Chapter 116
အမြစ်ဖြတ်သုတ်သင်ခြင်း
------------------------
သူတို့နှစ်ယောက်မှာ မတွေ့ဆုံခဲ့ရသည်ကကြာမြင့်ခဲ့ပြီဖြစ်ရာ တစ်ဦးနှင့်တစ်ဦးကြည့်မိကြခိုက် မျက်လုံးများအတွင်းခြားနားသောအဓိပ္ပါယ်ကိုယ်စီရှိနေကြသည်။ သို့တစေ လူအများအပြားရှိနေ၍ လင်းရုဖေးမှာကုရွှမ်းတုနှင့်စကားမပြောနိုင်ချေ။ နောက်ဆုံး၌ အနှီသူသည်မပျောက်ကွယ်သွားခင် သူ့အားအချိန်ခဏကြာအောင်ကြည့်နေပြီးနောက် ပိုင်ကျင်းလွင်၏ လက်မောင်းအတွင်း ငိုယိုနေသောမင်းသမီးထံကြည့်သွားသည်။
အရိပ်သည် တတိယမင်းသမီး၏ကိုယ်မှခွာသွားပြီး သူမလည်းထလာနိုင်သည်။ သို့ထိတိုင် ထလာပြီးနောက် ပိုင်ကျင်းလွင်၏လက်ထဲတွင် တဖန်ငိုပြန်၏။
အခြားသူတစ်ယောက်သာဆိုပါက ထိုသူသည်ပိုင်ကျင့်လွင်၏ကြိမ်းမောင်းခြင်းကိုခံနေရလောက်ပေပြီ။ သို့ထိတိုင် ယခုကသူအချစ်ဆုံးတတိယမင်းသမီးဖြစ်နေလေသည်။ ဆူဆဲတော့မည့်စကားလုံးများကသူ၏လျှာထိပ်သို့ရောက်လာပြီးမှ အပြင်သို့ထွက်မလာနိုင်တော့ချေ။ သူသည်သူမ၏ခေါင်းကို ညင်ညင်သာသာလေးပွတ်သပ်ပေးပြီးအချိန်အတန်ကြာချော့မော့ပေးနေပြီးနောက် သူ၏သမီးလေးမှာငြိမ်သက်သွားတော့သည်။
ပိုင်ထျန်းရွေ့ နှင့် ရွှမ်းချင်တို့သည် တစ်လျှောက်လုံးဘေးတွင်ရပ်ကြည့်နေပြီး စကားဝင်မပြောရဲကြပါချေ။
တတိယမင်းသမီး ငိုယိုပြီးသွားမှပိုင်ကျင်းလွင်က မျက်နှာသုတ်ပဝါကိုထုတ်ကာ သူ့သမီး၏မျက်ရည်များကိုဂရုတစိုက်သုတ်ပေးလိုက်သည်။
"မငိုနဲ့တော့နော် မော့မော့ ဘာဖြစ်တာလဲ ဖေဖေကိုပြော"
လင်းရုဖေးက ဘေးတွင်ရပ်နားထောင်ရင်း အတော်လေးရယ်ရသည်ဟုတွေးမိပြီး သူ၏စိတ်ထဲတွင် ပိုင်ကျင့်လွင်က ကိုယ့်ဥကိုယ်ပဲသိသည်ဟုပြောနေမိ၏။ အခြားသူများ၏မျက်လုံးထဲတွင် အနှီသူသည် 'ခမည်းတော်' ဖြစ်ပြီး မင်းသမီးသုံးအတွက်မူ 'ဖေဖေ' ဖြစ်နေလေသည်။
မင်းသမီးသုံးသည် ငိုထား၍အတော်လေးစိတ်ရှုပ်နေသည်။ သူမ၏မျက်လုံးနှင့်နှာခေါင်းများက နီရဲနေပြီး သူမ၏ချစ်စဖွယ်မျက်နှာလေးက အတော်အတန်သနားချင့်စဖွယ်ဖြစ်နေ၏။ လင်းရုဖေးသည်ရွှမ်းချင် ယခင်ကပြောခဲ့ဖူးသည့်စကားကိုအမှတ်ရမိသည်၊ အနှီတတိယမင်းသမီးသည် သူမအမေနှင့်အတော်လေးတူသောကြောင့် ပိုင်ကျင်းလွင်ကသူမကိုလုံးဝမမေ့သေးသည်မှာ အံ့ဩစရာမရှိပေ။
"သမီး...သမီးလည်း...သေချာမမှတ်မိတော့ဘူး"
တတိယမင်းသမီးသည် သူမ၏မျက်လုံးကိုပွတ်နေပြီးရှိုက်နေရာမှ "အဲဒီနေ့ကသမီးအစ်ကိုတွေနဲ့ရန်ဖြစ်ပြီးတော့ စိတ်တိုလွန်းလို့ တစ်ယောက်တည်းနေချင်လာတာနဲ့ တော်ဝင်ဥယျာဉ်ကိုထွက်လာတာ"
ပိုင်ကျင့်လွင် : "ပြီးတော့ရော"
မင်းသမီးသုံး : "ကြင်ယာတော်မယ်မယ်ရဲ့ အကြိုက်ဆုံးအပင်အောက်မှာ အစေခံနဲ့အတူထိုင်နေတာ သမီးကစိတ်ထဲမှာဖြစ်နေတာတွေကိုသစ်ပင်ကြီးဆီပြောပြရတာကြိုက်တယ် ပြောနေရင်းက လေတိုက်လာတယ်၊ လေကပြင်းလွန်းလို့သမီး မျက်လုံးတောင်ဖွင့်လို့မရဘူး ပြီးတော့ဘာတွေဖြစ်သွားမှန်းသမီးလည်းမသိတော့ဘူး"
သူမသည်ကြောက်ရွံ့မှုအပြည့်နှင့်ဖြစ်နေပြီး အတော်အတန်ဒုက္ခရောက်ခဲ့ရသော သနားစဖွယ်ယုန်လေးတစ်ကောင်နှင့်တူနေသည်။
ပိုင်ကျင့်လွင်ကမေးပြန်သည်။
"မင်းနဲ့မင်းအစ်ကိုတွေကဘာလို့ရန်ဖြစ်ကြတာလဲ"
တတိယမင်းသမီးကအားယူပြုံးလိုက်ပြီး : "အဲဒါက...သမီးကအပြင်ထွက်ပြီးမီးထွန်းထားတာလေးတွေကြည့်ချင်တယ်လို့ပြောတာကို အစ်ကိုတွေက မိန်းကလေးတွေအပြင်ထွက်ရင်မလုံခြုံဘူးတဲ့"
ပိုင်ကျင်းလွင် : "ဒါပဲလား"
တတိယမင်းသမီးသည် ခေါင်းငုံ့ထားကာနှုတ်ခမ်းကိုကိုက်နေပြီး ရှိုက်သံနှော၍ ခပ်တိုးတိုးပြောသည်။
"သူတို့က...သမီးကိုမျိုးမစစ်လေးတဲ့"
"အသုံးမကျတဲ့ကောင်တွေ"
ပိုင်ကျင့်လွင်သည် တမဟုတ်ချင်းစိတ်တိုလာရပြီးသူ၏အမူအရာကထိန်းချုပ်ထားရာမှ ပေါက်ကွဲထွက်လာသည်။
"အဲဒီစကားကိုဘယ်သူပြောတာလဲ မင်းရဲ့ဒုတိယအစ်ကိုလား ဆဋ္ဌမမောင်တော်လား"
တတိယမင်းသမီးသည်ယောင်နနဖြင့်ပြန်ဖြေသည်။
"အရင်ပြောတာကတော့ဒုတိယမင်းသားနှစ်ပဲ အဖေသမီးကတကယ်ပဲ ကြင်ယာတော်မေ့ရဲ့သမီးအရင်းမဟုတ်ဘူးလားဟင် သမီးကတကယ်ပဲ..."
"အဲဒီစကားကိုထပ်မပြောနဲ့"
ပိုင်ကျင်းလွင်က အံကြိတ်ထားမိသည်။ ဒေါသထွက်လွန်းသောကြောင့်သူ၏မျက်လုံးများမှာနီရဲနေ၏။
"ကောင်းလိုက်တာ....တော်လိုက်ကြတဲ့ ကျန်းရဲ့သားတွေပဲ"
တော်ဝင်မှုသည် မျိုးနွယ်၏တန်ဖိုးထားမှုနှင့်ဆက်နွယ်ပတ်သတ်ပြီး 'မျိုးမစစ်' ဆိုသောစကားလုံးက အသည်းနာစရာကောင်းလှသည်။ ပိုင်ကျင့်လွင်၏မျက်နှာကိုသတိထားကြည့်ခြင်းအားဖြင့် သူ၏သားတော်မောင်နှစ်ယောက်က ကျိန်းသေပေါက်ပြန်ပေးဆပ်ရတော့မည်ဖြစ်ကြောင်းသိနိုင်သည်။
ပိုင်ကျင့်လွင်သည် ရုတ်တရက်သဘောပေါက်သွားပြီး နောက်တဖန်ထပ်မေးမြန်းလိုက်သည်။
"သူတို့အဲဒီလိုပြောတာပထမဆုံးမဟုတ်ဘူးမလား"
တတိယမင်းသမီးသည် တုံဏှိဘာဝေဖြင့်ခေါင်းညိတ်ပြပြီး အားမရှိသောအပြုံးဖြင့် : "သူတို့ပြောတာ....အခေါက်ပေါင်းမနည်းတော့ဘူး ဖေဖေကသမီးကိုချစ်တာဆိုတော့ မနာလိုဖြစ်တာနေမယ်ဆိုပြီး စိတ်ထဲမထားခဲ့ပါဘူး ဟို..."
ပိုင်ကျင့်လွင် : "ဘာလဲ"
တတိယမင်းသမီးက စကားထပ်မပြောတော့ဘဲ ပိုင်ကျင့်လွင်၏လက်များအကြားပစ်ဝင်ပြီး နောက်တဖန်ငိုပြန်၏။
ပိုင်ကျင့်လွင်က သူမခေါင်းကိုသာသာလေးပုတ်ပေးကာ မမေးမြန်းခင်သူမကိုချော့မော့ပေးလိုက်သည်။
"မော့မော့သတိလစ်သွားတုန်းက တစ်ခုခုခံစားရေသးလား"
တတိယမင်းသမီးက နှာခေါင်းတရှုံ့ရှုံ့လုပ်သည်။ သူမ၏ငိုသံကတိုးတိမ်သွားကာ အခန်းပတ်လည်ကိုကြည့်သည်။ ရွှမ်းချင်ကိုကျော်သွားပြီးသည်တွင် ခဏခန့် ရပ်သွားကာ မကြာမီပင်သူမအကြည့်ကိုပြန်ရုတ်လိုက်သည်။
မျက်လွှာချကာတိုးလျသောလေသံဖြင့်: "သမီးတစ်ခုခုကိုခံစားရတယ် ဒါပေမဲ့ ဘာမှန်းလည်းသေချာမပြောတတ်ဘူး....."
သူမကတဒင်္ဂတုန့်ဆိုင်းနေပြီးနောက် စိုးရိမ်မှုအနည်းငယ်ကိုဖော်ပြလာသည်။
"ဖေဖေ..သမီးသတိမေ့နေတုန်းက နန်းတော်ထဲမှာတစ်ခုခုဖြစ်ခဲ့သေးတာလား"
ပိုင်ကျင့်လွင်က ဖုံးကွယ်မထားဘဲ တည့်တိုးသာပြောလာသည်။
"မင်းရဲ့ဒုတိယအစ်ကိုနဲ့ဆဋ္ဌမမောင်က သေလုမျောပါးဖြစ်ခဲ့တယ်"
တတိယမင်းသမီး၏မျက်နှာမှာ ဖြူရော်သွားရပြီး ပြောစရာစကားများပျောက်ရှသွားသည်။
"အဲဒါက...အဲဒါကသမီးနဲ့...ပတ်သက်နေတာလားဟင်"
ပိုင်ကျင့်လွင်က အင်းမလုပ်အဲမလုပ်ဖြင့် တတိယမင်းသမီး၏ခေါင်းကိုပွတ်သပ်ပေးပြီး သူမသတိမေ့နေစဉ်က ခံစားခဲ့ရသမျှကိုအကြောင်းစုံရှင်းပြခိုင်းသည်။ တတိယမင်းသမီးသည်ပြောရန်ဝန်လေးနေပြီးမှ တိုးလျစွာပြောလာ၏။
"အစကေတာ့ သမီးသတိလစ်နေတာပဲ ပြီးတော့ တစ်ခုကသမီးကို အမှောင်ထုထဲဆွဲသွင်းပစ်တယ် ပြီးတော့အထဲမှာ သမီးအသံတစ်ခုကြားမှလှုပ်လို့ရတယ်"
ပိုင်ကျင့်လွင်ကမျက်မှောင်ကြုတ်ကာ : "ဘာသံလဲ"
တတိယမင်းသမီးကခေါင်းခါ၏။
"ယောကျ်ားတစ်ယောက်အသံဆိုတာပဲသိတယ် သမီးလည်းအရင်ကတစ်ခါမှမကြားဖူးဘူး"
ယောကျ်ားအသံမှန်းသိလိုက်ရသည်တွင် ပိုင်ကျင်းလွင်၏မျက်ခုံးများကပိုမိုစုကျုံ့သွား၏။
"သူဘာပြောတာလဲ"
တတိယမင်းသမီး : "သူက...သမီးကိုဘာလို့မပျော်တာလဲလို့မေးတယ်..."
ပိုင်ကျင့်လွင်ကဆက်နားထောင်နေသည်။
"သမီးသူ့ကို သမီးအစ်ကိုတွေနဲ့ရန်ဖြစ်တဲ့အကြောင်းပြောပြလိုက်တယ်"
တတိယမင်းသမီးကခက်ခက်ခဲခဲပြောနေသည်။
"နောက်ပိုင်း ဘာဆက်ဖြစ်သွားလဲဆိုတာသမီးလည်းမမှတ်မိတော့ဘူး သမီးကကောင်းကင်ပေါ်မှာပျံနေပြီး လူတွေအများကြီးကိုမြင်နေရသလိုပဲ မှုန်ဝါးပြီးရှုပ်ယှက်ခတ်နေတာပဲ"
ပိုင်ကျင့်လွင်သည် သူမသတိလစ်မေ့မြောနေစဉ်က အကြောင်းများကိုစစ်စစ်ပေါက်ပေါက်မေးမြန်းသေးသည့်တိုင် တတိယမင်းသမီးကား မရေမရာသာပြန်ဖြေ၏။ သူမ၏စိတ်ရှုပ်ထွေးပြီးပင်ပန်းနေပုံအရ လိမ်နေဟန်မပေါ်။ နောက်ဆုံး ရွှမ်းချင်ကသာပြောလာရသည်။
"အရှင်မင်းကြီး မင်းသမီးရဲ့အရိပ်ကအခုမှနေရာတကျပြန်ရောက်တာပါ သူမကောင်းကောင်းအနားယူသင့်ပါတယ် မနက်ဖြန်မှနောက်တစ်ခါမေးမြန်းကြည့်ပါလား"
၎င်းကပိုင်ကျင့်လွင် ကြားချင်နေသောစကားပင်။ အဖေနှင့်သမီးအကြားတွင် အပြင်လူများနားထောင်ရန်မသင့်လျော်သောစကားများပါတတ်သည်။ ထို့ကြောင့် သူသည်ရွှမ်းချင်စကားကိုလက်ခံပြီး တတိယမင်းသမီးအားကောင်းကောင်းအနားယူရန်ပြောကာ နေရာမှထကာထွက်သွားလေ၏။
အပြင်ရောက်သည့်အခါပိုင်ကျင့်လွင်က ရွှမ်းချင်ကိုအရိပ်အကြောင်းမေးသည်။ ရွှမ်းချင်ကလင်းရုဖေးအားလက်ညိုးထိုးပြ၍ အရိပ်ကသခင်လေးလင်း၏ဓားထဲတွင်ချိပ်ပိတ်လိုက်ပြီဖြစ်သောကြောင့် ပိုင်ကျင်းလွင်အတွက်စိုးရိမ်စရာမရှိတော့သည့်အကြောင်းပြောပြလိုက်၏။
ပိုင်ကျင့်လွင်ကခေါင်းညိတ်ကာ ရွှမ်းချင်အားအနူးအညွတ်ကျေးဇူးတင်ကြောင်းပြသည်။ ရွှမ်းချင်ကပြုံးကာလက်ယမ်းပြ၍ အရှင်ကအားနာလွန်းနေပြီး ကိစ္စလေးကိုပင် အရေးတယူထားနေစရာမလိုကြောင်းတုံ့ပြန်သည်။
သူတို့သည် လမ်းမခွဲခင်စကားအတောအတန်ပြောဖြစ်ကြသည်။ မူလကပိုင်ကျင်းလွမ်သည် သူတို့နှစ်ယောက်အားနန်းတော်ထဲတွင်နေစေချင်သော်ငြား ရွှမ်းချင်ကချက်ချင်းငြင်းပယ်လိုက်သည်။ အဆုံး၌ သူတို့နှစ်ယောက်ကိုစားသောက်ဆိုင်အထိပြန်လိုက်ပို့ရန် လှည်းတစ်စီးစီစဥ်ပေးလိုက်ကြသည်။ မင်းသားသည်ယခင်နှင့်မတူစကားနည်းနေကာ လှည်းထဲတွင်မျက်လုံးမှိတ်လျက်သားထိုင်နေသည်။ ရွှမ်းချင်ကရယ်မော၍သူ့အားစနောက်နေ၏။
"အရှင့်သားကဒီနေ့ငြိမ်လှချည်လား"
ပိုင်ထျန်းရွေ့ကနှာရှုံ့သည်။
"အဖေနဲ့ကလေးကြားက အလိုအလျောက်မေတ္တာကိုတွေ့ပြီး အားကျသွားလို့ပါ"
ရွှမ်းချင် : "ကျွန်တော်ကတော့ အရှင့်သား မနာလိုဖြစ်နေတယ်လို့ထင်တာပဲ အရှင့်သားရဲ့အကိုတော်က ကလေးတွေအများကြီးရထားပြီ အရှင့်သားကမိန်းမတောင်မရသေးဘူးလေ"
ပိုင်ထျန်းရွေ့ကစိုက်ကြည့်လိုက်ပြီး "ငါလားမရမှာ မလိုချင်တာကွ"
ထို့နောက် သူသည်လင်းရုဖေးအားကြည့်ကာပြုံးလျက် လင်းရုဖေးလေး အရွယ်ရောက်လာလျှင် လက်ထပ်၊ မထပ်မေးလာသည်။
ရွှမ်းချင်ကကျစ်စုပ်ကာ ပိုင်ထျန်းရွေ့အား မသတီသလိုကြည့်သည်။
"ထားလိုက်တော့ သခင်လေးကအရွယ်ရောက်ပြီးနေပြီ အရှင့်သားကသူ့ထက်အသက်ကြီးနေပြီးတော့ဦးလေးတောင်ခေါ်ခံရတော့မှာ နည်းနည်းလောက်တော့ရှက်တတ်ပါဦး"
ပိုင်ထျန်းရွေ့က ဒေါသကြောင့်ရှူးရှူးရှားရှားဖြစ်သွားရသည်။
လှည်းသည် မကြာမီပင် စားသောက်ဆိုင်အဝင်ဝသို့ရောက်လာ၏။ လင်းရုဖေးကလှည်းပေါ်မှအရင်ဆင်းလိုက်ပြီး ပိုင်ထျန်းရွေ့ကား သူတို့နှစ်ယောက်တည်းသီးသန့်ပြောစရာရှိသည်ဆိုကာ ပြန်ဆွဲထားသည်။ နှစ်ယောက်စလုံးကလှည်းထဲတွင်ကျန်ခဲ့ပြီး ရွှမ်းချင်ကသက်ပြင်းချသည်။ သူသည်ပိုင်ထျန်းရွေ့ပြောမည့်စကားကိုသိနေသယောင်။
ပိုင်ထျန်းရွေ့ လှည်း၏လိုက်ကာကိုဆွဲချသည်။ လှည်းတွင်းမှအလင်းရောင်သည် တမဟုတ်ချင်းမှိန်ကျသွားပြီး အချင်းချင်းမျက်နှာကိုပင်ကောင်းစွာမမြင်ရတော့ပေ။
ပိုင်ထျန်းရွေ့ကအသံကိုနှိမ့်ကာ : "မင်းပြောကြည့်စမ်း အဲဒီနှစ်က ငါ့အစ်ကိုသာမတော်တဆမဖြစ်ခဲ့ရင် ကောင်းသွားမှာလား ဆိုးသွားမွာလား"
ရွှမ်းချင် : "ပိုင်ကျင့်လွင်အတွက်ပဲဆိုရင်တော့ ကောင်းလိမ့်မယ်"
ပိုင်ထျန်းရွေ့ကထပ်မေးသည်။ "တာ့ချင်အတွက်ရော..."
ရွှမ်းချင် : "အရှင့်သားလည်း အဖြေကိုစိတ်ထဲကနေသိနှင့်ပြီးသားမဟုတ်လား"
ပိုင်ထျန်းရွေ့ကညည်းညူသည်။ "ဒုက္ခပဲ"
ရွှမ်းချင် : "ဒီဘုန်းကြီးကို သွားခွင့်ပြုပါ"
ပိုင်ထျန်းရွေ့ကရယ်ကာ: "ဟေး...ကိုယ်တော် ဘာလို့သွားဖို့ကိုအလျင်လိုနေတာလဲ ရှင်းရှင်းပြောရရင် ကိုယ်တော်ကမနေ့ညကသခင်လေးလင်းနဲ့တစ်ညလုံးအဖော်လုပ်ပြီး အရက်လည်းသောက်ပေးသေးတယ် ငါနဲ့ကျတော့ စကားလေးတောင်ပိုမပြောချင်ဘူးလား"
ရွှမ်းချင်ကသက်ပြင်းချ၏။ "မတူဘူးလေ"
ပိုင်ထျန်းရွေ့ကမေးသည်။ "ဘယ်လိုမတူတာလဲ"
ရွှမ်းချင် : "သခင်လေးလင်းက ဒီကိုယ်တော်ရဲ့သူငယ်ချင်းပါ"
ပိုင်ထျန်းရွေ့ : "ငါကေရာ"
ရွှမ်းချင် : "ဖြတ်သွားဖြတ်လာ"
၎င်းကိုကြားလိုက်ရသည့်အခိုက် ပိုင်ထျန်းရွေ့၏အမူအရာကဇာတ်မင်းသားဟန်ပြောင်းလဲသွားသည်။ သူသည်ရွှမ်းချင်၏အင်္ကျီလက်စကိုဆောင့်ဆွဲကာ အမုန်းတရားများဖြင့်အံကြိတ်သည်။
"ဘုန်းကြီးစုတ် မင်းနဲ့ငါက ဖြတ်သွားဖြတ်လာတွေပါပေါ့ ဟုတ်လား"
ရွှမ်းချင်သည် ပိုင်ထျန်းရွေ့အား ယခင်ကအတိုင်းမပြောင်းမလဲတည်ငြိမ်စွာဖြင့်ကြည့်နေသည်။ ထိုသူ၏မျက်လုံးထဲတွင်ကရုဏာတရားများရှိသည်ဟုပြောမည်ဆိုပါက ထိုအခိုက်အတန့်၌ပင် ၎င်းကအေးစက်နေသည်ကိုတွေ့ရလိမ့်မည်။ နတ်ဘုရားကလူသားများအားလုံး ပုရွက်ဆိတ်များနှယ်ငုံ့ကြည့်နေသည့်ပမာ။
နှစ်ယောက်သား အချိန်အတန်ကြာအောင်စိုက်ကြည့်နေကြသည်။ ပိုင်ထျန်းရွေ့ကရုတ်တရက်လွှတ်ပေးလိုက်ပြီး သူ၏ဘာကိုမှစိတ်မဝင်စားသည့်ပုံပြန်ဖြစ်သွားသည်။
သူသည်မျက်လုံးများကိုမှေးကာရယ်လိုက်ပြီး : "နေတော့...နေတော့...ငါကဘာလို့ ဒီငမွဲဘုန်းကြီးနဲ့ပုံကြီးချဲ့စကားများနေရမှာလဲ"
သည့်နောက် သူသည်ရွှမ်းချင်အား အမြန်ပင်လှည်းပေါ်မှမောင်းချလိုက်ပြီး နန်းတော်သို့တစ်ယောက်တည်းပြန်လှည့်သွားသည်။
ရွှမ်းချင်သည် စားသောက်ဆိုင်ရှေ့တွင်အချိန်တစ်ခုကြာအောင်ရပ်နေခဲ့သည်။ သူသည်နန်းတော်သို့ဦးတည်သွားသောအစက်လေးကိုငေးကြည့်နေသည်။ ထို့နောက် အပြင်မှပြန်လာသည့်ဖူဟွားနှင့်ယွီရွေ့အားဆက်ကြည့်နေပြီး သူမတို့က သူတံခါးနားတွင်ရပ်နေသည်ကိုမြင်သည်တွင်သူ့အားနှုတ်ဆက်ကြသည်။ သူကပြုံးကာဖြင့်ခေါင်းညိတ်ပြပြီးစားသောက်ဆိုင်တွင်းသို့ဝင်သွားသည်။
ထိုညတွင်ပင် တာ့ကျင့်၌မိုးများအသည်းအထန်ရွာချသည်။
ရာသီအလိုက် မိုးရွာသွန်းရာတွင်ထူးခြားမှုရှိသည်။ နွေရာသီတွင်ရွာသည့်မိုးသည် မိုးပေါက်ကြီးပြီး သည်းထန်ကာ တုံ့ပြန်ချိန်ပင်မရလိုက်ဘဲအမြန်ရွာပြီးအမြန်တိတ်သွားတတ်သည်။
လင်းရုဖေးမှာ စားသောက်ဆိုင်ကိုအမြန်ပြန်လာပြီး အခန်းထဲဝင်သည်နှင့်ကုရွှမ်းတုကသူ့အားကိုယ်ထင်ပြ၏။
လင်းရုဖေးကပြုံး၍ ပြောလိုက်သည်။
"အကြီးအကဲ မတွေ့ရတာအတော်လေးကြာပြီနော်"
"မင်းပါးစပ်ကဘာဖြစ်တာလဲ"
ကုရွှမ်းတုက လင်းရုဖေး၏ပါးစပ်ထောင့်မှ အတိုင်းသားမြင်ရသည့်ဒဏ်ရာနှစ်ခုကိုသတိထားမိသည်။ သို့ရာတွင် လူအများကြီးရှိနေ၍လင်းရုဖေးအားပြောဆိုရန်အချိန်ကောင်းမဟုတ်သေးသောကြောင့် ဆိတ်ဆိတ်နေလိုက်ရသည်။
"အို့...ဒါကဒဏ်ရာသေးသေးလေးပါ"
လင်းရုဖေးသည်လက်အားဝှေ့ယမ်းပြီး သူဒဏ်ရာရခဲ့သည့်အကြောင်းကိုပေါ့ပေါ့တန်တန်ရှင်းပြနေသည်။ သူပေါ့တီးပေါ့ဆရှင်းပြ၍အပြီးမှာပင် ကုရွှမ်း၏အမူအရာကစိုးရိမ်တကြီးဖြစ်သွားသည်။ အစပိုင်းတွင်ဒေါသဖြစ်ပြီးနောက်ပိုင်း၌ ရှက်သွားကာ နောက်ဆုံးတွင်မူဘာမျှမဖြစ်ခဲ့သည့်ဟန်ဖြစ်သွားသည်။
"အို့..ဒီလိုကိုး"
လင်းရုဖေးသည် ကုရွှမ်းတု၏အမူအရာကိုသတိထားမိပြီး အနည်းငယ်ဗရုတ်ကျချင်စိတ်ဖြစ်လာသည်။
သူသည်ဘာကိုမှမသိဟန်ဆောင်ကာမေးလိုက်၏။
"အဲဒါကအကြီးအကဲရဲ့အရိပ်လား အကြီးအကဲရဲ့အရိပ်ကဘာလို့တာ့ကျင့်မှာပေါ်လာတာလဲ ပြီးတော့ ပိုဆိုးသွားအောင် တတိယမင်းသမီးကိုပါအတင်းအကြပ်လုပ်ခိုင်းသေးတယ်"
ကုရွှမ်းတု : "....အထင်လွဲတာပါ"
လင်းရုဖေး : "အထင်လွဲတာလား"
ကုရွှမ်းတု : "ကိုယ့်ရဲ့အဲဒီအရိပ်က ပင်ကိုယ်အသိစိတ်မရှိဘူး တတိယမင်းသမီးကိုနှောင့်ယှက်မိတာ မတော်တဆတင်ပါ တတိယမင်းသမီးကဘာမှမဟုတ်သလိုပြောလိုက်ပေမဲ့ သူ့စိတ်ထဲမှာသူ့အတွေးနဲ့သူရှိပြီးသား သူ့အဖေကမေးတာနဲ့သူအခြားအရာတစ်ခုကိုစကားလွှဲလိုက်မှာ"
လင်းရုဖေး : "ဒါဆို သူ့အဖေကရောယုံလား"
ကုရွှမ်းတု : "မင်းရောယုံလား"
လင်းရုဖေး : "ငါးဆယ်လောက်ပေါ့"
ကုရွှမ်းတု : "ဒါဆိုရင်တော့အဖေလုပ်သူက ခြောက်ဆယ်လောက်ယုံမှာပဲ ဧကရာဇ်ဖြစ်လာတဲ့သူဆိုတာ ပါရမီရှင်ကလေးတွေလေအရူးလုပ်ဖို့လွယ်မှာမဟုတ်ဘူး"
ပြောပြီးနောက် သူကလင်းရုဖေးအနားတွင်ထိုင်ချလိုက်သည်။ ခေါင်းအားစောင်းကာ လင်းရုဖေး၏ပါးစပ်ထောင့်မှဒဏ်ရာကိုဂရုတစိုက်ကြည့်သည်။ ဒဏ်ရာကသိပ်မနက်ဘဲ ပွန်းပဲ့ပြီးအနည်းငယ်ရဲသွားရုံသာ၊ သို့သော် လင်းရုဖေး၏ဖျော့တော့သောနှုတ်ခမ်းများကြောင့် သိသာနေသည်။ ကုရွှမ်းတုမှာ ကြည့်လေစိတ်မသက်သာပိုဖြစ်ရလေပင်။ သူသည်အနောက်ဆုတ်လိုက်သေးသည့်တိုင် နောက်ဆုံး၌ လက်မဖြင့်လင်းရုဖေး၏ပါးစပ်ထောင့်ကိုညင်သာစွာဖိပေးလိုက်သည်။ သူ၏လက်ချောင်းထိပ်များကရေခဲပမာအေးစိမ့်နေပြီး
ဖိလိုက်ချိန်တွင်မနာကျင်သော်ငြားလင်းရုဖေးမှာအလိုလိုညည်းညူမိသွားသည်။
ကုရွှမ်းတုကလက်ကိုအမြန်ပြန်ရုတ်ကာ မေးလိုက်၏။
"နာလို့လား"
လင်းရုဖေးကခေါင်းခါပြ၏။ "မနာပါဘူး"
ကုရွှမ်းတုကမယုံသင်္ကာဖြင့် "တကယ်မနာဘူးလား"
"အရမ်းနက်နက်ထိုးလိုက်ရင်တော့နာတယ် အောင့်ထားလို့မရဘူး"
လင်းရုဖေးကား သူ၏စကားတွင်မည်သည့်နေရာမှားနေမှန်းမသိသေးပေ။
"ပြီးတော့...အကြီးကြီးနဲ့...မာလည်းမာသေးတယ်...."
ကုရွှမ်းတု၏နားရွက်များက မသင်္ကာဖွယ်ကောင်းစွာရဲတွက်သွား၏။
လင်းရုဖေးကသိချင်စိတ်ဖြင့် : "အကြီးအကဲ နားရွက်တွေကဘာလို့နီနေတာလဲ"
ကုရွှမ်းတုသည် တည်တည်ငြိမ်ငြိမ်ပင်။
"မင်းအမြင်မှားတာနေမယ်"
"တကယ်ကြီးမနီဘူးလား"
လင်းရုဖေးက သံသယများဖြင့်သူ၏ပြဿနာကိုငြင်းချက်ထုတ်သည်။
"ကျွန်တော်သေချာမြင်လိုက်ရတာပါ"
ကုရွှမ်းတုက ချေပပြန်၏။
"ကိုယ်ပြောပြီးပြီလေ မင်းအမြင်မှားတာပါဆို"
လင်းရုဖေး : "ကျွန်တော်...."
သူစကားတစ်ဝက်တွင်သာရှိသေးစဉ် ကုရွှမ်းတု၏မျက်နှာကကပ်လာသည်။ သူမတုံ့ပြန်နိုင်သေးခင် သူ၏နှုတ်ခမ်းထောင့်၌စိုစွတ်သွားမှုကိုခံစားရသည်။ ၎င်းကမည်သည့်အရာမှန်းသိသွားသည်နှင့် သူ၏တစ်ကိုယ်လုံးမှာနေရာတွင်အေးခဲသွားလေသည်။
_____
Translated By IQ-Team.