လာချိန်က သိပ်မခံစားခဲ့ရသေးသော်ငြား အပြင်သို့လမ်းလျှောက်ထွက်လာမှ လူသန်ကြီးများကရှစ်ပေခန့်မြင့်နေကြသည်။ လင်းရုဖေးမှာဘီလူးကြီးများနေထိုင်ရာ ပိုင်နက်ထဲသို့ ရောက်လာသလိုခံစားလိုက်ရသည်။ အံ့ဩစရာအကောင်းဆုံးအချက်မှာအမျိုးသမီးများမှာလည်း အရပ်မပုကြခြင်းပင်။ အားလုံးကကြံ့ခိုင်ဖျတ်လတ်ပြီး လင်းရုဖေးနီးပါးအရပ်ရှည်ကြသည်။ ဟယ့်ဝမ်ရှန်းသည်လင်းရုဖေး၏အံ့အားသင့်နေသောမျက်လုံးများကိုတွေ့ရပြီးနောက် ပြုံးကာ၎င်းသည်ဟယ့်မိသားစု၏မျိုးရိုးအရ ဖြစ်လာသောခန္ဓာကိုယ်မျိုးဖြစ်ပြီးသူတို့လေ့ကျင့်ရသောကွန်ဖူးပညာနှင့် ဆက်နွယ်သည်ဟုရှင်းပြသည်၊ ၎င်းက ကလေးအရွယ်တည်းမှလေ့ကျင့်ထားလျှင်သာမန်လူများထက်အရပ်ပိုရှည်သည်ဟုဆိုသည်။ တိုက်ရိုက်တပည့်တိုင်းက ဟယ့်မိသားစု၏အိမ်တော်တွင်နေရ၍ လူတိုင်းနီးပါးကထိုကွန်ဖူးပညာကိုလေ့ကျင့်ထားသောကြောင့် ထိုသို့သောမြင်ကွင်းမျိုးမြင်ရခြင်းဖြစ်သည်ဟုဆိုသည်။

ယွီရွေ့သည်နားထောင်နေပြီနောက် အလွန်တရာသဘောကျနေသည်။ သူမက လောကတွင်ထိုသို့အားပြင်းသောကွန်ဖူးပညာရှိနေရသည်ကိုမယုံနိုင်သလိုရေရွတ်နေသည်။ သူမသည်ဆယ့်ငါးနှစ်ရှိနေပြီဖြစ်ပေမယ့် အရမ်းကြီးလည်းမထွားပေ...။

ဟယ့်ဝမ်ရှန်းက ၎င်းကိုကြားရသည့်အခါ သူ၏နှုတ်ခမ်းများကချိတ်သဏ္ဍာန်တွန့်ကွေးသွားသည်။ သူကယွီရွေ့၏ခေါင်းကိုသာသာလေးဖိကာ ယွီရွေ့၏စိတ်ရှုပ်ထွေးနေသောအကြည့်ကိုစောင့်ကြည့်နေပြီးနောက် အလေးအနက်ပြောလာသည်။

"မင်းသင်ချင်ရင် ငါမင်းကိုသင်ပေးလို့ရပါတယ်"

ယွီရွေ့ကအံ့ဩသွားသည်။

"တကယ်လား ဒါပေမဲ့ကျွန်မကဟယ့်မိသားစုဝင် မဟုတ်ဘူးလေ..."

ဟယ့်ဝမ်ရှန်း : "ရပါတယ် အဲဒါက ကွန်ဖူးရဲ့အခြေခံအကွက်လေးတွေလောက်ပါပဲ ငါစိုးရိမ်တာက မင်းကဆယ့်ငါးနှစ်ရှိပြီဆိုတော့ မထိရောက်တော့မှာကိုပဲ"

ယွီရွေ့ကသူမလက်ကိုသုံးကာ ခေါင်းထိပ်နှင့်တိုင်းတာကြည့်သည့်အခါ သူမက ဟယ့်ဝမ်ရှန်း၏ရင်ဘတ်မီရန်ခြေဖျားထောက်မှရမည်ကိုသိလိုက်သည်။ နှိုင်းယှဉ်ကြည့်ပြီးနောက် ရုတ်တရက် သူမစိတ်ဓာတ်ကျသွားသည်။

"ဘာလို့ ကျွန်မကဒီလောက်ပုရတာလဲ"

ဖူဟွားကရယ်သည်။

"နင့်ကိုအစောရွေးစားဖို့ဘယ်သူပြောလို့လဲ နင်ကသခင်လေးထက်တောင် အစားရွေးသေးတယ်"

ယွီရွေ့ : "ဒါပေမဲ့...ဒါပေမဲ့...."

လင်းရုဖေးကသူမ၏စိတ်ညစ်နေသောအကြည့်ကိုသတိထားမိပြီးသူမပါးလေးကိုလှမ်းညှစ်လိုက်သည်။

"ဟုတ်ပါပြီ...နောက်ကျရင်ဖူဟွားကို အရိုးစွပ်ပြုတ်များများလုပ်ခိုင်းမယ် ဆီများမှာမစိုးရိမ်နေဘဲ ပိုသောက်ရမယ်နော်"

စကားပြောနေရင်း လင်းရုဖေးက ဟယ့်အိမ်တော်အလယ်မှ အထူးအဆောက်အအုံကိုမြင်လိုက်သည်။ အဆိုပါအဆောက်အအုံက ဘေးမှသစ်သားအိမ်လေးများနှင့်နှိုင်းယှဉ်လျှင် သိပ်အံ၀င်ဂွင်ကျဖြစ်မနေပေ။ ၎င်းကအုတ်များနှင့်ဆောက်လုပ်ထားပြီး ဗိမာန်တစ်ခုနှင့်ပိုတူနေသည်။ ဗိမာန်အနားမှ သံချပ်ကာဝတ်အစောင့်များ ထူထပ်စွာရှိနေခြင်းကအနီးနားမှလေထုနှင့်အလွန်တရာကွာခြားသည်။

"အဲဒါကဟယ့်မိသားစုရဲ့ ဘိုးဘေးခန်းမလေ"

ဟယ့်ဝမ်ရှန်းကလင်းရုဖေးအားရှင်းပြသည်။

"ဟယ့်မိသားစုရဲ့ ရွှေရောင်သစ်ကြားပင်ကဘိုးဘေးခန်းမထဲမှာစိုက်ထားတာ ဘာမှလုပ်စရာလည်းမရှိတော့ သခင်လေးလင်းအထဲဝင်ကြည့်ချင်လား"

လင်းရုဖေး : "ရပါ့မလား မသင့်တော်ဘူးမလား"

ဟယ့်ဝမ်ရှန်းရှင်းပြ၍သာ ရွှေရောင်သစ်ကြားပင်က ဟယ့်မိသားစုထဲတွင်ရှိနေကြောင်းသိခဲ့ရသည်။ သစ်ကြားပင်ကမည်သည့်ပုံစံရှိမှန်းသိချင်စိတ်ဖြစ်မိစေကာမူ တန်ဖိုးကြီးရှေးဟောင်းရတနာတစ်ခုကိုသွားကြည့်သည်ကလည်း မသင့်တော်ဟုခံစားနေရသည်။

"ရပါတယ်"

ဟယ့်ဝမ်ရှန်းသည် ဖြည်းဖြည်းချင်းမေးကိုမြှောက်ကာ "ဟိုးအရင်အချိန်တည်းကသစ်ကြားပင်ကိုဟယ့်မိသားစုလက်ထဲကယူသွားမယ့်သူမမွေးသေးဘူးလေ ပြီးတော့သခင်လေးလင်းကလည်းဟယ့်မိသားစုရဲ့ဧည်သည်ပဲဟာ ဘာပဲဖြစ်ဖြစ် အဲဒီသစ်ကြားပင်ကိုမြင်ဖူးသွားတာပေါ့"

သူကပေါ့ပေါ့ပါးပါးပြောနေသည့်တိုင် သူ့တွင် ပြင်းပြသောယုံကြည်မှုများကိုသိုဝှက်ထားသည်။ လင်းရုဖေးက ယင်းကိုရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ ဟယ့်မိသားစု၏မျိုးဆက်များကကျင့်ကြံဆင့်အဋ္ဌမနေရာမှ ဟယ့်ရှဲ့ယိအားမွေးထုတ်နိုင်ခဲ့တည်းက အမည်ကျော်ကြားလာခဲ့သည်။ သူတို့မိသားစုနှင့်ရှုပ်ရဲသည့်လူ များများစားစားရှိမည်မထင်ပေ။

သူတို့ ဘိုးဘေးခန်းမတံခါးဝသို့ရောက်သည့်အခါ အစောင့်များကဟယ့်ဝမ်ရှန်းအားမြင်တွေ့ပြီးနောက် အထဲဘက်သို့တိုက်ရိုက်ဝင်ခွင့်ပေးလိုက်ကြသည်။

ခန်းမအတွင်းဝင်ပြီးနောက် လင်းရုဖေးသည် ဟယ့်မိသားစု၏ကမ္ဗည်းတိုင်များ အစီအရီစိုက်ထားသည်ကိုမြင်ရပြီး အမွှေးနံ့သာများကိုဂရုတစိုက်ထွန်းညှိထားသည်။ ဟယ့်ဝမ်ရှန်းသည်လင်းရုဖေးအားခဏစောင့်ခိုင်းပြီး သူကိုယ်တိုင် အမွှေးတိုင်သုံးတိုင်ကိုမီးညှိကာဘိုးဘေးများကိုပူဇော်သည်။ ထို့နောက် သူကမတ်တပ်ရပ်ပြီး ၎င်းကသူတို့၏စည်းမျဉ်းဖြစ်ကြောင်းရှင်းပြ၏။ သူတို့သာရွှေရောင်သစ်ကြားပင်အားတွေ့လိုလျှင် ဘိုးဘေးများကိုအရင်ပူဇော်ပသရမည်ဖြစ်ပြီး ကာကွယ်ပေးသည့်အတွက်ကျေးဇူးတင်ကြောင်းဆုတောင်းပေးရသည်။

ပူဇော်ပြီးနောက် ဟယ့်ဝမ်ရှန်းသည်လင်းရုဖေးအား ဘိုးဘေးခန်းမ၏အနောက်ဘက်ခြံဝန်းတွင်းသို့ခေါ်သွားပြီး ရွှေရောင်သစ်ကြားသီးအပင်ပေါက်နေသည့်နေရာကိုပြသည်။

ဟယ့်ဝမ်ရှန်းအနောက်လိုက်လာရင်း သူကတံခါးအများအပြားကိုဖြတ်လာပြီးမှ ကျယ်ဝန်းသောအနောက်ဘက်ခြံဝန်းတွင်းသို့ရောက်လာ၏။ ၎င်းသည်မီးခိုးရောင်အုတ်နံရံခတ်ထားပြီး ခြံဝန်းအလယ်တွင်ပေါက်နေသောမြက်ခင်းစိမ်းများမှလွဲကာ ခြံဝန်းတစ်ခုလုံးရှင်းလင်းနေသည်။ ၎င်းအပင်သည် အလွန်မြင့်ခြင်းမျိုးမရှိဘဲ ပင်စည်လုံးပတ်မှာလည်း အရွယ်ရောက်ပြီးသူ၏လက်မောင်းတစ်ဖက်စာသာရှိသည်။ တစ်ချက်သာကြည့်လျှင် ၎င်းကသာမန်သစ်ကြားပင်သာဖြစ်ပြီးသေချာကြည့်ပါက ပင်စည်တွင်ရွှေရောင်မျဉ်းမှိန်မှိန်လေးအားမြင်ရနိုင်သည်။ ရွှေရောင်အမျှင်လေးများက အမြစ်မှအပေါ်ဘက်သို့ကားတက်နေပြီးအကိုင်းတစ်ခုလုံးအားဖုံးအုပ်ကာ တောက်ပနေဟန်တွေ့ရသည်။

ဟယ့်ဝမ်ရှန်း : "ရွှေရောင်သစ်ကြားပင်ကို ရွှီယွိသစ်ပင်လို့လည်းခေါ်တယ် အသီးတစ်လုံးချင်းစီတိုင်းက ဆယ်စုနှစ်တစ်စုစာလောက်ရှိပြီ အဲဒါကခဏလေးပဲဆိုပေမဲ့ ကျွန်တော်တို့အတွက်ကတသက်စာပဲ ဒီနှစ်ကနှစ်ကောင်းတစ်နှစ်လို့ပဲပြောရမယ် သစ်ကြားပင်က ခြောက်လုံးတောင်သီးတယ် နောက်နှစ်အစဉ်အဆက်ရိုးရာပွဲတော်ကျင်းပတဲ့အခါကျရင် ကျွန်တော်တို့မျိုးဆက်သစ်လေးတွေကိုခူးခိုင်းရမယ် အစ်ကိုကြီးကပြောဖူးတယ် ကျွန်တော်တို့သာကံကောင်းရင် ဟယ့်မိသားစုကဒုတိယမြောက်ဟယ့်ရှဲ့ယိကိုမွေးထုတ်ပေးနိုင်မယ်တဲ့"

အရွက်များဖုံးနေသည့်ကြားမှ လင်းရုဖေးသည်ဟယ့်ဝမ်ရှန်းပြောသောရွှေရောင်သစ်ကြားပင်ကိုတွေ့နေရသည်။ သစ်ကြားသီးကမကြီးသည့်တိုင်အရောင်ကလှပပြီး နေရောင်အောက်တွင်၎င်းတို့သည်သန့်စင်သောကောင်းကင်ထက်မှရွှေရောင်နေခြည်ပမာ ရွှေအစစ်နှယ်လင်းလက်နေသည်။

ဘာကြောင့်မှန်းမသိ၊ အခွံမာသီးပင်အားမြင်ရပြီး လင်းရုဖေးသည်ရင်းနှီးနေသလိုခံစားရသည်၊ တစ်နေရာတွင်မြင်ဖူးထားခဲ့သလို။

ပြီးနောက် လင်းရုဖေးကအတွေးလွန်နေသည်ဟုခံစားရသည်။ သူကခွန်းလွန်တောင်တွင်နှစ်နှစ်ဆယ်ကျော်ကြာနေခဲ့လေရာ မည်သို့များမိုင်ထောင်ချီအဝေးမှရွှီယွိသစ်ပင်အားမြင်ဖူးပါမည်နည်း။

..........


စာရေးသူမှာပြောစရာရှိတယ်~

လင်းရုဖေး : ယဥပဲ!

ကုရွှမ်းတု : ဟေး...ကလေးတွေက ညစ်တီးညစ်ပတ်တွေမပြောရဘူး

လင်းရုဖေး : ယဥပဲ!

ကုရွှမ်းတု : ...ကလေးတွေကညစ်တီးညစ်ပတ်တွေမပြောရဘူး

လင်းရုဖေး : ယဥပဲ!

ကုရွှမ်းတု : .......

ဟယ့်ဝမ်ရှန်း : ဘုရားရေ...ဘာလို့ကျွန်တော့်ကိုလက်ညိုးထိုးနေတာလဲ!

_____

Translated By IQ-Team.