Chapter 121
သူမ သာဆိုလျှင် နှစ်စိတ်တည်းနှင့်ဗိုက်ပြည့်သည်။ ဖူဟွားနှင့်သူမ၏သခင်လေးအပါအဝင် သုံးယောက်ပေါင်းမှတခြမ်းပင်စား၍မကုန်ချေ။
ထိုသူသည်ယွီရွေ့၏အမေးကြောင့် ရယ်ချင်ပက်ကျိဖြစ်သွားပုံရပြီး သူ၏မျက်လုံးတွင်းမှအပြုံးရိပ်အချို့နှင့်အတူ ခေါင်းအားခါယမ်းသည်။
"ဒီလောက်ဆိုရပြီ"
ယွီရွေ့လက်မြှောက်လိုက်ရချေပြီ။
ခေါင်းကိုဖိထားလျက်ဖြင့် "ကျွန်မပဲအနီးမှုန်သွားတာပါ ဒီလိုမျိုးကောင်းကောင်းစားနိုင်တဲ့လူလည်း လောကကြီးမှာရှိချင်ရှိမှာပဲလေ...ကျွန်မကရှင်တမင်တကာကျွန်မကို ပြဿနာရှာနေတယ်ထင်ခဲ့တာ"
သူမအရှုံးပေးလိုက်ပြီးနောက် ဖရဲသီးခရှင်းပေးရန်အိတ်ထဲမှငွေစကိုထုတ်လိုက်သည်။
သို့ထိတိုင် နောက်ဆုံးတစ်လုံးကျန်မှသာ ထိုသူကဗိုက်ကိုပုတ်ကာအတည်ပေါက်ကြီးဖြစ်နေဟန်ဖြင့်ပြောလာသည်။
"ငါဗိုက်တင်းသွားပြီ မစားနိုင်တော့ဘူး"
ကြည့်နေသောလူအုပ်ကြီးကစတင်ပြီး ပွက်လောရိုက်လာလင့်ကစားထိုလူကအရေးမစိုက်ချေ။ သူက ဖရဲသီးသည်အား သူဘယ်နှလုံးစာစားခဲ့ကြောင်းမေးမြန်းနေသည်။
ဈေးသည်ကပြုံး၍ ပမာဏပြောပြလိုက်သည်။ ထိုသူက အားရဝမ်းသာဖြင့်ငွေစအားအိတ်ထဲမှထုတ်ပေးလိုက်သည်။
ယွီရွေ့ : "နေဦး နေဦး နေဦး တစ်လုံးကျန်သေးတယ် ရှင်စားလို့မပြီးသေးဘူး"
ထိူလူက "ငါစားလို့မကုန်နိုင်တော့ဘူး"
ယွီရွေ့ကသူ့အားမယုံရေးချမယုံပါချေ။
သူမကနှုတ်ခမ်းကိုဖိကာအူကြောင်ကြောင်လေးဖြင့် "ရှင်....ရှင်တကယ်စားလို့မကုန်တော့ဘူးလား"
ထိုသူကရယ်ပြီး : "ငါစားလို့မကုန်တော့ဘူး"
ယွီရွေ့ကားငယ်သေးသည့်တိုင် မတုံးအပေ။ ထိုသူကရည်ရွယ်ချက်ရှိရှိဖြင့်တစ်လုံးချန်ထားမှန်း သူမ မသိဘဲနေမည်လား။ ထိုအချိန်မှာပင် သူမသည်အနည်းငယ်အူတိအူကြောင်ဖြစ်နေပြီး အလွန်အမင်းရှက်နေမိသည်။ သည့်အပြင် ယခုလေးတင်သူမအတွေးနှင့်သူမ အနှီလူကြီးလူကောင်း၏စိတ်ကိုခန့်မှန်းတာမှားပြီး တမင်တကာဒုက္ခပေးနေသည့်လက်ပေါက်ကပ်သောလူ ဟူ၍ထင်နေခဲ့မိသည်။
ထိုသူကပိုက်ဆံပေးပြီးနောက် လှည့်ထွက်သွားသည်။ ယွီရွေ့မှာတစ်လုံးတည်းသာကျန်တော့သောဖရဲသီးကိုတလှည့်၊ လမ်းပေါ်မှတောင်ပုံယာပုံဖရဲသီးခွံများကိုတလှည့်ဖြင့်ငေးကြည့်နေသည်။ နောက်ဆုံး လင်းရုဖေးကပြုံး၍ သူမခေါင်းကိုပုတ်ပြီးဖရဲသီးအားယူလာခိုင်းလိုက်သည်။
၎င်းမတော်တဆမှုလေးက ယွီရွေ့အပေါ်ကြီးမားသောသက်ရောက်မှုရှိသွားသည်။ ကလေးမလေးကားတစ်ညလုံးစိတ်ကောက်နေပြီး ဖရဲသီးစားနေချိန်မှာပင် ထိုသူ၏ပုံစံကိုအမှတ်ရနေသည်။ သက်ပြင်းချ၍ဤကမ္ဘာပေါ်တွင် လူထူးလူဆန်းများ အများအပြားရှိကြောင်းရေရွတ်နေ၏။
"ဟုတ်တယ်"
လင်းရုဖေးကရယ်လေ၏။
"အထူးသဖြင့် လူတွေက မင်းလိုကလေးတစ်ယောက်ကို စနောက်ရတာကို သဘောကျကြတယ်"
ယွီရွေ့ကပြန်တုံ့ပြန်သည်။
"ကျွန်မက ကလေးမဟုတ်တော့ဘူး ဆယ့်ငါးနှစ်တောင်ရှိနေပြီ"
သာမန်မိသားစုများတွင် ဆယ့်ငါးနှစ်အရွယ်မိန်းကလေးများမှာလက်ထပ်နေကြပြီဖြစ်သော်ငြား ယွီရွေ့ကမူကျင့်ကြံဆင့်ပဉ္စမအဆင့်ကိုရောက်နေပြီဖြစ်၍ အလောတကြီးလက်ထပ်စရာမလိုအပ်ပေ။
ဖူဟွားကသက်ပြင်းချသည်။
"ဟုတ်တယ် ဆယ့်ငါးနှစ်တောင်ရှိနေပြီ နင့်ကိုယ်နင်ဆယ့်ငါးနှစ်မှန်းသိရင် နောင်ကျ ရှေ့လေးနောက်လေးကြည့်ပြီးမှလုပ် ဒီနေ့နင်တွေ့တဲ့လူက နင့်ကိုညှာတတ်လို့တော်သေးတာပေါ့ နင်ကသခင်လေးရဲ့သိက္ခာကိုပါဆွဲချမိတော့မလို့"
ယွီရွေ့ကခေါင်းငုံ့ကာ သူမဆင်မခြင်လုပ်မိသည့်အတွက်ဝန်ခံရှာသည်။
လင်းရုဖေးကဂရုမစိုက်ချေ။
သူကပြုံးကာဖြင့် : "ထားလိုက်ပါ သူတို့လည်းငါ့ကိုသိတာမှမဟုတ်တာ မျက်နှာလေးနည်းနည်းပျက်တာနဲ့တော့ ငါ့ကိုမသတ်လောက်ပါဘူး ပြီးတော့ ဒီလူကဖရဲသီးတွေအများကြီးကိုတထိုင်တည်းစားနိုင််မယ်လို့လဲဘယ်သူကထင်မှာလဲ"
ဖူဟွားကခေါင်းခါသည်။ ထိုလူကသာမန်လူမဖြစ်နိုင်ဘဲ သူ၏နောက်ကျောတွင်သယ်ထားသောဓားမှာလည်း သာမန်ပစ္စည်းမျိုးမဟုတ်ပေ။ ထိုသို့သောဓားမျိုးကလောကတွင်တွေ့ရခဲပြီး သူမတို့အလွန်ဆုံးမြင်ဖူးသည်က ကုဖေးယွိ၏ ကျုံးဖုန့်ဓားပင်။
"အို့"
လင်းရုဖေးသည်လည်းစိတ်ဝင်စားသွားမိ၏။
"သူလည်းစွမ်းအားမြင့်သိုင်းသမားပေါ့"
ဖူဟွား : "ထင်တာပဲ သူ့ရဲ့ကျင့်ကြံဆင့်ဘယ်လောက်မှန်းကျွန်မလည်းမမှန်းနိုင်ဘူး အနည်းဆုံးသတ္တမအဆင့် ဒါမှမဟုတ် ဝိညာဉ်ရတနာတစ်မျိုးကိုင်ထားတာလည်းဖြစ်နိုင်တယ်....လိုရင်းပြောရရင် ကျွန်မတို့သွားရှုပ်လို့ရတဲ့အဆင့်မဟုတ်ဘူး"
လင်းရုဖေးမှာစဉ်းစားရကြပ်နေသောအကြည့်ဖြင့်ကြည့်လာသည်။
ထိုညတွင် အခန်းပြန်ရောက်သည့်အခါ ၎င်းကိစ္စကိုကုရွှမ်းတုနှင့်ပြောဖြစ်ကြသည်။ ကုရွှမ်းတုကအရည်ရွှမ်းသောဖရဲသီးအားစားနေရင်း လင်းရုဖေးပြောသမျှကိုနားထောင်နေပြီးနောက်ပြုံးလာ၏။
"ဒီဖရဲသီးကချိုသားပဲ"
လင်းရုဖေး : "ဟုတ်လား ကျွန်တော်လည်းမြည်းကြည့်မယ်"
သူသည်ကုရွှမ်းတုလက်ထဲမှ ဖရဲသီးကိုတကိုက်ကိုက်ကြည့်ပြီးနောက် ခေါင်းညိတ်ထောက်ခံ၏။
"တကယ် အရသာရှိတယ်"
ကုရွှမ်းတုကခေါင်းငုံ့ကာ ဖရဲသီးပေါ်မှသွားရာကိုကြည့်ပြီး နားမလည်နိုင်သောမျက်နှာထားဖြင့် 'ဟမ့်' ဟုလုပ်လိုက်သည်။
လင်းရုဖေးကမေးခွန်းထုတ်သည်။
"ပြောကြည့် အဲဒီလူရဲ့နောက်ခံကဘာဖြစ်နိုင်လဲ"
ကုရွှမ်းတုကတွေးနေပြီး : "လူကိုတော့မမှတ်မိပေမဲ့ ဓားကိုတော့သတိထားမိတယ်"
လင်းရုဖေးကစိတ်ဝင်စားလာသည်။
"အို့...ခင်ဗျားကဓားကိုသိတယ်လား"
ကုရွှမ်းတု : "ဓားရဲ့နာမည်က ချင်ကျွင်း ပြီးတော့ နှစ်ရာချီသမိုင်းကြောင်းရှိတယ် ကိုယ်ဓားလုပ်တဲ့သိုင်းသမားနဲ့တွေ့ဖူးတယ် အရမ်းတဏှာစိတ်ပြင်းတဲ့အဘိုးကြီးပေါ့ ဓားနာမည်ကချင်ကျွင်းဖြစ်နေပေမဲ့ ဓားကြီးအမျိုးစားတော့မဟုတ်ဘူး"
လင်းရုဖေး : "ဓားကြီးအမျိုးအစားမဟုတ်ဘူးလား"
ကုရွှမ်းတု : "ချင်ကျွင်းမှာထူးခြားတဲ့အသွင်ပြင်မျိုးရှိသေးတယ်"
လင်းရုဖေးက သတိထားပြီးမေးကြည့်သည့်အခါ ချင်ကျွင်းသည်သာမန်သိုင်းသမားတစ်ယောက်၏လက်ထဲတွင်လေးလံသောဓားတစ်ချောင်းဖြစ်သည့်တိုင် သူသိနေသောသိုင်းသမားတစ်ယောက်၏လက်ထဲတွင်မူ ၎င်းသည်သေးငယ်သောဓားလေးများအဖြစ်ပြောင်းလဲသွားကာ ဓား၏ဖွဲ့စည်းပုံဖြင့်ရန်သူများကိုနှိမ်နင်းနိုင်သည်။ ကုရွှမ်းတုပြောပုံအရ ချင်ကျွင်းသည်ဓားကောင်းတစ်လက်ဖြစ်ကာ ၎င်း၏ကြီးမားလေးလံသည့်ပုံစံဖြင့်ကွဲပြားသည်ဟုဆို၏။
ကုရွှမ်းတု၏ ချင်ကျွင်းအကြောင်းပြောပြသည်ကိုနားထောင်ပြီးနောက် လင်းရုဖေးသည် နေ့ခင်းကတွေ့ခဲ့သောသူနှင့်ချင်ကျွင်းက အလွန်အမင်းဆင်တူနေသလိုခံစားရသည်။ ယင်းတို့ကကြမ်းတမ်းပုံရသော်ငြား မြေမှုန်လေးများနှယ်ပေါ့ပါးကာတန်ဖိုးရှိသည်။
စကားပြောဆိုကြပြီးနောက် လင်းရုဖေးသည်ကုရွှမ်းတု၏ဘေးတွင်သာအိပ်မောကျသွားသည်။ နောက်တနေ့မနက်အထိ ဖူဟွားနှင့်ယွီရွေ့တို့မနက်စာအတွက်လာနှိုးမှသာ အိပ်မှုန်စုံမွှားဖြင့်နိုးလာ၏။
ယနေ့တွင် ခရီးကိုအမြန်နှင်ရတော့မည်ဖြစ်၍ စားသောက်ပြီးသည်နှင့်လင်းရုဖေးမှာ လှည်းပေါ်သို့တန်းတက်ရသည်။
ဖူဟွားကကြိမ်ဖြင့်ရွှမ်းကနဲအသံပေးကာ မြို့လေးထဲမှစတင်ထွက်ခွာသည်။ ခရီးစတင်ပြီးမကြာမီ သူတို့ဘေးမှခွာသံများကိုကြားရသည်။ လင်းရုဖေးသည် သူတို့ဘေးမှဖြတ်သွားရုံဟုထင်ခဲ့ပြီးဆက်မတွေးတော့ပေ။ သို့ထိတိုင် ၎င်းတို့ကသူတို့နောက်သို့ဆက်လိုက်လာကြသည်။
ယွီရွေ့: "ကျွန်မတို့နောက်ကိုလိုက်လာတာဘယ်သူတွေလဲမသိ တစ်ချက်ကြည့်ကြည့်လိုက်မယ်"
သူမကလှည်း၏လိုက်ကာကို မ တင်ပြီးလှမ်းကြည့်လိုက်သည်။ မကြာမီ သူမမျက်နှာတွင်ဇဝေဇဝါအမူအရာဖြင့်ပြန်ရောက်လာ၏။
လင်းရုဖေး : "ဘယ်သူတွေလဲ"
ယွီရွေ့ : "မနေ့ကတွေ့ခဲ့တဲ့လူ ဖရဲသီးစားတဲ့တစ်ယောက် ကျွန်မတို့အနောက်မှာလိုက်လာတယ် ဘာကိစ္စလဲလို့မေးလိုက်ရမလား"
လင်းရုဖေးက တွေးဆနေပြီးနောက် : "မေးလိုက်တာကောင်းတယ်"
ဖူဟွားကမြင်းကိုရပ်လိုက်သည့်အခါ ထင်ထားသည့်အတိုင်း မြင်းကိုရပ်လိုက်သည်နှင့်လူကလည်းရပ်သွားသည်။
ဖူဟွားသည်အမည်မသိလူထံသို့သွားကာ မေးမြန်းရာတွင် ထိုသူကရိုးရိုးရှင်းရှင်းပြုံးကာ : "မင်းတို့ယုံမှာမဟုတ်ဘူး ငါနဲ့မင်းတို့သွားမယ့်လမ်းကတစ်လမ်းတည်းပဲ"
"တစ်လမ်းတည်းလား"
ဖူဟွားကလုံးဝမယုံချေ။ လောကကြီးတွင်ထိုသို့သောတိုက်ဆိုင်မှုမျိုးရှိနိုင်မည်မဟုတ်။
"ရှင်ကမြင်းတစ်ကောင်တည်းစီးလာတာဆိုတော့ ပိုမြန်သင့်တာပေါ့"
ထိုလူကခေါင်းယမ်းသည်။
"ပုံမှန်ဆိုရင်တော့ မြင်းတစ်ကောင်တည်းကမြန်သင့်ပါတယ် ဒါပေမဲ့ ငါသယ်လာတဲ့ဓားကအရမ်းလေးလို့မြင်းကအမြန်မပြေးနိုင်ဘူး"
ဖူဟွားကပြောစရာစကားများပျောက်သွားပြီး ဘာလုပ်ရမည်မှန်းမသိတော့၍ လင်းရုဖေးထံအကူအညီတောင်းသလိုလှမ်းကြည့်သည်။ လင်းရုဖေးက သူတို့ပြောသည်ကိုနားထောင်ပြီးနောက် ပြန်လာရန်လက်ပြလိုက်သည်။
လင်းရုဖေး : "သူလိုက်လာချင်တယ်ဆိုရင်လည်းလာပါစေပေါ့ လမ်းတူနေတော့ရောဘာဖြစ်သေးလဲ"
ဖူဟွားကသက်ပြင်းချသည်။
"အဲဒါကအရမ်းခေါင်တဲ့အတွေးပဲ"
လင်းရုဖေး : "ရပါတယ် သူကရန်လိုတဲ့လူမဟုတ်ပါဘူး"
နောက်ဆုံး၌ ဖူဟွားကသူ့အားဂရုစိုက်မနေတော့ပေ။
သို့ဖြစ်၍ ခရီးဆက်လိုက်ကြသည်။ နှစ်ဖက်လုံးကဘာမှမဖြစ်ဘဲအေးချမ်းနေ၏။ တဖြည်းဖြည်းနှင့် သူတို့ယွီနန်ကိုနီးကပ်လာသည်။ လမ်းမကြီးတစ်လျှောက်မှစိတ်ပျက်စရာကိစ္စများကိုဖြတ်ကျော်ခဲ့ကြပြီး အဆုံး၌ သူတို့သည်နောက်ဆုံးပန်းတိုင်အားနီးကပ်လာချေပြီ။ ရလဒ်မှာမူ လင်းရုဖေးကခရီးမဆက်မီ နေ့တဝက်ခန့်အနားယူရန်စီစဉ်လိုက်သည်။
သို့သော် မြို့တွင်းသို့ဝင်သည်နှင့်သူတို့အနောက်မှလိုက်လာခဲ့သူကိုမည်သည့်နေရာတွင်မှမတွေ့ရတော့ပေ။
လင်းရုဖေးကတည်းခိုခန်းသို့ရောက်သည်နှင့် လက်ဖက်ရည်တစ်အိုးမှာသည်။ သူကအနည်းငယ်အအေးခံလိုက်ပြီးနောက် ဖြတ်သွားသောစားပွဲထိုးအား ဟယ့်မိသားစုအကြောင်းမေးမြန်းကြည့်သည်။
စားပွဲထိုးလေးသည် မြောက်ပိုင်းဟူသောစကားကိုကြားရပြီး အံ့အားသင့်နေသောအမူအရာဖြင့် : "ဧည့်သည်တို့က ဒီကိုမြောက်ပိုင်းလမ်းမကြီးကနေလာခဲ့ကြတာလား"
"ဟုတ်တယ်လေ"
လင်းရုဖေးက စားပွဲထိုးလေး၏မျက်နှာကတစ်ခုခုထူးခြားနေသည်ဟုခံစားရသည်။
စားပွဲထိုးလေး : "ဟို..လမ်းမှာဘာမှမတွေ့ခဲ့ကြဘူးလား"
လင်းရုဖေးနှင့်အစေခံတို့မှာ ဘာပြောရမှန်းမသိ။ စားပွဲထိုးလေးဆိုလိုချင်သည်ကိုနားမလည်ပါချေ။
စားပွဲထိုးလေးကားမည်သို့ရှင်းပြရမည်မသိ။ သူပြောပြသည်မှာ မကြာသေးခင်ကမြောက်ပိုင်းလမ်းမကြီးတွင်မိစ္ဆာအချို့ ပဟေဠိဖြစ်စွာပေါ်လာသည်။ သူတို့ကကုန်သည်များကိုစားတတ်ပြီး အတော်လေးလည်းထူးဆန်းကြသည်၊ အခြားနေရာများကိုစိတ်မဝင်စားဘဲ လမ်းမကြီးပေါ်တွင်သာသောင်းကျန်းနေကြ၏။ ထိုအကြောင်းအရင်းများကြောင့် ဒေသခံများကထိုလမ်းမှမသွားရဲကြဘဲ ဘာမှမသိသောအပြင်လူများသာစွန့်စားသွားလာကြသည်။
စားပွဲထိုး : "ဧည့်သည်တို့ကကံကောင်းတာနော် လွန်ခဲ့တဲ့ရက်တွေကဆိုမိစ္ဆာအစားခံလိုက်ရတဲ့ခရီးသွားတွေ အရိုးတောင်ရှာမတွေ့ဘူးတဲ့"
ဖူဟွား: "ဒီလိုတွေဖြစ်နေတာကို ဒီမှာနေတဲ့လူတွေကဘာမှမလုပ်ကြဘူးလား"
စားပွဲထိုးလေးခါးသက်သက်ပြုံးကာ "လုပ်တော့လုပ်ခဲ့တာပဲ မိစ္ဆာတွေကအရမ်းစွမ်းအားကြီးနေတာ ဟယ့်မိသားစုကတပည့်တွေလွှတ်လိုက်ပေမဲ့ ဆိုးဆိုးရွားရွားဒဏ်ရာရသွားကြတယ်လေ"
လင်းရုဖေး : "ဆိုတော့ ဒီလိုကိုး"
"ဟုတ်တယ်"
စားပွဲထိုးလေးကခေါင်းယမ်းပြီးသက်ပြင်းချသည်။
"လောကကြီးကမလုံခြုံဘူး ဧည့်သည်တို့ ကျန်းဟူမှာသွားလာမယ်ဆိုသတိထားကြပါ"
"ကျေးဇူးတင်ပါတယ်"
လင်းရုဖေးကစားပွဲထိုးလေးအား ငွေစအနည်းငယ်ပေးလိုက်သည်။ စားပွဲထိုးလေးက ဝမ်းပမ်းတသာယူ၍ထွက်သွား၏။
စားပွဲထိုးလေးပြောသည်ကိုနားထောင်ပြီး လင်းရုဖေးသည် လှည်းအနောက်မှလိုက်လာခဲ့သူကိုသတိရမိသည်။ သူကတစ်ကြိမ်မျှမမြင်ဖူးသောလူစိမ်းများအပေါ် သူကအတွေးများကာအသေးစိတ်သတိထားနေတတ်သည်။
အနားယူခြင်းအမှုမှာ ပြီးစီးချေပြီ။ လင်းရုဖေးက ဖူဟွားနှင့်ယွီရွေ့အားလျှောက်မသွားခင်စကားအနည်းငယ်မှာထားခဲ့သည်။ မြို့ငယ်လေးမှာမကြီးလှပေ၊ လမ်းကြားလေးများကစည်ကားပြီးသူတစ်ခါပင်မမြင်ဖူးသည့်ရှားပါးပစ္စည်းငယ်လေးများကိုပင်တွေ့နိုင်သည်။ လင်းရုဖေး၏ခြေလှမ်းများက အကြွပ်ကြော်နေသောပန်ကိတ်ဆိုင်ရှေ့တွင်ရပ်သွားသည်။ ပန်ကိတ်အကြွပ်ကြော်ကအရသာရှိမည့်ပုံပေါ်သည်။ အပြင်ဘက်အလွှာကိုကြက်သွန်နှင့်ပတ်ထားပြီး အသားထည့်ကာအိုးထဲတွင်ထည့်ကြော်သည်၊ လှိမ့်လိုက်သည့်အခါ သွားရည်ယိုချင်စဖွယ်အငွေ့အသက်ကပျံ့လွင့်လာသည်။ ပြီးနောက် တူဖြင့်ငါးများကိုညှပ်ကာအိုးထဲတွင်လှိမ့်ပြီးနောက် အသင့်စားနိုင်ချေပြီ။
လင်းရုဖေးကတစ်ခုဝယ်ပြီး ပါးစပ်ထဲထည့်တော့မည့်အချိန် ရင်းနှီးနေသောပုံရိပ်လေးအားလှမ်းမြင်လိုက်ရသည်။ လွန်ခဲ့သောရက်ကမြင်ခဲ့ရသူပင်။
ထိုလူကလက်ထဲတွင် ဓားကြီးသယ်ထားပုံက....အတော်လေးစိတ်ဝင်စားစရာကောင်းသည်။
"စားပါဦး"
သူကို့လင်းရုဖေးကကြည့်ပြီးစိတ်လိုလက်ရမေးလိုက်သည်။
"မသင့်တော်ပါဘူး ခင်ဗျားဝယ်ထားတာလေ"
ပြောပြီးသည့်နောက် သူသည်လင်းရုဖေးထံလျှောက်လာပြီးပန်ကိတ်ကြော်အားကြည့်နေသော မျက်လုံးရွဲကြီးများကပိုအရောင်တောက်လာသည်။
လင်းရုဖေးကပြုံးပြီး : "ရပါတယ် ကျွန်တော်နောက်တစ်ခုထပ်ဝယ်လိုက်ပါ့မယ်"
သူကစိတ်မဝင်စားဟန်ဖြင့် ပန်ကိတ်ကြော်အားထိုသူ့ထံပေးလိုက်သည့်အခါ ထိုသူကချက်ချင်းပင်အလုတ်ကြီးကြီးကိုက်ချလိုက်သည်။ ပန်ကိတ်ကြော်ကကြီးလွန်းလှသော်ငြားသူသည်နှစ်ကိုက်တည်းဖြင့်အပျောက်သိပ်လိုက်နိုင်သည်။
စားပြီးသည့်နောက် သူကဆိုင်ရှင်ထံသွားကာ "ဆိုင်ရှင် ကျွန်တော့်ကိုအကုန်ထုပ်ပေးပါ"
ပြောပြီးမှ သူသည် တစ်ခုခုမှားယွင်းသွားသလိုခံစားရသည်။
သူကစကားများကိုပြန်စဉ်းစားနေပြီးမှ ဘေးတွင်ရပ်နေသောလင်းရုဖေးအားသတိရသွားပြီး "သူ့အတွက်တစ်ခုချန်ထားပေးပါ"
ဤအခြေအနေမျိုးကရင်းနှီးနေ၍ လင်းရုဖေးကရယ်မိပြီး 'ကျေးဇူးပါပဲ'ဟုပြောမိသည်။ ထိုသူက သူ့အတွက် တစ်ခုချန်ထားပေးရန်သတိရသေးသည်ပင်။
ထိုသူက "စိတ်မရှိပါနဲ့ ကျွန်တော်ကဒီလိုပဲစားနေကျဗျ ကျွန်တော်ကအ၀စားလိုက်ရမှ မဟုတ်ရင် နေမထိထိုင်မသာဖြစ်နေရော"
လင်းရုဖေး : "တဆိတ်လောက် ခင်ဗျားရဲ့နာမည်လေးသိခွင့်ရမလား"
ထိုသူကပြန်ဖြေသည်။ "ဟယ့်ဝမ်ရှင်း"
သူ၏အမည်ကိုကြားပြီး လင်းရုဖေး၏မျက်လုံးများကအရောင်တောက်သွားသည်။
လင်းရုဖေး : "လူကြီးမင်းကဟယ့်မိသားစုဝင်လား"
ဟယ့်ဝမ်ရှင်း : "ဆိုပါတော့ သခင်လေးက ဟယ့်မိသားစုဆီကလိုချင်တာရှိလို့လား"
လင်းရုဖေးကလက်နှစ်ဖက်ယှက်ကာ : "ကျွန်တော်ကခွန်းလွန်တောင်ရဲ့လင်းမိသားစုက လင်းရုဖေးပါ"
ဟယ့်ဝမ်ရှင်းမှာ ရေခဲလွန်ပြီးမေ့လဲသွားတော့မယောင်၊ လင်းရုဖေးကလင်းမိသားစုဝင်မှန်းမထင်မှတ်ထားခဲ့ပုံရပြီး သူ၏အသံကလည်းတွန့်ဆုတ်ဆုတ်ဖြစ်သွားသည်။
"သခင်လေးလင်း....သိုင်းပြိုင်ပွဲအတွက်ခွန်းလွန်တောင်ကနေဒီအထိအကြောင်းကြားစာလာပေးတာလား"
လင်းရုဖေးကပြုံးသည်။ "ဟုတ်ပါတယ်"
ဟယ့်ဝမ်ရှင်းကရေရွတ်၏။
"တိုက်ဆိုင်လိုက်တာ ကျွန်တော်တို့ကလမ်းတူမယ်လို့ထင်ခဲ့သားပဲ အတူလိုက်ခဲ့ပါလား"
လင်းရုဖေး : "ဟုတ်ကဲ့"
ဤနေရာမှဟယ့်မိသားစုထံသွားလျှင် အနည်းဆုံးနောက်ထပ်နှစ်ရက်ခန့်သွားရပေမည်။ ဟယ့်မိသားစုကသူနှင့်အတူခရီးသွားနိုင်ခြင်းမှာလည်းကောင်းသည့်အရာပင်။
_____
Translated By IQ-Team.