Chapter 122
ရွှီယွိသစ်ပင်
----------------------
လင်းရုဖေး စားသောက်ဆိုင်သို့ပြန်ရောက်လာချိန်တွင် ဖူဟွားနှင့်ယွီရွေ့သည် နောက်တနေ့စားမည့်မနက်စာကိုတိုင်ပင်နေကြသည်။လင်းရုဖေးအထဲဝင်လာသည့်အခါ အနောက်မှတစ်ယောက်အားအာရုံစိုက်နေရ၍ လင်းရုဖေးကိုပင်နှုတ်ဆက်ဖော်မရဘဲ နှစ်ယောက်သားမှာနေရာတွင်ပင်တောင့်တောင့်ကြီးဖြစ်နေကြသည်။
"အံ့ဩစရာမကောင်းဘူးလား"
လင်းရုဖေးက စနောက်လိုက်သည်။
"ငါကပန်ကိတ်ပဲစားချင်တာကို လူပါအဆစ်ကောက်ရလာတယ်လေ"
ဟယ့်ဝမ်ရှန်းသည်ဖူဟွားနှင့်ယွီရွေ့ကိုပြုံးကာဦးညွတ်နူတ်ဆက်လိုက်ပြီး "ကျွန်တော်ကဟယ့်မိသားစုကဟယ့်ဝမ်ရှန်းပါ မိန်းကလေးတို့နာမည်လေးသိပါရစေ"
ဖူဟွားကပြန်ဖြေသည်။
"ကျွန်မကဖူဟွား သူကယွီရွေ့ကျွန်မတို့ကသခင်လေးရဲ့အစေခံတွေပါ"
ဟယ့်ဝမ်ရှန်းအမည်ကိုကြားကြားချင်း သူမသည်ထိုသူနှင့်ဟယ့်မိသားစုကဆက်စပ်မှုရှိလိမ့်မည်ဟုခန့်မှန်းမိပြီး "သခင်လေးက ဟယ့်မိသားစုနဲ့ဘယ်လိုပတ်သတ်တာလဲ"
ဟယ့်ဝမ်ရှန်း : "ကျွန်တော်ကဟယ့်မိသားစုရဲ့တတိယမြောက်သားပါ ဟယ့်ရှဲ့ယိက ကျွန်တော့်ရဲ့အစ်ကိုအကြီးဆုံးပါ"
ဟယ့်မိသားစုသည်အမည်ကျော်ကြားပြီး ကျင့်ကြံဆင့်အဌမအဆင့်သို့ရောက်နေသောဟယ့်ရှဲ့ယိမှာအမည်အကျော်ကြားဆုံးပင်။ ပြောကြသည်မှာ သူမွေးဖွားသည့်နှစ်၌ မိသားစုမှရွှေရောင်သစ်ကြားပင်သည် ရွှေရောင်သစ်ကြားသီးသုံးလုံး သီးလာပြီး တစ်လုံးကိုသူကိုယ်တိုင်ခူးယူခဲ့သည်။ ၎င်းကိုစားကြည့်ပြီးနောက် ရှဲ့ယိသည် ဝိညာဉ်စွမ်းအားတိုးလာပြီး ဆဌမအဆင့်မှအဌမအဆင့်သို့တန်းရောက်သွားသည်။
ဟယ့်မိသားစုအကြောင်းပြောရလျှင် လူတစ်ယောက်နှင့်အပင်တစ်ပင်အကြောင်းကိုမပါမဖြစ်ပြောကြသည်။ ဟယ့်ရှဲ့ယိကထိုလူဖြစ်ပြီး ရွှေရောင်သစ်ကြားသီးကအပင်ဖြစ်၏။
ပါးစပ်ရာဇဝင်အရ ရွှေရောင်သစ်ကြားပင်သည် ကောင်းကင်ဘုံစောင့်ရှောက်သူကိုယ်တိုင်လွန်ခဲ့သောရာစုနှစ်များကစိုက်ပျိုးခဲ့တာပင်။ တစ်ခါသီးလျှင် နှစ်လုံးမှသုံးလုံးသာသီးပြီးအလွန်တန်ဖိုးကြီးသည်။ ရွှေရောင်သစ်ကြားသီးသည် ကျင့်ကြံရာတွင်အထောက်အကူပေးသည့်တိုင် သစ်ကြားပင်မှအသီးကိုရွေးချယ်ခံသာခူးယူခွင့်ရသည်။ ဟယ့်မိသားစုတည်ရှိခဲ့သောနှစ်ပေါင်းရာချီအားရေတွက်ကြည့်ပါက ရွှေရောင်သစ်ကြားပင်သည်သုံးလုံးသာသီးခဲ့သည်။ ၎င်းအသီးသုံးလုံးကြောင့် ဟယ့်ရှဲ့ယိသည် ပြိုင်ဘက်ကင်းစွမ်းရည်များကိုပိုင်ဆိုင်ခွင့်ရခဲ့သည်။
လင်းရုဖေးသည် ဖူဟွားနှင့်ယွီရွေ့အားဟယ့်ဝမ်ရှန်းနှင့်ခရီးလမ်းတူနေသောကြောင့် သူတို့၏နောက်ခရီးစဉ်တွင်လေးယောက်အတူသွားရမည်ဟုပြောလိုက်သည်။ ဖူဟွားကသဘောတူသည့်အနေဖြင့်ခေါင်းညိတ်ပြလင့်ကစား ယွီရွေ့ကမူအနည်းငယ်ရှက်နေသေးဟန်ပြသည်။ သူမသည်လွန်ခဲ့သောရက်အနည်းငယ်က အထင်လွဲမှုကိုတွေးနေမိသေး၍လည်းဖြစ်နိုင်သည်။ ဟယ့်ဝမ်ရှန်းကလည်းယွီရွေ့အားစကားပြောလာရန်ဖိအားမပေးဘဲ ဆက်လည်းမပြောပေ။ သည့်အပြင် အရပ်မြင့်ပြီးသန်မာသောကိုယ်ထည်က ချဉ်းကပ်မရနိုင်ပုံပေါ်စေသောကြောင့် နေရာတွင်သာတိတ်တဆိတ်ထိုင်နေသည်။ သို့သော် မတိုင်ခင်ကမတော်တဆမှုအပြီး လင်းရုဖေးသည် ဟယ့်ဝမ်ရှန်းက အတော်လေးစိတ်ဝင်စားစရာကောင်းသည်ဟုခံစားမိသည်။
သုံးရက်မြောက်နေ့တွင် ဟယ့်ဝမ်ရှန်းသည် သူ၏မြင်းကိုပြန်လွှတ်လိုက်ပြီး လင်းရုဖေးကလှည်းထဲဝင်သည်။ လှည်းသည်လူသုံးယောက်ထိုင်နေသည်ကိုပင် လူများပုံမရသည်မှာသံသယဖြစ်ဖွယ်ကောင်း၏။ သို့ထိတိုင် ယွီရွေ့ခမျာအင်မတန်ထိတ်လန့်နေရသည်။ ထောင့်တွင်ကပ်နေပြီး မလှုပ်ရဲသလိုအသံလည်းမထွက်ရဲပေ။ သူမသည်ကြောင်ကြီးတစ်ကောင်နှင့်တွေ့လာသောကြွက်ကလေးတစ်ကောင်ပမာ ဟယ့်ဝမ်ရှန်းအားအချိန်တိုင်းခိုးကြည့်နေသည်။ ထိုပုံစံက ချစ်စရာကောင်းပြီးရယ်စရာလည်းကောင်းသည်။
လင်းရုဖေးသည် ယွီရွေ့ကဝံပုလွေအရေခြုံထားသောသိုးမှန်းသိနေ၍သူ၏အစေခံလေးအားအခက်တွေ့အောင်မလုပ်နေတော့ပေ။ ထိုအစားသူနှင့်ဟယ့်ဝမ်ရှန်းတို့မှာ ဟယ့်မိသားစု၏ကိစ္စများအကြောင်းသာပြောဆိုနေကြသည်။
သို့လင့်ကစား ဟယ့်ဝမ်ရှန်းသည်ဟယ့်မိသားစုအကြောင်းပြောတိုင်းအနည်းငယ်ချီတုံချတုံဖြစ်နေပြီး စကားများမှာလည်းတွန့်ဆုတ်မှုအနည်းငယ်ရှိနေသည်။
လင်းရုဖေးက အလွန်တရာထူးဆန်းနေသည်ဟုခံစားရကာ တိုက်ရိုက်သာမေးမြန်းလိုက်သည်။
"သခင်လေးဟယ့်....ဟယ့်မိသားစုမှာ.....သခင်လေးပြောရခက်နေတာများရှိလား"
ဟယ့်ဝမ်ရှန်းကပြန်ဖြေ၏။
"သခင်လေးလင်းကထက်မြက်လှပါတယ်...တကယ်တော့...ကျွန်တော်တို့ဟယ့်မိသားစုကအရမ်းထူးဆန်းတယ်"
ထူးဆန်းတယ်...
ရွှမ်းချင်ကလည်း ယခင်ကပြောခဲ့ဖူးသော်လည်း လင်းရုဖေးကအမှန်ဟုမထင်ခဲ့ပေ။ သူဟယ့်ဝမ်ရှန်းနှင့်တွေ့ဆုံသည့်အခါ ထိုသူသည်ဝေဖန်ပိုင်းဖြတ်နိုင်စွမ်းရှိသည်ဟူ၍ထင်မြင်ခဲ့ပြီး ၎င်းကြောင့် ဟယ့်မိသားစုတွင်ထူးဆန်းမှုရှိနေသည်ဟုမထင်ခဲ့ပေ။
ဟယ့်ဝမ်ရှန်းကထိုအကြောင်းပြောဆိုသည်တွင် ရှက်ရွံ့မှုအနည်းငယ်ဖြင့် : "ကျွန်တော်တို့ဟယ့်မိသားစုက အရှေ့တောင်ဘက်နယ်စပ်ကနေပြောင်းရွှေ့လာတာဆိုတော့ မိသားစုရဲ့နေထိုင်မှုပုံစံကအရမ်းကြမ်းတမ်းပြီး ဝိညာဉ်စွမ်းအင်ကလည်းဆန့်ကျင်ဘက်ဖြစ်ပြီးမြင့်တယ်"
လင်းရုဖေးကမေးခွန်းမေးလိုက်သည်။
"အဲဒါကမထူးဆန်းဘူး...မဟုတ်လား"
ဟယ့်ဝမ်ရှန်းကသူ၏နှာခေါင်းကိုကိုင်ကာ မသဲမကွဲပြောသည်။
"အင်း...ပြောဖို့ကမလွယ်ဘူး သခင်လေးရောက်ရင်သိပါလိမ့်မယ်"
ထိုသို့ပြောမှပင် လင်းရုဖေးကပိုသိချင်လာသည်။ ဟယ့်ဝမ်ရှန်းကို ထိုသို့သောမျက်နှာထားမျိုးဖြစ်ရလောက်သည်အထိ ဟယ့်မိသားစုကမည်သို့များဖြစ်နေမည်နည်း။
လှည်းသည်နှစ်ရက်ခန့်ခရီးဆက်လာပြီးနောက် ဟယ့်မိသားစုအိမ်တော်ရှိရာ ချုံမြို့တော်သို့ဘေးမသီရန်မခဘဲရောက်လာနိုင်ခဲ့သည်။
သို့သော် ဟယ့်မိသားစု၏နှောင်းမျိုးဆက်များကမြို့ထဲတွင်ရှိနေရမည့်အစား မြို့အပြင်မှ မိုးပေါ်သို့ထိုးထွက်နေသောကျောက်ဖျာပေါ်တွင်ရှိနေကြသည်။
နည်းလမ်းတကျပြောရလျှင် ယွီနန်ကမြေပြန့်ဒေသဖြစ်သောကြောင့်တောင်ကုန်းများအများဆုံးရှိသည်။ မြေအနိမ့်များရံထားသည့်အလယ်တွင်ဆန့်ကျင်ဘက်ဖြစ်စွာထောင်တက်နေသောတောင်ထိပ်မျိုးက နေရာဒေသနှင့်မအပ်စပ်သလိုထင်ရသည်။
"တောင်ကထူးဆန်းလိုက်တာ"
လှည်းပေါ်တွင်ရက်အနည်းငယ်အကြာ အပြောအဆိုထိန်းသိမ်းနေရသောယွီရွေ့သည်နောက်ဆုံးတွင်ပြောရဲဆိုရဲပြန်ရှိလာသည်။
သူမကလိုက်ကာစကို ပင့်တင်ကာ မျက်တောင်တဖျတ်ဖျတ်ခတ်၍ : "ထီးထီးကြီးဖြစ်နေတဲ့တောင်ထွတ်"
ဟယ့်ဝမ်ရှန်း : "ထူးဆန်းတယ်လို့တွေးတာပုံမှန်ပါပဲ ဘာလို့လဲဆိုတော့အဲဒီတောင်ကဒီနေရာကိုရွေ့လာတာလေ"
ယွီရွေ့၏မျက်လုံးများပြူးကျယ်သွား၏။
"ရွေ့လာတယ်လား ဘယ်သူရွှေ့တာလဲ"
"ကောင်းကင်ဘုံစောင့်ရှောက်သူပေါ့"
ဟယ့်ဝမ်ရှန်းကပြုံးလိုက်ပြီး ယွီရွေ့အားဟယ့်မိသားစုသမိုင်းကြောင်းအားပြောပြသည်။
"ဟယ့်မိသားစုရဲ့ဘိုးဘေးက ကောင်းကင်ဘုံစောင့်ရှောက်သူနဲ့မိတ်ဆွေကောင်းတွေလေ မင်္ဂလာပွဲနေ့မှာ ကောင်းကင်ဘုံစောင့်ရှောက်သူက အနောက်တောင်ပိုင်းကိုသွားပြီးတောင်တစ်လုံးကိုရွှေ့လာတယ် ပြီးတော့ ဘိုးဘေးကိုလက်ဆောင်ပေးတယ် ဒီတောင်ပေါ်မှာစွမ်းအားအကြီးဆုံးက နှစ်ပေါင်းတစ်သောင်းသက်တမ်းရှိတဲ့ရွှေရောင်သစ်ကြားပင်ပဲ....မိသားစုရဲ့ဘိုးဘေးတွေကကြီးမြတ်တဲ့လက်ဆောင်ကိုအရမ်းနှစ်သက်ကြလို့ ဟယ့်မိသားစုရဲနာက်လာနောက်သားတွေကိုဒီတောင်ပေါ်ပြောင်းလာဖို့အမိန့်ပေးခဲ့တယ် အဲဒီတည်းကဟယ့်မိသားစုကဒီကျောက်ဖျာချပ်ပေါ်မှာနေခဲ့ကြတာ"
"တောင်ကိုလက်ဆောင်ပေးတယ်ပေါ့လေ"
ယွီရွေ့ကငြိမ်ပြီးနားထောင်နေရင်း "ကောင်းကင်ဘုံစောင့်ရှောက်သူကအရမ်းအံ့ဩစရာကောင်းတာပဲ"
ဟယ့်ဝမ်ရှန်းက ကျေနပ်နှစ်သက်သောအမူအရာဖြင့် : "အင်း ကျွန်တော့်မှာသာ ကောင်းကင်ဘုံစောင့်ရှောက်သူရဲ့အကျင့်လေးဆယ်ခုလောက်သာရှိရင် ဘဝမှာနေရတာတန်ပါပြီ"
စကားကောင်းနေစဉ်မှာပင် လှည်းသည်တောင်၏အငူစွန်းအခြေသို့ရောက်လာသည်။ အစတွင် လင်းရုဖေးသည် ချုံမြို့အတွင်းသို့အရင်ဝင်ပြီး မနက်ဖြန်မှမြို့၏အလှအပများကိုခံစားရန်စီစဉ်ထားခဲ့သည်။ သို့သော် ဟယ့်ဝမ်ရှန်းကလက်ခါပြသည်၊ ဟယ့်မိသားစုသည်ထိုသို့သောအသေးအဖွဲလေးများကိုဘယ်သောအခါမှစိတ်မဝင်စားတတ်ကြဘဲ တိုက်ရိုက်ဝင်ကြသည်။ ပြောနေရင်းဖြင့်ထိုသူသည်ဖူဟွားအား ဂိတ်ကိုသာတိုက်ရိုက်ဖြတ်ခိုင်းသည်၊ မည်သူမှ သူနှင့်စကားပြိုင်ပြောပြီးလင်းရုဖေးအခက်တွေ့အောင်မလုပ်ရဲပါချေ။
လင်းရုဖေး : "ဒါဆိုရင်တော့ သခင်လေးဟယ့်ကိုပဲဒုက္ခပေးရတော့မှာပဲ"
ဟယ့်ဝမ်ရှန်းကခေါင်းညိတ်သည်။
"သခင်လေးလင်း လှည်းပေါ်မှာပဲထိုင်နေပါ ကျွန်တော့်တာဝန်သာထားလိုက်"
လင်းရုဖေးကလည်းခေါင်းညိတ်ပြသည်။
လှည်းသည်လေတဟူးဟူးဖြင့်တောင်ပေါ်လမ်းသို့ တက်လာပြီး ကွေ့ဝိုက်ကာဖြင့်အဝင်ဝသို့ရောက်လာ၏။
ဂိတ်စောင့်ကလက်ထုတ်ပြီးဘယ်သူလဲဟုမေးမြန်းရာ ဟယ့်ဝမ်ရှန်းကလိုက်ကာစကို မ တင်၍ "ငါပါ"
"သခင်လေးသုံးပြန်လာတာပဲ"
အစောင့်သည် ဟယ့်ဝမ်ရှန်းအားတွေ့သည်နှင့်ဝမ်းသာသွားပြီး "သခင်လေးကဘာလို့လှည်းနဲ့ပြန်လာတာလဲ"
ဟယ့်ဝမ်ရှန်းက 'အင်း' ဟူ၍သာအသံပေးပြီး ရှည်ရှည်ဝေးဝေးထပ်မပြောတော့ပေ။
အစောင့်က လက်ဟန်ပြလိုက်သည့်အခါ သစ်သားတံခါးမကြီးကပွင့်သွားသည်။
လင်းရုဖေးသည် လှည်း၏လိုက်ကာစကိုဖြတ်ပြီး ဟယ့်မိသားစု၏အနေအထားကိုမြင်နိုင်သည်။ အံ့ဩဖွယ်ကောင်းသည်မှာ ဟယ့်မိသားစုသည် မိသားစုကြီးများကဲ့သို့ပုံစံမျိုးမရှိပေ။ ကမ္ဘာဦးခေတ်မှ ရှေးကျသည့်လူမျိုးစုတစ်စုနှင့်တူသည်။ ကောင်းမွန်သောအဆောက်အဦများမရှိဘဲ အိမ်များမှာလည်း သစ်သား သို့မဟုတ် ဝါးများဖြင့်သာဆောက်လုပ်ထားပြီး ကျောက်တုံးတစ်တုံးပင်မမြင်တွေ့နိုင်ပေ။ လင်းရုဖေးအားအထူးဆန်းသွားစေဆုံးသောကိစ္စမှာ ဟယ့်မိသားစုများကတောင်အနှံလျှောက်သွားနေကြခြင်းပင်။ သူတို့အားလုံးသည်အရပ်အမောင်းကောင်းကြပြီး ကျယ်ပြန့်သောမျက်ခုံးနှင့်စူးရှသောမျက်လုံးများရှိသည်။ အားလုံး၏ခါးတွင် သေစေနိုင်သောအရှိန်အဝါများ [ သတ်ဖြတ်မှုအရှိန်အ၀ါ ] လွှမ်းခြုံထားသောဓားများချိတ်ထားကြသည်။ အမျိုးသမီးများမှာလည်း ထိုနည်းတူစွာပင်။ သူသာဤနေရာကို ဘုမသိဘမသိဝင်လာမိလျှင် တောင်ပေါ်ဓားပြများ၏အသိုက်ကိုဝင်လာမိသည်ဟုပင်ထင်ကောင်းထင်နိုင်သည်။
လင်းရုဖေးသည် ရေရှည်ကိုမတွေးခဲ့မိပါချေ၊ သူ၏ဖြူရော်သောမျက်နှာနှင့်အားနည်းသည့်ပုံစံကြောင့် ဤအုပ်စုထဲတွင်လမ်းလျှောက်နေလျှင်ပင် လေဖြင့်တောင့်ခံထားရသောမိုးမခပင်နှယ်ဖြစ်နေသည်။ လင်းရုဖေး၏ရင်ဘတ်ပင်မရှိသောယွီရွေ့ဆိုလျှင် အရုပ်ကလေးနှယ်ပင်။
အပြင်ဘက်မှမြင်ကွင်းများကြောင့် သခင်ရောအစေခံပါသုံးယောက်လုံးတိတ်ဆိတ်မှုအတွင်းစုန်းစုန်းမြုပ်သွားကြ၏။
ဟယ့်ဝမ်ရှန်းသည်ကြိုတင်တွေးထားပြီးဖြစ်၍ ချောင်းဖွဖွဆိုးလိုက်ပြီး "သခင်လေးလင်း စိတ်မလှုပ်ရှားပါနဲ့ ကျွန်တော်တို့ဟယ့်မိသားစုကမွေးကတည်းကလူဆိုးပုံပေါက်တယ်"
လင်းရုဖေးကပြောတော့မည့်ဆဲဆဲ လှည်းကရုတ်ချည်းရပ်သွားပြီးအပြင်မှ ခက်ထန်သောအသံကပေါ်လာသည်။
"ဟယ့်ဝမ်ရှန်း မင်းဒီလိုမိန်းမလှလေးကို ဘယ်လိုတွေလိမ်ညာပြီး လှည်းမောင်းခိုင်းရတာလဲ မင်းမှာအရှက်ရောရှိသေးရဲ့လား..."
ဟယ့်ဝမ်ရှန်းကခေါင်းပြူပြီး မဆိုင်းမတွပြန်ဆဲသည်။
"မိုးမေလင်းလိုက်! ငါကနတ်သမီးလေးကိုခေါ်လာတယ်ဆိုရင်တောင် မင်းနဲ့ဘာမှမဆိုင်ဘူး ပါးစပ်ပိတ်ထား လှည်းထဲမှာဧည့်သည်တွေပါတယ် မင်းထပ်နှောင့်ယှက်ရင် ဒီအစ်ကိုကြီးကမင်းကိုရိုက်သတ်မှာစောင့်ကြည့်နေလိုက်"
လင်းရုဖေးသည် ပျဉ်ချပ်ကြားမှထိုလူ၏ပုံစံကိုမြင်လိုက်ရသည်။ ထိုလူ၏မျက်ခုံးများနှင့်ဟယ့်ဝမ်ရှန်း၏မျက်ခုံးများကတူသယောင်ရှိသည်၊ သို့တစေ ထိုသူသည်ဟယ့်ဝမ်ရှန်းထက်အရပ်ပိုရှည်သည်။ သူ၏လက်မောင်းကြွက်သားများက ကျောက်တုံးများနှယ်တင်းမာနေပြီးထိုသူကဆို၏။
"ဧည့်သည် ဘယ်ကဧည့်သည်လဲ ငါဧည့်သည်ကိုမတွေ့ရတာကြာပြီ အမြန်ငါကြည့်ပါရစေဦး"
ပြောပြောဆိုဆိုဖြင့်ထိုသူသည်လိုက်ကာကို မ ရန်လုပ်လိုက်စေကာမူ ဟယ့်ဝမ်ရှန်းက သူ၏လက်ခုံကိုရိုက်ထုတ်ပစ်လိုက်သည်။
'ဖြောင်း' ဆိုသောအသံဖြင့် ဟယ့်ဝမ်ရှန်း၏လက်ဖဝါးကကျောက်တုံးအမာသားဖြင့်ရိုက်မိသွားသကဲ့သို့ပင်။
ထိုသူကအားကနဲအော်ကာ လက်ကိုပြန်ရုတ်၍ငိုသံပါကြီးဖြင့် : "မင်းငါ့ကိုတကယ်ရိုက်တယ်"
ဟယ့်ဝမ်ရှန်း : "ငါမင်းကိုနောက်နေတယ်ထင်လို့လား"
ထိုလူ : "ငါမကျေနပ်ဘူး မင်းဆင်းလာခဲ့ ငါမင်းနဲ့ချမယ်"
ဟယ့်ဝမ်ရှန်း : "အချိန်မရှိသေးဘူး မင်းချချင်ရင်ညကျမှလာခဲ့"
ထို့နောက် သူကဖူဟွားအား 'ဂရုစိုက်ရန်မလို' ဟူသောအကြည့်ဖြင့်ကြည့်လိုက်သည်။
ဖူဟွားကလက်ခံသလိုခေါင်းညိတ်ပြပြီး ချက်ချင်းလှည်းကိုမောင်းထွက်သွားသည်။
ထိုလူသည် ဖုန်လုံးကြီးတလိမ့်လိမ့်ဖြင့်လှည်းထွက်သွားသည်ကိုကြည့်ပြီး နေရာတွင်ရပ်နေလျက် မျက်လုံးများကိုမှေးကာ ကျစ် စုပ်သပ်၏။
"ဧည့်သည်တွေ ဟယ့်မိသားစုကဧည့်သည်တွေခေါ်ရတာဆိုလို့တစ်ခုပဲရှိတယ် ခွန်းလွန်တောင်ကလူတွေရောက်လာတာများလား ဟမ့်!...ဘယ်ဆိုးလို့လဲ ဝမ်ရှန်း...ဒီကောင်လေးကံကောင်းသားပဲ"
ဝမ်ရှန်း၏လမ်းပြမှုနှင့် ဖူဟွားသည်လှည်းကိုသစ်လုံးအိမ်လေးအထိမောင်းလာလိုက်သည်။ ဤအိမ်ကပြန်လည်ပြုပြင်ထားပုံရပြီးဘေးမှအိမ်ထက် ပိုကျယ်ပုံလည်းရသည်။
ဝမ်ရှန်းက "သခင်လေး ဒါကကျွန်တော့်အိမ်ပါ စိတ်မရှိရင် ဒီအိမ်မှာရက်နည်းနည်းလောက်နေပါ ကျွန်တော်ကကျွန်တော့်အစ်ကိုအိမ်မှာသွားနေလိုက်ပါ့မယ်"
လင်းရုဖေး : "ဘယ်လိုလုပ်သင့်တော်မှာလဲ"
ဧည့်သည်ကအိမ်ရှင်ကိုနှင်ထုတ်သလိုဖြစ်နေသည်။
ဟယ့်ဝမ်ရှန်းကလက်ယမ်းပြပြီးရယ်သည်။
"သခင်လေးလင်း သခင်လေးမသိလို့ပါ ဒါမျိုးက ဟယ့်မိသားစုအိမ်မှာအရေးမကြီးဆုံးအရာပဲ"
လင်းရုဖေး : "ဘာလို့အဲဒီလိုပြောရတာလဲ"
သို့သော် ဟယ့်ဝမ်ရှန်းကသူ၏သံသယများကိုမဖျောက်ပေးပါချေ။
"ဒီမှာ ရက်နည်းနည်းလောက်နေကြည့်ပြီးရင်သိသွားပါလိမ့်မယ်"
ထိုသို့ပြောပြီးသည့်နောက် အနည်းငယ်တွေဝေနေဟန်ဖြင့် : "သခင်လေးလင်း ဟယ့်အိမ်တော်ကပရမ်းပတာနိုင်တယ် တစ်ခုခုမဖြစ်ရအောင် သခင်လေးလမ်းလျှောက်ထွက်ချင်ရင်ကျွန်တော့်ကိုပြောပါ"
လင်းရုဖေးကရယ်သည်။
"ပိုလွန်းမနေဘူးလား ဘယ်သူကရောရောက်ရောက်ချင်းမှာဒုက္ခပေးပါ့မလဲ"
ဟယ့်ဝမ်ရှန်း : "သူတို့ကသခင်လေးထင်ထားတာထက်တောင် ပိုကြသေးတယ်"
ထို့နောက် ဟယ့်ဝမ်ရှန်းကထွက်သွားပြီးအစေခံများကိုမှာသင့်သမျှမှာထားခဲ့သည်။ သူကလင်းရုဖေးအား အနားယူစေပြီး သူရောက်နေသည့်အကြောင်းကိုမိသားစုခေါင်းဆောင်ထံသတင်းသွားပို့ပေးမည့်အကြောင်းပြောသည်။
လင်းရုဖေးကခေါင်းညိတ်ပြလိုက်သည်။
ဟယ့်အိမ်တော်က သူ့နည်းသူ့ဟန်ဖြင့်ခမ်းနားသည် - ရိုးရှင်းပြီးအကြမ်းခံသည်။ အိမ်အသုံးအဆောင်ပရိဘောဂများအနည်းငယ်သာရှိပြီး အလှဆင်ထားခြင်းမျိုးလည်းမရှိပေ။ တည်းခိုခန်းထက်ပင် ပိုမိုရိုးရှင်းသေးသည်။ လင်းရုဖေးသည် ဟယ့်ဝမ်ရှန်းအားပြုစုပေးနေသည့်အစေခံများကသူ့ထက်အရပ်ရှည်နေသည်ကိုနားမလည်နိုင်အောင်ဖြစ်နေသည်။ ဟယ့်ဝမ်ရှန်းမျှ မကြံ့ခိုင်ကြသော်လည်း စွမ်းအားကြီးကာသန်မာသူများဟုဆိုနိုင်သည်။
ယွီရွေ့မှာထိုလူသန်ကြီးများ၏အလွှမ်းမိုးခံထားရသည်။
သူမကထိုင်ခုံတွင်မြုပ်နေလျက်ဖြင့် ရေရွတ်နေသည်မှာ : "ဒီလောကကြီးရဲ့ဘယ်နေရာမှာများ ဟယ့်မိသားစုလိုလူများမှာလဲ အကုန်လုံးကလည်းအကြီးကြီးတွေ"
ဖူဟွားကယွီရွေ့၏ခေါင်းကိုပွတ်သပ်လိုက်ပြီး "အင်းနော် နင့်ကိုဘယ်သူကရောဒီလိုမျိုးသေးသေးလေးမွေးလာခိုင်းလို့လဲ တစ်ယောက်ချင်းစီကနင့်ထက်သုံးဆလောက်ရှိတယ်"
"ကျွန်မကသေးသေးလေးမဟုတ်ဘူး"
ယွီရွေ့ကချက်ချင်းပင်ခေါင်းမော့ကာ ရင်ဘတ်ကိုပုတ်သည်။ သူမခါးကြားထဲမှဓားကိုပင်ထုတ်လိုက်သေးသည်။
"ကျွန်မက အားရှိတယ်"
"ဟုတ်တယ် ဟုတ်တယ် ငါတို့အိမ်ကယွီရွေ့လေးက အားရှိပြီးသန်မာတယ်"
လင်းရုဖေးကပြောရင်းရယ်နေသည်။
ယွီရွေ့ကစိတ်ဆိုးသွားပြီး "သခင်လေးက ကျွန်မကိုရယ်ပြန်ပြီ"
လင်းရုဖေးကအပြစ်မရှိသလို ပုခုံးတွန့်ပြလိုက်သည်။
ဖူဟွားကမထိန်းနိုင်တော့သဖြင့်ရယ်တော့၏။
လှည်းထဲတွင်ဆယ်ရက်ကျော်ကြာ ပင်ပင်ပန်းပန်းဖြင့်ခရီးနှင်လာပြီးနောက် လင်းရုဖေးကအတော်လေးပင်ပန်းနေပြီဖြစ်၍ ရေမချိုးခင်သူ၏ပင်ပန်းမှုဒဏ်ကိုသက်သာစေရန် ဟယ့်ဝမ်ရှန်း၏အစေခံအားရေနွေးကျိုခိုင်းလိုက်သည်။