အပိုင်း ၁၁၉
Viewers 15k

Chapter 119


ကိစ္စများကိုဖြေရှင်းပြီးသွားပြီးနောက် ပိုင်ကျင့်လွင်ကသူတို့နှစ်ယောက်အားကျေးဇူးတင်သည့်အနေဖြင့် စားသောက်ပွဲဖြင့်ဧည့်ခံပေးသည်။ စားသောက်ပွဲမှာ ကြီးကျယ်လွန်းပြီး တော်ဝင်ဟင်းလျာများအပြင် အေစခံများက ရွှမ်းချင်နှင့်လင်းရုဖေးအားကျေးဇူးတင်သည့်အနေဖြင့်အစားအသောက်များအမျိုးမျိုးယူလာပေးသည်။ လင်းရုဖေးသည်နာမည်သာကြားဖူးသောမင်းသားတစ်ကိုလည်းတွေ့လိုက်ရသည်။ စိတ်မကောင်းစရာမှာမင်းသားတစ်သည် ကြုံလှီဖျော့တော့ပြီး ပျင်းစရာကောင်းသူဟုဖော်ပြနိုင်သည်။ ထိုသူသည် ပိုင်ကျင်းလွင်၏ကြီးကျယ်မြင့်မြတ်သည့်အရှိန်အဝါကိုအမွေမရထားသလို ပိုင်မော့မော့ထံတွင်ရှိနေသော တမူထူးခြားမှုမျိုးကိုလည်းမတွေ့ရပေ။

တတိယမင်းသမီးသည် လင်းရုဖေးအနားတွင်ထိုင်သည်။

သူမသည်လည်းသူ၏ကြည့်ပုံကြည့်ဟန်ကိုသတိထားမိသွားပုံရကာ ပြုံးတုံ့တုံ့ဖြင့် "သခင်လေးလင်း မင်းသားတစ်ရဲ့ပုံစံကစိတ်ပျက်စရာကောင်းတယ်လို့ထင်နေတယ်မလား" ဟုမေးလာသည်။

လင်းရုဖေးကသူမအားတစ်ချက်ခန့်သာကြည့်ကာ "သူက ကျွန်တော်စိတ်ကူးထားခဲ့တာနဲ့ကွာတယ် နည်းနည်းတော့စိတ်မကောင်းဖြစ်မိတယ်"

စိတ်ပျက်သည်ဟုပြောလိုက်ခြင်းက အကောင်းဆုံးနည်းလမ်းမဟုတ်ပေ။

တတိယမင်းသမီးကဆို၏။

"ရှင်ကျွန်မအစ်ကိုကို တည့်တိုးတောင်အပြစ်မပြောနိုင်ဘူးပဲ သူလည်းအကြီးဆုံးမင်းသားဆိုပေမဲ့ ကြင်ယာတော်ရဲ့သားပဲလေ ဒါပေမဲ့ တစ်ယောက်မှမချစ်ကြဘူး ကြင်ယာတော်မေ့ရှိနေတုန်းကတော့အဆင်ပြေနေသေးတယ် သူလည်းဆုံးသွားရော အခြေအနေတွေကပိုဆိုးကုန်တော့တာပဲ"

သူမသည်မေးကိုချီထားပြီး လက်ချောင်းထိပ်လေးများက သေရည်ခွက်ကိုတို့ထိနေ၏။

"အထိန်းတော်ဆီကကြားဖူးတာတော့ သူကငယ်ငယ်လေးတည်းကမင်းသားနှစ်ရဲ့ အကွက်ကျကျအနိုင်ကျင့်တာကိုခံခဲ့ရတယ်တဲ့ တစ်ခါကဆို ဆောင်းတွင်းဘက်ကြီးကိုရေအေးကန်ထဲတောင်ပစ်ချခံရဖူးတယ် သူ့ကိုရေထဲဆယ်လာပြီးတဲ့နောက်ပိုင်း နေမကောင်းဖြစ်သွားပြီးဉာဏ်ထိုင်းသွားတယ်တဲ့....အဲဒါတွေကကျွန်မရောက်လာပြီးတဲ့နောက်ပိုင်းကစပြောင်းသွားတာ"

ဧကရာဇ်မင်းမြတ်က တတိယ မင်းသမီးကိုအချစ်ခင်ဆုံးဖြစ်နေ၍ မည်သူမှသူမကိုအနိုင်မကျင့်ရဲကြပေ။ ထိုသို့ဆိုလျှင်ပင် သူမကိုရှေ့တည့်တည့်ထားပြီး 'မျိုးမစစ်' ဟုခေါ်ရဲသူကရှိသေးသည်။ အကြောင်းမှာ သူမတွင်တောင့်တင်းသည့်နောက်ခံအင်အားမရှိနေ၍ အကြီးဆုံးမင်းသားနှင့်တန်းတူဖြစ်နေပေမယ့် အထီးကျန်ဆန်နေရခြင်းပင်။

တတိယမင်းသမီးကပြောလာသည်။

"အဲဒီအရိပ်က ကျွန်မနောက်ကိုလိုက်နေခဲ့တာကြာပြီ အစတုန်းကတော့ကြောက်ပေမဲ့ နန်းတော်ထဲမှာကျွန်မကိုဒုက္ခပေးနိုင်တဲ့သူကအများကြီးမှန်းနားလည်သွားတယ် အရိပ်ကသူတို့ထဲကမဟုတ်ဘူး...သခင်လေးလင်း အရှင်ရွှမ်းချင်ကအဲဒီအရိပ်နဲ့အတူလုပ်ခဲ့တယ်လို့ရှင်ပြောနိုင်လား"

လင်းရုဖေး : "အဲဒါက ကျွန်တော့်ကိုယ်ပေါ်ကဗျ"

တတိယမင်းသမီး : "ရှင့်ကိုယ်ပေါ်က ဟုတ်လား"

လင်းရုဖေး : "အင်း"

တတိယမင်းသမီးသည် စိတ်ပျက်သွားရပြီးတီးတိုးရေရွတ်လေ၏။

"ဖြစ်နိုင်ရင် ကျွန်မသူ့ကိုနောက်တစ်ခါလောက်တွေ့ချင်သေးတယ်"

သူမထိုသို့ပြောနေစဉ်တွင် ကုရွှမ်းတုသည်လင်းရုဖေးအနားတွင်ရပ်နေပြီး သူဖြည်းညှင်းစွာမတ်တပ်ရပ်လိုက်သည်တွင် သူ၏အနက်ရောင်အရိပ်ကကြမ်းပြင်၌ ထင်နေသည်ကိုမသိလိုက်ချေ။ ၎င်းက လက်ဆန့်တန်းကာမင်းသမီးသုံး၏ခေါင်းကို သည်တစ်ကြိမ်၌အတူအဖော်ပြုပေးသည့်အတွက်ကျေးဇူးတင်သည့်အနေဖြင့် ထိကိုင်လိုက်၏။

မြိန်ရေယှက်ရေဖြင့်စားသောက်ပြီးစီးသွားကြသည့်အခါ လူအုပ်ကြီးလည်း တဖြည်းဖြည်းနှင့်ကျဲသွားတော့သည်။

လင်းရုဖေးက ခွက်အနည်းငယ်မျှသောက်မိသောကြောင့် ရီဝေဝေဖြစ်နေသည်။ သူလှည်းပေါ်သို့ဖြည်းဖြည်းချင်းတက်လိုက်ချိန်တွင် ရွှမ်းချင်ကလှည်းထဲတွင်ထိုင်နေသည်ကိုသတိထားမိလိုက်သည်။

"ကိုယ်တော်က ဘာလို့ဒီလောက် အမြန်ကြီးထွက်လာရတာလဲ"

လင်းရုဖေးက စပ်စုချင်သွားသည်။

"အခုလေးတင်ကိုယ်တော့်အနားမှာ လူတွေဝိုင်းအုံနေတာမလား အားလုံးက ရွှမ်းချင်ဆိုတာဧကရာဇ်မင်းမြတ်ရှေ့မှာဆိုနာမည်ကြီးပြီး လူတိုင်းကစိတ်ပါလက်ပါနဲ့စကားပိုပြောချင်ကြတာပဲလေ ရွှမ်းချင်သာဘုန်းကြီးမဟုတ်ရင် သူတို့သမီးတွေကိုပို့ချင်တဲ့လူတွေတပြုံကြီးနေမှာ"

"တော်စမ်းပါ"

ရွှမ်းချင်ကတုံ့ပြန်၏။

"လူတွေအများကြီးနဲ့နေရတာကလည်း ဒုက္ခတစ်မျိုးပဲ"

လင်းရုဖေးကခေါင်းညိတ်ကာ ထွက်ခွာရန်လှည်းမောင်းသမားအားလှမ်းအခေါ် နန်းတော်၏အဝင်ဝတွင် မီးငှက်ဝတ်စုံဖြင့်လူတစ်ယောက်ရပ်နေသည်ကိုတွေ့လိုက်ရသည်။ ထိုသူမှာ အခြားသူမဟုတ်ချေ၊ ယနေ့တစ်နေ့လုံးပျောက်နေသော မင်းသားပိုင်ထျန်းရွေ့ပင်။ ပိုင်ထျန်းရွေ့သည်ယနေ့ဧည့်ခံပွဲတွင်လည်းပျောက်နေခဲ့သည်။ လင်းရုဖေးကအစတုန်းက ယနေ့ဖြစ်နေသည့်အရာကိုသိချင်သည့်တိုင် ထိုအချိန်တုန်းက အကြင်သူသည်ပေါ်လာလိမ့်မည်ဟုလည်းမထင်ခဲ့ပေ။ သို့သော်လည်း သူသည်လှည်းထံမလာဘဲ အဝေးမှ နားမလည်နိုင်သောအမူအရာဖြင့်မျက်လုံးမှေးကြည့်နေလေသည်။

လင်းရုဖေးက ချက်ချင်းမေးမြန်းလိုက်သည်။

"ဟိုမှာ ပိုင်ထျန်းရွေ့ ကိုယ်တော့်ကိုလိုက်ရှာနေတာလားမသိဘူး"

ရွှမ်းချင်ကပေါ့ပြတ်ပြတ်သာပြန်ဖြေသည်။

"မဖြစ်နိုင်ပါဘူး ကိုယ်တော်ကအရှင့်သားနဲ့မရင်းနှီးဘူး"

လင်းရုဖေးကသံသယဝင်နေသောပုံဖြင့် "မရင်းနှီးဘူးလား ဒါပေမဲ့သူက..."

ရွှမ်းချင်ကခပ်ရိုးရိုးသာပြုံးပြပြီး နောက်ထပ်မပြောတော့ပေ။

ရွှမ်းချင်ကယခုကဲ့သို့ပြောလာပြီဖြစ်ရာ သူကပိုင်ထျန်းရွေ့အားမတွေ့ချင်လျှင်လည်း သူ၏ကိစ္စပင်၊ လင်းရုဖေးကများများစားစားမတွေးနေတော့။ လှည်းမောင်းသမားသည် ကြိမ်တို့ကာ လှည်းသည်လည်းနန်းတော်တလျှောက်မောင်းနှင်သွားချေပြီ။

တန့်ရှောင်မြို့၏ ညမထွက်ရအမိန့်သည်လျှော့ပေါ့ထားပြီဖြစ်၍ ကောင်းကင်ကမှောင်စပျိုးလာသည့်တိုင် မြို့သည်ကားအလင်းရောင်များနှင့်ပြည့်သိပ်နေသည်။ မရေတွက်နိုင်သော ပုံစံအမျိုးမျိုးဖြင့်မီးရောင်များကတော်ဝင်မြို့တော်တခွင်ကို ရောင်ပြန်ဟပ်နေ၏။ မီးပုံးများကအနုပညာတစ်ရပ်နှယ်ထူးခြားအသက်ဝင်နေသည်။ လင်းရုဖေးသည်နဂါးပုံစံမီးပုံးက ခေါင်ထိပ်ဖျားတွင်လည်နေသည်ကိုပင်တွေ့နေရသည်။ အဝေးမှကြည့်လျှင် ၎င်းသည်နဂါးမီးတောက်များမှုတ်ထုတ်နေသယောင်ထင်ရပြီး လွန်စွာမှအသက်ဝင်နေသယောင်။

လင်းရုဖေးက မတိုင်ခင်က ငိုက်မျဉ်းနေခဲ့သော်ငြား ရုတ်တရက်သူသည် အလွန်အမင်းစိတ်ဝင်တစားဖြစ်လာမိသည်။ သူက ရွှမ်းချင်အား လှည်းပေါ်မှဆင်းပြီးလျှောက်လည်ချင်သည့်အကြောင်းပြောသည့်အခါ ရွှမ်းချင်ကလည်းဝမ်းမြောက်ဝမ်းသာလက်ခံလေသည်။

လမ်းပေါ်တွင် နေရာတိုင်း၌ပျံကျဈေးသည်များရှိနေပြီး ရှုခင်းတစ်ခုလုံးမှာလည်း နှစ်သစ်ရောက်နေသလို တောက်ပခမ်းနားကာစည်ကားသိုက်မြိုက်နေလေ၏။ တုံ့ရှောင်းမြို့မှညအလှနှင့်လိုက်ဖက်ညီသောအိမ်တော်များမှာ တစ်လလုံးအောင့်အည်းနေခဲ့ကြပြီး ယခု ညမထွက်ရအမိန့်ကိုလျှော့ပေါ့ပေးလိုက်ပြီဖြစ်၍ လှောင်အိမ်ထဲမှထွက်လာကြသည့်ယုန်များနှယ် လှုပ်ရှားနေကြသည်။

လင်းရုဖေးသည် လူပုံစံသကြားချောင်းများကိုစိတ်ဝင်တစားရွေးနေသည်။ သူကဈေးသည်ကို ဘုန်းကြီးအငယ်စားလေးလုပ်ပေးရန်ပြောပြီး ရွှမ်းချင်အားပေးလိုက်သည်။

ရွှမ်းချင်ကပြုံးကာယူပြီး လက်ထဲတွင်ကိုင်ထား၏။

လင်းရုဖေးကပြောလိုက်သည်။

"အရမ်းလှတာပဲ"

ရွှမ်းချင် : "မီးပုံးပွဲတော်က တန့်ရှောင်မြို့မှာအလှဆုံးပဲ သခင်လေးလင်းအားလပ်ရင် အလည်လာပြီးပျော်ကြည့်ပေါ့ သခင်လေးလင်း နောက်ထပ်ဘယ်နေရာသွားမယ်လို့စိတ်ကူးထားလဲ"

လင်းရုဖေး : "ကျွန်တော်ကတော့လမ်းမကြီးတလျှောက်သွားမယ် အံ့ဩစရာတွေသိပ်မရှိတော့ရင်တောင် ဟယ့်အိမ်တော်ရှိသေးတာပဲ"

"အို့..ဒီလိုဆိုရင်တော့သတိထားနော်"

ရွှမ်းချင်ကအကြံပေးလေသည်။

"ဟယ့်မိသားစုကသိုင်းပညာအရာမှာ လေးစားရလောက်တယ် ပြီးတော့အကုန်လုံးကလည်းစိတ်ထင်တိုင်းလုပ်တတ်ကြတာ သခင်လေးလင်းရဲ့ဒီပုံစံနဲ့ဆိုအေးတိအေးစက်ဆက်ဆံကြလိမ့်မယ်"

ထိုသူသည်သတိပေးနေသယောင်ဖြင့် သူ၏မျက်လုံးများကပြုံးနေပြီးလင်းရုဖေးအားစနောက်နေသည်နှင့်ပိုတူနေ၏။

လင်းရုဖေးကပြုံးပြီး သူပြောသည်ကိုနားလည်ကြောင်းခေါင်းညိတ်ပြလိုက်သည်။

လမ်းပေါ်တွင်လူများ များလွန်း၍ လင်းရုဖေးနှင့်ရွှမ်းချင်တို့သည် ပစ္စည်းအသေးအမွှားလေးများလိုက်ကြည့်နေရင်းလူကွဲသွားကြသည်။ သူသတိရလာချိန်တွင် ရွှမ်းချင်အားလိုက်ရှာနေရချေပြီ။ သူကဘုန်းကြီးအရိပ်ကိုလမ်းကြားလေးအားဖြတ်သွားမှသာတွေ့လိုက်ရသည်။ လင်းရုဖေးသည် လမ်းကြားထဲတွင်ရုတ်ချည်းအချင်းချင်းလက်ကိုဆုပ်ကိုင်ထားကြသောပုံရိပ်နှစ်ခုကိုမြင်လိုက်ရသည်။ အလင်းရောင်ကမှိန်လွန်းနေသော်ငြား လင်းရုဖေးသည်ထိုနှစ်ယောက်၏မျက်နှာကို ခက်ခက်ခဲခဲဖော်ထုတ်နိုင်လိုက်သည်။

တစ်ယောက်ကရွှမ်းချင်ဖြစ်ပြီး...ကျန်တစ်ယောက်က ပိုင်ထျန်းရွေ့ပင်။

ပိုင်ထျန်းရွေ့က အသောက်များထားပုံရပြီးရွှမ်းချင်အားလွှတ်မပေးချေ။ ရွှမ်းချင်ကအကူအညီမဲ့နေပုံရပြီး တစ်ဖက်လူ၏အဆွဲခံထားရရှာသည်။ နောက်ဆုံးတွင် ရွှမ်းချင်သည်ရွေးချယ်စရာမရှိဘဲ သူ့အားကလေးတစ်ယောက်ကဲ့သို့ချော့မော့ပြောနေရသည်။ သူသည်ပိုင်ထျန်းရွေ့အား လင်းရုဖေးပေးထားသော ဘုန််းကြီးငယ်လေးပုံသကြားချောင်းအားပေးလိုက်သည်။

ပိုင်ထျန်းရွေ့ကလျှာထုတ်ပြီး သကြားချောင်းကိုလျက်ကာမူးမူးဖြင့်ပြောသည်မှာ : "ရွှမ်းချင်က တကယ်ချိုတာပဲ ငါထင်တာ...မင်းကခါးတယ်လို့"

ရွှမ်းချင်ကပြန်ဖြေသည်။

"ဘုန်းကြီးတွေကတကယ်လည်းခါးတာပဲလေ"

ပိုင်ထျန်းရွေ့ : "အင်း...ဒီလောကကြီးထဲမှာ မင်းထက်ခါးတဲ့ဘုန်းကြီးရှိတော့မှာမဟုတ်ဘူး"

ရွှမ်းချင်ကခါးသက်သက်ပြုံးပါ၏။

လင်းရုဖေးကယင်းကို စိတ်ပါ၀င်စားစွာကြည့်နေချိန်တွင် ကုရွှမ်းတုကသူ့နဖူးကိုတောက်ပြီး အတင်းဆွဲခေါ်သွားတော့သည်။

"ရှောင်ကျို့ ဘယ်တုန်းကဒီလိုအကျင့်ဆိုးတွေတတ်လာတာလဲ မင်းကတကယ်ဘုန်းကြီးနဲ့ ကြူနေတဲ့လူကိုချောင်းရဲတယ်"

လင်းရုဖေးမှာကြောင်တောင်တောင်ဖြင့် "ဘုန်းကြီးနဲ့ပိုင်ထျန်းရွေ့ကကြူနေတာလား ကျွန်တော်ကဘာလို့မသိရတာလဲ"

ကုရွှမ်းတု : "ဒါဆို ရှောင်ကျို့က ကြူတယ်ဆိုတာဘယ်လိုထင်လို့လဲ"

လင်းရုဖေးက ခဏတဖြုတ်တွေဝေသွားမိသည်။

"ဒီတိုင်း...အချစ်ကဗျာလေးတွေရေးပြီး သံစဉ်လေးတွေအတူနားထောင်ကြတာမျိုး"

သူသည် ၎င်းတို့ကိုစာအုပ်ထဲတွင်သာမြင်ဖူးနေသောကြောင့် ပြောသည့်အချိန်တွင် အနည်းတုံ့ဆိုင်းနေမိသည်။

ကုရွှမ်းတု၏မျက်လုံးများက ဖြည်းဖြည်းချင်းမှေးဆင်းသွားသည်။ လင်းရုဖေး၏လက်ကောက်ဝတ်ကိုကိုင်ထားသည့် သူ၏လက်က ရုတ်တရက်လင်းရုဖေး၏လက်ချောင်းများအကြားလျှောဝင်သွားသည်။ သူ၏လက်များကအတော်လေးအေးစက်သော်ငြား နွေရာသီ၏ပူပြင်းသောနေ့တွင်ပင် အလွန်တရာသက်သောင့်သက်သာရှိနေ၏။

"ရှောင်ကျို့နားမလည်ရင် ဒီအကြီးအကဲကသင်ပေးမယ်လေ ဟုတ်ပြီလား"

လင်းရုဖေး : "ဟမ်...?"

သူဘာမှမလုပ်ရသေးခင် ကုရွှမ်းတုကနောက်လက်တစ်ဖက်ဖြင့်သူ့အားဆွဲသည်။ ကုရွှမ်းတုကသူ့အားပုခုံးမှကိုင်ကာ နံရံတွင်ဖိကပ်ထားသည်။ ကုရွှမ်းတုအရပ်ကသူ့ထပ်ရှည်ပြီး သူတို့နှစ်ယောက်မှာလက်ညိုးတစ်ချောင်းစာအကွာအဝေးသာရှိတော့သဖြင့် ကုရွှမ်းတု၏သွယ်လျလျလည်ရိုးအပေါ်မှ မှဲ့နက်လေးကိုပင်မြင်နေရသည်။

"ကိုယ့်ရဲ့ရှောင်ကျို့လေး..."

ကုရွှမ်းတုသည်လင်းရုဖေးကိုငုံ့ကြည့်ပြီး နူးညံ့သောအသံဖြင့် : "ကိုယ်ရဲ့ရှောင်ကျို့လေး ဘယ်တော့မှကြီးလာမှာလဲ"

သူကလင်းရုဖေး၏နားသံသီးလေးအားညှစ်ပြီးဖိပွတ်နေ၏။

"ကိုယ်စောင့်ရတာစိတ်မရှည်တော့ဘူး"

လင်းရုဖေး၏ကိုယ်မှာ နားကိုဖိခံနေရသောကြောင့်တုန်ယင်လာသည်။ သူသည်တွန်းထုတ်ချင်နေသော်ငြား သူ၏အားမှာ ပင်လယ်ထဲနစ်မြုပ်သွားသောကျောက်တုံးလေးပမာဖြစ်နေကာ ကုရွှမ်းတုကရွေ့ပင်မရွေ့ပေ။ မကြာခင် မူလကဖြူဖွေးနေသောသူ၏နားသံသီးလေးမှာ ဖိညှစ်ခံရပါများသောကြောင့် နီရဲလာပြီး လင်းရုဖေး၏ရီဝေနေသောမျက်လုံးများကမူ ငွေ့ရည်ဖွဲ့လာသည်။

သူကတီးတိုးလေးဆိုလိုက်​သည်။

"အကြီးအကဲ...ဘာလုပ်နေတာလဲ..."

"ကြူနေတာလေ"

ကုရွှမ်းတု၏မျက်လုံးများကကွေးညွတ်သွားပြီး "ကိုယ်လေရှောင်ကျို့ကို ပိုလွန်ကျုးတာတွေလုပ်ချင်ပေမဲ့ ရှောင်ကျ်ို့လက်မခံနိုင်မှာစိုးတယ်"

သူက ကုရွှမ်းတု၏အပြုအမူများကို တစ်စက္ကန့်ခန့်ငေးကြည့်နေမိပြီးဘာပြောရမှန်းမသိတော့ချေ။ သူ၏မျက်လုံးထောင့်များကစတင်နီမြန်းလာပြီးသူ၏ရင်ဘတ်ကဗုံတစ်လုံးနှယ်အခုန်မြန်လာသည်။ အကြောင်းအရင်းအားမည်မည်ရရမသိဘဲ ကုရွှမ်းတု၏လောဘတက်နေသောမျက်လုံးများကသူ့အားထိတ်လန့်စေသည်။

သူကခေါင်းလှည့်လိုက်ချင်သည့်တိုင်ကုရွှမ်းတုကသူ့မေးစေ့ကိုညှစ်ထားပြီး "ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့အရိပ်ကိုကြိုးစားပမ်းစားရှာပေးလို့ ရှောင်ကျို့ကိုကျေးဇူးတင်ပါတယ်နော်"

လင်းရုဖေးမှာ ရှိသည့်အားကိုညှစ်ထုတ်ပြောရသည်။

"အကြီးအကဲကယဉ်ကျေးလွန်းနေပါပြီ"

ကုရွှမ်းတု : "ကိုယ်ယဉ်ကျေးနေတာမဟုတ်ဘူး"

သူသည်လင်းရုဖေး၏မေးစေ့ကိုနမ်းပြီးနောက် သက်ပြင်းတစ်ချက်ရှိုက်လိုက်မိသည်။

"ပြန်ကြရအောင်"

ပြုတ်တူပမာညှပ်ထားခံခဲ့ရသောကိုယ်က နောက်ဆုံးတွင်ပြေလျော့သွားလေပြီ၊ သူ၏ခြေထောက်များမှာချိနဲ့နေပြီး ကုရွှမ်းတု၏မျက်လုံးများကိုမကြည့်ရဲပါချေ။ သူကဘာမှမဖြစ်သလိုဟန်ဆောင်လိုက်သည့်တိုင် ထိုအချိန်အတွင်း တုန်ယင်လွန်းနေသောသူ၏ခြေထောက်များကသူတည်ငြိမ်မနေကြောင်းပြနေ၏။ ကုရွှမ်းတုသည်လင်းရုဖေး၏အနောက်မှဖြည်းဖြည်းဆေးဆေးသာလိုက်လာ၏။

သူကလင်းရုဖေး၏အကျင့်ကို အတိအကျနားလည်နိုင်သည်: အချို့သူတွေက အစာပျော့ကိုစားပြီး အစာမာမာကိုငြင်းဆန်လိုကြသည်။ ဖားကိုရေနွေးနွေးတွင်ထည့်ပြုတ်ခြင်းကသာအကောင်းဆုံးပင်။

လင်းရုဖေးက စားသောက်ဆိုင်သို့အမြန်ပြန်လာသည်၊ သို့ထိတိုင်စားသောက်ဆိုင်အဝင်ဝတွင်ရွှမ်းချင်နှင့်မထင်မှတ်ဘဲတွေ့မိကြသေးသည်။ သူသည်လည်းယခုလေးတင်ပြန်ရောက်လာပုံရပြီး လင်းရုဖေးနှင့်တွေ့သည့်အခါ စိတ်သက်သာရသလိုသက်ပြင်းချသည်။

"သခင်လေး ဘယ်တွေသွားနေတာလဲ ဒီကိုယ်တော်လိုက်ရှာနေတာကြာပြီ သခင်လေးကိုမတွေ့လို့"

"အာ...ဝယ်စရာလေးရှိနေလို့"

လင်းရုဖေးက တကူးတကအဖြေရှာမနေဘဲပြန်ဖြေလိုက်ပြီး နောက် "အရှင်ရွှမ်းချင်ကရော....?"

"ကိုယ်တော်လည်းဝယ်စရာလေးရှိလို့ပါ"

ရွှမ်းချင်ကပြန်ဖြေလိုက်သော်ငြား တစ်ခုခုအားတမင်တကာဝှက်ထားသည်မှာသေချာ၏။

နှစ်ယောက်သားမှာ ရှက်နေဟန်ဖြင့်အပြန်အလှန်ကြည့်နေကြသည်။ မကြာမီ သူတို့နှစ်ယောက်သည်နောက်ကျနေပြီဖြစ်သောကြောင့် စောစောအနားယူရန်အချင်းချင်းပြောလိုက်ကြသည်။

လင်းရုဖေးကအပေါ်ထပ်တက်သွားပြီးနောက် ရုတ်တရက် သူလက်ဗလာဖြင့်ပြန်လာမိမှန်းနားလည်သွားသည်၊ သူဘာမှယူမလာခဲ့ပေ။ ရွှမ်းချင်၏ပိုက်ဆံအိတ်မှာ....ကြေးနီပြားများမရှိတော့၍ ပစ္စည်းဝယ်လာသည်မှာ မည်သို့များဖြစ်နိုင်မည်နည်း။

အာ...သူတို့နှစ်ယောက်စလုံးကို့ရို့ကားယားနှင့်ဆင်ခြေပေးခဲ့ကြသည်ပင်။ လင်းရုဖေးသည်နေရခက်စွာရယ်လိုက်မိလေ၏။


.............

စာရေးသူမှာပြောစရာရှိတယ်~


ကုရွှမ်းတု : ကိုယ်သည်းခံခဲ့ရတာကြာပြီ ထပ်သည်းမခံနိုင်တော့ရင်ဘယ်လိုလုပ်မလဲ?

လင်းရုဖေး : ခင်ဗျားသည်းမခံနိုင်တော့တဲ့နေ့ကျရင် စာဖတ်သူတွေကကျွန်တော်တို့ကိုတွေ့ရမှာမဟုတ်တော့ဘူး ပြီးတော့ အနီရောင်သော့အကြီးကြီးပဲတွေ့ရလိမ့်မယ် [ ' CENSOR ' ]

ကုရွှမ်းတု : .............ကိုယ် ဘုန်းကြီးပဲသွားဝတ်တော့မယ်


____

Translated BY IQ-Team.