အပိုင်း ၁၁၇
Viewers 15k

Chapter 117




"အကြီးအကဲ"

ကုရွှမ်းတုသည် သူ၏နှုတ်ခမ်းထောင့်များကိုလျက်နေရုံဖြင့် မကျေနပ်သေးသည့်နှယ် "ရှောင်ကျို့ အချိုတွေစားထားပြန်ပြီလား"

လင်းရုဖေး : "အင်း...နည်းနည်းစားထားတယ်"

လှည်းထဲတွင်သကြားလုံးများနှင့်အစာသွပ်မုန့်များရှိပြီး သူယခုလေးတင်နန်းတော်ထဲမှထွက်လာချိန်ကလည်း အနည်းငယ်စားခဲ့သည်။

"ချိုတယ်"

ကုရွှမ်းတုကမျက်လုံးများကိုမှေးကာ လှပသည့်အပြုံးတစ်ပွင့်ကိုဖော်ထုတ်လာသည်။

"အရမ်းကိုချိုတယ်"

လင်းရုဖေးကသူ၏ပါးစပ်ထောင့်အားကိုင်ကာ ယောင်ဝါးဝါးဆိုသည်။

"သကြားရည်တွေကပ်နေသေးလား"

ကုရွှမ်းတု : "ဟင့်အင်း ကိုယ်ပြောချင်တာက ရှောင်ကျို့ကသကြားရည်ထက်ချိုတယ်လို့"

လင်းရုဖေးမှာ မျက်လုံးပြူးသွားသည်။ သူသည်ကုရွှမ်းတုကယခုလိုစကားမျိုးအား အတင့်ရဲပြီးပြောလာလိမ့်မည်ဟုမထင်ခဲ့ပေ။ အဆိုးဆုံးအချက်ကား သူကိုယ်တိုင်ကထိုစကားအား မှားနေသည့်နေရာမရှိဟုခံစားမိနေခြင်းပင်။ ကုရွှမ်းတု၏ပြုံးနေသောမျက်နှာကိုကြည့်မိပြီး သူ၏ပါးမှာထိန်းမနိုင်သိမ်းမရနီမြန်းလာသောကြောင့် စိတ်မသက်သာဖြင့်ကုရွှမ်းတုထံမှအကြည့်လွှဲလိုက်ရသည်။

လင်းရုဖေး : "အဟမ်း...နောက်ကျနေပြီ၊ ကျွန်တော်အရင်အနားယူနှင့်တော့မယ် အကြီးအကဲလည်း အနားယူပါတော့...."

ကုရွှမ်းတုကပြုံးကာ "ကောင်းပြီ"

လင်းရုဖေးကဆေးကြောပြီး အိပ်ရာတွင်လှဲလိုက်သည်။ သူတကယ်ပင်ပန်းနေပြီ။ ထို့ကြောင့် သူ၏စိတ်ထဲမှရှိနေသည့်အရာကိုလွှတ်ချလိုက်နိုင်ပြီး အေးအေးလူလူအိပ်ပျော်သွားသည်။

ကုရွှမ်းတုသည် အပြင်ဘက်မှမိုးသံများကိုနားထောင်နေပြီး စိတ်ထဲ၌ကျိတ်၍သက်ပြင်းချမိသည်။ သူက ထရပ်ပြီးအခန်းထဲတွင်လမ်းလျှောက်နေပြီးမှ အခန်းထဲမှသူ၏ပုံရိပ်မှာမျက်စိတမှိတ်အတွင်းပျောက်ကွယ်သွားသည်။

မိုးကား အနည်းငယ်သည်းသည်။ ၎င်းကတံစက်မြိတ်များအပေါ် ပက်ဖြန်းနေပြီး ၎င်းမြောင်းလေးတလျှောက်စီးဆင်းလာကာမြေပေါ်တွင် ရေစီးကြောင်းလေးတစ်ခုဖြစ်စေသည်။ ညသန်းခေါင်ကျော်သွားပြီး ကောင်းကင်ဘုံအုပ်ချုပ်သူ၏နတ်ကွန်းက မီးအိမ်အချို့ကြောင့်အလင်းရောင်ရှိနေသည်။ အလွန်တရာလင်းထိန်နေခြင်းမျိုးမဟုတ်သော်ငြား ဘေးပတ်ဝန်းကျင်ကိုမြင်ရနိုင်သည်။ အနှီနတ်ကွန်းသည်ကောင်းကင်ဘုံအုပ်ချုပ်သူအတွက် အလှပဆုံးတည်ဆောက်ထားသော တာ့ကျင့်မှခမ်းနားသည့်နတ်ကွန်းဖြစ်လင့်ကစား ကံခေစွာဖြင့် လွန်ခဲ့သောရက်အနည်းငယ်က မိုးကြိုးမုန်တိုင်းကျရောက်ခဲ့ပြီး နတ်ကွန်း၏နေရာအများစုမှာမီးလောင်ခံခဲ့ရသည်။ မူလပုံစံပြန်ရရန်မူ ရက်အနည်းငယ်ကြာနိုင်လောက်၏။

ကုရွှမ်းတုသည် နတ်ကွန်း၏တံစက်မြိတ်အရှေ့တွင်ရပ်လိုက်သည်။ နတ်ကွန်းထဲသို့ ကောင်းကင်ဘုံအုပ်ချုပ်သူ၏ရုပ်တုရှိနေပြီး ရုပ်တုမှာအစစ်အမှန်ပမာအသက်ဝင်နေသကဲ့သို့ ဆရာသခင်တစ်ယောက်၏ထွင်းထုမှုတော်တာကြောင့် ကောင်းကင်ဘုံစောင့်ရှောက်သူ၏ပုံစံနှင့်အတော်လေးဆင်တူနေသည်။ ကုရွှမ်းတုက နတ်ကွန်းထဲသို့ဝင်လာသည်၊ ရုပ်တုထံသို့လျှောက်သွားပြီးနောက် အနည်းငယ်မှိန်သောအလင်းတိုင်ကိုယူလာကာ သူ၏အရှေ့မှရုပ်တုကိုငေးကြည့်နေသည်။

"ကောင်းကင်ဘုံအုပ်ချုပ်သူ"

သူသည် ထိုသူကိုအသံတိမ်တိမ်ဖြင့်သာခေါ်လိုက်၏။

ဖြေသူကင်းမဲ့နေပြီး မိုးနှင့်မြေအား မိုးသံတဖျောက်ဖျောက်ကဖုံးအုပ်ထားသည်။ သူသည်လက်မြှောက်ကာ ရုပ်တုအားကိုင်ရန်ကြိုးစားသော်ငြား ၎င်းကိုထိရန်ကြိုးစားတိုင်းသူ၏လက်ညိုးကဖောက်ထွက်သွားသည်။ ဝိညာဉ်ခန္ဓာမှာ ပြင်ပမှအရာတိုင်းအားထိတွေ့ချင်သည့်တိုင်မလွယ်ကူပါချေ။ သည့်အပြင် ဤရုပ်တုကအမွှေးတိုင်များဖြင့်ပူဇော်ခံထားရသည့် နတ်ဘုရားရုပ်တုသက်သက်ပင်။ ကုရွှမ်းတုမှာ စိတ်ထဲမှသက်ပြင်းချလိုက်ပြီး လက်လျှော့တော့မည့်ဆဲဆဲတွင် သူ၏အနောက်မှခြေလှမ်းဖော့လျှောက်လာသည့်အသံကိုကြားရသည်။ သူလှည့်ကြည့်လိုက်သည့်အခါ တန်းခိုဆောင်တွင်အနားယူနေရမည့်ရွှမ်းချင်က နတ်ကွန်းထဲတွင်ဗြုန်းစားကြီးပေါ်လာ၏။

မိုးရေထဲတွင် ထိုသူကအပေါက်ရာဗရဗွဖြင့်ဆီစိမ်စက္ကူထီးတစ်ချောင်းသာဆောင်းလာသည်။ မိုးရေစက်များကသူ၏ပုခုံးမှတဆင့် မီးခိုးရောင်တွင်အနက်ရောနေသည့်ဝတ်ရုံအပေါ်ကျသည်။ သို့သော်ငြား ရွှမ်းချင်၏ပုံမှာသနားစရာကောင်းမနေပါချေ။ သူ၏ယုံကြည်မှုဝါဒကြောင့် တည်ငြိမ်သိမ်မွေ့ကာ ခန္တီတရားဖြင့်ပြည့်စုံနေသယောင်ပင်ပေါ်နေ၏။ သူသည်လည်း ရုပ်တု၏အရှေ့၊ ကုရွှမ်းတု၏ဘေးတွင်ဝင်ရပ်သည်။

ရွှမ်းချင် : "ကောင်းကင်ဘုံအုပ်ချုပ်သူ မတွေ့ရတာတောင်ကြာပါပေါ့လား"

သူ့ကိုယ်သူ မမြင်နိုင်သောလူဟူ၍သာမသိထားပါက ကုရွှမ်းတုသည်အနှီဘုန်းကြီးကသူ့အားနှုတ်ဆက်နေသည်ဟုထင်မိနိုင်သည်။ သူက လေသံဖျော့ဖျော့ဖြင့်သာဆိုပါ၏။

"မတွေ့ရတာကြာပြီ"

ရွှမ်းချင် : "ဒီနေ့မိုးအရမ်းရွာတယ် ကံဆိုးတာပဲ လွန်ခဲ့တဲ့ရက်က နတ်ကွန်းပျက်စီးသွားတော့ အရှင်လည်းအစိုခံနေရမှာပဲ"

သူသည်အင်္ကျီလက်ထဲမှပုဝါတစ်ထည်ကိုထုတ်ကာ ကောင်းကင်ဘုံအုပ်ချုပ်သူရုပ်တုမျက်နှာပေါ်မှ ရေစရေနများကိုသုတ်ပေးနေသည်။

ကုရွှမ်းတုသည်လက်ပိုက်ထားလျက်ဖြင့် ရွှမ်းချင်အားအသံတိတ်ကြည့်နေလိုက်၏။

"အချိန်တွေကုန်တာမြန်လိုက်တာ မျက်စိတမှိတ်ထဲမှာပဲ နှစ်တွေမရေမတွက်နိုင်အောင်ကျော်လာခဲ့ပြီ"

ရွှမ်းချင်သည်စတင်၍အလွမ်းသယ်လေတော့၏။

"အများကြီးလည်းဖြစ်ပျက်ခဲ့တယ် ဟယ့်မိသားစုဆီကိုရောက်ဖြစ်ရင်ဟယ့်မိသားစုရဲ့ ရွှေအတိနဲ့သစ်ကြားပင်ကိုသွားကြည့်ဖို့မမေ့ပါနဲ့ ပြီးတော့ အဲဒီအပင်က အဲဒီအချိန်ကခင်ဗျားနဲ့ခင်ဗျားလူတွေစိုက်ခဲ့ကြတာလေ....အခုတော့အပင်ကြီးကကြီးနေပြီးအပွင့်တွေလည်းပွင့်နေပြီ"

ထိုအခိုက် သူ၏ဘေးရှိမိုးယိုနေသည့်နေရာမှ မိုးရေကျလာပြီး ကောင်းကင်ဘုံအုပ်ချုပ်သူ၏ရုပ်တုအပေါ်သို့ကျကာ မျက်ရည်စက်လေးနှစ်စက်ပမာဖြစ်သွားစေသည်။

ရွှမ်းချင်ကား အတန်ကြာအောင်တိတ်ဆိတ်နေသည်။ သူသည်ချထားသည့်ထီးကိုယူကာ လေထဲတွင်တွဲလောင်းချထားလိုက်သည်။ သူကိုယ်တိုင်မဆောင်းဘဲ ရုပ်တုအပေါ်မှထီးမိုးပေးထား၏။

"ဘယ်အချိန်ပြန်လာမှာလဲ"

၎င်းမေးခွန်းသည် သူ့ကိုယ်သူ သို့မဟုတ် လူတစ်ယောက်အားမေးနေခြင်းလည်းဖြစ်နိုင်သည်။ ရွှမ်းချင်သည်အသက်ရှူနေရာမှတီးတိုးပြောကာ သူ၏ငေးမောနေသည့်မျက်ဝန်းများကကုရွှမ်းတုကိုယ်ကိုဖောက်သွားသည်။

ကုရွှမ်းတု : "မကြာခင်"

ရွှမ်းချင် : "မကြာခင်ပြန်လာခဲ့ပါ အားလုံးကသတိရနေတယ်"

"ကောင်းပါပြီ"

ကုရွှမ်းတုကပြုံးသည်။

"သေချာပေါက်...မကြာခင်ပြန်လာမှာပါ"

မိုးသည် နောက်တစ်နေ့မနက်အစောပိုင်းအထိ မတိတ်သွားပေ။

နတ်ကွန်းစောင့်သည်အိပ်ရာမှနိုးလာပြီး နတ်ကွန်းသည်လူသူကင်းမဲ့နေသည်။ သူသည်သမ်းဝေပြီး ရွှဲနစ်နေတော့မည့်ကောင်းကင်ဘုံအုပ်ချုပ်သူရုပ်တုအားသုတ်ရန် အဝတ်စုတ်တစ်ခုယူလာသည်။ သို့သော် သူရုပ်တုအနားအရောက်တွင် လည်ဆန့်ပြီး 'ထူးဆန်းတယ်' ဟုပြောမိသွားသည်။ ကောင်းကင်ဘုံစောင့်ရှောက်သူ၏ရုပ်တုကပကတိသန့်ရှင်းနေသည်။ ခေါင်းထက်တွင်မည်သည့်ရေစက်မှမရှိ၊ တစ်ကြိမ်တည်းဖြင့်ခြောက်သွေ့သွားခဲ့သည့်နှယ်။

မနေ့ကမိုးရွာခဲ့ပြီး ယနေ့တွင်နေသာသည်။ နွေးထွေးသောနံနက်ခင်းနေရောင်ခြည်လေးသည် ပြတင်းမှတဆင့်လင်းရုဖေး၏မျက်နှာပေါ်သက်ဆင်းသည်။ သူကဗလာမျက်လုံးများကိုဖွင့်လိုက်သည်တွင် ကုရွှမ်းတုကအိပ်ရာအစွန်တွင်ထိုင်နေသည်ကိုမြင်ရ၏။ မေးထောက်ထားပြီး မှေးနေသည်မှာ လူအား အေးချမ်းဆိတ်ငြိမ်မှုကိုခံစားရစေသည်။

လင်းရုဖေးကအိပ်ရာမှထလာပြီး ဖြည်းညှင်းသောလှုပ်ရှားမှုလေးကပင်ကုရွှမ်းတုအားနိုးလာစေသည်။ သူကသမ်းဝေလိုက်ပြီး ဝူးဝူးဝါးဝါးဖြင့်ဆိုသည်။

"ရှောင်ကျို့ မင်္ဂလာရှိတဲ့နံနက်ခင်လေးပါ"

"ကောင်းသောနံနက်ခင်းပါ"

လင်းရုဖေးကသူ့အားနှုတ်ဆက်ပြီးနောက် ကွဲပြားနေသည့်အရာကိုသတိထားမိသည်။

သူကြမ်းပြင်ကိုလက်ညိုးထိုးပြပြီး "အကြီးအကဲ အကြီးအကဲမှာအခုအရိပ်ရှိသွားပြီပေါ့"

ကုရွှမ်းတုကပြန်ဖြေသည်။

"ရှောင်ကျို့က ကိုယ့်ကိုပြန်ရအောင်ကူညီပေးလို့မဟုတ်ဘူးလား"

ယခင်က ကုရွှမ်းတုထံတွင်အရိပ်မရှိခဲ့ပေ။ ထို့အပြင် ခန္ဓာကိုယ်လည်းမရှိခဲ့၍ လင်းရုဖေးအတွက်အထူးအဆန်းမဟုတ်ခဲ့သည့်တိုင် ယခုတွင်အရိပ်ရှိလာလေရာ အတော်လေးဆန်းကြယ်နေသည်။

လင်းရုဖေးကအမြန်မေးမြန်းလိုက်သည်။

"အခြားသူတွေရော အကြီးအကဲကိုမြင်ရလား"

ကုရွှမ်းတုကခေါင်းခါသည်။ "မမြင်ရဘူး"

လင်းရုဖေးကမေးပြန်သည်။ "ဒါဆို...အကြီးအကဲကိုတွေ့ရဖို့ဘာလုပ်ရမလဲ"

ကုရွှမ်းတု : "ခန္ဓာကိုယ်ပြန်ရဖို့ အရေးကြီးတာတွေလိုနေသေးတယ်"

လင်းရုဖေးက 'အို့' ဟုအသံပြုကာတွက်ချက်နေ၏။

"ကျွန်တော်တို့မျက်လုံးနဲ့အရိပ်တော့ပြန်ရပြီ"

ထို့နောက် ကုရွှမ်းတုအားကြည့်ကာ "ပျောက်နေတာတွေအများကြီးရှိသေးတယ်ထင်တယ်"

ကုရွှမ်းတုကသူ့အားပြုံးပြကာ "မင်းပေါ့"

ကုရွှမ်းတုပြန်ရောက်လာ၍ပေလားမသိ၊ လင်းရုဖေး၏စိတ်အခြေအနေကကောင်းနေပြီး မနက်စာကိုပိုစားဖြစ်သည်။ သို့ရာတွင် အစေခံများမှာလင်းရုဖေး၏ပုံစံကိုမြင်ပြီးနောက် ပျော်ရမည့်အစား ဝမ်းနည်း၍စိတ်ဒုက္ခရောက်နေကြသည်။

လင်းရုဖေးသည်အလေးအနက်တွေးကြည့်ပြီးသည်တွင် အစေခံများစိုးရိမ်နေသည့်အရာကိုနားလည်သွားသည်။ ကုရွှမ်းတုပြန်ရောက်လာတည်းက သူတစ်ယောက်တည်းစကားပြောတတ်သည့်အကျင့်ကလည်းပြန်ရောက်လာသည်။ ဤတစ်ကြိမ်တွင်မူ သူတမနက်လုံးစကားအလွန်များနေသဖြင့်အတော်လေးစိုးရိမ်စရာကောင်းနေသည်။

၎င်းကိုတွေးပြီးသည်နှင့် လင်းရုဖေးသည်အမြန်ဆုံးနည်းဖြင့်ဝမ်ယောင်ထံစာပို့လိုက်သည်။ သူ၏လတ်တလောအခြေအနေကိုသိမ်မွေ့စွာရှင်းပြပြီး သူကစိတ်ဖောက်ပြန်တတ်သည့်ရောဂါမရှိသောကြောင့် ဘယ်တော့မှသူ၏အစေခံများကို ဆေးညွှန်မပေးပါရန်ပြောလိုက်ရသည်။ အဆိုပါဆေးများကိုထပ်သောက်နေရပါလျှင် သူတကယ်ဉာဏ်ထိုင်းသွားမည်ကိုစိုးရိမ်ရသည်။

သူက နောက်တဖန်ရွှမ်းချင်၏ဘေးတွင်လိုက်ကာ နန်းတော်သို့ဦးတိုက်ရပြန်သည်။ အစ၌ လင်းရုဖေးမှာ ထိုကိစ္စကသူနှင့်နောက်ထပ်မသက်ဆိုင်တော့လောက်ဟုတွေးမိသည့်တိုင် ထိုသူကလင်းရုဖေးအားအဖော်ခေါ်လိုက်လာပေးရန် အတင်းအကြပ်တောင်းဆိုနေသည်။ သူသည်လင်းရုဖေးအား စားသောက်ဆိုင်တွင်တစ်ယောက်တည်းနေခဲ့လျှင်ပျင်းနေလိမ့်မည်ဟုပင်ပြောသေးသည်။

လင်းရုဖေးမပျင်းတတ်သည်ကို ဘုရားပင်သိသည်။ နန်းတော်မှကိစ္စများဖြင့်အလုပ်ရှုပ်နေသောကြောင့် တန့်ရှောင်မြို့တစ်ပတ်ကိုဈေးမဝယ်ရသေးပေ။ စိတ်ပျက်စရာကောင်းလိုက်လေခြင်း။

သို့သော် ရွှမ်းချင်ကသူ့အားအလွတ်မပေးဘဲ၊ လင်းရုဖေးအားလှည်းထဲသို့ထိုးထည့်သည်။ လင်းရုဖေးသည်သူ၏လက်ထဲမှတွန့်လိမ်၍ပင်ထွက်မရလေရာ အရှုံးပေးလိုက်ရပြီး ဦးတည်ရာနောက်သို့လိုက်လာရတော့သည်။

ဤတစ်ကြိမ်တွင်မူ မင်းသားအားဓားစာခံလုပ်သောတရားခံကိုတွေ့ရှိထားပြီဖြစ်၍ အထဲရှိလုံခြုံရေးမှာလည်းယခင်နေ့များကလောက်မတင်းကြပ်တော့ပေ။ သို့သော် နန်းတော်၏လေထုအနေအထားမှာကောင်းမေန။ လင်းရုဖေးသည် အင်မတန်မှထူးဆန်းသည်ဟုခံစားနေရပြီး ရွှမ်းချင်က သူနားမလည်နိုင်သေးသည်ကိုသတိထားမိသည့်အခါ သက်ပြင်းချမိပြီး ထိုသူကလင်းရုဖေးအား အိပ်နေရာမှလန့်နိုးလာတဲ့လူလိုကြည့်လာသည်။

သူကပြောလိုက်သည်။ "တကယ်လို့ မင်းကမိဖုရားကြီးဖြစ်ပြီး ဧကရာဇ်ကလည်းလူသတ်သမားကိုရှာတွေ့ထားတာကိုသိရင် ဒါပေမဲ့ မင်းကလည်းလူသတ်သမားဘယ်သူမှန်းမသိရင် မင်းလက်ခံမှာလား"

လင်းရုဖေးကား ခပ်တိုးတိုးပြောသည်။ "ငါလက်မခံလောက်ဘူး"

"ဒါပဲ ဒါပဲလေ"

ရွှမ်းချင်ကခေါင်းယမ်း၍သက်ပြင်းချသည်။

"တော်ဝင်မိသားစုရဲ့ကိစ္စက တကယ်ကိုပြဿနာကြီးပဲ"

သူကိုယ်တိုင်လည်းဝင်မပါချင်ပုံရသည့်တိုင် လွတ်မြောက်နိုင်ခြင်းလည်းမရှိ။ ထိုအတွက်ကြောင့် သူသည် လင်းရုဖေးအားမရမကဆွဲခေါ်လာပြီး သူ့အားအဖော်လုပ်ခိုင်းသည်၊ ထိုအခါမှ သူတို့အတူတကွငြီးငွေ့နိုင်ပေလိမ့်မည်။

ယနေ့ သူတို့နန်းတော်သို့ရောက်လာချိန်၌ ပိုင်ထျန်းရွေ့အားမတွေ့ကြချေ။ လင်းရုဖေးကကြားဖြတ်မေးကြည့်သည့်အခါ ရွှမ်းချင်ပြန်ဖြေသည့်အကြောင့် သူကြောင်အသွား သည်။

ရွှမ်းချင်ကပျင်းရိပျင်းတွဲဖြေသည။

"သူကမိန်းကလေးတွေနဲ့တွေ့ရင်ကြောင်နေပြီး ဘုန်းကြီးနဲ့တွေ့ရင်တော့ဒေါသထွက်လာတာနေမှာပေါ့"

လင်းရုဖေးသည် အစတွင်မူ အနှီသူကရယ်စရာပြောနေခြင်းဖြစ်မည်ဟုထင်ခဲ့သည်။

လူသတ်သမားကိုရှာတွေ့ခဲ့ပြီးဖြစ်သောကြောင့် နန်းတော်သည်နောက်တဖန် စည်ကားလာသည်။ လမ်းပေါ်တွင် အဝတ်အစားလှလှလေးများဝတ်ထားကြသောနန်းတွင်းအစေခံအမြောက်အများ လျှောက်သွားနေကြသည်ကိုတွေ့ရပြီး ၎င်းကအလွန်တရာမှ မျက်စိအရသာတွေ့စေသည်။

လင်းရုဖေးနှင့်ရွှမ်းချင်သည် ဧကရာဇ်နှင့်ချိန်းဆိုထားသောနေရာတော်ဝင်ဥယျာဉ်သို့ရောက်လာကြသည်။ သို့သော် သူတို့သည် ဧကရာဇ်ကိုမတွေ့ကြဘဲ လသာဆောင်တွင်စပျစ်သီးထိုင်စားနေသောမင်းသမီးကိုသာတွေ့ကြရသည်။ သူမကိုကြည့်ရသည်မှာအတော်လေးနေမကောင်းဖြစ်ထားပုံရပြီး မျက်နှာကိုကြည့်လျှင် နုန်းချိနေမှုအရိပ်အယောင်ကိုတွေ့ရသည်။ ၎င်းကစိတ်မချမ်းမြေ့ဖွယ်ကောင်းသည်။

သို့တစေ လင်းရုဖေးသည်အလှလေးအမြောက်အမြားကိုမြင်ဖူးသည်။ သို့သော် ကုရွှမ်းတုထက်ပိုကြည့်ကောင်းသူမျိုးကိုမူ သူတစ်ခါပင်မမြင်ဖူးခဲ့သောကြောင့် ဤတစ်ကြိမ်တွင်သူ၏မျက်နှာအမူအရာကမပြောင်းလဲသွားချေ။ သူသည်ရွှမ်းချင်အနောက်မှ မင်းသမီးနှင့်ဆန့်ကျင်ဘက်သို့လျှောက်သွားလိုက်သည်။

မင်းသမီးကပြုံးရယ်ကာ ရွှမ်းချင်အားနှုတ်ဆက်၏။

"ကောင်းသောနေ့ပါ အရှင်ရွှမ်းချင်"

"ကောင်းသောနေ့ပါ တတိယမင်းသမီး"

ရွှမ်းချင်ကပြန်လည်နှုတ်ဆက်သည်။

"အရှင်မင်းကြီးကို မိဖုရားကြီးကခေါ်နေလို့ပါ"

တတိယမင်းသမီးကဆက်ပြောသည်။

"အဖေကကျွန်မကိုအပြစ်တင်မယ်လို့ထင်လား"

ရွှမ်းချင် : "သူမလုပ်လောက်ပါဘူး"

မင်းသမီးသုံးက မေးထောက်ကာဆိုသည်။

"အဲဒီလိုသာဆိုကောင်းမှာပဲ"

သူမသည် စပျစ်သီးစေ့ကခါးနေသည်ကိုအမှုမထားဘဲစိတ်ပျက်ငြီးငွေ့ဟန်ဖြင့်ဝါးနေ၏။

"အဲဒီလိုမှန်းသာသိရင် ပိုပြီးအလျှော့မပေးခဲ့ဘဲနေရမှာကို"

သူမသည် မျက်လုံးများကိုမှေးကာ "အဲဒီလိုမထင်ဘူးလား အရှင်ရွှမ်းချင်"

ရွှမ်းချင်သည် တတိယမင်းသမီး၏ပြောင်းလဲသွားပုံကိုအံ့ဩဟန်မပြဘဲ 'အောမီထောဖော်' ဟုသာတိုးဖျဖျရွတ်နေလေသည်။ ဖီလာအားဖြင့် လင်းရုဖေးသည် တတိယမင်းသမီးဆိုသူမှာလည်းမကောင်းကြောင်းသိရှိသွားရလေ၏။

_____

Translated By IQ-Team.