အပိုင်း ၁၂၀
Viewers 14k

Chapter 120
ယွီနန် ဟယ့်မိသားစု

----------------------


တာ့ကျင်းခရီးစဉ်မှာလည်းပြီးဆုံးသွားခဲ့ပြီဖြစ်၍ သူတို့လည်းထွက်ခွာရန်အချိန်ကျလေပြီ။

နောက်တနေ့နံနက်အစောပိုင်းတွင် ရွှမ်းချင်အားလင်းရုဖေးကသွားနှုတ်ဆက်သည်။ လင်းရုဖေးကသူ့အား ဘယ်နေရာသွားမလဲ ဟုမေးသည့်အခါ သူအထူးတလည်သွားရောက်ချင်နေသည့်နေရာမရှိကြောင်းဆို၏။ သူသည်နေရာအနှံ့ခရီးဆန့်ရုံသာရှိပြီး ယောင်ကွမ်းတိုက်ကြီးမှာလည်းကျယ်ပြန့်လွန်းလှ၍ သူသွားကြည့်နိုင်သည့်နေရာအများအပြားရှိပေသည်။

သူသည် ဤဘုန်းကြီးအားအတော်လေးနှစ်သက်မိသော်ငြား ဤလောကတွင် အဆုံးမရှိသောဧည့်ခံပွဲဟူသည်မှာလည်းမရှိချေ။ လင်းရုဖေးကအတင်းတိုက်တွန်းမနေတော့ဘဲ သွားခါနီးတွင်အိတ်ထဲမှရွှေစတစ်စကိုထုတ်ပြီး ရွှမ်းချင်အားကမ်းပေးလိုက်သည်။

ရွှမ်းချင်ခမျာ ရွှေစကိုတွေ့သည့်အခါ မသိလိုက်မသိဘာသာနောက်ဆုတ်သွားရပြီး အသားစားသတ္တဝါအားတွေ့လိုက်ရသည့်နှယ် "သခင်လေးလင်း ဒါကဘာသဘောလဲ"

လင်းရုဖေးကားရယ်၍ : "ရှီးလျန်တောင်မှာ ကိုယ်တော်ကျွန်တော့်ကိုပုတီးစေ့ပေးခဲ့တာမှတ်မိသေးတယ် ဆိုတော့...ဒီရွှေစကလည်းကိုယ်တော့်ကိုအကြွေးပြန်ဆပ်တယ်လို့ပြောလို့ရတယ်မဟုတ်လား"

ရွှမ်းချင်ကတစ်ခုခုပြောတော့မည့်အချိန်တွင်...။

သို့သော် လင်းရုဖေးကသူပြောချင်သည့်စကားကိုကြားဖြတ်ပြောလိုက်သည်။

"ကိုယ်တော် လက်မခံလည်းအတင်းမပေးတော့ပါဘူး ဒါပေမဲ့ ဒီလိုအလေ့အထမျိုးက ကျွန်တော်တို့ကြားမှာမတူညီဘူးထင်ပါတယ် ကိုယ်တော်သာကျွန်တော့်ကိုသူငယ်ချင်းလိုသဘောထားတယ်ဆိုရင် ဝမ်းမြောက်ဝမ်းသာနဲ့သာလက်ခံပေးပါ"

ထိုစကားကြောင့် ရွှမ်းချင်ကထပ်ငြင်းမိပြန်ပါလျှင် သူကသာသူငယ်ချင်းဟုသဘောမထားသူဖြစ်နေပြန်သည်။ နောက်ဆုံး၌ သူသည်သက်ပြင်းချလိုက်ပြီး ရွှေစကိုလက်ခံလိုက်ရသည်။ ထိုအခါမှ လင်းရုဖေးအနည်းငယ်စိတ်အေးသွားရ၏။ ရွှမ်းချင်သည်မည်မျှပင် စွမ်းအားကြီးသူဖြစ်ပါစေ သူသည်လည်းလူသားတစ်ယောက်ပင်။ လူတစ်ယောက်သည် စားသောက်ဝတ်စားရန် အခြေခံကုန်ကျစရိတ်လိုအပ်သည်။ သူသည်ဘုံကျောင်းတွင်နေထိုင်ခဲ့ပြီး အသက်ရှင်နေထိုင်ရန်အလှူခံနိုင်သည့်တိုင် ငွေလိုအပ်သည့်နေရာရှိလာလိမ့်မည်ပင်။ လင်းရုဖေးသည် အနည်းဆုံးအနှီကိုယ်တော်က သကြားလူသားလေးအားဝယ်စားနိုင်သည့်ပိုက်ဆံလေးရှိစေချင်မိသည်။

သကြားလူသားလေးဆိုမှ လင်းရုဖေးသည်မနေ့ညကအဖြစ်အပျက်ကိုပြန်မြင်ယောင်မိပြီး မျက်နှာမှာအောင့်အည်းမထားနိုင်ဘဲမသာမယာဖြစ်လာသည်။ ရွှမ်းချင်သည် သူ၏အမူအရာကိုနားမလည်နိုင်သည့်တိုင် ထွက်ခွာတော့မည်ဖြစ်၍စိတ်မကောင်းဖြစ်နေသည်ဟုသာယူဆလိုက်သည်။ ထို့ကြောင့်သူသည် လက်နှစ်ဖက်အချင်းချင်းယှက်ကာ လင်းရုဖေးအားကိုယ်ကိုကိုင်းညွတ်လျက် ကံမကုန်သေးပါက သူတို့နှစ်ယောက်ပြန်ဆုံန်ိုင်မည့်အကြောင်းပြောကာနှုတ်ဆက်လိုက်သည်။

လင်းရုဖေးသည်ရွှမ်းချင်အား စားသောက်ဆိုင်အဝအထိလိုက်ပို့ပေးပြီးမြို့အပြင်အထိလိုက်ပို့ပေးချင်သော်ငြား ရွှမ်းချင်ကသူ၏တောင်းဆိုချက်အားငြင်းပယ်လိုက်သည်။ လင်းရုဖေးသည်နေရာတွင်သာရပ်နေလျက် တဖြည်းဖြည်းနှင့်ဝေးကွာသွားသောရွှမ်းချင်ကိုကြည့်နေမိသည်။ သူ၏ကျောပြင်သည် လင်းရုဖေးသူ့အားပထမဆုံးအကြိမ်တွေ့ဆုံစဉ်ကအတိုင်း လွတ်လပ်ပေါ့ပါးနေ၏။

လင်းရုဖေးကားတွေးလိုက်မိသည်။

' အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ဘုန်းကြီးပဲ '

လင်းရုဖေးကဖူဟွားအား မသွားခင်နေ့လယ်စာစားသွားကြမည့်အကြောင်းပြောပြလိုက်သည်။ ဖူဟွားကအချိန်ကိုအခွင့်ကောင်းယူကာခရီးထွက်ရန် လှည်းကိုအသင့်ပြင်ထားလိုက်၏။

တံခါးအပြင်မှဒုန်းဆိုင်းနှင်လာသောမြင်းခွာသံများကိုကြားရကာ ၎င်းနောက်မှရေးကြီးသုတ်ပျာဖြင့်ဗြုန်းကနဲဝင်လာသောပုံရိပ်တစ်ခုကပ်ပါလာသည်။

"ကိုယ်တော်ရွှမ်းချင်ဘယ်မှာလဲ"

ဧည့်သည်တော်ခမျာအသက်ပင်ဝအောင်မရှူနိုင်ရှာဘဲ နဖူးတွင်လည်းချွေးတလွှာစိုနေသည်။ ထိုသူမှာ မနေ့ညကလင်းရုဖေး လမ်းကြားလေးထဲတွင်တွေ့ခဲ့ရသောဇာတ်လိုက်ကျော် တာ့ကျင်းပြည်မင်းသားပိုင်ထျန်းရွေ့မှလွဲကာအခြားသူမဟုတ်ပါချေ။

"သွားပြီ"

လင်းရုဖေးကအမြန်ပြန်ဖြေပေးသည်။

"မနက်တည်းကထွက်သွားတာ"

"ထွက်သွားပြီလား"

ပိုင်ထျန်းရွေ့က အလွန်အမင်းမယုံကြည်နိုင်သယောင်ဖြင့် "နှုတ်ဆက်ဖို့ နန်းတော်လာပြီးကျွန်တော့်အစ်ကိုကိုမပြောသွားဘူးလား"

လင်းရုဖေးကရိုးရိုးသားသားပင်ခေါင်းယမ်းပြသည်။

"မသိဘူးလေ"

ပိုင်ထျန်းရွေ့သည် အော်ကြီးဟစ်ကျယ်ဆဲရေးကာလှည့်ထွက်သွား၏။ လင်းရုဖေးသည် အနှီသူ၏ဝေးသထက်ဝေးသွားပြီးသေးငယ်သွားသောကျောပြင်အား ရှင်းလင်းပြတ်သားစွာမြင်နေရသည်။ ယွီရွေ့နှင့်ကျန်သူများမှာ ထိုသူတို့နှစ်ယောက်ကြားမှအခြေအနေကိုမသိကြသောကြောင့် မင်းသားနှင့်ထိုဘုန်းကြီးမှာရန်စရှိနေသလားဟုတိုးတိုးတိတ်တိတ်မေးကြသည်၊ မဟုတ်လျှင် သူ၏အပြုအမူများကဘယ်လိုလုပ်မဖုံးနိုင်မဖိနိုင်ဒေါသတကြီးဖြစ်နေရသည်း။

လင်းရုဖေးကပေါ့ပေါ့တန်တန်သာဖြေလိုက်သည်။

"ရန်စရှိနေတာပဲနေမှာပေါ့"

ယွီရွေ့ : "ဘုန်းကြီးတော့သတိထားသင့်တယ် မင်းသားကအရမ်းကြမ်းတမ်းတာပဲ"

လင်းရုဖေးကပြုံးသာပြုံးလိုက်၏။

"ပြုံးနေသောကျား" ဟူ၍ပြောရလောက်သည့် ပိုင်ထျန်းရွေ့သည် ရွှမ်းချင်နှင့်တွေ့သည်နှင့် လုံးဝကိုအခြားလူတစ်ယောက်ကဲ့သို့ဖြစ်သွားတတ်သည်။ အနှီပုံစံကအလွန်အမင်းစိတ်ဝင်စားစရာကောင်းလှသည်။

နေ့လယ်စာစားသောက်ပြီးသည်နှင့် လင်းရုဖေးကလှည်းပေါ်သို့တက်ပြီးလမ်းမကြီးအတိုင်း တောင်ဘက်သို့ဦးတည်ထွက်ခွာလေသည်။

တောင်ဘက်သို့ရောက်လာလေ ယောင်ကွမ်းစီရင်စု၏ပထဝီအရ ဗဟိုကျသောနေရာနှင့်နီးကပ်လာပြီး စီးပွားရေးမှာလည်းပိုတိုးတက်လာလေပင်။ သူတို့ဖြတ်သန်းလာသောလမ်းမကြီးပင် ပိုမိုကျယ်ဝန်းလာသည်။ မကြာမီမှာပင် သူတို့သည်ကုန်စည်များတင်ဆောင်လာသောလူကုံထံကုန်သည်များနှင့် မြင်းများဖြင့်ခရီးသွားများကိုတွေ့လာရသည်။

လင်းရုဖေးမှာလည်း မြင်းစီးချင်နေသည်၊ သို့သော် ကန့်လန့်ကာကိုပင့်ကာ ခြစ်ခြစ်တောက်ပူနေသော နေရောင်ကိုခေါင်းပေါ်တွင်တွေ့လိုက်ရပြီးနောက် ဆန္ဒကိုပြန်ခေါက်သိမ်းကာလှည်းထဲသို့ပြန်ဝင်လိုက်ရသည်။

ဖူဟွားသည် သခင်ငယ်လေး၏ထိုင်းမှိုင်းနေသောပုံစံကအင်မတန်ရယ်စရာကောင်းလှ၍ နှစ်သိမ့်သည့်အနေဖြင့် ဇီးသီးစွပ်ပြုတ်တစ်ပန်းကန်ပေးကာ "သခင်လေး စိတ်ထဲအရမ်းထားမနေပါနဲ့ လနည်းနည်းကြာရင်အေးလာတော့မှာပါ အဲဒီအချိန်ရောက်မှသခင်လေး ဝတ်ရုံတစ်ထည်ကိုခြုံပြီး မြင်းရဲ့ကျောပေါ်မှာလိုက်စီးပေါ့ အရမ်းကြည့်ကောင်းနေမှာတော့ သေချာပေါက်ပဲ"

လင်းရုဖေးသည်ပျင်းပျင်းနှင့်ဇီးသီးစွပ်ပြုတ်အားဆက်သောက်နေလိုက်ပြီး ယွီနန်ရောက်ရန်ရက်မည်မျှလိုသေးသနည်းဟုမေးလိုက်သည်။

ဖူဟွားက ရက်များကိုတွက်ချက်ကြည့်ပြီးသူတို့ နေ့နှင့်ညကိုမနားတမ်းသွားပါက ခုနစ်ရက်၊ ရှစ်ရက်ကြာလျှင်ရောက်မည်။ နားနားနေနေသွားပါက ဆယ်ရက်ကျော်ကြာလိမ့်မည် ဟုဆိုလာသည်။

လင်းရုဖေးသည် 'အို့'ဟုဆိုကာ မလောရန်သာပြောလိုက်၏။ ခရီးရှည်ထွက်လာခြင်းဖြစ်၍ ရက်ကြာလျှင်လည်းကိစ္စမရှိချေ။ ဘေးပတ်ဝန်းကျင်မှရှုခင်းများကိုကြည့်ရန်အချိန်ပင်ပိုရသေးသည်။

အလျင်မလိုစွာဖြင့် သူတို့သည်ရက်အနည်းငယ်ကြာအောင်ခရီးဆက်ခဲ့ကြသည်။ ပတ်ဝန်းကျင်မှအဝတ်အစားများနှင့် ရိုးရာဓလေ့များကစတင်ပြောင်းလဲလာချေပြီ။ ယွီနန်ပြည်သူများမှာ တာ့ကျင်းပြည်သူများကဲ့သို့မပွင့်လင်းကြချေ၊ သို့ထိတိုင် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားပြီး သူတို့သည်ဂျုံနှင့်လုပ်သည့်မုန့်များကို အနှစ်သက်ဆုံးဖြစ်ကြသည်။ လင်းရုဖေးမှာလမ်းတစ်လျှောက် ထမင်းချည့်သာစားလာရပြီး ယွီနန်ရောက်သည့်အခါ စားသောက်ဆိုင်အများအပြားတွင်ခေါက်ဆွဲကဈေးကြီးနေသည်ကိုတွေ့လိုက်ရသည်။ အများစုမှာပန်ကိတ်များနှင့် ဂျုံနှင့်လုပ်ထားသည့်ဟင်းလျာများသာဖြစ်သည်။ ကံကောင်းစွာဖြင့် အရသာကောင်းသောကြောင့် လင်းရုဖေးသည် စိတ်ချမ်းသာစွာဖြင့်စားသောက်ခဲ့သည်။

သို့သော် ယွီရွေ့တစ်ယောက်တည်းသာ နေရတာအဆင်မပြေသလိုဖြစ်နေသည်။ သူမခမျာ ထမင်းမစားရ၍ အစာအိမ်မှာအမြဲဟောင်းလောင်းဖြစ်နေသလိုခံစားရသည်ဟုရေရွတ်နေတတ်သည်။ ဖူဟွားကပြုံးကာသူမ၏နဖူးကိုတောက်ပြီး 'နင်ဒီကိုလိုက်လာတာ သခင်လေးကိုပြုစုဖို့လား...နင်ပျော်ဖို့လား' ဟူ၍ဝေဖန်သည်။

ယွီရွေ့သည်တအီအီဖြင့် သခင်လေးလည်းထမင်းစားချင်လောက်သည်ဟုပြန်လည်ချေပကာ လင်းရုဖေးအားလှည့်မေးလာသည်။

"အင်း...အင်း..."

လင်းရုဖေးမှာ သူ၏အစေခံမလေးအားချော့မော့ရန် "ဒီနေ့ညထမင်းဆိုင်ကိုလိုက်ရှာရအောင်"

ဖူဟွားကလည်းသဘောတူသည်။

"ကောင်းပြီ"

မြို့ထဲသို့ဝင်လာပြီးနောက် အနားမှလူများကို လိုက်လံမေးမြန်းကြည့်လိုက်သည့်အခါ ထမင်းဆိုင်အားရှာတွေ့သွားသည်၊ သုံးယောက်သားကဆိုင်ထဲဝင်ကာ စားစရာအချို့မှာပြီး ယနေ့ညကိုဤနေရာတွင်သာတည်းကြရန်စီစဉ်လိုက်ကြသည်။

လင်းရုဖေးသည်ဆိုင်ထဲတွင်ထိုင်စောင့်နေရင်း 'ဖရဲသီးရမယ်' ဟူသောဈေးသည်အော်သံကိုကြားလိုက်ရသည်။ သူအံ့အားသင့်သွားပြီး ယွီရွေ့အားအပြင်ထွက်၍တစ်လုံးဝယ်ခိုင်းလိုက်သည်။ ညဘက်တွင် နွေအပူသက်သာစေရန် သူတို့သည်သစ်သီးစားနိုင်သည်။

ယွီရွေ့သည် ပျော်ရွှင်စွာဖြင့်ပြေးထွက်သွားပြီး အချိန်အတန်ကြာသည်အထိပြန်ရောက်လာသောအရိပ်အယောင်ကိုမတွေ့ရချေ။ အပြင်ဘက်တွင်စကားများရန်ဖြစ်နေသယောင် အသံများဆူညံနေသည်။ ဖူဟွားက အခြေအနေမကောင်းသည်ကိုခံစားရပြီး သွားကြည့်ရန်ထရပ်သည်။

သို့ရာတွင် လင်းရုဖေးကပါရပ်ကာ "အတူသွားကြမယ်"

ဖူဟွားကခေါင်းညိတ်၏။

နှစ်ယောက်လုံး အပြင်ထွက်လာကြသည့်အခါ အမှန်တကယ်ပင်ယွီရွေ့သည် လူတစ်ယောက်နှင့်ငြင်းခုန်နေလေသည်။ သူမသည်ခေါင်းကိုမော့ကာ နောက်တစ်ယောက်နှင့်စကားများနေ၏။ သူမသည်အတန်ပင်စိတ်တိုနေ၍ ဖြူရော်ရော်မျက်နှာလေးပင်နီမြန်းနေပြီး သူမ၏လက်ကခါးပေါ်မှ ဓားရိုးကိုတင်းတင်းဆုပ်ထားသည်မှာ ဓားအားအချိန်မရွေးဆွဲထုတ်တော့မည့်ဟန်။ ယွီရွေ့နှင့်စကားများနေသူမှာ အရပ်ရှည်ရှည်နှင့်ယောကျ်ားတစ်ယောက်ပင်။ ထိုသူ့တွင်ဓားကဲ့သို့သောမျက်ခုံးနှင့်လင်းယုန်မျက်လုံးများရှိသည်။ အရပ်ရှည်ကာသန်မာပြီး ကျောပေါ်တွင်ဓားရှည်တစ်ချောင်းလွယ်ထားသည်။ သူ၏ကြွက်သားအပြည့်ဖြင့်လက်များကရင်ဘတ်တွင် ယှက်သိုင်းထားပြီး ဒေါသတကြီးစွေ့စွေ့ခုန်နေသော ယွီရွေ့အားငုံ့ကြည့်နေသည်။ ယွီရွေ့သည် ဆယ်ကျော်သက်အရွယ်သာရှိသေးပြီး ကိုယ်လုံးကိုယ်ပေါက်သေးသွယ်သည်။ ယခုသူမ ယောကျ်ားတစ်ယောက်အရှေ့တွင်ရပ်နေသည့်အခါ အရုပ်လေးနှင့်အတန်ငယ်ဆင်တူနေသည်။

"ရှင်ဘာလို့အကျိုးအကြောင်းသင့်အောင်တောင်မတွေးတတ်ရတာလဲ"

ယွီရွေ့ကအံကြိတ်သည်။

"ရှင်အကုန်ဝယ်လိုက်တော့ကျန်တဲ့သူကဘာသွားစားရမှာလဲ"

ထိုလူကတုံ့ပြန်သည်။

"ငါဒီနေရာကိုအရင်ရောက်တာ"

ယွီရွေ့ကရန်ပြန်တွေ့သည်။

"ရှင်ကျွန်မနဲ့တစ်လုံးလေးတောင်မျှလို့မရဘူးလား"

ထိုလူကလည်းထပ်ပြောပြန်သည်။

"ငါဒီနေရာကိုအရင်ရောက်တာ"

"ရှင်..."

ယွီရွေ့ကား ပို၍ပင်စိတိုလာ၏။

၎င်းကိုမြင်တွေ့ပြီး ဖူဟွားကလှမ်းခေါ်သည်။

"ယွီရွေ့ ဘာဖြစ်နေတာလဲ"

"မမဖူဟွား"

ယွီရွေ့သည် ဖူဟွားနှင့်သူမ၏သခင်လေးတို့အတူလာသည်ကိုမြင်သည်နှင့် ချက်ချင်းပင်ယွီရွေ့၏အနားကိုခြေလှမ်းစိပ်စိပ်ဖြင့်ပြေးလာပြီးအေမာတေကာဆို၏။

"အခုလေးတင် သခင်လေးကဖရဲသီးစားချင်တယ်လို့ပြောလို့ ချက်ချင်းထွက်လာတာ ဘယ်သူထင်ထားမှာလဲ ဒီလူကကျွန်မထက်ခြေတလှမ်းစောရောက်လာပြီး...သူဖရဲသီးတွေအကုန်လုံးလိုချင်တယ်တဲ့လေ ကျွန်မကသူ့ကို တစ်လုံးပဲချန်ထားပေးဖို့ပြောတာကိုငြင်းနေတယ်"

ဈေးသည်သည် ဖရဲသီးတွန်းလှည်းကိုပေါင်တစ်ရာခန့်ရှိသောဖရဲသီးများဖြင့် လမ်းထဲတွင်လှည့်ရောင်းနေပြီး သူမကတစ်လုံးသာလိုချင်သည့်အကြောင်းမည်မျှပြောပါစေ ထိုသူကပေးလိုက်ရန်ငြင်းဆန်နေသည်။ သူတို့ကဆက်ပြီးဈေးဆစ်နေ၍ ယွီရွေ့နှင့်ထိုသူကစပြီးစကားများကြတော့သည်။

ထိုလူကစကားလုံးလေးလုံးမှလွဲကာပိုမပြောပေ။

"ငါဒီနေရာကိုအရင်ရောက်တာ"

၎င်းကယွီရွေ့အားဒေါသထွက်လွန်း၍ မေ့လဲသွားလုမတတ်ပင်။

လင်းရုဖေးသည်ဖြစ်စဉ်အစအဆုံးကိုနားထောင်ပြီးနောက် သူ၏အစေခံမလေးအထွန့်တက်နေသည်ကို မထူးဆန်းသလိုခံစားရသည်။

သူသည်လက်ကိုဝှေ့ယမ်းပြကာ : "ထားပါတော့ သူဝယ်ချင်တယ်ဆိုတော့လည်းဝယ်သွားပါစေပေါ့ ငါတို့စားသောက်ပြီးရင် လမ်းထဲမှာ ဖရဲသီးရောင်းတဲ့နေရာရှိလို့ရှိငြားထပ်ရှာကြမယ်"

ယွီရွေ့ကအောက်ဘက်နှုတ်ခမ်းကိုကိုက်သည်။

"ဖရဲသီးတွေကအများကြီး သူကုန်မှာမလို့လား ရာသီဥတုကဒီလောက်ပူနေတာကို ဖရဲသီးကလည်းအလွန်ဆုံးမှနှစ်ရက်ပဲခံမှာပေါ့"

ဘေးမှလူကယွီရွေ့၏စကားကိုကြားပြီးတုံ့ပြန်သည်။

"ဒါပေါ့ ငါကုန်တယ်လေ"

ယွီရွေ့ကမေးလိုက်သည်။

"ဘယ်နှယောက်စားမှာလဲ"

ထိုလူကသူ့ကိုယ်သူလက်ညိုးထိုးပြသည်။

ယွီရွေ့က ကြောင်တောင်တောင်ဖြင့်ကြည့်ကာ : "ရှင်ဟာရှင်စားတာ...တစ်ယောက်အတွက်တော့များလွန်းတယ် ကျွန်မ မယုံဘူး"

ထိုလူက 'မင်းမယုံလည်းမတတ်နိုင်ဘူး' ဟူသောသဘောဖြင့်လက်ဖြန့်ပြသည်။

ယွီရွေ့ကသွားများကိုကြိတ်ကာ ဒေါသများတလိပ်လိပ်ထလာသည်။

"ရှင်ကျွန်မကိုတမင် လာနောက်နေတာပဲ ဟမ့် ရှင်တကယ်အကုန်လုံးစားနိုင်ရင် ဒါဖိုး ကျွန်မပေးမယ်"

ထိုလူကပြန်ပြောလာသည်။

"တကယ်နော်"

ယွီရွေ့ : "တကယ်...."

ထိုလူသည် အင်္ကျီစများကိုလိပ်တင်ပြီး စားရန်အသင့်ပြင်သည်။ ဖရဲသီးဈေးသည်ကားပြုံးနေပါ၏။ သူ့ထံတွင်အမြင်ကောင်းရှိသောကြောင့် ထိုလူများမှာ အဝတ်အစားကို ကောင်းကောင်းမွန်မွန်ဝတ်စားထားသည်ဟုဆိုနိုင်သည်။ ခါးထက်၌လည်းဓားကိုချိတ်ထားသေးသဖြင့် ပိုက်ဆံပေးရာတွင်လည်းစကားနှစ်မျိုးမပြောလောက်ပေ။

ထို့ကြောင့် သူသည်အနှီသူအားဖရဲသီးခွဲပေးပြီးနောက် မေးလိုက်၏။

"ဘယ်လိုလဲ လူကြီးမင်း ကျွန်တော့် ဖရဲသီးက ချိုတယ်မလား"

ထိုလူ : "မဆိုးဘူး ချိုသားပဲ"

ဖရဲသီး၏အပြင်ဘက်မှအခွံစိမ်းသည်ကွဲထွက်သွားကာ အတွင်းဘက်မှနီမြန်းပြီးအရည်ရွှမ်းနေသောဖရဲသီးအသားထွက်ပေါ်လာသည်။ အတွင်း၌ ပြောင်လက်နေကာကြွပ်ပြီးချိုမည့်ပုံရသည်။ ယွီရွေ့မှာချိုမြိန်သောအနံ့ကိုရှူလိုက်မိပြီး မနေနိုင်၍တံတွေးမြိုချမိသည်။ သူမ၏မျက်လုံးများက ဖရဲသီးပေါ်တွင်သာမခွာတမ်းကပ်နေ၏။ ဤလူ၏ပါးစပ်ကအတော်လေးကြီးသည်။ တစ်ကိုက်တည်းနှင့်ပင်ဖရဲသီးတခြမ်းလုံးကုန်သွားခဲ့သည်။ သို့သော် စားနေသည့်ဟန်ပန်ကသိပ်ကြည့်မကောင်းလှပေ။ ယင်းက အိန္ဒြေမရဖြစ်နေဟန်ပေါ်သည်။

ဖူဟွားကမျက်မှောင်ကြုတ်သည်။ သူမသည် အစက ဤလူသည် ယွီရွေ့အားစနောက်နေသည်ဟုသာထင်ခဲ့သည်။ သူမက မှုန်တေတေဖြင့်စကားပြောမည်ပြုသည့်တိုင် လင်းရုဖေးကသူမအားတားသည်။

လင်းရုဖေးကားပြုံးနေလျက်ပင်ခေါင်းယမ်းရင်း "သူစားတာကိုကြည့်နေလို့မထိခိုက်ပါဘူး"

ဖူဟွားက ခေါင်းညိတ်ပြီးသားတုံ့ပြန်သည်။

ထိုလူဖရဲသီးစားနေသည်မှာ အင်မတန်မြန်သည်။ မကြာမီ ဘေးဘက်တွင်ဖရဲသီးအခွံများပုံလာသည်။ အဆိုပါ အရည်ရွှမ်းသည့်ဖရဲသီးများက အဆုံးမရှိသောတွင်းနက်ကြီးအတွင်းကျသွားသလို အစအနလေးပင်ရှာမတွေ့တော့ပေ။ ထိုသူ၏စားနေသောအရှိန်မှာအစမှအဆုံးအထိမပြောင်းလဲ၍ ဘေးတွင်ရပ်ကြည့်နေကြသူများပင်မှင်သက်နေကြ၏။ အချိန်တိုလေးအတွင်း ဖရဲသီးတန်းတွင် ဇာတ်ပွဲကြည့်သကဲ့သို့ လူများအုံဖွဲ့ကာ ၀ိုင်းကြည့်လာကြသည်။ ထိုလူကတစ်လုံးစားပြီးတိုင်း လူအုပ်ကြီးကအော်ဟစ်အားပေးကြသည်။ ရိုးရှင်းစွာဖြင့် စည်ကားသိုက်မြိုက်မှုက လူအများ၏ စိတ်လှုပ်ရှားမှုကို သက်သေခံထား၏။

ဖူဟွားမှာကြည့်နေရင်းပင် ရူးတော့မယောင်ဖြစ်လာသည်၊ သူမသည် ဤမျှအစားကြီးသူမျိုးကိုမမြင်တွေ့ခဲ့ဖူးပါချေ။ ပေါင်ရာချီဖရဲသီးများကသူ၏ပါးစပ်ထဲသို့ ကြီးမားပြီးအရသာရှိသောမုန့်များနှယ်ဝင်သွားသည်။ တစ်လုံးပြီးတစ်လုံးသူသည်အသက်ရှူချိန်ပင်မရဘဲ မျက်စိတမှိတ်အတွင်းမှာပင်ဖရဲသီးလှည်း၏အခြေကိုမြင်နေရပြီး အနည်းငယ်သာကျန်တော့၏။

'သူတကယ်ကြီးစားလို့ပြီးတော့မှာလား'

ယွီရွေ့သည်မြေကြီးပေါ်မှဖရဲသီးအခွံများကိုစိုက်ကြည့်ပြီးနောက် ထိုလူကိုမကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ကြည့်လိုက်မိသည်။

လင်းရုဖေးသည် ယွီရွေ့၏ထိတ်လန့်နေသောမျက်နှာထားကိုသတိထားမိပြီးနောက် ဤကိစ္စကတကယ်ရယ်ရသည်ဟု မစာမနာတွေးမိသည်။

"ရှင်....ဘာလို့ဒီလောက်တော်စားနိုင်ရတာလဲ"

ယွီရွေ့ကအနှီသူကိုငေးကြည့်နေရင်းမှ မေးလိုက်မိသည်။

"ဖရဲသီးတွေအများကြီးပဲ ရှင်လေမပွဘူးလား"