အပိုင်း ၁၁၅
Viewers 15k

Chapter 115
အရိပ်မည်းအား ဖြတ်​တောက်ပစ်ခြင်း

───────


လင်းရု​ဖေးက စိတ်ဝင်တစား မေးလိုက်သည်။

"ဆရာကြီး စိတ်မကောင်းဖြစ်လား"

ရွှမ်ချင်းသည် ပြုံးပြီးပြောလိုက်၏။

"ဘုန်း​ကြီးတွေက ရုပ်သေးရုပ်တွေမဟုတ်ဘူး ဒါ​ကြောင့် ​သေချာ​ပေါက် သူတို့ ဝမ်းနည်းတတ်တာပေါ့"

ထို့​နောက် လင်းရု​ဖေးက ဆက်​မေးပြန်သည်။

“ဒါဆို ထမင်းစားတာနဲ့ အိပ်တာလိုမျိုး ဘယ်လိုလုပ်တူနိုင်မှာလဲ"

ရွှမ်ချင်းက လေးလေးနက်နက် ပြန်ပြောသည်။

"လင်းကုန်းဇီ စက်ဆုပ်ဖို့ကောင်းတဲ့အရာတစ်ခုခုကိုစားလိုက်ရင်​ရော မင်း ဝမ်းနည်းမှာလား"

စက်ဆုပ်ဖို့​ကောင်းသည့် သူ့အကြိုက်မဟုတ်​သော အရာများအကြောင်း ပြောသောအခါ လင်းရုဖေးသည် ဖူဟွားနှင့် ယွီ​ရွေ့တို့ကျိုထားသော တရုတ်ဆေးခါးကို ချက်ချင်းပြေးသတိရသွားသည်။ သူ့မျက်နှာသည် ချက်ချင်းပင် ဘောလုံးကဲ့သို့ ရှုံ့တွသွားပြီး သဘောတူ​ကြောင်း မရပ်မနားခေါင်းညိတ်​ပြလိုက်သည်။

“ဝမ်းနည်းမှာ ​သေချာ​ပေါက်ကို ဝမ်းနည်းမှာ"

ရွှမ်ချင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

မနက်မိုးလင်းသည်အထိ နှစ်ယောက်သား စကားများပြောဖြစ်ကြသည်။

ရွှမ်ချင်းသည် ရထားကိုပြင်ဆင်ရန် နန်းတော်ဝန်ထမ်းများကိုခေါ်လိုက်ပြီး လင်းရု​ဖေးနှင့်အတူ နန်းတော်မှထွက်ခွာသွားကြသည်။ နှစ်ယောက်သား တည်းခိုခန်းသို့ ပြန်လာကြပြီး အသီးသီး သူတို့အခန်းသို့ အနားယူရန် ပြန်မသွားမီ တစ်ခုခုကို ကြုံကြိုက်သလို စားသောက်လိုက်ကြသည်။ လင်းရု​ဖေးသည် တစ်ညလုံးမအိပ်ဘဲ​နေပြီး သေရည်အများအပြားသောက်ခဲ့သော်လည်း အိပ်မ​ပျော်ခြင်းမျိုးမဖြစ်ခဲ့ပေ။ မွန်းတည့်ချိန်အထိ အိပ်မောကျပြီးနောက် မတည်ငြိမ်​သောအမူအရာဖြင့် နိုးလာခဲ့သည်။ သူ့နှာတံကို ဖြစ်ညှစ်လိုက်ပြီး ဖူဟွားကို အမူး​ပြေ​စေသည့်ဟင်းချိုတချို့ ပို့ပေးရန် ပြောလိုက်သည်။ သူ အောက်ထပ်သို့ ဖြည်းညှင်းစွာ ဆင်းလာသောအခါ ရွှမ်ချင်းသည် ဧည့်ခန်းတွင် နေ့လည်စာစားရန် ​ရောက်နှင့်​နေပြီးဖြစ်သည်။

လင်းရု​ဖေးသည် သူနှင့်ဆန့်ကျင်ဘက်တွင် ထိုင်လိုက်ပြီး စိတ်ရှုပ်​ထွေးစွာ မေးလိုက်သည်။

"ဆရာတော်က ဘာလို့ ဒီလောက် အစောကြီးနိုးနေရတာလဲ"

ရွှမ်ချင်းက အပြုံးလေးဖြင့်ပြန်ဖြေ​သည်။

"ဒီကိုယ်တော်ရဲ့ သေရည်သောက်နိုင်တဲ့ပမာဏက သခင်​လေးထက် ပိုကောင်းလို့ ဖြစ်မှာ​ပေါ့"

လင်းရု​ဖေးက သက်ပြင်းချလိုက်မိသည်။

ရွှမ်ချင်းတွင် အစာစားချင်စိတ်ရှိပြီး သူ့ရှေ့ရှိ ကျိုက်ဟင်းလျာများကို ပျော်ရွှင်စွာစား​နေသည်။ သို့သော်လည်း လင်းရု​ဖေးတွင် အစာစားချင်စိတ်မရှိဖြစ်​နေပြီး ခေါင်းကိုက်ခြင်းကိုသာ ခံစားနေရသည်။ ရွှမ်ချင်းသည် ၎င်းကိုမြင်​သောအခါ သူ့အတွက် သနားစိတ်လုံးဝမရှိသလို ထိုအစား လင်းရုဖေး သူ့ကို စိတ်ဆိုးသွားသည်အထိ ရယ်​မောနေခဲ့သည်။

"စကားမစပ် ကျွန်​တော် ခုမှ ရုတ်တရက် သတိရတယ် ဘာလို့ ဒီကိစ္စကို တစ်ရက်လောက် ​ရွှေ့ဆိုင်းရတာလဲ"

လင်းရု​ဖေးက မေးလိုက်သည်။ မနေ့က တတိယမင်းသမီး​လေး၏ကိစ္စကို ရွှမ်ချင်း ဖြေရှင်းပေးသင့်သည်ဟု သူ အမြဲတမ်းခံစားရသည်။

ရွှမ်ချင်းသည် သက်ပြင်းချရင်း “လင်းကုန်းဇီ အဖေအများစုက သူတို့သမီးတွေကို တကယ်ချစ်တယ်ဆိုတာ မင်းသိသင့်တယ်"

လင်းရု​ဖေးက မျက်​မှောင်ကြုတ်လိုက်သည်။

ရွှမ်ချင်းကဆို၏။

"ဒါပေမယ့် မင်းက ဘုရင်မင်းမြတ်တစ်ပါးဖြစ်နေရင် ဖခင်တစ်ယောက်အနေနဲ့ အဲဒီတာဝန်က သာမန်ကြီးကြီးမားမားမဟုတ်တော့ဘူး"

လင်းရု​ဖေက နားမလည်​ပေ။

"အဲဒါ ဘာကိုဆိုလိုတာလဲ"

"တကယ်တော့ တတိယမင်းသမီးက အဲဒီကိုယ်လုပ်တော်ရဲ့ သမီးအရင်းမဟုတ်ဘူး" ရွှမ်ချင်းက တီးတိုးပြောဆိုလိုက်သည်။

လင်းရုဖေးသည် ရွှမ်ချင်း၏နှုတ်မှ သူ မသိသင့်သော တော်ဝင်မိသားစု၏သီးသန့်ကိစ္စများကို ကြားသိရန် မမျှော်လင့်ထား​သော​ကြောင့် အေးခဲသွားသည်။

"အဲဒါ ဖြစ်နိုင်ပါ့မလား... ..."

“ဟုတ်တယ်” ရွှမ်ချင်းက ပြန်​ဖြေသည်။

"အဲဒီတုန်းက ကိုယ်လုပ်​တော်က ခက်ခက်ခဲခဲ မီးဖွားခဲ့ပြီး ကလေးက မွေးပြီးတာနဲ့ ဆုံးသွားခဲ့တယ် ဒါပေမယ့် ဒီကိစ္စကို လူတော်တော်များများ မသိခဲ့ကြဘူး... ...အဲဒီကိုယ်လုပ်​တော်ကိုယ်တိုင်တောင် မသိခဲ့ဘူး"

လင်းရု​ဖေးက မေးလိုက်သည်။

"ဒါဆို တတိယမင်းသမီးက ဘယ်သူ့က​လေးလဲ"

ရုတ်တရက် အတွေးတစ်ခု သူ့ခေါင်းထဲသို့ ဝင်လာပြီး မယုံကြည်နိုင်စွာ ​ပြောလိုက်သည်။

“ယုန်ဝိညာဥ်လား"

ရွှမ်ချင်းကဆိုသည်။ “ဥာဏ်​ကောင်းသားပဲ"

လင်းရု​ဖေးသည် ဤ​တော်ဝင်မျိုးနွယ်၏ကိစ္စရပ်များသည် အမှန်တကယ်ပင် ဒုက္ခဖြစ်​စေနိုင်သည်ဟု တွေးကာ ခဏမျှ စကားမပြောနိုင်ဘဲဖြစ်သွားရသည်။

"ယုန်တွေ က​လေးမွေးတဲ့အခါ ယုန်​လေးတွေ အများကြီးမွေးတယ်ဆိုတာ မင်းသိလား"

ရွှမ်ချင်းကဆက်သည်။

"အဲဒီယုန်ဝိညာဉ်က ယုန်လေးဆယ့်တစ်​ကောင်ကို မွေးပေးခဲ့တယ်... ...ဖခင်ဘက်က တစ်​ကောင်ကိုတာဝန်ယူဖို့​တောင် လက်ခံနိုင်တဲ့ပုံမပေါ်ဘူး ​နောက်ဆုံးမှာ အဖေမရှိတဲ့ကလေး ဆယ့်တစ်ယောက်က တကယ်ကို ခေါင်းကိုက်စရာ​ကောင်းတယ်"

သနားစရာကောင်းသည့်အကြည့်ကို ထုတ်ပြလာ​​သော​ကြောင့် ထိုမြင်ကွင်းကို သူကိုယ်တိုင် မြင်ခဲ့ဖူးသကဲ့သို့ပင်။

လင်းရု​ဖေးလည်း အံ့အားသင့်စွာ နားထောင်​နေသည်။ အရင်က သူ ကလေးတစ်​ယောက်ကိုမျှ တာဝန်ယူမ​မွေးဖူး​သော်လည်း ဒါဇင်နှင့်ချီသည့်အ​ကောင်ပေါက်လေးများ အတူတူငိုနေသည့်အတွေးသည် လုံးဝကို ကြောက်စရာကောင်းလှ​ပေသည်။

"သူတို့အားလုံးအတွက် မလွယ်ကူခဲ့ဘူး"

ရွှမ်ချင်းက ခေါင်းယမ်းပြီး ဆက်ပြောသည်။

လင်းရု​ဖေးသည် ခဏကြာသည်အထိ မည်သည်ကို ပြန်ပြောရမှန်း မသိတော့​သော​ကြောင့် အဆုံးတွင် သူ၏တူများကို ကောက်ယူကာ ရွှမ်ချင်းနှင့်အတူ သက်သတ်လွတ် အစားအစာအချို့ကိုသာ စားသုံးလိုက်သည်။ ထမင်းစားပြီးသည်နှင့် လင်းရု​ဖေးသည် သူ အိပ်​ရေးပျက်ခဲ့သည်များကို အတိုးချအိပ်ရန် တည်းခိုခန်းသို့ပြန်သွားပြီး ဖူဟွားက သူ့ကို ​နောက်တစ်ကြိမ်လာနှိုးသည့်အချိန်တွင် အပြင်ဘက်၌ နေဝင်ရီတရောအချိန် ဖြစ်နေ​လေပြီ။

နန်းတော်မှရထားသည် အပြင်ဘက်တွင် စောင့်ဆိုင်း​နေခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်​ကြောင်း သို့သော်လည်း ရွှမ်ချင်းသည် လင်းရု​ဖေးကို အလျင်စလိုမနှိုးရန် တောင်းဆိုခဲ့​ကြောင်း ဖူးဟွားက ပြောပြသည်။ လင်းရု​ဖေးသည် ရေချိုးပြီး သူ့အဝတ်အစားကို ၀တ်ဆင်၍ အပြင်ထွက်ကာ လှည်းပေါ်သို့ တက်သွားသည်။ ထို့​နောက် ကျမ်းဂန်များရွတ်နေ​သော​ကြောင့် မျက်လုံးများမှိတ်လျက် လှည်းအတွင်း၌ ထိုင်နေသော ရွှမ်ချင်းကို သူ ​တွေ့လိုက်ရသည်။

"သွားကြရအောင်"

လင်းရု​ဖေး တက်လာသည်ကို ရွှမ်ချင်း သတိပြုမိသောအခါ သူ့ဘေးတွင်ထိုင်နေသော အစောင့်ကို ခေါင်းညိတ်ပြလိုက်သည်။

အစောင့်သည် ရထားမောင်းသမားကို လှမ်းခေါ်ပြီး​နောက် ရထားသည် နန်းတော်ဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။

ထိုအချိန်တွင် နန်းတော်ထဲရှိလေထုသည် လုံးဝသီးခြားဖြစ်​နေပြီး ရွှမ်ချင်းသည် ယ​နေ့ နေ့ခင်းဘက်တွင် ဖြစ်ပျက်ခဲ့သည်များကို အစောင့်အား မေးမြန်းလိုက်သည်။ အစောင့်သည် ဝမ်းနည်း​နေသည့်မျက်နှာနှင့် ပြန်​ဖြေ၏။ ထင်ရှားသည်မှာ ယနေ့နံနက်တွင် နံနက်ခင်းညီလာခံ၌ ဧကရာဇ်မင်းသည် အလွန်ဒေါသထွက်နေခဲ့ပြီး ဝန်ကြီးအချို့ကို ပြင်းထန်စွာ ဆူပူကြိမ်းမောင်းခဲ့သည်။ မွန်းတည့်အချိန်၌ သူသည် အကွက်​ရွေ့လှုပ်ရှားရန်ကြိုးစားခဲ့သော ကိုယ်လုပ်​တော်များစွာကို အပြစ်ပေးခဲ့သည်။ ဤအချက်ဖြင့် ယခုအချိန်၌ ဧကရာဇ်မင်းသည် စိတ်အ​ခြေအ​နေမ​ကောင်းကြောင်းကို လူတိုင်း နားလည်လိုက်ပြီဖြစ်သောကြောင့် သူတို့ ပြဿနာမတက်ဝံ့ကြ​တော့ပေ။

ရွှမ်ချင်းက မေးလိုက်သည်။ "တခြားဘာမှ မရှိဘူးလား"

အစောင့်က ပြန်​ဖြေ၏။ “ဆရာတော် ဘာကို ဆိုလိုတာလဲ"

ရွှမ်ချင်းကမေးသည်။ "ဘုရင်မင်းမြတ်က တစ်ယောက်ယောက်ကိုရှာဖို့ ဘယ်သူ့ကိုမှ မစေလွှတ်ခဲ့ဖူးလား"

အစောင့်က ခါးသီးစွာရယ်မောရင်း “ဆရာတော် မ​နောက်ပါနဲ့ ထုံးစံအတိုင်း သူက လုပ်ခဲ့တယ် ဒါ​ပေမဲ့ အဲဒီလူက လာဖို့ ဆန္ဒရှိရင် အရှင်မင်းမြတ်က အခု​လောက် စိတ်ဆိုးမှာမဟုတ်ဘူး"

ရွှမ်ချင်းကဆိုသည်။ "မင်း​ပြောတာ မှန်တယ်"

လူနှစ်ယောက်ပြောသောစကားများသည် အလွန်မ​သေချာသော်လည်း သူတို့ပြောနေသည့်အ​ကြောင်းမှာ ကလေးတစ်ဒါဇင်ကျော်မွေးထားသည့် ယုန်ဝိညာဥ်ဖြစ်နိုင်သည်ဟု လင်းရုဖေး ခန့်မှန်းမိသည်။

မကြာခင်မှာပင် သူတို့ နန်းတော်သို့ ရောက်သွားကြသည်။ ရထားပေါ်မှဆင်းပြီးနောက် စာကြည့်​ဆောင်ထဲသို့မဝင်မီ အတွင်းထဲမှ ထွက်​ပေါ်လာ​သော ပိုင်ကျင့်လွင်၏ဒေါသတကြီး ဆူပူကြိမ်းမောင်းသံကို ကြားလိုက်ရသည်။ အကြောင်းအရင်းကို သုံးသပ်ကြည့်လျှင် သူ့ကလေးများ အများအပြားကို ဆူပူကြိမ်းမောင်း​နေခြင်းဖြစ်ပြီး အပြင်ဘက်မှလူများ သူတို့ရောက်ရှိလာ​ကြောင်း သတင်းပို့သည့်တိုင်အောင် အသံသည် ရပ်တန့်မသွားပေ။ လင်းရု​ဖေး ဝင်လာသောအခါ တည်ငြိမ်ပြီး ဂုဏ်သိက္ခာရှိသော တာ့ကျင့်ဧကရာဇ်ကို တစ်ဖန်တွေ့လိုက်ရသည်။

ဧကရာဇ်မင်းရှေ့တွင် မင်းသားများနှင့် မင်းသမီး ငါး​ယောက်လုံး ဒူးထောက်​နေကြသည်။ တတိယမင်းသမီးမှလွဲ၍ တခြားလူများကို ခေါ်ထားပုံရသည်။ သူတို့၏အမူအရာများကို ကြည့်ခြင်းအားဖြင့် အချိန်ကြာမြင့်စွာ ဆူပူကြိမ်းမောင်းခံခဲ့ရသည်မှာ ထင်ရှားပြီး အခု အားလုံးသည် တုန်လှုပ်ခြောက်ခြား​သောအမူအရာများ ရှိနေကြသည်။ ဧကရာဇ်မင်းသည် သူတို့ကို အေးစက်စွာ ထွက်သွားခိုင်းလိုက်သည်။ နောက်ဆုံးတွင် သူတို့ထဲမှ အနည်းငယ်သည် လွတ်ငြိမ်းချမ်းသာခွင့် ရပြီး လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။ ပိုင်ကျင့်လွင်သည် သူ့ကလေးများကို ပြစ်တင်ကြိမ်းမောင်းနေသည့်အချိန်တွင် ပိုင်ထျန်းရွေ့သည် ဘေးတွင်ထိုင်ကာ လက်ဖက်ရည်သောက်ရင်း ပြပွဲကို ​ပျော်ရွှင်စွာကြည့်နေခဲ့သည်။ ပိုင်ထျန်း​ရွေ့တွင် ​ဖျောင်းဖျ​ပြောဆိုရန် နည်းနည်းလေးမှ ရည်ရွယ်ချက်မရှိသလို သူ့အမူအရာအရ ပိုင်ကျင့်လွင်သည် သူတို့ကို အကြိမ်အနည်းငယ်ပိုပြီး ကြိမ်းမောင်း​စေချင်နေပုံရသည်။

"ဆရာတော်ရွှမ်ချင်း လင်းကုန်းဇီ ကျေးဇူးပြုပြီး ထိုင်ပါ"

ပိုင်ကျင့်လွင်သည် နှစ်ယောက်လုံးကို ထိုင်ရန် သူ့လက်ကို ဝှေ့ယမ်းကာ ညွှန်ပြလိုက်ပြီး လေးနက်သောအသံဖြင့် ဆက်လက်​ပြောလာသည်။

"သူတို့အားလုံးက စိတ်ပျက်စရာ​ကောင်းတဲ့ဟာလေးတွေပဲ"

ရွှမ်ချင်းကဆိုသည်။

"အရှင်မင်းမြတ် ဒေါသမထွက်အောင် ဂရုစိုက်ပါ အရှင့်ရဲ့ နဂါးခန္ဓါကိုယ်ကို ဒုက္ခ​ရောက်​စေပါလိမ့်မယ်"

"ကျန်းသေရင် သူတို့အတွက်ဖြစ်ရတဲ့ ကျန်းဒေါသကြောင့်ပဲ ဖြစ်လိမ့်မယ်"

ပိုင်ကျင့်လွင်သည် ထုံးစံအတိုင်း​ပြောလာသည်။

"ကျန်းမိသားစုကို တင်းတင်းကြပ်ကြပ်မအုပ်ချုပ်ဘဲ နန်းတော်ထဲမှာ အတင်းအဖျင်းတွေကို ပိုများလာ​အောင် လုပ်ခဲ့မိတဲ့ ကျန်းအပြစ်ပဲ ကျန်း မော့မော့ကို အထင်လွဲခဲ့မိတယ်"

ရွှမ်ချင်းသည် သက်ပြင်းချသော်လည်း မည်သည်ကိုမျှ ပြန်မပြောခဲ့​ပေ။

ပိုင်ကျင့်လွင်က ​မေးလိုက်သည်။ "ဆရာတော်ရွှမ်ချင်း အဆင်သင့်ဖြစ်ပြီလား"

“အဆင့်သင့်ဖြစ်ပါပြီ”

ရွှမ်ချင်း ပြန်​ဖြေလိုက်သည်။

"ဒါပေမယ့် ကိုယ်တော့်ကို ကူညီဖို့ လင်းကုန်းဇီကို လိုအပ်နေသေးတယ်"

လင်းရု​ဖေးက အံ့ဩသွားပြီး “ကျွန်​တော်လား ကျွန်​တော်က ဘာကူညီနိုင်မှာမို့လို့လဲ"

ရွှမ်ချင်းသည် ပေါ့ပေါ့ပါးပါး ပြုံးပြီး "သေချာ​ပေါက် ဒကာလေး ကူညီနိုင်ပါတယ်"

လင်းရု​ဖေးသည် လုံးဝမသေချာသော်လည်း ရွှမ်ချင်း၏သေချာ​နေမှုကို မြင်ပြီးနောက် သူ ထပ်မမေးတော့ပေ။

ပိုင်ကျင့်လွင်ကဆိုသည်။

"မင်းသမီးလေးက ဘေးအခန်းမှာရှိတယ် ထျန်း​ရွေ့ မင်းလည်း ဆရာတော်ရွှမ်ချင်းကို နည်းနည်းလောက် သွားကူညီသင့်တယ် ကျန်းလည်း အ​သေးစိတ်စစ်​ဆေးနိုင်ဦးမှာ မဟုတ်ဘူး မင်းသမီးလေး နိုးလာတဲ့အခါ... ...နန်းတော်ကအမှုထမ်းတွေကို လာအကြောင်းကြားခိုင်းလိုက်ပါ”

ပိုင်ကျင့်လွင်သည် ထိုင်ပြီး လက်ဖက်ရည်ပူပူတစ်ငုံသောက်လိုက်သည်။ သူ့မျက်လုံးများသည် ပင်ပန်းနွမ်းနယ်မှုအချို့ကို ​ဖော်ပြနေသည်။ အဖြစ်နိုင်ဆုံးမှာ မနေ့ညက မအိပ်ခဲ့ရ​သော​ကြောင့် ဖြစ်နိုင်သည်။

ပိုင်ထျန်း​ရွေ့သည် ခေါင်းညိတ်၍ တုန့်ပြန်လိုက်ပြီး ထကာ လင်းရုဖေးနှင့် တခြားသူများကို ဘေးအခန်းသို့ ခေါ်သွားလိုက်သည်။ အခန်းတွင်းရှိ တတိယမင်းသမီးလေးသည် အိပ်ပျော်နေပြီး အလွန်အေးချမ်းနေပုံ​ပေါ်ကာ နာကျင်မှုအရိပ်အယောင်ကိုပင် သူတို့ မမြင်ရပေ။

ထိုအချိန်တွင် ကောင်းကင်သည် အမှောင်ယံသို့​ပြောင်းလဲလာ​ပေပြီ။ သို့သော် အခန်းတွင်းရှိဖယောင်းတိုင်များကို နေ့ခင်းဘက်ကဲ့သို့ မည်သို့မည်ပုံ ဖြစ်နေသည်ကို အတိအကျသိစေရန် ထွန်းထားသည်။ လင်းရုဖေးသည် အခန်းထဲတွင် ဖ​ယောင်းတိုင်စင်များ များစွာရှိ​ကြောင်းနှင့် ၎င်းတို့အားလုံးသည် အသစ်ထားရှိထားခြင်းဖြစ်ကြောင်းကို သတိပြုမိသည်။ ရွှမ်ချင်း၏ဖော်ပြချက်ကိုကြားပြီး အရိပ်မည်းသည် မင်းသမီး​လေးအား ထိခိုက်​အောင်လုပ်မည်ကို စိုးရိမ်​သော​ကြောင့် ပိုင်ကျင့်လွင်သည် ၎င်းတို့အား တမင်တကာ ထားခဲ့ခြင်း ဖြစ်နိုင်သည်။

ရွှမ်ချင်းသည် မင်းသမီးလေးဆီ လျှောက်သွားပြီး သူ၏နောက်လာမည့် လုပ်ရပ်အတွက် ညင်သာစွာ တောင်းပန်လိုက်သည်။ ထို့နောက် ကုတင်ပေါ်တွင် လဲလျောင်းနေသော မင်းသမီးလေးကို သူ့ပုခုံးပေါ်မှီခိုင်းထားပြီး ​ထောက်တိုင်အဖြစ် ကူညီ​ထောက်ပံ့​ပေးလိုက်သည်။

ပိုင်ထျန်း​ရွေ့သည် ဘေး၌ အေးစက်စွာ ကြည့်နေသည်။ သူ့မျက်နှာသည် ပုံမှန်အတိုင်း ပြုံးလျက်ရှိနေ​သော်လည်း ထိုအပြုံးက ပါးလွှာပြီး အေးစက်နေသည်။ ရွှမ်ချင်း လှုပ်ရှားနေစဉ်တွင် သူက တိုးတိုးလေးနှင့် ဖြည်းညှင်းစွာပြောလိုက်သည်။

"ဆရာတော်ရွှမ်ချင်း တတိယမင်းသမီးလေး နိုးလာရင် ကောင်းမယ်လို့ မင်းထင်လား"

ရွှမ်ချင်းက နားမလည်​ပေ။ "ဒါက ဘာမကောင်းတာရှိလို့လဲ"

ပိုင်ထျန်း​ရွေ့ကဆိုသည်။

“သူမ နိုးမလာရင် ငါ့အစ်ကိုက သူ့ကို သနားနေမှာပဲ သူမနိုးလာရင် အခွင့်သာတဲ့အ​ခြေအ​နေမှာ အပြစ်​ပေးခံရမဲ့အချိန် ​ရောက်လာလိမ့်မယ်"

ရွှမ်ချင်းက သူ့မျက်လုံးများကို ကြည့်ရန် ​ခေါင်းမော့လိုက်ပြီး "မင်းသားက ဘာကိုဆိုလိုတာလဲ"

ပိုင်ထျန်း​ရွေ့က သူ့လက်များကို ဖြန့်ကာ အပြစ်ကင်းသည့် အမူအရာနှင့် "အဲဒါအမှန်ပဲ မဟုတ်လား အမှန်အတိုင်းပြောရရင် မနေ့ညသန်းခေါင်မှာ ငါ့အစ်ကိုက ငါ့ကို ဟွမ်ယန်းတောင်ကို ​စေလွှတ်ခဲ့တယ် ငါလည်း အဲဒီလူနဲ့ တွေ့ခဲ့တယ် ဒါပေမယ့် အဲဒီလူက ဆင်းလာဖို့ငြင်းဆိုခဲ့တယ်"

ရွှမ်ချင်းသည် သူ့နှုတ်ခမ်းများကို အနည်းငယ် ​စေ့ထားပြီး “မင်းသမီးလေးက အ​နှေးနဲ့အမြန် နိုးလာရမယ်"

ပိုင်ထျန်း​ရွေ့က သက်ပြင်းချကာ စကား​ပြောခြင်းကို ရပ်လိုက်သည်။ သူသည် သူ့လက်ကို ဝှေ့ယမ်းကာ ရွှမ်ချင်းကို ဆက်လက်လုပ်ဆောင်ရန် ညွှန်ပြလိုက်ပြီး သူ့အမူအရာပေါ်ရှိ ပါးလွှာမှုသည် မကြာမီ စိတ်အနှောင့်အယှက်ဖြစ်ခြင်းသို့ ပြောင်းလဲသွားသည်။

ထို့နောက် ရွှမ်ချင်းသည် မင်းသမီးလေးကို ပခုံးပေါ်မှီထားလိုက်ပြီး လင်းရု​ဖေးအား ဖ​ယောင်းတိုင်မီးအိမ်ခွက်ကို မင်းသမီးအရှေ့သို့ ရွှေ့​ပေးရန် ​တောင်းဆိုလိုက်​သော​ကြောင့် ထိုအနက်ရောင် အရိပ်သည် သူမ အနောက်ဘက်သို့ ​ရောက်သွားသည်။

ထို့နောက် ရွှမ်ချင်းသည် လက်အုပ်ချီလိုက်ပြီး တိုးလှသောအသံဖြင့် ကျမ်းဂန်များကို စတင်ရွတ်ဆိုသည်။ လင်းရု​ဖေးလည်း ကျမ်းဂန်များကို ​နောက်မှလိုက်ရွတ်ဆို​နေပြီး ရွှမ်ချင်း ရွတ်ဆိုသည့် ကျမ်းဂန်၏ အကြောင်းအရာကို ကြားနေရသည်။ ၎င်းသည် ​စိတ္တိကမ္ဘာစုတျာကျမ်းဂန်ဖြစ်ပြီး သေလွန်သူ၏ဝိညာဥ်ကို လွန်​မြောက်ရန် သုံး​လေ့ရှိသည့်ကျမ်းဂန်မျိုးဖြစ်၏။

ရွှမ်ချင်းသည် တီးတိုးရွတ်ဆို​နေ​သော​ကြောင့် မင်းသမီးနောက်ကွယ်ရှိ အနက်ရောင်အရိပ်လည်း စတင်ပြောင်းလဲလာသည်။ သက်ရှိ အသွေးအသား အစုလိုက်အပြုံလိုက်ကဲ့သို့ အထိန်းအကွပ်မရှိ တွန့်လိမ်လူးလွန့်သွားသည်။

အိပ်ပျော်နေသော မင်းသမီးလေးသည် သူမ၏ပါးစပ်မှ သေးငယ်သော ညည်းညူသံများ ထွက်လာကာ မျက်လုံးမှိတ်ထားပြီး ထိန်းချုပ်မရစွာ တုန်လှုပ်လာသည်။ ရေကို အပူပေးပြီး တဖြည်းဖြည်း ဆူလာသကဲ့သို့ ပြောင်းလဲမှုသည် ပိုမိုပြင်းထန်လာသည်။ အရေးကြီးသည့်နေရာကို ရောက်​သောအခါ မင်းသမီးလေးသည် လူးလွန့်ကာ ပြင်းပြင်းထန်ထန် စတင်ရုန်းကန်လာသည်။ ၎င်းကို ပိုင်ထျန်း​ရွေ့ သတိပြုမိ​သောအခါ သူသည် သူမကို ထိန်းထားရန် အလျင်အမြန် ပြေးသွားလိုက်သည်။ ရွှမ်ချင်း၏နဖူးပေါ်တွင် ချွေးများထွက်လာပြီး လင်းရု​ဖေးအား လက်ယပ်ခေါ်ရန် သူ့လက်ကို မြှောက်လိုက်သည်။

လင်းရု​ဖေးသည် ရွှမ်ချင်းဆီသို့ ခြေလှမ်းအနည်းငယ်လှမ်းသွားကာ ​မေးလိုက်သည်။

"ကျွန်​တော် ဘာလုပ်​ပေးရမှာလဲ"

ရွှမ်ချင်းက တိုးတိုးလေးပြောလိုက်သည်။

"လင်းကုန်းဇီ ကျေးဇူးပြုပြီး မင်းလက်ကို အနက်ရောင်အရိပ်ထဲ ထားလိုက်ပါ"

လင်းရုဖေးက ထိုစကားကိုကြားသောအခါ အနက်ရောင်အရိပ်ပေါ် သူ့လက်ကို ညင်သာစွာဖိလိုက်ပြီး သူပြောသည့်အတိုင်း လုပ်လိုက်သည်။ သို့​သော် အနက်ရောင်အရိပ်သည် ရွံ့နှင့်တူပြီး သူ့လက်ကို တိုက်ရိုက်မျိုချလိမ့်မည်ဟု မည်သူသိမည်နည်း။ တစ်ဖက်တွင် ရွှမ်ချင်းသည် အနက်ရောင်အရိပ် ဆက်လက်မျိုမချနိုင်စေရန် လင်းရု​ဖေး၏လက်ကောက်ဝတ်ကို ကိုင်ထားပြီး သူ့ပါးစပ်မှ ဂါထာကို ဆက်လက်ရွတ်ဆိုနေပြန်သည်။

"အားးးးး"

မင်းသမီးလေးသည် ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။ ရွှမ်ချင်း၏ လှုပ်ရှားမှုများနှင့်အတူ အနက်ရောင်အရိပ်သည် ၎င်း၏ အသားနှင့်အရေပြား ဆွဲခွာခံရသကဲ့သို့ ကြောက်စရာကောင်းသော အသံတစ်ခုကိုလည်း ပြုလုပ်လာသည်။ ရွှမ်ချင်းက လင်းရု​ဖေး၏ လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ တစ်လက်မပြီး တစ်လက်မ သူ့လက်ကို အနက်ရောင်အရိပ်ထဲမှ ဆွဲထုတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် လင်းရုဖေး၏လက်တွင် တွယ်ကပ်​​နေသည့် အနက်ရောင်အရိပ်သည် မင်းသမီးလေး၏အရိပ်နှင့် တဖြည်းဖြည်း သီးခြားဖြစ်သွားသည်။ ယခုလိုဖြတ်​တောက်ပစ်ခြင်းသည် မင်းသမီးလေးအတွက် အရမ်းနာကျင်ပုံပေါ်ပြီး သူမသည် ညှဉ်းပန်းနှိပ်စက်ခံ​နေရသကဲ့သို့ အော်ဟစ်နေ၏။ နောက်ဆုံးတွင် ဘေးအခန်း၌စောင့်နေ​သော ပိုင်ကျင့်လွင်လည်း အပြေးအလွှားရောက်ချလာသည်။

သူမ၏ပုံသဏ္ဍာန်ကို မြင်လိုက်ရပြီးနောက် ပိုင်ကျင့်လွင်သည် မ​နေနိုင်ဘဲ ကုတင်ဘေးဘက်သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ သူမကို သူ့ရင်ခွင်ထဲ၌ ဂရုတစိုက် ​ထွေး​ပွေ့ထားလိုက်သည်။

သူက ညင်သာစွာ ချော့မော့ပြီး “မော့မော့ မကြောက်နဲ့​နော် ခမည်း​တော် ဒီမှာရှိတယ် ခမည်း​တော် ဒီမှာရှိတယ်... ..."

မင်းသမီးလေးသည် ပိုင်ကျင့်လွင်၏ အင်္ကျီရင်ဘက်ကို အသည်းအသန် ဆုပ်ကိုင်ထားပြီး ပြင်းပြင်းထန်ထန် ငို​ကြွေးနေသည်။

ရွှမ်ချင်းသည် မိဘနှင့် သားသမီးကြား သဘာဝချစ်ခြင်းမေတ္တာကို ကြည့်ရန် စိတ်မ၀င်စားပေ။ သူက ချွေးများ တသွင်သွင် စီးကျနေပြီး နောက်ဆုံးတွင် အနက်ရောင်အရိပ်နှစ်ခု ကွဲသွားပြီးနောက် သူ့နှုတ်ခမ်းအရောင်သည် ဖြူ​​ဖျော့ဖျော့ဖြစ်သွား၏။ လင်းရုဖေး၏လက်တွင် ကပ်တွယ်ထားသည့် အနက်ရောင်အရိပ်သည် သူ့လက်​မောင်းမှတစ်ဆင့် သူ့ခန္ဓါကိုယ်ဆီသို့ ပျံ့နှံရန် စတင်လာ​သောအခါ ရုတ်တရက် လင်းရုဖေး၏လက်ကို တစ်စုံတစ်ယောက်က ဆုပ်ကိုင်လာသည်။ အချိန်အတော်ကြာ ပျောက်ကွယ်သွားသော ရုပ်အသွင်အပြင်သည် လင်းရုဖေးရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ သူ့မျက်နှာသည် သူတို့နှစ်ယောက် ပထမဆုံးတွေ့ဖူးသည့်အချိန်ကကဲ့သို့ လှပနေပြီး ကျဉ်းမြောင်းသော ဖီးနစ်မျက်လုံးတစ်စုံဖြင့် ခိုင်ခံ့သောအပြုံးကို ချိတ်ဆွဲထားသည်။ သူ့ပါးစပ်ထောင့်စွန်းလေးတွင် အပြုံးတစ်ခုကို ချိတ်ဆွဲထားပြီး သူ့အသံက နွေဦးလေညှင်းကဲ့သို့ နူးညံ့သိမ်မွေ့​နေသည်။

"​ရှောင်ကျို့ မ​တွေ့ရတာ ကြာပြီ​နော်"

လင်းရု​​ဖေးက သူ့စိတ်ထဲတွင် တိုးညှင်းစွာ တုံပြန်စကားဆိုလိုက်သည်။

' အင်း...မ​တွေ့ရတာ တော်တော်ကိုကြာပြီနော်...ကော... '

အချိန်အတော်ကြာ ခွဲခွာပြီးနောက် နောက်ဆုံးတွင် ကုရွှမ်းတုသည် ပြန်လည်ပေါ်လာချေပြီ။


****


စာရေးသူမှာ ပြောစရာရှိတယ်~

ကုရွှမ်းတု : ​ရှောင်ကျို့ မတွေ့ရတာကြာပြီ မင်းကိုယ့်ကိုလွမ်းလား?

လင်းရု​ဖေးက သူ့ပါးစပ်ထောင့်ကို ညွှန်ပြလိုက်သည်။

ကုရွှမ်းတု : ကိုယ့်မှာ အချို့ကိစ္စ​လေး​တွေရှိ​နေ​သေးတယ်​ ဒါ​ကြောင့်​ ကိုယ် အရင်​ပြန်နှင့်​တော့မယ်​​နော်...

─────────────────────────────────────────────────

Translated By IQ-Team.