အပိုင်း ၁၁၈
Viewers 14k

Chapter 118



တတိယမင်းသမီး၏မျက်လုံးများက လင်းရုဖေးအပေါ်ရောက်လာသည်။ သူမအနေဖြင့်သူ့အား တစ်ကြိမ်မြင်ခဲ့ဖူးသည့်တိုင် ထိုစဉ်ကသူမသည်သူမအဖေ၏လက်ပေါ်တွင်ငိုယိုရင်းအလုပ်များနေခဲ့၍ ဤသခင်လေးအားအသေအချာကြည့်ရန်အချိန်မရခဲ့ပေ။ သူမအတွက် အဆိုပါလင်းမိသားစု၏သခင်လေးထံ၌ လှပသည့်အသားအရေအမှန်တကယ်ရှိနေသည်ဟုဆိုရနိုင်သည်။ ထိုသူသည် သာမန်လူများထက်စာလျှင်ပို၍ချုချာနေလင့်ကစား ထိုချုချာနေမှုက တနည်းအားဖြင့် သူ၏စိတ်နေစိတ်ထားအပေါ် ဆွဲဆောင်မှုပိုစေသည်။

တတိယမင်းသမီးကပြုံးပြီး : "သခင်လေးလင်းက တကယ်ကြည့်ကောင်းတာပဲ"

လင်းရုဖေးကယဉ်ကျေးစွာဖြင့် "မင်းသမီးလေးကကြင်နာတတ်လွန်းတာပါ"

တတိယမင်းသမီးကပြုံးလိုက်ပြီး ထိုအကြောင်းကိုထပ်မပြောတော့ပေ။ သူမသည်အလျင်စလိုဖြင့် ရွှမ်းချင်ထံအကြည့်ပြန်လွှဲလိုက်ပြီးဖြည်းဖြည်းချင်းပြောသည်။

"အရှင်ရွှမ်းချင် အချိန်တွေကုန်တာမြန်တယ်နော် ကျွန်မမှတ်မိသေးတယ် ကျွန်မတို့နောက်ဆုံးတွေ့ခဲ့တုန်းက ကျွန်မအသက်ကဆယ်နှစ်လေးပဲရှိသေးတယ် မျက်စိတမှိတ်အတွင်း ကျွန်မလက်ထပ်ရမယ့်အရွယ်တောင်ရောက်သွားပြီ အချိန်တွေကုန်တာတကယ်ကိုမြန်တယ်"

"ဟုတ်ပါတယ်"

ရွှမ်းချင်သည် မျက်ခွံတဝက်မှေးကာဖြင့်ဆိုပြီး အမူအရာမှာလည်းပျော့ပျောင်းနေသည်။

"တကယ်ကိုမြန်တာပါပဲ"

တတိယမင်းသမီးသုံးကနှုတ်ခမ်းဆူကာ : "ဒါဆိုဘာလို့အရှင်ရွှမ်းချင်က ကျွန်မကို မကြာမကြာလာမတွေ့တာလဲ အရှင်မရှိတော့ ကျွန်မကိုနန်းတော်ထဲကလူတွေကအမြဲနှိပ်စက်ကြတော့တာပဲ"

ရွှမ်းချင် : "တတိယမင်းသမီးကို ဘယ်သူကများနှိပ်စက်ရဲမှာလဲ"

တတိယမင်းသမီး : "ဘယ်သူလဲဆိုတော့ ကျွန်မသာတကယ်လိုက်ရေရရင် လုပ်ရဲတဲ့သူအများကြီးပဲ"

ရွှမ်းချင်ကပြုံးကာ ကူကယ်ရာမဲ့စွာဖြင့်ခေါင်းယမ်းလေ၏။

တတိယမင်းသမီး : "အရှင်ရွှမ်းချင် ပြောကြည့်ပါဦး အရှင်ဒီကိုမလာတာကြာလှပြ ဒီနေ့မှဘာလို့အချိန်ကိုက်ရောက်လာရတာလဲ ပြီးကာမှလာရင်...."

သူမသည် ဝမ်းနည်းသွားဖြင့်မျက်ခုံးများကိုတွန့်ကွေးပြီး ရုတ်တရက်မျက်နှာပေါ်ရှိအမူအရာတစ်ခုလုံးပြောင်းလဲသွားသည်။ သူမ၏မျက်လုံးများကရက်စက်၍ ကြောက်မက်ဖွယ်ဖြစ်လာသည်။

"ကျွန်မအဲဒီကောင်စုတ်လေးနှစ်ယောက်ရဲ့အသက်ကိုယူလို့ရမှာ"

အဆိုပါ ရုတ်ချည့်ပြောင်းလဲမှုက လူများကိုကြက်သီးမွှေးညှင်းထစေသည်။ ထိုအားနည်းပြီးအလိုလိုက်ခံထားရဟန်ပေါ်သော မင်းသမီးသုံးသည် ယခုမည်းမှောင်ခက်ထန်နေသည်။ တစ်ချက်ခန့်ကြည့်ရုံနှင့်တင်သူမသည် သူမ၏ခမည်းတော်မင်းကြီးပိုင်ကျင့်လွင်နှင့် အလွန်အမင်းဆင်တူသည်။

"သူတို့ကျွန်မကိုအနိုင်ကျင့်နေတုန်းက ရှင်ရောက်မလာဘူး ကျွန်မသူတို့ကိုပြန်အနိုင်ကျင့်မယ့်အလှည့်ရောက်တော့ ရှင်ကပြေးလာခဲ့တယ်"

တတိယမင်းသမီးက လက်တစ်ချက်ယမ်းလိုက်သည်နှင့်စားချင့်စဖွယ်စပျစ်သီးများဖြင့်ပန်းကန်ပြားသည် ကြမ်းပြင်ပေါ်သို့အပိုင်းအစများအဖြစ်ကျကွဲသွားသည်။ ကြွေရည်အနံ့ဖြင့်ရောနေသော ခရမ်းရောင်အချိုရည်တို့က ဖွာကနဲလွင့်စင်ကာလင်းရုဖေး၏အဖြူရောင်ဖိနပ်အားစိုသွားစေသည်။

ရွှမ်းချင်ကသက်ပြင်းချကာ လက်များကိုတိတ်တဆိတ်ဖြင့်ယှက်လိုက်၏။

"ပြောစမ်းပါအုံး ဘာလို့ဘာမှမပြောတာလဲ"

တတိယမင်းသမီး၏အေးစက်သောအသံက နားကွဲလောက်စရာ။

"သူတို့ကျွန်မကိုအနိုင်ကျင့်တာရှင်တွေ့တယ် ဒါပေမဲ့ ဘာမှမလုပ်ခဲ့ဘူး ကျွန်မသူတို့ကိုပြန်အနိုင်ကျင့်မယ့်အလှည့်ကျတော့ ဘာလို့ဒီလောက်ပျာယာခတ်နေတာလဲ"

ရွှမ်းချင်က 'ပိုင်မော့မော့' ဟုခေါ်လိုက်သည်။ ၎င်းကတတိယမင်းသမီး၏ချစ်စရာကောင်းသောအမည်နာမပင်။

အခေါ်ခံလိုက်ရသော တတိယမင်းသမီးသည်ချက်ချင်းပင်ငြိမ်ကျသွားပြီး ကနဦးတွေ့စဉ်ကကဲ့သို့ ပြောစကားနားထောင်သည့်မင်းသမီးလေးပုံစံပြန်ဖြစ်သွားသည်။ သူမသည်ကလေးမလေးတစ်ယောက်ကဲ့သို့သွားများကိုကြိတ်ကာ အထွန့်တက်လေ၏။

"အရှင်ရွှမ်းချင်ကအရမ်းကိုဘက်လိုက်တယ်"

သူမ၏ပါးပေါ်သို့ မျက်ရည်များလိမ့်ဆင်းလာသည်။

အဖြစ်အပျက်များကမြန်ဆန်လွန်းပြီး နံဘေးတွင်ရပ်နေသောလင်းရုဖေးပင် ကြက်သေသေနေသည်။ သူသည်ယခုကဲ့သို့ အပြောင်းအလဲမြန်သောမိန်းကလေးမျိုးကိုမမြင်ဖူးလေရာ တတိယမင်းသမီး၏သရုပ်ဆောင်ချက်က သူ့အားအမြင်ကျယ်သွားစေသည်။

"မငိုပါနဲ့"

ရွှမ်းချင်သည် တတိယမင်းသမီး၏အပြောင်းအလဲမြန်မှုကိုကျင့်သားရနေပုံပေါ်ပြီး သူ၏မျက်နှာတွင်အံ့ဩနေသည့်အရိပ်အယောင်စိုးစဉ်းမျှမရှိပါချေ။ ထိုအစား သူ့မှာ နှောင်းမျိုးဆက်အပေါ် မတတ်သာဘဲအလိုလိုက်ပေးနေရဟန်ဖြစ်နေလေသည်။

"မင်းငိုနေတာကို မင်းရဲ့ခမည်းတော်မြင်သွားရင် ထပ်ပြီးစိတ်မကောင်းဖြစ်နေဦးမယ်"

"သူစိတ်မကောင်းဖြစ်ရင်တာ ကျွန်မကြောင့်မဟုတ်ဘူးမလား"

တတိဟမင်းသမီးသည်ရှိုက်နေလျက်ဖြင့် : "လူတစ်ယောက်ကပြောတယ် ကျွန်မကကြင်ယာတော်မေ့ရဲ့ကလေးမဟုတ်ဘူးတဲ့ ဧကရာဇ်ကကျွန်မကိုချစ်တယ်ဆိုတာ ကျွန်မကအဲဒီမိန်းမနဲ့တူလို့တဲ့ အရှင်ရွှမ်းချင် ကျွန်အမေကဘယ်သူလဲဆိုတာသိလားဟင်"

ရွှမ်းချင်ကသေချာပေါက်သိနေ၍ အတည်ပြုသည့်သဘောဖြင့်ခေါင်းညိတ်ပြသည်။

တတိယမင်းသမီးသည် သူခေါင်းညိတ်ပြသည်ကိုတွေ့သည်နှင့် ရွှမ်းချင်၏အရှေ့မှချက်ချင်းထရပ်လာသည်။

သူ၏အရှေ့မှအင်္ကျီလက်စအားဆွဲကာတုန်လှုပ်နေသောအသံဖြင့် "သူဘယ်မှာလဲဟင် ကျန်းကျန်းမာမာရှိရဲ့လား သေသွားပြီလား"

ရွှမ်းချင် : "သူကောင်းကောင်းမွန်မွန်ရှိနေပါတယ်"

"ကျစ်...ကျွန်မကတကယ်ကို ကြင်ယာတော်မေ့ရဲ့သမီးမဟုတ်ဘူးပဲ"

သူမ၏မျက်ရည်စများမှာ ပုလဲလုံးလေးများသဖွယ်။ 'ဟမ့်' ဟူသောအသံကိုလုပ်ပြီးနောက် သူမ၏သနားစရာကောင်းသောအကြည့်ကိုပြန်ရုတ်သိမ်းသွားသည်။ သူမကလက်လွှတ်လိုက်ပြီးဆဲရေးလေ၏။

"အဲဒီကောင်စုတ်လေးနှစ်ယောက်က ကျွန်မကိုမလိမ်ဘူးပဲ ကျွန်မက တကယ်ကိုမျိုးမစစ်ပဲ"

ရွှမ်းချင်ကမျက်မှောင်ကြုတ်ပြီး : "မင်းသမီးစကားပြောတာကိုဂရုစိုက်ပြောပါ မင်းသမီးရဲ့အမေက ကြင်ယာတော်မဟုတ်ပေမဲ့လို့ မင်းသမီးရဲ့ခမည်းတော်ချစ်ရတဲ့လူပါပဲ မင်းသမီးကိုယ့်ကိုယ်ကို နှိမ့်ချစရာမလိုပါဘူး"

"ထားပါတော့ ထားပါတော့"

တတိယမင်းသမီးသုံးသည် သူမ၏အေးစက်နေသောထိုင်ခုံတွင်ပြန်ထိုင်ပြီးပိုးယပ်တောင်အားကောက်ကိုင်သည်။ သူမကိုယ်တိုင် ယပ်တောင်ကိုတဖျတ်ဖျတ်ခက်ကာ ပျင်းရိလေးလံစွာပြောလာ၏။

"ဘာပဲဖြစ်ဖြစ် ကိစ္စတွေကမပြီးသေးပါဘူး"

သူမသည် ရွှမ်းချင်အားကလူကျီစယ်ဟန်ပြုံးပြကာ"အရှင်ရွှမ်းချင် ကျွန်မတို့တာ့ကျင့်မှာ အမျိုးသမီးဧကရာဇ်ရှိလာနိုင်လား"

ရွှမ်းချင်ကား တည်ငြိမ်စွာသာတုံ့ပြန်ပြော၏။

"အားလုံးကအတူတူပါပဲ ဘုန်းကြီးတစ်ပါးရဲ့အမြင်မှာတော့ ယောကျ်ားနဲ့မိန်းမကမကွာခြားပါဘူး"

"သိပါပြီ အရှင်ရွှမ်းချင်ကအကောင်းဆုံးပါပဲ"

သူမသည် ရွှမ်းချင်အရှေ့တွင်အကျိုးအကြောင်းသင့်စွာဖြင့် မဆင်မခြင်ပြောဆိုတတ်သည်။ တတိယမင်းသမီးသည် ရွှမ်းချင်အား အင်မတန်ယုံကြည်ပြီး ထိုသူသည်ပိုင်ကျင်းလွင်အားပြန်ပြောမည်မဟုတ်ကြောင်းလည်းသိနေသည်။ တတိယမင်းသမီးကရေရွတ်လေ၏။

"ဒါဆိုလည်း ကြိုးစားကြည့်ရတော့မှာပေါ့ ကျွန်မရှုံးတော့လည်း ရှုံးတယ်ပေါ့ ကျွန်မရဲ့အသက်ကဘာမှတန်တာမှမဟုတ်တာပဲ..."

ထို့နောက် တတိယမင်းသမီးသည်အသံတိတ်သွားပြီး ငေးငိုင်နေသောမျက်လုံးများကလည်း ပျောက်ကွယ်သွားသည်။

လင်းရုဖေးက တုန့်ဆိုင်းနေလင့်ကစား ပြောဖြစ်အောင်ပြောမိသွားသေးသည်။

"တတိယမင်းသမီး ကျွန်တော်မေးချင်တာတော့ရှိတယ် သင့်တော်ပါ့မလားတော့မသိဘူး"

တတိယမင်းသမီးသည် မေးငေါ့ပြီးလင်းရုဖေးအားပြောရန်အချက်ပြသည်။

လင်းရုဖေး : "အဲဒီနေ့က မင်းသမီးရဲ့အဖေက ဇီးပင်အောက်မှာသံသေတ္တာတစ်လုံးကိုတူးထုတ်နေတယ် အထဲမှာက ခင်ဗျားကလေးအရွယ်ကဆွဲထားတဲ့ပန်းချီတွေဖြစ်မယ် ကျွန်တော် ထူးထူးဆန်းဆန်းအဲဒီပန်းချီပေါ်မှာမင်စက်လေးကိုတွေ့လိုက်တယ်..."

တတိယမင်းသမီး : "သခင်လေးလင်းက တော်လိုက်တာ"

သူမသည်လက်လွတ်စပယ်ပင် ပြုံးပြုံးကြီးဝန်ခံလေ၏။

"ဟုတ်တယ် ကျွန်မအဲဒီအရိပ်ကို တွေ့ခဲ့ရတာကြာပြီ ကျွန်မ မကြာသေးခင်ကမှတွေ့ခဲ့တာမဟုတ်ဘူး"

ရွှမ်းချင်ကမျက်မှောင်ကြုတ်သည်။

"မော့မော့က ဘာလို့ကျွန်တော့်ကိုမပြောရတာလဲ"

"ဟမ့်...အရှင့်ကဘယ်နှခါလာလို့လဲ ပြီးတော့ အရှင်ကဘုန်းကြီးလေ အရှင့်ကိုပြောလိုက်ရင် အရှင်ကခမည်းတော်ကိုသွားပြောလိုက်လို့ ကျွန်မကိုမကောင်းဆိုးဝါးဆိုပြီးမီးရှို့ပစ်မှာပေါ့"

တတိယမင်းသမီးကပွစိပွစိပြောသည်။ သူမကခဏရပ်လိုက်ကာ နောက်ဆုံး၌သူမစိတ်ထဲရှိသည့်အတိုင်းပြောလာ၏။

"ကျွန်မနန်းတော်မှာနေရတာပျင်းတယ် အခုတော့ ရှင်တို့ကအဲဒါလေးကိုပါယူသွားတယ် ကျွန်မကပိုပျင်းတာပေါ့"

ရွှမ်းချင်ကားလက်မခံနိုင်ပါချေ။

"အဲဒါက အန္တရာယ်များလွန်းတယ်"

"ဘာအန္တရာယ်မှမရှိပါဘူး"

တတိယမင်းသမီးကမထူးခြားသလိုပြောသည်။

"အရှင်လည်းပါတာပဲ အစောကြီးသေသွားကြတဲ့ ကျွန်မရဲ့အစ်ကိုတွေအစ်မတွေကလွဲလို့ မိစ္ဆာလက်ထဲမှာဘယ်နှယောက်သေပြီး လူတွေလက်ထဲဘယ်နှယောက်သေလဲ လူတွေသာရက်စက်လာတာ မိစ္ဆာနဲ့ဘာမှမဆိုင်ဘူး"

ရွှမ်းချင်ကသူမ ပြောသည်ကိုမငြင်းဘဲ မင်းသမီးကိုသာချော့မော့ရှင်းပြနေသည်။ သူသည် သူမသာနောက်တွင်ထိုသို့သောပစ္စည်းမျိုးတွေ့ခဲ့ပါက မဝှက်ထားရန် ပြောနေသည်။ တတိယမင်းသမီးကလုံးဝနားမထောင်ပေ။ သူမက စိတ်မဝင်စားသလိုလက်ယမ်းပြသည်။

လင်းရုဖေး၏ခန့်မှန်းချက်မှာ အကောင်းဘက်၌ရှိသည်။ ကုရွှမ်းတု၏အရိပ်သည်မင်းသမီးနှင့်အချိန်အတန်ကြာရှိနေပြီးကာမှ အဘယ်ကြောင့်၎င်းကရုတ်တရက် ဆန့်ကျင်လာမှန်းသူသည်လည်းမသိပေ။

သုံးယောက်သား အချိန်အတန်ကြာငြိမ်နေကြပြီးသည်အထိ အရှင်မင်းမြတ်၏အရိပ်အယောင်မတွေ့ရပေ။ လင်းရုဖေးမှာမေးမြန်းရတော့၏။

"အရှင်မင်းကြီးကဘာလို့ပြန်မလာရသေးတာလဲ"

"မလောပါနဲ့ အဲဒီသောက်အဘွားကြီးကပြောရသိပ်ခက်တာ"

တတိယမင်းသမီး၏နှုတ်မှ တာ့ကျင့်ဧကရီအား 'သောက်အဘွားကြီး' ဟုခေါ်သည်ကို လင်းရုဖေးမှာတစ်ခါမျှမမြင်တွေ့ဖူးပေ။

"သူမရုပ်ဆိုးတာကကိစ္စမရှိပါဘူး ဒါပေမဲ့ ရင့်တာကတော့မြန်လွန်းပါတယ် သူမရုပ်ရင့်တာကမြန်ပေမဲ့ သူ့စိတ်ကလည်းပုပ်ပွနေတာပဲ သူမကအေးစက်နေတဲ့အခန်းကျဉ်းလေးလို အရှေ့ဆောင်မှာသေတဲ့အထိနေဖို့ပဲတန်တယ်"

သူမစကားပြောသည်မှာကြမ်းတမ်းလွန်းပြီး ဧကရီမိဖုရားသာကြားပါက သေသွားနိုင်လောက်သောစကားလုံးများပင်။

"သူ့ရဲ့သားနှစ်ယောက်လုံးကလည်းစိတ်ပျက်စရာပဲ ကျွန်မကိုတောင်မနိုင်တာများ ဧကရာဇ်ဖြစ်ချင်တာကြသေးတယ် ကျွန်မရင်ဘတ်ကအသားစိုင်ကြီးနှစ်ခုမရှိဘဲနဲ့ အောက်မှာသာအပိုပါလို့ကတော့ သူတို့ထက်သာနိုင်တယ်"

ရွှမ်းချင်ကဝင်ဟန့်သည်။

"မော့မော့ ပေါက်ကရတွေမပြောနဲ့စမ်း"

"ပြောချင်လို့ပြောတာ"

တတိယမင်းသမီးကဆက်ပြောနေဆဲ။

"ဘာပဲဖြစ်ဖြစ် ခမည်းတော်မှဒီနေရာမှာမရှိတာ မကြိုက်ရင်သွားတိုင်ပေါ့"

သူမသည် ရွှမ်းချင်ကအပြောထက်မပိုမှန်းသိနေ၍ မကြောက်ရွံ့ဘဲ ထိုမျက်လုံးလှလှလေးများက မိုးပေါ်သို့ပင်လှိမ့်သွားသေးသည်။

လင်းရုဖေးသည် ဖြစ်ပျက်သမျှကိုကြည့်နေရင်းရယ်စရာကောင်းသည်ဟုခံစားလာရသည်။ သူကလက်သီးဆုပ်၍ သူ၏နှုတ်ခမ်းမှညင်သာလှသည့်အပြုံးကိုကွယ်ထားရသည်။

"အဲဒီသောက်အဘွားကြီးက ငါ့ကိုကျအပြစ်ပေးချင်ပြီး သူ့သားတွေကိုကျအပြစ်မပေးချင်ဘူးပေါ့ မဖြစ်နိုင်လိုက်တာ"

သူမသည်အလေလိုက်နေပြီး လုပ်စရာလည်းမရှိလှ၍ သူမမြိုသိပ်ထားရသမျှကိုစတင်ဖွင့်ထုတ်လာသည်။

"သူတို့ကခမည်းတော်ကြောက်သမျှအရာတိုင်းကိုလုပ်ကြတယ် သူတို့ကမကျိုးမကန်းနဲ့အကောင်းအတိုင်းထွက်သွားချင်ကြပြီး ငါနဲ့လည်းဖက်ပြိုင်ချင်ကြသေးတယ် အိပ်မက်မက်နေလိုက်လေ စောင့်ကြည့်နေစမ်းပါ မကြာခင် သူတို့ကိုတစ်ယောက်ပြီးတစ်ယောက်သတ်ပစ်မယ်"

ဆယ့်လေးနှစ်ပြည့်တော့မည့် ဤမိန်းမငယ်လေးသည် သူမ၏ရည်မှန်းချက်များအကြောင်းကို တွက်ထိုးပြောနေသော်ငြား သူမ ဤမျှကြီးကြီးကျယ်ကျယ်ပြောနေသည်ကပင် လူများကိုအတွေးမလွန်စေခဲ့ပေ။

ရွှမ်းချင်ပြောသည်ကမှန်၏။ နန်းတော်ထဲတွင်အသက်ရှင်နိုင်သည့်လူတိုင်းက လှောင်စရာမဟုတ်ပေ။ မင်းသမီးလေးသည် မနူးမနပ်ဖြင့်ယုန်ဖြူလေးဖြစ်နေသည့်တိုင် အရိုးပင်မကျန်အောင်ဆွဲခွာပစ်နိုင်သည်။ အစပိုင်းတွင် သူမသည်မွေးစားခံရရန်မဖြစ်နိုင်သော်ငြား အချို့သူများကသူမ၏အရိုးထဲတွင် အရိုင်းဆန်မှုများရှိနေသည်ဟုပြောကြပြီး ပိုင်မော့မော့သည်လည်းထိုသို့သောလူစားမျိုးပင်။

နေ့တဝက်ခန့် စိတ်မရှည်စွာစောင့်ဆိုင်းခဲ့ကြပြီးနောက် ပိုင်ကျင့်လွင်နှင့်သူ၏ဧကရီမိဖုရားကနောက်ဆုံး ရောက်လာလေပြီ။ ပိုင်မော့မော့၏စကားများက ပုံကြီးချဲ့လွန်းသည်ဟုဆိုရမည်။ ဧကရီသည်သူမအသက်အရွယ်နှင့်မမျှ လှပသည်၊ သူမတွင်စံထားရလောက်သောတောက်ပမှုနှင့်ကျက်သရေရှိမှုဆို့လွှမ်းခြုံထားသည်။ သူမ၏အတွင်းစိတ်အားမသိသူများဆိုပါက သူမအားစိတ်ရင်းကောင်းသူဟုသာ ထင်ကြလောက်ပေမည်။ သို့သော် ရွှမ်းချင်၏ကွာခြားနေသောအပြုအမူအရ ထိုသူမှာလည်းဧကရီကိုမနှစ်သက်ပုံပင်။ ဧကရီကလည်းဂရုစိုက်မနေပါချေ။ သူမကပြုံး၍သာနှုတ်ဆက်လာ၏။

သူမသည်ကြမ်းပြင်တွင်ကျကွဲနေသည့်သစ်သီးပန်းကန်ကိုကြည့်ကာ သူမ၏ပါးစပ်ကိုအုပ်၍ : "မော့မော့က ဘာလို့ဒီလောက်ဂရုမစိုက်ရတာလဲ မင်းလက်တွေယားကျိကျိဖြစ်နေလို့လား ဘုရားရေ သခင်လေးလင်းရဲ့ဖိနပ်မှာလည်းစပျစ်သီးစေ့တွေ ဒုက္ခပဲ ဒုက္ခပဲ ဖိနပ်လေးတွေကဒီလောက်လှတာကို အခုတော့စိုကုန်ပြီ.."

"ရပါတယ်"

လင်းရုဖေးကကိစ္စမရှိကြောင်း လက်ခါပြသည်။

ပိုင်မော့မော့သည်လိမ္မာသောမိန်းကလေးပုံစံပြောင်းသွားပြီး: "တောင်းပန်ပါတယ် မိဖုရားကြီးရယ် အရှင်ရွှမ်းချင်နဲ့အခြားလူတွေကို တွေ့ရဖို့စိတ်လှုပ်ရှားနေတာနဲ့...မတော်တဆ....."

"ဟုတ်ပါပြီ ဟုတ်ပါပြီ ဘယ်လောက်ကြီးကျယ်နေတဲ့ကိစ္စမလို့လဲ"

ပိုင်ကျင့်လွင်သည်းမခံနိုင်ဆုံးမှာ မိဖုရားကြီး၏မလိုတမာဖြင့်လွန်ကဲနေသော သရော်ငေါ့တော့အသံပင်။ နန်းတော်ထဲတွင်ရှိနေသည့်သူတိုင်းကနှစ်ထောင်ချီကြာ ကျင့်ကြံလာသည့်မြေခွေးများနှယ်၊ ဘာမှမလုပ်နိုင်ကြသည့်တိုင် ကျောချမ်းစရာကောင်း၏။

သူသည်စိတ်မရှည်စွာဖြင့်: "ဧည့်သည်တွေအရှေ့မှာ ထိန်းထိန်းသိမ်းသိမ်းနေကြစမ်းပါ"

မိဖုရားကြီးကအရှက်သည်းစွာပြုံးပြီး ထပ်မပြောတော့ပေ၊ နံဘေးတွင်တိတ်တဆိတ်ထိုင်နေလိုက်သည်။

"ရွှမ်းချင် သူကကျန်းကိုတော့မယုံဘူး မင်းကိုတော့ယုံတယ် အဲဒါနဲ့ဘာတွေဖြစ်နေတာလဲလို့မေးတယ်"

ပိုင်ကျင်းလွင်ကအေးစက်စက်ဖြင့် : "မော့မော့က သူ့ရဲ့အပြောအဆိုမတတ်တဲ့သားနှစ်ယောက်ကို တမင်အန္တရာယ်ပေးတဲ့ကိစ္စကိုရောပဲ"

ရွှမ်းချင်ကခေါင်းညိတ်ကာ မိဖုရားကြီးအားဖြစ်စဉ်ကိုအကျဉ်းချုံးရှင်းပြလိုက်သည်။ သို့သော် သူကတော်လွန်းသည်။ သူသည်အရေးကြီးသည့်အသေးစိတ်အကြောင်းအရာများကိုချန်ထားခဲ့ပြီး သူနန်းတော်ထဲမှလူများကိုအချိန်အတန်ကြာစောင့်ကြည့်လာခဲ့စေကာမူ မည်သည့်ကိစ္စမှမဖြစ်ခဲ့သည့်အကြောင်းကိုသာပြောပြသည်။ ထိုနေ့က မင်းသမီးလေးသည်လူတစ်ယောက်နှင့်စကားများနေပြီး သူမ၏စိတ်အခြေအနေမတည်ငြိမ်မှုကလည်း အခွင့်ကောင်းယူစရာဖြစ်သွားခဲ့သည်။ မင်းသားနှစ်ယောက်မှာလည်း သွယ်ဝိုက်ပတ်သတ်နေ၍တာဝန်ယူရလိမ့်မည်ပင်။

ရွှမ်းချင်ကလိမ်ညာပြောနေခြင်းမျိုးမဟုတ်၊ အရိပ်နှစ်ခုကိုပေါင်းစပ်စေချင်လျှင် အမြန်ဖြေရှင်းရန်လိုအပ်သည်။ ထိုနေ့က မင်းသမီးမှာလည်းစိတ်အခြေအနေကောင်းမနေ၍ အခြေအနေကတစ်ခုသာရှိသည်။ မင်းသမီးသတိလစ်မေ့မြောနေသည့်အချိန်တွင် သူမနှင့်အတူရှိမနေဘဲ မင်းသားများအပေါ် ဦးစွာထိခိုက်စေခဲ့ခြင်းပင်။

မိဖုရား၏မျက်နှာမှာနားထောင်နေရင်း ပိုမိုရုပ်ဆိုးလာသည်။

နောက်ဆုံး၌ သူမသည်ဖျစ်ညှစ်ပြုံးကာ "အရှင်ရွှမ်းချင် အဲဒါကြီးကထပ်တော့မပေါ်လာလောက်တော့ပါဘူးနော်"

ရွှမ်းချင်ကပြန်ဖြေသည်။

"အဲဒါကိုထိန်းသိမ်းထားလိုက်ပါပြီ မိဖုရားစိတ်ချလက်ချသာနေပါ"

မိဖုရား : "ကောင်းတယ် ကောင်းတယ် ပန်ကုန်းမှာသားဆိုလို့နှစ်ယောက်လေးပဲရှိတာ တစ်ခုခုသာဖြစ်သွားရင် လက်ခံနိုင်မှာမဟုတ်ဘူး"

[ ပန်ကုန်း - ဒီမိဖုရားဆိုတဲ့အဓိပ္ပါယ်မျိုး ]

သူမသည် မည်သည့်အရည်မှရှိမနေသည့်မျက်လုံးထောင့်ကိုသုတ်ပြီးဝမ်းနည်းနေသည့်အမူအရာကိုပြလာသည်။

ပိုင်ကျင်းလွင်ကဘေးမှမေးသည်။

"အဲဒီတော့ဖြေရှင်းပြီးသွားပြီလား"

မိဖုရားကဆက်ပြောချင်နေသေးသည့်တိုင် ပိုင်ကျင့်လွင်၏မျက်လုံးထဲမှအေးစက်နေမှုကိုမြင်ပြီး စကားများကိုပြန်မြိုချလိုက်သည်။

"ဒီကလေးနှစ်ယောက်ကတော့ တကယ်ပါပဲ စကားကိုထိန်းမပြောနိုင်ကြဘူး ဘယ်စာမတတ်ပေမတတ်အစေခံဆီကသင်လာမှန်းလည်းမသိပါဘူး"

သို့သော် လူတိုင်း၏စိတ်ထဲတွင်သိနှင့်ပြီးသားပင်။ နန်းတော်ထဲ၌ အရှင်မင်းကြီး၏အချစ်ဆုံးမင်းသမီးလေးကို ဆူဆဲရဲသူမှာတစ်ယောက်သာရှိသည်။ မည်သို့သောအစေခံမျိုးက ဝက်ဝံကဲ့သို့အသည်းနှလုံးနှင့်ခွေးကဲ့သို့သောသတ္တိမျိုးရှိပါမည်နည်း။

ပိုင်ကျင်းလွင်ကသိနေ၍ နှာမှုတ်ကာ "မင်းကနန်းတော်ရဲ့အစေခံတွေတောင်မကိုင်တွယ်နိုင်ရင် ကျန်းပဲကိုင်တွယ်လိုက်တော့မယ်" ဟုပြောလိုက်သည်။

ပြောပြီးသည်နှင့် အမိန့်ထုတ်သည်မှာ : မင်းသမီးလေးအားကလေးအရွယ်တည်းမှစောင့်ရှောက်လာသော အစေခံကို နယ်စပ်တွင်အလုပ်ကြိုးစားရန်ဟုဆိုကာစေလွှတ်လိုက်၏။

မိဖုရား၏အသည်းနှလုံးမှာဆုပ်ညှစ်ခံရသလိုနာကျင်နေသည်။ သို့ထိတိုင် ဤကိစ္စကိုသည်အတိုင်းဖြေရှင်းလိုက်ခြင်းကအကောင်းဆုံးပင်။

မင်းသားများအားထိခိုက်ဒဏ်ရာရစေခဲ့သော တတိယမင်းသမီးလည်းအပြစ်ပေးခံရသည်။ သို့သော် ၎င်းကဟန်ပြသက်သက်သာ။ လစာသုံးလစာကိုဖြတ်တောက်ခံရပြီး နန်းဆောင်တွင်ဆယ်ရက်တိတိအပြင်မထွက်ဘဲသုံးသပ်နေရမည်။ ၎င်းကအပြစ်မပေးလိုက်ခြင်းနှင့်အတူတူပင်။

အပြစ်ဒဏ်များထုတ်ပြန်လိုက်သည်နှင့် နန်းတော်၏စည်းမျဉ်းကိုမသိသောလင်းရုဖေးပင် ပိုင်ကျင့်လွင်ကအင်မတန်ဘက်လိုက်နေခြင်းဖြစ်ကြောင်းသိလိုက်သည်။

မိဖုရားမှယ စိတ်တိုလွန်း၍သွားများပင်ကိုက်ခဲလာရသည့်တိုင် အဆုံး၌ဘာကိုမှပြောမလာပေ။


____

Translated By IQ-Team.